book

Index 13

အပိုင်း ၁၃

ဧကြည်ဖြူ


    " ချူ"


********************


    ငြိမ်းက အခန်းဝတွင် ရပ်လျက် မိခင်ကို လှမ်းမေးလိုက်သည်။


    ဒေါ်ငြိမ်းဝေမှာ အောက်သို့ ပြုတ်ကျသွားသောဖုန်းကို မကောက်နိုင်သေးဘဲ ငြိမ်းကို အထိတ်တလန့် မော့ကြည့်နေမိလေသည်။


" လန့်သွားတာလား အမေ ... ဘယ်သူနဲ့ဖုန်းပြောနေတာလဲ"


"ဟို....ဟို ... စည်သူ့အဖေနဲ့ပါ"


"ဪ... စည်သူ့အဖေက ပြန်ရောက်လာပြီတဲ့လား....ဒါနဲ့ဘာတဲ့လဲအမေ...ကောင်လေးကို ပြန်ခေါ်တော့မလို့တဲ့လား....အမေစိတ်တိုနေတဲ့အသံကြားလို့ သမီးဖြင့်လန့်သွားတာပဲ...."


"ဟို ... မခေါ်သေးဘူးတဲ့....အဲ့ဒါနဲ့ အမေလဲ စိတ်တိုပြီး ပြောနေတာ"


"ဒါများ အမေရယ် ... မခေါ်လဲထားလိုက်ပါ...တော်ကြာ ကလေးကြားသွားလို့ စိတ်မကောင်းဖြစ်နေပါအုံးမယ်...သူရှိနေတော့ အမေလည်း အဖော်ရတာပေါ့... တစ်သက်လုံးပြန်မခေါ်ဘူးဆိုရင်လဲ ...သမီးတို့ပဲ မွေးစားလိုက်ကြတာပေါ့"


" အေး....အေးပါသမီးရယ်..."


     ဒေါ်ငြိမ်းဝေမှာငြိမ်းကို မျက်နှာချင်း မဆိုင်ရဲဘဲ ခေါင်းကို အောက်သို့ ငုံ့ထားရင်း ပြန်ဖြေလိုက်သည်။


"ဒါနဲ့ အမေ.....မမမိုး လက်ထပ်တော့မယ်လို့သတင်းကြားတယ်...အဲ့ဒါ မမမိုး အတွက် လိုအပ်တာကို ကူညီပေးလိုက်ပါ သမီး သဘောတူပါတယ်နော်...."


     ငြိ မ်းဆီမှ နောက်ဆက်တွဲ စကားကြောင့် ဒေါ်ငြိမ်းဝေမှာ ယခုမှပင် သက်ပြင်းချနိုင်ပြီး ခေါင်းငြိမ့်ပြလိုက်မိသည်။


"ဟုတ်တယ် သမီး...မိုးမိုး လက်ထပ် တော့မယ်...ငွေပဲ မဟုတ်ဘဲ...သမီးလဲ သွားလိုက်အုံးလေ..."


    ဒေါ်ငြိမ်းဝေပြောလိုက်သောအခါ ငြိမ်းက အတန်ကြာ တိတ်ဆိတ်သွားပြီးမှ

"မသွားချင်ဘူး အမေ "ဟု ပြောလျက်အခန်း ပြင်သို့ ပြန်ထွက်သွားလေသည်။ကျန်ခဲ့သောဒေါ်ငြိမ်းဝေမှာ ယခုမှပင် အသက်ဝဝရှူနိုင်လေတော့သည်လေ။


**********************


"စည်သူ ဘာတွေ လုပ်နေတာလဲကွ.."


     ငြိမ်းက မေးရင်း စည်သူ့ဘေးတွင် ဝင်ထိုင်လိုက်သည်။


"ကြီးကြီး ဖတ်ခိုင်းတဲ့စာအုပ်တွေဖတ်နေတာ မမ"


"ဟုတ်လား ...စည်သူက  မမ အမေ စကားကိုနားထောင်တယ်ဆိုတော့ တော်တာပဲ...ဒါနဲ့ စည်သူက ဘယ်နှစ်တန်းလဲ ..."


"လေးတန်းအောင်ပြီးပါပြီ မမ...ဒီနှစ်တော့ အဖေက အလုပ်အဆင်မပြေလို့ ကျောင်းမတက်နဲ့ အုံးဆိုလို့ မတက်ရသေးတာ"


"ဪ " ဟု တစ်ခွန်း သာရေရွတ်မိပြီး ငြိမ်းသက်ပြင်းချလိုက်မိသည်။စည်သူ့ကိုကြည့်ပြီး မိခင်ကို ငြိမ်းပို၍ကျေးဇူးတင်လိုက်မိသည်။မိခင်သည် ဒုက္ခပေါင်းစုံကိုကျော်ဖြတ်ပြီး ငြိမ်း ဘဝကို တည့်မတ်အောင် ထူထောင်ပေးခဲ့သည်လေ။စည်သူလေးကိုကြည့်ရင်း ငယ်ဘ၀ကို တွေးမိလိုက်သလို စည်သူလေး၏ ဘ၀ကိုလည်း ငြိမ်းစိတ်ထဲသနားစိတ်ဝင်သွားမီလေသည်။


ဒါနဲ့ ...စည်သူ့မေမေက ဘယ်တုန်းက ဆုံးသွားတာလဲ..."


     စည်သူလေးသည် ငြိပ်းမေးခွန်းကြောင့် ခေါင်းလေး ကိုငဲ့စောင်းပြီးသေချာစဉ်းစားတွက်ချက် နေပုံရ လေသည်။အတန်ကြာသောအခါမှ ငြိမ်းကို မော့ကြည့်ပြီးခပ်တိုးတိုးဖြေလေသည်။


"သား နှစ်တန်းတုန်းက ဆုံးသွားတာပါ..အမေက အဖေနဲ့ မတည့်ပါဘူး မမရယ်...နေ့တိုင်းရန်ဖြစ်ကြတာ...အဖေနဲ့အမေရန်ဖြစ်ရင်သားက ကြောက်လို့ ပုန်းနေတာပဲ..."


"ကလေးရယ်..." စည်သူ့ပခုံးလေးကို အသာဖက်လိုက်ရင်း ငြိမ်း ရေရွတ်လိုက်မိပြန်လေသည်။


"ဒါနဲ့ ...စည်သူ့အမေက ဘာလို့ဆုံးသွားတာလဲ "


"သမီးငြိမ်း...ကလေးကို ဘာတွေ မေးနေတာလဲ.....စည်သူ မုန့်ဆိုင်ထဲမှာ မမတွေကို သွားဝိုင်းကူလိုက်အုံးနော် ကလေး..."


"ဟုတ်ကဲ့ပါ ကြီးကြီး"


      ဒေါ်ငြိမ်းဝေက ပြေးထွက်သွားသော စည်သူလေး ကို ကြည့်ရင်း ငြိမ်းဘေးတွင် ဝင်ထိုင်လိုက်လေသည်။


"သမီးရယ်...ကလေးကို ဘာတွေလျှောက်မေးနေတာလဲ....တော်ကြာ ကလေးစိတ်ထိခိုက်သွားရင်ဘယ်လိုလုပ်မလဲ....."


"သမီးက အဲ့ဒီလို ရည်ရွယ်ပြီး မေးတာ မဟုတ်ပါဘူး အမေရယ် ... ကလေးကို သနားလို့ပါ...ဒါနဲ့ သူ့အမေက ဘာရောဂါနဲ့ဆုံးသွားတာတဲ့လဲ အမေ..."


"အင်း...အမေလဲသေချာတော့မသိပါဘူးကွယ်... အမျိုးသမီးရောဂါနဲ့ ဆိုလားပဲ...နောက်ဆို ကလေးကို မမေးပါနဲ့ သမီးရယ်.... ကလေးစိတ်ထဲ ဝမ်းနည်းသွားမှာစိုးလို့ပါ..."


"ဟုတ်ကဲ့ပါ အမေ ...သမီးကလည်း ဘာရယ်မဟုတ်ဘူးမေးလိုက်တာ ပါ... ကလေးကိုကြည့်ရင် သမီးရင်ထဲ ဝမ်းနည်း သလိုလို ဘာလိုလို ခံစားနေရလို့ပါ "


   ငြိမ်း စကားကြောင့် ဒေါ်ငြိမ်း ဝေ ငြိမ်းကို အတန်ကြာ စိုက်ကြည့်နေမိလေသည်။ဒေါ်ငြိမ်းဝေ ကြည့်နေစဉ်အတွင်း၌ ငြိမ်း၏ မျက်လုံးလေးများသည် ရီဝေမှုန်မှိုင်းလျက် ရှိနေပြီး တစ်မုဟုတ်ချင်းမှာ ပင် စူးရဲတောက်ပသော အသွင်သို့ ပြန်လည်ပြောင်းသွားသည်ကိုတွေ့လိုက်ရလေသည်။


*******************

"ဘယ်လိုလဲ မမ ....ကျွန်တော် ပြင်ဆင်ထားတာကို ကြိုက်ရဲ့လား"


   ရဲရင့်က သူပြင်ဆင်ထားသော အိမ်ခန်းလေးကို ငြိမ်းကို လိုက်ပြရင်း မေးလိုက်လေသည်။မနက်ဖြန်ဆိုလျှင် ရဲရင့်၏ မိခင်ဆေးရုံမှ ဆင်းရတော့မည်ဖြစ်သောကြောင့် ရဲရင့် တို့အိမ်လေးကို ငြိမ်းက လာဝိုင်းကူရှင်းပေးနေခြင်းဖြစ်ပါလေသည်။


"ငြိမ်း ကြိုက်ဖိုထက် ...အန်တီကြိုက်ဖို့ပဲလိုတာလေ ရဲရင့်ရဲ့ ...အန်တီဆေးရုံကဆင်းလာရင် ... စိတ်အေးချမ်းနေဖို့ပဲ အရေးကြီးတာ...ထမင်းစားခန်းမှာ အနီရောင် နဲ့လိမ္မော်ရောင် ပိုစတာလေးတွေ ချိတ်ပေါ့ ... အဲ့ဒါဆို စားချင်သောက်ချင်စိတ်ကို့ဖြစ်ပေါ်စေတယ်တဲ့...ပြီးတော့ အားတဲ့အချိန် စာအုပ်လေးဘာလေးဖတ်ရအောင် စာအုပ်တွေလည်း ဆောင်ထားအုံး...စာအုပ် ဖတ်လို့ အကျိုးယုတ်တာမရှိဘူး... ကိုယ့်အတွက် အကျိုးရှိတဲ့စာမဟုတ်ရင်တောင် စိတ်အပန်းပြေမှုတော့ ရစေတယ်... .."


"ဟုတ်ကဲ့ပါ ခင်ဗျ "


   ရဲရင့်က  ငြိမ်း ပွစိပွစိပြောနေသမျှကို နားထောင်နေရင်းမှ ခပ်ပြုံးပြုံးဖြစ်ပြန်ပြောလေသည်။


"ဘာလဲ....ဒါက ရွှဲ့တာလား ကိုယ်တော်..."


      ရဲရင့်၏ မချိုမချဉ်မျက်နာကိုကြည့်ပြီး ငြိမ်းကမေးလိုက်သည်။


"မဟုတ်ပါဘူး မမရယ်...မမက ကျွန်တော့်ထက် သုံးနှစ်ကျော်လေးပဲကြီးတာကို ... တစ်ခါတစ်လေ  ကျွန်တော့်ကိုကလေး လိုဆက်ဆံနေလို့လေ....ကျွန်တော်ကြိုးစာမှာပါ မမရဲ့ ....အမေ့ကို အိမ်ပိုင်ရာပိုင်နဲ့ထားနိုင်အောင်လည်း ကြိုးစားမယ်...ပြီးတော့ ကျွန်တော်ချစ်တဲ့သူကိုလည်း ကျွန်တော့် အစွမ်းအစနဲ့  ပြည့်ပြည့်စုံစုံ ထားနိုင်အောင် ကြိုးစာမှာပါ..."


     ရဲရင့်သည် ထိုစကားကို ပြောရင်းမှ ငြိမ်း၏ မျက်နှာကို ချစ်ရိပ်လွှမ်းသော အကြည့်များဖြင့် ကြည့်လိုက်လေသည်။


    ငြိမ်းက ရဲရင့်၏ အကြည့်များကိုရှောင်တိမ်းပြီး အခြားနေရာသို့သွားရန် ပြင်လိုက်လေသည်။


"မမ...ကျွန်တော့် ကို ပြောပါအုံး...ခုချိန်ထိ မမဆီက ရေရာတဲ့ အဖြေမပေးသေးဘူးနော်...ကျွန်တော် ရင်တွေပူလှပြီ မမရယ်"


      ရဲရင့်သည် ရှောင် ထွက်သွားရန်ပြင်နေသော ငြိမ်း၏ လက်ကိုဖမ်းဆွဲလိုက်ပြီးလျှင် မျက်နှာငယ်လေးနှင့်မေးလိုက်လေသည်။


    ငြိမ်းက ရဲရင့်၏ မှိန်ဖျော့သွားသော မျက်ဝန်းလေးများကို အတန်ကြာစိုက်ကြည့်မိလိုက်ပြီးလျှင် ရဲရင့်၏ နားရွက်ဖျားကို လက်နှင့် ဆွဲလိမ်ပစ်လိုက်ပြီး ခပ်တိုးတိုးပြန်ပြောလိုက်သည်။


"ကိုယ့်ကိုယ်လာကူပေးနေတဲ့သူကို ရည်းစားစကားပြောရလား ကိုယ်တော်ချောရဲ့ ..."  ထိုသို့ ငြိမ်း ပြောလိုက်သောအခါ ရဲရင့်မှာ မျက်နှာကို အောက်သို့ ငုံ့လိုက်ပြီး ဝမ်းနည်းအားငယ်သွားသော အသံဖြင့်ခပ်တိုးတိုးတောင်းပန်လိုက်လေသည်။


"တောင်းပန်ပါတယ် မမရယ်... ကျွန်တော့်ဘ၀မှာ မမကို ပထမဆုံး ချစ်ဖူးတာပါ...ဒါကြောင့် သူများဦး သွားမှာ စိုးရိမ်မိတယ်...မမကို ကျွန်တော် အရမ်းချစ်တယ် ... တကယ်ပါ...မမ စိတ်တိုင်းကျဖြစ်အောင် ကျွန်တော်နေပါ့မယ်နော်....မမ ကျွန်တော့်ကို ပြန်မချစ်နိုင်ဘူးလား ဟင်...."


     ငြိမ်းသည် ခေါင်းကိုငုံ့လျက် တတွတ်တွတ်ပြောနေသော ရဲရင့်ကို ငေးစိုက်ကြည့်နေမိလေသည်။ရဲရင့်သည် ငြိမ်းတို့ရပ်ကွက်ဘက်သို့ အိမ်ပြောင်းလာပြီးကတည်းက သူ့ဘ၀ကို ကြိုးစားရုန်းကန်နေတာကို ငြိမ်းသိပါသည်။ သူ့အလုပ် ၊ သူ့ပညာရေးနှင့် သူ့မိခင်အတွက်ပါ ကြိုးစားနေရုံမျှမက အချိန်တော်တော်များကို ငြိမ်းအတွက် ကုန်ဆုံး ပေးဆပ်နေမှန်းလည်းသိသည်။သို့အတွက် ငြိမ်းကိုယ်တိုင်ကလည်း ရဲရင့်ကို ယုံကြည်သည်။အစစအရာရာ အဆင်ပြေစေချင်မိသည်။သို့သော် ငြိမ်းရင်ထဲ၌ အချစ်ကိုကြောက်ရွံ့နေဆဲဖြစ်ပါလေသည်။ သို့သော်လည်း ငြိမ်းအနေနှင့် ချစ်သူရည်းစားထားမည်ဆိုလျှင် ရဲရင့်ကိုသာ ရွေးချယ်ဖို့ဆုံးဖြတ်ထားပြီးသားဖြစ်လေသည်။ပတ်ဝန်းကျင်၏ ပြောစကားများနှင့် ရဲရင့် အပေါ်ထားရှိမိသော သံယောစဉ်များ။ကတိစကားများကြောင့် ရဲရင့်ကို ငြိမ်းရင်ထဲမှာ အလွယ်တကူလက်ခံပြီးသား ဖြစ်သည်။ငြိမ်းသည် ခေါင်းကြီး အောက်သို့ ငုံထားပြီး ငြိမ်သက်သွားသော ရဲရင့်၏ခေါင်းလေးကို တစ်ချက် ပွတ်သပ်လိုက်ပြီး ခပ်တိုးတိုးပြောလိုက်မိလေသည်။


"အဲ့ဒါက ဘာဖြစ်နေတာလဲ...အဲ့ဒီလို ပျော့ညံ့တဲ့ သူဆိုရင် မကြိုက်ဘူးနော်..."


      ရဲရင့်သည် ငြိမ်းစကားကြောင့် ခေါင်းကိုမော့လိုက်ပြီး ပြန်မေးလိုက်သည်။


"ဒါဆို...ရဲရင့်တယ်ဆိုရင် ကြိုက်မှာပေါ့နော်..."


"အို .... မသိဘူး..ဘာတွေပြောနေတာလဲ...အိမ် မြန်မြန်ရှင်းရအောင်..."


     ငြိမ်းက စကားကိုရှောင်လွဲပြောလိုက်ပြီး နေရာမှ လှည့်ထွက်ရန်ပြင်လိုက်လေသည်။ထိုအခါ ရဲရင့်သည် ငြိမ်း၏ရှေ့တွင် ဖျတ်ခနဲ ပိတ်ရပ်လိုက်ပြီး ငြိမ်း မျက်နှာကို စူးစူးစိုက်စိုက်ကြည့်၍ မေးလိုက်လေသည်။


"ဒီလို ရှောင်သွားလို့မရတော့ဘူးနော် မမ...မောင့်ကို တိကျတဲ့ အဖြေပေးပါနော်...စောင့်နေရတာရင်တွေပူလှပြီဗျ..."


    ငြိမ်းသည် မိမိရှေ့တွင် ပိတ်ရပ်နေပြီး ချစ်ရည်ရွှမ်းသောမျက်ဝန်းများဖြင့်စူးစူးစိုက်စိုက်ကြည့်နေသော ရဲရင့်၏ ရင်ဘတ်ကိုတွန်းဖယ်လိုက်ပြီး လိုချင်သော ကတိကိုတောင်းလိုက်သည်။


"မင်းလိုချင်တဲ့ အဖြေရဖို့ တစ်ခုတော့ ကတိပေးရမယ်..."


"တစ်ခုမကဘူး...ကြိုက်သလောက် ပြော...အားလုံး မမသဘောပဲ"


     ရဲရင့်က သူ့ရင်ဘတ်ကို တွန်းထားသော ငြိမ်း၏ လက်ကလေးကို သူ့လက်နှင့် အသာဆုပ်ကိုင်လိုက်ပြီး နုညံ့ညင်သာစွာ ပြောလိုက်သည်။


"အင်း....တစ်အချက် သစ်စ္စာမဖောက်ရဘူး .... နှစ်အချက် မလိမ်မညာရဘူး..." "


" ဒါလေးပဲလား...မမ....ဒါဆိရင်.... မောင့်ကို ပြန်ချစ်မှာပေါ့နော်..."


     ရဲရင့်က ပျော်ရွှင်မြူးထူးစွာ မေးလိုက်ရင်း ဆုပ်ကိုင်ထားသော ငြိမ်း၏ လက်ကို ပို၍တင်းကြပ်စွာ ဆုပ်ကိုင်လိုက်လေသည်။


"အင်း...ဒါပေမဲ့ကတိတွေကို သေချာစောင့်ထိန်းရမှာနော်...."


"၀မ်းသာလိုက်တာ မမရယ်.... ဒါ ...ဒါဆို မောင့်ကိုချစ်တာပေါ့နော်..."


"အင်း " ငြိမ်းသည် ရဲရင့်၏အမေးကိုခေါင်းငြိမ့်ပြရင်း အဖြေပေးလိုက်လေသည်။


"ဟာ ...အဲ့ဒီလိုချည်း မဖြေပါနဲ့မမရယ်....ချစ်တယ်လို့ဖြေပေးပါလား....."


      ရဲရင့်သည် ငြိမ်း၏ အဖြေကြောင့် မချင့်မရဲဖြစ်လျက် ငြိမ်း၏ ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်လျက် မေးလိုက်လေသည်။


"အင်းပါဆို ... ဘယ်လိုဖြစ်နေတာလဲ ကိုယ်တော်လေးရဲ့...ဖယ်တော့ ... အိမ် မြန်မြန်ရှင်းရအောင်...."


     ငြိမ်းသည် မိမိ၏ ပခုံးကို ဆုပ်ကိုင်ထားသော ရဲရင့်၏လက်ထဲမှ ရုန်းထွက်ရင်းပြောလိုက်လေသည်။သို့သော်လည်း ရဲရင့်က မလွှတ်ပေးဘဲ ဇွတ်ပင် မေးနေပြီး အသည်းယားလာဟန်ဖြင့် ငြိမ်းကိုနမ်းဖို့ပြင်လိုက်ရာ ငြိမ်းသည် အတင်းပင် ရုန်းထွက်ပြီး ရဲရင့်ကို လေသံမာမာဖြင့် ဆူလိုက်သည်။


ရဲရင့်နော်...ဖယ်တော့ ....ဒီလိုပုံစံမျိုးကို ငြိမ်းမကြိုက်ဘူးနော်..."


     ငြိမ်းက ခပ်တင်းတင်းပြောလိုက်သောအခါ ရဲရင့်သည် မျက်နှာငယ်လေးနှင့် ငြိမ်းကို အသာအယာပင်လွှတ်ပေးလိုက်ပြီး အိမ်သန့် ရှင်းရေးသွားလုပ် နေလေသည်။


**********************


"ချွင် "


    ဖေ့ဘုတ်ကို ဖွင့်ဖွင့်လိုက်ချင်းမှာပင် ရောက်လာသော စာလေးကို ငြိမ်း ဝင်ကြည့်လိုက်လေသည်။


"ငြိမ်း အခုတလော လိုင်းသိပ်မသုံးဘူးနော်... "


"အလုပ်တွေ များနေတာလား ... ကျွန်တော်က သတိရနေတာ "


"ငြိမ်းကိုလည်း ပြောပြစရာရှိလို့ "


     ငြိမ်းသည် စိုင်းခွန်နောင် ဆီမှပို့ထားသော စာလေးကိုဝင်ဖတ်ပြီး စာပြန်သင့်၊ မပြန်သင့် စဉ်းစားနေမိလေသည်။ယခုအချိန်၌ ငြိမ်းတွင် ချစ်သူရည်းစားရှိနေပြီဖြစ်သောကြောင့် အခြား သူစိမ်းယောက်ျားလေးတစ်ယောက်နှင့်ညနက်အထိ စကားပြောရန်ကို မဝံ့မရဲဖြစ်နေမိလေသည်။


"သိပ်မအားတာရော ...ပြီးတော့ အမှန် တိုင်းပြောရရင်...ငြိမ်းမှာချစ်သူရှိနေပြီမို့ ...လိုင်းသုံးရတာ သူ့ကို သစ္စာဖောက်သလို ခံစားရလို့ သိပ်မသုံးဖြစ်တာ "


   ငြိမ်းကပြန်စာလေးကို ပို့လိုက်သည်။တစ်ဖက်မှ ချက်ချင်းဝင်ဖတ် သည်ကို မြင်လိုက်ရသော်လည်း ယခင်လို ပြန်စာတော့ ချက်ချင်းရောက်မလာခဲ့ပါချေ။အတန်ကြာသောအခါမှ စာလေးတစ်စောင် ပြန်ပို့လာလေသည်။


"ဝမ်းသာပါတယ် ငြိမ်း...ဒါပေမဲ့ ချစ်သူရှိသွားတာနဲ့ မိတ်ဆွေထားလို့မရတော့ဘူးလားဗျာ...ကျွန်တော့်ကို မိတ်ဆွေအဖြစ် မသတ်မှတ်နိုင်ဘူးလားဟင်....စိတ်ထဲတ်မျိုးဖြစ်နေရင် ငြိမ်းချစ်သူကိုပါ ကျွန်တော်နဲ့ မိတ်ဆက်ပေးထားလေ...ချစ်သူက ချစ်သူ..မိတ်ဆွေက မိတ်ဆွေပါ ငြိမ်းရယ်....."


    စိုင်းခွန်နောင် ဆီမှ ပို့လာသော စာကိုဖတ်ပြီး ငြိမ်း ပြုံးလိုက်မိလေသည်။သူပြောတာလည်း ဟုတ်သည်လေ။ တကယ်ဆိုလျှင် သူနှင့်ငြိမ်းက တယောက်ကိုတစ်ယောက် မြင်တောင်မမြင်ဖူးကြပါဘဲ ရိုးသားစွာခင် မင်နေကြသည်ပဲလေ။


"ဟုတ်ပါတယ်လေ....ကိုစိုင်းပြောတာမှန်ပါတယ်လေ...ဒါနဲ့ ငြိမ်းကို ပြောပြစရာရှိလို့ဆို ပြောပြလေ...."


     ငြိမ်းက သတိတရနှင့်မေးလိုက်လေသည်။


"ဟုတ်ကဲ့ ....ကျွန်တော်လေ... ဒီနှစ်မကုန်ခင် မြန်မာပြည်ကို ပြန်လာတော့မှာ...အဲ့ဒါ ရန်ကုန်မှာ အခြေချမလို့လေ....အဲ့ဒါ ကျွန်တော်က ရန်ကုန်မှာ မကျွမ်းလို့  ငြိမ်းဆီက အကူအညီတောင်းမလို့ကို ..."


     စိုင်းခွန်နောင်ပို့လာသော စာကိုဖတ်ပြီး ဘာရယ်မဟုတ် ငြိမ်း သဘောကျစွာပြုံးလိုက်မိလေသည်။ပြီးမှ စာတစ်ကြောင်းကို ပြန်ရေးပို့လိုက်သည်။


"ဒါများ....ကူညီပေးမှာပေါ့ ကိုစိုင်းရယ်"


"ချစ်သူ့ဆီကို....တောင်ပံဖြန့်ကျက်လို့သွားချင်တယ်...ဘယ်ဆီဘယ်ဝယ်မှန်းလဲ ...အတတ် မသိ..... "


      ငြိမ်းတို့ နှစ်ယောက် စကားပြောနေစဉ်မှာပင် ရဲရင့်ဆီမှဖုန်းဝင်လာသောကြောင့် ဖုန်းကို ကိုင်လိုက်ရလေသည်။


*****************


     ဒေါ်ငြိမ်းဝေတစ်ယောက် ငြိမ်း၏ အခန်းဝတွင် ရပ်လျက် အခန်းထဲသို့ ချောင်းကြည့်လိုက်လေသည်။ငြိမ်းမှာ ရေမိုးချိုးပြီး ပြင်ဆင်နေသည်ကိုတွေ့လိုက်ရလေသည်။ပြင်ဆင်နေသည်ဆိုသော်လည်း ထုံးစံအတိုင်း ရှပ်အကျီပွပွနှင့် ဘောင်းဘီရှည်ကိုသာဝတ်ဆင်ထားခြင်းဖြစ်လေသည်။ဆံပင်ရှည်ကြီးကိုကျစ်ဆံမြီး တစ်ချောင်းတည်းကျစ်ထားပြီးရိုးရှင်းစွာပြင်ဆင်ထားသော်လည်း ငြိမ်းက ကြော့ရှင်းလှပနေသည်ကို ဒေါ်ငြိမ်းဝေသိပါသည်။သို့သော်လည်း ပုထုဇဉ်လူသားများသည် မြင်တွေ့ဖန်များလျှင် ရိုးအီသွားသောအကျင့်ရှိကြသည်လေ။ထိုသို့ ရိုးအီသွားသောအရာကိုလည်း စိတ်ကုန်သွားတတ်ကြသည်ကို ဒေါ်ငြိမ်းဝေသိနေသည်လေ။


"သမီးရေ... ပြင်လို့ပြီးပြီလားကွဲ့..."


    ဒေါ်ငြိမ်းဝေက သမီးဖြစ်သူကိုအခန်းဝမှရပ်ကြည့်နေရင်းမှ အသံပေးလိုက်သည်။ဒေါ်ငြိမ်းဝေအသံကြောင့် ငြိမ်းကလှည့် ကြည့်လာပြီး ထူးလိုက်လေသည်။


"ဟုတ်ကဲ့ အမေ...ပြီးပါပြီ...အမေ ဘာခိုင်းချင်လို့လဲ...."


     ဒေါ်ငြိမ်းဝေက ငြိမ်းခုတင်ပေါ်တွင် အသာထိုင်ချလိုက်ပြီး ငြိမ်းကိုသေချာစွာကြည့်လိုက်ရင်း စကားစလိုက်လေသည်။


"သမီးနဲ့ စကားခဏပြောမလိုပါ...အောက်ထပ်မှာဆိုရင် အခြားသူတွေရှိတော့ ...စကား ပြောရတာ မလွတ်လတ်လို့ ..."


" ဘာပြောမလို့လဲ အမေ ... ပြောလေ "

    ငြိမ်းက မှန်တင်ခုံကိုကျောခိုင်းထိုင်လိုက်ပြီး မိခင်နှင့် မျက်နှာချင်းဆိုင်ထိုင်လိုက်ရင်း မေးလိုက်လေသည်။


"ဘယ်လိုပြောရမလဲ သမီးရယ်....သမီးနဲ့ မောင်ရဲရင့် မေတ္တာမျှ နေတာကို အမေသိတယ်...သဘောလည်းတူပါတယ်...ဒါပေမဲ့ အမေသိချင်တာက သမီးက မောင်ရဲရင့်ကိုတကယ် ရောချစ်ရဲ့လား ဆိုတာကို သိချင်တာ...."


     မိခင်ဖြစ်သူ၏အမေးကြောင့် ငြိမ်းက ချက်ချင်းပင်ခေါင်းငြိမ့်ပြလိုက်လေသည်။


"ချစ်ပါတယ် အမေရဲ့....ရဲရင့်ကို သမီး တကယ်ချစ်ပါတယ်...ရဲရင့်ကလွဲပြီး သမီးကဘယ်သူနဲ့ တွဲဖူးလို့လဲ....အခုဆို လူအချို့လည်း သိနေပြီမို့...သူနဲ့ပဲ လက်ထပ်မှာပါ အမေ..."


      ငြိမ်း၏ စကားဆုံးသောအခါ ဒေါ်ငြိမ်းဝေက သက်ပြင်းတစ်ချက်ကို ချလိုက်မိလေသည်။


"အမေ့သဘောကတော့ ...တွဲတာကတော့တွဲကြပါ...လက်ထပ်တာကိုတော့ အလျင်စလိုမဖြစ်စေချင်ဘူးကွယ်.... အဓိကကတော့ သမီးလေး စိတ်ချမ်းသာတာကိုပဲ အမေ မြင်ချင်တာ ပါ..."


"ဟုတ်ကဲ့ပါ အမေရဲ့...သမီးတို့လည်း တော်တော်နဲ့တော့ လက်ထပ်ဖြစ်မှာမဟုတ်သေးပါဘူး...ရဲရင့်ကျောင်းပြီးဖို့လည်း တစ်နှစ် ကျန်သေးတယ်လေ...ပြီးတော့ သူ့ကျောင်းပြီးသွားရင်လည်း ...လုပ်ငန်းတစ်ခုလောက်တော့ လုပ်ခိုင်းဖို့ စဉ်းစားထားတယ်..."


"အင်းပါ သမီးရယ်...ဘာပဲဖြစ်ဖြစ် ....တစ်ခုခုဆိုရင်တော့ ...အမေ့ကိုတိုင်ပင်ပါနော်....သမီးစိတ်ထဲရှိတဲ့အတိုင်း မဆုံးဖြတ်နဲ့နော်...."


*********************


"လုပ်ငန်းတစ်ခု လုပ်မယ်ဆိုရင် .... သေချာစီစဉ်ပြီး အောင်မြင်အောင်လုပ်ရတယ်...အဓိကက ဇွဲရှိရမယ်....ကိုယ်လုပ်တဲ့အလုပ်ကို လေးစားရမယ်...ဥပမာဆိုပါတော့  ငြိမ်းတို့လို ဈေးသည်တွေ လုပ်ငန်း အောင်မြင်ဖို့ဆိုရင် .... ၀ယ်သူအပေါ်စေတနာထားရမယ်....ပြီးတော့ ပစ္စည်းတစ်ခုကိုတန်ရာတန်ကြေး ပဲရောင်းရမယ်...ဈေးအရမ်းတင်ရောင်းလို့မရသလို ..... လိုတာထက် လျှော့ရောင်းရင်လဲ စီးပွားတူတွေရဲ့ စျေးကွက်ကို ဖျက်ရာရောက်လို့ ...တကိုယ်ကောင်းဆန်ရာကျတယ်... ဝယ်သူများများလာစေချင်ရင် အဓိက က ၀ယ်သူကို ပျူပျူငှာငှာဆက်ဆံဖို့နဲ့ ... ဈေးမှန် ပစ္စည်း မုန်းရောင်းဖို့ပဲလိုတာ ..."


   ရဲရင့်သည် ကားမောင်းနေရင်းမှ ငြိမ်း၏ စကားများကို နားတောင်နေမိပြီး သည်လိုအချိန်အခါမျိုး၌ ငြိမ်းနှင့် သူသည် ချစ်သူ ရည်းစားများနှင့် မတူဘဲ သူဋ္ဌေးနှင့် မန်နေဂျာတစ်ယောက်ကဲ့သို့ ခံစားနေမိလေသည်။


" ရဲရင့် ဘာတွေစဉ်းစားနေတာလဲ...ငြိမ်း ပြောတာကို မကြားဘူးလားလို့..."


"ဗျာ...ကြားပါတယ် မမရဲ့ ပြောလေ...မောင် နားထောင်နေပါတယ်...."


     ရဲရင့်သည် တွေးမိတွေးရာတွေးနေရင်းမှ ငြိမ်း၏ အသံကိုကြားလိုက်ရသောအခါမှ ကမန်းကတန်းထူးလိုက်မိလေသည်။


"ဘုရားက အပြန်.... နေ့လယ်ကျရင် သိမ်ကြီးဈေး ဘက်သွားရအောင်လို့..."


"ဟင်...စျေးသွားမလို့လား...နေ့လယ် ကျရင် ရုပ်ရှင်မကြည့်တော့ဘူးလား..."


      ရဲရင့်က ကားမောင်းနေရင်းမှ ငြိမ်းမျက်နှာကို ငဲ့ကြည့်ပြီး မေးလိုက်လေသည်။


" အယ် ...ရဲရင့်က ရုပ်ရှင်ကြည့်ချင်လို့လား...ငြိမ်းက အလှကုန်ပစ္စည်းအသစ်တွေ ရောက်နေတယ်ဆိုလို့ ၀င်ကြည့်မလားလို့...."


     ငြိမ်းက မျက်နှာချိုသွေးပြီးပြောလိုက်လေည်။


"ဟုတ်ပါပြီဗျာ ... မမသဘောပါပဲ...ဘုရားက အဆင်း ...ကန်တော်ကြီးထဲမှာ...ခဏလောက် လမ်းလျှောက်လို့ရမလား...."


"အင်း ခဏဝင်ချင် ၀င်လေ လမ်းကြုံနေတာပဲ..."


*************************


   "မမ ဖြည်းဖြည်း လျှောက်လေ ... ချော်လဲနေအုံးမယ်...မောင့်လက်ကိုကိုင်ပါဆိုတော့လဲမကိုင်ဘူး ..."


    ရဲရင့်သည် ရွှေတိဂုံဘုရားစောင်းတန်းလှေကားထစ်များကို ခပ်သုတ်သုတ်တက်သွားနေသော ငြိမ်း၏လက်ကို လှမ်းဆွဲပြီးပြောလိုက်သည်။ရဲရင့်၏ အပြုအမူကြောင့် ငြိမ်းက ခြေလှမ်းကို ရပ်တန့်လိုက်ပြီး ရဲရင့်ကို ခပ်တိုးတိုး ပြန်ပြောလိုက်သည်။


"အင်းပါ ...ရဲရင့်ရယ် ... ခြေထောက်ကအကျင့်ပါနေလို့ပါ...ပြီးတော့....လက်တွဲသွားရမှာရှက်စရာချည်း...မတွဲချင်ဘူး..... "


 " ဘာရှက်စရာပါလို့လဲ မမရယ်... လက်လေးတွဲတာကို....မလွှတ်ဘူးနော်မရုန်းနဲ့..."


     ရဲရင့်သည် ငြိမ်းကို အရွဲ့တိုက်ပြီး ငြိမ်းလက်ကို မလွှတ်တမ်းဆုပ်ကိုင်လျှက် လှေကားထစ်များအတိုင်း တက်ခဲ့လေသည်။ငြိမ်းမှာတော့ လက်တစ်ဖက်မှာ ရဲရင့်၏ဆွဲကိုင်ထားခြင်းကိုခံထားရပြီး ကျန်သောလက်တစ်ဖက်မှာလည်း ၀တ်နေကျမဟုတ်သော စကပ်ရှည်ရှည်ကြီးကို ယောင်ယမ်း၍ ဆုပ်ကိုင်ပြီး လိုက်ပါခဲ့လေသည်။


    ဘုရားပေါ်သို့ ရောက်သောအခါ နှစ်ယောက်သား ၀ယ်လာသော ပန်းစည်းများကို ဘုရားသို့ ကပ်လှူကြသည်။ ထိုအခါ ငြိမ်းသည် ထုံးစံအတိုင်း မိမိလက်ထဲမှ ပန်းစည်းကို ရိုရှိသေသေပင်လှူခဲ့ပါလေသည်။သို့သော်လည်း ရဲ့ရ င့်ဆီမှ ပန်းစည်းကိုလည်း မတောင်းမိ။ မိမိလက်ထဲမှ ပန်းစည်းကိုလည်း မပေးမိဘဲ တစ်ကိုယ်တော်ကပ်လှူ။တစ်ကိုယ်တော်ဘုရားဖူး နေခြင်းဖြစ်ပါလေသည်။


    ရဲရင့်သည် ငြိမ်းကိုကြည့်ပြီး တစ်ကိုယ်တော် ဆန္ဒပြ စိတ်တို့နေမိတော့သည်။ငြိမ်းကို ဘာမျှမပြောတော့ ငြိမ်းသွားရာ နောက်တစ်ကောက်ကောက်လိုက်သည် ။ငြိမ်းက ဘုရားကန်တော့လျှင် သူလည်း ကန်တော့သည်။ငြိမ်းက ခေါင်းလောင်းထိုးလျှင် ဘေးမှ ရပ်စောင့်သည်။ပြီးလျှင် ငြိမ်းက ရှေးဟောင်း ပြတိုက်သို့ သွားပြန်သည်။ဒါကလည်း ငြိမ်း၏အကျင့်ဖြစ်သည်။ ရွှေတိဂုံဘုရားသို့ ရောက်လျှင် ရွှေတိဂုံစေတီတော်ကြီးကိုရှိခိုးသည်။ ဘုရား ရင်ပြင်ကို ထောင့်စေ့အောင်လိုက်ဖူးသည်။ပြီးလျှင် ဘုရားရောက်တိုင်းသွားနေကျဖြစ်သော ရှေးဟောင်း ပြတိုက်နှင့် ဗုဒ္ဓဝင်ပြခန်းကိုသွားသည်။ဒါဆိုလျှင် ငြိမ်း၏ ရွှေတိဂုံဘုရားလာဖူးခြင်းကိစ္စပြီးဆုံပြီးဖြစ်လေသည်။ရွှေတိဂုံဘုရား၏ မုခ်ဝအသီးသီးတွင် ဘာပန်းခြံရှိသည်၊ မရှိသည်ကို ငြိမ်းမသိပါ။ ဘုရားဖူးပြီးသည်နှင့် ပြန်ဖို့ရန်ပြင်ပါလေတော့သည်။


********************


     ဘုရားပေါ်မှ ဆင်းလာခဲ့ကြပြီးသည့်နောက် ရဲရင့်သည် ကားကို ကန်တော်ကြီးထဲသို့ မောင်းဝင်လာခဲ့ လေသည်။ကန်တော်ကြီးထဲသို့ ရောက်သောအခါ ငြိမ်းသည် ကားပေါ်မှ ဦးစွာဆင်းသွားလေသည်။ထုံးစံအတိုင်း ရဲရင့်စိတ်တိုနေသည်ကိုလဲမသိ။ရေကန် ကျယ်ကျယ်ကို သဘောကျသူမို့ အလည်လာရသည့်အခိုက်မှာ ကားပေါ်မှ အပြေးအလွှား ဆင်းသွားခြင်းဖြစ်လေသည်။ပြီးလျှင် တွေ့သမျှ မုန့်ကို ဝယ်ပြီး ရဲရင့်ကိုကျွေးမည်။ ပိုက်ဆံရှင်းရမည်ဆိုလျှင်လည်း သူကပင် ဦးအောင် ရှင်းပေးမည်။ ရဲရင့်၏ အိတ်ထဲမှ ငွေကို လက်ဖျားနှင့် ပင်မ ထိချေ။ရဲရင့်က "မောင်...ရှင်းပါ့မယ် မမရယ်"ဟု ပြောလျှင် "မရှင်းနဲ့...ရဲရင့်က ပိုက်ဆံစုနော်... အန်တီအတွက် ငွေလိုတယ် မဟုတ်လား" ဟု ပြောကာ တားဆီးတတ်လေသည်။ရဲရင့်သည်ကားပါကင်ထိုးနေရင်းမှ ငြိမ်းနှင့်သူ့အကြောင်းကို တွေးနေမိလေသည်။ပြီးနောက် ကားပါကင်ထိုးပြီးသွားသည်နှင့် ကားတံခါးကို ပိတ်လိုက်ပြီး ငြိမ်းနောက်သို့ ရဲရင့်ခပ်သုတ်သုတ်လိုက်သွားလိုက်သည်။


    ရဲရင့် လမ်း လျှောက်လာရင်းမှ ခပ်လှမ်းလှမ်းတစ်နေရာတွင် ငြိမ်းသည် မလှုပ်မယှက်ခြေစုံရပ်လျက် တစ်နေရာကို ထိတ်လန့် တုန်လှုပ်နေသော အမှုအယာဖြင့် ကြည့်နေသည်ကိုတွေ့လိုက်ရသောကြောင့် ရဲရင့် ငြိမ်း ရှိရာသို့ အပြေးသွားလိုက်ပြီး မေးလိုက်မိလေသည်။


"မမ..ဘာဖြစ်လို့လဲ...ဘာဖြစ်တာလဲ မမ ..."


    ငြိမ်းသည် ရဲရင့် ၏အမေးကို မကြား။ ကြည့်နေမြဲနေရာသို့သာ မျက်လုံးပြူးကြီးများဖြင့် စူးစိုက်၍ ကြည့်နေလေသည်။


@@@@@@@@@@@@@@@@@@@@@


    အပိုင်း ၁၄ ဆက်ရန်


ဧကြည်ဖြူ


rate now: