book

Index 8

အပိုင်း ( ၈ )

"စိန်ပန်းမြိုင်မှအိမ်နီကြီး "

****************


"အ...ကျွတ်....ကျွတ် "

       အသိဝင်လျှင်ဝင်ချင်း ပထမဆုံးခံစားရသည်မှာ ခေါင်းတစ်ခုလုံးအုံခဲနေသလိုဖြစ်နေပြီး ဇက်ပိုးဆီမှနာကျင်နေခြင်းဖြစ်လေသည်။ပြီးလျှင် တစ်ပြိုင်နက်တည်း ထိတ်လန့်ကြောက်ရွံ့စိတ်ပါဝင်လာလေသည်။

"ဘယ်နေရာရောက်နေတာလဲ"ကျွန်မစိတ်ထဲမှ ရေရွတ်လိုက်ပြီးလူးလဲထကြည့်လိုက်သည်။


"ဝတ်ရည်...ဝတ်ရည်သတိရပြီးလားဟင် ....နေဦး အရမ်းမထနဲ့ဦးလေ...ခဏပြန်လှဲနေဦး "

       ရင်းနှီးလွန်းသော အသံကြောင့် စိတ်ထဲမှကြောက်စိတ်များအနည်းငယ်ပြေလျော့သွားပြီး ပတ်ဝန်းကျင်ကိုကြည့်လိုက်မိသည်။

    ပြာလဲ့လဲ့အလင်းရောင်အောက်တွင်မြင်နေရသော အခန်းအပြင်အဆင်ကြောင့် ရင်ထဲမှအပူလုံးကြီးမှာငြိမ်းကျသွားလေသည်။ကျွန်မ ခပ်ဖြည်းဖြည်းထထိုင်လိုက်သည်။ခေါင်းထဲမှာ မူးနောက်နောက်ဖြစ်နေဆဲပင်။

"အတင်းမထနဲ့လေ ဝတ်ရည်...ဘယ်လိုနေလဲ... နေသာရဲ့လား "

 

" အင်း...သက်သာပါတယ်...ဒါ...ဒါနဲ့ကျွန်မကိုဘယ်သူရိုက်လိုက်တာလဲ...ရှင်ရိုက်လိုက်တာလား ကိုမင်းပိုင်ဦး  "


" ဟာ...မဟုတ်ပါဘူး ဝတ်ရည်ရယ်...စင်္ကြန်လမ်းပေါ်မှာဝတ်ရည်လဲနေတာတွေ့လို့ ကိုယ့်ဝတ်ရည်အခန်းထဲကိုခေါ်ခဲ့တာ...ဝတ်ရည်ကဘယ်လိုဖြစ်တာလဲ...ရိုးရိုးမူးလဲတာမဟုတ်ဘူးလားဟင်...အရိုက်ခံရတာလား... "


     မင်းပိုင်းဦးမျက်နှာကို ကျွန်မသေချာအကဲခတ်ကြည့်လိုက်သည်။မင်းပိုင်ဦး၏ပုံစံမှာ ကျွန်မကိုအမှန်တကယ်ပင်စိုးရိမ်နေသောပုံပေါ်လွင်နေ၍ ကျွန်မခေါင်းကိုအသာအယာငြိမ့်ပြလိုက်သည်။


"ဟုတ်တယ်... ကျွန်မကိုအနောက်ကနေရိုက်လိုက်တာပဲ...ရှင်ဘာမှမတွေ့လိုက်ဘူးလား "


"ဟင့်အင်း... ဘယ်သူ့ကိုမှမတွေ့ဘူး...ကိုယ်အဲ့နေရာရောက်တော့ ဝတ်ရည်တစ်ယောက်တည်းလဲနေတာကိုတွေ့တာ... ဒါနဲ့ရိုက်သွားတဲ့သူကိုရောမြင်လိုက်လား ဝတ်ရည် "


"ဟင့်အင်း...မတွေ့လိုက်ဘူး...နောက်ကခြေသံကြားလို့ လှည့်ကြည့်ဖို့လုပ်နေတုန်းမှာ အရိုက်ခံလိုက်ရတာ...ဒါနဲ့ ရှင်ကဘယ်လိုရောက်လာတာလဲ "


"အဲ့ဒါ ကိုယ်ကဝတ်ရည်ကိုမေးရမှာ...ဝတ်ရည်ကညကြီးသန်းခေါင် အဲ့ဒီနေရာကိုဘာသွားလုပ်တာလဲ "


"အခန်းတံခါးခေါက်သံကြားလို့ ထွက်ကြည့်တော့...အဝတ်နက်ခြုံထားတဲ့လူတစ်ယောက်ကိုတွေ့လိုက်တာနဲ့နောက်ကလိုက်ကြည့်တာ ကိုကျော်စွာဦးအခန်းထဲကိုဝင်သွားတာတွေ့လို့ ကြည့်နေတုန်းမှာ

အနောက်ကနေ ကျွန်မဇာက်ပိုးကိုရိုက်လိုက်တယ်ထင်တာပဲ "


" ဟာ...ဖြစ်ရလေ ဝတ်ရည်ရယ်... မသေကောင်းမပျောက်ကောင်းကွာ..."


     မင်းပိုင်းဦးသည် စိုးရိမ်ပူပန်သောမျက်နှာဖြင့် ကျွန်မခေါင်းကို ခပ်ဖွဖွဆုပ်ကိုင်လေသည်။ကျွန်မလည်း ခေါင်းကိုအသာရှောင်တိမ်းလိုက်ပြီး မင်းပိုင်ဦး၏မျက်နှာကိုစေ့စေ့ကြည့်ကာမေးလိုက်သည်။


" ဒီအိမ်ကြီးနဲ့ပတ်သက်ပြီး ဘာတွေဖြစ်​နေလဲဆိုတာ ရှင်သိတယ်မဟုတ်လား ကိုမင်းပိုင်ဦး...ဒီအိမ်ကြီးကိုရှင်ဘာလာလုပ်တာလဲဆိုတာ ကျွန်မကိုမပြောပြနိုင်ဘူးလား "

    

    ကျွန်မစကားဆုံးသောအခါ မင်းပိုင်ဦးသည် 

သက်ပြင်းတစ်ချက်ကိုချလိုက်ပြီး ကျွန်မမျက်နှာကိုစေ့စေ့ကြည့်ပြီးပြောလေသည်။


  "ဒီအိမ်ကြီးကို ကိုယ်ဘာလို့ရောက်လာလည်းဆိုတာမပြောခင်...ဝတ်ရည်ကတိတစ်ခုတော်အရင်ပေးရမယ်...ဘယ်လိုလဲ ဖြစ်မလား "

  

  ကျွန်မမင်းပိုင်ဦးမျက်နှာကိုဆတ်ခနဲမော့ကြည့်လိုက်မိသည်။


" ဘာကတိလဲ "


"ကိုယ်တောင်းမယ့် ကတိကခက်ခက်ခဲခဲကတိမဟုတ်ပါဘူး ဝတ်ရည်ရယ်...ဒီစိန်ပန်းမြိုင်အိမ်ကြီးကနေ ဝတ်ရည်အမြန်ဆုံးထွက်သွားပါ့မယ်ဆိုတဲ့ကတိပါ "


 " ရှင်...ဘာလို့လဲ...ကျွန်မကဘာလို့ထွက်သွားရမှာလဲ...မသွားဘူး... သနားစရာကောင်းတဲ့သူဌေးကြီးကိုလည်းမထားခဲ့နိုင်ဘူး ...ရှင်ဘာအဓိပ္ပါယ်နဲ့ပြောတာလဲ " 


" ပြောရခက်လိုက်တာ ဝတ်ရည်ရယ်...မင်းအတွက်အန္တရာယ်ရှိလာနိုင်လို့ပြောနေတာ...ကိုယ့်စကားကိုနားထောင်ပါကွာနော် "


" ဟင့်အင်း နားမထောင်နိုင်ဘူး ကျွန်မကသူနာပြုတစ်ယောက်ပါ ...ကျွန်မလူနာကိုမျက်နှာလွဲခဲပစ်မထားခဲ့နိုင်ဘူး... ဒီအိမ်ကြီးမှာဘာတွေဖြစ်နေလဲဆိုတာကိုသာ ကျွန်မကိုပြောပြ...အဲ့ဒါမှအန္တရာယ်ကို ကျွန်မလည်းရှောင်နိုင်မှာပေါ့ "


     ကျွန်မစကားကြောင့် မင်းပိုင်းဦးက စိတ်ရှုပ်သွားဟန်နှင့်သူ့ခေါင်းမှဆံပင်များကိုလက်နှင့်ထိုးဖွပစ်လိုက်လေသည်။


"ကိုယ်ပြောပြမယ် သေချာနားထောင်...ကိုယ်ဒီစိန်ပန်းမြိုင်အိမ်ကြီးကိုရောက်လာတဲ့အကြောင်းအရင်းက ကိုယ့်အဒေါ်ယောကျ်ားကအကူအညီတောင်းလို့ပဲ...ဦးလေးကသူ့တူမရတီချိုသေဆုံးတာကို တစ်ယောက်ယောက်ကလုပ်ကြံတာလို့ထင်နေတယ်... "


" ရှင်...ဘာ.ဘာ​ပြောတယ် ကိုမင်းပိုင်ဦး  ဒါ ဒါဆို မရတီချိုသေဆုံးမှုက မတော်တဆမဟုတ်ဘူးလား "


" ဟုတ်တယ် သေချာတာက.. တစ်ယောက်ယောက်ကလုပ်ကြံခဲ့တာပဲ...ဘာလို့လုပ်ကြံတာလည်းဆိုတော့  ဒီစိန်ပန်းမြိုင်အိမ်ကြီးရဲ့ပိုင်ဆိုင်မှုတွေအကုန်လုံးက ရတီချိုနာမည်နဲ့ရှိနေတာမို့လို့ပဲ...သူဌေးကြီးဦးထွန်းရှိန်က ဒေါ်မာလာတင်ရဲ့နောက်မီးလင်းနေတဲ့ကိစ္စကိုရော၊လူယုံတော်ဦးသက်အောင်ရဲ့သစ္စာမဲ့မှုတွေကိုသိသွားခဲ့လို့ သူပိုင်ဆိုင်မှုမှန်သမျှကို သူ့သမီးနာမည်နဲ့အကုန်လွှဲထားတယ်...ဒီအကြောင်းကိုအိမ်သားတွေသိပြီးသိပ်မကြာခင်မှာပဲ ရတီချိုဆုံးသွားခဲ့ရတယ်...ဒီအကြောင်းတွေကို သူဌေးကြီးဦးထွန်းရှိန်ရဲ့ရှေ့နေက ပြောပြခဲ့တာ...ဒီထက်ပိုပြီးအရေးကြီးတာတစ်ခုက...ရတီချိုကသူ့အမေအရင်းဆီက အမွေရထားတဲ့ရတနာသေတ္တာပျောက်ဆုံးနေတာပဲ...အဲ့ဒါတွေကိုစုံစမ်းဖို့အတွက် ဒီစိန်ပန်းမြိုင်အိမ်ကြီးကို ကိုယ်ရောက်လာခဲ့တာ...ဖြစ်နိုင်ရင် ဝတ်ရည်ကိုဒီအိမ်ကြီးကနေအမြန်ဆုံးပြန်စေချင်တယ်...ပြီးတော့ကိုကျော်စွာဦးလှေကားပေါ်ကနေပြုတ်ကျတာလည်း ဘယ်လိုမှသွေးရိုးသားရိုးမဖြစ်နိုင်ဘူး "


"အဲ့ဒါတော့ ဟုတ်တယ်...ကိုကျော်စွာဦးသေဆုံးမှုက မတော်တဆမဖြစ်နိုင်ဘူးလို့ကျွန်မလည်းထင်နေတာ "


"သေချာတာက ဒီအိမ်ကြီးမှာ လူသတ်သမားတစ်ယောက်တော့ရှိနေပြီ...ရှင်ရောဘယ်လိုထင်လဲ...ဘယ်သူ့ကိုသင်္ကာမကင်းဖြစ်မိလဲ "


"အဲ့ဒါကတော့ ပြောရခက်တယ် ဝတ်ရည်...အားလုံးကမှင်သေသေနဲ့နေနေကြတာဆိုတော့...သေချာတာက ဒေါ်မာလာတင်ကနေအစ အိမ်အလုပ်သမားတွေအထိသတိထားရမယ်ဆိုတာပဲ...ပြီးတော့ ခုညဝတ်ရည်ကြုံခဲ့ရတဲ့အဖြစ်အပျက်အရ တရားခံဟာတစ်ယောက်တည်း မဟုတ်ဘူးဆိုတာသေချာသွားပြီး...ဒါကြောင့်မို့အစစအရာရာဂရုစိုက်နေပါကွာ...နောက်ဆိုညဘက်တွေအပြင်လုံးဝမထွက်ပါနဲ့ တစ်ခုခုအကြောင်းရှိရင်ကိုယ်နဲ့တိုင်ပင်ပါနော်...ဒီစိန်ပန်းမြိုင်ကဘယ့်သူကိုမှယုံလို့မရဘူးဝတ်ရည်...ကိုယ်ပြောတာကိုနားထောင်ပါနော် "

****************

     ကျွန်မ ဝှိီးချဲကို ​မြေနီလမ်းလေးအတိုင်း ခပ်ဖြည်းဖြည်းတွန်းလာခဲ့ရင်းမှ ခြံ၏အနောက်ဘက်သို့ ရောက်ရှိလာခဲ့လေသည်။အရိပ်ကောင်းသော သစ်ပင်ကြီးအောက်တွင် ဝှီးချဲကို ရပ်လိုက်ပြီး တောအုပ်ထဲကိုလှမ်းကြည့်လိုက်မိသည်။သူဌေးကြီးဦးထွန်းရှိန်သည်လည်း တောအုပ်ဘက်သို့ ညှို့မှိုင်းသော မျက်လုံးများဖြင့်ကြည့်နေသည်ကို တွေ့ရသည်။တစ်ချက်တစ်ချက်တောအုပ်ထဲမှ သတ္တဝါအကောင်ငယ်လေးများ၏ အော်သံများက ကျွန်မတို့ဆီသို့ လွင့်ပျံလာလေသည်။


"ဒီနေရာလေးက အရမ်းသာယာတယ်နော် ဆရာ...အရင်က ဒီနောက်ကတောအုပ်ထဲမှာ ဆရာအမဲပစ်ထွက်တာဆို...နောက်ပြန်ကျန်းမာလာရင် ကျွန်မကို ဒီတောအုပ်လေးထဲလိုက်ပြနော်..."

 

       ကျွန်မ သူဌေးကြီးဦးထွန်းရှိန်၏ဝှိီးချဲဘေးမှာ ထိုင်လိုက်ပြီး သူဌေးကြီးရဲ့လက်ကိုအသာဆုပ်ကိုင်ပြီးပြောလိုက်တော့ သူဌေးကြီးက ကျွန်မမျက်နှာကို ခပ်ငေးငေးကြည့်နေရှာသည်။သူဌေးကြီး၏ အခြေအနေမှာကျွန်မရောက်စကထက် အနည်းငယ်သက်သာလာသည်ဟု ထင်ရသော်လည်း တိုးတက်မှုကသိသိသာသာတော့မရှိပါချေ။


"ဆရာ့ အခြေအနေက မကြာခင်ပြန်ကောင်းလာနိုင်တယ်လို့ ဆရာဝန်ကြီးလာတုန်းကပြောသွားတယ်ဆရာ...အဓိက ကစိတ်ဖိစီးမှု မရှိအောင်နေဖို့ပဲလိုတာတဲ့...ကိုယ့်ကျန်းမာရေးကိုပဲတွေးပြီး ကျန်တာတွေကို သိပ်မတွေးပါနဲ့ဆရာ..ဆရာအမြန်ဆုံးပြန်​နေကောင်းလာအောင်... ကျွန်မသေချာစောင့်ရှောက်မှာပါ "


     သူဌေးကြီးဦးထွန်းရှိန်က ကျွန်မပြောတာတွေကို နားထောင်နေရင်းမှ တောအုပ်ဘက်သို့ မျှော်ငေးကြည့်နေ​လေသည် ။ကျွန်မလည်းတောအုပ်ဘက်သို့ အမှတ်တမဲ့ငေးကြည့်လိုက်မိ​လေသည်။


" ဟင် " 

      တောအုပ်၏အစပ်တွင် ရပ်နေသော မိန်းမတစ်ယောက်သည် ကျွန်မတို့ရှိရာသို့ လှမ်းကြည့်နေသည်ကိုတွေ့လိုက်ရသည်။ကျွန်မလည်း ထိုမိန်းမကို ကြည့်နေရင်းထိတ်လန့်အံ့သြနေမိလေသည်။

"မရွှေမိ....မရွှေမိပါလား "ကျွန်မစိတ်ထဲမှ အံ့သြတကြီးရေရွတ်နေစဥ်မှာပင် မရွှေမိသည် ကျွန်မကိုလက်ယပ်၍ခေါ်လေသည်။ကျွန်မ ယောင်ယမ်းပြီး မရွှေမိဆီသို့ သွားရန်ခြေလှမ်းပြင်လိုက်စဥ်မှာပင် မရွှေမိ၏ပုံရိပ်သည် မြင်ကွင်းမှဖျတ်ခနဲပျောက်ကွယ်သွားလေသည်။


*************** 


     သူဌေးကြီးဦးထွန်းရှိန် အိပ်ပျော်သွားသည်နှင့် ကျွန်မလည်း အပြင်သို့ထွက်ခဲ့သည်။

   အိမ်ကြီးမှာ တိတ်ဆိတ်၍နေသည်။ညတုန်းကတရားခံကို ဘယ်လိုများရှာရမည်လဲဟု အကြံထုတ်ရင်း စင်္ကြန်လမ်းတစ်လျှောက် လျှောက်လာခဲ့သည်။


   "ဆရာမလေး "


"အမေ့ "ကိုယ့်အတွေးနှင့်ကိုယ် လျှောက်လာခဲ့ရင်း ရုတ်တရက်ထွက်ပေါ်လာသော အသံကြောင့် လန့်သွားမိလေသည်။လှည်ကြည့်လိုက်တော့ အခန်းတစ်ခန်းထဲမှ ထွက်လာသောမိလုံးကိုတွေ့လိုက်ရသည်။


" လန့်သွားတာပဲ မိလုံးရယ်...ဘာတွေအလုပ်ရှုပ်နေတာလဲ..."


"အခန်းတွေရှင်းနေတာ ဆရာမလေး...ဒါနဲ့  ဒီနေ့အိမ်အခြေအနေသိပ်မကောင်းဘူး ဆရာမလေးရေ...မနေ့ကရှေ့နေကြီးပြန်သွားပြီးကတည်းက... သူဌေးကတော်ဒေါသတွေထွက်နေတယ် "


    အနားသို့ကပ်ပြီး ခပ်တိုးတိုးပြောလာသော မိလုံး၏စကားကြောင့် ကျွန်မအံ့သြသွားရသည်။


" ဟုတ်လား...ဒီနေ့တော့ကြည့်နေကြည့်စားရမှာပေါ့...ဒါနဲ့မိလုံးကိုမေးစရာရှိတယ်.. "


" ဟုတ်ကဲ့... မေးလေဆရာမလေး...မိလုံးသိတာဆိုအကုန်ဖြေပါ့မယ် "


"ဟို...ခြံအနောက်ဘက်က တောအုပ်ထဲကို မိလုံးရောက်ဖူးလားဟင် ...."


    ကျွန်မစကားဆုံးတော့ မိလုံးက မျက်လုံးပြူကြီးတွေနဲ့မော့ကြည့်လာလေသည်။


" ဘာ..ဘာဖြစ်လို့မေးတာလဲ ဆရာမလေး...တစ်ခါမှမရောက်ဖူးပါဘူး...တောအုပ်ထဲမှာ အကောင်ပလောင်တွေနဲ့အန္တရာယ်များကများနဲ့ ...မသွားရဲပါဘူး...ဆရာမလေးကဘာလုပ်ဖို့လဲ "


"ဘာမှမလုပ်ပါဘူး မိလုံးရယ်...တောအုပ်ထဲတစ်ခါမှမသွားဖူးလို့ တစ်ခါလောက်သွားကြည့်မလားလို့ပါ... "


 " အို...အန္တရာယ်များကများနဲ့...မသွားပါနဲ့ဆရာမလေးရယ်...ဒါပဲနော် ဆရာမလေး...အခန်းတွေရှင်းဖို့ကျန်သေးလို့...."


****************

    ကျွန်မ လှေကားထစ် တစ်ထစ်ချင်းစီကို ခပ်ဖြည်းဖြည်းတက်လာရင်းမှ စိန်ပန်းမြိုင်အိမ်ကြီးအနှံကို လျှောက်ကြည့်ဖို့ရန် ဆုံးဖြတ်လိုက်သည်။မင်းပိုင်ဦး၏စကားကဘယ်လောက်အထိမှန်မည်ကို သေချာမသိသော်လည်း သည်စိန်ပန်းမြိုင် အိမ်ကြီးမှာ ကျွန်မကိုဒုက္ခပေးမည့်သူရှိနေသည်မှာသေချာသည်။ယခုအချိန်မှာ  စိန်ပန်းမြိုင်အိမ်ကြီးမှ ဖြုန်းခနဲထွက်သွားဖို့ဆိုသည်မှာလည်း မဖြစ်နိုင်။လောလောဆယ် ပြန်စရာအိမ်လည်းမရှိသေးချေ။ရန်ကုန်ကနေ ဘုရင့်နောင်ဖောက်ဖျက်သလိုဖျက်ပြီး ထွက်ခဲ့မိ​သောကျွန်မအတွက် သည်စိန်ပန်းမြိုင်အိမ်ကြီးမှာ အနည်းဆုံးခြောက်လတစ်နှစ်လောက်တော့ အောက််အည်းသည်းခံနေရပေမည်။

    ကျွန်မစင်္ကြန်လမ်းလေးအတိုင်း ခပ်ဖြည်းဖြည်းလျှောက်လာခဲ့ရင်းမှ ကျော်စွာဦး၏အခန်းသို့သွားသောစင်္ကြန်လမ်းသို့ရောက်လာခဲ့လေသည်။ကျွန်မ မျက်လုံးရှင်ရှင်ထားပြီး လမ်းတစ်လျှောက်ကြည့်လာခဲ့သော်လည်း မည်သည့်အရိပ်အယောင်မှမတွေ့ဘဲအပေါ်ထပ်တစ်ထပ်လုံးတိတ်ဆိတ်နေလေသည်။


"ဖြဲ..ဖြဲ"ခပ်တိုးတိုးအသံတစ်ခုကို နားထဲမှာလှစ်ခနဲကြားလိုက်မိသည်။ကြားရသော အသံမှာအဝတ်စသို့မဟုတ်တစ်ခုခုကိုစုတ်ဖြဲနေသော အသံမျိုးဖြစ်သည်။ကျွန်မ အသံလာရာ အခန်းနားသို့ တဖြည်းဖြည်းတိုးကပ်သွားလိုက်မိသည်။


"  ကျွီ... "

   

" အမလေး... "


     အခန်းတံခါးဝသို့ တိုးကပ်သွားနေမိသော ကျွန်မမှာ ရုတ်တရက်ပွင့်လာသောတံခါးကြောင့် လန့်ပြီးနောက်သို့ဆုတ်လိုက်မိရာ ဖင်ထိုင်ရက်လဲကျသွားရလေသည်။အခန်းတံခါးမှာလည်းပွင့်လာပြီး အခန်းထဲမှ လူတစ်ယောက်ထွက်လာလေသည်။


"ဟာ...ဆရာမလေး...ဘယ်လိုဖြစ်တာလဲ....ထနိုင်ရဲ့လား  ကျွန်တော်ထူပေးမယ်..."

   

    အခန်းထဲမှ ထွက်လာသော သီဟထွန်းရှိန်သည် ကျွန်မကိုမြင်သည်နှင့် ပျာပျာသလဲပြေးထူပေးလေသည်။ကျွန်မလည်း သီဟထွန်းရှိန်ကိုကျော်ပြီး ပွင့်နေသော အခန်းတံခါးမှနေ အခန်းထဲသို့လှမ်းကြည့်လိုက်ရာ...အခန်းထဲတွင် ပစ္စည်းအတိုအစများနှင့်ရှုပ်ပွနေပြီး မှို့စများပျံ့ကြဲနေသော မွေ့ရာတစ်ခုကိုလည်း တွေ့ရလေသည်။ကျွန်မကြည့်နေစဥ်မှာပင် သီဟထွန်းရှိန်က တံခါးကိုဖျတ်ခနဲပြန်လှည့်ပိတ်လိုက်လေသည်။ပြီးနောက် ကျွန်မဘေးမှာဒူးထောက်ထိုင်ချလိုက်လေသည်။


"ထနိုင်ရဲ့လား... ဆရာမလေး...ဟို...ကျွန်တော့်လက်ကိုကိုင်ပြီးထကြည့်ပါဦး..."


"ရ..ရပါတယ်...ခြေချင်းဝတ်နည်းနည်းနာသွားရုံပါ " ပြောပြောဆိုဆိုနှင့် ကျွန်မအားယူပြီးထရပ်ကြည့်လိုက်သည်။


"အ" ခြေချင်းဝတ်ဆီမှ စူးခနနာကျင်သွားပြီး လဲကျမလိုဖြစ်သွားသည်ကို သီဟထွန်းရှိန်ကလှမ်း၍ ထိန်းဖက်လိုက်ပြီး


"ကျွန်တော်ကို အားမနာပါနဲ့...အခန်းထဲထိကျွန်တော်လိုက်ပို့ပေးပါ့မယ် "

   ကျွန်မ သီဟထွန်းရှိန်၏လက်ကို အားပြုကိုင်ပြီးလျှောက်နေရင်းမှ သီဟထွန်းရှိန်၏မျက်နှာကို အကဲခတ်ကြည့်နေမိသည်။တည်ငြိမ်သော မျက်နှာထား၊အေးဆေးသောသွင်ပြင်ဟန်က တရားခံဟုထင်ရက်စရာမရှိသော်လည်း တစ်ချက်တစ်ချက်တွင်တော့ ဝေခွဲရခက်သော အေးစက်စက်အသွင်ကို တွေ့ရတတ်လေသည်။


 " ဆရာမ ခဏထိုင်ဦးနော်... ကျွန်တော်ဆေးလိမ်းပေးမယ်... ဆေးသေတ္တာဘယ်နားမှာလဲ... "

  ကျွန်မ အတွေးလွန်နေမိသောကြောင့် အခန်းထဲကို ရောက်လာသည်ကိုပင် သတိမထားမိဘဲ  သီဟထွန်းရှိန်၏ အသံကိုကြားမှ အယောင်ယောင်အမှားမှားနှင့် စာကြည့်စားပွဲသို့လက်ညှိုးထိုးပြလိုက်မိလေသည်။


     သီဟထွန်းရှိန်သည် ဆေးပုလင်းကိုယူလိုက်ပြီး ကျွန်မခြေထောက်ကို ညင်ညင်သာသာဆေးလိမ်းပေးနေသောအခါမှ ကျွန်မ ဖျတ်ခနဲ့အသိဝင်လာပြီး ကမန်းကတန်းပင် သီဟထွန်းရှိန်၏ လက်ကို

ဆွဲဖယ်လိုက်သည်။


"အို...ကန်တော့နော်...ငရဲတွေကြီးကုန်တော့မှာပဲ ဖယ်ပါ...ကျွန်မဘာသာလိမ်းလိုက်ပါ့မယ်...."


"ရပါတယ် ဆရာမလေးရယ်...ဆရာမလေးက ကျွန်တော့်ထက်လည်းအသက်ကြီးတာပဲ ဘာမှမဖြစ်ပါဘူး...ငြိမ်ငြိမ်လေးနေပါ...ဆေးလိမ်းတာလောက်တော့ ကျွန်တော်လည်း ကျွမ်းပါတယ် "


" ရှင် ညကဘယ်အချိန်အိပ်လဲ "


      ရုတ်တရက် မဆီမဆိုင်ထမေးလိုက်သော ကျွန်မမေးခွန်းကြောင့် သီဟထွန်းရှိန်သည် ခေတ္တမျှငြိမ်သက်သွားပြီးနောက် တိတ်ဆိတ်၍သွားလေသည်။အတန်ကြာမှာ ကျွန်မမျက်နှာကိုခပ်ငေးငေးကြည့်ပြီး ခပ်တိုးတိုးပြောလေသည်။


" အမှန်တိုင်း ပြောရရင် မနေ့ညက အရမ်းစိတ်ညစ်လို့ အရက်တွေသောက်ပြီးအိပ်လိုက်တာ ဘယ်အချိန်အိပ်ပျော်သွားမှန်းမသိဘဲ မနက်လင်းမှနိုးလာတာ...ဘာဖြစ်လို့မေးတာလဲ ဆရာမလေး.."


"ဘာရယ် မဟုတ်ပါဘူး...ညတုန်းကစင်္ကြန်လမ်းဘက်ကအသံတွေဘာတွေများကြားမိသေးလား မေးမလို့ပါ ...ညက ကျွန်မ စင်္ကြန်လမ်းမှာလျှောက်နေတုန်း အနောက်

ကနေဇာက်ပိုးကိုအရိုက်ခံလိုက်ရတယ်လေ... "


" ဗျာ...ဘယ်လို...ဆရာမလေး...အရိုက်ခံရတယ် ဟုတ်လား...ဘာဖြစ်သွားသေးလဲဟင်...ရိုက်တဲ့သူကိုရော မြင်လိုက်လား "


     ကျွန်မစကားကြောင့် သီဟထွန်းရှိန်မှာ ထိတ်ထိတ်ပျာပျာနှင့်မတ်တတ်ထရပ်လိုက်ပြီး ကျွန်မခေါင်းကိုသူ့အလက်အစုံနှင့်ထိကိုင်လာလေသည်။ကျွန်မလည်း ခဏတာမျှသီဟထွန်းရှိန်၏ အပြုအမူများကိုမင်သက်ငေးမောကြည့်နေမိပြီးမှ သူ့လက်အစုံကိုဖယ်ရှားပြီး ခေါင်းကိုခပ်မြန်မြန်ခါယမ်းပြလိုက်မိလေသည်။


" အို...ရပါတယ်...ဘာမှမဖြစ်တော့ဘူး...သက်သာသွားပါပြီ..."


 " ဒါကြောင့် ကျွန်တော်ပြောတာပေါ့...ညဘက်တွေအပြင်မထွက်ပါနဲ့လို့...မတော်လို့ ဆရာမလေးသာတစ်ခုခုဖြစ်သွားရင် ကျွန်တော်လူသတ်မိလိမ့်မယ်..."


      ကျွန်မ သီဟထွန်းရှိန်၏ မျက်နှာကို အလန့်တကြားမော့ကြည့်လိုက်မိသည်။မေကြောကြီးများထောင်၍လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားသောသီဟထွန်းရှိန်၏မျက်နှာမှာအေးစက်တင်းမာနေလေသည်။


" ဆရာမလေး...မနက်ဖြန်ကစပြီး ဒီကနေအမြန်ထွက်သွားတော့...ဒီအိမ်ကကိစ္စတွေပြီးပြတ်သွားရင် ဆရာမလေးကို ကျွန်တော့်လာရှာပါ့မယ်.... ကျွန်တော်​ပြောတာနားထောင်မယ် မဟုတ်လားဟင် "


" ဘာဖြစ်လို့ ကျွန်မကထွက်သွားရမှာလဲ...မဖြစ်နိုင်ပါဘူး...​ပြီး​တော့ သူဌေးကြီးကို မထားပစ်ခဲ့နိုင်ဘူး...ရှင်တို့မိသားစုတွေထဲကတစ်ယောက်မှသူဌေးကြီးကိုအလေးထားတာမဟုတ်ဘူး "


    ကျွန်မစကားကြောင့် သီဟထွန်းရှိန်၏မျက်နှာမှာတင်းမာနေရာမှလျော့ကျသွားပြီး ကျွန်မဘေးနားမှာ အရုပ်ကြိုးပြတ်ထိုက်ချလိုက်သည်။ပြီးနောက် ကျွန်မပခုံးပေါ်သို့ မျက်နှာအပ်ကာရှိုက်ကြီးတငင်ငိုလေတော့သည်။ကျွန်မမှာ သီဟထွန်းရှိန်၏အပြုအမူကြောင့် ထိတ်လန့်အံ့သြသွားရလေသည်။


"  ကျွန်တော်....ကျွန်တော်ကိုသာ  မွေးမလာခဲ့ရင်...ကျွန်တော်တို့မိသားစုတွေ ဒီလိုအဖြစ်မျိုးနဲ့ကြုံရမှာမဟုတ်ဘူး...အားလုံး ကျွန်တော့်ကြောင့်....ကျွန်တော်မွေးလာလို့ မမရတီလည်းငယ်ငယ်ရွယ်ရွယ်နဲ့သေခဲ့ရတာ...."


" ဘာ...ဘာတွေပြောနေတာလဲ...မင်း ဘာတွေပြောနေတာလဲ သီဟထွန်းရှိန်...."

      ကျွန်မ သီဟထွန်းရှိန်၏ ပခုံးကိုခပ်ကြမ်းကြမ်းဆွဲကိုင်လှုပ်ပြီးမေးလိုက်သောအခါမှ သီဝထွန်းရှိန်မှာ သတိဝင်လာပြီး ဖျတ်ခနဲမတ်တတ်ထရပ်လိုက်လေသည်။


"ဆောရီး...ကျွန်တော် တောင်းပန်းပါတယ် ဆရရာမလေး...ကျွန်တော်သွားတော့မယ်နော်..."


     သီဟထွန်းရှိန်သည် ကျွန်မအမေးကိုမဖြေဘဲ အခန်းထဲမှ ကမူရှူးထိုးပြေးထွက်သွားလေသည်။


***************


     သီဟထွန်းရှိန်သည် ယခင်နေ့ကအဖြစ်အပျက်များ​ ဖြစ်ပြီးနောက်ကျွန်မကိုရှောင်နေသည်မှာ နှစ်ရက်သုံးရက်ခန့်ပင်ရှိနေလေပြီ။ကျွန်မလည်း အချိန်အားသည်နှင့် သီဟထွန်းရှိန်၏ အရိပ်အခြည်ကို စောင့်ကြည့်နေသော်လည်း သီဟထွန်းရှိန်၏အရိပ်အယောင်ကိုမျှပင် မမြင်ရပါလေ။

ယနေ့လည်း အချိန်အားသည်နှင့်တစ်ပြိုင်နက် သီဟထွန်းရှိန်အားရှာဖွေမိလေသည်။


" ရွှတ်...ရွှတ် .."


     အသံကြား၍ ဝမ်းသာအားရလှည့်ကြည့်လိုက်မိသောအခါ ကိုယ်မျှော်လင့်ထားသူမဟုတ်ဘဲ မင်းပိုင်ဦးဖြစ်နေသောကြောင့် အနည်းငယ်တော့စိတ်ပျက်သွားမိလေသည်။

  

"လာ...ဝတ်ရည်...ကိုယ်ပြောစရာရှိတယ်....အမြန်လာ...."


    မင်းပိုင်ဦးသည် ပြောပြောဆိုဆိုနှင့် ကျွန်မလက်ကိုဆွဲကာ အခန်းတစ်ခန်းထဲသို့ဝင်ခဲ့လေသည်။ကျွန်မမှာ ယောင်ယောင်ကန်းကန်းနှင့် မင်းပိုင်ဦးဆွဲခေါ်ရာနောက်သို့ပါသွားရလေသည်။


" ဘာ​ပြောမလို့လဲ...လက်ကိုလွှတ်ဦး..."


" ကိုယ်ပြောတာ သေချာနားထောင်...နောက်အပတ်ထဲမှာ သူဌေးကြီးရဲ့ရှေ့နေက အမွေကိစ္စနဲ့ပတ်သက်ပြီး မိသာစုဝင်တွေကိုအသိပေးလိမ့်မယ်... သူဌေးကြီးက သူမသေခင်အမွေကိစ္စတွေကိုတစ်ခါတည်းရှင်းပေးသွားခဲ့မှာ..." 


"အို...သူတို့အမွေကိစ္စရှင်းတာ  ...ဝတ်ရည်တို့နဲ့မဆိုင်ဘူးလေ...ဒါက ဘာပြဿနာရှိလို့လဲ.."


" ဟုတ်တယ် ...သူတို့မိသားစုအမွေပြဿနာက ကိုယ်တို့နဲ့မဆိုင်ပါဘူး...ဒါပေမဲ့...

ကိုယ်စုံစမ်းလို့ရသလောက် သူဌေးကြီးရဲ့အမွေခွဲဝေမှုနဲ့ပတ်သက်​ပြီးဆုံးဖြတ်ထားတဲ့ကိစ္စကို သူတို့သဘောမတူကြဘူး...ဒါကြောင့်မို့... ဒီကြားထဲမှာသူတို့ဘက်က သူဌေးကြီးကိုတစ်ခုခုလုပ်နိုင်တယ်... "


"ရှင်...ဘယ်..ဘယ်လို...ဟုတ်ရဲ့လား...ကျန်တဲ့သူတွေကသူဌေးကြီးကိုအန္တရာယ်ပေးနိုင်တယ်ထားဦး....သီဟထွန်းရှိန်...သီဟထွန်းကတော့ သူ့အဖေအရင်းခေါက်ခေါက်ကိုအန္တရယ်မပေးလောက်ဘူးထင်တယ်...အမွေကရောဘယ်လိုခွဲဝေပေးမှာမို့လဲ  "


      ကျွန်မအထိတ်တလန့်နှင့်မေးလိုက်မိသည်။မင်းပိုင်ဥိးက သက်ပြင်းတစ်ချက်ကို ချလိုက်ပြီး 


" သူဌေးကြီးဦးထွန်းရှိန်က သိပ်ကိုစေ့စပ်သေချာတဲ့သူပဲ ဝတ်ရည်...ဟိုအရင် သူကျန်းမာစဥ်ကတည်းက သူပိုင်ဆိုင်သမျှစည်းစိမ်ဥစ္စာတွေအားလုံးကို သူ့သမီးရတီချို့နာမည်နဲ့လွှဲထားတာ...ဒီထက်ပိုပြီး စေ့စပ်သေချာတာက...တကယ်လို့များ ဒီလောကကြီးမှာ သူရောသူ့သမီးရတီချိုပါမရှိတော့ရင် သူပိုင်ဆိုင်သမျှတွေကို ပရဟိတအဖွဲ့အစည်းတွေကို လှူဒါန်းဖို့ကြိုတင်စီစဥ်ထားတယ်...ဦးထွန်းရှိန်ဒီလိုစီစဥ်ထားတာကို ဒေါ်မာလာတင်တို့ မိသားစုတွေရိပ်မိသွားပုံရတယ်...ဒီအကြောင်းတွေကို ရတီချိုဦးလေးနဲ့ရှေ့နေကြီးကို ကိုယ်ပြောပြထားတယ်...ခက်တာက ရတီချိုရဲ့ရတနာသေတ္တာက ဘယ်သူဆီမှာရှိမှန်း မသိတာဘဲ "

 

" ဘယ်လို...ဒါဆို ဒေါ်မာလာတင်တို့ မိသားစုကအမွေဆက်ခံခွင့်မရဘူးပေါ့...ဒါနဲ့ ဒေါ်မာလာတင်နဲ့ကေသီတင်ကတော့ ထားပါတော့ သီဟထွန်းရှိန်က သူဌေးကြီးရဲ့သားအရင်းလေ သားအရင်းကိုတောင် အမွေမပေးဘူးလား... "

     ကျွန်မ အမေးကြောင့် မင်းပိုင်ဦးက ကျွန်မမျက်နှာကို ကြည့်ပြီး ခေါင်ကိုအသာအယာခါယမ်းလိုက်လေသည်။


" ပေးပါတယ်...သီဟထွန်းရှိန်အတွက်...အရင်ကသီဟထွန်းရှိန်နေခဲ့တဲ့ မြို့ထဲကအိမ်နဲ့ခြံကိုပေးခဲ့ပါတယ်...တန်းကြေးသိပ်မများပေမဲ့ သီဟထွန်းရှိန်တို့မိသားစုတော့ အေးအေးဆေးဆေးနေလို့ရပါတယ်...ဒါပေမဲ့ဒေါိမာလာတင်တို့မိသားစုက ဒီအစွန်းထွက်တောင်မရှိတဲ့ ခြံနဲ့အိမ်လောက်ကို ဘယ်ကျေနပ်မှာတဲ့လဲ "


" ဒါနဲ့...သူဌေးကြီးက သူ့သားအရင်းအတွက်ငွေလေးနည်းနည်းပါးပါးတောင်အမွေမပေးဘဲရက်စက်လှချည်းလား "


" သားအရင်းအတွက်တောင် အမွေမပေးခဲ့လို့ အများအမြင်မှာ သူဌေးကြီးက ရက်စက်တယ်ထင်ရပေမဲ့ သူဌေးကြီးဘက်ကကြည့်ရင် သူမလွန်ဘူးဝတ်ရည်...ဘာလို့လဲဆိုတော့ သီဟထွန်းရှိန်ကသူဌေးကြီးရဲ့သွေးသားအရင်းမဟုတ်ဘူးလေ...ဒေါ်မာလာတင်ကသူဌေးကြီးကိုထောင်ချောက်ဆင်ဖမ်းခဲ့တာ... ဒီအကြောင်းတွေကို သီဟထွန်းရှိန်အရွယ်ရောက်လာမှ သူဌေးကြီးသိသွားတာ...ကြည့်ရတာ သီဟထွန်းရှိန်လည်း သူကသားအရင်းမဟုတ်ဘူးဆိုတာကိုသိပုံရတယ်...

နောက်တစ်ချက်

က ရတီချို့ကို ဒေါ်မာလာတင်တို့မိသားစုထဲက တစ်ယောက်ယောက်က သတ်လိုက်တယ်လို့ သူဌေးကြီးကထင်နေတာ...အဲဲ့ဒါကြောင့်လည်း သူ့ရှေ့နေကတစ်ဆင့် ကိုယ့်အဒေါ်ယောကျ်ားကိုအကူအညီလှမ်းတောင်းခဲ့တာပဲ...

ဘာပဲဖြစ်ဖြစ် အဖြစ်မှန်တွေမကြာခင်ပေါ်လာတော့မှာပါ...ဒီကြားထဲ ဝတ်ရည်လည်းသတိဝိီရိယနဲ့နေပါ "


****************


     မင်းပိုင်ဦးဆီမှကြားသိရသော အကြောင်းတွေကိုတွေးပြီး ကျွန်မစိတ်ထဲ သီဟထွန်းရှိန်ကို မြင်ယောင်နေမိသည်။သီဟထွန်းရှိန်၏ မျက်နှာပေါ်မှ ဝေခွဲရခက်သော အကြည့်များအပြုအမူများကို မြင်ယောင်လာပြီး ကျွန်မအမှတ်တမဲ့ ခေါင်းကိုယမ်းခါလိုက်မိပြီးသက်ပြင်းတစ်ချက်ကိုချလိုက်မိသည်။ကျွန်မခေါင်းထဲမှအတွေးတွေကို ဖယ်ထုတ်ပစ်လိုက်ပြီး သူဌေးကြီး၏ အခန်းဆီသို့ နှေးကွေးသော ခြေလှမ်းများဖြင့် လျှောက်လှမ်းလာခဲ့သည်။


" ဘာလို့ဒီလိုလုပ်ရက်တာလဲ အစ်ကိုကြီးရဲ့...ပြောပါဦး...အစ်ကိုကြီးရဲ့သမီးရတီချို့ကို ဟော့ဒီကမာလာ့သမီးအရင်းထက်တောင်ဂရုစိုက်ခဲ့ ပြုစုစောင့်ရှောက်ပေးခဲ့တာပါ...ဘာလဲ...သားငယ်လေး သီဟကအစ်ကိုကြီးရဲ့သွေးသားအရင်းမဟုတ်တာနဲ့အမွေမပေးနိုင်ဘူးပေါ့လေ...သားအရင်းမဟုတ်ပေမဲ့ နှစ်နှစ်ဆယ်ကျော်တောင်အတူနေခဲ့တဲ့သူပါ...သံယောစဥ်ကင်းမဲ့လှချည်လား ဦးထွန်းရှိန်ရဲ့..."


" အို...ငိုမနေစမ်းပါနဲ့ မာမီရယ်...ဒီအဘိုးကြီးကဘယ်လောက်ပြောပြော ရမယ့်သူလည်းမဟုတ်ဘူး...ကေသီတို့ကတော့ရှင်းရှင်းပဲ... ဒီအိမ်ကြီးပေါ်ကလည်းမဆင်းပေးနိုင်ဘူး...ရသင့်ရထိုက်တာကိုလည်းရအောင်ယူမှာ..."


"သမီးပြောတာမှန်တယ်...မာမီတစ်ဘဝလုံးရင်းခဲ့ရတာ ရသင့်ရထိုက်တာကိုတော့ ရအောင်ယူရမယ်...ဒီမှာ အစ်ကိုကြီး မာလာတို့ရသင့်ရထိုက်တာကို အစ်ကိုကြီးမပေးဘူးဆိုရင် ဟော့ဒီစိန်ပန်းမြိုင်အိမ်ကြီးကိုပါဖျက်ဆီးပစ်ဖို့ဝန်မလေးဘူးနော်... "

      ကျွန်မ သူဌေးကြီး၏ အခန်းရှေ့တွင် တုတ်တုတ်မလှုပ်ဘဲ ငြိမ်သက်စွာရပ်နေမိသည်။အခန်းထဲမှ ဒေါ်မာလာတင်နှင့်ကေသီတင်တို့၏ မကျေမနပ်ပြောဆိုနေသောအသံများမှာ ကျွန်မရှိရာ အခန်းအပြင်အထိ လွင့်ပျံ့လာလေသည်။


***************


     ညကတဖြည်းဖြည်းနက်လာ​​ချေပြီ။စိန်ပန်းမြိုင်အိမ်ကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေသော်လည်း ကျွန်မမှာ အိပ်မပျော်နိုင်သေးပါ။ခေါင်းထဲတွင် အတွေးပေါင်းများစွာနှင့်ရှုပ်ထွေးနေလေသည်။အိပ်မပျော်နိုင်သည့် အဆုံးစာဖတ်ရန်ဆုံးဖြတ်လိုက်ပြီး  မီးအိမ်ကိုထွန်းကာ စားပွဲထက်မှစာအုပ်တစ်အုပ်ကိုဆွဲယူလိုက်သည်။


" တောက်...တောက်  " နားထဲမှာ တစ်ခုခုပြု​တ်ကျသံလိုမျိုးကြားလိုက်ရသည်မို့...အထိတ်တလန့်နှင့် အခန်းထောင့်ကို လှမ်းကြည့်လိုက်မိသည်။မီးအိမ်၏အလင်းရောင်အောက်၌ အခန်းသည်ရှင်းလင်းနေသည်။


" တောက်..တောက်.."

အသံကိုထပ်မံကြားလိုက်ရပြန်သည်။ လက်ထဲမှမီးအိမ်ကိုချလိုက်ပြီး အသံကြားရာဆီသို့ တစ်လှမ်းချင်းလှမ်းသွားမိသော ကျွန်မခြေထောက်တွေက အခန်းတံခါးနားသို့ရောက်လာလေသည်။ကျွန်မ အခန်းတံခါးကို ခပ်ဟဟဖွင့်ပြီး အခန်းပြင်ကိုချောင်းကြည့်လိုက်သည်။


 " ဟင် " 

     စင်္ကြန်လမ်းတစ်လျှောက်ကျောခိုင်းသွားနေသော လူတစ်ယောက်ကိုမြင်လိုက်ရသည်မို့ ကျွန်မ အသက်ပင်မရှူဝံ့ဘဲ ငြိမ်ငြိမ်သက်သက်နှင့်ထိုလူ၏နောက်ကျောပြင်ကိုကြည့်နေမိရင်းမှ ချက်ချင်းပင်မှတ်မိသွားတာမို့ အခန်းထဲပြန်ဝင်ပြီး လက်ရှည်အင်္ကျီတစ်ထည်ကို အပေါ်ကထပ်ဝတ်လိုက်ပြီး လိုလိုမယ်မယ်လက်နှိပ်ဓါတ်မီးကိုကောက်ယူလိုက်ကာ မင်းပိုင်ဦးနောက်သို့လိုက်ရန် အခန်းအပြင်သို့ထွက်ခဲ့လေသည်။


"ဟင်... ဘယ်ရောက်သွားတာလဲ..."ကျွန်မနှုတ်မှ ခပ်တိုးတိုးရေရွတ်ရင်း စင်္ကြန်လမ်းတစ်လျှောက် လှမ်းမျှော်ကြည့်လိုက်သော်လည်း မင်းပိုင်ဦး၏အရိပ်အယောင်မှုန်ပျပျပင်မမြင်ရပါချေ။ကျွန်မစင်္ကြန်လမ်းအတိုင်းခြေဖွနင်း၍လျှောက်လာခဲ့သည်။ရှေ့လမ်းချိုးတစ်ခုသို့ရောက်လျှင် ကျော်စွာဦးအခန်းသို့သွားသောလမ်းနှင့်လှေကားဆီသို့သွားသောလမ်းရှိသည်။ကျွန်မ ခြေလှမ်းကို မသိမသာလေးမြန်လိုက်စဥ်မှာပင်

"အား" လှေကားဘက်ဆီမှ အော်သံခပ်သဲ့သဲ့ကိုကြားလိုက်ရသည်မို့ ကျွန်မအထိတ်ထိတ်အလန့်လန့်နှင့်လှေကားရှိရာသို့ အပြေးအလွှားသွားကြည့်လိုက်သည်။


" အမလေး "


    ​​လှေကားခြေရင်းမှ မြင်လိုက်ရသော မြင်ကွင်းကြောင့်ကျွန်မအထိတလန့်အော်ဟစ်လိုက်မိလေသည်။


------------

အပိုင်း( ၉ ) ဆက်ရန်

***************

ဧကြည်ဖြူ


rate now: