စိန်ပန်းမြိုင်မှအိမ်နီကြီး
****************
" မိ...မိလုံး...ဒါ....ဒါဘာလုပ်တာလဲ..."
" ဆရာမက...ရှာတဲ့နေရာမှာ သိပ်တော်တာပဲ...ဒီစာအုပ်ကို မိလုံးရှာနေတာဘယ်လောက်ကြာနေပြီလဲ အရိပ်အယောင်တောင်မတွေ့ဘူး...ခုမှဆရာမလေးကြောင့် စာအုပ်ကိုအလွယ်တကူတွေ့တာပဲ...."
မိလုံးသည် ပြောပြောဆိုဆိုနှင့် လက်ထဲမှ တုတ်ကိုကိုင်မြှောက်ပြီး ကျွန်မဆီသို့ တစ်လှမ်းချင်းတိုးလာသော မိလုံးကိုကြည့်ပြီး ကျွန်မကြောက်လန့်တကြားအော်ဟစ်လိုက်သည်။
" မိ...မိလုံး ရှေ့ကို တိုးမလာနဲ့နော်...ကျွန်မအော်လိုက်မှာ... "
" အော်လေ...ကြိုက်သလောက်အော်...ရှင့်ကိုဘယ်သူမှလာကယ်မှာမဟုတ်ဘူးဆရာမလေးရဲ့...မိလုံးဒီလောက်တားနေတဲ့ကြားက ဘာလို့ဒီတောထဲကိုလာရတာလဲ ပြောပါဦး...ဘာလဲဆရာမလေးကရော ဟိုလူယုတ်မာကျော်စွာဦးကိုကြိုက်နေတာလား ပြောလေ... ပြောစမ်း....ဟား ဟား ဟား...အဲ့ဒါဆိုဆရာမလေးကိုလည်း...ရွှေမိနားမှာနေခိုင်းရမှာပေါ့..."
ကျွန်မသည် မိလုံး၏သွေးပျက်ဖွယ်ရယ်သံကြီးကြောင့် မိလုံးကိုအထိတ်တလန့်ကြည့်နေမိသည်။မျက်လုံးကြီးများပြူးလျက် ဒေါသတကြီးဖြစ်နေသော မိလုံး၏ပုံစံမှာ စိတ်ဖောက်ပြန်နေသောသူနှင့်ပင်တူနေလေသည်။
" မိလုံး မင်း...မင်းဘာတွေပြောနေတာလဲ....မရွှေမိကိုမင်းသတ်လိုက်တာလား..."
ကျွန်မအထိတ်တလန့်နှင့်မေးလိုက်မိသောအခါ မိလုံးသည် တဟားဟားအော်ရယ်ပြီး ခါးကိုထောက်၍ တောက်တစ်ချက်ခပ်ပြင်းပြင်းခေါက်လိုက်ပြီး
" ဟုတ်တယ်...ရွှေမိဆိုတဲ့ကောင်မကို ငါသတ်လိုက်တာ...ရာရာစစသူလိုဟာမကများ ငါ့သခင်မကိုထိစရားလား...အဲ့ဒီကောင်မနဲ့ဟိုလူယုတ်မာတွေ မမလေးကိုသတ်လိုက်တာကို ဒီစာအုပ်ထဲမှာ ငါဖတ်လိုက်ရတယ်လေ...ဒါကြောင့်လူသတ်သမားတွေကို ငါပြန်သတ်လိုက်တာပဲ...ဘာဖြစ်လဲ...ဟိုလူယုတ်မာကျော်စွာဦးကိုလည်းလှေကားကနေငါတွန်းချလိုက်တာပေါ့... ပြီးတော့ နေရာတကာပါတတ်တဲ့ဧည့်သည်ကောင်ကိုလည်းငါတို့ပဲတွန်းချပစ်လိုက်တာ...စိတ်ချအဲ့ဒီကောင်လည်းမကြာခင်သေတော့မှာ....ဟား..ဟား..ခုတော့ ဆရာမလေးအလှည့်ပေါ့...ပြီးရင် ကေသီတင်ဆိုတဲ့မိန်းမယုတ်မကိုသတ်မှာ...သူ့ကိုသတ်ပြီးရင် မမလေးကိုစိတ်ဆင်းရဲအောင်အမြဲလုပ်တဲ့သီဟထွန်းရှိန်နဲ့ဒေါ်မာလာတင်ဆိုတဲ့မိန်းမကြီးကိုပါသတ်မယ်....မမလေးရေ...မမလေးအတွက်မိလုံးလက်စားချေပေးမယ်နော်...နောက်ဆိုမမလေးစိတ်မဆင်းရဲရအောင် ဒီအိမ်ကလူတွေအားလုံးကို မိလုံးသတ်ပေးမယ်သိလာ မမလေး... အီး...ဟီး ဟီး..."
မိလုံး၏ကျောချမ်းဖွယ်ငိုသံကြောင့် ကျွန်မတစ်ကိုယ်လုံးတဆတ်ဆတ်တုန်ယင်လာလေသည်။
" စိတ်...စိတ်ထိန်းပါဦး... မိလုံးရယ်...ကျွန်မတောင်းပန်ပါတယ်...မိလုံးဒီလိုလိုက်သတ်နေတော့လည်း မရတီချိုကပြန်ရှင်လာမှာမှမဟုတ်တာ...မိလုံးဒီလိုလူတွေသတ်နေတာကို မရတီချိုသာသိရင်ဘယ်လောက်စိတ်မကောင်းဖြစ်လိုက်မလဲ...သေချာစဥ်းစားပါဦးမိလုံးရယ်...မရတီချိုကို မိလုံးချစ်တယ်မဟုတ်လား မရတီချိုမကြိုက်တာဆိုမိလုံးမလုပ်ဘူးမဟုတ်လားဟင်...
ကျွန်မစကားကြောင့် မိလုံးသည် ခေတ္တမျှငြိမ်သက်သွားပြီးနောက် ဒေါသတကြီးပုံစံနှင့်လက်ထဲမှတုတ်ကိုကိုင်
မြှောက်လိုက်ပြီး
နောက်
" မဟုတ်ဘူး...မဟုတ်ဘူး မိလုံးက မမလေးစကားဆိုအကုန်နားထောင်တယ်...ဒါပေမဲ့မမလေးကိုစိတ်ဆင်းရဲအောင်လုပ်တဲ့သူတွေကိုအကုန်သတ်ရမယ်...သတ်မယ်...သတ်ပစ်မယ်..."
မိလုံး၏သွေးရူးသွေးတန်း ပုံစံကိုကြည့်၍ ကျွန်မကြောက်လန့်တကြားနှင့်ပြေးမိပြေးရာထ၍ ပြေးခဲ့သည်။
"ဘုတ် "
" အား..."
ကျွန်မကြောက်ကြောက်လန့်လန့်နှင့်ပြေးမိပြေးရာပြေးလာခဲ့မိရာလူတစ်ယောက်နှင့်ဝင်တိုတ်လိုက်မိလေသည်။
" ဟင်...ဦး...ဦးဖိုးထော်..."
" တောင်းပန်ပါတယ် ဆရာမလေး...ကျုပ်တူမလေးက... မမလေးရတီချိုကိုသူ့မိခင်တစ်ယောက်လိုသိပ်ချစ်ရှာတာ...သူ့မိဘတွေဆုံးသွားတော့ အသက်ဆယ့်ငါးနှစ်အရွယ်ပဲရှိသေးတဲ့ ကျုပ်တူမလေးကို စိန်ပန်းမြိုင်အိမ်ကြီးကို ကျုပ်
ခေါ်ခဲ့တာလေ ကျုပ်တူမလေးကိုခေါ်လာလို့ စိန်ပန်းမြိုင်အိမ်ကလူတွေသဘောမကျပေမဲ့ မမလေးရတီချိုကတော့
ကြင်ကြင်နာနာဆက်ဆံပေးခဲ့တာလေ ခုလို သူအားကိုးချစ်ခင်ရတဲ့လူက ရုတ်တရက်သေဆုံးသွားခဲ့တော့ သူအရမ်းစိတ်ထိခိုက်နာကျင်သွားပုံရတယ်...တစ်ညမှာ ရွှေမိကိုသူသတ်လိုက်ပြီဆိုပြီး ကျုပ်ကိုလာပြောတယ်...ဒီလိုသူလုပ်မယ်ဆိုတာကိုကျုပ်မသိခဲ့လို့ပါ သူသတ်မယ်ဆိုတာကြိုသိရင်ကျုပ်တားခဲ့မှာပါ...မောင်ကျော်စွာဦးကိုသူသတ်ဖို့လုပ်ထားမှန်းလည်း ကျုပ်တကယ်မသိခဲ့တာပါ...ဒီကိစ္စတွေကြောင့် ကျုပ်တူမလေးကိုခေါ်ပြီးထွက်သွားဖို့ပြင်ဆင်နေတုန်းမှာ ဧည့်သည်လေးကသိသွားလို့ ကျုပ်ကိုယ်တိုင်နှုတ်ပိတ်ဖို့လုပ်ခဲ့ရတာပဲ...အဲ့ဒါကိုဆရာမလေးကအေးအေးဆေးဆေးမနေဘဲ ဒီကိစ္စတွေထဲဝင်ပါရသလား ဗျာ...အခုတော့ ဆရာမလေးကိုပါ မသတ်ချင်ဘဲသတ်ရတော့မယ်....
ခြံစောင့်ကြီး ဦးဖိုထော်၏ စကားကြောင့် ကျွန်မအထိတ်တလန့်နှင့်နောက်သို့ခြေလှမ်းများကိုပြန်ဆုတ်လိုက်မိသည်။
" ကျွန်မ... ကျွန်မတောင်းပန်ပါတယ် ဦးဖိုးထော်...အဖြစ်မှန်တွေကိုဝန်ခံလိုက်ပါနော်...ကျွန်မကိုလည်းမသတ်ပါနဲ့နော် တောင်း... တောင်းပန်ပါတယ်ရှင်...."
" မရတော့ဘူး...ဆရာမလေး...ခုချိန်မှဝန်ခံလည်းလက်လွန်နေပြီ...ဆရာမလေးကိုလည်းမသတ်ရင်မဖြစ်လို့သာ သတ်ရမှာ ကျုပ်တကယ်မသတ်ချင်ပါဘူး...."
" ဦးလေး သူ့ကိုဘာမှမပြောနဲ့တော့... သတ်လိုက်တော့...သူလည်းဟိုကောင်လူယုတ်မာကျော်စွာဦးကိုကြိုက်နေတာပဲ...သူကြောင့်မမလေးစိတ်ဆင်းရဲရလိမ့်မယ်...သူ့ကိုအမြန်သတ်ပြီး ဟိုမိန်းမယုတ်ရွှေမိရှိတဲ့ချောက်ထဲမှာပဲ မြှုပ်လိုက်ကြရအောင်..."
မိလုံးသည် အသံနက်ကြီးနှင့်အော်ဟစ်ပြောဆိုရင်း လက်ထဲမှတုတ်ကိုမြှောက်ကိုင်ကာ ကျွန်မဆီသို့ပြေးဝင်လာလေ၏။ကျွန်မလည်း မိလုံးကိုကြည့်ပြီးကြောက်လန့်တကြားနှင့်အသံကုန်အော်ဟစ်လိုက်မိလေသည်။
" အမလေး ...ကယ်ကြပါဦးရှင်..."
" ဆရာမလေး.. ပြေးလေး...ပြေးတော့..."
ကျွန်မ၏အော်သံအဆုံး၌ ခေါ်သံနှင့်အတူပြေးဝင်လာသော သီဟထွန်းရှိန်သည် ကျွန်မ၏ခန္ဓာကိုယ်အား အရှိန်နှင့်တွန်းဖယ်ပစ်လိုက်လေသည်။
" သီ...သီဟထွန်းရှိန် ရှင့်ကိုထိသွားလားဟင်..."
" ကျွန်မကိုတွန်းထုတ်ပစ်လိုက်ပြီးသည်နှင့်တစ်ပြိုင်နက် မိလုံး၏အရိုက်ခံလိုက်ရသော သီဟထွန်းရှိန်သည် မြေပြင်ပေါ်ပစ်လဲကျသွားသည်မို့ ကျွန်မအပြေးအလွှားထူးရင်းစိုးရိမ်တကြီးမေးလိုက်မိသည်။
" ကျွန်တော်...ကျွန်တော်ဘာမှမဖြစ်ဘူး ဆရာမ...ဆရာမလေးပြေးတော့...အမြန်ပြေးတော့..."
" မပြေးဘူး...ဘာလို့ပြေးရမှာလဲ..."
ကျွန်မသည် မြေပြင်ပေါ်တွင်လဲကျနေသော သီဟထွန်းရှိန်၏ဘေးတွင် ဝင်ထိုင်လိုက်ပြီး သီဟထွန်းရှိန်၏ခန္ဓာကိုယ်ကို ကျွန်မကိုယ်နှင့်ကာလိုက်ပြီး ဦးဖိုးထော်ကို အကူအညီလှမ်းတောင်းလိုက်ရင်းမှ အိမ်ကြီးဆီမှကြားလိုကြားငြားအသံကုန်အော်ဟစ်ပစ်လိုက်သည့်အခါ မိလုံးသည် မျက်ထောင့်နီကြီးနှင့်ကြည့်ပြီးကျွန်မတို့ဆီသို့တစ်လှမ်းချင်းလှမ်းလာလေသည်။
"တောင်း...တောင်းပန်ပါတယ် ဦး...ဦးဖိုးထော်ရယ်... မိလုံးကိုတားပါဦး...ကယ်...ကယ်ကြပါဦးရှင်...ဒီမှာ ကျွန်မတို့ကိုသတ်ဖို့လုပ်နေလို့ပါ...."
" တိတ်စမ်း...နားငြီးတယ်...သီဟထွန်းရှိန်အဲ့ဒီကောင်ကိုပါ သတ်ချင်နေတာအတော်ပဲဖြစ်သွားတာပေါ့...ဦးလေးဘာလုပ်နေတာလဲ...လာလေသူတို့နှစ်ယောက်လုံးကိုသတ်ပစ်ကြမယ်..."
ဦးဖိုးထော်သည် သူ့တူမမိလုံးနှင့်ကျွန်မတို့ကိုကြည့်ကာ လက်ထဲမှမြက်ခုတ်ဓါးကြီးကိုမြေပြင်ပေါ်ထောက်လျက် တွေတွေချည်းရပ်နေလေသည်။
" ဦးဖိုးထော်... လက်ထဲကဓါးကိုချလိုက်ပါ...ထွက်ပြေးဖို့မစဥ်းစားပါနဲ့ ကိုမင်းပိုင်ဦးလည်းသတိရလာပြီမို့ ခင်ဗျားတို့ဘယ်လိုမှပြေးမလွတ်တော့ဘူး..."
ရုတ်တရက်ကြားလိုက်ရသောအသံများနှင့်ဝတ်စုံပြည့်ဝတ်ထားသောတာဝန်ရှိသူများကိုမြင်လိုက်ရသောအခါ ကျွန််မ ဝမ်းသာလွန်းသဖြင့် မျက်လုံးအိမ်မှမျက်ရည်များပါစီးကျလာလေသည်။
****************
ကျွန်မသည် သီဟထွန်းရှိန်၏ လက်မှဒဏ်ရာကိုဆေးထည်းပေးနေရင်းမှ သီဟထွန်းရှိန်၏မျက်နှာကို ခပ်စူးစူးငေးကြည့်နေမိသည်။
" ဘာလို့ အတင်းဇွတ်ဝင်လာရတာလဲ... မတော်လို့ခေါင်းကိုရိုက်မိရင်ဘယ်လိုလုပ်မလဲ...တော်သေးတာပေါ့.. လက်နဲ့ကျောကုန်းပဲထိသွားလို့ပေါ့...."
ကျွန်မစကားကြောင့် သီဟထွန်းရှိန်က ကျွန်မလက်ဖျားလေးကို ဖျတ်ခနဲဆွဲယူကာသူ့ရင်ဘတ်ပေါ်မှာတင်လိုက်ပြီး
" စိုးရိမ်လို့ပေါ့...ဆရာမလေးရယ်...ဆရာမလေးကလည်း ကျွန်တော်ဒီလောက်အရိပ်တကြည့်ကြည့်စောင့်ကြည့်နေတဲ့ကြားကဘယ်လိုများလှစ်ခနဲပျောက်သွားရတာလဲ...တော်သေးတာပေါ့...တာဝန်ရှိတဲ့သူတွေရောက်လာလို့ပေါ့ မဟုတ်ရင်တွေးတောင်မတွေးရဲဘူး..."
သီဟထွန်းရှိန်၏ စကားကြောင့် ကျွန်မမျက်လုံးထဲတွင် မိလုံး၏ပုံစံကိုပြန်မြင်ယောင်မိပြီး သီဟထွန်းရှိန်၏ လက်ကိုခပ်တင်းတင်းပြန်ဆုပ်ကိုင်လိုက်မိလေသည်။
" ဟုတ်တယ်နော်...မိလုံးကြည့်ရတာကြောက်စရာကြီး...သူ့ခမျာမရတီချိုကိုချစ်ခင်စွဲလမ်းတဲ့စိတ်ကြောင့် စိတ်ထိခိုက်သွားတာဖြစ်မယ်...ဒါနဲ့မကေသီတင်လည်းပြစ်ဒဏ်ခံရမှာပေါ့နော်..."
ကျွန်မစကားကြောင့် သီဟထွန်းရှိန်သည် အံကိုတစ်ချက်ကြိတ်လိုက်ပြီး
" သူ့အပြစ်ရှိသလောက်တော့ ခံရမှာပေါ့ ...ဒီလိုတွေဖြစ်မှာကိုကျွန်တော်ကြောက်နေခဲ့တာ နောက်ဆုံးတော့ကျွန်တော်ကြောက်တဲ့အတိုင်းဖြစ်လာခဲ့တာပဲ..."
" ဒါနဲ့ စာအုပ်ထဲမှာ... မရတီချိုနဲ့ရှင်နဲ့စကားများနေကြတာလို့ရေးထားတယ်...အဲ့ဒီညက အကြောင်းတွေမှတ်မိလား..."
သီဟထွန်းရှိန်သည် ကျွန်မ၏အမေးကြောင့် ရုတ်ချည်မျက်နှာမှာညှိုးငယ်သွားပြီး
ခေါင်းကိုခပ်ဖြည်းဖြည်းငြိမ့်ပြရင်းဖြေလေသည်။
" အင်း...နည်းနည်းပါးပါးတော့မှတ်မိတယ်...အဲ့ဒီတုန်းက ကျွန်တော် မကေသီနဲ့ကျော်စွာဦးအကြောင်းကိုသိလိုက်ရတာမို့ အရက်တွေသောက်ပြီး သူတို့နှစ်ယောက်လုံးကိုသတ်ပစ်မယ်လို့လုပ်ထားတာလေ..မမရတီချိုသိတာစောသွားလို့ သူတို့နှစ်ယောက်က ကံကောင်းသွားပြီး စိတ်ထားကောင်းလှတဲ့ မမရတီချိုကတော့... "
ပြောရင်းမှ သီဟထွန်းရှိန်သည် ကျွန်မ၏လက်ပေါ်တွင်မျက်နှာအပ်ပြီးအံကိုကြိတ်၍အသံတိတ်ငိုနေလေသည်။ကျွန်မ သီဟထွန်းရှိန်၏ ခေါင်းကိုလက်တစ်ဖက်နှက့်ခပ်ဖွဖွပုတ်ရင်းနှစ်သိမ့်လိုက်မိသော်လည်း ကျွန်မကိုယ်၌ကပင် ရတီချိုအကြောင်းတွေးကာစိတ်ထိခိုက်ဝမ်းနည်းမိလေသည်။
" တကယ်တော့...မမရတီချိုက အရမ်းကိုစိတ်သဘောထားကောင်းတာ...ကျွန်တော့်အမေ့က ကျွန်တော့်ကို
အကြောင်းပြပြီးအဖေ့ကို လိမ်ညာလက်ထပ်ခဲ့တာလေ...ဒီအကြောင်းတွေကို ကျွန်တော်တက္ကသိုလ်တက်တော့မှမတော်တဆသိသွားခဲ့တာ...သိသိချင်း. ကျွန်တော့်ကမ္ဘာကြီးတစ်ခုလုံးပျက်သွားသလိုပဲ...ကျွန်တော်အရမ်းချစ်တဲ့အစ်မက ကျွန်တော်နဲ့သွေးမတော်သားမစပ်ဖြစ်နေပြီး ကျွန်တော်မုန်းတဲ့မကေသီကပဲကျွန်တော့အစ်မဆိုတော့ ကျွန်တော်ရူးချင်သလိုလိုဖြစ်ခဲ့တာ...နောက်တော့အဖေပါသိသွားတယ်လေ...ဒါပေမဲ့ထူးဆန်းတာကဘာလဲသိလား...ကျွန်တော်ကသူ့အဖေရဲ့သွေးသားမဟုတ်ဘူးဆိုတာ မမရတီချိုကသိတာကြာပြီတဲ့လေ...ကျွန်တော်ခံစားရမှာစိုးလို့ ဘယ်သူ့ကိုမှထုတ်မပြောခဲ့တာတဲ့...အဲ့ဒီအကြောင်းကိုသိသွားတဲ့နေ့ကစပြီး ကျွန်တော်ဒီအိမ်ကြီးမှာမနေတော့ဘူး...ကျွန်တော့်အမေအရင်းနဲ့အစ်မကိုထွက်သွားဖို့ခေါ်တာလည်းမရတော့ ကျွန်တော်တစ်ယောက်တည်းမြို့ထဲမှာသွားနေခဲ့တာ...ကျွန်တော်အဲ့ဒီလိုနေတော့မမရတီချိုကမြို့ထဲမှာအိမ်ဝယ်ပေးတယ်လေ...နောက်ဆုံးတော့မမရတီချိုစိတ်ဆင်းရဲနေတာကို မကြည့်ရက်လို့အဲ့ဒီအိမ်မှာနေလိုက်တယ်...ဒီလောကကြီးမှာ ကျွန်တော့်အပေါ်
နားလည်ပေးနိုင်ဆုံး သည်းခံနိုင်ဆုံးသူပါ... "
ပြောပြီးသည်နှင့် ပြတင်းဝဘက်သို့ငေးငေးငိုင်ငိုင်နှင့်ကြည့်နေသော သီဟထွန်းရှိန်ကိုကြည့်ပြီး ရတီချိုကိုသနားလွန်းသဖြင့် ကျွန်မ သီဟထွန်းရှိန်ကိုနှစ်သိမ့်ရန်စကားလုံးများပင်ပျောက်ဆုံးနေမိလေသည်။
***************
အိမ်ရှေ့ဆင်ဝင်အောက်မှာ ချထားသော အထုတ်များအားလုံးကို ကားပေါ်သို့တင်လိုက်ပြီးနောက် သီဟထွန်းရှိန်သည် နောက်သို့လုံးဝလှည့်မကြည့်တော့ဘဲ အိမ်ထဲသို့ဝင်သွားလေတော့သည်။ကျွန်မမှာတော့ ကားဘေးတွင်ရပ်နေသော ဒေါ်မာလာတင်ကိုတစ်လှည့် အထုတ်အပိုးများတင်ထားသောကားကိုတစ်လှည့်ကြည့်ပြီး စိတ်ထဲမှာဝမ်းနည်းသလိုလို၊ ငိုချင်သလိုလို ခံစားနေရလေသည်။
***************
အခန်းတံခါးကိုခပ်ဖြည်းဖြည်းခေါက်လိုက်သောအခါ အထဲမှတုန့်ပြန်သံမကြားရတာမို့ ကျွန်မတံခါးကိုတွန်းကြည့်လိုက်တော့ တံခါးကအလွယ်တကူပွင့်သွားလေသည်။ကျွန်မအခန်းထဲကိုဝေ့ဝဲကြည့်လိုက်သောအခါ ပြတင်းပေါက်နားတွင်ငူငူချည်းရပ်နေသော သီဟထွန်းရှိန်ကိုတွေ့လိုက်ရသည်မို့ အနားသို့ခပ်ဖြည်းဖြည်းလျှောက်သွားလိုက်လေသည်။အနားသို့ရောက်သည်နှင့်တစ်ပြိုင်နက် သီဟထွန်းရှိန်သည် ကျွန်မပခုံးပေါ်ခေါင်းကိုမှိီတင်လိုက်ပြီး ရှိုက်ကြီးတငင်ငိုလေတော့သည်။
" အမေ့ကိုနှုတ်ဆက်စကားလေးတော့ ပြောလိုက်ရောပေါ့..."
ကျွန်မခပ်တိုးတိုးပြောလိုက်ပြီး သီဟထွန်းရှိန်၏ကျောပြင်ကိုလက်နှင့်အသာသိုင်းဖက်လိုက်သည်။
***************
သူဌေးကြီးဦးထွန်းရှိန်၏ အမွေလွှဲပြောင်းမှုအပြီးမှာတော့ စိန်ပန်းမြိုင် အိမ်ကြီးမှာတိတ်ဆိတ်ခြောက်ကပ်၍ ကျန်ခဲ့လေသည်။သူဌေးကြီး၏ ပိုင်ဆိုင်သမျှအားလုံးကိုရောင်းချပြီးနောက် ရသမျှထဲကတစ်ဝက်ကို လူယုံတော်ဦးသက်အောင်အပါအဝင် မိသားစုတွေကို့ခွဲဝေပေးလိုက်ကာ ကျန်တစ်ဝက်ကို လှူဒါန်းလိုက်ပြီး သူဌေးကြီးကနာတာရှည်ဆေးရုံတွင်သာနေတော့မည်ဟု ရှေ့နေ့ကြီးကပြောကြားပြီးသည့်နောက်မှာတော့ ဒေါ်မာလာတင်နှင်အခြားသူများမှာ စိန်ပန်းမြိုင်အိမ်ကြီးမှ ထွက်ခွါသွားကြပြီဖြစ်လေသည်။ကျွန်မသည်လည်း နောက်ရက်တွင် စိန်ပန်းမြိုင်အိမ်ကြီးမှ ပြန်ရတော့မည်မို့ အဝတ်အစားများကို ခေါက်သိမ်းနေပြီဖြစ်လေသည်။ကျွန်မ အဝတ်အစားများကိုခေါက်နေရင်းမှ အမှတ်တမဲ့အခန်းထောင့်သို့လှမ်းကြည့်မိလိုက်ပြီး ဘာရယ်မဟုတ် ခန္ဓာကိုယ်တစ်ခုလုံးကြက်သီးမွေးညင်းများထလာမိလေသည်။
"ဒေါက်...ဒေါက်...ဆရာမလေး..."
ကျွန်မအတွေးလွန်နေစဥ်မှာပင် တံခါးခေါက်သံနှင့်အတူ သီဟထွန်းရှိန်၏အသံကို ကြားလိုက်ရလေသည်။
" ဝင်ခဲ့လေ...တံခါးမပိတ်ထားပါဘူး..."
" အဝတ်အစားတွေသိမ်းနေပြီလား... ဒါနဲ့ ဟိုလေ...ကျွန်တော်နဲ့အတူမြို့ထဲကအိမ်ကိုလိုက်မှာမဟုတ်လားဟင်..."
" ရှင်...ဘယ်..ဘယ်လို...ဘာပြောလိုက်တာလဲ..."
" ကျွန်တော်...အဖေကို ဆေးရုံကိုမပို့ပါဘူး...မြို့ထဲကအိမ်ကိုခေါ်သွားပြီး ကျွန်တော်စောင့်ရှောက်မှာပါ...ကျွန်တော်ကိုကူညီမယ်မဟုတ်လား...ဆရာမလေး"
ကျွန်မဆွံ့အနေသူတစ်ယောက်လို ဘာမျှပြန်မပြောနိုင်ဘဲ သီဟထွန်းရှိန်၏မျက်နှာကိုခပ်ငေးငေး ကြည့်နေမိလေ၏။သီဟထွန်းရှိန်သည် ကျွန်မရှေ့တွင် ဒူးထောက်ထိုင်ချလိုက်ကာ ကျွန်မလက်ကိုဆွဲယူလိုက်ပြီးလက်စွပ်ကလေးကိုစွပ်ပေးရင်းမှ
" ဆရာမလေးကို ကျွန်တော်လက်ထပ်ပါရစေ...ခွင့်ပြုပေးပါနော်.."
သီဟထွန်းရှိန်၏ အပြုအမူကြောင့် ကျွန်မရင်ထဲမှာ တသိမ့်သိမ့်လှိုက်ခုန်နေပြီး ရှက်ရွံ့စွာခေါင်းကိုငြိမ့်ပြလိုက်လေသည်။
" ဒါဆို ကျွန်တော်တို့ အဖေ့ကိုသွားပြောကြမယ်လေ...အဖေ့ဆီကခွင့်ပြုချက်သွားယူရအောင်..."
ကျွန်မလက်ကိုဆွဲပြီး အခန်းအပြင်သို့ထွက်ရန်ပြင်နေသော သီဟထွန်းရှိန်၏လက်ကို ကျွန်မပြန်ဆွဲယူလိုက်ပြီး
" ခဏ...ခဏလေးနေဦး သီဟ...ပြစရာရှိလို့..."
ကျွန်မ သီဟထွန်းရှိန်ကိုပြောပြီးသည်နှင့် အခန်းထောင့်သို့သွားကာ ကြမ်းပြင်ကိုစူးစိုက်ကြည့်နေမိ၏။သီဟထွန်းရှိန်သည် ကျွန်မ၏အပြုအမူကိုနားမလည်နိုင်ဘဲ ကြောင်တက်တက်နှင့်ကျွန်မဘေးတွင် ဆောင့်ကြောင့်ထိုင်ချလိုက်လေသည်။
" ဘာ...ဘာဖြစ်လို့လဲ ဆရာမလေး "
ကျွန်မက သီဟထွန်းရှိန်၏ အမေးကိုမဖြေဘဲ ညီညာစီရီစွာခင်းထားသောလျှာထိုးကြမ်းပြင်ကိုစူးစူးစိုက်စိုက်ကြည့်လိုက်သည်။
" သီဟ...ဒီနားကပျဥ်ပြားတွေကိုခွါကြည့်ရအောင် တစ်ခုခုသွားယူပါလား..."
သီဟထွန်းရှိန်သည် နားမလည်နိုင်သောအမူအရာဖြင့် ကျွန်မခိုင်းသည့်အတိုင်း လျှာထိုးပျဥ်ပြားများကိုခွါနေလေသည်။
" ဒီနေရာ...ဒီပျဥ်ပြားကိုခွါ"
ကျွန်မပြသောနေရာကို သီဟထွန်းရှိန်သည် ယောင်ယောင်ကန်းကန်းနှင့်ခွါကြည့်လိုက်ရာ သံသေတ္တာခပ်သေးသေးတစ်လုံးကိုတွေ့လိုက်ရသည်မို့ သီဟထွန်းရှိန်သည် အံ့သြတကြီးနှင့်ကျွန်မကို မော့ကြည့်လာပြီး
" ဟာ...ဒါ...ဒါ...မမရတီချိုရဲ့ရတနာသေတ္တာပဲ...ဒီ..ဒီနေရာမှာရှိမှန်းဆရာမဘယ်လိုသိတာလဲဟင်..."
" ဟို...ဟို...အိပ်မက်မက်လို့ပါသီဟရယ်..."
" ဘာပဲဖြစ်ဖြစ် အဖေ့သာသိရင်ဝမ်းသာမှာပဲ အဖေ့ကိုသွားပြောကြရအောင်နော်..."
****************
အထုတ်အပိုးများ၊ ပစ္စည်းများကို ကားတစ်စီးနှင့်သက်သက်တင်လိုက်ပြီး နောက်ကားတစ်စီးပေါ်တွင် သူဌေးကြီးဦးထွန်းရှိန်၊သီဟထွန်းရှိန်နှင့်ကျွန်မတို့ လိုက်ပါသွားရန်စီစဥ်ထားသည်မို့ ကျွန်မဝှီးချဲကိုကားနားသို့ခပ်ဖြည်းဖြည်းတွန်းလာခဲ့ပြီးကားနားရောက်သည်နှင့်ဝှီးချဲကိုနောက်ပြလှည့်လိုက်ပြီး စိန်ပန်းမြိုင်အိမ်ကြီးကိုနောက်ဆုံးအနေနှင့်ကြည့်လိုက်သည်။
ကောင်းကင်ပြာပြာအောက်တွင် အထိီးကျန်တိတ်ဆိတ်စွာ ကျန်ခဲ့သောစိန်ပန်းမြိုင်အိမ်ကြီးကိုကြည့်၍ ကျွန်မရင်ထဲမှာလှိုက်ခနဲဖြစ်သွားပြီး မျက်ရည်စများက ပါပြင်ပေါ်သို့အလိုလိုစီးကျလာလေသည်။ထို့အတူ
သူဌေးကြီးဦးထွန်းရှိန်ကိုကြည့်လိုက်သောအခါတွင်လည်း သူဌေးကြီးသည်လည်း ရီဝေဖျော့တော့သောအကြည့်များဖြင့် စိန်ပန်းမြိုင်အိမ်ကြီးကိုငေးငေးရီရီကြည့်နေသည်ကိုတွေ့လိုက်ရလေ၏။
" သွားကြမယ်လေ...
သွားကြစို့နော်...အဖေ.."
အသံနှင့််အတူပခုံးကိုခပ်ဖွဖွဆုပ်ကိုင်လိုက်သော သီဟထွန်းရှိန်အား ခေါင်းကိုငြိမ့်ပြလိုက်ပြီး ကျွန်မတို့ စိန်ပန်းမြိုင်အိမ်ကြီးကိုကျောခိုင်းလိုက်ကြလေသည်။
ပြီးပါပြီ
****************
ဧကြည်ဖြူ
"စိန်ပန်းမြိုင်အိမ်ကြီးကိုအစမှအဆုံးဖတ်ရှုပေးကြသူအပေါင်းအားကျေးဇူးအထူးတင်ရှိပါသည်။