"စိန်ပန်းမြိုင်မှအိမ်နီကြီး "
********************
" ဘယ်.....ဘယ်သူလဲ "
ကျွန်မရဲ့မေးသံအဆုံးမှာ ကျွန်မဘက်သို့ ဖြည့်လေးစွာလှည့်လာသော ထိုအမျိုးသမီးကိုကြည့်၍ ထိတ်လန့်ကြောက်ရွံ့စွာဖြင့် မျက်လုံးအစုံကိုမှိတ်ချလိုက်မိလေသည်။သို့သော်လည်း ထိတ်လန့်တုန်လှုပ်နေသည့်ကြားမှ သိချင်စိတ်ကပြင်းပြလာသောကြောင့် မျက်လုံးအစုံအားမရဲတရဲနှင့် ဖွင့်ကြည့်လိုက်သောအခါ
"မ...မရွှေမိ...မရွှေမိဘယ်တုန်းကပြန်ရောက်နေတာလဲ "
မရွှေမိသည် ကျွန်မ၏အမေးကိုမဖြေဘဲ ကျွန်မကိုကျောခိုင်းလိုက်ပြီး စင်္ကြန်လမ်းအတိုင်းလျှောက်သွားပြီးနောက် ကျွန်မရှိရာဆီသို့ ပြည်လှည့်ကြည့်လာပြီး လက်ယပ်၍ခေါ်လေသည်။မရွှေမိ၏အပြုအမူကြောင့် ကျွန်မလည်း ယောင်ယမ်း၍ခေါင်းငြိမ့်ပြလိုက်မိပြီး မရွှေမိနောက်မှ ထက်ကြပ်မကွာလိုက်ခဲ့မိလေသည်
အပေါ်ထပ်တွင် ကျွန်မအပြင် သီဟထွန်းရှိန် ၊ကေသီတင်နှင့်ကျော်စွာဦးတို့၏ အခန်းများရှိသော်လည်း ကျွန်မ၏အခန်းသည် အပေါ်ထပ်၏ မြောက်ဘက်ချောင်အကျဆုံးနေရာ၌တည်ရှိပြီး သီဟထွန်းရှိန်၏အခန်းမှာ အရှေ့ဘက်လသာဆောင်နားရှိ ဘုရားခန်းဘေးမှ အခန်းဖြစ်ပြီး ကေသီတင်၏အခန်းမှာမူ ကျွန်မနှင့်ဆန့်ကျင့်ဘက် တောင်ဘက်လသာဆောင်အနီး၌ရှိသလို ကျော်စွာဦး၏အခန်းကတော့ အနောက်ဘက်လသာဆောင်အနီး၌တသီးတသန့်ဖြင့် ရှိလေသည်။ကျော်စွာဦးနေသော ထိုအခန်းသည် ရတီချိုရှိစဥ်ကတည်းက အတူသုံးခဲ့သော အခန်းဟု မိလုံးတော့ပြောပြဖူးသည်။ထိုသို့ တစ်ခန်းနှင့်တစ်ခန်းကြား အခန်းလွတ်များစွာ ခြားထားကြသည်မို့ အခန်းတစ်ခန်းခန်း၌ တော်တန်ရုံကိစ္စတစ်ခုခုဖြစ်လျှင် အခြားတစ်ခန်းမှ သိဖို့ရာခဲယဥ်းလောက်အောင် အိမ်ကြီးက ကြီးမားလွန်းလှသဖြင့် အပေါ်ထပ်တွင် ကျွန်မနှင့်မရွှေမိမှလွဲ၍ ချောက်ချားစရာကောင်းလောက်အောင် တိတ်ဆိတ်ငြိမ်သက်နေလေသည်။
မရွှေမိသည် ရှေ့မှနေ၍ အခန်းလွတ်များကို ကျော်ဖြတ်၍စင်္ကြန်လမ်းအတိုင်းသွားနေပြီနောက် လှေကားထိပ်သို့ရောက်ရှိသောအခါ ခေါင်းကြီးငိုက်စိုက်ချ၍ လှေကားအတိုင်းဖြည်းလေးစွာ ဆင်းသွားလေသည်။
ညအိပ်မီးအလင်းရောင် မှိန်ပျပျအောက်၌ ခြေတစ်ဖက်ကို တရွတ်ဆွဲ၍ ဆံပင်ဖိုးရိုးဖားရား အဝတ်အစားဖရိုဖရဲနှင့်မရွှေမိ၏ ပုံစံကိုကြည့်ရသည်မှာ ကျောချမ်းစရာတော့ ကောင်းလှပေသည်။
မရွှေမိသည် လှေကားအဆုံး အောက်ထပ်သို့ရောက်သောအခါ ငူငူကြီးရပ်၍နေပြန်လေသည်။ ကြည့်ရသည်မှာ ကျွန်မကိုစောင့်နေပုံရလေသည်။
ကျွန်မတို့ အောက်ထပ်သို့ရောက်သောအခါ အောက်ထပ်တစ်ထပ်လုံးတွင်လည်း တချောက်ချောက်မြည်နေသော တိုင်ကပ်နာရီမှ အသံကလွဲ၍ တိတ်ဆိတ်နေလေသည်။ကျွန်မလည်း လှေကားခြေရင်းတွင်ရပ်၍ သူဌေးကြီးဦးထွန်းရှိန်၏ အခန်းသို့ မျှော်ကြည့်မိလေသည်။အောက်ထပ်တွင် သူဌေးကြီး ဦးထွန်းရှိန်နှင့်ဒေါ်မာလာတင်တို့၏ အခန်းအပြင် သူဌေးကြီး၏လူယုံတော်ဦးသက်အောင်၏အခန်းလည်း ရှိလေသည်။ထို့ပြင် အောက်ထပ်၌ လွတ်နေသောအခန်းများကျန်နေပါသေးသော်လည်း ကျွန်မကို အောက်ထပ်၌ မနေခိုင်းခြင်းကို ကျွန်မမှာ နားမလည်နိုင်အောင်ဖြစ်ရသည်။တကယ်ဆိုလျှင် လူနာစောင့်ရှောက်သူက အနည်းဆုံးတော့ လူနာ၏ ဘေးချင်းကပ်အခန်းမှာနေရမှာ မဟုတ်လား။သူဌေးကြီး၏သမီး ရတီချိုရှိစဥ်ကတော့ ဖခင်ကြီးကိုအနီးကပ်ပြုစုနိင်ရန်အတွက် သူဌေးကြီး၏ ဘေးကအခန်းမှာ ယာယီနေထိုင်ခဲ့သည်တဲ့လေ။ဒါသည်လည်း မိလုံးပြောပြ၍ သိခြင်းသာဖြစ်လေသည်။ယခုအခါထိုအခန်းကို ပိတ်၍ထားပြီး ထိုအခန်းဘေး၌ ဦသက်အောင်၏အခန်းရှိလေသည်။ဦးသက်အောင်သည် တစ်ကိုယ်တည်းသမားဖြစ်ပြီး သူဌေးကြီး၏အထူးအရေးပေးခံရသူမို့ အိမ်မကြီး၏ဧည့်ခန်းဘေးမှအခန်းတွင်နေခဲ့ပြီး ရတီချိုဆုံးသွားသောအခါမှညရေးညတာ၌ သူဌေးကြီးကိုပြုစုစောင့်ရှောက်နိုင်ရန်အတွက် အခန်းပြောင်းခဲ့သည်တဲ့။နောက်ညာဘက်ဘေးကတစ်ခန်းမှာတော့ သူဌေးကြီး၏ကိုယ်ပိုင်စာကြည့်ခန်းဖြစ်ပြီး ဘေးမှအခန်းမှာမူ ဒေါ်မာလာတင်က အနေများလေသည်။ဒေါ်မာလာတင်သည် ခင်ပွန်းဖြစ်သူ သူဌေးကြီးဦးထွန်းရှိန်နှင့်တစ်ခန်းတည်းအတူနေသည်ဆိုသော်လည်း ကိုယ့်ခုတင်နှင့်ကိုယ် နေရသည်ကိုပင် " ဆေးနံ့တွေကြာကြာမခံနိုင်ဘူး "ဟုသော အကြောင်းပြချက်ဖြင့် ထိုသို့နေခြင်းဖြစ်လေသည်။
မရွှေမိသည် စင်္ကြန်လမ်းတစ်လျှောက် လျှောက်သွားနေရင်းမှ ထမင်းစားခန်း ၊ မီးဖိုဆောင်များကို ကျော်ဖြတ်လာပြီးနောက် အနောက်ဘက်စင်္ကြန်လမ်းအတိုင်းလျှောက်သွားလေသည်။ထိုစင်္ကြန်ဘေးရှိအခန်းများသည် မရွှေမိနှင့်မိလုံးတို့လို့ အလုပ်သမားများ၏ အခန်းများဖြစ်လေသည်။ မရွှေမိသည် ရှေ့မှတရွေ့ရွေ့သွားနေရင်းမှ ခပ်ဟဟဖွင့်ထားသော အခန်းတစ်ခန်းရှေ့သို့အရောက်တွင် ခြေလှမ်းအစုံကို ရပ်တန့်လိုက်ပြီး အခန်းထဲသို့ကြည့်နေလေသည်။ ကျွန်မလည်း မရွှေမိကြည့်သော အခန်းထဲသို့ လှမ်းကြည့်လိုက်သောအခါ မရွှေမိ၏ အခန်းဖြစ်နေသည်ကိုတွေ့လိုက်ရလေသည်။အခန်းသည် မှောင်မိုက်တိတ်ဆိတ်နေပြီး တကျွီကျွီမြည်နေသော တံခါးသံကြောင့် တကိုယ်လုံးကြက်သီးများထလာရသည်မို့ အခန်းထဲသို့ ဆက်မကြည့်ရဲတော့ဘဲ တရွေ့ရွေ့သွားနေသောမရွှေမိနောက် ခပ်သုတ်သုတ်လိုက်သွားမိလေသည်။
မရွှေမိသည် စင်္ကြန်လမ်းအတိုင်း လျှောက်နေရင်းမှ အိမ်ကြီး၏ အနောက်တံခါးမကြီးအဝသို့ ရောက်သွားပြီး တံခါးကိုဖွင့်ကာ ခြံထဲသို့ဆင်းသွားလေသည်။ ကျွန်မလည်း အိမ်ပြင်သို့ ထွက်သွားသော မရွှေမိကိုကြည့်၍ အိမ်တံခါးဝနားတွင် ခြေစုံရပ်နေမိလေသည်။ခြထဲ၌မူ လဆန်းခါစရက်ဖြစ်၍
လ၏အလင်းရောင်အနည်းငယ်မျှ ရှိသော်လည်း ခြံထဲရှိသစ်ပင်ရိပ်များကြောင့် အလင်းရောင်သည် ဟိုတစ်ကွက်သည်တစ်ကွက်ဖြင့်သာရှိလေသည်။အလင်းရောင် မှုန်တိမှုန်ဝါးကြား၌ သစ်ပင်များ ယိမ်းထိုးလှုပ်ရှားနေပုံမှာ မကောင်ဆိုးဝါးများမြူးတူးပျော်ပါးနေပုံနှင့်ပင်တူနေလေသည်။မရွှေမိသည် မှုန်ပျပျအလင်းရောင်အောက်၌ မတ်မတ်ကြီးရပ်လျက် ကျွန်မကိုလက်ယပ်၍ ခေါ်ပြန်လေသည်။မျက်လုံးပြူးကြီးများနှင့်စိုက်ကြည့်၍ ခေါ်နေသောမရွှေမိ၏ပုံစံကိုကြည့်ပြီး ကျွန်မရင်ထဲမှ တဒိန်းဒိန်းဆောင့်ခုန်လာပြီး အသက်ရှုတွေပါကြပ်လာသည်မို့ နောက်သို့ပြန်လှည့်ပြေးချင်စိတ်များ ဖြစ်ပေါ်လာလေသည်။မရွှေမိသည် ကျွန်မ၏ဖြစ်အင်ကို မသိဘဲ လက်ယပ်၍ ခေါ်နေလေသည်။ကျွန်မလည်း ခေါင်းကိုအစွမ်းကုန်ခါယမ်းပြလိုက်ပြီး
" ကျွန် ....ကျွန်မ ...မ... မလိုက်ချင်တော့ဘူး...မရွှေမိရယ်....ခြံထဲကအရမ်းမှောင်တယ် "ဟုအော်ပြောလိုက်သော အခါ
"တောက် " မရွှေမိက " တက် "တစ်ချက်ကို ခပ်ပြင်းပြင်းခေါက်လိုက်ပြီး ခါးကြီးထောက်လျက် စူးရဲသောမျက်လုံးအစုံဖြင့် စိုက်ကြည့်နေလေသည်။ညအမှောင်၌ စူးရဲတောက်ပနေသော မရွှေမိ၏မျက်လုံးအစုံကိုကြည့်ပြီး ကျွမတစ်ကိုယ်လုံးတဆတ်ဆတ်တုန်ယင်လာလေသည်။
" လာ ခဲ့ " ဝမ်းခေါင်းသံကြီးနှင့်ခေါ်လိုက်သကဲ့သို့ အသံသြသြကြီးနှင့် ခေါ်လိုက်သော မရွှေမိ၏ ခေါ်သံအဆုံး၌ ကျွန်မသည် အညှို့ခံရသူပမာ ခြံထဲသို့ တရွေ့ရွေ့ဆင်းသွားမိလေသည်။
" မလိုက်ဘူး...ကျွန်မ မလိုက်တော့ဘူး မရွှေမိ " ကျွန်မသည် ကိုယ့်ခြေထောက်များကို ကိုယ်တိုင်မထိန်းချုပ်နိုင်တော့သလို နှုတ်မှပါအော်ဟစ်ငြင်းဆန်နေသော်လည်း နှုတ်ခမ်းအစုံနှင့်လျှာသည် အာစေးထည့်ခံထားရသူပမာ အသံမှာပြင်ပသို့ ထွက်မလာဘဲ လည်ချောင်းဝမှာတင် တစ်ဆို့ပျောက်ကွယ်သွားလေသည်။
" ဂီး "
" အား " ရုတ်တရက် ခေါင်းတည့်တည့်ထက်မှ ငှက်ဆိုးထိုးသံကြီးထွက်ပေါ်လာသည်မို့ ကြောက်လန့်တကြားအော်လိုက်မိသော်လည်း အသံကလည်ချောင်းဝ၌သာ တစ်ဆို့နေပြီ ပြင်ပသို့ထွက်မလာပါချေ။မရွှေမိတစ်ယောက်ကတော့ သစ်ပင်ကြိုသစ်ပင်များကြားမှ တရွေ့ရွေ့သွားနေပြီးခြံ၏နောက်ဘက် တောအုပ်အစပ်သို့ ရောက်သောအခါ ကျွန်မရှိရာဆီလည်ပြန်လှည့်ကြည့်လာပြီး တောထဲသို့ ဆက်လျှောက်သွားလေသည်။
" အူး....အူး....ဝူး....ဝူး....ဝူးး " တောထဲသို ခြေချလိုက်မိသည်နှင့် တစ်ပြိုင်နက် ကြားလိုက်ရသော ခွေးအူသံများကြောင့် ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးများအေးခဲသွားသလိုခံစားလိုက်ရပြီး ခေါင်းထက်မှဆံပင်မွှေးများပါ ထောင်ထလာလေသည် ။
မရွှေမိသည် တောအုပ်ထဲ၌ အတန်ကြာသွားပြီးသောအခါ မတ်မတ်ကြီးရပ်၍ တစ်နေရာသို့စူးစူးရဲရဲကြီးစိုက်ကြည့်နေလေသည်။ကျွန်မလည်း အညှို့ခံထားရသူပမာ မရွှေမိနားသို့ လျှောက်သွားပြီး မရွှေမိကြည့်နေသော နေရာသို့လှမ်းကြည့်လိုက်သောအခါ သိပ်အနက်ကြီးမဟုတ်သော်လည်း ခပ်စောက်စောက်ဖြစ်နေသော ချောက်ထဲ၌ အမျိုးသမီးတစ်ယောက်သည် ကျွန်မတို့ရှိရာဆီသို့ လှမ်းမော့၍ကြည့်နေသည်ကိုတွေ့လိုက်ရလေသည်။လှမ်းကြည့်နေသော ထိုအမျိုးသမီး၏ မျက်နှာကိုကြည့်ပြီး ကျွန်မရင်တွေ တဒိန်းဒိန်းဆောင့်ခုန်လာလေသည်။ထိုစဥ်မှာပင် လေပြင်းတစ်ချက်ဝှေ့ယမ်းတိုတ်ခတ်သွားပြီးသစ်ပင်များယိမ်းထိုးလှုပ်ရှားသွားသောကြောင့် မှုန်ဝါးဝါးအလင်းရောင်အောက်၌ အမျိုးသမီး၏ သွေးမရှိသကဲ့သို့ ဖြူဖပ်ဖပ်မျက်နှာကြီးကို တွေ့မြင်လိုက်ရလေသည်။
" ဟင်....မ...မရွှေမိလား...မ...မရွှေမိက... အောက်ကိုဘယ်လိုရောက်သွား...သွား " ကျွန်မသည် အထစ်ထစ်အငေါ့ငေါ့နှင့်ဘေးနားမှာရပ်နေသော မရွှေမိကိုလှည့်ကြည့်ပြီး ပြောလိုက်သောအခါ မမြင်ရသောလက်တစ်စုံမှ ကျွန်မကို ချောက်ထဲသို့ခပ်ပြင်းပြင်းဆောင့်တွန်းချလိုက်လေသည်။
" အား " သံကုန်ဟစ်၍ အော်လိုက်သော ကျွန်မအသံသည် ပြင်ပသို့မထွက်လာသော်လည်း " ဘုတ် "ခနဲမည်အောင်ပြုတ်ကျသွားပြီး ခန္ဓာကိုယ်မှာ အနည်းငယ်နာကျင်သွားရသောကြောင့် သတိပြန်ဝင်လာပြီး လဲနေရာမှလူးလဲထလိုက်ပြီး ပတ်ဝန်းကျင်ကိုကမန်းကတန်းကြည့်လိုက်မိလေသည်။ပတ်ဝန်းကျင်၌ ကျွန်မမြင်လိုက်ရသည်မှာ ခုတင်တစ်လုံးနှင့်စာအုပ်အနည်းငယ်စီရီတင်ထားသောစားပွဲခုံတစ်ခု ၊ အလှပြင်ပစ္စည်းများအနည်းငယ်တင်ထားသော မှန်တင်ခုံတစ်ခုနှင့် အခန်းထောင့်တစ်နေရာ၌ အဝတ်သုံးလေးထည်ကိုချိတ်နှင့်ချိတ်ထားသည်ကို တွေ့လိုက်ရလေသည်။ဒါသည် ကျွန်မ၏အခန်းမဟုတ်လား။ကျွန်မသည် မယုံကြည်နိုင်ခြင်းများစွာဖြင့် မတ်တပ်ထရပ်လိုက်ပြီး စာကြည့်စားပွဲပေါ်မှရေဘူးကိုယူလိုက်ပြီးရေကိုအငမ်းမရမော့သောက်လိုက်လေသည်။တကယ်ဆို ကျွန်မသည် ခုတင်ပေါ်မှ ပြုတ်ကျရလောက်အောင်အထိ အအိပ်ဆော့သူတစ်ယောက်မဟုတ်ပေ။လည်ချောင်းထဲသို့ ရေများစီးဝင်သွားသောအခါ လှုပ်ရှားတုန်လှုပ်နေသောစိတ်သည် အတန်ငယ်တည်ငြိမ်လာပြီး ကိုယ့်အဖြစ်ကို မယုံနိုင်အောင်ဖြစ်နေမိလေသည်။အိပ်မက်သည် တကယ်ဖြစ်ရပ်ကဲ့သို့ပင် ပီပြင်ထင်ရှားလွန်းလှလေသည်။ကျွန်မသည် လူနာများ၊လူအိုများ၊လူသေများကြားတွင် အလုပ်လုပ်ခဲ့ရသူမို့ သရဲတစ္ဆေဆိုသည်များကို အကြောက်အလန့်သိပ်မရှိသောလည်း စိန်ပန်းမြိုင်ဆိုသော ဤအိမ်ကြီးကိုရောက်မှပင် ကြောက်စိတ်များဝင်ကာ အမျိုးမျိုးအဖုံဖုံတွေ့ကြုံနေရခြင်းဖြစ်လေသည်။
ရေဘူးကို စားပွဲခုံပေါ်သို့ ပြန်တင်လိုက်ပြီး ခုတင်ပေါ်တက်ထိုင်ကာ လက်အုပ်လေးချီ၍ ဘုရားကိုအာရုံပြုကန့်တော့လိုက်သည်။စိတ်ထဲမှလည်း ဘုရားဂုဏ်တော်များကို ရွတ်ပွားနေမိလေသည်။ထိုစဥ်မှာပင်
" ရှပ်....ရှပ်...ရှပ်..." အခန်းပြင်မှ တရှပ်ရှပ်သွားနေသော ခြေသံကိုကြားလိုက်ရသည်မို့ ဘုရားကိုအာရုံပြုကန်တော့နေရင်းမှ ကျွန်မနားစွင့်လိုက်မိသည်။
" ရှပ်....ရှပ်...ရှပ်..." ခြေသံကိုထပ်မံ ကြားရပြန်လေသည်။သည်တစ်ခါတော့ အသံက ပို၍ပီပြင်ထင်ရှားလာသည်။သေချာသည်မှာ အိပ်မက်မဟုတ်ဘဲ အမှန်တကယ်ပင်ကြားရခြင်းဖြစ်လေသည်။ကျွန်မ ခုတင်ပေါ်မှ အသာဆင်းလိုက်ပြီး တံခါးနားသို့ လျှောက်သွားလိုက်ပြီး တံခါးကိုခပ်ဖြည်းဖြည်းဖွင့်၍ အပြင်သို့ချောင်းကြည့်လိုက်သောအခါ အမျိုးသမီးတစ်ယောက် စင်္ကြန်လမ်းအတိုင်းလျှောက်သွားသည်ကိုမြင်လိုက်ရလေသည်။ထိုအမျိုးသမီးသည် ခြေတစ်လှမ်း လှမ်းလိုက်သည့်အခါတိုင်း၌ ကျောပေါမှ ဆံပင်ရှည်ကြီးများဝဲခါလှုပ်ယမ်းသွားသည်မှာ ကြည်၍ပင်ကောင်းနေလေသည်။အမျိုးသမီးသည် ခပ်ဖြည်းဖြည်းလျှောက်သွားနေရင်းမှ သီဟထွန်းရှိန်ရှိရာ အခန်းဘက်သို့ အတန်ကြာငေးမောကြည့်နေလေသည်။ထို့နောက် အနောက်ဘက်လသာဆောင်ရှိရာ ကျော်စွာဦး၏ အခန်းဘက်သို့သွားဟန်ပြင်လိုက်ပြီးမှ ရုတ်တရက်ဆိုသလိုပင် ကေသီတင်၏အခန်းရှိရာ စင်္ကြန်လမ်းအတိုင်းလျှောက်သွားလေသည်။ကျွန်မသည်လည်း ထိုအမျိုးသမီး၏လှုပ်ရှားမှုများကိုငေးမော၍ နောက်မှတရွေ့ရွေ့လိုက်ပါသွားမိလေသည်။အမျိုးသမီးသည် စင်္ကြန်လမ်းအတိုင်း သွားနေရင်းမှ ကေသီတင်၏အခန်းကိုကျော်သွားသောအခါ လသာဆောင်ဘက်သို့ ဝင်ရောက်ပျောက်ကွယ်သွားလေသည်။ကျွန်မလည်း ထိုအမျိုးသမီး၏နောက်သို့အမီလိုက်နိုင်ရန် ခြေလှမ်းကိုခပ်သွက်သွက်လှမ်းလိုက်စဥ်မှာပင် ကေသီတင်၏ အခန်းထဲမှ စကားသံခပ်တိုးတိုးကိုကြားလိုက်ရသောကြောင့် ကျွန်မ၏ လှမ်းလက်စခြေလှမ်းများမှာ ရပ်တန့်သွားရလေသည်။
" ဒီကိစ္စက...ကေသီနဲ့မဆိုင်ဘူး...အားလုံးရတီချို့ကြောင့်ဖြစ်တာ ၊ သူ့ကိုယ့်သူအထင်ကြီးလို့... သူ့မာနတွေကြောင့်ဖြစ်တာ ၊တကယ်ဆို ကေသီဘက်ကတောင်နာသေးတယ် " ဒေါသသံအနည်းငယ်စွက်နေသော ကေသီတင်၏စကားသံထဲတွင် ရတီချို၏နာမည်ကိုကြားလိုက်ရသောကြောင် ကျွန်မအာရုံစိုက်နားစွင့်ရင်း အခန်းတံခါးဝနားသို့ကပ်ကာ အထဲသို့ မြင်ရလိုမြင်ရငြားချောင်းကြည့်ရန်ပြင်လိုက်လေသည်။
အခန်းတံခါးနားသို့ကပ်သွားချိန်၌ ရုတ်တရက်ဆိုသလိုပင် တစ်စုံတစ်ယောက်သည် နောက်ဘက်မှနေ၍ ကျွန်မ၏ခန္ဓာကိုယ်အား သိမ်းဖက်ချုပ်နှောင်လိုက်ပြီး လက်ဝါးဖြင့်ပါးစပ်ကိုပိတ်ကာ ဆွဲခေါ်၍သွားခြင်းကိုခံလိုက်ရလေသည်။
" အီ...အစ် ...အစ်..." ကျွန်မလည်း အားရှိသလောက်တွန်းထိုးရုန်းကန်နေသော်လည်း ထိုသူ၏လက်များမှာ သန်မာလွန်းသောကြောင့် ထိုသူ၏ဆွဲခေါ်သွားရာနောက်သို့ တရွေ့ရွေ့နှင့်ပါသွားရလေသည်။ထို့နောက် သူသည် အခန်းတစ်ခန်းအား လျင်လျင်မြန်မြန်ပင်ဆွဲဖွင့်လိုက်ပြီး ကျွန်မကိုပါအခန်းထဲသို့ ဆွဲသွင်းလိုက်ပြီးလျှင် တံခါးကိုခပ်မြန်မြန်ပြန်ပိတ်လိုက်လေသည်။ကျွန်မလည်း ချုပ်နှောင်မှုအားလျော့သွားသော ထိုသူ၏လက်မှ အမြန်ပင်ရုန်းထွက်လိုက်လေသည်။
" ရှင် ....ရှင်..ဘယ်သူလဲ...ကျွန်မကိုဘာလုပ်မလို့လဲ... ကျွန်မနားကပ်မလာနဲ့နော် "
ကျွန်မလည်း ထူပူကြောက်လန့်နေ၍ ရှေ့မှလူကို သတိထားမကြည့်မိဘဲ တွန်းထိုးရုန်းကန်အော်ဟစ်၍ရန်ပြန်လုပ်မိသောအခါ ထိုသူသည် ကျွန်မ၏နှုတ်ခမ်းအစုံအားလက်ဝါးနှင့်ထက်မံဖိပိတ်လိုက်ပြီး အသံမာမာနှင့်ခပ်တိုးတိုးငေါက်ငမ်းလေသည်။
" တိတ်တိတ်နေ...ပြောချင်ရာဇွတ်ပြောမနေနဲ့....ဆရာမကို ကျွန်တော်ဘာမှမလုပ်ဘူး စိတ်ချ "
ထိုသူ၏ အသံကိုကြားလိုက်ရသောအခါမှ ကျွန်မမှာ ထိတ်လန့်တုန်လှုပ်စိတ်များပြောလျော့သွားရပြီး
" ရှင်...ရှင် ကိုသီဟထွန်းရှိန် ... ဒါ..ဒါဘာလုပ်တာလဲ ဟင် ... "
" ဘာလုပ်တာလဲဆိုတာ ဆရာမကို ကျွန်တော်ကမေးရမှာ... ညသန်းခေါင်ကြီး မကေသီအခန်းရှေ့မှာ ဆရာမဘာလုပ်နေတာလဲပြောလေ...ညနက်ရင်အခန်းထဲကနေ အခန်းပြင်ကိုမထွက်ဖို့ဆရာမကို ကျွန်တော်ပြောထားတယ်လေ "
" အို...ကျွန်မကလည်းထွက်ချင်လို့ထွက်တာမဟုတ်ပါဘူး...ညနက်သန်းခေါင်ကြီးခြေသံတွေကြားလို့ထွက်ကြည့်တာရှင့်... "
" ခြေသံဟုတ်လား...ဘာခြေသံလဲ...အဲ့ခြေသံတွေ...အဲ့လူတွေကိုခင်ဗျားပဲမြင်နေ ၊ခင်ဗျားပဲကြားနေတာ...သရဲတစ္ဆေစာအုပ်တွေဖတ်ပြီးစိတ်ကူးတွေယဥ်နေတာရပ်တော့...ကိုယ့်အန္တရာယ်ကိုယ်သတိထားဦး... နောက်တစ်ခါညနက်တွေအခန်းအပြင်ကိုထွက်ရဲထွက်ကြည့် ကျွန်တော့်အကြောင်းသိမယ် "
သီဟထွန်းရှိန်သည် အသက်နှစ်ဆယ့်လေးနှစ်သာရှိသေး၍ ကျွန်မထက် လေးနှစ်ခန့်ငယ်သော်လည်း မြင့်မားသောအရပ်အမောင်း၊ယောကျ်ားပီသသောပုံစံနှင့်အေးဆေးတည်ကြည်သော မျက်နှာထားဟန်ပန်ကြောင့် စတွေ့ကတည်းကပင် သီဟထွန်းရှိန်အားရှိန်နေမိသော ကျွန်မမှာ
ယခုလို မမြင်စဖူးသီဟထွန်းရှိန်၏ စိတ်ဆိုးနေသောပုံစံကိုမြင်လိုက်ရသည့်အခါမှာတော့ တုန်တုန်လှုပ်လှုပ်နှင့်ပင်နှုတ်ဆိတ်၍နေမိလေသည်။သီဟထွန်းရှိန်သည် တုန်တုန်ယင်ယင်ဖြစ်နေသော ကျွန်မကိုတစ်ချက်ကြည့်ပြီး အခန်းဝတံခါးနားသို့လျှောက်သွားလိုက်ပြီး အပြင်သို့ချောင်းကြည့်နေလေသည်။ထိုနောက် ကျွန်မရှိရာဆီသို့ လျှောက်လာပြီး လက်ကိုဆွဲကာ စင်္ကြန်လမ်အတိုင်း ခပ်မြန်မြန်ပင်လျှောက်သွားလေသည်။အတန်ကြာလျှောက်ပြီးနောက် ကျွန််မ၏အခန်းရှေ့သို့ ရောက်သောအခါ အခန်းတံခါးကိုဆွဲဖွင့်လိုက်ပြီး ကျွန်မကို အခန်းထဲသို့ တွန်းထည့်လိုက်ပြီး " အိပ်တော့ "ဟု အသံပြတ်နှင့်ပြောကာ ထွက်သွားလေသည်။ ကျန်ခဲ့သော ကျွန်မမှာတော့ သူပြောသလို အိပ်မပျော်နိုင်ဘဲ ထိတ်လန့်တုန်လှုပ်ခြင်း၊ရင်ဖိုရခြင်းစသော အတွေးပေါင်းများစွာနှင့် မိုးစင်စင်လင်းခဲ့ရလေသည်။
***************
ညကအိပ်ရေးပျက်ထားပေမဲ့ မနက်ခြောက်နာရီထိုးပြီးသည်နှင့် သူဌေးကြီး၏ အခန်းထဲသို့အရောက်လာရမည်ဖြစ်သော ကျွန်မမှာ ယနေ့လည်းတာဝန်ဝတ္တရားမပျက်ဘဲ သူဌေးကြီးအားကိုယ်လက်သန့်စင်ပေးခြင်းစသောဝေယျာဝစ္စများအားလုပ်ကိုင်ပေးပြီး နံနက်ခင်းတွင် သောက်ရမည့်ဆေးဝါးများကိုတိုတ်ကျွေးပေးပြီးနောက် အခန်းအားလေဝင်လေထွက်ကောင်းစေရန် ပြတင်းတံခါးများ၊လိုက်ကာစများကို လိုက်လံဖွင့်လှစ်လိုက်လေသည်။ထိုအချိန်မှာပင် အခန်းထဲသို့ ဒေါ်မာလာတင်တစ်ယောက်ဝင်လာပြီး
"ဆရာမ....ဒီနေ့အစ်ကိုကြီးကို သပ်သပ်ရပ်ရပ်လေးပြင်ဆင်ပေးထားပါနော် ...နေ့လည်ဧည့်သည်တွေလာမှာမို့ပါ...ပြီးတော့ဒီအခန်းထဲရောစာကြည့်ခန်းကိုပါကြည့်ကောင်းအောင်ပြင်ထားခိုင်းလိုက်ပါ...ဆရာမလေးခိုင်းဖို့မိလုံးကိုလွှတ်လိုက်မယ်"
ဒေါ်မာလာတင်သည် ပြောစရာရှိတာပြောပြီး အခန်းအပြင်သို့ ကြွကြွရွရွလှလှပပလေးပြန်ထွက်သွားလေသည်။ခုတင်ထက်မှလင်ယောကျ်ားဖြစ်သူသူဌေးကြီးဦးထွန်းရှိန်ကိုမူ တစ်ချက်လေးမျှပင်ငဲ့ကြည့်မသွားပါချေ။
**************
နံနက်ခုနှစ်နာရရီကျော်လောက်တွင် နံနက်နေရောင်ခြည်ရရန်အတွက် နာရီဝက်လောက်နေပူဆာလှုံပြီးချိန်မှာတော့ သူဌေးကြီးသည် ပင်းပန်းသောဒဏ်၊ဆေးအရှိန်များကြောင့် နံနက်ကိုးနာရီလောက်တွင် တရေးထပ်၍အိပ်လေသည်။သူဌေးကြီးအိပ်ပျော်သွားသည်နှင့်ကျွန်မလည်း မိလုံးကိုဝိုင်းကူရန်အတွက် စာကြည့်ခန်းဘက်သို့ကူးခဲ့လိုက်သည်။
မိလုံးသည် ကျွန်မကိုမြင်သောအခါ လှမ်း၍ရယ်ပြလေသည်။မိလုံးသည်အိမ်အကူဆိုသော်လည်း မျက်နှာဝိုင်းဝိုင်းခန္ဓာကိုယ်တောင့်တောင့် အသားအရေညိုညိုညက်ညက်နှင့်ကြည့်ပျော်ရှုပျော်ပုံရှိလေသည်။
ကျွန်မ မိလုံးဘေးမှာဝင်ထိုင်လိုက်ပြီ ညကအကြောင်းတွေကို မိလုံးကိုပြောသင့်မပြောသင့်တွေးမိလေသည်။ကျွန်မအတွက် သည်အိမ်ကြီးမှာ မိလုံးကိုမှ မပြောလျှင်လည်းအခြားပြောစရာလူမရှိသည်မှာတော့သေချာလေသည်။
" ဒါနဲ့... မိလုံးကိုမေးရဦးမယ် ...မရတီချိုကလှလားဟင် "
" လှတာပေါ့...ဆရာမလေးရယ်...ဆံပင်လေးဖားလျားချပြီးဂါဝန်အရှည်များဝတ်ထားရင် အရုပ်မလေးလိုအရမ်းချစ်စရာကောင်းတာ...ပြီးတော့စိတ်သဘောထားလည်းတအားကောင်းတာလေ ...မိလုံးတို့လိုအလုပ်သမားတွေအတွက် တစ်လတစ်ခါ အဝတ်အစားသစ်တွေဝယ်ပေးသလိုအစားအသောက်ဆိုရင်လည်း သူစားသမျှမိလုံးတို့ကိုကျွေးတာလေ...ပြောရင်းမမလေးကိုသတိရလိုက်တာဆရာမရယ် "မိလုံးသည် သူ့စကားကို အဆုံးသတ်လိုက်ပြီး မျက်လုံးထောင့်ကို လက်နှင့်ပွတ်သုတ်နေလေသည်။
" စိတ်မကောင်းမဖြစ်ပါနဲ့ မိလုံးရယ်...မင်းမမလေးကိုသတိရရင် ဘုရားရှိခိုးတိုင်းအမျှဝေလေ "
" ဝေပါတယ် ဆရာမလေးရယ်...ဒါပေမဲ့ မိုးလင်းကမိုးချုပ်အလုပ်နဲ့လက်နဲ့မပြတ်တဲ့ မိလုံးတို့ဘဝက ညဘက်အလုပ်ပြီးတာနဲ့ ပင်ပန်းတဲ့ဒဏ်ကြောင့်
ဘုရားကိုပုဆိန်ပေါက်ရှိခိုးပြီးချက်ချင်အိပ်ပျော်သွားတတ်တော့ အမျှပေးဝေးဖို့ကိုမနည်းကြိုးစားနေရတယ် ဆရာမလေးရေ "
" အင်း...ကျွန်မနားလည်ပါတယ်မိလုံးရယ် "
" မမလေးရတီချိုရှိတုန်းက ဒီလောက်မပင်ပန်းဘူးဆရာမလေးရဲ့၊မမလေးဆုံးသွားပြီးမှ မကေသီတင်ရဲ့ဒဏ်ကိုမခံနိုင်လို့ အလုပ်သမားတွေထွက်သွားကြတယ်လေ ...အလုပ်သမားအသစ်ထက်မခေါ်ဘဲနေတော့ မိလုံးတို့ပိုပင်ပန်းတာပေါ့...ဒါကြောင့်မို့လည်း...မရွှေမိကပြန်မလာတာပေါ့... "
" မိလုံးတို့ကို မတရာခိုင်းပေမဲ့ သူတို့မိသားစုတွေအချင်းချင်းတော့ အဆင်ပြေကြပုံပဲ...မရတီချိုမရှိတော့တာတောင်သူ့ခင်ပွန်းကအတူနေတယ်ဆိုတော့လေ "
" ဘယ်ကသာ အဆင်ပြေရမှာလဲ ဆရာမရယ်... ၊မနှစ်ကဘဘကြီးနေမကောင်းစဖြစ်ကတည်းက မမလေးရတီချိုက အလုပ်ကနားလိုက်ပြီး အစ်ကိုကျော်စွာဦးကို ပွဲရုံလုပ်ငန်းတွေဦးစီးခိုင်းထားတာမို့ အစ်ကိုကျော်စွာဦးကို မချစ်သော်လည်းအောင့်ကာနမ်းနေကြရတာလေ"
" ဟင်...ဟုတ်လား....ဒါဆိုသီဟထွန်းရှိန်နဲ့ရောအဆင်ပြေရဲ့လား "
" အမလေး...ပိုဆိုးတာပေါ့...ဆရာမလေးရယ်... အစ်ကိုလေးသီဟထွန်းရှိန်ကလေ ဘဘကြီးနဲ့မမရတီချိုကလွဲရင်ဘယ်သူနဲ့မှမတည့်ဘူး... အရင်ကဆိုအိမ်မှာတောင်နေတာမဟုတ်ဘူး...မမလေးရတီချိုဆုံးခါနီးရက်ပိုင်းလောက်ကမှ အိမ်ပြန်လာနေတာလေ "
" မိလုံးက... စိန်ပန်းမြိုင်ကမိသားစုတွေအကြောင်းကိုအတော်လေးသိတာပဲနော် " ကျွန်မက စသလိုလိုနှင့်ပြောပြီး မိလုံး၏မျက်နှာကိုအကဲခတ်ကြည့်လိုက်လေသည်။ကျွန်မစကားကြောင့် မိလုံးသည် ကျွန်မကိုစူးခနဲတစ်ချက်စိုက်ကြည့်လိုက်ပြီး " သိတာပေါ့...ဆရာမရယ်....မိလုံးအသက်ဆယ့်ငါးနှစ်ကတည်းက ဒီအိမ်ကိုရောက်နေတာလေ...ခုဆိုမိလုံးအသက်နှစ်ဆယ့်သုံးနှစ်တောင်ပြည့်တော့မယ်လေ "
" ဟုတ်လား...ဒါနဲ့မရွှေမိကမိလုံးထက်အသက်ကြီးပုံပဲနော် "
" ဟုတ်ကဲ့...မရွှေမိက အသက်အစိတ်ကျော်ပြီဆိုတော့ မိလုံးထက်အသက်ပိုကြီးသလိုလှလည်းလှပါတယ်...ဒါပေမဲ့မရွှေမိက....."
" ဆရာမ....ဆရာမရှိလား... "
မိလုံး၏ စကားအဆုံးမသတ်နိုင်ခင်မှာပင် အခန်းဝမှခေါ်သံကြားလိုက်ရလေသည်။ခေါ်သံကိုကြားသည်နှင့်တစ်ပြိုင်နက် မိလုံးသည်မျက်နှာကိုမဲ့ရွှဲလိုက်ပြီး
" ကြားလား ဆရာမလေး...ခေါ်ပုံကမာရေကျောရေနဲ့...အဲ့ဒါအသစ်ရောက်လာတဲ့အလုပ်သမားလေ...နောက်တစ်ယောက်ကအသက်ကြီးကြီးရုပ်ဆိုးဆိုးမိန်းမကြီးလေ ဆရာမတွေ့ပြီးပြီလား "
"တွေ့ပြီးပါပြီ မိလုံးရယ် " ကျွန်မ မိလုံးကိုပြန်ဖြေလိုက်ရင်း အခန်းဝသို့ထွက်ခဲ့လိုက်သည်။
" ကျွန်မရှိပါတယ်...သူဌေးကတော်ခေါ်လို့လား ရှင် "
" မခေါ်ပါဘူး...မကြာခင်ဧည့်သည်လာတော့မှာမို့ အဆင်သင့်ပြင်ထားဖို့ပြောခိုင်းလိုက်တာ "
****************
ကျွန်မလည်း သူဌေးကြီး၏ အခန်းထဲသို့ ဝင်ခဲ့လိုက်ပြီး ခုတင်အောက်ခြေမှခလုတ်ကိုဆွဲလိုက်ပြီး ခုတင်ကိုအပေါ်သို့အနည်းငယ်မတင်လိုက်သည်။သူဌေးကြီးသည် ကျွန်မ၏လှုပ်ရှားမှုများကို ငြိမ်ငြိမ်သက်သက်ပင်ကြည့်နေလေသည်။
" နေရတာ သက်သောင့်သက်သာရှိရဲ့လား ဆရာ " သူဌေးကြီးသည် ကျွန်မ၏ အမေးကို ခေါင်းကိုအသာငြိမ့်ပြ၍ဖြေလေသည်။
" ဒီနေ့ ဧည့်သည်တွေလာမှာတဲ့ ဆရာ ၊ကြည့်ရတာဆရာကြီးရဲ့ဧည့်သည်တွေဖြစ်မယ်... "
" လာပါ...ဝင်ပါရှင်...အစ်ကိုကြီးကရှင်တို့ကိုမျှော်နေတာကြာလှပေါ့...အစ်ကိုကြီးအခြေအနေကအတော်လေးတော့ ကောင်းလာပါပြီရှင် ...မျက်နှာလေးကြည့်ပါလားကြည်လို့ဝင်းလို့လေ...ကျွန်မလည်းအစ်ကိုကြီးကိုပြုစုရင်းတစ်ဖက်မို့ အချိန်မအားတာနဲ့ရှင်တို့ဆီမဆက်သွယ်ဖြစ်တာပါ ရှင် " ပြောပြောဆိုဆိုနှင့် ဝင်လာကြသော ဒေါ်မာလာတင်နှင့်ဧည့်သည်
များသည် သူဌေးကြီး၏ ခုတင်ဘေးသို့လျှောက်လာကြသည်မို့ ကျွန်မခုတင်ဘေးမှ အသာဖယ်ပေးလိုက်ပြီး ဒေါ်မာလာတင်နှင့်ဧည့်သည်များအား ခေါင်းကိုညွတ်၍ အရိုအသေပြုလိုက်ပြီး ခေါင်းပြန်မော့လိုက်ချိန်တွင် မြင်လိုက်ရသော ဒေါ်မာလာတင်၏ပုံစံကြောင့် အံ့သြမင်သက်၍ကြည့်နေမိလေသည်။ထိုစဥ်မှာပင် ဒေါ်မာလာတင်ဘေးမှ ဧည့်သည်တစ်ယောက်က ကျွန်မကိုလှမ်း၍ ကြည့်လာလေသည်။ထိုသို့ ကြည့်လာသောဧည်သည်၏ မျက်နှာကိုတွေ့မြင်လိုက်ရသောတခဏ၌ ကျွန်မသည် အံ့သြတုန်လှုပ်သွားမိပြီး လက်ထဲမှ ဆေးဘူးသည်ပင် အောက်သို့ပြုတ်ကျသွားရလေသည်။
**************
အပိုင်း ( ၄ ) ကိုဆက်လက်တင်ပေးပါမည်။