book

Index 9

အပိုင်း ( ၉ )

 " စိန်ပန်းမြိုင်မှအိမ်နီကြီး "

****************


" လာကြပါဦး....ကယ်ကြပါဦး..." ကျွန်မ အသံကုန်အော်ဟစ်လိုက်​ပြီး လှေကား​ခြေရင်းတွင်သွေးအလူးလူးနှင့်လဲကျနေသော မင်းပိုင်ဦးဆီသို့အလျှင်အမြန်ပြေးဆင်းသွားမိသည်။


" ကိုမင်းပိုင်ဦး...ကိုမင်းပိုင်ဦး.. ကျွန်မခေါ်တာကြားလား...ရှင်သတိထားပါဦး ..."


   ကျွန်မ မင်းပိုင်ဦး၏ခန္ဓာကိုယ်မှထိခိုင်ဒဏ်ရာများကိုကြည့်ရင်း နှုတ်မှတတွတ်တွတ်အားပေးစကားပြောလိုက်ပြီး သွေးထွက်မလွန်စေရန် လုပ်စရာရှိသည်များကို အလျှင်အမြန်လုပ်ဆောင်နေမိသည်။


"လူ  ...လူသတ်တရားခံက...."


      မင်းပိုင်ဦးသည် သတိရတစ်ချက် မရတစ်ချက်ကြားမှ တိုးတိတ်ဖျော့တော့လွန်းသော အသံဖြင့် အားယူပြောဆိုပြီးနောက် ငြိမ်သက်၍သွားလေသည်။


" ကိုမင်းပိုင်ဦး  သတိထားလေ....ကျွန်မခေါ်နေတာကြားလား...လာကြပါဦး...ကယ်ကြပါဦးရှင်...."


      ကျွန်မ၏ အော်သံအဆုံး၌ အိမ်သားများအားလုံး ကျွန်မနှင့်ကိုမင်းပိုင်ဦးရှိသော လှေကားခြေရင်းသို့ ရောက်ရှိလာကြလေသည်။


****************

       

      လူကသာ သူဌေးကြီး၏ခုတင်ဘေးတွင် ထိုင်နေရသော်လည်း ကျွန်မစိတ်အစဥ်မှာ ဆေးရုံပေါ်တွင် မေ့မျောနေဆဲဖြစ်သော မင်းပိုင်ဦးဆီသို့ ရောက်ရှိနေမိလေသည်။ဘယ်လိုမှမတတ်သာ၍သာ အိမ်သို့ပြန်လာခဲ့ရသော်လည်း မင်းပိုင်ဦးသတိရသည်အထိစောင့်ကြည့်​ပြီး ဖြစ်ပျက်သမျှအလုံးစုံကို သိချင်နေမိသည်။မင်းပိုင်ဦး၏အဒေါ်လင်မယားက ဆေးရုံသို့လိုက်လာပြီးလျှင် စိန်ပန်းမြိုင်မှ အိမ်သားတွေကို တစ်ယောက်မှ လူနာတွေ့ခွင့်မပြုဟု တားမြစ်လိုက်သောကြောင့် ကျွန်မတို့အားလုံးဆေးရုံမှပြန်ခဲ့ရသည်။ပြီးလျှင် အိမ်ရောက်သည်နှင့် ရဲများရောက်လာပြီးမေးမြန်းစစ်ဆေးကြသေး၏။မင်းပိုင်ဦး၏ အဒေါ်က ရဲစခန်းကိုတိုင်လိုက်ခြင်းဖြစ်သည်။ရဲများရောက်လာသည်နှင့် စစ်ဆေးမေးမြန်းခံရဆုံးမှာ ကျွန်မပင်ဖြစ်သည်။


" မဝတ်ရည် သေချာစဥ်းစားပါဦး... ပထမဆုံး ကိုမင်းပိုင်ဦးကိုတွေ့ရတဲ့ အချိန်က ဘေးပတ်ဝန်းကျင်မှာ...မသင်္ကာစရာလူဖြစ်ဖြစ် ဒါမှမဟုတ်အခြားတစ်ခုခုကိုများသတိထားမိလား "


"မ...မသိတော့ပါဘူးရှင်....ကျွန်မလည်း ကိုမင်းပိုင်ဦးလဲကျနေတာကိုတွေ့တာနဲ့ ထူပူပြီး ပြေးဆင်းသွားမိတာပါ... ကျန်တာတွေကို သတိမထားမိဘူး "

    ကျွန်မ စကားဆုံးသည်နှင့် တာဝန်ကျရဲက ရေးမှတ်စရာရှိသည်များကို ရေးမှတ်နေပြီး အခြားအိမ်သားများကိုထပ်မေး​လေသည်။အိမ်သားအားလုံးကို စစ်ဆေးပြီးသောအခါ အမှုမှန်မပေါ်မချင်း မည်သူမျှ ခရီးသွားခွင့်မရှိဟု မှာကြားသွားလေသည်။စဥ်းစားမိသလောက် သေချာသည်မှာ မင်းပိုင်ဦးသည် လူသတ်တရားခံကို သိရှိသွားပေလိမ့်မည်။ ဒါကြောင့်ပင် လူသတ်သမားက နှုတ်ပိတ်ရန်အတွက် လှေကားပေါ်မှတွန်းချလိုက်ခြင်းဖြစ်လိမ့်မည်။ကျွန်မ မင်းပိုင်ဦးကိုစင်္ကြန်လမ်းမှာ တွေ့ပြီး အခန်းထဲပြန်ဝင်ကာ အင်္ကျီဝတ်၊ဓါတ်မိီးယူသည်မှာ ငါးမိီနစ်ပင်မကြာပါ။လှေကားထိပ်သို့ ကျွန်မရောက်သွားချိန်အထိ ကြာလှမှ ငါးမိနစ်ကျော်ကျော်သာဖြစ်သည်။ ထိုအချိန်အတွင်းမှာ လူသတ်သမားက ပျောက်ချင်းမလှပျောက်သွားသည်။ပြီးနောက် ကျွန်မအော်သံကြောင့် အိမ်သားများရောက်လာချိန်တွင်လည်း အားလုံးလိုလို တစ်ပြိုင်တည်းရောက်လာကြသည်။ခြံထဲမှာနေသော ခြံစောင့်ကြီး ဦးဖိုးထော်တစ်ယောက်ပဲ နောက်ဆုံးမှရောက်လာခဲ့သည်။ဘာပဲဖြစ်ဖြစ် သေချာသည်မှာသည်လူများထဲမှ တစ်ယောက်ကတော့ ကျိန်းသေလူသတ်သမားပင်ဖြစ်သည်။သည်လူသတ်သမားကို အမြန်ဆုံး မဖော်ထုတ်နိုင်လျှင် သည်စိန်ပန်းမြိုင်အိမ်ကြီးတွင် နောက်ထပ်သေဆုံးမှုများရှိလာနိုင်သည်။


"ဆရာမလေး "


      ကျွန်မအတွေးထဲမှာ နစ်မျောနေမိရာမှ အခန်းဝမှခေါ်သံကြောင့် လှည့်ကြည့်လိုက်မိသောအခါ သီဟထွန်းရှိန်ကိုတွေ့လိုက်ရလေသည်။


   " ကိုမင်းပိုင်ဦးအတွက်... ဆရာမလေးစိတ်ပူနေမှာစိုးလို့ပါ...ကျွန်တော် ဆေးရုံကိုဖုန်းဆက်မေးလိုက်တယ်...ကိုမင်းပိုင်ဦးသတိမရလာသေးပေမဲ့ အသက်အန္တရာယ်အတွက်မစိုးရိမ်ရတော့ဘူးတဲ့...အဲ့ဒါလာပြောတာ "


   ပြောပြီးသည်နှင့် ညှိုးနွမ်းသောမျက်နှာနှင့်ကျောခိုင်းထွက်သွားသော သီဟထွန်းရှိန်၏နောက်ကျောပြင်ကို ငေးမောကြည့်နေမိပြီး ကျွန်မနှုတ်မှသူ့အလိုလိုလှမ်းခေါ်လိုက်မိလေသည်။


"  သီဟထွန်းရှိန် ခဏနေပါဦး "


     ကျွန်မခေါ်သံကြောင့် သီဟထွန်းရှိန်က လှမ်းနေသော ခြေလှမ်းများကို ရပ်တန့်လိုက်ပြီ လှည့်ကြည့်လေ၏။ကျွန်မလည်း သီဟထွန်းရှိန်ရှိရာသို့ ခပ်​မြန်​မြန်လျှောက်သွားလိုက်သည်။

 

  "ကိုမင်းပိုင်ဦး ကိစ္စကို ရှင်ဘယ်လိုထင်လဲဟင်..."

 

      ကျွန်မစကားအဆုံးမှာ သီဟထွန်းရှိန်က ဖျတ်ခနဲမော့ကြည့်လာပြီး


"ကျွန်တော် မပြောတတ်ဘူး  ...ကိုမင်းပိုင်ဦးကရော ညနက်ကြီးမှာအောက်ထပ်ကိုဘာဆင်းလုပ်တာလဲ...​ပြီးတော့ ဆရာမလေးကရောအပြင်ကိုဘာထွက်လုပ်တာလဲ ပြောပါဦး...ကျွန်တော်တစ်ချိန်လုံးအဲ့ဒါကိုပဲတွေးမိနေတာ...ကိုမင်းပိုင်ဦး အခုလိုဖြစ်သွားတာကို ကျွန်တော်စိတ်မကောင်းပါဘူး...ဒါပေမဲ့ အခုချိန်မှာ ရင်ကွဲမတက်ခံစားနေရတာ ကျွန်တော်ပါ...ကျွန်တော့်ရင်ထဲမှာ ဘယ်လောက်ထိခံစားနေရလဲသိလား...ဆရာ့မလေးရဲ့စိတ်ထဲမှာ...ဆရာမချစ်သူဒီလိုဖြစ်သွားလို့ ကျွန်တော့်ကို မသင်္ကာ

ဖြစ်နေတာမဟုတ်လား.."


" သီဟထွန်းရှိန်...ရှင်ဘာအဓိပ္ပါယ်နဲ့ပြောနေတာလဲ...ကျွန်မနဲ့ကိုမင်းပိုင်ဦးကမိတ်ဆွေတွေပါ...ရှင်ထင်ချင်ရာထင်ပြီးတွေးချင်ရာတွေးမနေနဲ့...ပြီးတော့  ဘယ်သူ့ကိုမှစွပ်စွဲနေတာမဟုတ်ဘူး...ကျွန်မတို့အချင်းချင်းစည်းလုံးဖို့ကိုပဲပြောချင်တာ "


"ဆောရီး.... ကျွန်တော်တောင်းပန်ပါတယ်...ကျွန်တော့်စိတ်တွေ တအားရှုပ်ထွေးနေလို့ပါ...အဖြစ်မှန်တွေပေါ်အောင် ကျွန်တော်ကြိုးစားမှာပါ...ပြီးတော့ ဆရာမလေးလည်း ညဘက်တွေ အပြင်ကိုမထွက်ပါနဲ့နော်...ကျွန်တော့်ကိုယုံတယ်ဆိုရင်ဒီစကားလေးပဲနားထောင်ပေးပါ..."


****************


      ညကတစ်စထက်တစ်စပိုနက်လာသလို  စိန်ပန်းမြိုင်အိမ်ကြီးကလည်း ယခင်နေ့များကထက်ပိုပြီး တိတ်ဆိတ်နေပုံမှာ ချောက်ချားဖွယ်ရာကောင်းလှ​​ပေသည်။

     ကျွန်မ အိပ်မပျော်နိုင်သည်မို့ စာကြည့်စားပွဲတွင်ထိုင်ပြီး စာအုပ်ဖတ်နေမိလေသည်။


" ဂျိိီ... ဂျီ..."အသံကြားကြားချင်းပင် ကျွန်မ ဆတ်ခနဲတုန်သွားမိပြီး တစ်ကိုယ်လုံးဖိန်းခနဲရှိန်းခနဲနေအောင် ကြက်သီးမွှေးညှင်းများထလာလေသည်။ကျွန်မလက်ထဲမှ စာအုပ်ကိုချလိုက်ပြီး နောက်သို့ ခပ်ဖြည်းဖြည်းလှည့်ကြည့်လိုက်မိသည်။


"အီ "အံကိုကြိတ်၍ စိတ်ကိုတင်းထားသည့်ကြားမှ ဘယ်လိုမှအသားမကျနိုင်သောမြင်ကွင်းကြောင့် နှလုံးခုန်သံများက တဒိန်းဒိန်း​မြည်​အောင်ဆောင့်ခုန်လာလေသည်။ မျက်လုံးပြူးကြီးများနှင့်ကျွန်မကို လှမ်းကြည့်နေသော အမျိုးသမီးသည်လက်နှစ်ဖက်ကကြမ်းပြင်ကိုတဂျီဂျီမြည်အောင်ကုတ်ခြစ်နေ​လေသည်။ကျွန်မသည် လည်ပြန်ချည်းနှင့်ပင် ထိုမြင်ကွင်းကိုမရဲတရဲကြည့်နေမိသည်။ထိုစဥ်မှာပင် အမျိုးသမီးသည် ဒေါသတကြီးပုံနှင်မတ်တတ်ထရပ်လိုက်လေသည်။ဝဲခနဲလွင့်ကျလာသောဆံပင်ရှည်ကြီးများ၊ညအိပ်ဝတ်စုံးဖားဖားကြီးနှင့်​ကြမ်း​​​ပြင်ကို ဖနောင့်နှင့်ဒေါသတကြီးပေါက်နေသော ထိုအမျိုးသမီး၏ကြောက်မက်ဖွယ် သွင်ပြင်သဏ္ဍန်ကိုကြည့်ပြီး ကျွန်မထိတ်လန့်တကြားအော်ဟစ်လိုက်မိကာ မျက်လုံးအစုံကိုမှိတ်ချလိုက်မိလေသည်။


"ဒေါက်...ဒေါက်..."   

 

"အမလေး"


     ရင်အစုံသည် တလှပ်လှပ်အခုန်မြန်နေဆဲမှာပင် အခန်းတံခါးခေါက်သံကိုကြားလိုက်ရသည့်မို့ အယောင်ယောင်အမှားမှားနှင့် လန့်ဖျပ်အော်လိုက်မိပြီး မျက်လုံးကိုမဝံ့မရဲဖွင့်ကြည့်လိုက်သောအခါ တစ်ခန်းလုံးရှင်းလင်းတိတ်ဆိတ်နေလေသည်။

     ကျွန်မ တဆတ်ဆတ်တုန်ယင်နေဆဲဖြစ်သော ခြေလှမ်းများကိုထိန်းပြီး အခန်းတံခါးဝဆီသို့ ခပ်ဖြည်းဖြည်းလျှောက်သွားလိုက်ကာ တံခါးကိုဖွင့်လိုက်သည်။


" ဟင် "

    တံခါးကို ဖွင့်ဖွင့်ချင်းမှာပင် မမျှော်လင့်ထားသူကိုတွေ့လိုက်ရသောကြောင့် ကျွန်မအထိတ်တလန့်နှင့်ခြေလှမ်းများကိုနောက်သို့ အလန့်တကြားပြန်ဆုတ်လိုက်မိသည်။သို့သော်လည်း ကျွန်မ၏ခြေလှမ်းများမှာ နောက်ကျသွားချေပြီ။မရွှေမိသည် သူ၏ရှည်လျားသောလက်နှင့် ကျွန်မလက်ကိုဆောင့်ဆွဲ့လိုက်လေသည်။မရွှေမိ၏ ရေခဲတမျှအေးစက်နေသောလက်နှင့်ထိတွေ့လိုက်ရသည့် တစ်ခဏ၌ ကျွန်မတစ်ကိုယ်လုံးအေးစက်တောင့်တင်းသွားသလို ခံစားလိုက်ရပြီး မရွှေမိဆွဲခေါ်ရာနောက်သို့ တရွတ်ဆွဲ၍လိုက်ပါသွားရလေသည်။ကျွန်မ အားရှိသမျှရုန်းကန်ကာ မရွှေမိ၏လက်မှလွတ်အောင်ကြိုးစားသော်လည်း လူသေကဲ့သို့​အေးစက်တောင့်တင်းနေသော မရွှေမိ၏လက်မှာ သံကဲ့သို့ခိုင်မာလှ၍ ရုန်းမထွက်နိုင်ဘဲရှိလေသည်။လေအဟုန်ကဲ့သို့လျှင်မြန်စွာရွေ့လျားသွားနေသောမရွှေမိနောက်မှ ကျွန်မလည်း တရွတ်တိုတ်လိုက်ပါလာခဲ့ပြီး စိန်ပန်းမြိုင်အိမ်ကြီး၏ အခန်းပေါင်းများစွာကိုကျော်ဖြတ်ပြီး ခြံကြီး၏ အနောက်ဘက်တောအုပ်အစပ်သို့ရောက်ရှိလာခဲ့လေသည်။ညအမှောင်အောက်၌ တောအုပ်ကိုကြည့်ရသည်မှာ တစ္ဆေကြီးတစ်ကောင်ငုတ်တုတ်ထိုင်နေသည့်ပမာ ချောက်ချားတုန်လှုပ်ဖွယ်ကောင်းလှပေသည်။မရွှေမိသည် ကျွန်မလက်ကိုမလွှတ်ဘဲ တောအုပ်ထဲသို့တရကြမ်းပြေးဝင်သွားလေသည်။


" လွှတ်..

လွှတ်...ကျွန်မလက်ကိုလွှတ်ပေးပါမရွှေမိ...ကျွန်မကြောက်တယ်...ကျွန်မ မလိုက်ချင်ဘူး " 

   ကျွန်မကြောက်လန့်တကြားနှင့်အော်ဟစ်နေသော်လည်း မရွှေမိသည် ကျွန်မ၏အသံကိုမကြားသည့်အလား ရှေ့ကိုဆက်၍သွားနေပြီး ကုန်းကမူလေးနားသို့ရောက်သောအခါ ​ခြေအစုံကိုရပ်တန့်လိုက်လေသည်။


" အူး..အူး...ဝူး...ဝူးဝူး....." ချောက်ချားဖွယ်ရာ ပေါ်ထွက်လာသော ခွေးအူးသံများကြောင့် ကျွန်မရင်ဘတ်ထဲမှအသည်းနှလုံးများ ဆွဲနုတ်ခံလိုက်ရသလို ရင်ထဲ၌ လှစ်ဟာအေးစက်သွားလေသည်။မရွှေမိသည် တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားသော ကျွန်မလက်ကိုလွှတ်လိုက်ပြီး ကုန်းကမူလေးဘေးရှိခြုံတောထဲမှ တစ်စုံတစ်ခုကိုကောက်ယူလိုက်ပြီး ကျွန်မကိုလှမ်း၍ပေးနေလေသည်။


"ယူ...လေ....လာယူ...."


" ဟင့်အင်း...မယူဘူး...မယူဘူး.." 


      အေးစက်ချောက်ချားဖွယ်ကောင်းသော အသံသြသြကြီးနှင့်ပြောလာသော မရွှေမိကိုကြည့်ပြီး ကျွန်မထိတ်လန့်တုန်လှုပ်စွာ ခေါင်းကိုခါယမ်းပြီး​အော်ဟစ်ငြင်းဆန်လိုက်မိသည်။မရွှေမိသည် ကျွန်မကိုကြည့်ပြီး ဒေါသတကြီးနှင့်ကျွန်မရှိရာဆီသို့ တစ်လှမ်းချင်းလှမ်းလာလေသည်။ခြေကာရားလက်ကားရားနှင့်ကျွန်မဆီသို့လှမ်းလာနေသော မရွေမိ၏ပုံစံမှာ တွေ့စကထက်ပို၍ကြောက်မက်ဖွယ်ကောင်းလာပြီး ခေါင်းပေါ်မှ သွေးများသည် ခန္ဓာကိုယ်တစ်ခုလုံးသို့ တစက်စက်စီးကျ၍နေလေသည်။ထိတ်လန့်ချောက်ချားဖွယ်ကောင်းလှသော မရွှေမိ၏ပုံပန်းသဏ္ဍန်ကိုကြည့်ပြီး ကျွန်မအားကုန်အော်ဟစ်လိုက်မိလေသည်။


" အား....မလာနဲ့...ကျွန်မဆီကိုမလာခဲ့နဲ့..."


 " ဝုန်း"


"   အား   "


     ကျွန်မအသံကုန်အော်ဟစ်ပြီး ရုန်းကန်လိုက်မိရာ  ဝုန်းခနဲလဲပြိုသံနှင့်အတူ ကျွန်မတစ်ကိုယ်လုံးကြမ်းပြင်ပေါ်သို့ပြုတ်ကျသွားလေတော့သည်။


"အား...ကျွတ်...ကျွတ်..."ကျွန်မသတိဝင်လာပြီး ကြမ်းပြင်ပေါ်မှအမြန်လူးလဲထလိုက်သည်။ကျွန်မ စာကြည့်စားပွဲမှာစာအုပ်ဖတ်နေရာမှအိပ်ပျော်သွားပြီး အိပ်မက်မက်နေခြင်းပင်ဖြစ်လေသည်။အိပ်မက်ဟုဆိုသော်လည်း သွေးသံရဲရဲနှင့်မရွှေမိ၏ပုံစံကိုမြင်ယောင်မိပြီး တစ်ကိုယ်လုံးခြေဖျားလက်ဖျားတွေပါ အေးစက်လာလေသည်။


" ဆရာမလေး... ဆရာမလေး...ဘာဖြစ်တာလဲ..တံခါးအမြန်ဖွင့်ပါဦး..."


    ကျွန်မတစ်ယောက်တည်း တုန်လှုပ်ချောက်ချားနေစဥ်မှာပင် အခန်းအပြင်မှ သီဟထွန်းရှိန်၏ အသံကိုကြားလိုက်ရသည်မို့ စိတ်ထဲမှ ထိတ်ခနဲနေအောင်ဝမ်းသာသွားမိလေသည်။


    ကျွန်မ အခန်းတံခါးကိုဖွင့်ပေးလိုက်သောအခါ သီဟထွန်းရှိန်သည် စိုးရိမ်တကြီးပုံစံနှင့် အခန်းထဲသို့ 

ဝင်လာပြီး ကျွန်မလက်ကိုဆွဲကိုင်လိုက်ပြီး အလောတကြီးဖြင့်မေးလေသည်။


" ဘာဖြစ်တာလဲဆရာမလေး...ဆရာမလေးအခန်းထဲကအော်သံကြားလို့.... ဆရာမလေးဘာဖြစ်သွားသေးလဲဟင်..."

     စိုးရိမ်တကြီးဖြင့် ကျွန်မလက်မောင်းနှစ်ဘက်ကို သူ့လက်နှင်ခပ်တင်းတင်းဆုပ်ကိုင်ပြီးမေးနေသော သီဟထွန်းရှိန်၏လက်အစုံကို ကျွန်မလက်နှင့်အသာအယာဖယ်ရှားလိုက်ပြီး ကျွန်မ ခုတင်ပေါ်သို့ အင်အားချည်နဲ့စွာထိုင်ချလိုက်မိသည်။


" ဘာ...ဘာမှ မဖြစ်ပါဘူး....ကျွန်မ...ကျွန်မအိပ်မက်ဆိုးတွေမက်နေတာ...အရမ်း​ကြောက်ဖို့ကောင်းတဲ့အိပ်မက်လေ....ရှင်....ရှင်က ကျွန်မအသံကိုဘယ်လိုကြားပြီး ရောက်လာတာလဲ...ရှင့်အခန်းနဲ့ကျွန်မအခန်းဒီလောက်အဝေးကြီးကို..."


" ဟို....ဟို....ကျွန်တော်...ဆရာမလေးကိုစိတ်ပူလို့မနေ့ညကတည်းက... ဒီဘေးကအခန်းကို​ပြောင်းလာခဲ့တာ...."


      သီဟထွန်းရှိန်သည် ကျွန်မအမေးကိုဖြေပြီးသည်နှင့် ခေါင်းကိုအောက်ငုံကာ ကျောက်ဆစ်ရုပ်ပမာရပ်နေလေသည်။ကျွန်မလည်းသီဟထွန်းရှိန်ကို မယုံမရဲနှင့် အတန်ကြာငေးမောကြည့်နေမိလေသည်။ထိုနောက် ကျွန်မတို့နှစ်ယောက်သား အခန်းထဲတွင် တိတ်ဆိတ်ငြိမ်သက်စွာထိုင်နေမိကြသည်။အပြင်လောက၌ စိန်ပန်းမြိုင်အိမ်ကြီးသည်လည်း ချောက်ချားဖွယ်ရာကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေဆဲဖြစ်လေသည်။


    ********** ******

      အချိန်ကနေ့ လယ်တစ်နာရီကျော်ကျော်။သူဌေးကြီးလည်း နေ့လယ်နေ့ခင်းတရေးတမောအိပ်သွားပေပြီ။ လပြည့်နေ့ဖြစ်၍  အိမ်တွင်လူစုံတက်စုံရှိသော်လည်း အိမ်အလုပ်သမားများကလည်း သူတို့အလုပ်နှင့်သူတို့ရှုပ်နေကြသလို ၊ အိမ်ကြီးရှင်များသည်လည်း အခန်းအောင်နေကြပုံရသည်။စိန်ပန်းမြိုင်အိမ်ကြီးမှာ နေ့လယ်နေ့ခင်း၌ပင် လူရိပ်လူခြည်ကင်းမဲ့လျက် တိတ်ဆိတ်ငြိမ်သက်နေလေသည်။မငြိမ်သက်နိုင်သူမှာ ကျွန်မသာဖြစ်ပါလေသည်။ကျွန်မသည် သူဌေးကြီး၏ အခန်းပြတင်းပေါက်တွင်ရပ်ပြီး ခြံထဲသို့ ငေးကြည့်နေရင်းမှ ညကအိပ်မက်ထဲမှ မရွှေမိကိုမြင်ယောင်လာမိပြီး ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်မိလေသည်။


****************

       ခြေလှမ်းတွေကို ခပ်မြန်မြန်ခပ်သွက်သွက်လှမ်းပြီး တောအုပ်ထဲသို့ ကျွန်မဝင်ရောက်လာခဲ့သည်။နေ့အချိန်ဖြစ်၍ တောအုပ်ထဲတွင် အလင်းရောင်ရှိသော်လည်း အနည်းငယ်ချောက်ချားစရာတော့ကောင်းနေသည်။ကျွန်မတောအုပ်ထဲကိုလျှောက်ဝင်လာခဲ့ရင်းမှ စိန်ပန်းမြိုင်အိမ်ကြီးကိုလှမ်း၍ကြည့်လိုက်မိသည်။ခပ်ဝေးဝေးသစ်ပင်ကြိုသစ်ပင်များကြားမှစိန်ပန်း​မြိုင်အိမ်​ကြီး၏တစ်ချို့တစ်ဝက်ကိုသာမြင်ရသော်လည်း စိန်ပန်းမြိုင်အိမ်ကြီး၏ ခမ်းနားထည်ဝါမှုကတော့ ယုတ်လျော့မသွားသည်မှာ သေချာလေသည်။ယခုသည်လိုနေရာမျိုးတွင် ကျွန်မသာအန္တရာယ်ကြုံလာလျှင် ဘယ်လောက်အော်အော် မည်သူမျှကြားနိုင်လိမ့်မည်မထင်ပါ။တွေးရင်းမှ ကျွန်မတစ်ကိုယ်လုံးကြက်သီးမွှေးညှင်းများထလာ​လေသည်။ပြီး​နောက် ထိတ်ထိတ်လန့်လန့်နှင့် ​ပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက်ကြည့်လိုက်ပြီး ညကအိပ်မက်ထဲမှာ မြင်ရသော ကုန်းကမူလေးကိုရှာဖွေရင်း​တောအုပ်ထဲသို့​လျှောက်ဝင်လာခဲ့လိုက်သည်။အတန်ကြာလျှောက်နေပြီးနောက် ရှေ့ဆီမှကုန်းကမူလေးကိုတွေ့လိုက်ရသည်မို့ ကျွန်မဝမ်းသာအားရအပြေးအလွှားတက်သွားမိလေသည်။.

" အမေ့ "

      ကုန်းကမူပေါ်သို့ အလောတကြီးလှမ်းတက်လိုက်မိသော ခြေထောက်များမှာ အရှိန်မထိန်းနိူင်တော့ဘဲ တလိမ့်ကောက်ကွေ့ပြုတ်ကျသွားလေ​တော့သည်။     

    "အ...ကျွတ်...ကျွတ်  ..."ကျွန်မ မြေပြင်ပေါ်မှလူးလဲထလိုက်ပြီး ဆူးများခြစ်မိသောကြောင့် နာကျင်သွားသောလက်နှစ်ဘက်ကိုမြောက်ကြည့်လိုက်စဥ်မှာပင် လက်အောက်မှာ ဖိထားမိသော အရာဝတ္ထုတစ်ကိုတွေ့လိုက်ရသည်မို့ အံ့သြတကြီးကောက်ယူလိုက်မိလေသည်။


-------------

အပိုင်း ( ၁၀ )ဆက်ရန်


**************

ဧကြည်ဖြူ


rate now: