"စိန်ပန်းမြိုင်မှအိမ်နီကြီး "
***************
ညအိပ်မီးအလင်းရောင်ပြာလဲ့လဲ့အောက်တွင် အခန်းတစ်ခုလုံးကို ကျီးကန်းတောင်းမှောက်ကြည့်လိုက်မိရာ အခန်းထောင့်တွင် ဆောင့်ကြောင့်ကြီးထိုင်နေသော မိန်းမတစ်ယောက်ကိုတွေ့လိုက်ရလေသည်။
"အား ..."ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်သော်လည်း အသံသည် အပြင်သို့ ထွက်မလာပါချေ။ထိုနည်းတူ ခန္ဓာကိုယ်တစ်ခုလုံးလည်းလှုပ်ရှား၍ မရအောင်ရှိလေသည်။ထိုမိန်းမသည် ဆံပင်ဖားလျားကြီးချထားပြီး မျက်လုံးပြူးကြီးများဖြင့် ကျွန်မကို မမှိတ်မသုန်စိုက်ကြည့်နေလေသည်။ကျွန်မကြောက်လန့်တကြားနှင့် မျက်လုံးကိုအားကုန်မှိတ်ချလိုက်မိသည်။
" ဟင်း...ဟင်း..ဟင်း "အက်ကွဲကွဲရှတတအသံကဲ့သို့သော ညည်းညူသံကြီးမှာ ထပ်မံထွက်ပေါ်လာပြန်လေသည်။ကျွန်မ မဝံ့မရဲဖြင့် မျက်လုံးကိုအသာဖွင့်ကြည့်လိုက်သောအခါ
"ဟင်" ထိုမိန်းမသည် သူထိုင်နေသောနေရာမှ ကြမ်းပြင်ကို သူ၏လက်သည်းရှည်ကြီးများဖြင့်ကုတ်ခြစ်၍နေလေသည်။
ကျွန်မလည်း ထိုမြင်ကွင်းကို တုန်တုန်လှုပ်လှုပ်နှင့် ကြည့်နေမိပြီး အိပ်မက်လေလား၊တကယ်လားဝေခွဲမရနိုင်ဘဲ ဖြစ်နေမိလေသည်။ထိုသို့ ကြည့်နေစဥ်မှာပင် ထိုမိန်းမ၏ပုံရိပ်သည် ဖျတ်ခနဲပျောက်ကွယ်သွားလေသည်။ကျွန်မမှာတော့ ခန္ဓာကိုယ်တစ်ခုလုံး၌ ဇောချွေးများပြန်နေပြီး တဆတ်ဆတ်တုန်၍နေဆဲဖြစ်လေသည်။
" လာ...လိုက်...ခဲ..."
" အမလေး " နား နားသို့ကပ်၍ ပြောလိုက်သကဲ့သို့ ကြားလိုက်ရသော လေးတွဲတွဲအသံကြီးကြောင့် ကြောက်လန့်တကြားအော်လိုက်မိသော်လည်း နှုတ်ခမ်းအစုံသည်ဖွင့်ဟ၍ မရနိုင်အောင်ဖြစ်နေပြန်လေသည်။အသံရှင်ကို ကျွန်မအထိတ်တလန့်နှင့်မော့ကြည့်လိုက်မိသည်။
" အို...ဘုရား" တံခါးပေါက်မှ မြင်ကွင်းကြောင့် ကျွမ်မစိတ်ထဲမှ ဘုရားကိုအကြိမ်ကြိမ်တလိုက်မိသည်။တံခါးပေါက်တွင် တော့ အကောင်အထည်မပီပြင်သော ဖြူဖြူအရိပ်ကြီးသည် လှုပ်ရှားယိမ်းထိုးနေပြီး
ကြည့်နေရင်းမှပင် မိန်းမတစ်ယောက်ဖြစ်သွားပြန်ပြီး ကျွန်မရှိရာသို့ ခေါင်းချည်းသက်သက်လှည့်၍စောင်းငဲ့ကြည့်နေသည်။ထို့နောက်တံခါးဝမှ အပြင်သို့ထိုးထွက်သွားလေသည်။တံခါးမှာ ပွင့်၍နေလေသည်။ကျွန်မလည်း ညှို့ငင်ခံထားရသူပမာ အိပ်ရာထက််မှ ဖြည်းလေးစွာထလိုက်ပြီး ထိုထိတ်လန့်တုန်လှုပ်စရာ မိန်းမနောက်သို့ တိတ်တိတ်ဆိတ်ဆိတ်လိုက်ခဲ့မိလေသည်။
အခန်းထဲမှ ထွက်လိုက်သည်နှင့် စင်္ကြန်လမ်းတစ်ခုလုံး မှိန်ပျပျအလင်းရောင်မှ လွဲ၍ ချောက်ချာဖွယ်ရာကောင်းလောက်အောင်တိတ်ဆိတ်နေပြန်သည်။
"ရှပ်..ရှပ်...ရှပ် "စင်္ကြန်လမ်းထက်၌ ထိုမိန်းမ၏ ရှပ်တိုတ်သွားနေသော တရှပ်ရှပ်ခြေသံများထွက်ပေါ်နေသော်လည်း မည်သည့်အခန်းကမျှ တုပ်တုပ်မလှုပ်ကြဘဲ တိတ်ဆိတ်ငြိမ်သက်၍နေလေသည်။ကျွန်မတို့သည် စင်္ကြန်လမ်းအတိုင်း လျှောက်နေရင်းမှ ကိုကျော်စွာဦး၏အခန်းဘက်သို့ သွားရာစင်္ကြန်လမ်းခွဲသို့ ရောက်သောအခါ အမှတ်တမဲ့ လှမ်းကြည့်လိုက်မိလေသည်။
" အို" စိတ်ထဲမှ အထိတ့်တလန့်ရွေရွတ်လိုက်မိသည်။မှိန်ပျပျအလင်းရောင်အောက်ရှိ စင်္ကြန်လမ်းပေါ်တွင် မည်းမည်းအရိပ်များမှာ ဟိုသည်ရွေ့လျားနေကြသည်ဟု ထင်မိသည်။ကျွန်မ မြင်ကွင်းကိုဆက်မကြည့်ရဲတော့ဘဲ မျက်နှာအမြန်လွှဲလိုက်ရလေသည်။
စင်္ကြန်လမ်းတစ်လျှောက် တစ်ခန်းပြီးတစ်ခန်းကျော်ဖြတ်ခဲ့ပြီး သီဟထွန်းရှိန်၏ အခန်းဘက်သို့သွားသော စင်္ကြန်လမ်းနားသို့ရောက်ရှိခဲ့လေသည်။ထိုစင်္ကြန်လမ်း၏အဆုံး သီဟထွန်းရှိန်၏ အခန်းနားတွင် မင်းပိုင်ဦး၏ အခန်းပါရှိသည်။ထိုအခန်းများဆီသို့ ကျွန်မ လှမ်းမျှော်ကြည့်လိုက်မိပြန်သည်။ အခန်းများသည် မှောင်မည်းတိတ်ဆိတ်နေလေသည်။
ကျွန်မတို့နှစ်ယောက်သည် တဖြည်းဖြည်းနှင့် လှေကားရှိရာသို့နီးကပ်လာကြလေ၏။ရှေ့မှတရွေ့ရွေ့သွားနေသော ကြောက်စရာထိုမိန်းမသည် လှေကားနားရောက်ခါနီးမှ အခန်းတစ်ခန်းရှေ့အရောက်တွင် မတ်မတ်ရပ်နေလေသည်။ကျွန်မလည်း ကြောက်ကြောက်လန့်လန့်နှင့်ပင် ထိုအခန်းနံရံသို့ တိုးကပ်ရပ်လိုက်သည်တွင် အခန်းထဲမှ စကားပြောသံသဲ့သဲ့ကို ကြားလိုက်ရသည်မို့ ကျွန်မခေါင်းနားပန်းများပင် ကြီးသွားရလေသည်။ဤသည်အခန်းသည် ကျွန်မသိသလောက် ဤစိန်ပန်းမြိုင်အိမ်ကြီးသို့ ကျွန်မရောက်သည့်နေ့မှစ၍ ယနေ့အထိနေထိုင်သူမရှိသောအခန်းသာဖြစ်သည်။ကျွန်မ တုန်တုန်လှုပ်လှုပ်နှင့် အခန်းနံရံနားသို့ ကပ်ပြီး အထဲမှအသံများကိုနားစိုက်ထောင်လိုက်သည်။
"နင်လိုအရူးက ငါ့ခံစားချက်ကိုဘာသိမှာ... " မိန်းမတစ်ယောက်၏ အသံကိုဦးစွာကြားလိုက်ရလေသည်။အသံတွေကို ခွဲခြားနိုင်သော ကျွန်မအတွက် ထိုအသံသည် ကေသီတင်၏ အသံမှန်းချက်ချင်းသိလိုက်သည်။ကေသီတင်နှင့်စကားပြောနေသော တစ်ဖက်သူမှာ မည်သူမည်ဝါမှန်း မသိရသော်လည်း ကေသီတင်၏အသံကို နားထောင်ရသည်မှာ အတော်လေးပင်ဒေါသထွက်နေဟန်ရှိလေသည်။
" တော်စမ်းပါ...ပါးစပ်ပါတိုင်း လျှောက်ပြောမနေနဲ့... သည်အိမ်ထဲကအပ်တိုတစ်ချောင်းကိုတောင် ရဖို့မျှော်လင့်မနေနဲ့...ပြီးတော့ ခင်ဗျားတို့တွေသိပ်လိုချင်နေတဲ့ဟာကိုလည်း ဒီတစ်သက်ရှာတွေ့မယ် မထင်နဲ့...ဘယ်တော့မှမတွေ့ဘူးမှတ်ထား ...မမရတီမရှိတော့တဲ့ နောက်ပိုင်း ဟော့ဒီစိန်ပန်းမြိုင်အိမ်ကြီးက ကျွန်တော်အတွက်ပဲ...မကေသီနဲ့ဘာမှမဆိုင်ဘူးသိရဲ့လား " ကြားလိုက်ရသော အသံကြောင့် ကျွန်မရင်တွေ ဒိန်းခနဲ ဆောင့်ခုန်သွားရလေသည်။ထိုအသံ ၊ ထိုအသံသည် သီဟထွန်းရှိန်၏ အသံပင်မဟုတ်ပါလား။
" တော်စမ်း...နင်ပါးစပ်ပိတ်ထားစမ်း...နင်လိုကောင်မျိုးနဲ့မောင်နှမတော်ရတာ သိပ်စိတ်ပျက်စရာကောင်းတယ်...နင်လည်းအဲ့ဒီပစ္စည်းကိုအသည်းအသန်ရှာနေတာကို ငါတို့မသိဘူးများထင်နေလား... သွားရှာလေ...သွားရှာ...နင်သိပ်ရှာချင်နေတဲ့ ကျော်စွာဦးရဲ့အခန်းမှာ သွားရှာတော့လေ "
နောက်ဆက်တွဲ ထွက်ပေါ်လာသော စကားများကို ကျွန်မနားထဲ၌မကြားနိုင်တော့ပါချေ။ကျွန်မစိတ်ထဲ၌ တစ်စုံတစ်ရာကို တွေးမိပြီး ထိထိခိုက်ခိုက်ခံစားလိုက်ရပြီး ခြေစုံရပ်၍ ကြောင်အနေမိလေသည်။
"တောက် " ပြင်းထန်သော တက်ခေါက်သံကြောင့် ကျွန်မဆတ်ခနဲတုန်သွားမိသည်။တက်ခေါက်သံသည် အခန်းထဲမှလာသည်လား ၊ ကျွန်မရှေ့မှ အမျိုးသမီးဆီမှ လာသည်လား သေချာမခွဲခြားနိုင်သော်လည်း ထိုအမျိုးသမီးသည် မျက်ထောင့်နီကြီးနှင့် ကျွန်မကိုကြည့်နေသည်ကိုတွေ့လိုက်ရသည်မို့ ကျွန်မလန့်ဖျပ်ပြီး အမျိုးသမီး၏နောက်သို့ ခပ်သွက်သွက်လှမ်းသွားခဲ့မိသည်။
တစ်ထစ်၊နှစ်ထစ် ၊ လှေကားထစ်များကို တထစ်ပြီးတထစ် ကျော်ဖြတ်ခဲ့ရာမှ ရုတ်တရက်ဆိုသလို ကျွန်မ၏ခြေထောက်သည် လေဟာနယ်ကိုသာ နင်းချလိုက်မိလေသည်။
အသံပင်မထွက်နိုင်ဘဲ လှေကားထစ်များမှ ကျီန်မ တလိမ့်ခေါက်ကွေးပြုတ်ကျသွားလေသည်။
ကံကောင်းထောက်မစွာပင် ကျွန်မပြုတ်ကျသော နေရာမှာ အောက်ခြေသို့ ရောက်လုနီးပြီဖြစ်၍ ခြေထောက်အနည်းငယ် နာကျင်သွားရုံမှအပ ထိခိုက်ဒဏ်ရာမရတာမို့ ချက်ချင်းပင်ထရပ်လိုက်ပြီး အမျိုးသမီး၏နောက်သို့ လိုက်ရန် ဟန်ပြင်လိုက်သည်။ "ဟင် " သူဌေးကြီး ဦးထွန်းရှိန်၏ အခန်းသို့သွားနေသော အမျိုးသမီး၏ နောက်ကျောပုံရိပ်ကိုသာ ခပ်ဝါးဝါးမြင်လိုက်ရပြီး လုံးဝပျောက်ကွယ်သွားလေသည်။
နောက်ဆုံးတော့ စင်္ကြန်လမ်းပေါ်တွင် ကျွန်မတစ်ယောက်တည်းငူငူချည်းရပ်နေမိလေသည်။ စင်္ကြလမ်းသည် တိတ်ဆိတ်နေသည်။လှေကားဘေး နံရံရှိတိုင်ကပ်နာရီမှ တစ်ချပ်ချပ်မြည်သံသည် ခပ်မှန်မှန်ပေါ်ထွက်နေသည်။စင်္ကြန်လမ်းတစ်လျှောက်ကြည့်ရသည်မှာ အရိပ်မည်းကြီးများယိမ်းထိုးလှုပ်ရှားနေသည်ဟုပင် မြင်ယောင်လာမိလေသည်။ကျွန်မ ကြောက်လန့်တကြားနှင့် ကျွန်မ အခန်းရှိရာဆီသို့ ပြန်ပြေးရန်ပြင်လိုက်စဥ်မှာပင် ကျွန််မဘေးရှိ အခန်းထဲမှ လှုပ်ရှားသံတစ်ခုကိုကြားလိုက်ရပြီး ၊မရှေးမနှောင်းမှာပင် စကားပြောသံကိုပါ ကြားလိုက်ရလေသည်။
" ရှင့်ကိုရှင် သိပ်ဟုတ်လှပြီးလို့ထင်မနေနဲ့ကိုသက်အောင်...
ရှင်ဘာတွေလုပ်နေလဲဆိုတာ ကျွန်မအကုန်သိတယ်.....တကယ်ဆို ရှင်က စိန်ပန်းမြိုင်အိမ်ကြီးရဲ့ အလုပ်သမားတစ်ယောက်ပဲ... ရှင့်ကိုအချိန်မရွေးနှင်ထုတ်ပစ်လိုက်လို့ရတယ်..."
" ဟား...ဟား..ဟားးးလုပ်လိုက်စမ်းပါဗျာ...ခင်ဗျားနှင်ထုတ်ရဲရင်နှင်ထုတ်လိုက်စမ်းပါး...ခင်ဗျားနဲ့ ခင်ဗျားရဲ့တိတ်တိတ်ပုန်းကောင်တို့ရဲ့ အရှုပ်ထုတ်တွေကိုသက်သေနဲ့တကွဖော်ထုတ်လိုက်မှာပေါ့...ပြီးတော့ ကျုပ်ကိုခင်ဗျားမြူဆွယ်ဖြားယောင်းပြီး ခိုင်းခဲ့တာတွေကိုပါ ခင်ဗျားသားနဲ့ရှေ့နေတွေဆီမှာဖော်ထုတ်လိုက်ရုံပဲပေါ့ "
"ဘာ...ရှင်...ရှင်ယုတ်မာလှချည်လားဟင် "
" ယုတ်မာတယ် ဟုတ်လား...တကယ်တမ်းယုတ်မာတာကဘယ်သူလဲ ပြောပါဦး...မကောင်းတဲ့အလုပ်မှန်သမျှတော့ ကျုပ်ကိုခိုင်းပြီး စံစားတော့ ခင်ဗျားတို့ပဲစံစားမယ်ပေါ့လေ...ဘယ်မှာလဲ ကျုပ်ရပိုင်ခွင့်..မစို့မပို့ ဟိုကခိုးဒီကခိုးလို့ရတဲ့ငွေလား...သူဌေးကြီးရဲ့သေတမ်းစာမှာ ကျုပ်နာမည် မပြောနဲ့ ခင်ဗျားနာမည်ပါရင်တောင်ကံကောင်း...ရှင်းရှင်းပဲပြောမယ်...ကျုပ်အများကြီး မမျှော်လင့်ဘူး ကျုပ်တို့ရှာနေတဲ့ပစ္စည်းတွေကို ကျုပ်ပဲတွေ့တွေ့ ခင်ဗျားပဲတွေ့တွေ့ တစ်ယောက်တစ်ဝက်ခွဲယူပြီး ဒီအိမ်ကြီးကနေ အမြန်ဆုံးထွက်သွားချင်တယ် "
အသံများ ပြန်လည်တိတ်ဆိတ်သွားပြီး အခန်းဝနားသို့လျှောက်လာသော ခြေသံကြားလိုက်ရသည်မို့ ကျွန်မအထိတ်ထိတ်အလန့်လန့်နှင့် နီးစပ်ရာအခန်းထဲသို့ ခပ်မြန်မြန်ပင်ဝင်ပုန်းလိုက်ရသည်။ကျွန်မ အခန်းထဲသို့ရောက်သည်နှင့် အခန်းရှေ့မှ ဖြတ်လျှောက်သွားသော ခြေသံများကိုကြားရပြီး ခြေသံများမှာ တဖြည်းဖြည်းဝေးကွာတိတ်ဆိတ်သွားလေသည်။ကျွန်မ အခန်းတံခါးကို ခပ်ဖြည်းဖြည်းဖွင့်လိုက်ပြီး အပြင်သို့ လှမ်း၍အရိပ်အခြည်ကြည့်လိုက်သည်။စင်္ကြန်လမ်းတစ်လျှောက်လုံး ငြိမ်သက်တိတ်ဆိတ်နေလေသည်။ကျွန်မ အခန်းပြင်သို့ ထွက်ရန်ပြင်လိုက်စဥ်မှာပင်
"အို "သူဌေးကြီး၏ အခန်းဘက်ဆီမှလျှောက်လာသော မည်းမည်းအရာတစ်ခုကိုတွေ့လိုက်ရလေသည်။ထိုမည်းမည်းအရာသည် ကျွန်မရှိရာဘက်ဆီသို့ တရွေ့ရွေ့နှင့်လျှောက်လာလေသည်။ကျွန်မ ကမန်းကတန်းပင် အခန်းထဲသို့ပြန်ဝင်လိုက်ပြီး ထိုအရိပ်မည်းကြီးအခန်းရှေ့မှ ဖြတ်သွားသည့်အချိန်၌ အသက်ရှုပါအောင့်ထားမိလေသည်။ပြီးနောက် ခပ်ဟဟပွင့်နေသော တံခါးပေါက်မှ မသိမသာချောင်းကြည့်လိုက်သောအခါ ထိုမည်းမည်းအရာကြီးမှာ အနက်ရောင်ခေါင်းစွပ်နှင့်အနက်ရောင် ဝတ်စုံအပြည့်ဝတ်ဆင်ထားသော လူတစ်ယောက်ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။
****************
အိပ်ပျော်နေရာမှ ဖျတ်ခနဲလန့်နိုးလာသောအခါ အရုဏ်ဦး၏ ကျေးငှက်သံများကိုပါ ကြားနေရလေသည်။ကျွန်မ အိပ်ရာထဲမှလူးလဲထလိုက်ပြီး ညကအဖြစ်အပျက်များကို အိပ်မက်လေလား၊တကယ်လားဟု ဇဝေဇဝါနှင့်တွေးနေမိလေသည်။သေချာရေရာစွာ မဆုံးဖြတ်နိုင်သော်လည်း အမှန်တကယ်တွေ့ကြုံခဲ့ရသလို ခံစားနေရသည်။ကျွန်မ စိတ်ရှုပ်ရှုပ်နှင့်ခေါင်းကိုခါယမ်းလိုက်ပြီး ကြမ်းပြင်ပေါ်သို့
ခြေ
နှစ်ဘက်ကို တွဲလဲချပြီး မတ်တတ်ထရပ်လိုက်ရင်း အခန်းထောင့်ကို မဝံ့မရဲ လှမ်းကြည့်လိုက်မိသည်။
" အ " မတ်တတ်ထရပ်လိုက်သည်နှင့် ခြေချင်းဝတ်ဆီမှစူးခနဲ နာကျင်သွားတာမို့ ခြေထောက်ကိုငုံ့ကြည့်လိုက်မိသည်။
" ဟင် " ခြေချင်းဝတ်နားတွင် အနည်းငယ်ရောင်နေသည်ကို တွေ့လိုက်ရသည်မို့ ညကအိပ်မက်ထဲတွင် လှေကားမှပြုတ်ကျသည်ကို သတိရသွားမိပြီး အံ့သြထိတ်လန့်သွားရလေသည်။
***************
နာနေသော ခြေချင်းဝတ်ကိုထိန်း၍ လှေကားထစ်များမှ ကျွန်မခပ်ဖြည်းဖြည်းဆင်းခဲ့ရင်း ညကအဖြစ်ကိုသာတွေးနေမိသည်။
လှေကားအဆုံးစင်္ကြန်လမ်းအတိုင်း လျှောက်နေရင်းမှ ညကဝင်ပုန်းခဲ့သော အခန်းရှေ့ အရောက်၌ အခန်းတံခါးကိုတွန်းဖွင့်ကြည့်လိုက်ရာ အလွယ်တကူပင်ပွင့်သွားသည်။ပွင့်သွားသောတံခါးမှ အခန်းထဲသို့ လှမ်းကြည့်လိုက်ရာ အခန်းထဲတွင် မှောင်မည်းတိတ်ဆိတ်နေသည်မှအပ ထူးခြားသောအရိပ်အခြည်ကိုမတွေ့ရပေ။
ကျွန်မ စိတ်ရှုပ်ထွေးစွာပင် သူဌေးကြီး၏အခန်းထဲသို့ ဝင်ခဲ့လိုက်ပြီး လုပ်စရာရှိသည်များကို လုပ်နေလိုက်သည်။ပြီးနောက် နံနက်အဆာပြေစာ စားရန်အတွက် ထမင်းစားခန်းဘက်သို့ထွက်ခဲ့လိုက်သည်။
****************
ထမင်းစားခန်းထဲတွင် တိတ်ဆိတ်နေသည်။အိမ်ရှင်တစ်ယောက်တစ်လေ၏ အရိပ်အခြည်ကိုမှ မတွေ့ရသလို ယခင်နေ့များက
နံနက်စောစော၌ ထမင်းစားခန်းထဲတွင် ရှိနေတတ်သော မိလုံးနှင့် ကျန်အလုပ်သမားများကိုလည်း မတွေ့ရဘဲ ထမင်းစားခန်းတစ်ခုလုံး တိတ်ဆိတ်၍ နေလေသည်။ကျွန်မ မီးဖိုခန်းဘက်ဆီသို့ လျှောက်လာလာခဲ့လိုက်သည်။
မီးဖိုခန်းထဲသို့ ရောက်သော့ခါ ဦးဖိုးထော်နှင့်စကားပြောနေသော မိလုံးကိုတွေ့လိုက်ရလေသည်။ကျွန်မလည်း ဘာရယ်မဟုတ်ဘဲ ငေးကြည့်နေမိလေသည်။မိလုံးနှင့်ဦးဖိုးထော်တို့မှာမူ ကျွန်မကို မြင်ပုံမရဘဲ နှစ်ယောက်သားတိုးတိုးကျိတ်ကျိတ်နှင့်တစ်စုံတစ်ရာကို ပြောနေကြလေသည်။တစ်ချက်တစ်ချက်တွင် ဦးဖိုးထော်သည် စကားပြောနေရင်းမှ မိလုံး၏ခေါင်းကို လက်နှင့်ခပ်ဖွဖွပုတ်တတ်လေသည်။
ကျွန်မ မိလုံးတို့၏ ထိုမြင်ကွင်းကို ကြည့်နေရင်းမှ စိတ်ထဲ၌ မေးခွန်းပေါင်းများစွာ ဖြစ်ပေါ်နေလေသည်။ထိုအခိုက်အတန့်မှာပင် မိလုံးသည် ကျွန်မရပ်နေသည်ကိုမြင်သွားပြီး ဦးဖိုထော်နှင့် ပြောလက်စ စကားကိုရပ်ပစ်လိုက်လေသည်။
"ဆရာမလေးပါလား....မနက်စာစားတော့မလား ဆရာမလေး...ဒီမနက်အလုပ်နည်းနည်းများနေလို့ မနက်စာပြင်ပေးဖို့နောက်ကျသွားတယ် ဆရာမလေး "
"ရပါတယ်... မိလုံးရယ်... မဆာသေးပါဘူး...ခဏနေရင် သူဌေးကြီးနဲ့ခြံထဲလမ်းလျှောက်ထွက်ရမှာမို့... တစ်ခုခုကြိုစားထားရုံပါ...ဒါနဲ့ဒေါ်ကြူနဲ့မိခိုင်ကိုလည်းမတွေ့ပါလား "
" ဘယ်တွေ့မလဲ ဆရာမလေးရယ်...မနက်အရုဏ်တက်ကတည်းက ခြံထဲမှာပန်းပင်တွေစိုက်ဖို့ဆိုပြီး သူဌေးကတော်နဲ့ခြံထဲရောက်နေတယ်လေ...ပန်းတွေကနိုင်ငံခြားမျိုးတွေမို့ ဦးလေးဖိုးထော်ကိုတောင် မလုပ်ခိုင်းဘူးတဲ့လေ "
ကျွန်မနှင့်မိလုံး စကားပြောနေစဥ်မှာပင် ဦးဖိုးထော်သည် ခေါင်ကြီးငုံ့လျက် ကျွန််မဘေးမှ ခပ်ယို့ယို့ပင်ဖြတ်သွားလေသည်။ကျွန်မလည်း အမှတ်တမဲ့ ဦးဖိုးထော်ကိုလိုက်ကြည့်နေမိလေသည်။အသားအရောင် ညိုညိုမွဲမွဲနှင့် ခန္ဓာကိုယ်တုတ်ခိုင်သော ဦးဖိုးထော်၏ ပုံစံမှာ အသက်ကြီးသော်လည်း ဖျတ်လတ်သန်မာပုံရလေသည်။အမြဲတမ်းလိုလို ခမောက်ကိုခပ်ငိုက်ငိုက်ဆောင်းထားတတ်သောကြောင့် မျက်နှာသွင်ပြင်ကိုမူ အသေအချာမမြင်ဖူးပါချေ။ကျွန်မ ဦးဖိုးထော်အားလိုက်ကြည့်နေသည်ကို မိလုံးလှမ်းကြည့်နေမှန်း မျက်လုံးထောင့်စွန်းမှ မြင်နေရလေသည်။
"ဆရာမလေး...ထမင်းစားခန်းထဲသွားနှင့်လေ ...မိလုံးနောက်ကလိုက်လာခဲ့မယ် "
****************
မိလုံး ပြင်ပေးသော မနက်စာကိုစားနေရင်းမှ ကျွန်မမိလုံးကို အကဲခတ်ကြည့်နေမိပြီး ကျွန်မထင်သလို မဖြစ်ပါစေနှင့်လို့ စိတ်ထဲမှ ဆုတောင်းနေမိသည်။"အိုးချင်းထား အိုးချင်းထိ" ဆိုသော်လည်း အသက်အရွယ်ကွာခြားလွန်းလှသည် မဟုတ်ပါလား။
***************
စားသောက်ပြီး၍ သူဌေးကြီး၏အခန်းသို့ပြန်လာခဲ့ရာ လမ်းတွင် လူယုံတော်ကြီးဦးသက်အောင်နှင့် မျက်နှာချင်း ဆုံမိလေသည်။ဦးသက်အောင်သည် ကျွန်မကိုတွေ့သည်နှင့် ပြုံး၍နှုတ်ဆက်လေ၏။ကျွန်မလည်း ဦးသက်အောင်ကို ကြည့်၍ ညကအဖြစ်ကိုသတိရလိုက်မိလေသည်။ညက တွေ့ကြုံခဲ့ရသော အဖြစ်များသည် အိပ်မက်မဟုတ်ဘဲ တကယ်ံ့အဖြစ်အပျက်သာဆိုလျှင် ကြည့်ရသည်မှာ ဤစိန်ပန်းမြိုင်မှ လူများသည် ပစ္စည်းတစ်ခုခုရှာနေကြပုံရသည်။ထိုပစ္စည်းသည် ဘာပစ္စည်းမှန်း သေချာမသိသော်လည်း အရေးကြီးပုံရလေသည်။ပြီးလျှင် ကေသီတင်နှင့်သီဟထွန်းရှိန်တို့သည်လည်း ထိုပစ္စည်းကိုပင် ရှာနေကြပုံရလေသည်။
ကျွန်မလည်း ဦးသက်အောင်ကို နှုတ်ဆက်ပြုံး ပြုံးပြလိုက်ရင်း
"ပွဲရုံသွားတော့ မလို့လား အန်ကယ်"
"ဟုတ်ပါတယ် ဆရာမ ....မောင်ကျော်စွာဦးကိစ္စကြောင့် ပွဲရုံမှာအလုပ်တွေပုံနေလို့ ခုတလောစောစောသွားနေရတယ် "
ကျွန်မ၏ အမေးကို ပြန်ဖြေပြီးထွက်သွားသော လူယုံတော်ကြီးဦးသက်အောင်ကို ငေးကြည့်နေမိသည်။ဦးသက်အောင်သည် ရုပ်ရည်မှာ ကြည့်ကောင်းသည့်ထဲမပါသော်လည်း အသားညိုစိမ့်စိမ့်၊အရက်ထောင်ထောင်မောင်းမောင်းနှင့် အကြည့်ရဆိုးသူတစ်ယောက်တော့ မဟုတ်ပါချေ။အသက်အရွယ်အားဖြင့်လည်း ငါးဆယ်ကျော်သေးပုံမရပေ။သို့ပါလျက် အိမ်ထောင်ဘက်မရှာဘဲ နေသည်မှာ အနည်းငယ်မျှတော့ ထူးဆန်းနေပေသည်။ပြီးတော့ ပို၍ထူးဆန်းသူမှာ သူဌေးကြီးဦးထွန်းရှိန်များဖြစ်နေမလားဟု ကျွန်မတွေးမိပြန်သည်။တကယ်ဆိုလျှင် မိမိ၏ဇနီးဖြစ်သူနှင့် အသက်အရွယ် မတိမ်းမယိမ်းယောကျ်ားသားတစ်ယောက်ကို အိမ်ပေါ်ခေါ်တင်ထားခြင်းသည် တော်တန်ရုံ သံယောစဥ်ကြောင့်နှင့်တော့ မဖြစ်နိုင်ဟုထင်မိသည်။
****************
ကျွန်မ အတွေးပေါင်းများစွာနှင့်ရှုပ်ထွေးပြီး ခေါင်းထဲကပါနောက်ကျိလာသည်မို့ သူဌေးကြီး၏ အခန်းသို့ ခပ်မြန်မြန်ပင်လျှောက်လာခဲ့လိုက်သည်။သူဌေးကြီး၏ အခန်းနားသို့ ရောက်လာသောအခါ ညကဝတ်စုံနက်နှင့်လူအကြောင်းကို ထပ်၍သတိရမိသွားပြန်သည်။ မျက်နှာကို မမြင်လိုက်ရသော်လည်း လျှင်မြန်ဖျတ်လတ်သောသူတစ်ယောက်ဖြစ်သည်မှာ သေချာသည်။
ပြီးတော့ ဤစိန်ပန်းမြိုင်အိမ်ကြီးတွင် ထူးဆန်းသော အဖြစ်အပျက်များဖြစ်နေသည်မှာသေချာသည်။ထို့ပြင် သူဌေးသမီးလေးရတီချိုနှင့်ခင်ပွန်းဖြစ်သူတို့၏တိုက်တိုက်ဆိုင်ဆိုင်သေဆုံးမှုသည်လည်း ထူးဆန်းနေပြန်သည်။သီဟထွန်းရှိန်အပါအဝင် မိသားစုများ၏ပုံစံများမှာလည်း အနည်းငယ်ထူးဆန်းနေကြသည်မှာ အမှန်ပင်။
ပို၍ထူးဆန်းနေသည်မှာ ကျွန်မကိုယ်တိုင်ပင် ဖြစ်နေသည်မဟုတ်ပါလား။မကြာခဏ ဆိုသလိုမက်နေသော ထူးထူးဆန်းဆန်းအိပ်များနှင့် ညဥ့်နက်သန်းခေါင်တွင်ကြားရတတ်သော အသံများသည် တော်ရုံတန်ရုံကြောက်လန့်တတ်သူဆိုလျှင်တောင် ခံနိုင်ရည်ရှိမည်မထင်ပါ။ကျွန်မသည်ပင်လျှင် သူဌေးကြီးဦးထွန်းရှိန်အား ထားပစ်ခဲ့ရမည်ကို စိတ်မကောင်းဖြစ်နေမိသလို အိမ်ပြန်သွားပါကလည်း လှိုက်လှိုက်လှဲလှဲကြိုဆိိုမည်သူ မရှိသောဘဝမို့ ကြိတ်မှိတ်သည်းခံ၍နေခြင်းဖြစ်သည်။
" ဂျစ်...ဂျစ်.."
ကျွန်မ ကိုယ့်အတွေးနှင့်ကိုယ်လျှောက်နေရာမှ အခန်းတစ်ခန်းဆီမှ တစ်စုံတစ်ခုကို ကုတ်ခြစ်နေသံလိုမျိုးကြားလိုက်ရတာမို့ ဘေးပတ်ဝန်းကျင်မှ အခန်းများဆီသို့ နားစွင့်ကြည့်လိုက်သည်။အသံသည် ကျွန်မနှင့်အနီးကပ်ဆုံးအခန်းထဲမှ ကြားနေရခြင်းဖြစ်လေသည်။ကျွန်မလှမ်းလက်စ ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး
အသံလာရာ အခန်းဆီသို့ ကြည့်လိုက်မိသည်။
"ဘုရားရေ "ကျွန်မနှုတ်မှ ခပ်တိုးတိုးဘုရားတလိုက်မိသည်။ကျွန်မရောက်နေသည်မှာ ရတီချိုနေခဲ့ဖူးသော အခန်းဖြစ်နေလေသည်။သည်အခန်းသည်အမြဲပိတ်ထားသော အခန်းပင် မဟုတ်ပါလား။ကျွန်မ စူးစမ်းလိုစိတ်နှင့် တံခါးဝနားသို့ ကပ်သွားလိုက်မိသည်။
" ကျွိီ ကျွီ...." အခန်းတံခါးသည် ကျွန်မတွန်းမဖွင့်ရပါဘဲ အလိုအလျောက်ပွင့်သွား၍ ကျွန်မရင်ထဲ ဒိန်းခနဲဆောင့်ခုန်သွားရပြီး ခြေထောက်များမှာ ရှေ့သို့ဆက်မလှမ်းရဲဘဲ အခန်းထဲသို့ မရဲတရဲနှင့်လှမ်း၍ ကြည့်လိုက်မိလေသည်။
" ဟင် "
အခန်းထဲမှ မြင်လိုက်ရသော
မြင်ကွင်းကြောင့် ကျွန်မခေါင်းထဲ၌ မိုက်ခနဲဖြစ်သွားပြီး အခန်းတံခါးဘောင်ကို ကမန်းကတန်းလှမ်းကိုင်လိုက်ရလေသည်။
-------------
အပိုင်း ( ၇ )ဆက်ရန်
****************
ဧကြည်ဖြူ