ဧကြည်ဖြူ
"ချူ "
********************
ငြိမ်းက မိခင်ဖြစ်သူ၏ လက်ထဲမှအထုပ်ကို ဆွဲယူလိုက်ရင်း မေးလိုက်သည်။
"အိမ်ထဲရောက်မှ ပြောပြမယ် သမီး ....မကြူရေ ....ကလေးကို ခေါ်သွားပြီး သူ့စားချင်တာတစ်ခုခုကျွေးလိုက်ပါနော် "
ဒေါ်ငြိမ်းဝေ ကလေးကို အိမ်အကူမကြူ ကိုခေါ်သွားခိုင်းလိုက်ပြီး ကိုယ်တိုင်က စတိုးဆိုင်၏ နောက်ဘက်ရှိ ဧည့်ခန်းထဲတွင် ထိုင်ချလိုက်လေသည်။
ငြိမ်းက မိခင်အတွက် အသီးဖျော်ရည်ကို ကိုယ်တိုင်ဖျော်ပြီး အအေး ဖန်ခွက်ကိုကိုင်၍မိခင်၏ဘေးနားတွင် ဝင်ထိုင်လိုက်ရင်း မေးမြန်းလိုက်သည်။
" အမေအသိက မသက်သာဘူးလား အမေ..."
ဒေါ်ငြိမ်းဝေက ငြိမ်း၏မျက်နှာကိုကြည်ရင်း သက်ပြင်းတစ်ချက်ကိုချလိုက်သည်။
"ဟုတ်တယ် သမီး...သူ့အခြေအနေက သိပ်မကောင်းဘူး ဒီကြာထဲ သူ့ခမျာ ဆွေမျိုးတွေဆီကပ်နေရတာ ဒီကလေးကရှိနေတော့ ဆွေမျိုးတွေက မကြည်ဖြူ့ကြဘူးတဲ့လေ.... ဒီကလေးက သူ့မြေးလေးလေ... ကလေးရဲ့အမေကလည်း ဆုံးသွားတာကြာပြီတဲ့ ... ဖအေလုပ်သူကလဲ ပျောက်နေတော့ ကလေးကို အမေတို့ဆီ ခဏလောက် အပ်ထားပါရစေ ဆိုလို့ ခေါ်လာတာ ... သမီးအဆင်ပြေရဲ့လားဟင် "
" အဆင်ပြေပါတယ် အမေ...ကလေးဘ၀က သနားစရာလေးပဲ ခေါ်ထားလိုက်ပါ...သူ့အဖေဆိုတဲ့လူ လာမခေါ်တော့လည်း သမီးတို့ပဲ စောင့်ရှောက်ထားလိုက်တာပေါ့အမေရယ်...."
ဒေါ်ငြိမ်းဝေမှာ ယခုမှပင် သက်ပြင်းမောကိုချနိုင်လေတော့သည်။
"ဒါနဲ့ အမေနဲ့ တိုင်ပင် စရာရှိလို့ အမေရဲ့ "
"ဘာများလဲ သမီးရဲ့ ... ပြောပါဦ်း "
"ဟိုလေ ရဲရင့်ကိစ္စပါအမေ...ရဲရင့်အမေကိုကြည့်ရတာ အတော်လေးနေမကောင်းဖြစ်နေရှာတာ ...ရဲရင့်ရတဲ့လစာလောက်နဲ့ ဆေးရုံဆေးခန်းလည်းမပြနိုင်ဘူး ထင်ပါတယ် အမေရယ်... ပြီးတော့ သူတို့အိမ့်ကလည်း ဝေးလိုက်တာဆိုတာ...အလုပ်သွားအလုပ်ပြန်ကို အချိန် မနည်းကြာတယ်လေ"
ပြောနေရင်း ငြိမ်းက စကားကို ရပ်ပြီး မိခင်၏မျက်နှာကိုမော့ကြည့်လိုက်သည်။
ဒေါ်ငြိမ်းဝေက သမီးဖြစ်သူငြိမ်း၏အမှုအရာအပြောအဆိုကိုကြည့်ပြီး အကင်းပါးလှသူ ပီပီ ငြိမ်းပြောချင်သောစကားကိုနားလည်သဘောပေါက်လိုက်လေသည်။
"အဲ့ဒီတော့ သူတို့သားအမိကို သမီးက ဘယ်လိုများ ကူညီချင်လို့လဲ ပြောပါဦး..."
"ဟိုလေ သမီးစဉ်းစားမိတာက ...တကယ်ဆို သမီးတို့မှာ ကားတစ်စီးလောက် လိုအပ်တယ် မဟုတ်လား...အမေက သမီးကို ကားမမောင်းစေချင်ဘူးဆိုလို့သာ မဝယ်ဖြစ်တာ...အဲ့ဒါ ကား တစ်စီးလောက် ၀ယ်ပြီး ရဲရင့်ကို မောင်းခိုင်းမလားလို့ ...သမီးကတော့ အုံနာသဘောပေါ့အမေရယ်...သမီးတို့အပြင် မသွားတဲ့အချိန် သူက တက္ကစီဆွဲပေါ့...နေ့စဉ် အုံနာကြေးတော့တောင်းရမှာပေါ့...အဲ့ဒါဆို သူလည်း ၀င်ငွေ ပိုကောင်းလာမှာပဲ...သမီးစိတ်ကူးကို အမေ ဘယ်လို သဘောရလဲဟင်..."
"ကောင်းပါတယ်သမီးရဲ့ ....ကူညီရာလည်း ရောက်သလို အမေတို့ ငွေတွေလည်း အလဟဿဖြစ်သွားတာမှမဟုတ်တာပဲ..."
မိခင်၏ တုန့်ပြန် စကားကြောင့် ငြိမ်းက မိခင်ကို ဝမ်းသာအားရဖက်လိုက်မိလေသည်။
*********************
အိပ်ရာထဲ ရောက်သည်နှင့် ငြိမ်း ဖေ့ဘုတ်ကို ဖွင့်သုံးလိုက်သည်။
" ချွင် "
"ချွင် "
ချွင်ခနဲမြည်သံနှစ်ချက်နှင့်အတူ မက်ဆင်ဂျာမှ စာနှစ်စောင်ရောက်လာလေသည်။
စာနှစ်စောင် အနက် ရဲရင့် ပို့ထားသောစာကို ငြိမ်းအရင် ဝင်ကြည့်လိုက်သည်။
"အမေ နည်းနည်းသက်သာတယ်သိလား မမ..."
"အလုပ်မဆင်းရတော့... မမနဲ့ မတွေ့ရဘူး"
"သတိရလိုက်တာ မမရယ်"
ရဲရင့်ပို့ထားသော စာကြောင်းလေးတွေကို ကြည့်ပြီး ငြိမ်း ပြုံးလိုက်မိသည်။ပြီးနောက် စာလေးတစ်ကြောင်း ပြန်ပို့လိုက်သည်။
"မနက်ဖြန် အလုပ်မသွားနဲ့အုံး.... ငြိမ်းနဲ့ အပြင်မှာ ခဏတွေ့ရအောင် အလုပ်ကိစ္စပြောစရာလေးရှိလို့ "
စာကြောင်းလေးတွေကို ပို့လိုက်ပြီး အကောင့်ထဲကနေ ပြန်ထွက်လိုက်သည်။ပြီးနောက် နောက်ထပ် စာပို့ထားသောအကောင့်လေးထဲသို့ဝင်ကြည့်လိုက်သည်။
"အိပ်နေပြီလား ငြိမ်း...ကျွန်တော်တော့အလုပ်သွားနေပြီ..."
"ကျွန်တော်လေ မြန်မာပြည်ကို လွမ်းလိုက်တာ ငြိမ်းရယ် ... အခုချိန်ဆို မြန်မာပြည်ကြီးလည်း ပြောင်းလဲနေပြီပေါ့နော်..."
သူပို့ထားသော စာလေးတွေကိုကြည့်ပြီး ငြိမ်းစိတ်ထဲ လွမ်းမောသွားသလိုလိုပင် ခံစားလိုက်ရလေသည်။ ဒါသည် ကိုယ်ချင်းစာစိတ်ဟု များ ခေါ်လေမည်လား။လူဆိုသည်မှာ မည်မျှ တိုးတက်ဖွံ့ဖြိုးနေသောအရပ်ဒေသသို့ ရောက်နေစေကာမူ မိမိ စတင်မွေးဖွားရှင်သန် ကြီးပြင်းခဲ့သော အရပ်ဒေသကို စိတ်ထဲမှ အောက်မေ့သတိတရ ရှိနေတတ်သည်မဟုတ်ပါလား။
" မြန်မာပြည်ကတော့ ပြောင်းလဲလာပါပြီ...အခုဆို လွန်ခဲ့တဲ့ နှစ်နှစ်ကျော်ကစပြီး လူတိုင်းနီးပါးဖုန်းတွေလည်း သုံးနိုင်ကြပြီလေ..."
ရေးပြီးသား စာကြောင်းလေး ကို ငြိမ်း ပို့လိုက်သည်။မီးစိမ်းနေသော သူ့အကောင့် ကချက်ချင်းပင်စာပြန်ပို့လာသည်။
"Good morning ပါ ငြိမ်း "
သူ့ပို့လာသော နှုတ်ဆက်စကားကို ကြည့်ပြီး ပထမ ငြိမ်းအူကြောင်ကြောင်ဖြစ်သွား မိသေးသည်။ပြီးမှ သူရောက်နေသော အရပ်ဒေသကို တွေးမိပြီး ပြုံးလိုက်မိလေသည်။ထိုစဉ်မှာပင် သူ့ဆီမှ ရုပ်ပြောင် စတစ်ကာ ပုံလေးတစ်ခုနှင့် စာထပ်မံပို့လာလေသည်။
"sorry . Good night ပြောရမှာကို "
ငြိမ်းက သူ့ဆီကို စာပြန်ပို့လိုက်သည်။
"ရပါတယ် ... မြန်မာပြည် ပြန်မရောက်တာဘယ်လောက်ကြာပြီလဲ" ဟုအမေး စာကြောင်းလေး ပို့ လိုက်သည်။
" ခြောက်နှစ်ခုနှစ်လောက်ရှိပြီ.... ကျောင်းမပြီးခင်လေးမှာ ရောက်လာတာလေ...."
"မြန်မာပြည်မှာတုန်းက ဘယ်မှာနေတာလဲ..."
"တောင်ကြီးမှာနေတာ..."
"ဪ...ဒါဆို...ရှမ်းလူမျိုးပေါ့နော်..."
"ရှမ်းလူမျိုးစစ်စစ်တော့ မဟုတ်ပါဘူး...အဖေကဗမာ...အမေက ရှမ်းသွေးပါတယ်... အဖေဆုံးတော့ အမေ့ အမျိုးတွေရှိတဲ့နေရာမှာပဲ နေဖြစ်သွားတာ ဆိုပါတော့ "
" ဪ...အဲ့ဒီမှာ အလုပ်အကိုင် အဆင်ပြေလား...."
"ဟုတ်ကဲ့ ... ပြေပါတယ် ....နောက်နှစ်လောက်ဆို ....ကျွန်တော်ပြန်လာတော့မယ်... အမေက အသက်ကြီးလာပြီဆိုတော့ ခွဲမနေချင်တော့လို့ ..."
ဘာရယ်မဟုတ်သူနှင့် ငြိမ်းအတန်ကြာ စကားပြောဖြစ်ကြသည်။သူ့အကြောင်း ကိုယ့်အကြောင်းတွေမေးကြ ၊ ပြောကြရင်း သူ့က သတိပေးမှပင် ညဉ့်အတော်လေးနက်နေပြီးမှန်း ငြိမ်းသတိထားလိုက်မိလေတော့ သည်။
"စကားပြောကောင်းနေတာနဲ့ ... ငြိမ်းအိပ်ဖို့နောက်တောင် ကျနေပြီပဲ...အိပ်တော့လေငြိမ်း..."
"Good night အိပ်မက်လှလှမက်ပါစေနော် ငြိမ်း"
သူ့ဆီက နှုတ်ဆက် စာကြောင်းလေးရောက်လာပြီးတော့ ငြိမ်းလည်း အင်တာနက်ကိုပိတ်ပြီး အိပ်ဖို့ပြင်လိုက်သည်။
***********************
"ကဗျာရိပ်"ဆိုသော ကော်ဖီဆိုင်လေးရှေ့သို့ ရောက်သောအခါ ငြိမ်းက ကားဆရာကိုရပ်ခိုင်းလိုက်ပြီး ကားပေါ်မှဆင်းလိုက်သည်။ကော်ဖီဆိုင်လေးထဲသို့ ငြိမ်းလှမ်းကြည့်လိုက်သောအခါ ဆိုင် ထောင့်ကျကျစားပွဲတွင် ထိုင်နေသော ရဲရင့်ကို တွေ့လိုက်ရသည်။ထုံးစံအတိုင်း ရှပ်အင်္ကျီခပ်နွမ်းနွမ်းနှင့် အရောင်ဖျော့ဖျော့ ဂျင်းဘောင်းဘီကိုတွဲဝတ်ထားလေသည်။ငြိမ်းကိုမြင်သောအခါ ရွှင်မြူးသွားသောမျက်နှားထားဖြင့် လက်လှမ်းပြလေသည်။ငြိမ်းက သူ့ကိုပြန်ပြုံးပြလိုက်ပြီး သူ့ရဲ့ မျက်ဝန်း စူးစူးလေးများကို ဖျတ်ခနဲ ငေးမောကြည့်လိုက်မိသည်။
"လာလေ မမ...ဒီမှာ ထိုင်..."
နေ့လယ်နေ့ခင်းဖြစ်သောကြောင့် ဆိုင်လေးထဲတွင် လူရှင်နေလေသည်။ငြိမ်းက ရဲရင့်ဆွဲထုတ်ပေးသော ခုံမှာဝင်ထိုင်လိုက်သည်။ရဲရင့်က စားပွဲထိုးလေးကို လှမ်းခေါ်ပြီး ကော်ဖီမှာနေသည်။
"ရဲရင့်ကို ခေါ်လိုက်ရတဲ့အကြောင်းက အလုပ်ကိစ္စလေး ပြောမလို့ လေ... ငြိမ်းပြောတာတွေကို နားထောင်ပြီး နားလည်မှုတော့ မလွဲစေချင်ဘူး ရဲရင့် ရယ်..."
ငြိမ်းက စကားကို လှအောင် ပြောလိုက်သည်။ရဲရင့်ကလည်း ငြိမ်း ပြောတာကို ဂရုတစိုက်ဖြင့် နားထောင်နေလေသည်။
"ဟုတ်ကဲ့ .. ပြောလေ မမ ..."
" ရဲရင့် ကားမောင်းတတ်တယ်မဟုတ်လား..."
"မောင်းတတ်တယ် မမ ... လိုင်စင်လည်းရပြီးပြီ ... ကားမောင်းတဲ့ဘက်ကို ပြောင်းပေးဖို့ အလုပ်ထဲမှာလည်း လျှောက်ထားပြီးပြီ ...အဲ့ဒါပြောင်းရခါနီးမှ အမေ့ကျန်းမာရေး ကြောင့် အလုပ်ပျက်ရက်တွေများလို့ ပယ်ချခံလိုက်ရတယ်..."
"ဟုတ်လား....ဒါဆို မလျှောက်နဲ့တော့..."
"ဗျာ...မမ ဘာလို့လဲ "
ငြိမ်းပြောလိုက်တော့ ရဲရင့်က အူကြောင်ကြောင်ပုံစံဖြင့် ပြန်မေးလေသည်။
"ဒီလိုပါ ရဲရင့်ရဲ့ ....ငြိမ်းကလေ ကားဝယ်ချင်တာကြာလှပြီ ... မေမေက စိတ်မချဘူးဆိုတာနဲ့ မဝယ်ဖြစ်တာလေ... အဲ့ဒါ အခုကားလေးတစ်စီးဝယ်မလို့လေ...ငြိမ်းကိုတော့ မေမေက မောင်းခိုင်းမှာမဟုတ်ဘူး...ဒါကြောင့် ရဲရင့်ကို ကားမောင်းခေါ်မလို့လေ...ပြီးတော့...ငြိမ်းတို့ကလည်း နေ့တိုင်း အပြင်သွားနေတာမဟုတ်တော့...ကားအားတဲ့အချိန်တွေမှာ...တက္ကစီဆွဲပေါ့... ဒါပဲနော် ငြိမ်းကို အုံနာကြေး တော့ပေးရမယ်နော်...."
"ဗျာ....တ ...တကယ်ပြောနေတာလား မမ...နောက်နေတာလား ..."
ရဲရင့်သည် ငြိမ်း၏မျက်နှာကို ကြည့်ပြီး မယုံကြည်နိုင်စွာ မေးလိုက်လေသည်။
"ဪ...တကယ်ပေါ့ ရဲရင့်ရဲ့ .... စီးပွားရေးကိစ္စနဲ့ပတ်သက်ပြီး ငြိမ်းက မနောက်တတ်ပါဘူးနော်....တစ်ခုတော့ရှိတယ် ...ရဲရင့်အိမ်က ငြိမ်းတို့နဲ့ဝေးလွန်းတယ် အိမ်ပြောင်းမှဖြစ်မယ်... ငြိမ်းတို့ ဘေးကရပ်ကွက်ထဲမှာ ဈေးသင့်တဲ့ အိမ်ခန်းတွေ ရှိတယ် ရဲရင့်စုံစမ်းကြည့်လိုက်...လိုတဲ့ငွေကို ငြိမ်းစိုက်ထုတ်ပေးထားမယ်လေ...နောက်မှ ဖြည်းဖြည်းချင်း ပြန်ဆပ်ပေးပါ ....."
ငြိမ်းစကားဆုံးတော့ ရဲရင့်က မျက်နှာကိုလက်ဖဝါးနှစ်ဖက်နှင့် အုပ်လိုက်ပြီး ငြိမ်သက်သွားသည်။ ငြိမ်းမှာ ရဲရင့်၏ အပြုအမှုကြောင့် ထိတ်လန့်သွားမိပြီး ပျာပျာသလဲ တောင်းပန်လိုက်မိသည်။
"ဘာ...ဘာဖြစ်လို့လဲ ရဲရင့်....ငြိမ်း...ငြိမ်းတောင်းပန်ပါတယ်နော်....ငြိမ်းက ငြိမ်းရော... ရဲရင့်ရော အဆင်ပြေမဲ့နည်းလမ်းကို ပြောပြတာပါ...ရဲရင့်ကို အထင်သေးလို့ပြောတာမဟုတ်ပါဘူးနော်...ငြိမ်းကို စိတ်မဆိုးပါနဲ့..."
ငြိမ်း၏တောင်းပန်စကားဆုံသောအခါ ရဲရင့်က သူ့မျက်နှာပေါ်မှ လက်တွေကို ခွါလိုက်သည်။ထိုအခါ ဖြူနုသော ရဲရင့်၏ မျက်နှာသည် ငိုထားသကဲ့သို့ နီမြန်း၍နေလေသည်။
" မမကို စိတ်ဆိုးစရာလားမမရယ်...အမှန်အတိုင်း ဝန်ခံရရင် ဝမ်းသာလွန်းလို့ပါ...ပိုက်ဆံများများရှာပြီး အမေ့ကို ဆေးရုံကောင်းကောင်းမှာလည်းပြချင်နေတာ .... ကျေး... ကျေးဇူးတင်ပါတယ် မမရယ်....မမကျေးဇူးတွေကို ဒီတစ်သက်မမေ့ပါဘူးနော်...."
ကျေးဇူး တကြောင်းတွေတဖွဖွပြောနေသောရဲရင့်၏လက်ကို ဖျစ်ညှစ်ဆုပ်ကိုင်လိုက်ပြီး ငြိမ်းအားပေးစကားပြောလိုက်မိသည်။ရဲရင့်က မျက်ရည်တွေ့ရစ်နေသော မျက်ဝန်းအစုံဖြင့် မော့ကြည့်လာသည်။ရဲရင့်၏ မျက်ဝန်းတွေကို ကြည့်နေမိရင်းမှ ငြိမ်း လွှတ်ခနဲ မေးလိုက်မိလေသည် ။
"ရဲရင့်က ဘယ်ဇာတိလဲဟင်...ဆွေမျိုးသားချင်းတွေရော ရှိလား...."
"ရန်ကုန်ကပဲ မမရဲ့...ဆွေမျိုးတွေလည်း ရန်ကုန်မှာပဲ ရှိကြတာ....ဒါပေမဲ့ လောကရဲ့ ထုံးစံအတိုင်း ရွှေမရှိတော့ အမျိုးမ တော်ချင်ကြဘူးလေ..... "
"ဪ ... ဟုတ်လား.."
**********************
"သမီး...ကိုသန့်စင်တို့ကိစ္စက ဘယ်လိုဖြစ်တာလဲ...သမီး ပယောဂများပါနေလားကွယ်..."
ဒေါ်ငြိမ်းဝေက စာရင်းဇယားများဖြင့်အလုပ်များနေသော ငြိမ်းဘေးတွင် ကပ်ထိုင်လိုက်ပြီးခပ်တိုး တိုးမေးလိုက်သည်။
ငြိမ်းက မိခင်ကို တစ်ချက်မော့ကြည့်လိုက်မိသည်။
"ဘာဖြစ်လို့လဲ အမေ...ငြိမ်းလဲ ဘာမှမသိရပါလား...ဘာကိစ္စကို မေးတာလဲ.."
"ကိုသန့်စင်နဲ့ညိုညိုကိစ္စလေ... အရင်က ညိုညို ကောင်လေးက အမေတို့ ဆိုင်ကို မလာဖူးပါဘူး...ခါတိုင်းဆိုင်ပြင်မယ်ဆို ခေါ်ခိုင်းနေကြ လက်သမားကိုမခေါ်ဘဲ...ဘာလို့ အဲ့ဒီကောင်လေးကို ခေါ်လာရတာ လဲ....ခုတော့ ထိုးဟယ်ကြိတ်ဟယ်နဲ့ ရုတ်ရုတ်သဲသဲတွေဖြစ်ကုန်တဲ့အပြင် .... ကိုသန့်စင်နဲ့မသက်မာလည်းအသက်ကြီးမှ ကွဲဖို့ကွာဖို့ ဖြစ်ကုန်ကြပြီ..."
"သူ့တို့ဘာသာ ဟုတ်လို့ ကျော် ပုတ်လို့ပေါ်တဲ့ကိစ္စပဲ အမေ...."
ငြိမ်းက ခေါင်းကိုငုံ့လျက်မှ မိခင်ကို ပြန်ပြောလိုက်သည် ။"မဟုတ်ပါဘူးအမေရယ် "ဟု ငြိမ်း ငြင်းချက် မထုတ်မိ။ငြိမ်းမလိမ်ညာတတ်ပါ။လိမ်ညာခြင်းက ငြိမ်း အမုန်းဆုံးသောအရာဖြစ်သည်။ဦးသန့်စင်နှင့် ဒေါ်သက်မာဆိုတာ ငြိမ်းတို့ မျက်နှာချင်းဆိုင်မှဖြစ်သည်။သူတို့လည်း စတိုးဆိုင်ကြီးဖွင့်ထားသည်။ပြီးလျှင် ငြိမ်းတို့ ဆိုင်ကို မသိမသာ ရော၊ သိသိသာသာပါ ပြိုင်ဆိုင်သည်။တိုက်ခိုက်သည်။သည်မျှလောက်ကိုတော့ ငြိမ်းက ဂရုကိုမစိုက်။ကိုယ့် ဘာသာ အေးအေးဆေးဆေးပင် မသိချင်ယောင်ဆောင်နေခဲ့သည်။သူတို့စတိုးဆိုင်မှာ ညိုညို ဆိုသော စာရေးမလေးကိုခန့်ထားသည်။ပြီးလျှင် ဦးသန့်စင်က ညိုညိုနှင့် တိတ်တိတ်ပုန်း ဖြစ်နေကြသည်။ဒါကို ဒေါ်သက်မာကမရိပ်မိ။ မျက်နှာချင်းဆိုင်အနေအထားနှင့် နေ့စဉ်တွေ့မြင်နေရသောင်ငြိမ်းကရိပ်မိသည်။သို့သော် သည်ကိစ္စကငြိမ်းနှင့် မဆိုင်၍ မဆိုင်သလိုသာနေခဲ့သည်။ငြိမ်းနှင့်ဆိုင်လာသည်မှာ ငြိမ်းကား ဝယ်လိုက်ပြီးရဲရင့်ကို ကားပေး မောင်းသော အချိန်မှစသည်ပဲ ပြောရလေမည်လား။ဒေါ်သက်မာရော ဦးသန့်စင်ကပါ ငြိမ်းကားဝယ်လိုက်ချိန်မှစ၍ ငြိမ်းအကြောင်းတွေကို မဟုတ်တာတွေလျှောက်ပြောလာတော့ သည်ကိစ္စကငြိမ်းနှင့် သက်ဆိုင်လာခဲ့သည်လေ။ထို့ကြောင့်ပင် ဦးသန့်စင်နှင့် ညိုညိုတို့၏ အရှုပ်ထုပ်ကို အများသိအောင် လုပ်ပစ်လိုက်သည်။သိပ်တော့လည်း ခက်ခက်ခဲခဲ့မလုပ်လိုက်ရပါ။ ညိုညို အကြောင်းကိုစုံစမ်းလိုက်သည်။ထိုအခါ စိတ်တိုလွယ်သော ညိုညို ရည်းစား လက်သမားကောင်လေးနှင့် သိခဲ့ရသည်။ပြီးတော့ ငြိမ်းက ထိုကောင်လေးကို ဆိုင်သို့ ရုတ်တရက်ခေါ်ချလာပြီး ဆို င်ထဲရှိ မုန့်တင်သောဆင့်တန်းများကို ပြင်ခိုင်းလိုက်သည်။ကောင်လေးကလည်း လိုလိုချင်ချင်ပင် လုပ်ပေးခဲ့သည်။ကြည့်ရသည်မှာ သူ့ကောင်မလေးကို မြင်တွေ့ရမည်ဖြစ်သောကြောင့် အလုပ်ကိုလက်ခံလိုက်ပုံရသည်။အလုပ်လုပ်နေစဉ် တောက်လျှောက် မျက်လုံးက သူ့ချစ်သူရှိနေသော ဦးသန့်စင်တို့ဆိုင်ကိုပဲကြည့်နေသည်။သည်မှာတင် လူလစ်ရင်လစ်သလို အနေအထိုင်မတတ်ကြသော ဦးသန့်စင်နှင့့်ညိုညိုတို့အား လက်ပူးလက်ကြပ်မိလေတော့သည်။အဲ့ဒီတော့ စိတ်တိုလွယ်သော ကောင်လေးက ဦးသန့်စင်တို့ဆိုင်ထဲသို့ ပြေးသွားပြီး ဦးသန့်စင်ကိုထိုးသည်။ သူ့ရည်းစား ညိုညိုကို ပြဿနာရှာသည်။သည်မှာတင် ဦးသန့်စင်နှင့် ညိုညိုတို့အဖြစ်က လူသိရှင်ကြားဖြစ်သွားခဲ့လေသည်။
"ဘာလို့ဒီလိုလုပ်ရတာလဲ ငြိမ်းရယ်...အာဃာတကြီးလှချည်လား....သမီးကို အမေဘယ်တော့မှမဆူခဲ့ဘူးနော်.... ဒီတစ်ခါတော့ဆူမယ်... လက်တုန့်ပြန်တတ်တဲ့ ဒီလိုစိတ်ဓါတ်ကို အမေ မကြိုက်ဘူး .... နောက်တစ်ခါ ဒီလိုမျိုး ဘယ်သူ့ကိုမှ ထပ်မလုပ်ရဘူး...မကောင်းတဲ့လူက မကောင်းသလိုပဲ သူ့အကုသိုလ်နဲ့ သူ ... သူ့လမ်းသူသွားမှာပဲ ... အဲ့ဒီအကုသိုလ် ကို သမီးက ခွဲယူနေတာလား....ဒါနောက်ဆုံးအကြိမ်ပဲဖြစ်ပါစေ သမီး..."
ဒေါ်ငြိမ်းဝေ ပြောပြီး ငြိမ်းအနားမှထလာခဲ့သည်။ငြိမ်းက ဧည့်ခန်းဆိုဖာခုံပေါ်တွင် ငူငူချည်းထိုင်လျက် ကျန်ခဲ့လေသည်။
***********************
"ချွင် " " ချွင် "
ဖေ့ဘုတ်ကိုဖွင့်လိုက်သည်နှင့် ချွင်ခနဲ ရောက်လာသော အသံများကြောင့် ငြိမ်းမက်ဆင်ဂျာထဲသို့ဝင်ကြည့်လိုက်သည်။
"မမ ... အိပ်နေပြီလား..."
"ဒီညလိုင်းမသုံးတာလား..."
ရဲရင့်ဆီမှစာများ ရောက်လာပြီး အကောင့်် ကမီးစိမ်းနေဆဲ ဖြစ်လေသည်။
"မအိပ်သေးဘူးလား..." ဟု ငြိမ်း စာပြန်ပို့လိုက်သည်။
"မမကို စောင့်နေတာ..မမတို့ဆိုင်ကပြန်လာပြီးကတည်းက မမလိုင်းတက်မလား စောင့်နေတာ .... ဘာတွေ အလုပ်များနေလို့လဲ...စာရင်းတွေရှုပ်နေရင် မနက်ကျရင် လာကူတွက် ပေးမှာပေါ့..."
"မဟုတ်ပါဘူး ...ကိစ္စလေးရှိလို့ပါ.... စောစောအိပ်နော်...ဂိမ်းတွေလည်း ညနက်အောင် ဆော့မနေနဲ့... ကျန်းမာရေးထိခိုက်မယ်...."
"ဟုတ်ကဲ့ မမ"ဆိုသော ရဲရင့်ဆီက စာရောက်လာပြီးတော့ စိုင်းခွန်နောင်၏ စာကို ဝင်ဖတ်လိုက်သည်။
"ငြိမ်း ....ဒီည လိုင်းမသုံးဘူးလား..."
"နေမကောင်းများဖြစ်နေလို့လား ... စိတ်ပူလိုက်တာ "
စာလေးက နှစ်ကြောင်းတည်းပင် ။ထုံးစံအတိုင်း အချိန်ပြည့် အင်တာနက်လိုင်းရနေသည်နေရာဒေသမှဆိုတော့ အကောင့်က မီးစိမ်းနေသည်။
"နေကောင်းပါတယ်....စိတ်မကောင်းဖြစ်နေတာ ..."
ငြိမ်းက ပြန်စာကို ပို့ လိုက်သည်။တစ်ခဏချင်းမှာပင် သူ့ဆီမှ ပြန်စာရောက်လာလေသည်။
"ကျွန်တော်က ငြိမ်းအိပ်သွားပြီထင်နေတာ...ဘာတွေစိတ်မကောင်းစရာနဲ့ ကြုံနေရလဲ....ကျွန်တော်ကို ပြောပြလေ ... "
သူ့ပို့လာသောစာကို ဖတ်ပြီး ငြိမ်းစိတ်ထဲ ထိန်းချုပ်ထားသော ဝမ်းနည်းမှုက လည်ချောင်းဝသို့ဆို့နင့်တက်လာသည်။အမေသည် ငြိမ်းကို တစ်ခါဆို တစ်ခါလေးမျှပင် မာန်မဲဆူပူခဲ့ဖူးသူမဟုတ်ချေ။သည်နေ့ ည၌သာ ပထမဆုံးအကြိမ်အဖြစ် ငြိမ်းကိုမာမာထန်ထန် ဆူပူခြင်း ဖြစ်လေသည်။အမေ့ဆီမှ ဒီ လို လေသံမာမာနှင့်အပြောခံရတော့ ငြိမ်း ဝမ်းနည်းစိတ်ဖြစ်မိသည်။ရင်ထဲ တဆစ်ဆစ်တနုံ့နုံ့ ဖြင့်ခံစားနေရသည်။ထိုခံစားမှု အပူသောကကို ရဲရင့်ဆီမှာလည်း ရင်မဖွင့်မိ ။ ရဲရင့်ဘဝလေးခုမှစိတ်ချမ်းသာနေသည်ကို အပူမကူးစေလို မိပေ။သို့သော်လည်း စိုင်းခွန်နောင်ကမေးလာသောအခါ မမြင်မတွေ့ရသော သူစိမ်းတစ်ရံဆံ ဖြစ်၍ထင်သည်။ရှောရှောရှူရှူပင် ရင်ဖွင့် ပြောပြလိုက်မိလေသည်။
"အမေ့ဆူလို့ ပါ...အရင်က အခုလို တစ်ခါမှ မဆူဖူးတော့ စိတ်ထဲ ဝမ်းနည်းနေမိတယ်...ငိုချင်တယ် "
" ဟော့ဗျာ...ငိုနေတာလား....မငိုပါနဲ့ ငြိမ်းရယ် .... ဘယ်သူက ပဲမှားမှား ...မနက်ကျရင် ငြိမ်းဘက်က အရင် ချော့လိုက်... တောင်းပန်လိုက်နော်.... အခုတော့ ငြိမ်း ခံစားနေရတာတွေ...စိတ်တိုနေတာတွေကို ကျွန်တော်ကို ပြောပစ်လိုက်.... ဟုတ်ပြီးလား...."
"လူတွေက မကောင်းဘူး.... လူတစ်ဖက်သားကို မတရားပြောချင် ဆိုချင်နေကြတာ...သူတို့အပြစ်ကျ သူတို့မသိကြ ...မမြင်ကြဘူးလေ..."
"ဟုတ်တယ်.... လူအများစုရဲ့ စိတ်က အဲ့ဒီလိုပဲ ငြိမ်းရဲ့ "
"ငြိမ်းက စပြီး ဘယ်သူ့ကိုမှ ဒုက္ခမပေးဘူး.... ငြိမ်းကို ဒုက္ခပေးတဲ့သူဆိုရင်လည်း ခွင့်မလွှတ်ဘူး...."
"ငြိမ်းရယ်"ဆိုသော ညည်းတွားသံမျိုးနှင့် တူသော စာသားလေး သူ့ဆီမှရောက်ရှိလာသည်။
"ငြိမ်းဘဝမှာ လုံးဝခွင့်မလွှတ်နိုင်တဲ့သူနှစ်ယောက်ရှိတယ်..."
"ချွင် "
.ငြိမ်းတို့ စကားပြောနေစဉ်မှာပင် "ချွင် " ခနဲ မြည်သံကြောင့် ကြည့်လိုက်သောအခါ ရဲရင့်ဆီမှ စာပို့လာခြင်းဖြစ်သည်ကိုတွေ့လိုက်ရလေသည်။
"ဟာ..မမ... မအိပ်သေးဘူးလား..ဟာသ ဗွီဒီယိုတွေကြည့်နေပြန်ပြီလား... ညနက်နေပြီလေ"
"ချစ်သူ့ ဆီကို တောင်င်ပံဖြန့်ကျက်လို့ သွားချင်တယ် ......ဘယ်ဆီဘယ်ဝယ်မှန်းလဲ အတတ်မသိ....."
ရဲရင့်ဆီမှ စာကို ဖတ်နေချိန်မှာပင် ငြိမ်းသိပ်ကြိုက်သော ဂျီလတ်၏ သီချင်းသံက ဖုန်းထဲမှထွက်ပေါ်လာလေသည်။ရဲရင့်ဖုန်းခေါ်ခြင်း ဖြစ်လေသည်။ငြိမ်းဖုန်းကိုကိုင်လိုက်သည်။
"ဟယ်လို"
"မမ... မအိပ်သေးဘူးလား...အချိန်ကိုကြည့်ဦး....အိပ်တော့..."
ဖုန်းကိုင်လိုက်သည်နှင့် ရဲရင့်၏ စိတ်တိုနေသော အသံကို ကြားလိုက်ရလေသည်။သည်တော့လည်း ငြိမ်းကလည်း ဒေါပွပွနှင့် ပြန်မေးလိုက်သည်။
"မင်းက ရော ခုချိန်ထိမအိပ်သေးဘူးလား"
"မမအိပ်ခိုင်းကတည်းက အိပ်လိုက်တာဗျ...တရေးနိုးလာတာ .... စိတ်ထဲ တစ်မျိုးဖြစ်နေလို့ ဖေ့ဘုတ်ဖွင့်ကြည့်လိုက်တာ...."
"အေးပါကွာ ... ဟုတ်ပါပြီး...အိပ်ပါတော့မယ် ဟုတ်ပြီလား...တာ့တာနော်...."
ဖုန်းချပြီးသည်နှင့် ငြိမ်းလည်း အင်တာနက်ကိုပိတ်လိုက်ပြီး အိပ်ရန်ပြင်လိုက်သည်။ စိတ်က မအိပ်ချင်သေးသော်လည်း ရဲရင့်ကို ကတိပေးလိုက်ပြီးပြီဖြစ်သောကြောင့် အိပ်ရန် ဆုံးဖြတ်လိုက်လေသည်။
**************************
ဒေါ်ငြိမ်းဝေဖုန်းကိုကိုင်ပြီး အပေါ်ထပ်သို့တက်ခဲ့လိုက်သည်။ သည်အချိန်ဆိုလျှင် ငြိမ်းက အောက်ထပ်က ဈေးဆိုင်တွေထဲမှာ အလုပ်များနေချိန် ဖြစ်သောကြောင့် အပေါ်ထပ်ကို တက်လေ့ တက်ထမရှိပေ။ထို့ကြောင့် ဒေါ်ငြိမ်းဝေ အပေါ်ထပ်မှာ ဖုန်းလာပြောခြင်းဖြစ်ပါလေသည်။ဒေါ်ငြိမ်းဝေ ဖုန်းကိုဖွင့်ပြီး ဖုန်းနံပတ်တွေကို နှိပ်လိုက်သည်။
"ဟယ်လို"
တစ်ဖက်မှထူးသံကြားလိုက်ရလေသည်။
"ကိုအောင်မင်း...ရှင့်ကလေးကို ဘယ်တော့ လာခေါ်မှာလဲ ....ရှင်အခန်းမငှားရသေးခင် ခဏ ခေါ်ပေးထားပါဆိုလို့ ကျွန်မက ခေါ်ပေးထားတာ...အခုပဲနှစ်လပြည့်တော့မယ်....ကျွန်မက ကလေးကို သနားလို့ခေါ်ထားတာနော်....ဒီကလေးက ဘယ်သူဆိုတာ ငြိမ်းသိသွားရင် ရှင့်ကလေးရော....ကျွန်မ သမီးပါ စိတ်ထိခိုက်ရလိမ့်မယ်... ငြိမ်းရဲ့စိတ်ကို ရှင် သိတယ်မဟုတ်လား...."
"ငါ....ငါတောင်းပန်ပါတယ် ငြိမ်းဝေရာ...ငါ့အလုပ်ကအဆင်မပြေလို့ပါ ဟာ... အခုတောင် နေစရာမရှိလို့ ..ည စောင့်အလုပ်လုပ်ပြီးနေ့ဘက်ဆို အဆင်ပြေရာမှာ အိပ်နေရတာဟ...."
ငြိမ်းသည် အပေါ်ထပ် အိပ်ခန်းထဲတွင် စာရင်းစာအုပ်ကျန်ခဲ့သောကြောင့်လာတက်ယူရာမှ မိခင်၏အခန်းထဲမှစကားပြောသံသဲ့သဲ့ကိုကြားလိုက်ရသောကြောင့် အမှတ်တမဲ့ နားထောင်လိုက်မိလေသည်။
"အို ...ဒါတွေ ကျွန်မ မသိဘူး.... နေစရာမရှိရင် ရွာကိုပြန်ပေါ့...ရှင့် အမေရှိသေးတာပဲ....
"အမေ.... ဘယ်သူနဲ့ ဖုန်းပြောနေတာလဲ"
"ဟင်....သ...သမီး....ငြိမ်း...."
ဒေါ်ငြိမ်းဝေသည် ဖုန်းပြောနေရာမှ ငြိမ်းကို ရုတ်တရက် တွေ့လိုက်ရသောကြောင့် လန့်ဖျပ်သွားပြီး လက်ထဲမှဖုန်းပင် အောက်သို့ပြုတ်ကျသွားလေသည်။
@@@@@@@@@@@@@@
အပိုင်း (၁၃ ) ဆက် ရန်
ဧကြည်ဖြူ