ဧကြည်ဖြူ
"ချူ "
****************
" ကြည့်ရတာ...ငြိမ်းက မင်းကို စိတ်ဝင်စားသွားပြီ ထင်တယ် "
"ဗျာ "
ကားမောင်းသူလည်းဖြစ် အရောင်းမန်နေဂျာလည်းဖြစ်သော ကိုသက်ဦး၏ စကားကြောင့် ရဲရင့်ကြောင်အမ်းအမ်း ဖြစ်သွား ရလေသည်။
"မဟုတ်တာ.... သူလို သူဋ္ဌေးက ကျွန်တော့်ကို စိတ်ဝင်စားမတဲ့လား ...ဒါနဲ့ အိမ်ထောင်မရှိဘူးလားဗျ.."
"မရှိဘူးကွ...ရည်းစား တောင်ရှိပုံမရဘူးဟ... သားအမိနှစ်ယောက်တည်းနေပြီး အလုပ် အသေကြိုးစားတာနော်.......ဘေးက စတိုးဆိုင်ကြီးကလည်း သူတို့ ဆိုင်ပဲကွ "
"ဟုတ်လား...ရုပ်လည်း ကြည့်ကောင်းသားနဲ့ ချစ်သူမရှိဘူးတဲ့လား..."
ကိုသက်ဦးကို ပြန်ပြောလိုက်ရင်းမှ ငြိမ်းဆိုသော အမျိုးသမီး၏ပုံစံကို ရဲရင့် ပြန်လည်မြင်ယောင်မိလေသည်။ငါးပေသုံးလောက်ရှိမည်ထင်ရသော အရပ်အမောင်းနှင့် အသားအရည်ကဖြူဝင်းနေသည်မဟုတ်သော်လည်း ဖြူသည့် အထဲတော့ပါသည်။မျက်ခုံးလေးတွေက ထူထူထဲထဲနှင့် စိုလဲ့နေသော မျက်ဝန်းများနှင့်ကြည့်ကောင်းသည်မှာတော့ အမှန်ပင်။ပြီးလျှင် နူတ်ခမ်းပါးပါးလေးတွေက နူတ်ခမ်းနီဆိုးထားပုံမရပါပဲ ပန်းရောင်းသမ်းနေသည်လေ။ အထူးသဖြင့် တင်ပါကျော်မျှထိရှည်သောဆံပင်ရှည်ကြီးများမှာ ဆေးရောင်မကူဘဲ နက်မှောင်တောက် ပြောင်လျက်အလွန်ကို လှပသည်ဟု ထင်မိသည်။ရှပ်အင်္ကျီအနီကွက်နှင့် ဘောင်းဘီအနက်ကို တွဲဝတ်ထားပြီး ဆံပင်ကို ခေါင်းစည်းကြိုး ခပ်ကြီးကြီးနှင့် ခပ်မြင့် မြင့်စည်းနှောင်ထားပြီး အရှည်လိုက်ချထားပုံက သူမနှင့် အင်မတန်လိုက်ဖက်လှပေသည်။
"တစ်ခုတော့ ရှိတယ်ကွ...အမြဲတမ်း ရှပ်အင်္ကျီနဲ့ ဘောင်းဘီရှည်ပဲဝတ်တာတွေ့တယ်...မိန်းမဆန်ဆန်ဝတ်လေ့ဝတ်ထလဲမရှိတော့ ကြည့်ရတာ ယောက်ျားလျာများလားဟ...ဟား...ဟား....ဟား....."
ကိုသက်ဦးက သူ့ဘာသာပြောပြီးသဘောကျစွာ ရယ်နေလေသည်။ ရဲရင့်မှာတော့ မရယ်နိုင်ပါ။ အိမ်မှာ တစ်ယောက်တည်း ကျန်ခဲ့သော ရောဂါသည် မိခင်ကြီးအတွက် စိတ်ပူသွားမိပြန်ပါလေသည်။ဖခင်ဖြစ်သူက ရဲရင့် ဆယ်တန်းတက်သည့် နှစ်မှာနောက် အိမ်ထောင် ပြုသွားခဲ့သည်။ မိခင်မှာ ရပ်ကွက်ထဲ ရရာအလုပ်လုပ်ရင်း ရဲရင့်ကို စောင့်ရှောက်ခဲ့သည်။ရဲရင့်လည်း ရှက်တာရောစိတ်ညစ်တာရောကြောင့် ဆယ်တန်း ကို သုံးနှစ်လောက်ဖြေလိုက်ရသည်။ရဲရင့်ဆယ်တန်းလည်းအောင် အသိတရားလည်းဝင်လာချိန်ကျတော့ မိခင်က ကျန်းမာရေးမကောင်းတော့ ။ နေ့စဉ် အိမ်တကာလှည့်ပြီး အဝတ်တွေ လျှော်ဖွပ်ခဲ့ရသော ဒဏ်။အစာ အသောက်အဟာရ မဖူလုံမှုတွေကြောင့် ယခုဆိုလျှင် ချောင်းဆိုးရင်ကြပ်ရုံ ရောဂါအဆင့်မဟုတ်တော့ဘဲ့ တီဘီရောဂါဝေဒနာကို ခံစားနေရလေသည်။ယခုလို ရဲရင့် အလုပ်လာချိန်ဆိုလျှင် အိမ်နီးနားချင်းများကို မှာကြားအပ်နှံထားခဲ့ရသည်။
"ဘာတွေ ဒီလောက် စဉ်းစားနေတာလဲ ရဲရင့်.... အတွေး မမှားနဲ့နော်....ငြိမ်းကိုသာ မင်းရရင် မင်းဒုက္ခတွေ အကုန် အေးချမ်းပြီးပဲနော်...."
ကိုသက်ဦးအပြောကြောင့် ရဲရင့်သက်ပြင်းကိုခပ်ပြင်းပြင်းချလိုက်မိလေသည်။
************************
"သမီးကို အမေပြောစရာရှိတယ်..."
" ဟုတ် ... ပြောလေ အမေ ... "
ငြိမ်းက လက်ထဲမှ ဖုန်းကိုချလိုက်ပြီး မိခင်ဖြစ်သူဘေးတွင် ကပ်တိုင် ရင်းပြောလိုက်သည်။
"သမီးအဘွားလေ ... အတော်လေး နေမကောင်းဖြစ်နေတယ်တဲ့ ....အဲ့ဒါ သမီးကို တွေ့ချင်လို့တဲ့..."
"ဪ....အမေ့ကို ဘယ်သူပြောလဲ ..."
ငြိမ်းက အမေ့မျက်နှာကိုကြည့်ရင်း အေးအေးလူလူပင် မေးလိုက်သည်။
" အမေ့ငယ်သူငယ်ချင်းက သမီးတို့ အဘွားရွာ ဇာတိလေ... သူ့လာပြောသွားတာ ...အဲ့ဒါနဲ့ အမေလဲ ဖုန်းဆက်လိုက်တာ ..."
"အမေ့ သဘောပဲလေ ...ငွေလိုတယ်ဆိုရင် ပေးလိုက်လေ အမေ "
" ငွေပေးတာထက် ....အမေတို့ တစ်ခေါက်လောက် သွားကြည့်ရအောင်လေ သမီးလေး "
ငြိမ်းကမိခင်ကို ဖျတ်ခနဲ မော့ကြည့် လိုက်မိသည်။ပြီးလျှင် နားထဲ၌ "သူခိုးမ ၊ အငတ်မ "ဟူသော အသံတွေကို ပြန်ကြားယောင် လိုက်မိလေသည်။
"သွားဖို့တော့ မအား လောက်ဘူး အမေ...စတိုးဆိုင်က ဘာမှမဖြစ်ပေမဲ့ ....မုနို့ဆိုင်က ဖောက်သည်တွေ ဒုက္ခများကုန်လိမ့်မယ်.... သူတို့ အကုန်လုံး သမီးဆီက တဆင့် ယူရောင်းနေရတာလေ....အမေတစ်ယောက်တည်း သွားခိုင်းဖို့ ကျတော့လဲ စိတ်မချပါဘူး.... သင်္ကြန်ပိတ်ရက်လိုမျိုးမှ သွားကြမယ်လေ အမေ..."
ငြိမ်းက ပြောပြီးသည်နှင့် ဖုန်းကို ယူကာ လိုအပ်သော ပစ္စည်းများကို ဆိုင်ကြီးသို့လှမ်းမှာလိုက်သည်။
ဒေါ်ငြိမ်းဝေမှာ ဖုန်းပြောနေသော သမီးဖြစ်သူကို ကြည့်ပြီး ရင်ထဲတွင် ဝမ်းနည်း စိတ်ကလေးဖြစ်ပေါ်လာမိလေသည်။သမီးလေးငြိမ်းသည် အရွယ်ရောက်လာသော်လည်း အချစ်ရေးကို့စိတ်မ၀င်စား။သံယောစဉ်လည်းမတွယ်တက်။အိမ်ထောင်ပြုဖို့လည်း တွေးပုံမရ။ ဘယ်သူ့ကိုမှလည်း ခင်မင်တွယ်တာပုံမရချေ။သမီးလေးကို ကြည့်ရသည်မှာ လူတစ်ယောက်တွင် ရှိသင့်ရှိထိုက်သော ခံစားချက်မျိုးတွေ သိပ်မရှိဟု ဒေါ်ငြိမ်းဝေ ထင်နေမိသည်။ ထိုသို့အထင်က အမှန်တကယ် ဖြစ်နေမည်ကိုလည်း ဒေါ်ငြိမ်းဝေ စိုးရိမ်မိလေသည်။ဒေါ်ငြိမ်းဝေ အနေနှင့် တော့ သမီးငြိမ်းအား ဘ၀ကို သာမန်လူတွေလိုပျော်ပျော်ရွှင်ရွှင်ပင် ဖြတ်သန်းစေချင်မိလေသည်။
************************
ဆိုင်ရှေ့တွင် ကို သက်ဦးတို့ ကားရပ်လိုက်သည်နှင့် ငြိမ်းက ဆိုင်၀ထွက်ပြီးကြည့်လိုက်သည်။ကားရပ်ပြီးသည်နှင့် ကားပေါ်မှဦးစွာဆင်းလာသော ရဲရင့်ကို ငြိမ်းငေးကြည့်နေမိသည်။ဂျင်းဘောင်းဘီ အရောင်ဖျော့ဖျော့နှင့် ရှပ်အင်္ကျီ အနွမ်းလေးကို ဝတ်ထားသော်လည်း သူ့ပုံစံက ထင်း၍နေသည်။ထိုခန္ဓာကိုယ်ပေါ်တွင် အကောင်းစားအဝတ်အစားများ ဆင်လိုက်၇မည်ဆိုလျှင် ဆိုဖွယ်ရာ မရှိတော့ချေ။ကိုယ့်အတွေး ကိုယ်သဘောကျပြီး ငြိမ်းမသိမသာပြုံးလိုက်မိသည်။နေလာခဲ့သည့်ဘဝတစ်လျှောက်လုံး၌ ထိုကောင်လေးကိုတော့ ဘာရယ်မဟုတ် ငြိမ်းသတိထားမိနေသည်။လူဆင်းရဲပင်ဆင်းရဲသော ငြား ထူးထူးခြားခြားကြည့် ကောင်းနေ၍ သတိထားမိနေသည်လား။သို့မဟုတ် သိတာမြင်တာကြာလာ၍ ပို၍အမှတ်ရနေမိသည်လား ။ မဟုတ်လျှင် ကိုသက်ဦးပြောပြသော သူ့ဘဝ အကြောင်းသည် ငြိမ်းဘနှင့်တူနေလို့များ ပို၍ အမှတ်ထားမိနေသည်လားမသိ။ သေချာသည်မှာ ထိုကောင်လေး၏ စူးရှတောက်ပသော မျက်ဝန်းအစုံကို ပို၍ မှတ်မှတ်သားသား ဖြစ်နေသည် ဟု ပြောရပေလိမ့်မည်။သူက ကားပေါ်မှ ဆင်းလာသည်နှင့် ငြိမ်းကိုလှမ်း ပြုံးပြသည်။ပြီးလျှင် ကားနောက်တံခါးကို ဖွင့်ပြီး မုန့်ဖာများကို သယ်မ၍လျှောက်လာသည်။ပြီးနောက် ငြိမ်းညွန်ပြသော နေရာတွင် မုန့်ဖာများကို လာချလေသည်။ထိုသို့မုန့် ဖာများချပြီး လှည့်အထွက်တွင် ရဲရင့်၏ခန္ဓာကိုယ်သည် ရုတ်တရက်ဆိုသလိုပင် ငြိမ်းဘက်သို့ ယိုင်လဲ ကျလာလေသည်။ငြိမ်းလည်း ရုတ်တရက်မို့ ယိုင်လဲသွားသော ရဲရင့်၏ခန္ဓာကိုယ်ကို ဖမ်းဆွဲလိုက်ရာ နှစ်ယောက်သား ဖက်မိလျက်သားအနေအထားမျိုး ဖြစ်သွားလေသည်။
"ဟာ ....ရဲရင့်...ဘာဖြစ်တာလဲ...နေမကောင်းဘူးလားဟင်..."
ရုတ်တရက် ရင်ခွင်ထဲသို့ ယိုင်လဲကျလာသော ရဲရင့်ကို ကြည့်ပြီး ငြိမ်းမှာ မရှက်နိုင်အားသေးဘဲ စိုးရိမ်စိတ်ဖြင့်အလောတကြီးမေးလိုက်မိသည်။ထိုအခါမှ ရဲရင့်သည် ခေါင်းကြီးအောက်သို့ ငုံ့ပြီး ငြိမ်းကို အားကိုးတကြီးဖက်တွယ်ထားသော လက်အစုံကို ဖြေလွှတ်ပြီး ကားဆီသို့ ယိုင်တိုင်တိုင်နှင့် ပြန်လျှောက်သွားလေသည်။ရုတ်တရက် ဖြစ်သွားသည်မို့ အားလုံးလည်းကြောင်ငေးကြည်နေရာမှ ဘောင်ချာစာအုပ်နှင့် အလုပ်ရှုပ်နေသော ကိုသက်ဦးသည် ငြိမ်းကိုအားနာသည့်ပုံနှင့် လှမ်းပြောလိုက်လေသည်။
"ဒီကောင် ညဘက်တွေ သူ့အမေကို ကြည့်နေရတာနဲ့ အိပ်ရေးတွေပျက်နေတာကြာပြီ ငြိမ်းရဲ့.... အဲ့ဒါကြောင့် အားမရှိသလို ဖြစ်နေတာ..."
" ဟုတ်လား ...ဒါဆို အိမ်ထဲမှာ ခဏဝင်နားလိုက်လေ... မုန့်ဖာတွေကို ဆိုင်က ကလေးတွေကို ချခိုင်းလိုက်ပါ့မယ်... လာလေ ရဲရင့် ..အိမ်ထဲမှာ ခဏ၀င်နားလိုက်....လာပါ အားနားစရာ မလိုဘူး"
ငြိမ်းမှာ ရဲရင့်ကို ကြည့်ပြီး သနားကရုဏာစိတ်ကြောင့် ရင်ထဲပင် ဆို့နင့်လာမိလေသည်။
"ငြိမ်းပြောတာ ဟုတ်တယ် ရဲရင့်...မင်း ခဏလောက်တော့ နားလိုက်ကွာ....."
ကိုသက်ဦး၏ စကားကြောင့် ရဲရင့် မျက်လွှာကိုအောက်သို့ချပြီး ငြိမ်း ခေါ်ရာသို့ လိုက်သွားလိုက်သည်။ငြိမ်းက ခေါင်းရင်းဘက်ရှိစတိုးဆိုင်ထဲသို့ ဝင်သွားသည် ။ရဲရင့်လည်း နောက်မှ လျှောက်လိုက်လာခဲ့သည်။ငြိမ်းတို့ဆိုင်ကို ရဲရင့် မုန့်.တွေပို့နေသည်မှာ နှစ်လကျော်ပြီးဖြစ်သော်လည်း စတိုးဆိုင်ထဲသို့ ယခုမှပင် ရောက်ဖူးခြင်းဖြစ်လေသည်။ဆိုင်၏ အခင်းအကျင်းသည် သန့်ရှင်းသပ်ရပ်နေသည်။ဆိုင်ထဲတွင် စာရေးကရိယာပစ္စည်းများ၊ ဖန်စီပစ္စည်းများ၊ အလှကုန် ၊ အဝတ်အထည်များနှင့် ထီး၊ဖိနပ်က အစ စုံလင်စွာ ရှိသည်ကို တွေ့လိုက်ရသည်။ဆိုင်မှ အရောင်းစာရေးမလေးနှစ်ယောက်က ရဲရင့်တို့ကိုအကဲခပ်ကြည့်နေတာကို တွေ့ရသည်။ထိုစဉ်မှာပင် အတွင်းခန်းထဲမှ ငြိမ်း၏မိခင် ထွက်လာသည်ကို တွေ့လိုက်ရလေသည်။ ငြိမ်း၏မိခင် ဒေါ်ငြိမ်းဝေနှင့်လည်း ရဲရင့်ရင်းနှီးနေပြီဖြစ်သောကြောင့် ပြုံးပြနှုတ်ဆက်လိုက်သည်။
"ဘာဖြစ်လို့လဲ သမီး"
ဒေါ်ငြိမ်းဝေ ငြိမ်းနှင့်ရဲရင့်ကို ကြည့်ပြီး စိုးရိမ်စိတ်ဖြင့် လှမ်းမေးလိုက်သည်။မစိုးရိမ်လို့လည်း မဖြစ်။ငြိမ်းသည် သူ့ကို မတရားပြောဆိုအနိုင်ယူတတ်သူများကို လူမသိ သူမသိ ပညာသားပါပါဖြင့် တုန့်ပြန့် လက်စားချေတတ်သည်ကို ဒေါ်ငြိမ်းဝေတစ်ယောက်ပဲ သိသည်လေ။
"သူသိပ်နေမကောင်းလို့ အမေ...အဲ့ဒါ ခဏအနားယူခိုင်းမလို့ ... သူ့ကိုတစ်ခုခုကျွေးပြီး ဆေးတိုက် လိုက်နော် အမေ...ဒီလိုကိစ္စတွေမှာ အမေက သမီးထက် ပိုကျွမ်းကျင်တယ်မဟုတ်လား..."
"ဟယ်... ဟုတ်လား ဘာဖြစ်တာလဲ သား .... လာလေ ဒီမှာလာနား... ကြီးကြီးတို့ကိုအားနားစရာမလိုပါဘူး ကွယ်...."
ငြိမ်းက ရဲရင့်ကို မိခင်လက်ထဲ အပ်ပြီး မုန့်ဆိုင်ဘက်သို့ ပြန်ထွက်လာခဲ့သည်။ရဲရင့်မှာ ငြိမ်းထက် အသက်သုံးနှစ်ကျော်သာ ငယ်သော်လည်း ငြိမ်းစိတ်ထဲ၌ ဒုတိယမြောက် ခင်ငြိမ်းစံကို မြင်နေရသကဲ့သို့ ခံစားနေမိလေသည်။ပြီးလျှင် ထိုကောင်လေး၏ဘဝကိုလည်း ငြိမ်းကဲ့သို့ပင် အောင်မြင်စေချင်မိလေသည်။
***********************
"ချွင်....ချွင်....ချွင်....ချွင်...."
အိပ်ရာထဲရောက်၍ ဖေ့ဘုတ်ကို ဖွင့်လိုက်သည်နှင့် တချွင်ချွင်မြည်သံများနှင့်အတူ မက်ဆင်ဂျာမှ စာများ ရောက်ရှိနေသောကြောင့် ငြိမ်း၀င်ဖတ်လိုက်သည်။စာက သိပ်တော့မများ ။ သုံးလေးစောင်မျှသာဖြစ်သည်။ ငြိမ်းက ဖေ့ဘုတ်ကို သိပ်သုံးလေ့မရှိ။သုံးလည်း ဈေးကွက်စီးပွားရေးလောက်သာ သုံးဖြစ်သည်။ ပုံဆိုလည်း ဖေ့ဘုတ် စဖွင့်ကတည်းက တင်ထားသည့် အဝေးသို့ ငေးနေသော ခပ်ဝါးဝါးပုံလေးသာ ဖြစ်သည်။ထူးထူးခြားခြားဆို၍ နောက်ခံပုံကို စာသားတစ်ခုကို မှင်နီဖြင့် ရေးသားပြီး ဓါတ်ပုံရိုက်တင်ထားခြင်းဖြစ်သည်။ ထိုစာသားမှာ ငြိမ်းကြိုက်နှစ်သက်လှသော စာရေးဆရာကြီးတစ်ယောက်၏ စာအုပ်တစ်အုပ်ထဲမှ စာသားကို ကြိုက်လွန်း၍ ကူးချရေးသားထားခြင်းဖြစ်ပါလေသည်။ထိုစာသားများမှာ " Forget me not " ဟူ၍ ဖြစ်ပါလေသည်။ပြီးလျှင် နေ့စဉ် ပို့စ်မတင်ဖြစ်သောကြောင့်လည်း ငြိမ်း၏ မက်ဆင်ဂျာတွင် အသိမိတ်ဆွေ
စကားပြောသူ ဟူ၍ ရပ်ကွက်ထဲမှ သူငယ်ချင်းအချို့မှ လွှဲပြီး မရှိပေ။ထိုသူငယ်ချင်းများနှင့်လည်း ဟုတ်တိပတ်တိ စကားသိပ်မပြောဖြစ်။ယခုတလောလေးမှသာ ရဲရင့်နှင့် နေ့စဉ်လိုလို စကားပြောဖြစ်သောကြောင့် ညစဉ်မအိပ်ခင် ဖေ့ဘုတ်ကို သုံးဖြစ်ခြင်း ဖြစ်လေသည်။
ရောက်ရှိနေသောစာများထဲတွင် ရဲရင့် စာပို့ထားသည်ကို တွေ့ရသလို ရင်းနှီခင်မင်ခြင်းမရှိသော အကောင့်တစ်ခုမှ စာပို့ထားသည်ကိုလည်း တွေ့ရလေသည်။အကောင့်နာမည်မှာ "Sai Khon Naung " ဖြစ်ပြီး ကျောခိုင်းလျက် အဝေးသို့ ကြည့်နေသောပုံကိုတင်ထားလေသည်။ပုံအစစ်ဟုတ်သည် မဟုတ်သည် မသိသော်လည်း ပုံထဲကမြင်ကွင်းမှာ နိုင်ငံရပ်ခြားမှမြင်ကွင်းမျိုးဖြစ်ပြီး ကျောခိုင်းထားသောပုံမှာလည်း စမက်ကျသော လူငယ်တစ်ယောက်၏ ပုံစံမျိုးဖြစ်လေသည်။ဘယ်အချိန်ကတည်းက သူ့အကောင့်ကို လက်ခံထားမိသည်မသိ။
"မင်္ဂလာပါ ခင်ဗျာ"
နှုတ်ခွန်းဆက်စာသားလေးပို့ထားသည်။ အကောင့်မီးကလည်း စိမ်းနေသေးသည်။ဝင်ကြည့်လိုက်မိပြီဖြစ်သောကြောင့် အားနာစိတ်ဖြင့် "မင်္ဂလာပါ " ဟု ပြန်ပို့လိုက်သည်။ထိုအခါ တစ်ဖက်မှ ချက်ချင်း စာပြန်ပို့လာသည်။
"ကျွန်တော့် နာမည် စိုင်းခွန်နောင်ပါခင်ဗျာ...ဒီက တစ်ယောက်နဲ့ မိတ်ဆွေဖြစ်ချင်လို့ပါ "
"အလာသား"ဟု ငြိမ်းစိတ်ထဲမှတွေးလိုက်မိပြီး "ရပါတယ်" ဟု စာပြန်ပို့လိုက်သည်။ပြီးလျှင် သူ့အကောင့်မှပြန်ထွက်ပြီး ရဲရင့် စာပို့ထားတာကို၀င်ဖတ်ကြည့်လိုက်သည်။
"မမငြိမ်းရေ...အမေမသက်သာဘူးဗျာ... နောက်ရက်တွေ အလုပ်သွားနိုင်ပါ့မလားမသိဘူး..."
ရဲရင့်ပို့ထားသော စာကြောင်းလေးတွေကို ကြည့်ပြီး ရင်ထဲဆို့နင့်သွားမိသည်။ခင်မင်ရင်းနှီးသော သက်တမ်းလေးကြာလာသည်နှင့်အမျှ ရဲရင့်နှင့် ငြိမ်းမှာ ချစ်သူမကျ ၊ မိတ်ဆွေမကသောအတိုင်းအတာတစ်ခုထိ ရင်နှီးကျွမ်းဝင်နေကြပြီ ဖြစ်လေသည်။သို့သော် ချစ်သူရည်းစားဟူ၍လည်း အဆင့်မရောက်ကြသေးပေ။ထိုအဆင့်သို့ရောက်ရန် ရဲရင့်ကလည်း ဖွင့်မပြောသလို ငြိမ်းကိုယ်၌ကလည်း ရဲရင့်အပေါ် တွယ်တာမိသော သံယောစဉ်အတိမ်အနက်ကို ဂဃနဏ ရေရေရာရာ မခွဲခြားနိုင်သေးဘဲ ဖြစ်မိလေသည်။သေချာသည်မှာတော့ ငြိမ်းသည် ရဲရင့်အပေါ်တွင် အခြားသူများနှင့် မတူသော စိတ်ထားမျိုးရှိနေမိသည်ကိုတော့ ငြိမ်းကိုယ်တိုင် သိပါလေသည်။သို့ကြောင့်ပင် ရဲရင့် မှာလိုအပ်တာတစ်ချို့ရှိလျှင် ငြိမ်းက အနှမြောမရှိဘဲ ပေးကမ်းမိသည်။ထိုအချိန်မျိုးတွင် အားနာအားငယ်သော မျက်ဝန်းများနှင့် ကြည့်တတ်သည့် ရဲရင့်၏ မျက်လုံးအကြည့်များကငြိမ်းရင်ထဲတွင် စွဲငြိနေလေသည်။
"ဆေးရော သေချာ တိုက်ရဲ့လား...ဆေးခန်းမပို့ဘူးလား ... မနက်ဖြန် ဆိုင်မှာ လူပါးချိန်လောက် ငြိမ်းတို့လာခဲ့မယ်...အိမ်လိပ်စာပို့ ပေးထားနော် ရဲရင့်..."
"ချွင် "
ရဲရင့်ဆီသို့ စာပြန်ပို့ နေစဉ်မှာပင် ချွင်ခနဲ မြည်သံနှင့်အတူ စိုင်းခွန်နောင်ဆိုသူထံမှ စာတစ်စောင်ရောက်ရှိလာလေသည်။ရောက်လာသော စာလေးကို ငြိမ်း၀င်ဖတ်လိုက်မိလေသည်။
"ကျွန်တော်ကလေ ကျောင်းပြီးကတည်းက နိုင်ငံရပ်ခြားမှာ အလုပ် လာလုပ်နေရတာပါ...အဲ့ဒါကြောင့် မြန်မာပြည်က မိတ်ဆွေသူငယ်ချင်းလိုချင်မိတယ် ...ဒီက နာမည်ကို သိခွင့်ရမယ်ဆိုရင် ကျွန်တော်သိချင်ပါတယ်... "
စာအရေးအသားကြည့်ရတာ အဆင့်အတန်းရှိပုံ ရသားဟု ငြိမ်း တွေးလိုက်မိသည်။ပြီးလျှင် ငြိမ်းကလည်း မုသာဝါဒ မသုံးတတ်သူပီပီ နာမည်ရင်းကို ပြောပြလိုက်မိသည်။
"ရပါတယ်... ကျွန်မနာမည်က ခင်ငြိမ်းစံတဲ့...ရှင်နဲ့ ကျွန်မ ဘယ်သူက အသက်ကြီးမလဲတော့မသိဘူး...ကျွန်မအသက် နှစ်ဆယ့် ငါးကျော်ပါပြီနော် ....ဆယ်ကျော်သက်လေးထင်ပြီး စာပို့မိမှာစိုးလို့ ပြောပြတာ ပါ...ပြီးတော့ ရိုးရိုးသားသားသားခင်မင်မယ်ဆိုရင် အမြဲတမ်း ခင်မင်နိုင်ပါတယ်"
ငြိမ်းစာအရှည်ကြီးတစ်စောင် ပြန်ပို့လိုက်မိသည်။အတန်ကြာလျှင် သူ့ထံမှ စာတစ်စောင် ပြန်လာလေသည်။
"ကျေးဇူးပါဗျာ...ကျွန်တော့်အသက်လည်း နှစ်ဆယ့်ငါးကျော်ပါပြီ...ရိုးရိုးသားသား ခင်မင်ချင်ရုံပါ...ဒီက သူ့ကို ဘယ်လို အသုံးအနှုန်းနဲ့ ရေးရမလဲဗျာ....မငြိမ်းလို့ခေါ်ရမလား...ငြိမ်းလို့ ခေါ်လို့ရမလား....."
"ကိုယ်တော်ချောကတစ်ဆင့်တက်ပြီ " ဟု ငြိမ်း တွေးလိုက်မိပြန်သည်။"ငြိမ်းလို့ပဲ ခေါ်ပါ ....လူတိုင်းအဲ့လိုပဲ ခေါ် နေကြတာ"ဟု စာပြန်ပို့လိုက်ပြီး သူ့ဆီမှ နောက်တစ်ဆင့်တက်ပြီး ဓါတ်ပုံတောင်းလာလျှင် ပြောဆိုပြီးဘလော့ပစ်ရန် ငြိမ်း တွေးလိုက်သည် ။
"ဟုတ်ကဲ့ ကျေးဇူးပါနော်ငြိမ်း...ကျွန်တော်ကလေ အခု အလုပ်သွားနေတာ...ကားပေါ်မှာရောက်နေတာ... အလုပ်နဲ့အိမ်က နည်းနည်းဝေးတယ်....ငြိမ်းရော ဘာတွေလုပ်လဲ...အလုပ်တွေ အဆင်ပြေလား ..."
ငြိမ်းတို့ဆီမှာ ညဆယ်နာရီကျော်နေချိန်မှာ သူက အလုပ်သွားနေသည်ဆိုသောစကားကြောင့် သူရောက်နေသောနိုင်ငံသည် အာရှမဟုတ်မှန်းတော့ ငြိမ်းသိလိုက်သည်။သို့သော်လည်း သူ့ကို မမေးဖြစ်လိုက်။ အတန်ကြာ စာတွေပို့ပြီးနောက် ငြိမ်းကပင် နှုတ်ဆက်စကားပြောလိုက်သည်။
" ဂွတ်နိုက်ပါနော်.... မြန်မာပြည်မှာက ညဉ့်နက်နေပြီမို့ ငြိမ်းအိပ်တော့မယ်..."
"ဟုတ်ကဲ့ အိပ်မက်လှလှမက်ပါစေနော် ငြိမ်း...Bye ..."
ဒါသည် ငြိမ်း ဘဝတွင် ပထမဦးဆုံးအနေဖြင့် အပြင်လောကတွင် ကိုယ်မသိသောသူနှင့် စကားအကြာဆုံးပြောမိခြင်းဖြစ်ပါလေသည်။
************************
"အမေရေ "
ခေါ်သံနှင့်အတူ အခန်းထဲသို့ဝင်လာသော ငြိမ်းကို ဒေါ်ငြိမ်းဝေက မီးဖိုးခန်းထဲမှနေ လှမ်းထူးလိုက်သည်။
"အမေက ဒီမှာ သမီးရဲ့....ဘာလဲ သမီးဗိုက်ဆာလို့လား..."
" မဟုတ်ပါဘူး အမေ.... ဒေါ်ကြူ့ကို အသားဟင်းတွေပို့ချက်ခိုင်းမလို့ပါ...နေ့လယ်ကျရင် ရဲရင့်တို့အိမ် လူနာမေးသွားမလားလို့...ဒါနဲ့ အမေက မီးဖိုထဲ ဘာလုပ်... ဟင်းတွေ ၀င်မချက်နဲ့နော် အမေ...တော်ကြာ အညှော်တွေ မိပြီး ညောင်းကိုက်နေမှဖြင့် ....လာပါ အမေရဲ့ အပြင်ထွက်ရအောင်..."
ငြိမ်းက မီးဖိုခန်းထဲတွင် ရှိနေသော မိခင်ကို အိမ်ရှေ့သို့ အတင်းပင် ဆွဲခေါ်ခဲ့လိုက်သည်။
" တစ်ခါတစ်လေ သမီးအဖေကို သတိမရဘူးလား ငြိမ်း..."
အဆက်ဆက်မရှိ ပြောလိုက်သော မိခင်၏ စကားကြောင့် ငြိမ်းက မိခင်ကို ဖျတ်ခနဲ ကြည့်လိုက်မိသည်။
"သတိမရဘူး အမေ... သမီးအတွက်တော့ အမေရှိရင်ရပြီ...ကျန်တဲ့သူတွေမလိုပါဘူး အမေရယ်....သမီးဆိုင်ထဲသွား တော့မယ်....."
အသံပြတ်နှင့့်ပြောပြီး မုန့်ဆိုင်ဘက်သို့ ဝင်သွားသော ငြိမ်း၏ ကျောပြင်ကိုကြည့်ပြီး ဒေါ်ငြိမ်းဝေခေါင်းကို ဖြည်းလေးစွာခါယမ်းလိုက်မိလေသည်။ဘာပဲဖြစ်ဖြစ် ယခုတလော ရဲရင့်ဆိုသော ကောင်လေးနှင့် ပတ်သက်ပြီး ငြိမ်း၏အပြုအမူများ အနည်းငယ်ပြောင်းလဲလာသည့်အတွက်တော့ ဒေါ်ငြိမ်းဝေရင်ထဲ ကျေနပ်နေမိလေသည်။
***********************
"ကားက ဒီထိပဲ မောင်းလို့ရတယ်ကွဲ...ရှေ့လမ်းကအရမ်းကျဉ်းတော့ ကားဝင်လို့မရတော့ဘူး..."
တက္ကစီကားဆရာ၏ စကားကြောင့် ငြိမ်းနှင့် ထွေးထွေးတို့ ထမင်းချိုင့်နှင့် အထုတ်များကို ယူလိုက်ပြီး ကားပေါ်မှ ဆင်းလိုက်သည်။
"ကဲ..လာ ထွေးထွေးရေ .... လမ်းလျှောက်ကြတာပေါ့...."
ငြိမ်းတို့ နေသောရပ်ကွက်က မြို့သစ်ဖြစ်၍ မြို့ထဲနှင့် ဝေးလွန်းသလားမှတ်သည်။ရဲရင့်တို့ တို့ချဲ့ရပ်ကွက်ကို လာမိမှ မြို့စွန်မြို့ဖျား၏ ပြယုဂ်ကို သေသေချာချာ မြင်ဖူးလေတော့သည်။ချိုင့်များကျင်းများဖြင့် ပြည့်နှက်နေသော လမ်းကျဉ်းလေးများ။ပူးကပ်ပြီး ဆောက်လုပ်ထားသော ဓနိမိုးထရံကာ အိမ်စုတ်လေးများကို ကြည့်ပြီး ငြိမ်းရင်ဘတ်ထဲ တဆစ်ဆစ်နာကျင်မိလေသည်။
"ဟဲ့...ဟဲ့....မလုပ်နဲ့ မပစ်နဲ့လေ ထွေးထွေး.... အမှိုက်ပုံးမတွေ့ရင် ခြင်းဘေး ထောင့်နားမှာ ထည့်ထားလိုက်...အဲ့ဒီလို အမှိုက်ကို တွေ့ကရာ ပစ်တာကို မမငြိမ်းမကြိက်ဘူး...''
လက်ထဲမှ မုန်အိတ်ခွံကို လွှတ်ပစ်ရန်ပြင်နေသော ထွေးထွေးကို ငြိမ်းလှမ်းတားလိုက်မိသည်။ပြီးနောက် အိတ်ထဲမှ ဖုန်းကို ထုတ်ယူလိုက်ပြီး ရဲရင့်ကိုဆက်လိုက်သည်။
" ဟယ်လို....ရဲရင့်လား....ငြိမ်းတို့...မင်းတို့ လမ်းထဲကို ရောက်နေပြီး ထွက်လာကြိုပေးအုံး "
"ဟုတ်.... ဟုတ်ကဲ့ မမ ....ကျွန်တော် ခုပဲ ထွက်လာပြီး.."
ငြိမ်းလက်ထဲမှ ဖုန်းကို ဘေးအိတ်ထဲသို့ထည့်လိုက်ပြီး အုတ်ခဲကျိုးများ သဲအိတ်များဖြင့်ပြည့်နေသော လမ်းကျဉ်းလေးအတိုင်း ဆက်လျှောက်လာခဲ့သည်။အတန်ကြာသောအခါ ခပ်ဝေးဝေးမှ အပြေးလျှောက်လာသော ရဲရင့်ကို တွေ့လိုက်ရလေသည်။
***********************
"အားနာလိုက်တာ မမရယ်...တကယ်လာမယ် မထင်မိဘူး.... ကျွန်တော်တို့ အိမ်က တအားစုတ်နေတော့ မမကို အားနာလိုက်တာဗျာ ...."
" ရပါတယ် ရဲရင့်ရယ်....အန်တီရော သက်သာရဲ့လား "
"ဟုတ်ကဲ့ မနက်က ဆေးခန်းတော့ပြထားတယ် မမ ...ဖျာပေါ်မှာထိုင်လေ မမ ...."
ရဲရင့်က ငြိမ်းတို့ ထိုင်ရန်အတွက်ထန်းကြောဖျာဟောင်းလေးကို ခင်းပေးသည် ။ဖျာခင်းပေးလိုက်ရင်းမှ မမြင်စဖူး ရှပ်အင်္ကျီနှင့်စကပ်အရှည်ကို တွဲဝတ်ထားသော ငြိမ်းပုံစံကို ရဲရင့် တစ်ချက်ငေးခနဲကြည့်လိုက်မိသည်။ဆံပင်အရှည်ကို ထုံးစံအတိုင်း ခပ်မြင့် မြင်းစည်းထားပြီး ဖြူ၀င်းနေသော ပါးပြင်ပေါ်တွင် သနပ်ခါး ပါးပါးလေးလူးထားပုံက ဖြူစင်လွန်းသော အသွင်ကို ဆောင်နေသောကြောင့် ရဲရင့် အကြည့်ကို တစ်ခြား နေရာသို့ အမြန်လွှဲလိုက်မိသည်။
ငြိမ်းမှာ ရဲရင့်၏ အကြည့်များကိုရှောင်တိမ်းရင်း ရဲရင့်တို့ သားအမိနေသော အိမ်လေးကို ကြည့်လိုက်မိသည်။ အိမ်လေးသည် သွပ်မိုးထရံကာဆိုသော်ငြားထရံမှာအပေါက်အပြဲများဖြင့်ပြည့်နေလေသည်။ခေါင်းမိုးကို မော့ကြည့်လိုက်သော အခါ၌ သွပ်အမိုးများမှာ ပေါက်ပြဲ ၍နေလေသည်။အိမ်လေးကိုကြည့်ရင်း "မိုးများ ရွာရင် ဒုက္ခပဲ"ဟု တွေးလိုက်မိရင်း ငြိမ်းသက်ပြင်းမောကိုချလိုက်မိလေသည်။သည်ကြားထဲ တစ်အိမ် နှင့် တစ်အိမ် ပူးကပ်နေသောကြောင့် ဘေးအိမ်များဆီမှ ပြောသံ၊ဆိုသံ ၊ ဆူသံ ၊ဆဲသံများကြောင့် လူမမာတော့ ဘယ်လိုနေမည် မသိသော်လည်း ငြိမ်းတော့ လန့်လန့်သွားမိလေသည်။ငြိမ်းထိုသို့ တွေးနေစဉ်မှာပင် ရဲရင့်က ထရံတွင် ထိုးထားသော ယပ်တောင် နှစ်ချောင်းကိုယူလိုက်ပြီး ငြိမ်းနှင့် ထွေးထွေးကို တစ်ယောက်တစ်ချောင်း ပေးသည်။ပြီးနောက် သူ့မိခင်နှင့် ငြိမ်းကို မိတ်ဆက်ပေးလေသည်။
"အမေ ... သူက သားပြောတဲ့ မမငြိမ်း ဆိုတာပေါ့ ..."
ရဲရင့်က သူ့အမေကို ခပ်တိုးတိုးပြောလိုက်သည်။ထိုသို့ ပြောလိုက်သောအခါ ရဲရင့်၏ မိခင်က ငြိမ်းကိုကြည့်ပြီး လေသံသဲ့သဲ့မျှဖြင့် ကျေးဇူးတင်ကြောင်းပြောလေသည်။
"ကျေးဇူး တင်ပါတယ် သမီးရယ်....သမီးကျေးဇူးကိုမမေ့ပါဘူးကွယ်...အဒေါ့်သားလေးကို စောင့် ရှောက်ပေးပါကွယ်...မလိမ္မာတာ ရိုရင်လည်း ဆုံးမပါနော် ...."
"ဟုတ်... ဟုတ်ကဲ့ပါအန်တီ....ငြိမ်းတို့ကို အားမနာပါနဲ့ နားနားနေနေ နေ ပါနော်...အန်တီကိုနားခိုင်းလိုက်ပါရဲရင့်ရယ်...တော်ကြာ အန်တီမောလာမှာစိုးလို့....."
************************
ယိုင်နဲ့နဲ့ အိမ်လေးပေါ်မှ ငြိမ်းတို့ ပြန်ထွက်လာခဲ့ကြသည်။ရဲရင့်က ငြိမ်းတို့ကို လမ်းထိပ်ထိလိုက်ပို့ပေးရှာသည်။လမ်းတောက်လျှောက်၌ စူးစမ်းသလိုကြည့်နေကြသော အကြည် စူးစူးများကို ရှောင်တိမ်းရင်း သည်လိုနေရာမျိုးတွင် နေရသော်ငြား သန့်ပြန့် ပြီးကြည့်ကောင်းနေသော ရဲ့ရင့်ပုံစံကို ငြိမ်း တစ်ချက် ငေးကြည့်လိုက်မိသည်။ထို့နောက် လျှောက်လာကြရင်းမှ လူရှင်းသော နေရာအ ရောက်တွင် "အိမ်လခ ဘယ်လောက်ပေးရလဲ..." ငြိမ်းနှုတ်မှလွှတ်ခန် မေးလိုက်မိသည်။
"သုံးသောင်းခွဲ မမ"
"အန်တီကို ဆေးရုံမတင်ဘူးလား.."
ငြိမ်း အမေးကြောင့် ရဲရင့်မျက်နှာက ချက်ချင်းပင် ညှိုးကျသွားသည်။ငြိမ်းလည်း မေးပြီးမှ မှားသွားမှန်းသိလိုက်သည်။
"ကဲပါ ..ပြန်တော့နော်....အိမ်မှာ အန်တီတစ်ယောက်တည်း ကျန်ခဲ့ရတာ...လိုက် မပို့နဲ့တော့ ...ကိုယ့် ကိုယ်ကိုလည်း ဂရုစိုက်အုံး ကြားလား...."
မှိုင်တွေ သွားသော ရဲရင့်၏လက်ကို ဆုပ်ကိုင်ပြီး ငြိမ်းအားပေးလိုက်မိသည်။ပြီးနောက် ဖရိုဖရဲကျနေသော ရဲရင့်၏ အင်္ကျီလက်ကို တစ်ချက်ဆွဲလိုက်ပြီး အင်္ကျီအိတ်ကပ်ထဲကို တစ်သောင်းတန်ငါးရွက် လျှင်မြန်စွာ ထည့်ပေးလိုက်သည်။
"ဟာ....မမ...ဒါ ....ဒါဘာလုပ် ..."
ရဲရင့်ဆီမှအသံ ခပ်ဆောင့်ဆောင့်ထွက်လာသည်။ငြိမ်းက ရှေ့မှ ယိုင်ထိုးယိုင်ထိုးနှင့် သွားနေသော ထွေးထွေးကို မေးငေါ့ပြလိုက်ပြီး ခပ်တိုးတိုးပြောလိုက်သည်။
"သူကြားသွားရင်... ငြိမ်းကို အထင်သေးသွားမှာနော်....အဲ့လိုဖြစ်စေချင်လို့လား ...."
" ဟာဗျာ...မမ..."
ရဲရင့်ဆီမှ မကျေမနပ်သံ ခပ်တိုးတိုးလေး ထွက်လာပြီး ငြိမ်းကို သေချာစူးစိုက်၍ ကြည့်လာလေသည်။ ရဲရင့်၏ စူးရှတောက်ပနေသော မျက်ဝန်းအစုံကို ငြိမ်း သတိလက်လွတ်ငေးမောကြည့်လိုက်မိလေသည်။
*******************
"တီ.." "တီ"
" .... ကားသံကြားတယ် ဒေါ်ကြူရေ အမေ ပြန်လာပြီထင်တယ်..."
ဒေါ်ကြူ့ကို လှမ်းအော်လိုက်ရင်းမှ ငြိမ်းသည် အပြင်သို့ ထွက်ခဲ့လိုက်သည်။ငြိမ်းထင်သလိုပင် ဆိုင်ရှေ့တွင် ရပ်ထားသောကားပေါ်မှ အမေဆင်းလာသည်။အမေက သူသွားနေကြ တရားရိပ်သာမှ အသိတစ်ယောက် နေမကောင်းနေသည် ဆိုပြီး သတင်းသွားမေးခြင်းဖြစ်လေသည်။ ငြိမ်းမှာ ရဲရင့်တို့သားအမိကိစ္စကို မိခင်နှင့် တိုင်ပင်ရန်အတွက် စောင့်မျှော်နေခြင်းဖြစ်လေသည်။ ငြိမ်းသည် မိခင်ကို အပြေးလေးထွက် ကြိုလိုက်သည်။
"အမေရယ် တစ်ယောက်တည်း သွားရလား ဒေါ်ကြူ.ကိုအဖော်ခေါ်သွားတာမဟုတ်ဘူး..."
ငြိမ်းမှာ ပြောရင်းတန်းလန်းမှ မိခင်ဖြစ်သူ၏ နောက်တွင် ကွယ်ရပ်နေသော ကလေးတစ်ယောက်ကိုမြင်လိုက်ရသောကြောင့် အံ့ဩသွားမိလေသည်။ကလေးက ဆယ်နှစ်အရွယ် ကောင်လေးတစ်ယောက် ဖြစ်လေသည်။ငြိမ်းက သူ့ကိုကြည်နေမိသလို သူကလည်း ငြိမ်းကို မဝံ့မရဲခိုးကြည့်နေသည်ကို တွေ့လိုက်ရလေသည်။ထိုကောင်လေးကိုကြည့်ပြီး ငြိမ်းသည် မိခင်ကို လှမ်းမေးလိုက်မိသည်။
" သူက ဘယ်သူလဲ အမေ.."
@@@@@@@@@@@@@@@@
အပိုင်း ၁၂ ဆက်ရန်
ဧကြည်ဖြူ