"စိန်ပန်းမြိုင်မှအိမ်နီကြီး "
***************
အယောင်ယောင်အမှားမှားနှင့် လက်ထဲမှပြုတ်ကျသွားသောဆေးဘူးမှာ ဒေါ်မာလာတင်၏ ခြေထောက်နားသို့လိမ့်ဆင်းသွားလေသည်။ဒေါ်မာလာတင်သည် သူ့ခြေထောက်နားမှ ဆေးဘူးကိုအသာကောက်ယူလိုက်ပြီး ချိုမြပြုံးရွှင်သော မျက်နှာထားနှင့်စကားဆိုလာလေသည်။
" ဆရာမလေး အရမ်းပင်ပန်းနေတယ်ထင်တယ်... ခဏသွားနားလိုက်ပါဦး...ဒီလိုပါပဲ ကျွန်မနဲ့ဆရာမလေးတစ်ယောက်တစ်လှည့်ပြုစုနေရတာပဲ...အစ်ကိုကြီးအတွက်မို့ပင်ပန်းတယ်လို့မခံစားရပါဘူးရှင်...အိမ်အလုပ်တစ်ဖက်နဲ့မို့ တစ်ခါတလေအစ်ကိုကြီးကို ဆရာမလေးလက်ထဲအပ်ထားရပေမဲ့ ဆရာမလေးကိုလည်းအားနာလှပါတယ် "
ဒေါ်မာလာတင်၏ အသံသည် မကြားရစဖူးချိုလွန်းအီလွန်းလှပေသည်။ထို့ပြင် သစ်လွင်တောက်ပမှုမရှိတော့သည့် တစ်ပတ်နွမ်းပါတိတ်ဝမ်းဆက်ကိုဝတ်ထားပြီးလျှင် အမြဲတမ်းကာလာရောင်စုံနှင့်ခြယ်သထားသော မျက်နှာမှာလည်းအခြယ်အသကင်းလျက်ရှိလေသည်။ထိုသို့ဒေါ်မာလာတင်၏ပြောင်းလဲနေသော ပုံစံကိုကြည့်ပြီး အံ့သြမင်သက်နေမိချိန်မှာပင် မထင်မှတ်ထားသောသူကိုပါ တွေ့လိုက်ရ၍
ရင်ထဲ၌ သိသိသာသာလှုပ်ရှားခုန်လှုပ်သွားပြီးကြောင်အမ်း၍ ငေးကြည့်နေမိလေသည်။
"ဆရာမ... ခဏလောက် အနားသွားယူလိုက်ပါ "
ဒေါ်မာလာတင်၏ အသံကို ဒုတိယအကြိမ်မြောက်ကြားလိုက်ရမှ ဖျတ်ခနဲအသိဝင်လာပြီး အခန်းထဲမှ ယောင်ယောင်ကန်းကန်းနှင့်ထွက်ခဲ့မိလေသည်။ကျွန်မထွက်လာသောအခါ သူလှမ်းကြည့်နေသည့်ကို မျက်လုံးထောင့်စွန်းမှမြင်နေရလေသည်။
ခြံ၏အရှေ့ဘက်ပန်းခြံလေးထဲမှ ဒါန်းပေါ်တွင်ထိုင်လိုက်ရင်း ပတ်ဝန်းကျင်ကိုငေးမောကြည့်နေမိသည်။ခြံထဲတွင် သစ်ပင်ကြီးများ၏ အရိပ်ကြောင့်အေးမြ၍နေလေသည်။တစ်ချက်တစ်ချက်တိုတ်ခတ်လိုက်သော လေပြည်လေညင်းလေးများကြောင့် အတန်ငယ်ရှုပ်ထွေးသွားသောစိတ်အစဥ်သည် ပြန်လည်လန်းဆန်းလာလေသည်။
" မတွေ့တာကြာပြီနော် " အသံနှင့်အတူအနားသို့ရောက်လာသောသူ။စိတ်သည်ပြန်လည်ရှုပ်ထွေးသွားမိပြန်လေသည်။
" ငါးနှစ်ကျော်ပြီလေ... အဆင်ပြေလား...ရှင့်အမေရောကျန်းမာရေးကောင်းသွားပြီလား "
" အမေ ဆုံးသွားပါပြီ "
" သြော်... စိတ်မကောင်းပါဘူးရှင် "
" ဒါနဲ့ ...ဝတ်ရည်က ဒီကိုဘယ်လိုရောက်နေတာလဲ "
" အသိသူနာပြုဆရာမတစ်ယောက်ရဲ့အကူအညီနဲ့ရောက်လာတာပါ..နယ်ဆိုပေမဲ့ရန်ကုန်ထက်လစာများပြီး ကြိုတင်လစာလည်းထုတ်ပေးတယ်လေ...ရှင်ရောသူဌေးကြီးနဲ့ဘာတော်တာလဲ "
" ဘာမှမတော်ပါဘူး...သူဌေးကြီးဦးထွန်းရှိန်ရဲဆုံးသွားတဲ့ဇနီးက ကိုယ့်အဒေါ်ယောကျ်ားရဲ့အစ်မလေ...ကိုယ်ကအမေဆုံးပြီးကတည်းက... အဒေါ်မိသားစုနဲ့နိုင်ငံခြားကိုလိုက်သွားခဲ့တာ..."
" ဒါနဲ့...ဝတ်ရည် ကိုယ့်ကိုအရမ်းမုန်းနေလားဟင်..."
ကျွန်မ သူ့မျက်နှာကိုစူးခနဲ့မော့ကြည့်လိုက်မိသည်။စာလေးတစ်စောင်သာထားခဲ့ပြီး ပျောက်ချင်းမလှပျောက်သွားခဲ့သော ချစ်သူဟောင်းနှင့်ငါးနှစ်ကျော်ကြာမှပြန်ဆုံတွေ့ရခြင်းသည် ဟိုယခင်ကလို ရင်ကိုလှုပ်ခတ်နိုင်စွမ်းတော့မရှိတော့ပါချေ။ကျွန်မအမှတ်မထင်ပင်မဲ့ပြုံးလေးတစ်ချက်ပြုံးလိုက်မိသည်။
"ကျွန်မသွားတော့မယ်...သူဌေးကြီးကိုဆေးတိုတ်ရမယ့်အချိန်ရောက်နေပြီ "
ကျွန်မ သူ့ကိုကျောခိုင်းလိုက်ပြီး အိမ်ထဲသို့ပြန်ဝင်ရန်ပြင်လိုက်စဥ်မှာပင် စိတ်ထဲမှ တစ်စုံတစ်ယောက်၏စောင့်ကြည့်နေသလိုခံစားနေရသည်မို့ အိမ်ကြီး၏ အပေါ်ထပ်ကို လှမ်းကြည့်လိုက်မိလေသည်။
" အို " သီဟထွန်းရှိန်သည် ပြတင်းပေါက်တွင်မတ်မတ်ကြီးရပ်၍ ကျွန်မတို့နှစ်ယောက်အားစူးစူးဝါးဝါးစိုက်ကြည့်နေလေသည်။ကျွန်မလည်း ထိတ်ခနဲခုန်လှုပ်သွားသောစိတ်ကို ဟန်မပျက်အောင်ထိန်းရင်းအိမ်ကြီးထဲသို့ ခပ်သုတ်သုတ်ပြေးဝင်ခဲ့မိလေသည်။
**************
" ဆရာမလေး...ခဏလောက်ထိုင်ပါဦး
ဧည့်သည်တွေနဲ့မိတ်ဆက်ပေးချင်လို့ "
ဧည့်ခန်းထဲတွင် အိမ်ရှိမိသားစုအကုန်စုရုံး ရောက်ရှိနေကြသည်။ကျွန်မနီးစပ်ရာခုံမှာ ဝင်ထိုင်လိုက်ရင်း မျက်နှာချင်းဆိုင်ခုံမှာ ထိုင်နေသော သီဟထွန်းရှိန်၏ မျက်နှာကိုလှမ်းကြည့်လိုက်မိလေသည်။သီဟထွန်းရှိန်သည် မရယ်မပြုံး ခပ်တင်းတင်းမျက်နှာနှင့်ပြန်ကြည့်လေသည်။
"အစ်ကိုကြီး နေမကောင်းဖြစ်ကတည်းက ကိုအောင်နိုင်တို့ကို အကြောင်းကြားဖို့ သမီးလေးရတီချိုကို ကျွန်မပြောပါသေးတယ်...ကိုအောင်နိုင်တူမက ကိုအောင်နိုင်တို့တွေ တိုင်းတစ်ပါးကနေ သွားရခက်လာရခက်နဲ့စိတ်မကောင်းဖြစ်နေမှာစိုးလို့အကြောင်း
မကြားချင်ဘူးတဲ့လေ...ခုတော့ရှင်... " ဒေါ်မာလာတင်သည် စကားပြောနေရင်းမှ ပါးပြင်ပေါ်သို့စီးးကျလာသော မျက်ရည်စများကိုလက်ကိုင်ပုဝါနှင်အသာတို့ထိသုတ်လိုက်လေ၏။
"တကယ်ပါရှင်... ပွဲရုံအလုပ်တွေကတစ်ဖက် ၊အစ်ကိုကြီးကိုလည်းစိတ်ပူနေရတာနဲ့သမီးလေးခမျာ ညညအိပ်မပျော်ဘူးထင်ပါရဲ့ရှင်... အခါတိုင်းညတွေလည်း အပေါ်ထပ်သူ့တို့လင်မယားအခန်းနဲ့အောက်ထပ်ကအစ်ကိုကြီးအခန်းကို ညဥ့်နက်သန်းခေါင်သွားလာနေကြပါ....အဲ့ဒီညကမှဘယ်လိုများဖြစ်တယ်မသိပါဘူးရှင် အိမ်ကြီးကကြီးလွန်းတော့ မနက်အိမ်သားတွေနိုးမှ လှေကားခြေရင်းမှလဲကျနေတာတွေ့တာ...ကံဆိုးလှတဲ့ကျွန်မသမီးလေးပါ...ဖြစ်နိုင်ရင်သူ့အစား ကျွန်မပဲဖြစ်လိုက်ချင်တယ်.." ဒေါ်မာလာတင်သည် ပြောရင်းမှလက်ကိုင်ပုဝါလေးနှင့်မျက်လုံးထောင့်စွန်းကိုသုတ်ပြန်လေသည်။ဧည့်သည်များမှာမူ ဒေါ်မာလာတင်၏ စကားကိုနှုတ်ဆိတ်၍သာနားထောင်နေလေသည်။
" ဖြစ်နိင်ရင်တော့ တူမလေးကိုမြှုပ်နှံထားတဲ့နေရာကို ကျွန်တော်တို့ကိုလိုက်ပြပေးပါဦး...ပြီးတော့ဒိီကကျွန်တော့်တူအတွက်အကူအညီတောင်းရတာကိုလည်းတကယ်အားနာပါတယ် "
" အို မဟုတ်တာကိုအောင်နိူင်ရယ် ဘာအားနာစရာရှိလဲ ကိုယ့်အချင်းချင်းတွေပဲဟာ "ဒေါ်မာလာတင်သည် ထိုစကားကိုပြောပြီးနောက် မိသားစုများကို မသိမသာလှမ်းကြည့်လေသည်။ဒေါ်မာလာတင်၏အကြည့်ကို လူယုံတော်ကြီး ဦးသက်အောင်နှင့်သားမက်ဖြစ်သူကျော်စွာဦးတို့က စိတ်ဝင်တစားရှိနေကြသော်လည်း ကေသီတင်နှင့်သီဟထွန်းရှိန်မှာမူ သူတို့နှင့်မဆိုင်သကဲ့သို့ရှိလေသည်။ကျွန်မမှာလည်း ထိုင်ခုံမှာထိုင်နေရသော်လည်း သူတို့၏မိသားစုဆွေမျိုးကိစ္စသည် ကိုယ်နှင့်မသက်ဆိုင်သည်မို့ စိတ်မသက်မသာဖြစ်မိလေသည်။
"ကဲ... တစ်လက်စကတည်း အားလုံးကိုမှာထားရဦးမယ်...နောက်အပတ်ကစပြီး...ကိုအောင်နိုင့်တူ မောင်မင်းပိုင်ဦးက တို့ရဲ့စိန်ပန်းမြိုင်အိမ်ကြီးမှာ အချိန်ခဏလောက်နေမှာမို့ အားလုံးက မိသားစုတွေလို နွေးနွေးထွေးထွေးနဲ့ကြိုဆိုပေးဖို့တောင်းဆိုပါတယ်...ပြီးတော့မိလုံးတို့အဖွဲ့က မောင်မင်းပိုင်ဦးနေဖို့အတွက် အပေါ်ထပ်က အခန်းတစ်ခန်းကိုသေချာလေးပြင်ဆင်ပေးထားကြပါ "
ဒေါ်မာလာတင်၏ စကားဆုံးသွားသောအခါ ကျွန်မအလန့်တကြားဖြင့် မင်းပိုင်ဦး၏မျက်နှာကိုကြည့်လိုက်မိလေသည်။ကျွန်မအကြည့်ကြောင့် မင်းပိုင်ဦးကလှစ်ခနဲတစ်ချက်ပြုံးပြလိုက်သည်မို့ ကျွန်မ မလုံမလဲနှင့်သီဟထွန်းရှိန်၏ မျက်နှာကိုလှမ်းကြည့်လိုက်မိသည်။
"ဘုရားရေ "ကျွန်မစိတ်ထဲမှ နေ ဘုရားတလိုက်မိအောင်ပင် သီဟထွန်းရှိန်၏ မျက်နှာမှာတင်းမာနေသည်ကိုတွေ့လိုက်ရလေသည်။
****************
အချိန်က မွန်းလွဲနှစ်ချက်ကျော်ပေပြီ ။သူဌေးကြီးဦးထွန်းရှိန်သည် ဆေးအရှိန်ကြောင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေလေသည်။ကျွန်မလည်း ပြတင်းဝနားတွင်ထိုင်၍စာအုပ်ဖတ်နေရင်းမှ ငိုက်မျဥ်းလာသလိုရှိလာတာမို့ အခန်းအပြင်သို့ထွက်ခဲ့သည်။
နေ့လယ်နေ့ခင်းဖြစ်၍ ဒေါ်မာလာတင်တို့မိသားစုတွေ မရှိကြသောကြောင့် အိမ်ကြီးသည်တိတ်ဆိတ်နေပြန်သည်။ခုတလော အိမ်ကပ်လှပါသည်ဆိုသော သီဟထွန်းရှိန်သည်ပင် အပြင်သို့ မကြာခဏသွားတတ်လေသည်။
ကျွန်မ အခန်းထဲမှ ထွက်လာပြီးနောက် မီးဖိုဆောင်ဘေး စင်္ကြန်လမ်းအတိုင်းလျှောက်ခဲ့သည်။နောက်ဖေးမီးဖိုချောင်ထဲတွင် အလုပ်သမားအသစ်ဖြစ်သူ အသက်ခပ်ကြီးကြီး အဒေါ်ကြီးတစ်ယောက်သာ အိုးခွက်ပန်းကန်များကို တိုတ်ချွတ်ဆေးကြောနေသည်ကို တွေ့ရလေသည်။ကြည့်ရသည်မှာ မိလုံးနဲ့နောက်ထက်အလုပ်သမားလေးမှာ မင်းပိုင်ဦးလာလျှင်နေဖို့ အခန်းအားသွားရှင်းနေခြင်းဖြစ်မည်ထင်သည်။မင်းပိုင်ဦးအကြောင်း ခေါင်းထဲသို့ရောက်လာသောအခါ ကြည်လင်နေသောစိတ်က နောက်ကျိရှုပ်ထွေးသွားရပြန်လေသည်။ကျွန်မ စင်္ကြန်လမ်းအတိုင်း လျှောက်လာရင်းမှ နောက်ဖေးတံခါးမကြီးနားသို့ရောက်ရှိလာသည်။တံခါးကို ဆွဲဖွင့်လိုက်ပြီး ခြံထဲသို့ ဆင်းခဲ့လေသည်။ခြံထဲတွင်လည်းတိတ်ဆိတ်၍နေလေသည်။ခြံထဲရှိ ခြံစောင့်ကြီး ဦးဖိုးထော်သည်လည်း ခြံကျယ်ကြီး၏တစ်နေရာရာတွင် သစ်ပင်ပန်းပင်များကိုစိုက်ပျိုးပြုပြင်နေမည်ထင်သည်။ ကျွန်မ သစ်ပင်ကြီးများကြားမှ လျှောက်လမ်းလေးအတိုင်း လျှောက်လာခဲ့သည်။ခြံနောက်ဘက်သည် ခြံရှေ့ထက် သစ်ပင်ကြီးများပိုများပြီး နေ့ခင်းကြောင်တောင်၌ပင် အနည်းငယ်မျှချောက်ချားစရာကောင်းလေသည်။ကျွန်မလည်း တစ်လောကမက်ခဲ့သော အိပ်မက်ကိုသတိရကာ ကျောချမ်းသလိုလိုတော့ ခံစားနေရလေသည်။
သစ်ပင်ကြိုသစ်ပင်ကြားမှအတန်ကြာလျှောက်လာပြီးသော်ခါ ခြံ၏အဆုံး တောအုပ်အစပ်သို့ရောက်ရှိလာလေသည်။စိန်ပန်းမြိုင်အိမ်ကြီးသည် မြို့လေး၏အထွက် အိမ်ခြေကျဲပါးလှသောနေရာတွင် တစ်သီးတစ်သန့်တစ်ထီးတစ်နန်းရှိနေ၍ ပတ်ဝန်းကျင်၌ ညဘက်မပြောလေနှင့် နေ့လယ်နေ့ခင်း၌ပါ သွားလာသူမရှိသလောက်ရှားပါးလေသည်။
ကျွန်မတောစပ်တွင်ရပ်၍ တော့အုပ်ထဲသို့ဝင်သွားသောလမ်းလေးကိုငေးကြည့်နေရင်း မရွှေမိ၏လက်ယပ်ခေါ်နေသောပုံစံကို မျက်စိထဲမြင်ယောင်လာမိပြီး အယောင်ယောင်အမှားမှားနှင့်တောလမ်းလေးအတိုင်းလျှောက်ဝင်ခဲ့မိလေသည်။
" ကျွီ....ကျွီ...."
"ရှီး....ရှိီး...ရှိီး...."တောအုပ်ငယ်ထဲမှ အမျိုးအမည်မသိသော အသံပေါင်းစုံကိုကြားနေရသလို တစ်ကိုယ်လုံးရှိ သွေးများဖျဥ်းဖျဥ်းမြည်လာသကဲ့သို့
ကြက်သီးများပါထလာလေသည်။သို့သော်လည်း လှမ်းလက်စခြေလှမ်းများမှာရပ်တန့်၍ မရနိုင်ဘဲရှေ့သို့သာလှမ်းနေမိလေသည်။ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တိုင်း တောအုပ်လေးထဲမှ အလင်းရောင်သည် မှေးမှိန်ဖျော့တော့လာပြီး အမှောင်များလွှမ်းခြုံလာသည်ဟု ခံစားနေရလေသည်။ကျွန်မ လှမ်းလက်စ ခြေလှမ်းများကိုရပ်တန့်ပြီး အရှေ့သို့ မျှော်ကြည့်လိုက်မိသည်။ရှေ့တည့်တည့်၌မြင်နေရသည်မှာ သစ်ပင်ပုလေးများများပြားစွာပေါက်ရောက်နေသောကုန်းကမူလေးတစ်ခု။ထိုကုန်းကမူလေးကိုကြည့်၍ ရင်ထဲတလှပ်လှပ်မူးဝေလာသလို နားထင်သွေးကြောများလည်းတထိတ်ထိတ်ဆောင့်တိုးလာလေသည်။ထိုနေရာ။ထိုနေရာသည် အိပ်မက်ထဲ၌ မရွှေမိရပ်ခဲ့သောနေရာနှင့်ထပ်တူထပ်မျှတူနေလေသည်။တကယ်ဆိုလျှင် မရွှေမိသည် ကျွန်မရောက်ပြီး မကြာမီမှာပင် အလုပ်ထွက်သွားသည်ဖြစ်၍ မရွှေမိနှင့်ကျွန်မမှာ ခင်မင်ရင်းနှီးမှုသိပ်မရှိခဲ့ဘဲ မကြာခဏဆိုသလို မရွှေမိကိုအိပ်မက်မက်နေသည်ကို မတွေးတောတတ်အောင်ဖြစ်နေမိသည်။ကျွန်မကုန်းကမူလေးရှိရာသို့ လှမ်းသွားရန်ပြင်လိုက်သည်။
"ဖျပ်...ဖျပ်... ဖျပ်..."
ထိုစဥ်မှာပင် နောက်ကျောဘက်ဆီမှ တဖျပ်ဖျပ်လျှောက်လာသော ခြေသံကြားလိုက်ရသောကြောင့် ကျောထဲ၌ စိမ့်ခနဲဖြစ်သွားပြီး အနောက်သို့ ကမန်းကတန်းလှည့်ကြည့်လိုက်မိသောအခါ
ပခုံးထက်တွင် တစ်စုံတစ်ရာကိုထမ်းလာပြီး ခြေကားကား လက်ကားကားနှင့်တရွေ့ရွေ့လှမ်းလာသော မည်းမည်းကောင်ကြီးတစ်ကောင်ကိုတွေ့လိုက်ရလေသည်။တဖြည်းဖြည်းနီးကပ်လာသော မည်းမည်းကောင်ကြီးကိုကြည့်ကာ ကျွန်မနေရာတွင်ပင်ကြက်သေသေလျက်ရပ်နေမိလေသည်။ ထိုမည်းမည်းကောင်ကြီးသည် ကျွန်မနားသို့ရောက်သောအခါရပ်တန့်လိုက်ပြီး လက်တစ်ဖက်မှာ လေထဲသို့မြောက်တက်လာလေသည်။
" အား " ထိတ်လန့်တုန်လှုပ်စွာ ကျွန်မအသံကုန်အော်ဟစ်လိုက်သည်။
" ဆရာမလေး....ဆရာမလေး ဘာဖြစ်တာလဲ သတိထားပါဦး....ကျွန်တော်ပါ ခြံစောင့်ဦးဖိုးထော်လေ..."
ခြံစောင့်ကြီး ဦးဖိုးထော်၏ အသံကိုကြားမှ ကျွန်မမှာ ပြန်လည်အသိဝင်လာလေသည်။လူမှာမူ တစ်ကိုယ်လုံးတုန်တုန်ယင်ယင်နှင့်ဖြစ်နေသည်မို့ မြေကြီးပေါ်သို့ ထိုင်ချလိုက်ရလေသည်။
" ဦး...ဦးဖိုးထော်ရယ်...လန့်သွားတာပဲ...အသံမပေးဘာမပေး "
" ဒါနဲ့...ဆရာမလေးက ဒီတောအုပ်ထဲဘာလာလုပ်တာလဲ..."
" ပျင်းလို့ လမ်းလျှောက်ထွက်လာတာပါ ဦးဖိုးထော်ရယ် "
ကျွမ်မ၏ အဖြေစကားကိုကြားသောအခါ ဦးဖိုးထော်သည် ကျွန်မကိုစူးစူးရဲရဲတစ်ချက်စိုက်ကြည့်ပြီးနောက်
" မထွက်နဲ့...ဒီတောအုပ်ထဲဘယ်တော့မှလမ်းမလျှောက်နဲ့ဆရာမလေး "
" ရှင်...ဘာ...ဘာဖြစ်လို့လံဦးဖိုးထော်..."
"ဒီတောအုပ်က သူဌေးကြီးကျန်းမာစဥ်က အမဲပစ်ထွက်တဲ့နေရာပဲ... ပိုးကောင်မွှားကောင်တွေရှိသလို တောကောကြီးတွေလည်းရှိတယ်...နောက်ဘယ်တော့မှာ ဒီဘက်ကိုမလာနဲ့ လမ်းလျှောက်ချင်ရင်ခြံအရှေ့ဘက်မှာလည်းအကျယ်ကြီးပါ ကြိုက်သလောက်လျှောက်လို့ရတယ် ဆရာမလေး "
***************
အချိန်က နေဝင်ဖျိုးဖျ။ညစားကို ခပ်စောစောပင်စားလေ့ရှိသော ကျွန်မ ထမင်းစားခန်းထဲသို့ဝင်လာခဲ့သည်။ယနေ့မှထူးထူးခြားခြား ထမင်းစားခန်းထဲတွင် ကျွန်မထက်ဦးသူတစ်ယောက်ရောက်နေလေသည်။ထိုသူမှာ ကိုကျော်စွာဦးပင်ဖြစ်ပါလေသည်။ကိုကျော်စွာဦးသည် ဤစိန်ပန်းမြိုင်အိမ်ကြီးတွင် ဆုံရခဲသော သူဖြစ်သည်။ကျွန်မသည် ကိုကျော်စွာဦးနှင့်ရင်းနှီးမှုသိပ်မရှိလှသည်မို့ ထမင်းစားခန်းထဲသို့ဝင်ရန်ချီတုံချတုံဖြစ်နေမိပြီး အခန်းဝမှာအသာရပ်နေမိလေသည်။ကိုကျော်စွာဦးသည် ထမင်းကိုဖြည်းလေးစွာစားနေပြီ မိလုံးသည် ကိုကျော်စွာဦး၏အနားတွင်ရပ်ကာ ကိုကျော်စွာဦး၏ထမင်းပန်းကန်ထဲသို့ ဟင်းများကိုဂရုတစိုက်နှင့်ခပ်ထည့်ပေးနေ၏။ပန်းရောင်အင်္ကျီလက်ပြတ်နှင့်အပွင့်ကြီးအခက်ကြီးများပါသောထဘီကိုခပ်တင်းတင်းဝတ်ထာပြီးသနပ်ခါးအဖွေးသားနှင့်ညိုညိုတုတ်တုတ်မိလုံး၏ပုံစံမှာ လှသည်ဟုမဆိုသာသော်လည်း ကြည့်ပျော်ရှူပျော်ရှိ၏။မိလုံးသည် ကျွန်မကိုမမြင် ကိုကျော်စွာဦးကိုသာ ကြည့်၍နေလေသည်။မိလုံး၏ပုံစံကိုကြည့်ပြီး ကျွန်မစိတ်ထဲမှာ တစ်မျိုးတစ်မည်ခံစားလိုက်ရပြီး အခန်းပြင်သို့ပြန်လှည့်ထွက်ရန်ပြင်လိုက်သောအခါ ကိုကျော်စွာဦးသည် ခြေသံကြားသွား၍ထင်သည် လှည့်၍ကြည့်လာလေသည်။မိလုံးကမူ ကျွန်မကိုမြင်သောအခါ ခပ်ပြုံးပြုံးပင်ရှိလေသည်။
" သြော် ဆရာမပါလား...ညနေစာ စားမလို့ထင်တယ်...လာပါဆရာမ ကျွန်တော့်ကိုအားမနာပါနဲ့...ကျွန်တော်လည်းစားလို့ပြီးနေပါပြီ "
"အို...မဟုတ်တာ...အေးဆေးစားပါရှင်... ကျွန်မကကိုကျော်စွာဦးကိုအားနာလို့ဝင်မလာတာပါ...ဒါနဲ့ ဒီနေ့ ကိုကျော်စွာဦးအလုပ်ကပြန်လာတာစောတယ်နော် "
" ဟုတ်တယ် ဆရာမ...ကျွန်တော်ဒီနေ့ နေလို့သိပ်မကောင်းလို့ ခပ်စောစောပဲပြန်လာလိုက်တာ "
"နေမကောင်းဘူးလား...ဆေးလိုရင်ပြောလေ ...တော်တန်ရုံဆေးလောက်တော့ ကျွန်မမှာရှိပါတယ် "
" ကျေးဇူးတင်ပါတယ် ဆရာမလေး...ကျွန်တော်အလုပ်ကအပြန်မှာ ဆေးခန်းဝင်ပြခဲ့ပါတယ် "
ကိုကျော်စွာဦးနှင့်ကျွန်မ စကားစမြည်ပြောရင်းထမင်းစားနေစဥ်မှာပင် ထမင်းစားခန်းတံခါးကို ခပ်ကြမ်းကြမ်းဆွဲဖွင့်ပြီး သီဟထွန်းရှိန်ဝင်လာလေသည်။သီဟထွန်းရှိန်သည် ကိုကျော်စွာဦးနှင့်ကျွန်မအား ခပ်စူးစူးစိုက်ကြည့်၍ စားပွဲ၏ထိပ်ဘက်ခုံမှာဝင်ထိုင်လိုက်သည်။
" မိလုံး...ထမင်းပွဲပြင်ပေး " ဟိန်းခနဲထွက်လာသော သီဟထွန်းရှိန်၏အသံကြောင့်ကျွန်မမှာလန့်ဖျန့်ကာ ခန္ဓာကိုယ်ပင် ဆတ်ခနဲတုန်သွားလေသည်။ကျော်စွာဦးမှာမူ မတုန်မလှုပ်နှင့်ပင် ထမင်းစားခြင်းကိုလက်စသတ်လိုက်ပြီး "ကျွန်တော် သွားတော့မယ်နော် ဆရာမ "ဟုနှုတ်ဆက်ကာ ထမင်းစားခန်းထဲမှထွက်သွားလေသည်။ကျွန်မမှာ ကိုကျော်စွာဦးကို ခေါင်းသာငြိမ့်ပြလိုက်ပြီး အသံပင်မထွက်ရဲ။သီဟထွန်းရှိန်သည် စားပွဲ၏ထိပ်ဘက်မှနေပြီး ကျွန်မကိုခပ်စူးစူးစိုက်ကြည့်နေလေသည်။ကျွန်မမှာ လက်တုန်တုန်ခြေတုန်တုန်နှင့်ပင် ထမင်းစားခြင်းကိုအမြန်အပြီးသတ်လိုက်ပြီး စားပွဲခုံမှထရန်ဟန်ပြင်လိုက်သောအခါ သီဟထွန်းရှိန်သည် ကျွန်မအားလှမ်း၍ကြည့်သည်မို့ ထိုင်ရမလိုထရမလိုနှင့်ခေါင်းကိုသာတွင်တွင်ငုံ့ထားမိလေသည်။
" မဝတ်ရည် "
နာမည်ကို ခေါ်လိုက်သံကြောင့် ကျွန်မအံ့သြသွားရပြီး သီဟထွန်းရှိန်ကိုမဝံ့မရဲလှမ်းကြည့်လိုက်မိလေသည်။
"မဝတ်ရည်က လူတိုင်းနဲ့ခင်မင်လွယ်တာပဲနော် "
ကသီဟထွန်းရှိန်၏စကားကြောင့် ကျွန်မဖျတ်ခနဲမတ်တပ်ထရပ်လိုက်မိသည်။
" မင်း ဘာကိုပြောချင်တာလဲသီဟထွန်းရှိန် "ကျွန်မ၏အသံသည် ဒေါသသံအနည်းငယ်စွက်နေမှန်း ကျွန်မကိုယ်တိုင်ပင်သတိမထားလိုက်မိပါလေ။
" ဘာသဘောမှမဟုတ်ပါဘူးဗျာ...ကျွန်တော်စကားမှားသွားရင်ကျွန်တော်ကပဲတောင်းပန်ပါတယ် "
သူကတောင်းပန်လိုက်သော်လည်းကျွန်မစိတ်ထဲမှာ ကသီကအောက်ဖြစ်သွားရသည်မို့
မျက်နှာထားတင်းတင်းနှင့်ပင်သူ့ကိုလှမ်းကြည့်နေလိုက်သည်။ထိုအခါတွင်တော့ သီဟထွန်းရှိန်သည် သူမဟုတ်သကဲ့သို့ခေါင်းကိုငုံ့ထားလေ၏။ခေါင်းကြီးငုံ့ပြီး ထမင်းကိုအဆက်မပြတ်တစ်ဇွန်းပြီးတစ်ဇွန်းခပ်စားနေသော သီဟထွန်းရှိန်၏ပုံစံကိုကြည့်ကာ ကျွန်မလှစ်ခနဲပြုံးလိုက်မိလေသည်။တိုက်တိုက်ဆိုင်ဆိုင်ပင် ကျွန်မပြုံးလိုက်စဥ်ခဏ၌ သီဟထွန်းရှိန်ကလည်း ကျွန်မကိုလှမ်းကြည်သည်မို့ ကျွန်မမျက်နှာကို ပြန်၍စူပုတ်ထားလိုက်လေသည်။
***************
" ဖလပ်....ဖလပ်..." အိပ်မက်လိုလို ၊တကယ်ကြားရသလိုလိုနှင့်နားထဲမှာ အသံအချို့ကြားရသောကြောင့် ကျွန်မလန့်နိုးလာပြီး အသံကိုသေချာနားစွင့်နေလိုက်သည်။အသံကပြတင်းပေါက်ဘက်မှာလာနေခြင်းဖြစ်မှန်း ကျွန်မသိလိုက်သည်။ခုတင်ထက်မှဆင်းကာပြတင်းပေါက်နားသို့ ကျွန်မလျှောက်သွားကြည့်လိုက်သည်။ပြတင်းပေါက်သို့ရောက်သော်ခါ လိုက်ကာစကိုဖယ်ပြီး မှန်ပြတင်းမှတစ်ဆင့် အပြင်သို့ကြည့်လိုက်သည်။အပြင်တွင်မှောင်မိုက်နေပြီး ဘယ်အရာကိုမှသဲသဲကွဲကွဲမမြင်ရ။ခြံထဲသို့ အာရုံစိုက်၍ကြည့်လိုက်ရာ ပိန်းပိိတ်အောင်မှောင်နေသော အမှောင်ထုကိုကြည့်ရသည်မှာကျောချမ်းစရာကောင်းလှပေးသည် ။ကျွန်မ လိုက်ကာစကိုပြန်ဆွဲပိတ်လိုက်ပြီး ခုတင်ရှိရာသိုပြန်လျှောက်လာခဲ့သည်။
" ကျစ် "ခုတင်းနားရောက်ခါနီးတွင် အသံတစ်သံကိုထက်ကြားလိုက်ရပြန်သည်။အသံသည် မည်သည့်အသံမှန်းမသိသော်လည်း အခန်းပြင်မှလာသောအသံဖြစ်သည်မှာသေချာသည်။အခန်းတံခါးနားသို့တိုးကပ်လျှောက်သွားလိုက်ပြီး အခန်းတံခါးကိုအနည်းငယ်ဟလိုက်ကာ အခန်းပြင်သို့ချောင်းကြည့်လိုက်သည်။စင်္ကြန်လမ်းတစ်လျှောက်ရှင်းလင်းနေသည်။လှေကားထိပ်ဘက်ဆီသို့ လှမ်းကြည့်လိုက်သောအခါမှာလည်း ရှင်းလင်းတိတ်ဆိတ်နေပြန်သည်။ကျွန်မခန်းတံခါးကိုပြန်ပိတ်လိုက်သည်။ယခင်ကစိတ်နှင့်သာဆိုလျှင်လှေကားနားလောက်အထိ သွားလျှောက်ကြည့်မိမည်ဖြစ်သော်လည်း သီဟထွန်းရှိန်၏မျက်နှာကိုမြင်ယောင်ပြီး အခန်းထဲသို့ပြန်ဝင်ခဲ့လိုက်သည်။
****************
" တီ...တီ...တီ.." မည်မျှအိပ်ပျော်သွားသည်မသိ နှိုးစက်မှတတီတီမြည်သံကြားမှကျွန်မလန့်နိုးသွားပြီးအိပ်ရာထဲမှလူးလဲထလိုက်သည်။နှိုးစက်ကိုမနက်လေးနာရီခွဲသံပတ်ပေးထားသည်။မနက်လေးနာရီခွဲသည်နှင့်အိပ်ရာထကိုယ်လက်သန့်စင်ပြီးဘုရားခန်းသို့သွားကာ ဘုရားသောက်တော်ရေလဲ ၊ဆီမီးကပ်လှူကာ ဘုရားရှိခိုးပုတီးစိတ်သည်မှာ ကျွန်မ၏နေ့စဥ်အကျင့်တစ်ခုဖြစ်လေသည်။မနက်ခြောက်နာရီမထိုးခင်မှာကျွန်မ၏လုပ်စရာရှိသည်များကိုလုပ်ပြီး ခြောက်နာရီထိုးသည်နှင့်တစ်ပြိုင်နက်အောက်ထပ်ရှိသူဌေးကြီးဦးထွန်းရှိန်၏အခန်းသို့သွားရောက်ရမည်ဖြစ်လေသည်။
ကျွန်မ မှန်တင်ခုံရှေ့မှာထိုင်ပြီပြင်ဆင်ပြီးနောက် ဘုရားဝတ်ပြုရန်အတွက်ဘုရားခန်းဘက်သို့ထွက်ခဲ့လေသည်။အချိန်သည် မနက်ငါးနာရီခန့်ရှိပြီဖြစ်သော်လည်း အိမ်ကြီးရှင်များမှာ မနက်ခြောက်နာရီကျော်ခုနှစ်နာရီထိုးခါနီးမှအိပ်ရာမှနိုးကြသည်မို့ အိမ်ကြီးထဲတွင်တိတ်ဆိတ်ငြိမ်သက်နေလေသည်။အောက်ထပ်တွင်တော့ မိလုံးတို့အလုပ်သမားများ နိုးနေကြပြီးမနက်စာအတွက်ချက်ပြုတ်ဖို့ပြင်ဆင်နေကြမည်ဖြစ်သော်လည်း မီးဖိုခန်းထဲမှာသာ အလုပ်များနေတတ်ကြသည်။တိတ်ဆိတ်နေသောစင်္ကြန်လမ်းအတိုင်း ကျွန်မလျှောက်လာခဲ့သည်။ ဘုရားခန်းသည် လှေကားထိပ်မရောက်ခင် အရှေဘက်သို့သွားသောစင်္ကြန်လမ်းမှသွားရမည်ဖြစ်သည်။ထိုစင်္ကြန်လမ်းမှလျှောက်သွားပြီးအဆုံးတွင် အခန်းနှစ်ခန်းရှိပြီး ဘယ်ဘက်အခန်းမှာ သီဟထွန်းရှိန်၏ အခန်းဖြစ်ပြီးဘုရားခန်းမှာ ညာဘက်မှအခန်းဖြစ်လေသည်။
ကျွန်မလည်း စင်္ကြန်လမ်းတစ်လျှောက် လျှောက်လာခဲ့ပြီး အရှေ့ဘက်စင်္ကြန်လမ်းဘက်သို့ ချိုးကွေ့လိုက်လေသည်။ထိုအချိန်မှာပင်
" အ မ လေး " တိတ်ဆိတ်ငြိမ်သက်နေသော အိမ်ကြီးထဲတွင် အောက်ထပ်မှ အသံနက်ကြီးနှင့် ကြောက်လန့်တကြားအော်ဟစ်လိုက်သော အသံကို ချောက်ချားဖွယ်ရာကြားလိုက်ရလေသည်။ကြားလိုက်ရသော အသံကြောင့် ကျွန်မရင်ထဲတွင်ဒိန်းခနဲဆောင့်ခုန်သွားပြီး လှေကားထိပ်သို့ ပြေးလွှားကြည့်လိုက်လေသည်။
" အ မလေး "လှေကားခြေရင်းမှ မြင်လိုက်ရသော မြင်ကွင်းကြောင့် ကျွန်မလည်းတုန်လှုပ်ချောက်ချားစွာအော်ဟစ်လိုက်မိပြီး လူမှာမိုက်ခနဲပင်ဖြစ်သွားရသည်မို့ လှေကားလက်ရန်းများကိုအားပြု၍ထိုင်ချလိုက်ရလေသည်။ကျွန်မထိုင်နေသော လှေကား၏အဆုံးသမံတလင်းပေါ်တွင်တော့ လူတစ်ယောက်သည် ခြောက်သွေ့စပြုနေပြီဖြစ်သော သွေးအိုင်ထဲတွင် မှောက်ခုံကြီးလဲကျနေလေသည်။
------------
အပိုင်း ၅ ဆက်ရန်
***************
ဧကြည်ဖြူ