book

Index 10

အပိုင်း( ၁၀ )

ဧကြည်ဖြူ


    " ချူ "


 

********************


"ဘာ..ဘာလို့လဲ အမေ..."


"မိုးမိုးက သမီးရဲ့ အစ်မလေ ...ဘာလို့ အဲ့ဒီလို လုပ်ရတာလဲ...ဒီလိုစိတ်ထားမျိုး ဆိုတာ မထားသင့်ဘူးသမီး...ဘယ်သူကောင်းကောင်းမကောင်းကောင်း ကိုယ့်ဘက်က စေတနာမှန်အောင်ထားရမယ်လို့ မှာထားတယ်လေ....အမေ့စကားကိုနားမထောင်ဘူး လား "


"ဟုတ်... ဟုတ်ကဲ့ပါ အမေ... "


    မိခင်ဖြစ်သူ၏စကားအဆုံးတွင် ငြိမ်းခေါင်းကို အသာငြိမ့်ပြလိုက်မိသည်။မိခင်ဖြစ်သူ စိတ်ညစ်ရမည့်အလုပ်မှန်သမျှကို ငြိမ်းလည်းတတ်နိုင်သမျှ ရှောင်ရှားနိုင်ရန် အမြဲကြိုးစားနေခဲ့သည်လေ။


    ဒေါ်ငြိမ်းဝေကငြိမ်းကိုကြည့်ပြီး သက်ပြင်းမောကိုချလိုက်မိလေသည်။


*************************


" ငြိမ်း ...နင်နဲ့ မင်းလတ်က ဘာတွေလဲ "


    ဆိုင်ထဲသို့ ဖြုန်းခနဲဝင်လာပြီးမေးလိုက်သော သူငယ်ချင်းဖြစ်သူ စိမ်းကြောင့် ငြိမ်းမှာ ရုတ်တရက် အူကြောင်ကြောင်နှင့် ပြန်ဖြေလိုက်မိသည်။


 " ဘာလဲရမှာလဲ ... ဘာမှမလဲပါဘူး "


"မသိပါဘူးဟယ် သူ့အမေနဲ့ သူ့အစ်မတွေက လမ်းဘေး စျေးသည်နဲ့တော့သဘောမတူနိုင်ဘူးဆိုပြီးပြောနေလို လေ... ငါတို့က အိမ်ချင်းက နီးတော့ သူတို့ပြောသမျှ သိတယ်....."


      စိမ်း၏ စကားကြောင့် ငြိမ်းမှာ စိတ်ထဲ ကသိကအောက်ဖြစ်သွားရလေသည်။မင်းလတ်ဆိုသည်မှာ ငြိမ်းထက် အသက်တစ်နှစ်ကြီးပြီး ကျောင်းတစ်နှစ်စောပြီးထားသူ။ရပ်ကွက်ထဲ မင်းလတ်တို့မိသားစုတွေ ငွေကြေးချမ်းသာတာလည်းငြိမ်းသိသည်။ငြိမ်းကို မင်းလတ် စိတ်ဝင်စားနေတာလည်း ငြိမ်းသိသည်။သို့သော် ငြိမ်းနှင့် မင်းလတ်သည် ယခုအချိန်ထိ ရိုးရိုးသားသား ခင်မင်နေကြခြင်းသာဖြစ်လေသည်။


"ဟုတ်လို့လားဟ ... ငါတို့က ရိုးရိုးသားသားခင် တာပါဟယ်...ငါ့ကို ပြောတာမဟုတ်လောက်ပါဘူး..."


 "ဒီရပ်ကွက်မှာ ခင်ငြိမ်းစံဘယ်နှစ်ယောက်ရှိလဲ ...အထည်ဟောင်းရောင်းတာဘယ်နှစ်ယောက်ရှိလို့လဲ...အဲ့ဒီမိသားစုနဲ့မပတ်သက်နဲ့...အနံကြီး ကွင်းကျယ်တွေ...အလကား မာန်တက်နေတဲ့သူတွေဟ...နင်နဲ့ ပေးစားမဲ့အစား အိမ်က အလုပ်သမားနဲ့ပဲပေးစားမယ်တဲ့လေ..."


"ဘာ....အဲ့ဒီလိုပြောတယ်ဟုတ်လား...နောက်ထပ်ရော ဘာတွေ ပြောသေးလဲ ..."


    စိမ်း၏ စကားကြောင့် ငြိမ်း ဒေါသထောင်းခနဲ့ ထွက်သွားမိသည်။ကိုယ့်ထမင်းကိုယ်စား၊ ကိုယ့်အလုပ်ကိုယ်လုပ်ပြီး အပြောခံနေရတာလောက် စိတ်တိုဒေသထွက်စရာကောင်းလှတာမရှိပါချေ။


" ထားလိုက်ပါ ငြိမ်းရယ် မသိချင်နဲ့တော့....သူတို့က ပိုက်ဆံသာရှိပြီး အဆင့်မရှိတဲ့သူတွေပါ....ငါသွားတော့မယ် ... လမ်းထိပ် ဈေးဝယ်လာရင်း ဝင်လာတာဟ ..."


    စိမ်း ပြန်သွားသည်အထိ ငြိမ်းမှာ စိတ်ထဲ တနုံ့နုံ့နှင့် ဖြစ်နေမိသည်။ငြိမ်းကတော့ သူတို့စိတ်တွေကို မသိဘဲ လမ်းတွေ့ရင် အမြဲပြုံးပြနှုတ်ဆက်ခဲ့မိသည်။တစ်ရပ်ကွက်တည်းသားလည်းဖြစ်ပြီး ခင် မင်ရင်းနှီးသော သူငယ်ချင်း၏ မိသားစုဖြစ်သောကြောင့် ငြိမ်းက အမြဲဖော်ဖော်ရွေရွေဆက်ဆံခဲ့သည်။သူတို့ဘက်က ငြိမ်းကိုသည်လိုတွေးနေကြသည်ကို နည်းနည်းမျှပင်မရိပ်စားမိခဲ့ချေ။ယခုပြန်တွေးကြည့်မှ ငြိမ်းကိုတွေ့လျှင် မသိမသာ မျက်နှာထားတွေတင်းသွားကြတာကို ပြန်မြင်ယောင်မိသည်။ထိုစဉ်ကတော့ သူတို့နှင့် ကိုယ့်ကြား ရန်ငြှိုးရန်စမရှိသောကြောင့် သူတို့အကြောင်းနှင့် သူတို့ ကိစ္စရှိ၍သာဖြစ်မည်ဟုတွေးခဲ့သည်။ငြိမ်းက ဒါကိုမသိဘဲ ခေါ်ပြောနေမိသည်ကို သူတို့စိတ်ထဲ မည်သို့တွေး နေကြ။ ပတ်ဝန်းကျင်တွင် မည်မျှပြောဆိုနေကြသည်မသိ။တွေးရင်းမှ ရှက်စိတ်ကြောင့် ငြိမ်းတစ်ကိုယ်လုံးထူပူလာမိလေသည်။ငြိမ်းထိုင်နေရာမှထလိုက်ပြီး သေချာစဉ်းစားတွေးတောကြည့်နေမိသည်။ပြီးလျှင် မဖောက်ရသေး သော အထည်အသစ်ထုတ်နားတွင်ရပ်လျက် အတန်ကြာ စဉ်းစားနေမိပြန်သည်။ပြီးနောက် စိတ်ရှုပ်ထွေးမှုကို ဖယ်ထုတ်ပစ်လိုက်ပြီး ဆိုင်ရှေ့သို့ထွက်လိုက်ကာ ဘေးဆိုင်မှညီညီတို့ ကွမ်းယာဆိုင်ကိုကြည့်လိုက်သည် ။ကွမ်းယာဆိုင်ထဲတွင် ညီညီနှင့် သူ့သူငယ်ချင်းထိုင်နေသည်ကို တွေ့ရလေသည်။ငြိမ်းကြည့်နေသည်ကို ညီညီတို့က မမြင်။ငြိမ်းဆိုင်ကလည်း ဆိုင်ရှေ့တွင် အထည်များ တိုးလို့တွဲလောင်းချိတ်ထား၍ တော်ရုံ အပြင်မှလှမ်းကြည့်လျှင် မမြင်ရပေ။ဆိုင်သို့လာသော ၀ယ်သူအများစုက သူ့တို့ ဘေထုတ်ဝယ်သည်ကို လူမသိစေချင်သောကြောင့် ဆိုင်ရှေ့တွင် အထည်များကို ထိုသို့ တမင် ချိတ်ဆွဲပြသထားရခြင်းဖြစ်လေသည်။ငြိမ်းလည်း ပထမနှစ် ပြီးသွား ကတည်းက ဆိုင်ကို မနက် စျေးချိန်မှ လွဲ၍တစ်နေကုန်နီးပါးဖွင့်သောကြောင့် သပ်သပ်ရပ်ရပ် လေးဆောက်ထားခြင်းဖြစ်သည်။ကိုယ်ပိုင် မြေမဟုတ်သော်လည်း ပိုင်ရှင် မပေါ်သေးသောမြေဖြစ်နေ၍ ယခုလိုအေးအေးဆေးဆေးရောင်းနေနိုင်ခြင်းဖြစ်ပေသည်။ငြိမ်းသည် ဆိုင်ဘေးတွင် ရပ်ထားသော စက်ဘီးကိုဆွဲထုတ်လိုက်ပြီး ညီညီကို လှမ်းပြောလိုက်သည်။


"ညီညီရေ ....ငါအပြင် ခဏလေး သွားချင်လို့  ဆိုင်ကို နားစွင့်ပေးထားပါဦး...."


"ဪ ... အေး သွားလေ ငြိမ်း...ငါကြည့်ထားလိုက်မယ်...."


   ငြိမ်း စက်ဘီးကို ခပ်သွက်သွက်နင်း ခဲ့လိုက်သည်။လမ်းမတန်းပေါ်တွင် နှစ်မိနစ်ခန့်နင်းပြီးနောက် ရပ်ကွက်ထဲသို့ ဝင်သော လမ်းကျယ် တစ်လမ်းရှိသည်။သည်လမ်းသည်လည်း လမ်းကျယ်လမ်းရှည်ပင်ဖြစ်သည်။မင်းလတ်တို့အိမ်က သည်လမ်းမပေါ်တွင်ရှိသည်။ငြိမ်းတို့အိမ်က မင်းလတ်တို့အိမ်မရောက်ခင် လမ်းသွယ် တစ်ခုမှ ရပ်ကွက်er အစွန်အထိ တောက်လျှောက်သွားရသည်။သည်လမ်းသည်လည်း လမ်းသွယ်လေးဟု ဆိုသော်ငြား လမ်းသွယ် ပေါင်းများစွာထပ်ရှိပြီး ရပ်ကွက်၏ နေရာအတော်များများသို့ရောက်ရိုနိုင်လေသည်။မင်းလတ်တို့နေသောလမ်းက ရပ်ကွက်၏ ဒုတိယမြောက်မိန်းလမ်း ဟုပြောရပေမည်။လမ်းအရှည်က ဘေးရပ်ကွက်အထိပါပေါက်သည် ။မင်းလတ်တို့ အိမ်ရှေ့မှနေလည်း ငြိမ်းတို့အိမ်ကိုသွားလို့ရသည်။ ပြောရမည်ဆိုလျှင် ငြိမ်းတို့ စရောက်စဉ်အချိန်က ရပ်ကွက်သည် ဤမျှ မစည်ကားသေး။ယခုမူ ရှစ်နှစ်အတွင်း အတော်လေး လူနေပိုထူထပ်လာပြီးစည်ကားလာပြီဖြစ်လေသည်။စက်ဘီးနင်းလာရင်းမှ ငြိမ်းတို့အိမ်ဘက်သို့ သွားမည့်လမ်းသွယ်သို့ရောက်သော်လည်း စက်ဘီးကို ဆက်နင်းခဲ့လိုက်သည်။သုံးမိနစ်ခန့် နင်းပြီးချိန်၌ မင်းလတ်တို့အိမ်နားသို့ရောက်ရှိလာလေသည်။ငြိမ်း မသိမသာ လှမ်းကြည့်လိုက်သောအခါ မင်းလတ်အစ်မကြီးနှင့်တည့််တည့်တိုးလေသည်။ငြိမ်း လျှင်လျှင် မြန်မြန်ပင် ပြုံးပြရင်း လှမ်းနှုတ်ဆက်လိုက်သည်။


"မမနီ ဘာတွေလုပ်..."


    ငြိမ်းနှုတ်ဆက်သည်ကို မင်းလတ်၏ အစ်မ နီနီဝင်းက ခေါင်းကိုသာ တစ်ချက်ငြိမ့်ပြပြီး မျက်နှာကို တစ်ဘက်သို့ချက်ချင်းလွှဲပစ်လိုက်လေသည်။ငြိမ်း မချိပြုံး ပြုံးလိုက်မိသည်။မင်းလတ်၏ အရိပ်အယောင်ကို မူမမြင်ရပါချေ။ငြိမ်း စက်ဘီးကို ခပ်သွက်သွက်နင်းလာခဲ့ရင်း ဒုတိယမြောက် လမ်းသွယ်တွင် စက်ဘီးကို ချိုးကွေ့လိုက်ပြီး ရပ်ကွက်၏ အိမ်ခြေစုစုလေးများဆီသို့ပြန်နင်း ခဲ့လိုက်သည်။အတန်ကြာ နင်းလာပြီးသောအခါ၌ အိမ်တစ်အိမ်ရှေ့တွင် စက်ဘီးကို ထိုးရပ်လိုက်သည်။


"ဟယ် ငြိမ်း.... ဝါ့ဆီလာတာလား...."


    တွေ့ချင်သောသူကို အဆင်သင့် တွေ့လိုက်ရသောကြောင့် ငြိမ်း ကျေနပ်စွာပြုံးလိုက်မိလေသည်။


"ဟုတ်တယ် မမဝါ ... နေ့လည်ကျရင် အထုတ်သစ်ဖောက်မလို့ မမဝါကိုလာပြောတာ...."


" အတော်ပဲ ငြိမ်းရေ... မနက်ဖြန် သွားစရာရှိလို့ ငြိမ်း ဆီလာမလို့လုပ်နေတာ..."


"နှစ်နာရီလောက်လာခဲ့လေ မမဝါ ....အဲ့ဒီအချိန်ဝယ်သူမလာဘူး...ကြိုက်တာကို ဝတ်ကြည့်ပြီး ... အကျဉ်းအကျယ်ကို စက်နဲ့ တစ်ခါတည်း ငြိမ်း ပြင်း ပေးလိုက်မယ်"


"စိတ်ချ ...လာခဲ့မယ် ငြိမ်းရေ..."


     မမဝါနှင့် စကားပြောပြီးသောအခါ လာလမ်းအတိုင်း စက်ဘီးကို ပြန်နင်းလာခဲ့လိုက်သည်။မမဝါခေါ် မဝင်းဝါနုသည် ငြိမ်း၏ ဖောက်သည် စစ်စစ် ဖြစ်သည်။ ငြိမ်းထက် သုံးလေးနှစ်ကြီးသည်။မမဝါက ချောသည်။လှသည်။ယောက်ျားတွေစကားနှင့့် ပြောရမည်ဆိုလျှင် တောင့်သည် ။ဖြောင့်သည်။ ဂါ၀န်ကျပ်ကျပ်လေးများဝတ်ထားလျှင် မိန်းမချင်းပဲ တော်ရုံ အကြည့်မလွဲနိုင်။ပြီးလျှင် မမဝါက ခေတ်လည်း ဆန်သည် ။ သူလုပ်သောအလုပ်နှင့် ခေတ်မဆန်လို့လည်း မဖြစ်။ မမဝါက ရုပ်လေးလှသောငြား ဘ၀မလှ။ လောင်းကစား ဝါသနာထုံလှသော ဖခင်နှင့် ခပ်ကဲကဲ ခပ်ဟော့ဟော့မိခင်တို့ကြောင့် စားသောက်ဆိုင်မှာ သီချင်းဆိုသည်။သည်လို ဆိုပြန်တော့လည်း စားသောက်ဆိုင်တွင် လုပ်ကိုင်သော မိန်းခလေးများကို အထင်သေး၍ပြောခြင်းမဟုတ်။သူတို့လည်း သူတို့ဘဝဝမ်းရေး တိုးတက်ရေးအတွက် ကြိုးစားနေကြသည်ပဲလေ။ မမဝါကတော့ ဘ၀၀မ်းရေးအတွက် ရုန်းကန်နေရသည်ဟု ဆိုရမည်ထက် ကိုယ်တိုင်က သည်သို့  နေရသည်ကို သဘောကျနှစ်ခြိုက်၍နေနေမှန်း လူတော်တော်များသိကြသည်။ သို့သော်လည်း မမဝါက စည်းတော့ အရှိသား ။ရပ်ကွက်ထဲတွင် မပွေး။ ရပ်ကွက်ထဲကလူများနှင့်မရှုပ်။ရပ်ကွက်ထဲမှာနေလျှင် အိမ်ပြင်ပသို့ပင် သိပ်မထွက်ချေ။သို့သော်လည်း လူသတင်းလူချင်းဆောင်သောကြောင့် လူတိုင်းတော့ သိကြသည်သာ။ငြိမ်းဆိုင်တွင် ရသမျှသော အကောင်းစား နိုင်းငံခြားဖြစ် စကပ် ဂါဝန်အသန့်များကို မမဝါ အမြဲဝယ်သည်။ပြီးလျှင် သူသိပ်မကြိုက်သော အထည်ဆိုလျှင် တစ်ခါလောက်သာ ဝတ်ပြီး အခြားလုပ်ဖော်ကိုင်ဖက်များကို ပြန်ရောင်းပစ်လိုက်သည်သာ။


   ငြိမ်းစက်ဘီးကို နင်းလာရင်းမှ မင်းလတ်တို့ အိမ်ရှေ့မှအဖြတ်တွင် လှမ်းကြည့်လိုက်မိပြန်သည်။သည်အခါ၌ မင်းလတ်၏ မိခင်ကြီးကို တွေ့လိုက်ရလေသည်။မင်းလတ်၏ မိခင်ကြီးသည် ငြိမ်းကို မြင်သည်နှင့် နှုတ်ခမ်းကို့ မဲ့ရွှဲ့ပြီး အိမ်ထဲသို့ချာခနဲလှည့်ဝင်သွားလေသည်။ငြိမ်းကမူ ပြုံးဖြစ်အောင် လှမ်းပြုံးပြလိုက်သည်။


***********************


 "ထမင်းစားတာ မြန်လှချည်လား သမီး ...ဘာလဲ မြို့ထဲသွားမလို့လား ..."


   ဒေါ်ငြိမ်းဝေက ငြိမ်းကို မေးလိုက်ရင်း ငြိမ်းလုပ် သမျှကိုလိုလ်ကြည့်နေမိသည်။


"မသွားပါဘူး အမေ...အထုတ် သစ်ဖောက်မလို့ပါ.." မိခင်ကို ပြန်ဖြေလိုက်ရင်း ငြိမ်းက တန်းပေါ်တွင် ချိတ်ထားသော ရှပ်အင်္ကျီအဟောင်း တစ်ထည်ကို လှမ်းယူဝတ်လိုက်သည်။


    ငြိမ်းယူဝတ်လိုက်သော အင်္ကျီကို ကြည့်ပြီး ဒေါ်ငြိမ်းဝေ လှမ်းထားလိုက်သည် ။


" သမီး ငြိမ်း....အဲ့ဒီအင်္ကျီက အတော်လေးဟောင်းစုတ်နေပါပြီ...မဝတ်နဲ့တော့လေ ..."


 "ရတယ် အမေ ... ဒီနေ့ တော့ ဒါပဲ ဝတ်သွားလိုက်မယ်..."


"အို ...စက်ဘီးကို ဖြည်းဖြည်းနင်း နော်...ဟော့တော့ ဘောင်းဘီးကလဲ မဝတ်တော့ဘူးဆိုပြီး ပစ်ထားတဲ့ဘောင်းဘီး အဟောင်းကြီးလေ.... ဒီကောင်မလေးဘာတွေ စိတ်လောနေပြန်ပြီလဲ မသိဘူး..."


   ဒေါ်ငြိမ်းဝေ ငြိမ်းကို ကြည့်ပြီး မကြားတကြား လှမ်းပြောလိုက်မိလေသည်။


   ငြိမ်းကမူ စက်ဘီးကို အမြန်နင်းပြီးဆိုင်သို့ ပြန်ခဲ့သည်။


****************************


" ညီညီရေ ငါပြန်ရောက်ပြီနော် "


    ဆိုင်သို့ ရောက်သည်နှင့် ညီညီ့ကို အသံလှမ်း ပေးလိုက်ပြီး ဆိုင်ထဲသို့ အမြန်၀င်လိုက်သည်။ ပြီးလျှင် ဂါဝန်နှင့် စကပ်များသာ သီးသန့်ပါသော အထုတ် သစ်ကို ဖောက်လိုက်ပြီး လိုချင်သော အထည်ကို မွှေနှောက်ရှာဖွေလိုက်သည်။အတန်ကြာသောအခါ၌ ငြိမ်းပခုံးပေါ်တွင် အထည်လေးငါးခြောက်ထည် ရောက်ရှိလာလေသည်။ငြိမ်းတစ်ထည်ချင်းသေချာကြည့်လိုက်သည်။ အထည်အားလုံး အမိုက်စားတွေချည်းပင်ဖြစ်သည်။ခန္ဓာကိုယ်၏ ကောက်ကြောင်းအလှအပများကိုထင်းခနဲဝင်းခနဲလင်းခနဲ့ဖြစ်သွားစေမည့် ကိုယ်ကျပ် ဂါ၀န်များ။လက်မှ နာရီကို ကြည့်လိုက်သည် ။နှစ်နာရီထိုးရန် ဆယ်မိနစ်မျှသာ လိုတော့သည်။


"ငြိမ်းရေ ... ဝါလာပြီနော် "


    အသံနှင့်အတူဆိုင်အတွင်းထဲသို့ မမဝါဝင်လာသည်။မမဝါက သူ့ကိုယ်သူ ဝါဟု ပြောလေ့ရှိလေသည်။ခါးလယ်လောက်ရှိသော ဆံပင်ရှည်ရှည်ဖြောင့် ဖြောင့်များမှာ ကျောပေါ်တွင် ဝဲကျနေပြီး နေ၊ လေ သိပ်မထိသော မမဝါ၏ အသားအရည်သည် ဖြူစင်ဝင်းမွတ်၍ နေလေ၏။ မမဝါကို ကြည့်ပြီး "လှလိုက်တာ "ဟု ငြိမ်း စိတ်ထဲမှမှတ်ချက်ပေးလိုက်မိလေသည်။


"လာ ...လာ မမဝါ ...ဒီမှာ ငြိမ်းရွေး ထားတယ် မမဝါကြိုက်တာလဲထပ်ရွေးပေါ့ "


     မမဝါကို ပြောရင်း လက်မှ နာရီကို ငြိမ့်ကြည့်လိုက်မိသည်။


"ဒီမှာ လာဝတ် ကြည့်လေမမ..."


  ငြိမ်းက ရွေးထားသော အထည်များကို ကမ်းပေးလိုက်သည်။


"ဘယ်လိုလဲ လှရဲ့လား ငြိမ်း...."


"ဟင်"


    မမဝါကို ကြည့်ပြီး ငြိမ်းပင် အသက်ရှူမှားသလို ဖြစ်သွားမိလေသည်။ငြိမ်းရွေးထားသော ဆွဲသားဂါဝန်လေးသည် အဆီပိုမရှိသောမမဝါ၏ခန္ဓာကိုယ်ပေါ်တွင် လမ်းဘေး ဘေထည် နှင့်မတူဘဲ ဟိတ်ဟန် အပြည့်နှင့်လှပဝင့်ထည်နေလေသည်။ ပြီးလျှင် လည်ဟိုက် ဆွဲသားအင်္ကျီဖြစ်သောကြောင့် ဖွံ့ထား သော ရင်အစုံ၊သေးကျဉ်းသောခါးနှင့် စွင့်ကားသော တင်တို့ကြောင့် မမဝါသည် လှသည်ထက်ပို၍ ညှို့အားပြင်းသော အသွင်ကို ဆောင်နေလေသည်။


"လှလိုက်တာ မမဝါ ရယ်...နတ်သမီးလေးကျနေတာပဲ "


"ငြိမ်းကတော့ ပြောပြီး ... မြှောက်မနေ ပါနဲ့နော် မမဝါ အကုန်ဝယ်မှာပါ  "


"တကယ်ပါ မမဝါရဲ့ ...တကယ်ကို လှတာပါ...."

   မမဝါကို ပြောရင်း ငြိမ်း လက်မှ နာရီကို ကြည့်လိုက်မိသည်။နှစ်နာရီ ဆယ့်ငါးမိနစ် တိတိ။


"ငြိမ်းရေ...ပျင်းနေပြီလား....."


     အသံနှင့်အတူဝင်လာသူက မင်းလတ်ဖြစ်သည်။ဂျင်းဘောင်းဘီရှပ်အင်္ကျီ အကောင်းစားနှင့်မင်းလတ်ပုံစံက အစဉ်အမြဲ သန့်ပြ န့် သားနားနေတတ်သည်။အသက်နှစ်ဆယ်ကျော်စလေးပဲရှိသေးသောကြောင့် လူငယ်ဆန်ဆန် ချောမောကြည့်ကောင်းသည်မှာတော့အမှန်ပင်။


    မင်းလတ်က ဆိုင်ထဲ ၀င်လာရင်း ဝင်းဝါနုကို တွေ့လိုက်ရသောအခါ သတိလက်လွတ်ငေးကြည့်နေလေသည်။ဝင်းဝါနုကတော့ အတွေ့အကြုံရှိသူပီပီ မင်းလတ်ကို တစ်ချက်သာ မော့ကြည့်ပြီး အထည်များကို ရွေးနေလေသည်။မင်းလတ်သည်မှာကား ဝင်းဝါနုထံမှ အကြည့်မလွှဲနိုင်ဘဲ ရှိလေသည်။


   ငြိမ်းသည် မင်းလတ်၏ အဖြစ်ကို မသိချင်ယောင်ဆောင်နေရင်းမှ မိမိပုံစံနှင့် မမဝါ၏ပုံစံကို နှိုင်းယှဉ်ကြည့်လိုက်မိလေသည်။ထိုအခါ ဘုရားရှင်လက်ထက်က နတ်သမီးနဲ့ မျောက်အိုမ ဇာတ်တော်ကို ပင် ပြေး၍ သတိရလိုက်မိလေသည်။


"မင်းလတ် ဆိုင်လေးခဏ ကြည့်ပေးထားဟာ...ချည်လုံးသွားဝယ်ချင်လို့...မမဝါ ရွေးထားနော်...စိတ်တိုင်းကျသာရွေး"


   ပြောပြီးသည်နှင့် ငြိမ်းဆိုင်ထဲမှ အမြန်ထွက်ခဲ့လေသည်။မင်းလတ်ထံမှ "အင်း" "အဲ" အသံလေးမျှပင် ထွက်မလာချေ။ငြိမ်းမှ ငြိမ်းပါဆိုပြီး နေ့စဉ် အချိန်မှန်လာပိုးနေသူက ငြိမ်းကိုတစ်စက်လေးမျှပင် လှည့်မကြည့်ပါချေ။ငြိမ်း ခပ်ယဲ့ယဲ့ တစ်ချက်ပြုံးလိုက်မိရင်း ဝက်သားတုတ်ထိုးဆိုင်ဘက်သို့ ခြေလှမ်းကိုဦးတည်လိုက်လေသည်။


**************************


"ငြိမ်းရယ် ဒီဈေးနဲ့ လမ်းမတန်းမှာ နောက်မရနိုင်တော့ဘူးကွဲ့ .... မကြာခင် အိမ်ခြံမြေဈေးတွေတက်လိမ့်မယ် ...ရတုန်းဝယ်ထား....ငြိမ်းက လမ်းမတန်းမှာ လိုချင်တယ်ဆိုလို့ အန်တီစိုးက ပြောတာနော်...."


"လိုချင်တာပေါ့ အန်တီစိုးရယ်.... ငြိမ်းက ကျောင်းပြီး ဖို့တနှစ်ကျန်သေးလို့ ကျောင်းစရိတ်က ချန်ရဦးမယ်... ကျောင်းပြီးမှဝယ်မလားတွေးနေတာ..."


"တွေးမနေနဲ့ ငြိမ်းရေ...စျေးတွေက တစ်နေ့တစ်ခြား တက်နေတာနော်... ဒီနေ့နဲ့ မနက်ဖြန်တောင် တူတာမဟုတ်ဘူး....."


    အန်တီစိုးပြောတာကိုလည်း ငြိမ်း ပါသည်။သို့သော်လည်း လေးဆယ့် ငါးသိန်းဆိုသော ငွေသည် ငြိမ်း၏ ချမ်းသာသမျှငွေအကုန်နီးပါးဖြစ်သည်။ထိုငွေကို ပေးလိုက်လျှင် ငြိမ်လက်ထဲတွင် ဆယ်ဂဏန်းမျှပင် ပြည့်အောင် ကျန်လိမ့်မည်မဟုတ်။ငြိမ်းအတွေးက ခြံဝယ်အိမ်ဆောက် ဆိုင်ခန်းဖွင့်ပြီးမှ အမေ့ကို "ဟပ်ဂျလောင်း "ဆိုပြီး ပြလိုက်ချင်တာ ဖြစ်သည်။သည်ပုံအတိုင်း သာဆိုလျှင် မိခင်ကို ဖွင့်ပြောပြီး လက်ရှိအိမ်ကို ရောင်းလိုက်မှ အိမ်ဆောင် ဆိုင်ဖွင့်ဖို့အဆင် ပြေလိမ်မည်ထင်သည်။သို့မဟုတ်လျှင် အပြည့်အစုံဝယ်နိုင်မှ ဝယ်မည်ဆိုလျှင် မြေဈေးက အန်တီစိုးပြောသလို တရိပ်ရိပ်တက်နေသောကြောင့် နောက်နှစ်တွင် လမ်းမတန်းရဖို့ ဆိုတာ မသေချာနိုင်ပါတော့ချေ။


"လေးဆယ့်ငါးသိန်းက မလျှော့ဘူးတဲ့လား အန်တီစိုး ...ငြိမ်း အမေနဲ့ တိုင်ပင်လိုက်ဦးမယ်... မနက်ဖြန် အကြောင်း ပြန်မယ် အန်တီစိုး..."


**********************

     ငြိမ်းက အမေ့မျက်နှာကို ငေးကြည့်ရင် အမေ့ဆီမှ အဖြေစကားကို ငံ့လင့်နေမိလေသည်။


 "သမီး သဘောကျရင် ပြောင်းကြတာပေါ့ကွယ် ..."


     ဒေါ်ငြိမ်းဝေဒါပဲပြောပြီး ငြိမ်း မျက်နှာကို ငေးကြည့်နေမိသည်။ငြိမ်းသည် ယခုနှစ်ဆိုလျှင် အသက်နှစ်ဆယ် ပြည်တော့မည်ဖြစ်သည်။သို့ပါသော်လည်း အခြား ရွယ်တူတန်းတူမိန်းခလေးများကဲ့သို့သို့ အလုအပကို မမက်မော ။ငွေမှငွေ ဖြစ်နေသည်။ရှပ်အင်္ကျီများနှင့် ဘောင်းဘီအရှည်များသားဝတ်ဆင်လေ့ရှိသော ငြိမ်း ပုံစံသည် အရွယ်နှင့်မမျှအောင် ရင့်ကျက်နေလေသည်။တစ်နေ့တစ်နေ့တွန်းလှည်းတစ်စီးနှင့် ပင်ပင်ပန်းပန်းလုပ်နေသည်ကို ဒေါ်ငြိမ်းဝေ မကြည့်ရက်သောကြောင့် ငြိမ်းပေးသမျှ ငွေကိုစုထားပြီး မိမိရှာသမျှ ငွေနှင့်သာ လောက်ငှအောင် သုံးစွဲခဲ့သည်။ဒေါ်ငြိမ်းဝေစိတ်ဆန္ဒအတိုင်းသာဆိုလျှင် ငြိမ်းကို ဈေးမရောင်းစေချင်တော့ပါ ။ကျောင်းပြီးလျှင် ရုံးတစ်ရုံးမှာ ဝင်လုပ်ပြီးအေးအေးဆေးဆေးနေစေချင်သည်။သည်လိုတော့ဖြင့် ငြိမ်းကပြော၍ရမည်မထင်။"အမေ့ကို ချမ်းချမ်းသာသာနဲ့ထားမယ်၊ နေစရာမရှိလို့ အမေ စိတ်ဆင်းရဲရတာမျိုး မဖြစ်စေရဘူး" ဆိုသော စကားသည် ငြိမ်း၏ လက်သုံး စကားပင် ဖြစ်သည်။ဒေါ်ငြိမ်းဝေ ကိုယ်၌ကလည်း နောင်လာမည့် အနာဂတ်ကာလတွင် ငြိမ်းကို မိမိကဲ့သို့ ဒုက္ခမများစေချင်။ထို့ကြောင့် ငွေကို ကြိုးစား၍ စုဆောင်းခဲ့ပါလေသည်။ငြိမ်းကမူ ငွေကို လွန်လွန်ကဲကဲရှာဖွေချင်နေသော စိတ်ရှိနေသည်ကို ဒေါ်ငြိမ်းဝေ သိပ်တော့ သဘောမကျလှပေ။ငြိမ်းဘ၀က စက်ရုပ်ဆန်နေသည်။အိမ် နှင့် အလုပ်။အလုပ်နှင့်ကျောင်း။သည်သုံး ခု၌သာ ငြိမ်းကျင်လည်နေရသော ဘဝကို ဒေါ်ငြိမ်းဝေသဘောမကျမိ။ဖြစ်နိုင်လျှင် ငြိမ်းကို အခြား သူနှင့်ရွယ်တူတွေလိုလည်း ပျော်မွေ့ပျော်ပါးစေချင်မိလေသည်။


*************************


"ပါမစ်အစစ်လေးကို လေ့ဆယ့်သုံးနဲ့ ရလိုက်တာ ကံကောင်းတယ်... ဒါနဲ့ဘယ်နေ့ပြောင်းကြမှာလဲ..."


"တစ်လအတွင်း ပြောင်းရမှာပေါ့ ... ငြိမ်းတို့အိမ်နဲ့ ခြံကိုလည်း အန်တီစိုးကို အပ်တယ်နော်...နည်းနည်းစျေးကောင်းလေးရရင် ကောင်းမယ်...လောလောဆယ်တော့ ...ရှိတဲ့ငွေနဲ့ အိမ်ဆောက်ပြီး အထည်ဟောင်းဆိုင်လေးပဲ ဖွင့်ထားဦးမယ် ...."


  ငြိမ်းတို့ အုပ်စု ရပ်ကွက်ရုံးတွင် အိမ်ခြံမြေ စာချုပ် ချုပ်ဆိုပြီးသည့်နောက် ရုံးရှေ့တွင် ရပ်၍ စကားပြောနေကြခြင်းဖြစ်လေသည်။

 


"ဒေါ်ငြိမ်းဝေတော့ ငြိမ်းလို သမီးလိမ္မာလေးရထားလို့ပျော်နေမှာပဲ..."


     အိမ်ခြံမြေပွဲစားဒေါ်စိုးကျော်၏ စကားကြောင့် ဒေါ်ငြိမ်းဝေ ကြည်ကြည်နူးနူးပြုံးလိုက်မိရင်း သမီးလေး ငြိမ်း၏ ပခုံးလေးကို ခပ်ဖွဖွဆုပ်ကိုင်လိုက်မိလေသည်။လွန်ခဲ့သော ရှစ်နှစ်က လူတကာ၏ အပြောခံအဆို ခံအနှိမ်ခံဘဝတွင် မျက်နှာငယ်ငယ်နှင့် နေခဲ့ရသော ငြိမ်းကို ဒေါ်ငြိမ်းဝေရင်ထဲ ယခုထိ မမေ့ပျောက်နိုင်သေးပါချေ။သမီးလေး ငြိမ်းသည် ရှစ်နှစ်အတွင်းမှာ အရွယ်နှင့် မလိုက်အောင် ကြိုးစားရုန်းကန်ခဲ့သည်။တစ်နေ့အမြတ်ငွေ ငါးထောင်ရလည်းမသုံး။ တစ်သောင်းရလည်း မသုံးခဲ့။အရပ်ကလေးမပိန်မသွယ်နှင့် နေလောင်ဒဏ်များကြောင့် အညိုဘက်လုနေသော အသားအရည်နှင့် သမီးလေးငြိမ်းသည် နဂိုရုပ်ခံ အချောအလှတွေကိုပင် ပျောက်ဆုံးလုမတက်နီးပါး ဖြစ်နေလေ၏ ။လူကသာ အထည်ရောင်းနေသည်ဆိုသော်လည်း ဝတ်စုံကောင်းကောင်းတစ်စုံ ပင်မရှိရာ သော သမီးလေးကို ကြည့်ပြီး ဒေါ်ငြိမ်းဝေ မပျော်နိုင်သေးတာကတော့အမှန်ပါ။မိမိက မြန်မာဝတ်စုံ၀မ်းဆက်လေးတွေ မကြာခဏ ချုပ်ပေးခဲ့သော်လည်း စျေးကောင်းရရင် ပြန်ရောင်းပစ်လိုက်သည်သာ။ ထိုကိစ္စအတွက် ဒေါ်ငြိမ်းဝေမကြာခလာဆူခဲ့သော်လည်း ငြိမ်းသည် နားထောင်လည်း ခဏမို့ ကြာတော့ ဒေါ်ငြိမ်းဝေကိုယ်တိုင် မဆူရက် မပြောရက်တော့၍ မပြောဖြစ်တော့ပါချေ။


"ပြန်မယ်လေ အမေ...ဆိုင်ကိုလိုက်ဦးမှာလား ...အိမ်တန်းပြန်မှာလား...အိမ်ပြန်မယ်ဆို ဆိုက်ကားငှားပေးလိုက်မလို့..."


"အမေ့ဘာသာ လမ်းလျှောက်ပြန်ပါးမယ် သမီးရယ်...အမေ့အသက် အခုမှ လေးဆယ့် ငါးပါအေ...သွားနိုင်လာနိုင်ပါသေးတယ် ဟဲ့..."


"ဟီး...သိပါတယ်အမေရဲ့...အမေက အိမ်မှာ စက်ချုပ်ရ .... စျေးရောင်းရ....ထမင်းဟင်းချက်ရနဲ့ ကိုယ့်အမေလေးပင်ပန်းမှာ စိုးလို့ပါနော်...."


  

    ငြိမ်းက မိခင်ကို လှမ်းဖက်ပြီး စနောက်လိုက်သည်။


"ဖယ်ပါ အေ...လိုချင်တာရလို့ ပျော်နေတာပေါ့လေ... ညနေ ဆိုင်စောစောသိမ်းခဲ့ကြားလား...အိမ်ဆောက်ဖို့အတွက် တိုင်ပင်ရအောင်..."


"ဟုတ်ကဲ့ပါ အမေ"


    

*********************


"ငြိမ်းရေ အဆင် ပြေခဲ့လား..."


     ငြိမ်းပြန်လာသည်ကို မြင်သည်နှင့် ညီညီက လှမ်းမေးလေသည်။


"ပြေတယ် ညီညီ...ငါ့ဆိုင်ကို ကူရောင်းပေးထားလို့ ကျေးဇူးပါဟာ..."


"အေး.... နင်အဆင်ပြေ ပျော်နေချိန်မှာ သတင်းဆိုးတစ်ခု ပြောရမှာတော့ စိတ်မကောင်းဘူး ဟာ..."


"ဘာသတင်းဆိုး လဲဟ ...ရင်ထိတ်လိုက်တာ ညီညီရယ်... ပြောစမ်းပါအုံး "


     ငြိမ်းက မေးရင်း ပြောရင်း ညီညီတို့ ကွမ်းယာဆိုင်ခုံနားတွင် သွားရပ်လိုက်သည်။


"နင် စိတ်တော့ ခိုင်ခိုင်ထားဟ..."


"ဘာလဲဟ နင်ကလဲ .... ငါ စိတ်မရှည်တော့ဘူးနော်ညီညီ "


"နင့်လူ မင်းလတ် လေ သူ့သတင်းကြားပြီးပြီလား..."


   ညီညီ ဆိုသောကောင်က သည်လို ငရစ်ကောင်ဖြစ်သည် ။ပြောစရာရှိသည်ကို မပြောဘဲ အရစ်ရှည်တတ်သည်။ငြိမ်းက စိတ်မရှည်၍ ထထုလျှင် ငြိမ်းတို့ အုပ်စုတွေကြား ဆူညံပွက်လောရိုက်ကုန်သည်။ဒါသည်ပင် လူအများစု၏အမြင်၌ အမြင့် မသင့်တော် စရာလိုလိုဘာလိုလို အထင်သေးခံခဲ့ရသည်။


"ပြောစရာရှိ ပြောလိုက်ပါဟယ်...အရစ်ရှည်နေသေးတယ်...နင်ပြောမှ သတိရတယ် ....သူ ငါ့ဆိုင်ကိုမလာတာ  ကြာပြီဟ..." 


"အေး ...နင့်ဆိုင်ကို ဘယ်လာတော့မလဲဟ... သူက ဝင်းဝါနုနဲ့ ဖြစ်နေတာတဲ့ဟ...အခု သူ့အိမ်က သိသွားလို့ မိုးမီးလောင်နေပြီလေ..."


"ဟုတ်လား..."


"နင် ဘာမှ မဖြစ်ဘူးလား ငြိမ်း"


    ညီညီက ငြိမ်းကို အံ့ဩတကြီးနှင့် မေးလေသည်။


"ငါက ဘာဖြစ်ရမှာလဲဟ ...သူနဲ့ ငါက ရိုးရိုးသားသားခင်တာပါလို့ နင်တို့ကို ငါပြောသားပဲ ..."


"နင်က ရိုးမရိုးတော့မသိဘူး .... သူကတော့ နင့်အပေါ်မရိုးတာ ငါတို့အားလုံးသိတယ်လေ....ဘယ်လိုများ ဝင်းဝါနု နဲ့ဖြစ်သွားလဲမသိဘူး ... ဒီကောင့်ဘ၀တော့ သွားပါပြီ ဟာ ....."


"မသိပါဘူးဟာ ... သူ့ကံတရားပေါ့...."


     ငြိမ်း ဒါပဲပြောပြီး ညီညီဆိုင်ရှေ့မှလှည့်ထွက်ခဲ့လိုက်သည်။


***********************


     အသားကဖြူဖြူ ။ခန္ဓာကိုယ်က သွယ်သွယ် မြင့်မြင့် ။မျက်ခုံးနက်နက်နှင့် စူး၍တောက်ပသော မျက်ဝန်းတစ်စုံ ။ ခပ်တင်းတင်းစေ့ထားသော နှုတ်ခမ်းအစုံက လောကကြီးတစ်ခုလုံးနဲ့ ပဲ ရန်ဖြစ် ထားသလိုလို။မုန့်ပုံးတွေ မုန်ထုတ်တွေကို ကုန်းမလိုက်လျှင် မျက်နှာပေါ်သို့ဝဲခနဲ ကျလာလေသော ဆံပင်နက်နက်များ။ရွှေအိုရောင်ဆံပင်။ နီညိုရောင် ဆံပင် စသည်ဖြင့် ဆံပင်အရောင်မျိုးစုံ ခေတ်စားနေသော ခေတ်ကြီးထဲတွင် သူ၏ဆံပင်နက်မှောင်မှောင်နှင့် သူ့မျက်နှာမှာ ကြည့်ကောင်းလှပေသည်။ခန့်မှန်းရသသလောက်တော့ သူ့အသက်သည် နှစ်ဆယ့်ကျော်လောက်ရှိလိမ့်မည်ထင်သည်။ ငြိမ်းထက်တော့ငယ်လိမ့်မည်ထင်ပါသည်။ငြိမ်းအသက်က နစ်ဆယ့်ငါးဆိုတော့ သူ့အသက်က နှစ်ဆယ်နှစ်လောက်များရှိလေမလား။ငြိမ်းသည် ဘာရယ်မဟုတ် မုန့်လာချသော စက်ရုံးကားပေါ်မှ အလုပ်သမားကောင်လေးကို ငေးကြည့်ပြီးတွေးတော့နေမိခြင်းဖြစ်လေသည်။မိမိရဲ့ မုန့် အေးကျင်းဆိုင်အတွက် စက်ရုံ မုန့်ကား လာပို့သည်မှာလည်း ယခုမှမဟုတ် ဆိုင်ဖွင့်သက်တမ်းနှင့်ဆိုလျှင် သုံးနှစ်ပင်ကျော်နေပြီမဟုတ်လား။သို့သော် သည်ကောင်လေးကိုမူ သည်နေ့မှတွေ့ရခြင်းဖြစ်လေသည်။


" သူကဘယ်သူလဲ"


    ငြိမ်းကိုယ်တိုင် သတိမထားမိခင်မှာပင် ဈေးစားရင်း စာရွက်ကို လာပြသော အရောင်းမန်နေဂျာကို ငြိမ်း လွှတ်ခနဲမေးလိုက်မိလေသည်။


"ဘယ်သူ့ကို မေးတာလဲ ငြိမ်း ...ရဲရင့်ကို မေးတာလား"


  "အင်း ...အရင်က မမြင်ဖူးလို့ "


" သူ့အလုပ်ဝင်တာ မကြာသေးဘူး ငြိမ်းရဲ့...."


     ငြိမ်းတို့ စကားပြောနေစဉ်မှာပင် သူက မုန့်ပုံးများကို ထမ်းပြီး ငြိမ်းတို့အနားသို့ လျှောက်လာလေသည်။ငြိမ်းသူ့မျက်နှာကို ဖျတ်ခနဲ လှမ်းကြည့်လိုက်မိသည်။သူကလည်း ငြိမ်းဘက်သို့ ဖျတ်ခနဲ လှမ်းအကြည့် နှစ်ယောက်သား အကြည့်ချင်းဆုံမိသွားကြလေသည်။အကြည့်ချင်း ဆုံခိုက်တွင် သူ၏ စူးရှတောက်ပနေသော မျက်ဝန်းအစုံကို ငေးကြည့်ရင်း ငြိမ်းရင်ထဲ မျက်ဝန်းတစ်စုံကို ဖျက်ခနဲ မြင်ယောင်လိုက်မိလေသည်။


@@@@@@@@@@@@@@@@@@@@@@


အပိုင်း (၁၁ ) ဆက်ရန်


ဧကြည်ဖြူ


rate now: