" စိန်ပန်းမြိုင်မှအိမ်နီကြီး "
****************
လက်နှင့်ဖိထားမိသော အရာဝတ္ထုကို ကျွန်မအံ့သြတကြီးကောက်ယူကြည့်လိုက်သောအခါ ဒိုင်ယာရီစာအုပ်တစ်အုပ်ဖြစ်နေသည်ကိုတွေ့လိုက်ရလေ၏။စာအုပ်၏မျက်နှာဖုံးတွင် "ရွှေမိ၏နေ့စဥ်မှတ်တမ်း "ဆိုသောနာမည်ကြောင့် ကျွန်မစိတ်ထဲ၌ လှိုက်ခနဲနေအောင်လှုပ်ရှားသွားပြီး စာအုပ်၏အတွင်းစာမျက်နှာများကို အလောတကြီးလှန်လောဖတ်ကြည့်လိုက်မိလေသည်။
.. ဒီနေ့ကဘဝအသစ်စတဲ့နေ့ ... ဆိုသော စာကြောင်းလေးကို စာအုပ်၏ပထမဆုံးစာမျက်နှာ၌ရေးသားထားလေသည်။
..အိမ်ကြီးကအရမ်းကိုခမ်းနားတယ်...တစ်သက်လုံးဒီလိုခမ်းနားတဲ့အိမ်ကိုပထမဆုံးတွေ့ဖူးတာပဲ...
...အိမ်ကြီးကအရမ်းခမ်းနားသလို အိမ်ရှင်တွေကလည်းအရမ်းချောလှကြတာပဲ...အထူးသဖြင့် မရတီချိုက ဆံပင်အရှည်ကြီးတွေနဲ့တအားလှတယ်...မရတီချိုကလှပြီးသဘောကောင်းသလောက် ကေသီတင်ဆိုတဲ့မိန်းမကသိပ်မောက်မာတာပဲ လူကိုများမတူသလိုမတန်သလိုဆက်ဆံတယ်...ဘာပဲဖြစ်ဖြစ် အရင်ကလုပ်ခဲ့တဲ့အိမ်ထက်စာရင် စိန်ပန်းမြိုင်အိမ်ကြီးက နတ်ဘုံနတ်နန်းပါပဲ...ဒီစိန်ပန်းမြိုင်အိမ်ကြီးမှာသူဌေးသမီးဖြစ်ချင်လိုက်တာနော်...
... လောကကြီးကအရမ်းကိုအံ့သြစရာကောင်းတယ်...ဒီနေ့ကိုကိုနဲ့မမျှော်လင့်ဘဲပြန်တွေ့ခဲ့ရတယ်...ဘဝတစ်လျှောက်လုံးကိုကိုကိုပဲချစ်ခဲ့တာ...ကိုကိုကိုပဲရှာခဲ့တာလေ...ဒါပေမဲ့ဝမ်းနည်းစရာကောင်းတာက ကိုကိုကမရတီချိုရဲ့ယောကျ်ားတဲ့လေ...ဒီနေ့တော့ကိုကိုနဲ့ပြန်တွေ့ရလို့ဝမ်းသာမိသလို ဝမ်းလည်းနည်းမိလို့ငိုမိတယ်...
...ကိုကိုနဲ့ပြန်တွေ့ရတော့ ငယ်ငယ်ကအကြောင်းတွေကိုတောင်ပြန်သတိရမိတယ်...ဟိုငယ်ငယ်တုန်းက ကိုကို့အဖေနဲ့အမေရန်ဖြစ်တဲ့အချိန်တိုင်းကိုကိုက ရွှေမိတို့အိမ်ဘက်ကိုလာနေတာမဟုတ်လား...အဲ့ဒီတုန်းက ကိုကိုလာတဲ့အချိန်တိုင်း အရမ်းပျော်လို့ စိတ်ထဲကနေကိုကို့အဖေနဲ့အမေအမြဲရန်ဖြစ်ပါစေလို့ဆုတောင်းခဲ့မိသေးတယ်...ကိုကိုကရွှေမိထက်သုံးနှစ်ပဲကြီးပေမဲ့အရမ်းလူကြီးဆန်တယ် စာလည်းတော်တယ်...ရွှေမိတောင် ကိုကိုကျေးဇူးကြောင့်စာလည်းနည်းနည်းတော်လာပြီး ဒီလိုနေ့စဥ်ကြုံရတာတွေကိုရေးမှတ်တတ်တဲ့အကျင့်ရခဲ့တာမဟုတ်လား...ဒါပေမဲ့ကိုကိုရယ် ရွှေမိရဲ့မကောင်းတဲ့ဆုတောင်းတွေကြောင့်ထင်ပါရဲ့
ကိုကိုတက္ကသိုလ်တက်နေတုန်းမှာကိုကို့အဖေနဲ့အမေကွဲသွားပြီးကိုကိုတို့အိမ်ပြောင်းသွားခဲ့တာလေ...ကိုကိုအိမ်ပြောင်းသွားပြီးကတည်းက ရွှေမိရဲ့ဘဝကအဓိပ္ပါယ်မဲ့သွားသလိုခံစားခဲ့ရတာ...ရွှေမိဆယ်တန်းလည်းမအောင်ခဲ့တော့ ကိုကိုပြောသလိုပညာတတ်လည်းမဖြစ်ခဲ့ပါဘူး...စာနဲ့ပတ်သက်တာဆိုလို့ ဒီနေ့စဥ်မှတ်တမ်းရေးတာပဲရှိတယ်...ရွေမိဘဝလည်းကံမကောင်းပါဘူးကိုကိုရယ်... ကိုကိုတို့ပြောင်းသွားပြီးသုံးနှစ်ကျော်မှာ အဘွားဆုံးသွားလို့အရမ်းကိုဒုက္ခရောက်ခဲ့တာလေ...ရွေမိကငယ်ငယ်ကတည်းကမိဘတွေမရှိတော့လို့အဘွားနဲ့မြေးအဘွားနှစ်ယောက်တည်းနေခဲ့ရတော့ အဘွားမရှိတာနဲ့ဒုက္ခရောက်တော့တာပဲ ပညာကလည်းမတတ်အလုပ်ကလည်းမယ်မယ်ရရမလုပ်တတ်တော့ နောက်ဆုံးဒီလိုနေစရာစားစရာမပူရတဲ့ အိမ်ဖော်အလုပ်တွေကိုလိုက်လုပ်ခဲ့ရတာပေါ့...ခုဆိုကိုကိုနဲ့ရွှေမိကွဲသွားတာ ရှစ်နှစ်ကျော်ထင်တယ်...ဒါပေမဲ့ကိုကို့ကိုမြင်တာနဲ့ရွှေမိချက်ချင်းမှတ်မိတယ်သိလား...ကိုကိုလည်းချက်ချင်းမှတ်မိတယ်မဟုတ်လား...နောက်နေ့လူရှင်းတဲ့အချိန်မှာ ကိုကိုကရွှေမိကိုလာနှုတ်ဆက်ပြီး ကိုကို့ကိုမသိချင်ယောင်ဆောင်နေဖို့ပြောတော့ ရွှေမိအရမ်းဝမ်းနည်းခဲ့တာ...ဒါပေမဲ့ ဘယ်သူမှမသိအောင် ကိုကိုတို့စကားပြောကြမယ်လို့ကိုကိုပြောတော့ ရွှေမိအရမ်းကိုပျော်မိခဲ့တာ...
...ကိုကိုကသူပြောတဲ့ကတိကိုတော့တည်သားပဲ...ကိုကိုပေးတဲ့ပိုက်ဆံတွေကိုရွှေမိမသုံးရက်လို့ စုထားတယ်သိလား...ပြီးရင်လူတွေလစ်တဲ့အချိန်တိုင်းကိုကိုနဲ့စကားပြောခွင့်ရတာကိုလည်းအရမ်းပျော်တယ်...
ကျွန်မ ဒိုင်ယာရီစာအုပ်ကလေးကို ဖတ်နေရင်းမှ သက်ပြင်းတစ်ချက်ချလိုက်မိသည်။
...စိန်ပန်းမြိုင်အိမ်ကြီးကလူတွေကချမ်းသာသလောက် ချစ်ချစ်ခင်ခင်လည်းမရှိကြဘူး...တစ်ယောက်နဲ့တစ်ယောက်ရန်ပဲဖြစ်နေကြတာပဲ...သူဌေးကတော်နဲ့ကေသီတင်ကအဆိုးဆုံးပဲ...တစ်အိမ်လုံးသူတို့အာဏာတွေပဲပြနေတာစိတ်ပျက်စရာပဲ...သူဌေးကတော်နဲ့ကေသီတင်က မရတီချိုနဲ့အမျိုးမတော်ဘူးလို့မိလုံးပြောတုန်းကသိပ်တောင်မအံ့သြမိဘူး...အကျင့်စရိုက်တွေကအရမ်းကွဲပြားတော့သိသာနေတာကို...ပြီးတော့မိလုံးကလည်းလိုရင်တစ်မျိုးမလိုရင်တစ်မျိုးနဲ့ပေါင်းရသင်းရခက်လိုက်တာနော်...ငါ့ဘာသာဒိုင်ယာရီရေးတာကိုသူကဘာလို့လှောင်ပြောင်နေရတာလဲ...
အထူးသဖြင့်မရတီချိုကငါ့ကိုမျက်နှာသာပေးတာကို နင်မကြိုက်မှန်းငါသိတယ်မိလုံး...နင့်ပါးစပ်ကနေ... နောက်ပေါက်တဲ့ရွှေကြာပင်ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့စောင်းလားမြောင်းလားပြောနေတာကို ငါကြားတယ်နော်...
ကျွန်မစာအုပ်ကလေးကိုဖတ်နေရင်းမှသက်ပြင်းတွေအခါခါချမိသလိုစိတ်တွေလည်း မွန်းကြပ်လာမိသည်။
"သီဟထွန်းရှိန်တဲ့...သူဌေးကြီးရဲ့အငယ်ဆုံးသားလို့ပြောတယ်...မြို့ထဲမှာနေတာတဲ့လေ...တစ်ခါတလေမှအိမ်ကိုပြန်လာတတ်တယ်...သူပြန်လာရင်မရတီချိုနဲ့သူဌေးကြီးကိုပဲစကားပြောတာ ကျန်တဲ့သူတွေကိုအဖက်တောင်မလုပ်ဘူး...အထူးသဖြင့် ကိုကို့ကိုတွေ့ရင်ရန်သူနဲ့တွေ့သလိုမျက်နှာထားတင်းနေတာကိုသတိထားမိတယ်...
...ဒီနေ့စိန်ပန်းမြိုင်အိမ်ကြီးကိုရောက်တာ သုံးလပြည့်ပြီ...
ကျွန်မ မရွှေမိ၏ ခံစားချက်များကို ခပ်မြန်မြန်လေး လှန်လော ဖတ်နေရင်း တစ်နေရာအရောက်တွင် တွေ့လိုက်ရသော စာသားများကြောင့် အံ့သြမင်သက်သွားမိလေသည်။
...ကိုကိုအကျင့်မကောင်းဘူး...မရတီချိုကဒီလောက်ချော ဒီလောက်သဘောကောင်းတာကို ကေသီတင်ဆိုတဲ့မိန်းမနဲ့ဖောက်ပြန်ရသလား...
...စိတ်ရှိတိုင်းသာဆို ကိုကို့တို့ကိုမရတီချိုနဲ့တိုင်ပစ်ချင်တာ ကေသီတင်လိုအကျင့်မကောင်းတဲ့မိန်းမထက်စာရင် မရတီချိုနဲ့ကမှတော်ပါသေးတယ်ကိုကိုရယ်...
...ဒီနေ့ကိုကိုနဲ့မရတီချိုရန်ဖြစ်နေသံကိုကြားတယ်...ဒီအိမ်ရောက်ကတည်းက မရတီချိုဒေါသထွက်တာကို ဒီတစ်ခါပဲမြင်ဖူးသေးတယ်... ကိုကိုနဲ့ ကွာရှင်းမယ်လို့ပြောတဲ့မရတီချိုရဲ့အသံကိုကြားတော့စိတ်ထဲဝမ်းသာသလိုလိုဝမ်းနည်းသလိုလိုချည်းပဲ...ကိုကိုသာမရတီချိုနဲ့ကွာရှင်းရင် အကျင့်မကောင်းတဲ့ကေသီတင်ကိုမယူပါနဲ့ကိုကိုရယ်...ရွှေမိနဲကိုကိုဒီအိမ်ကြီးကနေအတူထွက်သွားရအောင်လေ...
ကျွန်မ ဒိုင်ယာရီစာအုပ်လေးကို ကိုင်ပြီးအံ့သြခြင်းမယုံကြည်နိုင်ခြင်းများဖြင့်ဆက်၍ဖတ်လိုက်သည်။
" ဒီနေ့လကွယ်နေ့...ညသန်းခေါင်ကျော်ရင် ကိုကိုနဲ့ငါချိန်းထားတယ်...
ကျွန််မဒိုင်ယာရီစာအုပ်လေးကို စိတ်ပျက်လက်ပျက်နှင့်ပင်ဆက်၍ဖတ်လိုက်သည်။
....ငါကြောက်တယ်...ငါအရမ်းကြောက်တယ်...မရတီချိုကိုငါသတ်မိတာလား...ကိုကိုသတ်တာလား...မဟုတ်ဘူး မရတီချိုကိုသတ်တာ ကေသီတင်ပဲ...ဟုတ်တယ် မရတီချိုသေတာငါနဲ့ကိုကိုကြောင့်မဟုတ်ဘူး ကေသီတင့်ကြောင့်ပဲ...
တွေ့မြင်လိုက်ရသောစာသားများကြောင့် ကျွန်မထိတ်လန့်အံ့သြလွန်းသဖြင့် လက်ထဲမှဒိုင်ယာရီစာအုပ်လေးမှာ မြေပြင်ပေါ်သို့ဘုတ်ခနဲပြုတ်ကျသွားရလေသည်။
...ကြောက်တယ်. ညတိုင်းအိပ်မက်ဆိုးတွေမက်ပြီးမရတီချိုကိုပဲမြင်နေမိတယ်...ရဲတွေက မရတီချိုသူ့ဘာသာလှေကားကပြုတ်ကျပြီးသေတယ်လို့ပြောပေမဲ့ နေရတာစိတ်မလုံဘူး ...အချိန်ရှိသ၍ အဲ့ဒီအကြောင်းကိုပဲပြန်မြင်ယောင်နေမိတယ်...ဘယ်လိုပဲကိုယ့်ကြောင့်မဟုတ်ဘူးလို့ တွေးလည်းမရဘူး...အဲ့ဒီညကအဖြစ်ကိုပဲအိပ်မက်တွေလည်းမက်တယ်...
...အဲ့ဒီနေ့က ကိုကိုနဲ့ချိန်းထားလို့သာ အရဲစွန့်ပြီးအပေါ်ထကပ်ကိုတက်ခဲ့ရတာ...အဲ့ဒီတုန်းကကြောက်ပြီးဆက်မတက်ခဲ့မိရင်အကောင်းသားလို့အခုတွေးမိတယ်...အပေါ်ထပ်ရောက်တော့ မရတီချိုနဲ့သူ့မောင်သီဟထွန်းရှိန်တို့စကားများနေတဲ့အသံကိုကြားပြီး နီးစပ်ရာအခန်းထဲကိုဝင်ပုန်းလိုက်မိတာပိုမှားသွားသလိုပဲ...တကယ်ဆိုအောက်ထပ်ကိုပြန်ဆင်းသွားခဲ့မိရင်အကောင်းသား...သီဟထွန်းရှိန်ကအတော်လေးမူးနေပုံရတယ် မရတီချိုကိုမအော်စဖူးပြန်အော်နေတယ်...သူအိမ်ကိုပြန်လာတာတစ်ပတ်မကြာသေးဘူး သူကလည်းအတော်မွှေတယ်...ဒီကိစ္စဖြစ်သွားတာသူ့ကြောင့်လည်းပါတယ်...မကြာဘူး သီဟထွန်းရှိန်အသံတိတ်သွားပြီး မရတီချိုလှေကားဘက်ကိုပြန်လာတဲ့အသံကိုကြားရလို့ ကြောက်ပြီး အခန်းထဲမှာငြိမ်နေမိတာ ပိုမှားသွားမှန်းခုမှနောင်တရမိတယ်...အဲ့ဒီအချိန်ကသာ ဆူညံသံတွေကြားလို့အပေါ်ထပ််ကိုတက်ကြည့်မိတာလို့ပြောရင် မမလေးရတီချိုလည်းသေမှာမဟုတ်သလို ငါလည်းကြောက်နေရမှာမဟုတ်ဘူး...ခုတော့အခန်းထဲမှာ ပုန်းနေခဲ့မိလို့ မမလေးရတီချိုလှေကားနားရောက်လာပြီး ဟိုမိန်းမကေသီတင်နဲ့တွေ့တာပေါ့...မမလေးရတီချိုနဲ့ကေသီတင်တို့ရန်ဖြစ်စကားများနေသံကိုးကြားပေမဲ့ အခန်းတံခါးပေါက်ကနေ ချောင်းကြည့်ပြီး ထွက်မဆွဲမိတာ တစ်ကယ်ကိုမှားတယ်...မကြာပါဘူး ကေသီတင်ဆောင့်တွန်းလိုက်လို့မမလေးရတီချို လှေကားပေါ်ကနေပြုတ်ကျသွားတယ်...ဟိုမိန်းမယုတ်မကေသီတင် မရတီချိုကိုထားခဲ့ပြီးသူ့အခန်းဘက်ကိုပြန်ပြေးသွားတာတွေ့လိုက်တယ်...အဲ့ဒီအချိန်အထိ မရတီချိုကိုသေစေလိုတဲ့ဆန္ဒလုံးဝမရှိခဲ့ပါဘူး...ကြောက်ပြီးအခန်းထဲမှာခဏငြိမ်နေမိပြီး သတိဝင်လာတာနဲ့မရတီချိုရှိတဲ့အောက်ထပ်ကိုပြေးသွားခဲ့တာငါ့ကိုယ်ငါသိတယ်...အောက်ထပ်ရောက်တော့ သွေးအိုင်ထဲမှာလဲနေတဲ့ မရတီချိုကို မတ်တတ်ရပ်ကြည့်နေတဲ့ ကိုကို့ကိုမြင်တော့ ငါအရမ်းအံ့သြသွားတယ်...ကိုကိုဘာလုပ်နေတာလဲ အိမ်သားတွေကိုနှိုးလေ မရတီချိုကိုကယ်ဖို့လုပ်လေလို့ ပြောခဲ့မိတာအမှန်ပါ...ကိုကိုကခေါင်းယမ်းတယ် မရတီချိုကိုကယ်လိုက်ရင် သူအိမ်ပေါ်ကနှင်ချခံရမယ်တဲ့ ပြီးတော့ငွေအလွဲသုံးစားလုပ်မှုနဲ့လည်းထောင်ကျမှာတဲ့နောက်ဆုံးသူ့ဘဝကဟိုအရင်ကလိုဆင်းရဲစုတ်ပြတ်တဲ့ဘဝကိုပြန်ရောက်သွားမှာတဲ့လေ...ငါမှားတာငါးပဲမှားတာ...ကိုကို့ကိုသနားပြီး ကိုကိုခိုင်းတဲ့အတိုင်း ကိုကိုပေးတဲ့လက်ကိုင်ပဝါနဲ့မရတီချိုရဲ့နှာခေါင်းကိုဖိအုပ်လိုက်မိတယ်...အဲ့ဒီတုန်းက မရတီချိုသွေအိုင်ထဲမှာလှုပ်ရှားလူးလွန်ရင် ငါ့ကိုကြည့်တဲ့အကြည့်တွေကို ခုထိမျက်စိထဲမှာမြင်ယောင်နေတုန်းပဲ...ငါအရမ်းကြောက်တယ်... ဒီစိန်ပန်းမြိုင်အိမ်ကြီးကနေအဝေးဆုံးကိုထွက်ပြေးသွားချင်တယ်...
ကျွန်မဖတ်နေရင်းမှ ရင်ထဲမှာစူးအောင့်နာကျင်လာမိသည်။
သနားစရာကောင်းလှသော ရတီချို၏ပုံစံကိုလည်း မျက်လုံးထဲမြင်ယောင်နေမိပြီး သေခါနီးမှာ ဘယ်လောက်တောင်များ နာနာကျင်ကျင်ဖြင့် လောကကြီးထဲမှထွက်ခွါသွားရသည်ကိုတွေးမိပြီး ကျွန်မပါးပြင်ပေါ်သို့ မျက်ရည်စက်များစီးကျလာလေသည်။
ကျွန်မစိတ်ထဲ ထိထိခိုက်ခိုက်နာနာကျင်ကျင်နှင့်ပင် စာအုပ်ကိုဆက်၍ဖတ်လိုက်သည်။ကျွန်မအနေနှင့် ယခုအချိန်မှတော့ သည်စာအုပ်ကိုမဖြစ်မနေအဆုံးထိဖတ်ရတော့မည်ဖြစ်သည်။
...ဒီအိမ်ကြီးကနေထွက်သွားကြရအောင်လို့ကိုကို့ကိုပြောလိုက်တယ်... ကိုကိုကသူရသင့်တာတွေရပြီးရင်သွားကြမယ်လို့ပြောတယ်...ရသင့်တာရဖို့ကဘယ်လောက်ကြာဦးမှာလည်းတော့မသိဘူး...တစ်နေ့တစ်နေ့ငါ့မှာကြောက်လို့သေတော့မယ်...
...အိမ်ကိုရောက်လာတဲ့ သူနာပြုဆရာမလေးကတစ်မျိုးပဲ... ညဘက်တွေမှာဆံပင်အရှည်ကြီးနဲ့မိန်းမတစ်ယောက်ကိုတွေ့တွေ့နေတယ်လို့ပြောတယ်...သေချာတယ် ဆံပင်အရှည်ကြီးနဲ့ဆိုတော့ မရတီချိုနေမှာပေါ့...ငါကြောက်တယ် ဒီလိုနဲ့အဖြစ်မှန်တွေပေါ်သွားရင်ကိုကိုရောငါပါအဖမ်းခံရမှာလား...
...ကိုကို့ကိုပြောတော့ ကိုကိုကမကြောက်နဲ့တဲ့ ဒေါ်မာလာတင်ကမရတီချိုသေတာသူ့သမီးကေတင်ကြောင့်ပဲလို့သိထားတာမို့ဒီအမှုကိုဖော်မှာမဟုတ်ဘူးတဲ့...ဒါပေမဲ့ ငါအရမ်းကြောက်နေမိတုန်းပဲ...
...ဒုက္ခတော့ရောက်ပြီး ကိုကိုနဲ့ငါ ခိုး ခိုးတွေ့နေတာကို ကေသီတင်သီသွားပြီး ငါ့ကိုပါးတွေလည်းရိုက်တယ်...အိမ်ပေါ်ကနေလည်းမောင်းချနေတယ် အိမ်ကမထွက်သွားရင်သတ်ပစ်မယ်လို့ခြိမ်းခြောက်နေတယ်...
...ကိုကိုကပိုက်ဆံထုတ်ပေးတယ်...အဆင်ပြေတဲ့နေရာမှာအရင်သွားနေနှင့်တဲ့ကိစ္စတွေပြီးတာနဲ့သူလိုက်လာမယ်တဲ့...သေချာလို့လား...ကိုကိုတကယ်လိုက်လာပါ့မလား...လိုက်မလာခဲ့ရင်ဘယ်လိုလုပ်မလဲ...
...မနက်ကအိမ်ကို ခဏပြန်ပါရစေလို့ သူဌေးကတော်ကိုပြောလိုက်တော့ ကြည်ကြည်ဖြူဖြူပဲ ခွင့်ပေးတယ်...ပြန်လာချင်လည်းလာမလာချင်လည်းနေ စိန်ပန်းမြိုင်ကအကြောင်းတွေဘယ်သူ့ကိုမှလျှောက်မပြောရဘူးလို့ပြောပြီး လမ်းစရိတ်ပါထုတ်ပေးလိုက်တယ်...တကယ်ထွက်သွားရတော့မယ်ဆိုတော့ ပျော်လည်းပျော်တယ် ကိုကိုလိုက်မလာမှာစိုးလို့ ထွက်လည်းမသွားချင်ဘူး...
...ဒီည ဒီစိန်ပန်းမြိုင်အိမ်ကြီးမှာနေရမယ့်နောက်ဆုံးညပဲ...ဒီညအပေါ်ထပ်မှာကိုကိုနဲ့ချိန်းထားတယ်...ညဥ့်နက်ရင်ကိုကိုနဲ့ခဏသွားတွေ့ပြီး မနက်အစောကြီးထပြန်ရမယ်...
ကျွန်မ စာကြောင်းများကို စိတ်မောပန်းစွာထက်၍ဖတ်လိုက်မိသည်။
...ကိုကိုကလိုက်လာခဲ့မယ်လို့ကတိပေးလိုက်တယ်...ကိုကို့ကိုယုံကြည်ပေမဲ့ ကံကြမ္မာကိုမယုံရတော့ကြောက်တော့ကြောက်နေမိတယ်...တံခါးခေါက်သံကြားတယ် ကိုကိုလာတာထင်တယ် ပျော်လိုက်တာ...ကိုကိုလည်းမဟုတ်ဘူး ....သူ
" ဒုတ် "
" အမလေး "
စာအုပ်ကိုစိတ်ဝင်တစားနှင့်ဖတ်နေစဥ်မှာပင် ကျွန်မရှေ့သို့ လူတစ်ယောက်ရောက်လာပြီး လက်ထဲမှ စာအုပ်ကိုတုတ်နှင့်ရိုက်ချလိုက်သည်မို့ အလန့်တကြားမော့ကြည့်လိုက်မိသောအခါ...
-----------
ဇာတ်သိမ်းပိုင်းဆက်ရန်
***************
ဧကြည်ဖြူ