"စိန်ပန်းမြိုင်မှအိမ်နီကြီး "
**************
သွေးပျက်ဖွယ် မြင်ကွင်းကြောင့် လှေကားထိပ်တွင် ခေတ္တမျှ ကြက်သေသေလျက် ရပ်နေမိသော ကျွန်မ ။ သတိဝင်လာသည်နှင့် တစ်ပြိုင်နက် အောက်ထပ်သို့ ဒရောသောပါးပြေးဆင်းခဲ့သည်။လှေကားခြေရင်းသို့ရောက်သည်နှင့် လဲကျနေသူ၏ဘေးတွင်ထိုင်ချလိုက်ပြီး သွေးခုန်နှုန်းကိုစမ်းရန်ပြင်လိုက်စဥ် အရက်နံ့များထောင်းခနဲရလိုက်သလို လက်သည်လည်းအေးစက်တောင့်တင်းနေသော အထိအတွေ့ကိုသာ ခံစားလိုက်ရသောကြောင့် ထိတ်လန့်တကြားနှင့် ထိုသူ၏မျက်နှာကိုကြည့်လိုက်မိလေသည်။
"အို....သူ...သူ...ကိုကျော်စွာဦးပါလား.... "
ကျွန်မ ကိုကျော်စွာဦး၏ အသက်ကင်းမဲ့နေပြီဖြစ်သော ခန္ဓာကိုယ်ကြီးကို စိတ်မကောင်းစွာကြည့်နေမိသည်။အိမ်ရှိ မိသာစုများအားလုံးလည်း ကိုကျော်စွာဦး၏ သက်မဲ့ခန္ဓာကိုယ်ကြီးအနားသို့ ရောက်ရှိလာကြလေသည်။
" အား "
" အ..မ..လေး "
" ဘယ်....ဘယ်လိုများဖြစ်ရတာလဲ... ပြောကြပါဦး...ဘယ်သူအရင်မြင်တာလဲ ပြောကြပါဦး " ဒေါ်မာလာတင်၏ မေးလိုက်သောအသံသည် အထစ်ထစ်အငေါ့ငေါ့ဖြင့် ထွက်ပေါ်လာလေသည်။
" ဟို...ဟို...ကျွန်မ
...ကျွန်မ အရင်မြင်တာပါမမကြီး..." ဒေါ်မာလာတင်၏ အမေးကို အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြန်ဖြေလိုက်သော အသံတစ်သံကြောင့် အသံလာရာဆီသို့ အားလုံးပြိုင်တူလှမ်းကြည့်လိုက်ကြလေသည်။အထစ်ထစ်အငေါ့ငေါ့နှင့်ဖြေလာသောသူမှာ သိပ်မကြာခင်ကမှ ရောက်လာသော အိမ်အကူအသစ်ဖြစ်ပြီး ယခုအချိန်ထိပင် ကြောက်ရွံ့ထိတ်လန့်စိတ်ပြေသေးပုံမရဘဲ တစ်ကိုယ်လုံးတစ်ဆတ်ဆတ်တုန်နေလေသည်။
--------
အချိန်က နံနက်ဆယ်နာရီကျော်ပေပြီ။
"အိမ်သားအားလုံး ဧည့်ခန်းထဲမှာ လူစုပေးပါ...ကျွန်တော်တို့ တာဝန်ရှိတဲ့အတိုင်း နည်းနည်းပါးပါးမေးမြန်းစရာရှိလို့ပါ "
မြို့နယ်ရဲစခန်းမှ ရောက်လာသောတာဝန်ကျရဲမှူး၏စကားကြောင့် အိမ်သားများအားလုံး အသီးသီးနီးစပ်ရာခုံတွင် ငြိမ်သက်စွာထိုင်လိုက်ကြလေသည်။
ကျွန်မလည်း ခုံလွတ်တစ်ခုံတွင် ဝင်ထိုင်လိုက်ပြီး အိမ်သားများကို မသိမသာအကဲခတ်ကြည့်လိုက်သည်။ပထမဦးစွာ ဒေါ်မာလာတင်ကို ကြည့်လိုက်သောအခါ ဒေါ်မာလာတင်၏ မျက်နှာသည် အေးစက်စက်နှင့် ခံစားမှုမဲ့သလိုထင်ရလေသည်။
လူယုံတော်ကြီးဦးသက်အောင်ကို ကြည့်မိသောအခါတွင်လည်း ဒေါ်မာလာတင်ကဲ့သို့ပင် အေးစက်မှုန်မှိုင်းသော မျက်နှာနှင့်သာရှိလေသည်။ထပ်မံ၍ ကေသီတင်၏ မျက်နှာကို မသိမသာကြည့်လိုက်မိသည်။ ကေသီတင်သည် အတော်လေးငိုထားဟန်ရှိလေ၏။ဖြူနုသော မျက်နှာမှာ အနီဘက်သို့လုနေပြီး မျက်ခွံများမှာမို့အစ်နေလေသည်။ထို့နောက် သီဟထွန်းရှိန်၏ မျက်နှာကိုလှမ်းကြည့်လိုက်ရာ သီဟထွန်းရှိန်သည် တည်တည်ငြိမ်ငြိမ်ပင်ထိုင်နေပြီး မျက်လုံးများမှာ ငြိမ်သက်လျက်တစ်စုံတစ်ရာကို တွေးတောစဥ်းစားနေပုံရလေသည်။ကျွန်မ သီဟထွန်းရှိန်၏ မျက်နှာကို အတန်ကြာငေးကြည့်နေမိလေရာ သီဟထွန်းရှိန်သည်လည်း ကျွန်မကိုလှမ်း၍ ကြည့်လာသည်မို့ အကြည့်ကို မိလုံးတို့ဆီသို့ ကမန်းကတန်းလွှဲလိုက်ရလေသည်။မိလုံးသည် ခေါင်းကိုငုံလျက် ကြမ်းပြင်သို့သာ စိုက်ကြည့်၍နေလေသည်။ကျန်အလုပ်သမားအသစ်နှစ်ယောက်ဖြစ်သော ဒေါ်ကြူနှင်မိခိုင်တို့မှာလည်း မိလုံးနှင့်နည်းတူပင် ခေါင်းကြီးများကိုငုံ့ထားကြလေသည်။
ခြံစောင့်ကြီးဦးဖိုးထော်မှာလည်း ထိုနည်းတူပင် ခေါင်းကြီးငုံ့ကာ မလှုပ်မယှက်နှင့်ထိုင်နေလေသည်။ ကြည့်ရသည်မှာ အိမ်ကြီးရှင်သူဌေးများ၏ရှေ့မို့ ခေါင်းများကိုငုံ့ထားကြဟန်ရှိလေသည်။ကျွန်မ သက်ပြင်းမောကို မသိမသိမှုတ်ထုတ်လိုက်ပြီး နောက်ဆုံးကျန်သူ မင်းပိုင်ဦးထံသို့ အကြည့်ကို လွှဲလိုက်လေသည်။ထိုအခါ မင်းပိုင်ဦးသည်လည်း ကျွန်မကိုလှမ်း၍ကြည့်နေလေသည်။မင်းပိုင်ဦး၏အကြည့်ထဲတွင် စိတ်ညစ်စိတ်ရှုပ်ထွေးနေသောပုံစံကိုတွေ့ရလေသည်။
" အဲ့ဒီတော့... အလောင်းကို ပထမဆုံးတွေ့တာက အိမ်အကူမလေးပေါ့...ဒါဆိုမနေ့ညက ကိုကျော်စွာဦးကို ဘယ်အချိန်ကနောက်ဆုံးတွေ့ခဲ့ကြတာလဲ...တစ်ယောက်ယောက်တော့ တွေ့မိမှာပါ "
အမေးရှိသော်လည်း အဖြေမရှိ။တစ်ယောက်ဆီကမျှအသံထွက်မလာချေ။ကျွန်မ သီဟထွန်းရှိန်ကို မသိမသာလှမ်းကြည့်လိုက်မိသည်။သီဟထွန်းရှိန်သည် နှုတ်ခမ်းကို တင်းတင်းစေ့၍ ခပ်မဆိတ်နေသလို မိလုံးသည်လည်း ခေါင်းကိုငုံ့၍ထားလေသည်။ကျွန်မ ရဲမှူး၏ မျက်နှာကို အကဲခတ်ကြည့်လိုက်မိသည်။ရဲမှူးကြီး၏ မျက်နှာသည်တည်ငြိမ်အေးဆေးလွန်းနေသည်။ကြည့်ရသည်မှာ ကိုကျော်စွာဦး၏ သေဆုံးမှုသည် သူ့ဘာသာ မတော်တဆဖြင့် လှေကားမှပြုတ်ကျသည်ဟု တွက်ဆထားပုံရသည်။
"မနေ့က နေဝင်ချိန်လောက်မှာ ကိုကျော်စွာဦးနဲ့ ကျွန်မတို့ ထမင်းစားခန်းထဲမှာ နောက်ဆုံးတွေ့ခဲ့ပါတယ်... အဲ့နောက်ပိုင်း မတွေ့ရပါဘူး "
ကျွန်မ၏ အသံကြောင့် ရဲမှူးနှင့်အိမ်သားများ၏ အကြည့်များသည်ကျွန်မထံသို့စုပြုံရောက်ရှိလာကြလေသည်။
" ဒါဆို.. ထမင်းစားခန်းထဲမှာ နောက်ဆုံးတွေ့ခဲ့ရတာပေါ့...ဒါနဲ့ ကျွန်မတို့ဆိုတော့ ဒီကညီမအပြင် ဘယ်သူတွေရှိသေးတာလဲ "
" ကျွန်မနဲ့ ကိုသီဟထွန်းရှိန်ရယ် မိလုံးရယ်ပါ "
" ဒါဆို... အဲ့ဒီအချိန်က ထမင်းစားခန်းထဲမှာ ထူးထူးခြားခြားဘာများမြင်ခဲ့ကြားခဲ့ကြသေလဲ "
ရဲမှူး၏စကားအဆုံး၌ သီဟထွန်းရှိန်နှင့်မိလုံးကို ကျွန်မလှမ်းကြည့်လိုက်မိသည်။သူတို့နှစ်ယောက်ကလည်း ကျွန်မကိုလှမ်း၍ကြည့်နေလေသည်။
" ထူးထူးခြားခြားဘာမှတော့ မဖြစ်ပါဘူး... သူနေလို့သိပ်မကောင်းဘူးလို့တော့ပြောပါတယ် "
" ဟုတ်ကဲ့....ဒီလောက်ဆိုရပါပြီ...အိမ်သားတွေအားလုံးလုပ်စရာရှိတာ ဆက်လုပ်ကြပါဗျာ "
သီဟထွန်းရှိန်၊ကေသီတင်နှင့် ဧည့်သည်အဖြစ်ရောက်ရှိနေသည်မှာ သုံးရက်ပင်မပြည့်သေးသော မင်းပိုင်ဦးအပါအဝင်ကျွန်မနှင့်အတူ အိမ်အလုပ်သမားများအားလုံး ဧည့်ခန်းထဲမှ ထွက်ခဲ့ကြသော်လည်း ဒေါ်မာလာတင်နှင့်လူယုံတော်ကြီး ဦးသက်အောင်မှာမူ ဧည့်ခန်းထဲတွင် ရဲမှူးနှင့်အတူ ကျန်ရစ်ခဲ့လေသည်။
***************
ငယ်စဥ်ကပင်မိဘနှစ်ပါးဆုံးပါးသွားခဲ့ပြီး ဆွေမျိုးရင်းချာမရှိသော ကိုကျော်စွာဦး၏ နောက်ဆုံးခရီးသည် တိတ်တိတ်ဆိတ်ဆိတ်ပင် ပြီးဆုံးသွားခဲ့လေသည်။
------------
ရက်လည်ပြီးခါစ အိမ်ကြီးထဲတွင် ဟိုယခင်ကထက်ပင် ပို၍တိတ်ဆိတ်ခြောက်ကပ်နေလေသည်။
အိပ်ပျော်နေသော သူဌေးကြီး၏ မျက်နှာကို ကျွန်မ ကရုဏာသက်စွာငေးကြည့်နေမိသည်။သမီးဖြစ်သူကို ဆုံးရှုံးပြီး သုံးလမပြည့်ခင်မှာပင် သားမက်ဖြစ်သူသည်လည်း သမီးကဲ့သို့ အဖြစ်ဆိုးနှင့် လူ့လောကမှ ထွက်ခွါသွားရသည်ကို သိသောနေ့မှစ၍ သူဌေးကြီး၏ကျန်းမာရေးအခြေအနေသည် မသိမသာဆိုးရွားလာလေသည်။အိမ်သူအိမ်သားများမှာလည်း သီဟထွန်းရှိန်မှလွဲ၍ ကျန်လူများမှာ သူဌေးကြီးဦးထွန်းရှိန်အား ဖုတ်လေသည့်ငပိ ရှိသည်ဟုပင် ထင်မှတ်ထားပုံမရကြပါလေ။ဧည့်သည်ဖြစ်သူ မင်းပိုင်းဦးပင်လျှင် တစ်နေ့ကိုနှစ်ကြိမ်လောက်ဝင်တွေ့တတ်သေးလေသည်။သူဌေးကတော် ဒေါ်မာလာတင်နှင့်သမီးဖြစ်သူကေသီတို့မှာမူ အသုဘကိစ္စမပြီးခင်ကတည်းကပင် သားအမိနှစ်ယောက် ကားတစ်စီးနှင့်အပြင်ထွက်သွားလိုက် ၊ပြန်လာလိုက်ဖြင့် သူတို့အလုပ်နှင့်သူတို့ရှုပ်နေကြလေသည်မို့ လာကြည့်ဖို့နေနေသာသာ သတိရကြဟန်ပင်မရှိကြပါချေ။မိသားစုကံနည်းပါးလှသော သူဌေးကြီးကိုကြည့်ပြီး ကျွန်မကိုယ်ချင်းစာသနားမိလေသည်။ကျွန်မသည်လည်း မိဘနှစ်ပါးလုံးမရှိကြတော့ဘဲ ဦးလေးဖြစ်သူ၏အိမ်တွင်နေရသည်ဖြစ်၍ သူဌေးကြီးကဲ့သို့ပင် အထီးကျန်ခဲ့ရသည်မဟုတ်လား။ထို့ကြောင့်ပင်လျှင် ရန်ကုန်မြို့ကြီးနှင့် ဝေးကွာလှသော ဤစိန်ပန်းမြိုင်အိမ်ကြီးသို့ ရောက်ရှိခဲ့ခြင်းဖြစ်လေသည်။
ကျွန်မ သူဌေးကြီး၏ခုတင်ဘေး ခုံပေါ်တွင်ထိုင်နေရာမှထရပ်လိုက်ပြီး သူဌေးကြီး၏ စာကြည့်ခန်းဘက်သို့ထွက်ခဲသည်။
စာကြည့်ခန်းဝသို့ရောက်သောအခါ တံခါးကိုအသာဆွဲဖွင့်လိုက်သည်။သူဌေးကြီး၏စာကြည့်ခန်းထဲသို့ ရတီချိုနှင့်သူဌေးကြီးမှလွဲ၍ မည်သူမှဝင်လေ့မရှိဟု မိလုံးပြောဖူးသည်။ယခုအခါ သူဌေးကြီးရောရတီချိုပါ စာကြည့်ခန်းထဲ မဝင်နိုင်တော့သည်မို့ စာကြည့်ခန်းသည်အမြဲတိတ်ဆိတ်ခြောက်ကပ်နေသည်။တစ်ခါတစ်ရံ၌မူ မိလုံးက အခန်းသန့်ရှင်းရေးဝင်လုပ်လေ့ရှိသော်လည်း စာကြည့်ခန်းထဲ၌ ကြာကြာမနေရဟုဆိုသော ဒေါ်မာလာတင်၏အမိန့်ကြောင့်စာကြည့်ခန်းလေးသည်လည်းသူ၏ပိုင်ရှင်ကဲ့သို့ အထီးကျန်လှလေသည်။
ကျွန်မ တံခါးကိုခပ်ဖြည်းဖြည်းဖွင့်ပြီးဝင်ခဲ့လိုက်သည်။ပြီးနောက် စာအုပ်စင်များကြား လျှောက်ကြည့်ရင်း စင်ပေါ်မှစာအုပ်တစ်အုပ်ကိုဆွဲယူဖတ်ကြည့်လိုက်သည်။
" သန်းခေါင်ယံလူသတ်သမားများ" ဆိုသော စာအုပ်ခေါင်းစဥ်ကြောင့် ရင်ထဲ၌ ထိတ်ခနဲလှုပ်ရှားသွားမိပြီး အတွင်းစာမျက်ကို ဖတ်ကြည့်လိုက်မိလေသည်။
" ရှပ်...ရှပ်...ရှပ် "
" ကျွီ....ကျွီ..... "
စာအုပ်ဖတ်နေစဥ်မှာပင် တရှပ်ရှပ်ခြေသံနှင့်အတူ အရာဝတ္တုတစ်ခုကို တရွတ်ဆွဲနေသော အသံမျိုးကိုကြားလိုက်ရသည်မို့ ခေါင်းနားပန်းတွေ ကြီးသွားသလိုခံစားလိုက်ရသည်။နေ့ခင်းကြောင်တောင်ဖြစ်၍ ကြောက်စရာမဟုတ်သော်လည်း ဤအခန်းထဲတွင် ကျွန်မတစ်ယောက်တည်းရှိနေသည် မဟုတ်ပါလား ။ပြီးလျှင် ဤစိန်ပန်းမြိုင်အိမ်ကြီး၌ လူနှစ်ယောက်တောင် အစိမ်းသေသေထားကြသည်လေ။ကျွန်မသည် မည်သို့ပင် လူမမာများကြားလူသေများကြား၌ အလုပ်လုပ်ခဲ့ရသူဖြစ်သော်လည်း မိန်းမသားပီပီ ထိတ်လန့်ကြောက်ရွံ့စိတ်ကတော့ ဖြစ်ပေါ်မိသည်ပင်။
"ရှပ်...ရှပ်...ရှပ် "
" ကျွီ......ကျွီ..."
အသံများသည် ဆက်လက်၍ ထွက်ပေါ်လာပြန်သည်။ကျွန်မ၏ နှလုံးခုန်သံများသည်လည်း သိသိသာသာပင်မြန်ဆန်လာလေသည်။ကျွန်မကြောက်ရွံ့စိတ်ကိုထိန်းရင်း အသံကြားရာ စာကြည့်ခန်း၏ အတွင်းဘက် ချောင်းကျသောနေရာဆီသို့ သတိနှင့်လျှောက်လာခဲ့သည်။ထိုအတွင်းဘက်တွင် အခန်းတစ်ခန်းရှိသေးသည်။သို့သော်ထို့အခန်းသည် သွားလေသူ ရတီချို၏သီးသန့်စာဖတ်ခန်းဖြစ်၍ ကျော်စွာဦးမှအပ
မည်သူမျှဝင်ခွင့်မရှိဟု မိလုံးပြောဖူးသည်။
ကျွန်မ ထိတ်လန့်စိတ်နှင့်အတူ တရွေ့ရွေ့လျှောက်ခဲ့သည်။အခန်းသည် ပြန်လည်တိတ်ဆိတ်သွားပြန်လေသည်။ကျွန်မလည်း အသက်ပင်ရဲရဲမရှူဝံ့ဘဲ စာအုပ်စင်များကြားမှလမ်းလေးအတိုင်းလျှောက်လာခဲ့ရင်း အတွင်းခန်း၏တံခါးနားသို့ ရောက်ရှိလာခဲ့လေသည်။အခန်းတံခါးသည် ခပ်ဟဟပွင့်နေသည် ။အခန်းထဲ၌အနည်းငယ်မှောင်နေပြီ ထိုအမှောင်ရိပ်ထဲတွင် ကုန်းကုန်းကွကွဖြင့်လှုပ်ရှားယိမ်းထိုးနေသော မည်းမည်းအရာကြီးတစ်ခုကိုတွေ့လိုက်ရလေသည်။မြင်လိုက်ရသော မြင်ကွင်းကြောင့် ကျွန်မမှာထိတ်လန့်တုန်လှုပ်ကာ နှုတ်ဖျားမှအသံပင် ထွက်မလာဘဲ လက်ထဲမှစာအုပ်မှာ ကြမ်းပြင်ပေါ်သို့ ဘုတ်ခနဲပြုတ်ကျသွားလေသည်။အသံကြောင့် အရိပ်မည်းကြီးသည် ကျွန်မရှိရာသို့ ဖျတ်ခနဲ လှည့်ကြည့်လာလေ၏။ကျွန်မ ကြောက်လန့်တကြားနှင့်ခြေလှမ်းများ နောက်သို့ဆုတ်လိုက်မိသည်။
" ဆရာမလေး "
နောက်သို့ပြန်လှည့်ပြေးရန်ပြင်နေရာမှ ရင်းနှိီးသော အသံကြောင့် အရိပ်မည်းကြီးကို သေချာကြည့်လိုင်မိလေတော့သည်။
" မိ...မိလုံး..အမလေး လန့်လိုက်တာမိလုံးရယ်...ဒီအခန်းက ရတီချိုစာဖတ်ခန်းမို့ဝင်ခွင့်မရှိဘူးဆို..."
" သန့်ရှင်းရေးလုပ်နေတာပါ...ဆရာမလေးရယ်... အစ်ကိုကျော်စွာဦးလည်းမရှိတော့ဘူးဆိုတော့ ...ဒီအခန်းကိုကျွန်မပဲသန့်ရှင်းရေးတာဝန်ယူရတော့မှာပေါ့ "ဟု ပြောရင်းမှ ပြုံးနေသောမိလုံးကို ကျွန်မတစ်ချက်ငေးကြည့်နေမိလိုက်သည်။
" မိလုံးရယ်... ကျွန်မကလန့်နေတာ... အသက်တောင်မရှူဝံ့ဘူး ...သန့်ရှင်းရေးလုပ်မယ်ဆိုလည်း ပြောတာမဟုတ်ဘူး...ကျွန်မ ဝိုင်းကူရှင်းမှာပေါ့ "
ပြောပြောဆိုဆိုနှင့် အခန်းထဲသို့ဝင်လိုက်ပြီး နီးစပ်ရာစာအုပ်တစ်အုပ်ကိုဆွဲယူကြည့်လိုက်သည်။
"မထိနဲ့ "မာထန်စွာ ထွက်ပေါ်လာသောအသံနှင့်အတူ မိလုံးသည်ကျွန်မလက်ထဲမှစာအုပ်ကိုဆတ်ခနဲဆွဲယူလိုက်သဖြင့် ကျွန်မအံ့သြတုန်လှုပ်ပြီးမိလုံးကိုကြည့်လိုက်မိလေသည်။
"မမလေးရတီချိုက သူ့စာအုပ်တွေကို သူစိမ်းတွေကိုင်တာ မကြိုက်လို့ပါ...စိတ်မဆိုးပါနဲ့ဆရာမလေး...မမလေးရတီချိုမရှိတော့ပေမဲ့...မိလုံးကတော့ မမလေးပြောခဲ့တာတွေကို သေတဲ့အထိလိုက်နာသွားမှာမို့ပါ " မိလုံး၏အသံသည် အေးစက်ပြတ်သားနေလေသည်။မျက်လုံးများမှာလည်းစူးရဲတောက်ပနေလေ၏။ကျွန််မ မိလုံး၏ပုံစံကိုမယုံကြည်နိုင်စွာ ငေးကြည့်နေမိရင်းမှ စကားလမ်းကြောင်းကိုလွှဲလိုက်ရလေသည်။
" ဒါနဲ့ဒီအိမ်ကြီးမှာ ရတီချိုပုံတစ်ပုံမှကို မချိတ်ထားဘူးနော် "
ကျွန်မ အမေးကြောင့် မိလုံးသည် ရီဝေသောမျက်ဝန်းများဖြင့် အခန်းထောင့်တစ်နေရာသို့ စိုက်ကြည့်နေပြီးမှ
"ဟုတ်တယ်...မမလေးရတီချိုရက်လည်ပြီးတာနဲ့ မမလေးဓါတ်ပုံတွေကိုအကုန်ဖြုတ်ပစ်တာလေ...မြင်ရင်စိတ်မကောင်းဖြစ်ကြမှာစိုးလို့တဲ့လေ... ဒါနဲ့...ဆရာမလေးကိုမေးရဦးမယ်...အစ်ကိုကျော်စွာဦးဆုံးသွားတာကို ဆရာမလေးဘယ်လိုထင်လဲ ..ရဲတွေပြောသလို သူ့ဘာသာအရက်မူးလွန်ပြီးပြုတ်ကျတာလား...ဒါမှမဟုတ် တစ်ယောက်ယောက်ကများတွန်းချလိုက်တာလား...ဆရာမလေးအထင်ကိုပြောပါဦး "
"ရှင် "မိလုံး၏ ထင်မှတ်မထားသော မေးခွန်းကြောင့် ကျွန်မမှာကြောင်အသွားရလေသည်။မိလုံးလို ရိုးရိုးအအနှင့်လူက ဒီလိုမေးခွန်းမျိုးမေးလိမ့်မည်ဟု မထင်ခဲ့သည်မှာတော့အမှန်ပါပင်။
" ကျွန်မ မသိပါဘူး...မိလုံးရယ်...မိလုံးကရောဘယ်လိုထင်လို့လဲ "
"မထင်တော့မထင်တတ်ပါဘူး ဆရာမလေးရယ်..မမလေးရတီချိုလိုပဲ အစ်ကိုကျော်စွာဦးလည်း လှေကားကပြုတ်ကျပြီး ဆုံးသွားတော့အရမ်းတိုတ်ဆိုင်နေလို့ပါ...ပြီးတော့ အစ်ကိုကျော်စွာဦးက အိမ်သားတွေနဲ့လည်း သိပ်အဆင်မပြေဘူးလေ...အထူးသဖြင့်အစ်ကိုလေးသီဟထွန်းရှိန်နဲ့မတည့်ဘူးလေ "
***************
ညသည်နက်သထက်နက်လာပေပြီ။စိန်ပန်းမြိုင် တစ်အိမ်လုံးရှိ လူများသည်လည်း အိပ်မောကျ၍နေလောက်ကြပေပြီ ။ကျွန်မမှာသာ နေ့ခင်းကမိလုံးပြောလိုက်သောစကားများကို နားထဲ၌ကြားယောင်နေပြီး အိပ်မပျော်နိုင်ဘဲရှိနေလေသည်။ဤအိမ်ကြီးထဲ၌ ဖြစ်ပွားသွားခဲ့သော သေဆုံးမှုများသည် မတော်တဆလား၊တစ်ယောက်ယောက်၏ ပယောဂကြောင့်လေလားဆိုသည်ကိုတော့ သေဆုံးသွားကြပြီဖြစ်သော ကာယကံရှင်များမှသာ သိပေလိမ့်မည်။သို့သော် ဤအကြောင်းကိုတွေးလိုက်မိတိုင်း၌ ကျွန်မ၏စိတ်သည် ရှုပ်ထွေးလာသည်။ကြောက်လန့်လာသည်။ထို့ပြင် စိုးရိမ်သောကများနှင့်အမျိုးအမည်မသိသော ခံစားမှုများလည်း ခံစားနေရသည်။ထို့ပြင် တွေ့စက တည်ငြိမ်အေးဆေးသည်ဟု ထင်ရသလောက် တဖြည်းဖြည်းနှင့်ဂျစ်ကန်ကန်မိုက်ကန်းကန်းပုံဖြစ်လာသော သီဟထွန်းရှိန်၏အကြောင်းကို တွေးနေမိလေသည်။
-------------
" ဟင်း...ဟင်း...ဟင်း..." မည်သည့်အချိန်က အိပ်ပျော်သွားသည် မသိသော်လည်း မသဲမကွဲကြားနေရသော ညည်းညူသံကြီးကြောင့် ကျွန်မ ဖျတ်ခနဲ လန့်နိုးလာသည်။
" ဟင်း ဟင်း ဟင်း ဟင်း "မသဲမကွဲကြားနေရသော ညည်းသံကြီးကို ပို၍ပီပီပြင်ပြင်ကြားလိုက်ရပြီးအသံသည် ပို၍နီးကပ်လာသလိုပင်ထင်ရလေသည်။ထိတ်လန့်တုန်လှုပ်ဖွယ် မသတီစရာညည်းညူသံကြီးကြောင့် တစ်ကိုယ်လုံး ကြက်သီးဖြန်းဖြန်းထကာ ကျောထဲကပါ စိမ့်တက်ပြီးအေးလာသည်မို့ အိပ်ရာဘေးမှ ညအိပ်မီးအိမ်၏ခလုတ်ကိုခပ်မြန်မြန်ပင် လက်နှင့်ဖိနှိပ်၍ဖွင့်လိုက်သည်။
မှောင်မိုက်နေသော အခန်းထဲ၌ ညအိပ်မီးအိမ်၏ ပြာလဲ့လဲ့အလင်းရောင်က ခပ်မှိန်မှိန်ပေါ်ထွက်လာလေသည်။ပြာလဲ့လဲ့အလင်းရောင်၏အကူအညီဖြင့် တစ်ခန်းလုံးကို ကျွန်မ ကျီးကန်းတောင်းမှောက်လိုက်ကြည့်လိုက်သည့်အခါမှာတော့ အခန်း၏ထောင့် တစ်နေရာတွင် ဆောင့်ကြောင့်ကြီးထိုင်ကာမျက်လုံးပြူးကြီးများနှင့်စိုက်ကြည့်နေသော မိန်းမတစ်ယောက်ကိုတွေ့လိုက်ရလေသည်။
"အ မ လေး "ကျွန်မ ကြောက်လန့်တကြားအော်ဟစ်လိုက်သော်လည်း အသံသည် လည်ချောင်းဝမှာပင် တစ်ဆို့နေပြီး အပြင်သို့ထွက်မလာသလို ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း လှုပ်ရှား၍မရနိုင်ဘဲ ဖြစ်နေလေသည်။
------------
အပိုင်း ( ၆ )ဆက်ရန်
****************
ဧကြည်ဖြူ