book

Index 7

အပိုင်း ( ၇ )

"စိန်ပန်း​​မြိုင်မှအိမ်နီကြီး "

****************

      ကျွန်မ မိုက်ခနဲ​ဖြစ်သွားသော ခန္ဒာကိုယ်ကိုမနည်းထိန်းလိုက်ရပြီး အခန်းထဲတွင် ​​ခွေ​ခွေလေးလဲ​နေ​သော ​ကေသီတင်အနားသို့ ​ပြေးသွားပြီးစိုးရိမ်ထိတ်လန့်စွာ ​ကြည့်လိုက်မိသည်။​ကေသီတင်၏ခန္ဓာကိုယ်ပြင်ပတွင် ထိခိုက်ဒဏ်ရာကို မ​တွေ့ရသော်လည်း ​ကေသီတင်သည် ​ကြမ်း​ပြင်​ပေါ်တွင် ​ငြိမ်သက်စွာလဲလျောင်းနေလေသည်။ကံကောင်းသည်မှာ ​ကေသီတင်ထံမှ ခပ်မှန်မှန်ရှူ​နေသော အသက်ရှူ​နေသံကို ​ကြားနေရသောကြောင့်ဖြစ်လေသည်။


" မ​ကေသီတင်....မ​ကေသီတင်... "

     ​ကေသီတင်၏ လက်ကို ဆုပ်ကိုင်​ပြီးခပ်​ကြမ်းကြမ်းလှုပ်နှိုးလိုက်သောအခါတအင်းအင်းတအဲအဲညည်းညူသံနှင့်အတူ နိုးလာ​လေသည်။


" ဟင်... ရှင်.. ရှင်...ဆရာမလေးက ကျွန်မအခန်းထဲကို ဘယ်လိုရောက်​​နေတာလဲ...ဒါ......ဒါ  ကျွန်မအခန်းလည်း မဟုတ်ဘူး  "


       ​ကေသီတင်သည် ကျွန်မကို​ကြည့်လိုက် ၊သူရောက်​နေသော အခန်းပတ်ဝန်းကျင်ကို​ကြည့်လိုက်နှင့် လဲ​နေရာမှ ကုန်းရုန်းထလာ​လေသည်။


"ပြော...​ပြောပါဦး...ရတီချို့အခန်းထဲကို ကျွန်မဘယ်လိုရောက်​နေတာလဲ..."


   ​ကေသီတင်မှာ သူ့အ​ဖြစ်ကို သူ မယုံ​ကြည်နိုင်ပုံနှင့် ​သွေးရူးသွေးတန်းမေး​နေလေသည်။


" ကျွန်မလည်း မသိဘူးလေ  မကေသီတင်... ကျွန်မ သူဌေး​ကြီးအခန်းကိုသွားတုန်း ဒီအခန်းထဲက အသံ​ကြားလို့ ကြည့်လိုက်တော့  မ​ကေသီတင်ကို​တွေ့တာပဲ "


" မဟုတ်တာ...မ​ဖြစ်နိုင်တာတွေမပြောပါနဲ့... ....မာမီရေ... မာမီ...မာမီလာပါဦး... "

 

" အို...အရမ်းမအော်ပါနဲ့လား.. မကေသီတင်...တော်ကြာသူ​ဌေးကြီး လန့်သွားမှာစိုးလို့ပါ "


     အသံအကျယ်ကြီးနှင့်အော်ဟစ်လိုက်သော ကေသီတင်အား ကျွန်မအလျှင်အမြန်တားမြစ်လိုက်​သော်လည်း ကေသီတင်သည် 

 စိတ်ဆိုးမာန်ဆိုးနှင့် ကျွန်မကိုတွန်းထုတ်လိုက်ပြီး ထပ်မံ၍အော်ဟစ်လိုက်လေသည်။


" အို...ဖယ်စမ်းပါ..ကျွန်မဘာသာအော်အော် မအော်အော် ရှင်နဲ့ဘာဆိုင်လဲ. ...ဒီလောက်အောက်သံကြောင့်နဲ့တော့ အဲ့ဒီအဘိုးကြီးမသေနိုင်ပါဘူး ဆရာမကြီးပုံစံလာလုပ်မနေနဲ့ ...မာမီ...မာမီအ​မြန်လာပါဦး...ဒေါ်ကြူ...မိလုံး အားလုံးဘယရောက်နေကြတာလဲ....ဒီကို​မြန်​မြန်မလာနိုင်ကြဘူးလား "


     ကေသီတင်၏ အသံကုန်အော်ဟစ်လိုက်သောအသံကြောင့် တစ်အိမ်သားလုံး အထိတ်တလန့်ပုံများနှင့် အပြေးအလွှားရောက်ရှိလာကြလေသည်။


ရှေ့ဆုံးမှရောက်လာသော ဒေါ်မာလာတင်မှာ သူ့သမီးကေသီတင်ကိုကြည့်ပြီး အံ့သြတကြီးနှင့်မေးလေသည်။


"ဘာ...ဘာ​ဖြစ်တာလဲ သမီးကေသီ...ဒီအခန်းထဲ ဘာဝင်လုပ်နေတာလဲ "


" အီး....ဟီး..ဟီး..မာမီ....ညက သမီးအိပ်ရာမှာအိပ်​​​နေတာပါပါ....ခုမနက်နိုးလာတော့ ဒီအခန်းထဲ​ရောက်​နေတယ်မာမီ  "


"ဘာ...ဘာပြောတယ် သမီး...​သေသေချာချာလေးပြောစမ်းပါဦး...မထိတ်သာမလန့်သာရှိလိုက်တာ "


" မသိဘူး...သမီးလည်း ​သေချာမသိဘူးမာမီ...ညကသမီး အခန်းထဲမှာအိပ်​နေတာ... ခုမနက်နိုးတော့ ဒီအခန်းထဲကိုရောက်နေတယ်လေ...ပြီးတော့ ဒီသူနာပြုမလည်း ဒီအခန်းထဲရောက်နေတယ် "


"ဘာ...ဘယ်လို...ဒါကဘယ်လို​ဖြစ်တာလဲ...ဆရာမလေး ရှင်း​ပြပါဦး "


     ​ကေသီတင်တို့သားအမိ၏ စကားကြောင့်

စိတ်ထဲ ဒေါသထောင်းခနဲဖြစ်သွား၍ မနည်းပြန်မျိုသိပ်လိုက်ရလေသည်။


"ကျွန်မလည်း သေချာမသိပါဘူး သူဌေးကတော်...ကျွန်မ သူဌေးကြီး အခန်းကိုသွားနေတုန်း ဒီအခန်းထဲက အသံကြားလို့ကြည့်လိုက်တော့ မကေသီတင်ကို တွေ့တာပါ "


" ဟင်...ဒါဆိုဘယ်လိုများ​ဖြစ်ရတာလဲ သမီးရယ်...​သေချာစဥ်းစားပါဦး "


" မသိပါဘူးမာမီရယ်...ညကအိပ်မပျော်လို့ အိပ်ဆေးသောက်ပြီး အိပ်လိုက်တာပါ... မနက်လင်းတော့ ဒီအခန်းထဲရောက်နေတာပဲ...သမီးအိပ်မောကျနေတုန်း တစ်ယောက်ယောက်က ဒီအခန်းထဲကို ရွေ့ခဲ့တာဖြစ်မယ်...အဲ့လူကိုတွေ့အောင်ရှာပေးပါ မာမီ...တွေ့လို့ကတော့ ကေသီတင်ကဘာလဲဆိုတာသိအောင်ပြရမယ် " 


..​ကေသီတင်က ပြောပြောဆိုဆိုနှင့် အိမ်သားများအား မယုံသင်္ကာသော အကြည့်များဖြင့် ကြည့်လေသည်။


" ရူးရင်လည်း အေးဆေးရူးပါလား မမကေသီ...ဘာဖြစ်လို့ အခြားသူတွေကို ဆွဲထည့်နေတာလဲ...ကိုယ့်ဘာသာ အကြောင်းရှိလို့ ဒီအခန်းထဲ ရောက်လာပြီး အိပ်ပျော်သွားတယ်ဆိုရင်ရော ဘယ်သူကဘာပြောရဲမှာလဲ ဗျာ "


  သီဟထွန်းရှိန်၏ ခနဲ့တဲ့တဲ့နှင့်ပြောလိုက်သော စကားကြောင့် ကေသီတင်တစ်ယောက် ဒေါသတကြီးနှင့်ပြန်လည်အော်ဟစ်လေသည်။


 " ဘာ...ဘာပြောတယ်....နင့်ပါးစပ်ကိုပိတ်ထားစမ်း...ဘာအကြောင်းရှိလို့ ဒီလိုကျက်သရေမရှိတဲ့အခန်းထဲကိုလာရမှာလဲ.. မာမီသားကို ပါးစပ်ကိုပိတ်ထားခိုင်းမာမီ...ကေသီအရမ်းဒေါသထွက်လာပြီ "


  "အငယ်ကောင် မင်းကလည်းပါးစပ်ပိတ်ထားစမ်း...  ကိုယ့်အစ်မကို ဘယ်လိုပြန်ပြောနေတာလဲ...ကဲ  ကဲ သွားကြတော့  ...အားလုံးကိုယ်လုပ်စရာရှိတာသွားလုပ်ကြ...ဒေါ်ကြူတစ်ယောက်ပဲနေခဲ့ "

အသီးသီးထွက်သွားကြသော အိမ်သားတွေကိုကြည့်ပြီး ကျွန်မသက်ပြင်းမောကိုချလိုက်ပြီး သူဌေးကြီး၏ အခန်းသို့ထွက်ခဲ

သည်။


 ***************

   

  အခန်းထဲသို့ရောက်သောအခါ ထိတ်လန့်တုန်လှုပ်နေသော မျက်လုံးများဖြင့် အခန်းဝကိုကြည့်နေသော သူဌေးကြီးကို တွေ့လိုက်ရ၍ စိတ်ထဲမကောင်းဖြစ်သွားရလေသည်။


" အသံတွေကြားလို့ စိတ်ပူနေတာလား ဆရာ... မစိုးရိမ်ပါနဲ့ ...မကေသီတင်ချော်လဲတာပါ...ဘာမှမဖြစ်ပါဘူး "


     ကျွန်မ၏ စကားကိုကြားတော့မှ သူဌေးကြီး၏ဦးထွန်းရှိန်၏ ထိတ်လန့်နေသောမျက်နှာမှာ ပြေလျော့သွားပြီး သူ၏တုန်ယင်နေသောလက်နှင့် ကျွန်မလက်ကို ဆုပ်ကိုင်လာလေသည်။


" အိမ်သားတွေအတွက် စိတ်မပူပါနဲ့ ဆရာ..အားလုံးအဆင်ပြေပါတယ်..."


 ကျွန်မ သူဌေးကြီး၏လက်ကို ခပ်ဖွဖွ ဆုပ်ကိုင်ပြီးအားပေးစကားပြောနေရင်းမှ ညကအဖြစ်များကို ပြန်တွေးမိလေသည်။ညကအဖြစ်သည် အိပ်မက်မဟုတ်လျှင် ကေသီတင်၏ ထူးဆန်းသော အဖြစ်သည် သီဟထွန်းရှိန်၏လက်ချက်လည်းဖြစ်နိုင်သည်။ထို့ပြင် ညကမြင်တွေ့ခဲ့ရသော ဝတ်စုံနက်နှင့်လူကိုမြင်ယောင်မိပြန်သည်။ထိုလူ၏မျက်နှာကိုသေချာမမြင်လိုက်သော်လည်း သွားလာဟန်ကို ရင်းနှိီးနေသည်။သေချာသည်မှာ ဤစိန်ပန်းမြိုင်အိမ်ကြီးမှာ ထူးဆန်းသောအရာများ ဖြစ်နေသည့််အပြင် သူတို့သည် တစ်စုံတစ်ခုကို အသည်းအသန်ရှာနေကြပုံလည်းရသည်။


" ဆရာမလေး..ကျွန်တော် ဒီနေ့အဖေ့ကို လမ်းလျှောက်ခေါ်သွားပါ့မယ် "

    အသံနှင့်အတူ ဝင်လာသော သီဟထွန်းရှိန်ကို ကျွန်မ​ခပ်တင်းတင်းတစ်ချက်ကြည့်လိုက်ပြီး ခေါင်းကိုငြိမ့်ပြလိုက်ရင်း ဝှီးချဲကို သူ့ရှေ့သို့တွန်းပို့ပေးလိုက်သည်။


****************

      တိုက်ကြီး၏ တံခါးဝတွင်ရပ်၍ ခြံထဲသို့ ကျွန်မလှမ်းကြည့်လိုက်သည်။ခြံထဲရှိ ခုံးတန်းပေါ်တွင်ထိုင်နေသော မင်းပိုင်ဦးကို တွေ့လိုက်ရတာမို့ မင်းပိုင်ဦးရှိရာဆီသို့ လျှောက်သွားလိုက်သည်။အနားသို့ရောက်သော့ခါ ခြေသံကြား၍ထင်သည်မင်းပိုင်ဦးကလှည့်ကြည့်လာလေသည်။


" ဟာ...ဝတ်ရည်

လမ်းလျှောက်ထွက်လာတာလား...တစ်ယောက်တည်းလား... သူဌေးကြီးရောမပါဘူးလား.. "

     

" အင်း...တစ်ယောက်တည်းပဲ...ရှင်ကရော ဒီနေ့အပြင်မသွားဘူးလား "


" နေ့လည်လောက်မှသွားမယ်ဝတ်ရည်...အိမ်ထဲမှာ ပြဿနာတွေဖြစ်နေတုန်း အပြင်ထွက်သွားရင်ရှောင်သလိုဖြစ်နေမှာစိုးလို့ ဒီမနက်မသွားတော့ဘူး...ဒါနဲ့ ဝတ်ရည်ရောနေရတာအဆင်ပြေရဲ့လား...ကိုယ်တို့အဖြစ်ကလည်း... ငါးနှစ်ကြာမှ ပြန်တွေ့ပြီး တစ်အိမ်ထဲနေရပေမဲ့ တစ်နေတစ်ခါတောင်တွေ့ရဖို့ မလွယ်ဘူးနော် "


 ကျွန်မ သူ့စကားကို ခွန်းတုံ့မပြန်ဘဲ သူ့မျက်နှာကိုစေ့စေ့ကြည့်လိုက်သည်။သူကလည်း ကျွန်မကို ရွှန်းရွှန်းစားစားမျက်ဝန်းများဖြင့်ပြန်ကြည့်နေလေသည်။

    


" ရှင် ဒီစိန်ပန်းမြိုင်အိမ်ကြီးမှာ ဘာကိစ္စရှိလို့နေနေတာလဲ ကိုမင်းပိုင်ဦး... ကျွန်မ အမှန်အတိုင်းသိချင်တယ် "


 ကျွန်မအမေးကြောင့် သူ့မျက်နှာမှာ ကွက်ခနဲပျက်သွားပြီး 

 

"အလုပ်ကိစ္စရှိလို့နေတာလေ ဝတ်ရည်...ကိုယ်ရောက်တဲ့နေ့ကတည်းက ဝတ်ရည်ကို ပြောပြထားတယ်လေ...ဒီမြို့မှာဆောက်လုပ်ရေးလုပ်ငန်းတစ်ခုလုပ်ဖို့ နေရာရှာနေတုန်း ဒီမှာခဏတည်းနေတဲ့သဘောပါ ဝတ်ရည်ရယ် "


     ကျွန်မ သူ့မျက်နှာကို စေ့စေ့ကြည့်လိုက်ပြီး ထပ်ပြီးမေးလိုက်သည်။


"ထားပါတော့လေ... ညဘက်တွေ ဘယ်အချိန်အိပ်လဲ...ညကရော တရေးနိုးချိန်မှာ အောက်ထပ်လေးဘာလေးဆင်းသေးလား "

  ကျွန်မ အမေးကြောင့် သူထိတ်လန့်အံ့သြသွားပုံနှင့်


" ဘာ  ...ဘာကိုမေးတာလဲ ဝတ်ရည်...ညကကိုယ်စောစောအိပ်တာပါ...တစ်​နေကုန်သွားလာထားတော့ ပင်ပန်းပြီး တစ်ချိုးတည်း အိပ်ပျော်သွားတာ မိုးလင်းမှနိုးတာ "


"ရှင့်ပုံစံက အရင်အတိုင်းပဲနော်ကိုမင်းပိုင်ဦး... ရှင့်ကိုကြည့်လိုက်ရင် အမြဲလျှိုဝှက်ချက်တွေ့နဲ့ပြည့်နေတာပဲ...သူငယ်ချင်းသံယောစဥ်နဲ့ ပြောလိုက်မယ်...ရှင် ဒီအိမ်ကြီးကို ဘာအတွက်ရောက်လာမှန်းမသိပေမဲ့...ရှင်အခုလုပ်နေတာတွေကိုမလုပ်ဘဲ ပြန်သွားဖို့ပဲပြောချင်တယ် "

  


    ကျွန်မ ပြောပြီးတာနှင့် ခုံမှထလိုက်ပြီး သူ့အနားမှထွက်ခဲ့လိုက်သည်။ထိုအခါ သူပါထိုင်နေရာမှ ထလိုက်ပြီး ကျွန်မလက်ကိုလှမ်းဆွဲလိုက်လေသည်။


   " ခဏ...ခဏနေပါဦး ဝတ်ရည်

 ...ကိုယ်ပြောတာကို နားထောင်ပါဦး.. ဝတ်ရည်က ဘာအဓိပ္ပါယ်နဲ့ပြောလဲမသိပေမဲ့ ကိုယ့်ဒီအိမ်မှာလာနေတာက ဘယ်သူ့ကိုမှ ဒုက္ခပေးဖို့မဟုတ်ဘူးဆိုတာကျိန်ရဲပါတယ်...အရိုးသားဆုံးပြောရရင် ဒီအိမ်ကြီးမှာ ဝတ်ရည်ရှိနေလို့ နေဖို့ဆုံးဖြတ်လိုက်တာပါ..."


 ကျွန်မလက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်၍ တတွတ်တွတ်ပြောနေသော သူ့ကိုကြည့်ပြီး ကျွန်မ အတိတ်မှ ဒဏ်ရာများကိုသတိရသွားက​ပြီးလက်ကိုအတင်းဆောင့်ရုန်းပစ်လိုက်သည်။


" အို လွှတ်...ကျွန်မလက်ကိုလွှတ်... ရှင်ပြောသမျှစကားတွေကို လုံးဝအယုံအကြည်မရှိတော့ဘူး....အရင်က ရှင့်အလိမ်အညာစကားတွေကို ယုံခဲ့မိလို့ ဆွေမျိုးတွေကြားမှာ သိမ်ငယ်ခဲ့ရပြီးပြီ "


"အရင်က ကိစ္စတွေအတွက် ကိုယ်တောင်းပန်ပါတယ် ဝတ်ရည်ရယ်...အဲ့ဒီတုန်းက အမေကလည်းဆုံးသွားပြီး ကိုယ့်ဆီမှာငွေကလည်းမရှိမို့ စိတ်ဓါတ်ကျ​ပြီး အဒေါ်နဲ့လိုက်သွားခဲ့တာပါ...ကိုယ်တစ်နေ့မှဝတ်ရည်ကိုမေ့လို့မရခဲ့ပါဘူး "


" အို တော်စမ်းပါ 

...အရင်တုန်းကအကြောာင်းတွေကိုပြောမနေနဲ့တော့...ရှင့်ကို ကျွန်မ မယုံတော့ဘူး "


" မဟုတ်ဘူး ဝတ်ရည်...ကိုယ်တကယ်ပြောနေတာ...မကြာခင်ကိုယ့်ပြန်တော့မှာ ကိုယ်ပြန်ရင် ဝတ်ရည်ကိုပါ ခေါ်သွားဖို့ စီစဥ်ထားတယ်...ကိုယ်တို့နှစ်ယောက်လက်ထပ်ပြီး ရန်ကုန်မှာ​နေကြမယ်လေ "


"ဘာရှင့်..လက်ထပ်မယ် ဟုတ်လား...ဒီစကားကို ရှင်ပြောရဲသေးတယ်ပေါ့...ဒီစကားပြောဖို့နောက်ကျသွားပြီရှင့်...ဖယ်ပေး... ရှေ့ကနေမြန်မြန်ဖယ် "


       ကျွန်မစိတ်တိုတိုနှင့်ရှေ့မှပိတ်ရပ်နေသော သူ့ကိုတွန်းဖယ်ပစ်လိုက်ပြီး

တိုက်ကြီးထဲ ပြန်ဝင်ရန်ဟန်ပြင်လိုက်စဥ်မှာပင် ခပ်လှမ်းလှမ်းမှနေ ကျွန်မတို့ကိုကြည့်နေသော သီဟထွန်းရှိန်တို့သားအဖနှစ်ယောက်ကိုတွေ့လိုက်ရလေသည်။သီဟထွန်းရှိန်၏ စူးစူးရဲရဲအကြည့်တွေကြောင့် ကျွန်မခေါင်းကိုငုံ့ပြီး ကျောခိုင်းလိုက်ကာ  အိမ်ကြီးထဲသို့ ဒရောသောပါးပြေးဝင်ခဲ့မိလေသည်။


****************

  " ဆရာမ...ဧည့်ခန်းထဲကို ခဏလာပါဦး ပြောစရာလေးရှိလို့ "


   

     ​ခြံထဲမှ အပြေးတစ်ပိုင်းဝင်လာမိသော ကျွန်မ။အိမ်ဝတွင် ဒေါ်မာလာတင်နှင့်တည့်တည့်ရင်ဆိုင်တိုးလေသည်။

------------

ဧည့်ခန်းထဲသို့ ရောက်သောအခါ ဒေါ်မာလာတင်သည် မျက်နှာထားခပ်တင်းတင်းနှင့် လှမ်းကြည်ပြီး တင်းမာသော လေသံနှင့်စကားစလေသည်။


"မောင်မင်းပိုင်ဦးနဲ့ဆရာမလေးတို့ ဘာပတ်သက်မှုရှိလဲ "

 

" ရှင် "

ကျွန်မ ဒေါ်မာလာတင်ကို အလန့်တကြားမော့ကြည့်လိုက်မိပြီး ခေါင်းကိုခါယမ်း​ပြလိုက်မိသည်။


" ကျွန်မတို့ဘာမှ မပတ်သက်ပါဘူး...ဟိုအရင်ကသိခဲ့ဖူးတဲ့မိတ်ဆွေတွေပါ...

"

"​ဒါဆိုလည်း ကောင်းပြီလေ..ဆရာမတို့ရဲ့ကိုယ်ရေးကိုယ်တာာကိစ္စတွေကိုတော့ ဘာမှမပြောလိုပါဘူး...ဒါ​ပေမဲ့ စိန်ပန်း​​မြိုင်အိမ်​​ကြီးမှာ​နေရင်တော့ အနေအထိုင်အပြောအဆိုဆင်ခြင်ပါ...စကားရှုပ်ရှုပ်ယှက်ယှက်တွေမပြောမိပါစေနဲ့ "


****************


    ဧည့်ခန်းထဲမှ ကျွန်မစိတ်တိုတိုနှင့်ထွက်လာခဲ့ပြီး စင်္ကြန်လမ်းတစ်လျှောက် တွေတွေဝေဝေနှင့်လျှောက်လာခဲ့သည်။စိတ်ထဲ၌မူ ဒေါ်မာလာတင်၏ မောက်မာသောပုံစံကိုသာ မြင်ယောင်နေမိလေသည်။


" အမေ့ "

စင်္ကြန်လမ်းအတိုင်း လျှောက်လာရင်းမှ ရုတ်တရက်လက်ကိုဆောင့်ဆွဲခံလိုက်ရပြီး အခန်းထဲသို့ ဆွဲသွင်းခံလိုက်ရသည်မို့ လန့်ဖျပ်ပြီး တွန်းထိုးရုန်းကန်​အော်ဟစ်လိုက်မိသည်။


" ဘာလုပ်တာလဲ လွှတ်....အခုချက်ချင်းလွှတ်...မလွှတ်ရင် အော်လိုက်မှာနော်.. "


" ရှူး...တိုးတိုးပြောပါ...ဆရာမ​လေး မတော် ဒီအခန်းထဲမှာ ကျွန်တော်တို့နှစ်ယောက်တည်းရှိနေတာကို တစ်ယောက်ယောက်သိသွားရင်မကောင်းဘူး "


" ရှင်...သီဟထွန်းရှိန် ဒါဘာလုပ်တာလဲ...သူဌေးကြီးရောဘယ်မှာလဲ..."


" စိတ်မပူပါနဲ့...ရှေ့နေကြီးရောက်လာလို့ထားခဲ့တာပါ "


" ဒါနဲ့ ဘာကိစ္စ ကျွန်မကို ဒီအခန်းထဲခေါ်လာရတာလဲ..."


"မေးစရာရှိလို့ပါ ဆရာမလေး.. မနက်က ကျွန်တော့အစ်မကိစ္စကဘယ်လိုဖြစ်တာလဲ သိချင်လို့...."


ကျွန်မ သီဟထွန်းရှိန်၏ မျက်နှာကိုခပ်စူးစူးကြည့်လိုက်သည်။


 "​ကေသီတင် အဲ့ဒီအခန်းထဲဘယ်လိုရောက်နေတာလဲဆိုတာ ...ကျွန်မထက်ရှင်ကပိုသိတယ်မဟုတ်ဘူးလား...တကယ်လို့ မကေသီတင်ပြောသလို တစ်ယောက်ယောက်ကသာ သူ့ကို အဲ့ဒီအခန်းထဲသွားထားခဲ့တာဆိုရင် အဲ့ဒီလူကဘယ်သူလဲဆိုတာ ရှင်တို့က ပိုသိမှာပေါ့... ဘာပဲဖြစ်ဖြစ် မကေသီတင်ရဲ့ ခန္ဓာကိုယ်က ဘယ်လောက်ပဲသေးသေးသွယ်သွယ်လေး ဖြစ်နေပါစေ တော်ရုံလူကတော့ အ​ပေါ်ထပ်က​နေအောက်ထပ်အထိ နိုင်မှာမဟုတ်ဘူး... ရှင့်လို့အရပ်အမောင်းနဲ့ခန္ဓာကိုယ်မျိုးရှိတဲ့သူဆိုရင်တော့ မပြောတတ်ဘူး "


" ဗျာ...ဆရာမလေး.... 

​ဘာသဘောနဲ့​ ပြောတာလဲ.... ကျွန်တော်ကဘာကိစ္စအပင်ပန်းခံပြီး အဲ့လိုလုပ်မှာလဲ "


" ဒါတော့...မသိဘူးလေ...ရှင်တို့မိသားစုကိစ္စပဲ ...ကျွန်မနဲ့မှမဆိုင်တာ...ဒါပဲမေးမှာမဟုတ်လား... ကျွန်မသွားတော့မယ် "


ကျွန်မပြောပြီးတာနှင့် သူရှေ့မှချာခနဲလှည့်ထွက်လိုက်ပြီး အခန်းတံခါးကိုဆွဲဖွင့်လိုက်သည်။

"အမေ့ "ကျွန်မ အခန်းတံခါးကို ဆွဲဖွင့်နေစဥ်မှာပင် သီဟထွန်းရှိန်သည် ​နောက်မှကျွန်မလက်ကို လှမ်းဆွဲလိုက်၍ ကျွန်မ၏ခန္ဓာကိုယ်တစ်ခုလုံး အရှိန်မထိန်းနိုင်​တော့ဘဲ သီဟထွန်းရှိန်၏ ရင်ခွင်ထဲသို့လဲကျသွားရလေသည်။


" အို ...ရှင် ဒါဘာလုပ်တာလဲ...လွှတ်...ဖယ်ဆို...အမြန်ဖယ် "


 ကျွန်မရှက်ရှက်နှင့် သီဟထွန်းရှိန်၏ခန္ဓာကိုယ်ကြီးကိုတွန်းဖယ်ပြီး ရုန်းထွက်လိုက်သည်။


" ဖယ်မှာပါဗျာ...ဆရာမလေးက ကျွန်တော်​ပြောတာကိုဆုံးအောင်နားမထောင်ဘဲ ထွက်သွားဖို့ပဲလုပ်နေလို့ လှမ်းဆွဲလိုက်တာပါ...ကျွန်တော်ပြောတာကို ခဏလောက်ငြိမ်ငြိမ်လေးပဲနားထောင်ပေးပါ...ဆရာမလေးကိုလက်ဖျားနဲ့တောင်မထိပါဘူး "


" အဲ့ဒါဆိုလည်း...ပြောစရာရှိတာ အမြန်ပြော "


"မပြောတော့ပါဘူးဗျာ...ဆရာမလေးက ကျွန်တော့်ကိုမြင်တာနဲ့ဒေါသပဲထွက်နေတယ်...ကျွန်တော်ဘာလုပ်မိလို့ ကျွန်တော့်ကိုမုန်းနေရတာလဲ..."


 ကျွန်မမျက်နှာကို မမှိတ်မသုန်စိုက်ကြည့်ပြီးပြောနေသော သီဟထွန်းရှိန်ကို ကျွန်မသတိလက်လွတ်ငေးမောကြည့်နေမိသည်။သီဟထွန်းရှိန်နှင့်ကျွန်မ အတန်ကြာအကြည့်ချင်းဆုံမိကြပြီ နောက် ကျွန်မတို့နှစ်ယောက်လုံးအသိဝင်လာပြီး ရှိုးတိုးရှန့်တန့်ဖြင့် မျက်နှာများကိုလွှဲလိုက်ကြသည်။


"ဟို...ဟို...ဒါပဲမဟုတ်လားဟင်....ကျွန်မသွားတော့မယ်"  

   

 ကျွန်မ၏စကားသံမှာ ရှက်ရွံစိတ်ဖြင့်အထစ်ထစ်အငေါ့ငေါ့ဖြစ်နေလေသည်။ထို့အတူ သီဟထွန်းရှိန်သည်လည်း ခေါင်းကြီးကိုငုံ့ပြီးရပ်နေရာမှ ကျွန်မကိုမဝံမရဲနှင့်လှမ်းကြည့်ပြီး


" ဟို...ဟိုလေ..ဆရာမလေးနဲ့ကိုမင်းပိုင်ဦးကဘယ်လိုများပတ်သက်​နေတာလဲ "


 တံခါးကိုဖွင့်ဖို့လုပ်နေရင်းမှ သီဟထွန်းရှိန်ကို ကျွန်မ လည်ပြန်လှည့်ကြည့်လိုက်သည်။သီဟထွန်းရှိန်သည် ကျွန်မ၏အဖြေကို ငံ့လင့်နေဟန် ​ကြည့်နေလေသည်။


"တကယ်သိချင်တာလား...သိချင်ရင်လည်း ပြောပြရမှာပေါ့...ကျွန်မရဲ့ရည်းစားဟောင်းလေ..ခုတော့ဘာမှမပတ်သက်ပါဘူး..."


ပြောပြီးသည်နှင့် အခန်းထဲမှပြေးလွှားထွက်ခဲ့သည်။ထိုခဏ၌တော့ ကျွန်မစိတ်ထဲ၌ သီဟထွန်းရှိန်နှင့်ပတ်သက်သော သံသယစိတ်များလည်း ပျောက်ကွယ်နေလေသည်မှာတော့အမှန်ပါပင်။


****************


   ဖျတ်ခနဲ လန့်နိုးလာချိန်၌ တစ်ခန်းလုံးမှောင်မည်းနေသည်။

 

" ဂျီ.. ဂျီ ..ဂျီ.."


    နိုးလျှင်နိုးချင်ပင် အခန်းထောင့်အမှောင်ထဲမှ ကြမ်းပြင်ကိုကုတ်ခြစ်နေသောအသံကဲ့သို့တဂျစ်ဂျစ်မြည်သံကိုကြားရလေသည်။ကျွန်မ မရဲတရဲနှင့်အခန်းထောင့် အမှောင်ထဲကို ​သေချာကြည့်လိုက်သည်။ကြုံဖူးနေကြဖြစ်သော်လည် နှလုံးခုန်သံများ တထိတ်ထိတ်နှင့်မြန်ဆန်လာသလို စိတ်တင်းထားသည့်ကြားမှချွေးစီးများလည်းအနည်းငယ်ပြန်လာ​လေသည်။


"အမလေး... ဘုရား"အခန်းထောင့်ကိုကြည့်နေရင်းမှ မြင်လိုက်ရသောမြင်ကွင်းကြောင့် လွှတ်ခနဲ လန့်အော်မိသော ပါးစပ်ကို လက်ဖဝါးနှင့်အမြန်ပိတ်လိုက်ရသည်။

      အခန်းထောင့်အမှောင်ထဲတွင် ဆံပင်ဖိုးရိုးဖားရားနှင့် ငုတ်တုတ်ထိုင်နေသောမိန်းမတစ်ယောက်ကိုတွေ့လိုက်ရသည်။ထိုမိန်းမသည် ခေါင်းကြီးငိုက်စိုက်ချလျက် သူ၏လက်သည်းရှည်များဖြင့်ကြမ်းပြင်ကို ကုတ်ခြစ်နေလေသည်။ကျွန်မလည်းထိုမြင်ကွင်းကို ​ကြောက်ကြောက်နှင့်ကြည့်နေမိစဥ်မှာပင် မြင်ကွင်းမှဖျတ်ခနဲပျောက်သွား​လေသည်။


"ဘုတ်..ဘုတ်..."


ရုတ်တရက် ပြတင်းမှန်းတံခါးဆီမှ ရိုက်ပုတ်လိုက်သံကဲ့သို့ အသံထွက်လာ၍ ကျွန်မတစ်ကိုယ်လုံး ဆတ်ခနဲတုန်တက်သွားရလေသည်။ပြီးလျှင်

 အသက်ရှူသံတွေပါပိုမိုမြန်ဆန်လာပြီး လူမှာမောဟိုက်လာလေသည်။ကျွန်မရင်ဘတ်ကို လက်နှင့်ဖိပြီး ပြတင်းပေါက်နားသို့ထလာခဲ့လိုက်​ပြီး လိုက်ကာစကိုဘေးသို့တွန်းပို့လိုက်ကာ ခြံထဲသို့ လှမ်းကြည့်လိုက်သည်။

   လပြည့်

ရက်နီးလာပြီးမို့ ခြံထဲတွင်လရောင်ဖြင့်လင်း၍နေလေ၏။လ၏အလင်းရောင်အောက်တွင် ဟိုသည်ယိမ်းနွဲ့နေသော သစ်ပင်ကြီးများကို ကျွန်မခဏတာငေးမောကြည့်နေမိသည်။


"ဟင် "ည၏အလှကိုငေးကြည့်နေမိစဥ် မျက်လုံထဲမြင်လိုက်ရသော အရာကြောင့် ကျွန်မ​ယောင်ယမ်းပြီးနောက်ကိုဆုတ်လိုက်မိသည်။ပြတင်းပေါက်မှတဆင့်မြင်လိုက်ရသည်မှာ ကျွန်မရှိရာပြတင်းပေါက်သို့ လှမ်းကြည့်နေသောမိန်းမတစ်ယောက် ။ပြီးလျှင် ထိုအမျိုးသမီးသည် ကျွန်မကိုလက်ယပ်၍ခေါ်နေပြန်သည်။ကျွန်မ လိုက်ကာစကို ဆတ်ခနဲဆွဲပိတ်ပစ်လိုက်သည်။


" ဒေါက်.. ဒေါက်..."

"အမလေး "

ပြတင်းပေါက်မှခြေလှမ်းကိုနောက်ဆုတ်လိုက်စဥ် ရုတ်တရက် အခန်းတံခါးခေါက်သံထွက်ပေါ်လာသောကြောင့် လန့်ဖျပ်ပြီး ခြေထောက်နှစ်ဘက်မှာ ကြမ်းပြင်ပေါ်သို့ ညွှတ်ခွေလဲကျမလိုပင်ဖြစ်သွားလေသည်။


" ဘယ်...ဘယ်သူလဲ "ကျွန်မတုန်တုန်ရီရီနှင့်လှမ်းမေးလိုက်သော်လည်း ပြန်ဖြေသံကိုမကြားရဘဲ တံခါးခေါက်သံမှာအဆက်မပြတ်ထွက်ပေါ်နေလေသည်။ကျွန်မရင်တထိတ်ထိတ်နှင့် တံခါးနားသို့လျှောက်သွားပြီး တံခါးကိုခပ်ဟဟဖွင့်ကြည့်လိုက်သည်။


" ဝှစ်"


" အမေ့ "


 တံခါးကိုဖွင့်လိုက်သည်နှင့် လူတစ်ယောက်ဖြတ်ပြေးသွားသကဲ့သို့ ခံစားလိုက်ရသော် အခန်းအပြင်၌ မည်သူမှမရှိပါချေ။ကျွန်မစင်္ကြန်လမ်းတစ်လျှောက်လှမ်းကြည့်လိုက်သည်။


" ဟင်" စင်္ကြလမ်းပေါ်တွင်တရွေ့ရွေ့သွားနေသော အရိပ်မည်းကြီးတစ်ခုကိုတွေ့လိုက်ရသည်။ထိုအရိပ်မည်းကြီးသည် ကျော်စွာဦးနေခဲ့သော အခန်းရှိရာ စင်္ကြန်လမ်းဘက်သို့ ချိုးကွေ့သွားလေသည်။


ကျွန်မ အခန်းတံခါးကိုခပ်ဖြည်းဖြည်းဆွဲဖွင့်လိုက်ပြီး ခြေသံလုံလုံနှင့် စင်္ကြန်လမ်းအတိုင်းဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။ကျော်စွာဦး၏ အခန်းဘက်သို့သွားသော စင်္ကြန်လမ်းထောင့်ချိုးသို့ ရောက်သောအခါ ခဏရပ်၍ အမောဖြေလိုက်ရသည်။ရင်အစုံမှာဖာဖိုကဲ့သို့ဖြစ်နေပြီး မောဟိုက်နေသော်လည်း သည်ညအဖို့ တရားခံကိုမိအောင်ဖမ်းရန် ကျွန်မဆုံးဖြတ်ချက်ချထားပြီးဖြစ်လေသည်။​ကျော်စွာဦး၏ အခန်းရှိရာသို့ လမ်ထောင့်ချိုးမှအသာချောင်းကြည့်လိုက်သည်။ထိုအခါ အရိပ်မည်းကြီးမှာ အဝတ်နက်ကြီးခြုံထားသောလူတစ်ယောက်ဖြစ်မှန်းတွေ့လိုက်ရလေသည်။

ကြည့်နေစဥ်မှာပင် ထိုလူသည်ကျော်စွာဦး၏ အခန်းတံခါးကိုဖွင့်၍ဝင်သွားလေသည်။

ကျွန်မ လက်ထဲမှကိုင်ထားသော ဓါတ်မီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်လိုက်ပြီး ကျော်စွာဦး၏အခန်းဆီသို့ ခြေသံမမြည်​အောင်လျှောက်ခဲ့သည်။

 တဖြည်းဖြည်း ကျော်စွာဦး၏ အခန်းနှင့်နီးလာသည်နှင့်အမျှ ရင်တွေတဒိန်းဒိန်းအခုန်မြန်လာသည်။


" ရှပ်...ရှပ်..."

ရှေ့သို့သွားရန်လောနေစဥ်မှာပင် ရုတ်တရက်နောက်မှခြေသံကြားလိုက်ရ၍ ကျွန်မ အထိတ်တလန့်နောက်သို့ လှည့်ကြည့်လိုက်မိသည်။


" ဒုတ် "

" အ "ဖျတ်ခနဲအရိပ်သာမြင်လိုက်ရ​ပြီး ဇာက်ပိုးဆီမှ နာကျင်မှုနှင့်အတူ လောကကြီးတစ်ခုလုံးမှောင်အတိကျသွားသည်ကိုသာ ကျွန်မသိလိုက်​တော့သည်။


-------------


အပိုင်း (၈ )ဆက်ရန်

***************

ဧကြည်ဖြူ


rate now: