book

Index 1

(အပိုင်း ၁ )

" ချူ "


-------------------------


"ဗြောင်....တောင်...တောင်...ဗေ...ဗေ့ ...ဂျိ...."


     အားလုံးတညီတညွတ်တည်းသံပြိုင် အော်လိုက်ကြပြီးသည့်နောက် လက်ဖဝါးများကို ရှေ့သို့ပြိုင်တူစုံချလိုက်ကြလေရာ ပိစိမသည် ပွဲပြီးမှပင် မှောက်ထားသောလက်ကို လျှင်မြန်စွာပြန်လှန်လိုက်သည်ကို ခင်ငြိမ်းစံ ခေါ်ငြိမ်းကတွေ့ဖြစ်အောင် တွေ့လိုက်လေသည်။


"ဟဲ့...ပိစိမ နင်လူလည်မကျနဲ့...ဘာလို့မှောက်ထားတဲ့လက်ကို ပြန်လှန်ရတာလဲ...နင်ရှုံးသွားပြီ...."


"ဟဲ့...မိငြိမ်း...ငါကဘာလူလည်ကျလို့လဲ...နင် စကား ပြောတာကြည့်ပြောနော်.."


"ခင်ငြိမ်းစံနှင့် ပိစိမတို့၏ အော်ကြီးဟစ်ကျယ်အသံကြောင့်...ဆော့ကစားရန် ပြင်နေကြသော ကလေးများမှာ ခင်ငြိမ်းစံနှင့် ပိစိမကို ဝိုင်းဝန်းကြည့်ရှုကြလေသည်။အထူးသဖြင့် ခင်ငြိမ်းစံကို ခင်တွယ်လွန်းလှသော ထူးထူးလေးမှာ မဟုတ်မခံ ဆတ်ဆတ်ကြဲမလေး ခင်းငြိမ်းစံနှင့် စွာတေးလန်မလေး ပိစိမတို့ ရန်ဖြစ်ကြမည်ကို စိုးရိမ်သောကြောင့် ကြားမှဝင်ရောက်ဖြေရှင်းလေသည်။


"ကဲပါ ....ထားလိုက်ပါ မိငြိမ်းရယ်... ဒီတစ်ပွဲမှာငါ လိုက်ပေးမယ် ဟုတ်ပြီလား..."


"ဒီမှာ..တင်ထူးအောင်ရဲ့...ငါက မလိုက် ပေးချင်လို့ပြောတာမဟုတ်ဘူး ဟဲ့...ပိစိမအမြဲ ဒီလိုလူလည်ကျနေတာလေ..သူ့ရဲ့အဲ့ဒီအကျင့်က အသက်ကြီးတဲ့အထိ ပါသွားမှာစိုးလို့ပြောနေတာဟဲ့...သူ့အကျင့်ကို သူ့မိဘတွေကဘာမှမပြောရင် ငါတို့သူငယ်ချင်းတွေက ပြောရမှာပေါ့..."


     ဆယ်နှစ်သမီးအရွယ် ခင်ငြိမ်းစံ၏ ကြီးကြီးကျယ်ကျယ်ပြောသောစကားကို သက်တူရွယ်တူဖြစ်သောပိစိမကမခံနိုင်ဖြစ်ပြီး ပြန်ပြောသောအခါ အသေးစား ရန်ပွဲလေးတစ်ခုဖြစ်ပွားလေတော့သည်။


"အောင်မယ်...မိငြိမ်း နင်ကများ ငါ့ကို ပြောရဲတယ်ပေါ့လေ... နင်ငါ့အကြောင်း သိမယ်မှတ်..."


"အေးပါ...လာပါ ပိစိမရဲ့...နင့်အကျင့်ကို ငါကိုယ်တိုင်ဖျောက်ပြမယ်...."


      ထူးထူးအပါအဝင် ကလေးအုပ်စုမှာ ခင်ငြိမ်းစံနှင့် ပိစိမတို့၏ရန်ပွဲ အားမျက်လုံးအပြူးသားနှင့့်ကြည့်နေကြစဉ်မှာပင် နှစ်ယောက်သားမှာ မြေပြင်ပေါ်တွင် သူတစ်ပြန် ကိုယ်တစ်ပြန် နပန်းလုံးကြလေတော့သည်။ခင်ငြိမ်းစံသည် အသက်ငယ်ပင်ငယ်ငြားသော်လည်း မဟုတ်လျှင် မခံသောစိတ်နှင့် သူ့ရှေ့တွင် အမြင်မတော် ရှိလျှင်ဝင်ပါတတ်သော အကျင့်ရှိသလို ပိစိမသည်လည်း ဆတ်ဆတ် ထိမခံစွာတေးလန်းမလေး ဖြစ်သောကြောင့် သူတို့နှစ်ဦးမှာ အမြဲလိုလို ရန်ဖြစ်လေ့ရှိသည်။ရန်ဖြစ်ပြီးလျှင်လည်း ကလေးများ၏ ထုံးစံအတိုင်းပြန်ခေါ်ကြသည်သာ။


"ငြိမ်း...ငြိမ်း တော်ပါတော့ဟ...ဟဲ့ ပိစိမ နင်ကလည်းလွှတ်လိုက်လေဟာ ... ဟေ့ .... လပြည့်တို့ အေးမာတို့ နင်တို့လည်း လာကူဆွဲပါဦးဟ ..."


    ငြိမ်းနှင့် ပိစိမတို့နှစ်ဦး ရန်ဖြစ်သောအခါ ထုံးစံအတိုင်းဝင်ရောက်ဖြန်ဖြေသူမှာ ထူးထူး ခေါ်တင်ထူးအောင်ပင်ဖြစ်ပါလေသည်။


"ဟဲ့....ဟဲ့...ကလေးတွေ ဒါဘာဖြစ်နေကြတာလဲ....ဟယ် သမီး ပိစိမ...အမလေး...မိငြိမ်း....နင် ငါ့သမီးကို အနိုင်ကျင့်နေတာပေါ့လေ...."


   ထိုသို့ဖြစ်နေချိန်တွင် ဒေါ နှင့် မောနှင့်  ၀င်ရောက်လာသူမှာ ပီစီမ၏မိခင်ဖြစ်သူ မသန်းရွှေပင်ဖြစ်ပါလေသည်။မသန်းရွှေသည် သမီးထိလျှင် ဓါးကြည့်ဆိုသော လူမျိုးဖြစ်သောကြောင့် လုံးထွေးသတ်ပုတ်နေကြသော ခင်ငြိမ်းစံနှင့် ပိစီမတို့နှစ်ဦးအနက်မှ သူ၏သမီးဖြစ်သူ ပိစိမကို ဆွဲထူလိုက်ပြီးလျှင် ခင်ငြိမ်းစံကိုတွန်းထုတ်ပစ်လိုက်ပြီး ဆူပူကြိမ်းမောင်းလေသည်။


"ဟဲ့  ...အရိုင်းအစိုင်းမလေးရဲ့.... ဒီမှာ လူစ္စာလုပ်နေမယ့်အစားနှင့် အဖေရဲ့ နောက်မိန်းမကို သွားစွာပါလား...မအေကြည့်တော့မတုန်မလှုပ် ထုံထုံအအနဲ့ သမီးကြည့်တော့ လူလည်ပတ်ကားမ...နောက်တစ်ခါ ငါ့သမီးကို ထိရဲထိ ကြည့်...ငါ့အကြောင်း သိမယ်...လာဟဲ့....ဂန်နာမလေး နင်လည်း အဲ့ဒီအရိုင်းအစိုင်းမလေးနဲ့ မဆော့ပါနဲ့လို့ ပြောထားရဲ့နဲ့ .. လုပ်သမျှ ခံတဲ့နင့်ကို အိမ်ရောက်မှရိုက်ပြမယ်..."


      ပြောဆိုပြီး ထွက်သွားသော မသန်းရွှေ တို့သားအမိကိုကြည့်ပြီးငြိမ်းက နှုတ်ခမ်းကိုရွှဲကာမျက်စောင်းလှမ်းထိုးပစ်လိုက်သည်။သည်အရပ်မှာ ခင်ငြိမ်းစံက ဖခင်ဖြစ်သူကို အရမ်းချစ်ခင်မှန်းသိကြသောကြောင့် ခင်ငြိမ်းစံ မကြိုက်မှန်းသိ၍ တမင်ပြောသွားမှန်း ခင်ငြိမ်းစံကသိနေလေသည်။


"တော်ပြီ ဟာ ....ငါ မကစားချင်တော့ဘူး  အိမ်ပြန်တော့မယ်..."


   ပိစိမ၏ မိခင်ပြောသွားသောစကားမှာ တကယ် အမှန်မဟုတ်မှန်း ခင်ငြိမ်းစံသိနေသော်လည်း မိဘနှင့် ပတ်သက်လျှင် ခံစားလွယ်တတ်သူပီပီ ခင်ငြိမ်းစံဆော့ကစားချင်စိတ်မရှိတော့ဘဲ အိမ်သို့ပြန်ခဲ့လေသည်။


"နင်ပြန်ရင် ငါလည်း ပြန်မယ်...နောက်မှပဲ လာကစားတော့မယ်..."


    ခင်ငြိမ်းစံပြန်မည်ဆိုသောအခါ ထူးထူးကလည်း မကစားတော့ဘဲ အတူ ပြန်လိုက်ခဲ့လေသည်။ခင်ငြိမ်းစံနှင့်ထူးထူး ခေါ်တင်ထူးအောင်တို့သည် ခြံချင်းကပ်နေကြသည့် ငယ်သူငယ်ချင်းများဖြစ်သောကြောင့် အခြားသူများထက်ပို၍ရင်းနှီးချစ်ခင်ကြခြင်းဖြစ်လေသည်။


************************


"အမေ...အဖေ့မှာ နောက်မိန်းမ ရှိနေလား ဟင်..."


    ငြိမ်းသည် ထမင်းကို ပလုပ်ပလောင်းစားနေရင်းမှ မိခင်ဖြစ်သူကို ဘာရယ်မဟုတ် လှမ်းမေးကြည့်လိုက်မိသည်။ငြိမ်း၏ မေးခွန်းကြောင့် မိခင်ဖြစ်သူ မငြိမ်းဝေမှာ သမီးဖြစ်သူ ခင်ငြိမ်းစံကို မျက်လုံးပြူးကြီးနှင့် လှည့်လိုက်ပြီးလျှင် အလန့်တကြား တားမြစ်လိုက်လေသည်။


"အို....ဘယ်လိုပြောလိုက်တာလဲသမီးရယ်...ပေါက်ပေါက်ရှာရာတွေ  နောက်တစ်ခါ မပြောနဲ့...အထူးသဖြင့် အဖေ့ရှေ့မှာမပြောရဘူးနော်....."


"ဟုတ်ကဲ့ပါ အမေရယ်.... အမေမကြိုက်ရင် ငြိမ်းမပြောတော့ပါဘူး....အဖေက ငြိမ်းနဲ့အမေ့ကို ဒီလောက်ချစ်တာ နောက်မိန်းမတစ်ယောက် အဖေ့မှာမရှိဘူးဆိုတာ ငြိမ်းသိပြီးသားပါ အမေရဲ့..."


    သမီးဖြစ်သူ ခင်ငြိမ်းစံ၏ စကားကြောင့် မငြိမ်းဝေသည် မျက်နှာကို တစ်ဖက်သို့လွှဲကာ ပါးပြင်ပေါ်သို့စီးကျလာသော မျက်ရည်စကို လက်ခုံနှင့် ကမန်းကတန်း ပွတ်သုတ်လိုက်လေသည်။ခင်ငြိမ်းစံ ခေါ်ငြိမ်းကမူ ထမင်းစားပြီးနောက် ပန်းကန်များ ဆေးရန် နောက်ဖေးမီးဖိုချောင်သို့စိတ်အေးလက်အေး နှင့်ဝင်ခဲ့လေသည်။


**********************


"ကျွန်မ တောင်းပန်ပါတယ် ကိုအောင်ရယ်....ရှင်တို့အနေအထိုင်ဆင်ခြင်ကြပါနော်... ကြာရင် သမီးလေးရိပ်မိသွားလိမ့်မယ်...."


"အေး....သမီးက ကလေးပဲရှိသေးတာ ...မင်းမပြောရင်ဘာမှ သိမှာမဟုတ်ဘူး....မင်းကိုဒီလောက် ပြည့်စုံအောင်ထားပေးရဲ့ နဲ့ ဒီလိုတဂျီဂျီတပူပူလုပ်နေမယ်ဆိုရင်...မင်းတို့သားအမိကိုငါပစ်ထားခဲ့လိုက်ပြီး သူနဲ့ အပြီးယူလိုက်မှာ.. ငါ့ကို ဘာမှတ်နေလဲ...."


"တော်....တော်ပါတော့ ကိုအောင်မင်းရယ် ကျွန်မ တောင်ပန်းပါတယ်...တော်ကြာသမီးလေး နိုးလာပြီး ကြားပြုသွားမှဖြင့်..."


   ငြိမ်းသည် မိခင်ဖြစ်သူနှင့်ဖခင်ဖြစ်သူ၏ အခန်း၀တွင် ငြိမ်သက်စွာရပ်လျက် နားထောင်နေမိလေသည်။ယနေ့ညမှ ငြိမ်းသည် အိပ်နေရာမှ လန်နိုးလာပြီး အပေါ့သွားချင်စိတ်ဖြစ်ပေါ်လာသောကြောင့် မိခင်ကို အဖော်ခေါ်ရန်အတွက် မိဘနှစ်ပါး၏ အခန်း၀သို့ ငြိမ်းရောက်နေခြင်းဖြစ်လေသည်။ငြိမ်း မိဘများ၏အခန်းဝသို့ရောက်ချိန်တွင် အခန်းထဲမှ မိဘများ၏ တီးတိုးစကားပြောသံကိုကြားရသောကြောင့် ငြိမ်း ငြိမ်သက်သက်စွာရပ်ပြီး နားထောင်နေမိခြင်းဖြစ်လေည်။ငြိမ်းသည် ယခုအခါ၌ အသက်ဆယ်နှစ် ပြည့်နေပြီဖြစ်ပြီး ဗဟုသုတနှင့် ပြည့်စုံသော ကလေးတစ်ယောက်ဖြစ်ခြင်းကြောင့် မိခင် နှင့်ဖခင်တို့ ပြောဆိုနေသောအကြောင်းအရာကို ငြိမ်းကောင်းစွာသဘောပေါက်နားလည်လေသည်။

     ငြိမ်းသည် ခြေကို ဖော့နင်းလျက် အခန်းဆီသို့ ပြန်လာခဲ့လေသည်။ ငြိမ်း၏ နားထဲတွင်မူ မိခင်ဖြစ်သူ၏ရှိက်သံတိုးတိုးသဲ့သဲ့ကိုကြားယောင်နေမိလေသည်။အမှန်တကယ် ပြောရမည်ဆိုလျှင် ငြိမ်းသည် လူမှန်းသိတတ်စအရွယ်ကတည်းကပင် အဖေ့ကို သိပ်ချစ်ခဲ့သည်။အဖေအလုပ်မသွားရသော နေ့များဆိုငြိမ်း သိပ်ကိုပျော်သည်။အမေသည် အနေအေးသူပီပီ အိမ်၏ ဝေယျာဝစ္စအလုပ်များနှင့်သူ၏ အိမ်အတွက် အပိုဝင်ငွေရှာသောအပ်ချုပ်စက်လေးပေါ်တွင် အချိန်ကုန်ဆုံးနေရသည်မှာများသောကြောင့် ငြိမ်းမှာ နေ့စဉ် ဖခင်ဖြစ်သူ အလုပ်က ပြန်အလာကို မျှော်မိသည်။အဖေက အလုပ်ကပြန်ရောက်ပြီဆိုလျှင် ငြိမ်းနှင့်အတူ ဆော့ကစားပေးသည်။ထိုမှ ငြိမ်းသည် ကျောင်းသူ ဘဝရောက်ပြီး ယခုအသက်အရွယ်သို့ရောက်သောအခါ ဖခင်နှင့်အတူသိပ်ပူးပူးကပ်ကပ်မနေတော့သော်လည်း ငြိမ်းသည် အဖေ့ကို အမြဲချစ်ခင်ခဲ့သည်။ငြိမ်း၏ အဖေသည် ယခုကဲ့သို့ ဖြစ်လာမည်ဟု ငြိမ်း လုံး၀ ထင်မှတ်မထားခဲ့ပါချေ။


**********************


"ငြိမ်း...ဒီလိုပုံစံတွေဝတ်ပြီး ဘယ်သွားမလို့လဲ... ခုနကတည်းက နင့်ကို ကြည့်နေတာ...ငါ မှတ်တောင် မမှတ်မိဘူး..."


     ထူးထူးသည် စက်ဘီးပေါ်တွင် ခြေထောက် ခွလျက် ရပ်နေသော ငြိမ်းကိုကြည့်ပြီး ရယ်ကျဲကျဲနှင့် ပြောလိုက်လေသည်။တင်ထူးအောင်ပြောမည်ဆိုလျှင် ပြောချင်စရာ ပါပေ။ငြိမ်းသည် ထဘီမနိုင်တနိုင်နှင့်သူနှင့်မတော် မရော်ရှပ်အင်္ကျီဖားဖားပွပွကြီးကိုဝတ်ဆင်ထားပြီး ခေါင်းထက်တွင် အဝိုင်းပြားကြီးကြီးဦးထုတ် ကိုခပ်ငိုက်ငိုက် ဆောင်းထားလေသည်။


"ဟဲ့...တကယ်လား...နင် ငါ့ကို တကယ် မမှတ်မိတာသေချာတယ်နော်..."


"တကယ်ပါဆို...ဒါနဲ့ နင်ဘယ်သွားမလို့လဲ...."


"ငါလား...သွားစရာရှိလို့ ပေါ့....သွားတော့မယ်ဟ...တော်ကြာ နောက်ကျနေဦးမယ်..."


"ငြိမ်း...နင်ဘယ်သွားမှာလဲ...ငါလည်း လိုက်ခဲ့မယ်နော်...."


"ဟဲ့ ....ထူးထူး နင်မလိုက်နဲ့ ငါက အရေးကြီးကိစ္စနဲ့ သွားမှာ လိုက်မလာနဲ့....."


    ငြိမ်းသည် ပြောပြောဆိုဆိုနှင့် စက်ဘီးကို အားကုန် နင်း၍ ပြေးလေသည်။တင်ထူးအောင်လည်း ငြိမ်းနောက်မှ စက်ဘီးကို အားကုန် နင်းပြီး လိုက်သွားလေသည်။


     ငြိမ်းတို့နေသော နေရာသည် နယ်မြို့လေးဖြစ်သောကြောင့် သိပ်အကျယ်ကြီးမဟုတ်ဘဲ လူအများစုမှာ စက်ဘီးများနှင့်သာသွားလာကြလေသည်။ငြိမ်း၏ ဖခင်ဖြစ်သူ ကိုအောင်မင်းသည်လည်း မြို့ထဲတွင်ရှိနေသော သူ၏ အလုပ်ဆီသို့စက်ဘီးဖြင့်သာသွားလေသည်။မြို့ထဲဟုဆိုသော်လည်း လူစည်ကားရှုပ်ထွေးခြင်းမရှိသော မြို့ငယ်လေးသာဖြစ်လေသည်။မြို့လေးသည် မြို့ကြီးပြကြီးများနှင့် အလှမ်းမဝေးလှသော်လည်း ရေတစ်တန်၊ကုနုံး တစ်တန်ဖြင့်သွားလာရသော ခရီးလှမ်းခေါင်မှုကြောင့် မြို့လေးတွင်နေထိုင်သူဦးရေနည်းပါးလှလေသည်။အမှန်တကယ် ဆိုရလျှင် သည်မြို့လေးသည် ငြိမ်းနှင့် ဖခင်ဖြစ်သူကိုအောင်မင်းအတွက် ဇာတိရပ်ရွာဖြစ်သော်လည်း ငြိမ်း၏မိခင်ဖြစ်သူ မငြိမ်းဝေ အတွက်မူ အိမ်ထောင်ကျကာမှ ရောက်ရှိလာခဲ့ရသော မြို့လေးဖြစ်လေသည်။ငြိမ်း၏မိခင် မငြိမ်းဝေ သည် ရန်ကုန်မြို့သူဖြစ်ပြီး ရန်ကုန်သို့ အလည်ရောက်လာသော ကိုအောင်မင်းနှင့် အသိမိတ်ဆွေတစ်ယောက်အိမ်တွင် တွေ့ဆုံပြီး ဖူးစာဆုံခဲ့ကြခြင်းဖြစ်လေသည်။မငြိမ်းဝေ သည် မိဘများ မရှိတော့ဘဲ အစ်ကိုကြီးဖြစ်သူ သာရှိသည်ဖြစ်၍ ကိုအောင်မင်းနှင့်အကြောင်းပါပြီးသောအခါ ကိုအောင်မင်း၏ ဇာတိရပ်ရွာသို့လိုက်ပါနေထိုင်ခဲ့ခြင်းဖြစ်လေသည်။

     ပြင်းလွန်းလှသော အရှိန်ကြောင့် လမ်းဘေးရှိသစ်ပင်များနှင့် အိမ်များသည် တရိပ်ရိပ်ပြေးကျန်ခဲ့လေသည်။စာသင်ကျောင်းများ ပိတ်ထားသော နွေရာသီ ကာလဖြစ်သောကြောင့် ကောင်းကင် သည်တိမ်ကင်းစင်၍ ကြည်လင်သာယာနေလေသည်။ကောင်းကင်ထက်တွင် နေပူချိန်ပြင်းနေသော်လည်း လမ်းဘေးရှိသစ်ပင်ရိပ်များနှင့် မြန်လွန်းလှသော စက်ဘီးအရှိန်ကြောင့် အပူဒဏ်မှာ သိပ်မသိသာလှပါပေ။တင်ထူးအောင်သည် စက်ဘီးကို အားကုန်နင်းနေရင်းမှ ရှေ့မှအသကုန်းနင်းသော သူငယ်ချင်းမလေးငြိမ်းကို အသံကုန်အော်ဟစ်ပြောနေမိလေသည်။


"ငြိမ်းရေ...ဖြည်းဖြည်းနင်းပါဟဲ့..."


     ငြိမ်းသည်လည်း တင်ထူးအေင်၏အော်သံကိုမကြားယောင်ပြုပြီး စက်ဘီးကို ပိုမိုလျှင်မြန်စွာနင်းခဲ့လေသည်။


    ငြိမ်းသည် လမ်းဘေး အကြော်ဆိုင်တစ်ဆိုင်ရှေ့အရောက်တွင် စက်ဘီးကို ထိုးရပ်လိုက်လေသည်။နောက်မှ အားကုန်နင်းလိုက်လာသော တင်ထူးအောင်သည်လည်း စက်ဘီးကို အကြော်ဆိုင်ရှေ့တွင် ထိုးရပ်လိုက်ပြီး စက်ဘီးပေါ်မှ ဆင်းလိုက်ရလေသည်။


"ငြိမ်းရယ်...နင် အကြော်စားချင်လို့လား....အန္တရာယ်များလိုက်တာဟာ ...ငါ့ မှာနင့်နောက်အမှီလိုက်ရတာ အသက်ထွက်တော့မယ်...."


"တိတ်တိတ်နေစမ်းပါ ထူးထူးရယ် ....ကိစ္စရှိလို့လာတာဟ...အကြော်စားချင်လို့ လာတာ မဟုတ်ဘူး...ဒေါ်ကြီး...သမီးတို့ စက်ဘီးတွေဒီမှာ ခဏထားခဲ့မယ်နော်...အပြန်ကျရင် ဒေါ်ကြီးဆီက အကြော်တွေဝယ်ပါ့မယ်ရှင်..."


    ငြိမ်းသည် တင်ထူးအောင်ကို မျက်စောင်းထိုးပစ်လိုက်ပြီး ဒေါပွပွနှင့် လှမ်းပြောလိုက်ရင်းမှ တဆက်တည်းပင် အကြော်ဆိုင်ပိုင်ရှင် အဒေါ်ကြီးကိုပါလှမ်းပြောလိုက်လေသည်။


**********************


"ဟဲ့...ထူးထူး နင့်ဦးထုတ်ကို ငိုက်ငိုက် ဆောင်းပါဟ...တော်ကြာ လမ်းမှာ ငါတို့ကို သိတဲ့သူတွေ တွေ့သွားပြီးမှတ်မိကုန်ကြမယ် ..."


   ငြိမ်းသည် ကိုယ်တိုင်က ဦးထုတ်ကို သေချာပြင်ဆောင်းပြီး မေးသိုင်းကြိုးကို အသေအချာပြင် ချည်သည် ပြီးလျှင် လမ်းဘေးဝဲယာသို့ ကျီးကန်းတောင်းမှောက်ကြည့်လိုက်သည်။

    နောက်မှလိုက်လာသော တင်ထူးအောင်မှာ ငြိမ်းပုံစံကိုကြည့်ပြီး အူတိအူကြောင်နှင့် လှမ်းမေးလိုက်သည်။


"ငြိမ်း  ....နင် ဘာဖြစ်နေတာလဲ ... ဒီနေရောက ငါတို့အိမ်တွေနဲ့ဝေးပါတယ်ဟ...ငါတို့ကို ဘယ်သူမှ မသိပါဘူး....နင်က အခု ဘယ်ကိုသွားမလို့လဲ ငါ့ကိုလည်း ပြောဦးလေ..."


"နင်ဟာလေ အတော် လျှာရှည်ပါလား ငထူးရဲ့....ငါကမလိုက်ပါနဲ့လို့ပြောတာကို ဇွတ်လိုက်လာပြီး အမေးအမြန်းတယ် ထူပါလား...ဒီမှာ ငါက အခု ငါ့အဖေ အလုပ်လုပ်နေတဲ့ ဆန်ကြိတ်စက်ကို အနောက် ပေါက်ကနေသွားချောင်းမလို့ ဟဲ့ သိရဲ့လား...ဘာမှထပ်မမေးနဲ့....လိုက်ချင်လိုက် မလိုက်ချင်နေခဲ့....."


@@@@@@@@@@@@@@@


  အပိုင်း (၂) ဆက်ရန်


ဧကြည်ဖြူ




rate now: