book

Index 1

အခန်း(၁)

31.1.2021 ရက်နေ့က ရေးခဲ့တဲ့စာမူလေးပါ လျှိုဝှက်သည်းဖိုစာမူဖိတ်ခေါ်ပွဲအတွက်ရေးနေရင်း 1.2.2021ရဲ့အခြေအနေကြောင့် ဆက်မရေးဖြစ်တဲ့စာမူပါ

စာဖတ်သူတွေသာ အားပေးမယ်ဆိုရင် ဇာတ်သိမ်းပိုင်းအထိဆက်ရေးပေးပါ့မယ်


  "စိန်ပန်းမြိုင်မှအိမ်နီကြီး "

 *************************


    ခြံဝနှင့်အိမ်ကြီးမှာအလှမ်းဝေးလွန်းလှသည်။ခြံရှေ့၌စိန်ပန်းပင်အမြောက်အများနှင့်ကြည့်ရသည်မှာ  သာယာလှပသော်လည်း ခြံဝန်းထဲသို့လှမ်းကြည့်မိသည်အခါတွင် အုပ်ဆိုင်းနေသောသစ်ပင်ကြီးများကြားမှာ ခေါင်မိုးချွန်ချွန်များနှင့်အနီရောင်တိုတ်ကြီးကြောင့် မြင်ရသူတိုင်းအတွက်စိတ်ထဲ၌မသိုးမသန့်တော့ဖြစ်သွားကြပေလိမ့်မည်။

      ကျွန်မခြံတံခါးမကြီးရှေ့တွင် အတန်ကြာရပ်နေမိပြီး တွေဝေနေ​မိသည်။ခြံထဲမှအိမ်

နီကြီးကိုကြည့်၍ ကျွန်မ

၏ခြေဖျားလက်ဖျားလေးများပင် အေးစက်လာသည်ဟုထင်မိလေသည်။ကျွန်မအတန်ကြာရပ်နေမိပြီးမှ လူခေါ်ဘဲ(လ် )လေးကို လက်နှင့်အသာဖိနှိပ်လိုက်သည်။

***********************


" ကဲ.... အာလုံးထိုင်ကြဦး ၊သူကတော့...အစ်​ကို​ကြီးကိုပြုစုစောင့်ရှောက်ဖို့ရောက်လာတဲ့ သူနာပြုဆရာမ​လေးဝတ်ရည်တဲ့၊

အားလုံးသိအောင်မိတ်ဆက်ပေးတာ ၊အထူးသဖြင့် ရွှေမိနဲ့မိလုံးက

ဆရာမလေးဝတ်ရည်ရဲ့လိုအပ်တာတွေကို ကူညီပေးလိုက်ပါ "


  ဒေါ်မာလာတင်ခေါ်အိမ်ရှင်သူဌေးက​​တော်ကြီးက သူ၏မိ သားစုနှင့် ကျွန်မကိုမိတ်ဆက်ပေးနေခြင်းဖြစ်လေသည်။သူဌေးကြီး ဦးထွန်းရှိန်သည်လေဖြတ်၍အိပ်ရာထဲလဲနေသည်မှာကြာပြီဖြစ်လေသည်။သူဌေးကတော်ဒေါ်မာလာတင်က ဦးထွန်ရှိန်အား

ပြုစုစောင့်ရှောက်ရန် သူနာပြုခေါ်ယူခဲ့ခြင်းကြောင့် ကျွန်မမှာသူနာပြုအဖြစ်စိန်

ပန်းမြိုင်အိမ်ကြီးဆီသို့ရောက်ရှိလာခဲ့ရခြင်းဖြစ်လေသည်။


" အန်တီ့နာမည်က ဒေါ်မာလာတင်တဲ့ ၊သူကအန်တီသမီးကြိီး ကေသီတင် ၊ဒီတစ်ယောက်က အန်တီသားအငယ်ဆုံးသီဟထွန်းရှိန်၊

သူကတော့ အန်တီသားမက်ကျော်စွာဦး ၊ဒီလူကတော့ အန်တီတို့အိမ်ရဲ့မန်နေဂျာဦးသက်အောင်တဲ့၊

သူတို့နှစ်ယောက်ကတော့အိမ်အကူ ရွှေမိနဲ့မိလုံး၊ဒါကတော့ ခြံစောင့်ကြီးဖိုးထော်တဲ့ မင်းလိုအပ်တာတွေရှိရင် သူတို့ဆီမှာ အကူအညီတောင်းလို့ရတယ် "


       တိတ်ဆိတ်သွားသောစကားဝိုင်း၌ ကျွန်မလည်းအိမ်ရှိလူများအားမသိမသာအကဲခတ်လိုက်သည်။ဒေါ်မာလာတင်သည် ခေတ်ဆန်လွန်း၍ရှိရင်းစွဲအသက်ထက်လှပနုငယ်နေသလို ကေသီတင်သည်လည်းအမေတူသမီးပီသစွာ ခေတ်ဆန်လွန်းသလို လှလည်းလှ၏။သီဟထွန်းရှိန်မှာမူ

အနေးအေးပုံရသည်။သားမက်ဖြစ်သူကျော်စွာဦးဆိုသူမှာမူရုပ်ရည်ချောမောကြည့်ကောင်းသလို အကြည့်တွေကလည်းရဲတင်းလွန်းသည်ဟု ကျွန်မစိတ်ထဲထင်မိသည်။

************************


     ညရောက်သောအခါ ခရီးပန်းလာသောကြောင့် ကျွန်မခပ်

စောစောပင် အိပ်ရာဝင်ခဲ့သည်။

    အိပ်ပျော်နေရာမှ ရုတ်တရက်ဆိုသလို ကျွန်မလန့်နိုးလာချိန်၌ 

အခန်းသည်မှိန်ပျပျညမီးရောင်အောက်၌တိတ်ဆိတ်​၍နေသော်လည်း တစ်ချက်တစ်ချက်၌နားထဲမှာ တစ်တောက်တောက်မြည်သံကဲ့သို့

အသံကိုကြားနေရလေသည်။

    ကျွန်မခုတင်ပေါ်မှ အသာဆင်းပြီး အသံကြားရာအခန်းဘက်ဆီသို့ လှမ်းလျှောက်ခဲ့၏။အသံသည် ရေချိုးခန်းဘက်ဆီမှကြားရခြင်းဖြစ်လေသည်။


"တောက် "  "တောက် "

     အခန်းနှင့်နီးလာ​သောအခါအသံသည်ပို၍ကျယ်လာသည်။ကျွန်မရေချိုးခန်းအဝမှာ အသာရပ်လိုက်သည်တွင် အခန်းထဲမှလှုပ်ရှာသံလိုလိုကြားလိုက်ရ၍ အခန်းတံခါးကိုခပ်သာသာတွန်းဖွင့်လိုက်သည်တွင်။

     ဆံပင်ရှည်ကြီးကိုဖားလျားချလျက် ကျောပေးရပ်နေ​သောအမျိုးသမီးတစ်ယောက်ကိုတွေ့လိုက်ရသည်မို့


"မရွှေမိလား ၊ မိလုံးလားဟင် ၊ညဘက်ကြီးဘာလုပ်နေတာလဲ "


      ထိုမိန်းမသည် ကျွန်မ၏ အမေးကျောခိုင်းလျက်အနေအထားနှင့်ပင် ခေါင်းယမ်းပြလေသည်။

ထိုနောက် ကျွန်မတို့နှစ်ဦးကြား၌တိတ်ဆိတ်သွားပြီ ဘေစင်ပိုက်ခေါင်းမှ ရေတစ်စက်စက်ကျသံကိုသာကြားနေရလေသည်။

ကျွန်မလည်းဘာမှမမေးတော့ဘဲ စိတ်ရှုပ်ရှုပ်နှင့် အိပ်ရာထဲသို့ပြန်ဝင်ခဲ့လိုက်သည်။

*******************

    မိလုံးပြင်ပေးသော မနက်စာကိုစားနေရင်းမှ ကျွန်မ မိလုံးကိုစကားလှမ်းပြောလိုက်သည်။


"အိမ်သားတွေရော...မစားကြသေးဘူးလားမိလုံး "


"သူတို့ကမနက်အဆာပြေစာကိုအပြင်မှာ စားကြတာများတယ် ဆရာမရဲ့၊ကြီးကြီးတင်နဲ့မရွှေမိတို့ကတော့စျေးဘက်သွားကြတယ် ၊အစ်ကိုလေးကအိပ်တုန်း၊ကျန်တဲ့သူတွေကတော့ အသီးသီးသွားကြပြီ "


"ဟုတ်လား   ...ဒါနဲ့ညက ညသန်းခေါင်ကြီး​ရေချိုးခန်းထဲမှာ မရွှေမိလား... မိလုံးလား... ညဘက်ကြီးဘာလုပ်နေတာတုန်း "


        ကျွန်မလည်း မိလုံးကကိုယ့်ထက်ငယ်သူမို့ သိချင်တာကိုရဲရဲဝံ့ဝံ့ပင်မေးပစ်လိုက်သည်။


"ရှင်....ဆရာမဘာပြောတာလဲမိလုံးနားမလည်ဘူး "


"အော်...ညကလေရေချိုးခန်းထဲမှာ ဆံပင်ဖားလျားကြီးချလို့ ရပ်ပြီးဘာလုပ်နေတာလဲလို့မေးတာပါ "


      ကျွန်မ၏နောက်ဆက်တွဲစကားကြောင့် ကျွန်မကိုကြည့်နေသောမိလုံး၏မျက်လုံးအစုံသည် ပြူးကျယ်ဝိုင်းစက်သွားပြီးထိတ်လန့်တုန်လှုပ်သွားပုံဖြင့်


" ရှင်...ဘယ်.. ဘယ်လိုဆရာမ... ရေချိုးခန်းထဲမှာဆံပင်ဖားလျားကြီးနဲ့ရပ်နေတာဟုတ်လား၊အဲ့ဒါမိလုံးမဟုတ်ဘူး၊ညဘက်ဆို မိလုံးကအခန်းအပြင်ကိုလုံးဝမထွက်ဘူး...ဒါ...ဒါ...ဒါနဲ့ဆံပင်ကဘယ်လောက်တောင်ရှည်တာလဲ...လဲဟင်ဆရာမ "


"အော်...မိလုံးမဟုတ်ရင်မရွှေမိထင်တယ်၊မြန်မာဆန်ဆန်အဝတ်အစားနဲ့ဆံပင်ကြီးမှတင်ပါးကျော်တယ်လေ...အဲ့ဒါမရွှေမိမဟုတ်လား  "


"ရှင်....အမလေး...."


"ဒုန်း " "ဂွမ်း "


      ကျွန်မစကားအဆုံးမှာ မိလုံးသည် "အမလေး"တလျက်လက်ထဲမှာကိုင်ထားသောပန်းကန်ပင်ပြုတ်ကျ၍ကွဲသွားလေသည်။


" ဘယ်လိုဖြစ်ရတာလဲ... မိလုံးရယ်၊ခြေတွေလက်တွေထိကုန်ဦးမယ်...သတိထားဦး "


" ဟို...ဟို...ဒီအိမ်မှာဆံပင်ရှည်တဲ့သူတစ်ယောက်မှမရှိဘူး  ဆ...ဆရာမရဲ့ "


"ဘယ်...ဘယ်လိုမိလုံး၊

ဒီအိမ်မှာဆံပင်ရှည်တဲ့သူမရှိဘူးဟုတ်လား"

      သည်တစ်ခါ၌ လက်ထဲမှ ဇွန်းပင်ပြုတ်ကျသွားရသူမှာ ကျွန်မဖြစ်ပါလေသည်။


" ဟုတ်...ဟုတ်တယ်ဆရာမရဲ့ဒီအိမ်မှာအဲ့လောက်ဆံပင်ရှည်တဲ့သူ အရင်ကရှိခဲ့ပေမဲ့အခုမရှိတော့ဘူး....ဆရာမ "


" ဟုတ်လား....သူကဘယ်သူလဲ...ဘယ်ရောက်သွားလို့လဲ "


" မမလေးရတီချိုပေါ့...ဆံပင်အရှည်ကြီးနဲ့အရမ်းလည်းလှတာ...ခု. .ခုတော့မမလေးရတီချိုက...ဒီ..ဒီမှာ...မ.. မရှိ...."


" မိလုံး" ဟိန်းခနဲထွက်ပေါ်လာသော အသံကြောင့် မိလုံးခမျာစကားပြောနေရင်းမှ ရပ်တန့်သွားရပြီး ကျွန်မလည်းအလန့်တကြားမော့ကြည့်လိုက်မိသည်တွင် သားအငယ်ဖြစ်သူသီဟထွန်းရှိန်ကိုတွေ့လိုက်ရလေသည်။


"  မိလုံး ...နင့်ကိုဘယ်နှစ်ခါပြောရမလဲ ၊ မိုးလင်းတာနဲ့ငါ့ခွေးလေးတွေကိုအစာအရင်ကျွေးပါလို့ပြောထားတယ်လေ " သီဟထွန်းရှိန်သည် မိလုံးကို ဒေါသတကြီးအော်ဟစ်ပြောဆိုနေရင်းမှ ကျွန်မကိုတွေ့သွားပြီး အနေရခက်သွားပုံနှင့်လှမ်း၍နှုတ်ဆက်လေသည်။


"ဆရာမရောက်နေတာကို...ကျွန်တော့်ကြောင့် စိတ်အနှောက်အယှက်ဖြစ်သွားရင်တောင်းပန်ပါတယ်ဆရာမရယ်" ပြောပြီတာနှင့်လှစ်ခနဲပြန်ထွက်သွားသော သီဟထွန်းရှိန်၏နောက်ကျောပြင်ကို ကျွန်မလိုက်လံ၍ငေးမောကြည့်နေမိလေသည်။

********************


     ယနေ့ဆိုလျှင်စိန်ပန်းမြိုင်သို့ကျွန်မရောက်နေသည်မှာ ရက်သတ္တပတ်တစ်ပတ်ကျော်ပြီဖြစ်သော်လည်း ကျွန်မမှာအိမ်အကူမလေးမိလုံးနှင့်သာရင်းနှီးသိကျွမ်းခဲ့ရသည်။ကျန်လူများနှင့်မူတွေ့ဆုံဖိုရန်ပင်ခဲယဥ်းလှလေသည်။တစ်ခါတစ်ရံ၌မူ သီဟထွန်းရှိန်နှင့်ဆုံရတတ်သော်လည်း ကျွန်မကိုမြင်သည်နှင့်လှစ်ခနဲပျောက်သွားတတ်သော သီဟထွန်းရှိန်ကြောင့် ကျွန်မစိတ်ထဲ ကသိကအောက်ဖြစ်ရပြန်သည်။


" ဒါနဲ့...ရတီချိုဆိုတာဘယ်သူလဲဟင် မိလုံး "


   ကျွန်မ၏အမေးကြောင့် မိလုံးကကျွန်မကိုဖျတ်ခနဲလှမ်းကြည့်ပြီး ဘေးပတ်ဝန်းကျင်လိုက်လံကြည့်ရှုလိုက်ပြီးမှ


" ရတီချိုဆိုတာ... ဘဘကြီးရဲ့သမီး...အစ်ကိုကြီးကျော်စွာဦးရဲ့ဇနီးပေါ့ ၊မမလေးရတီချိုကအရမ်းလှသလိုစိတ်သဘောထားလည်းကောင်းတယ်ဆရာမရဲ့ "


‌" ဟုတ်လား... လှမယ်ဆိုတာတော့ယုံကြည်ပြီးသားပါ ၊သူဌေးကတော်နဲ့မကေသီတင်လည်းလှတယ်လေ ၊ကြည့်ရတာ တစ်မျိုးလုံးချောကြတာထင်ပါရဲ့ "

‌"ဟယ်...တိုးတိုးပြောပါဆရာမလေးရယ် "ပြောပြောဆိုဆိုနှင့်လက်ညှိုးကို နှုတ်ခမ်းရှေ့ပိတ်လျက် အနားတိုးလာသောမိလုံးကြောင့် ကျွန်မမှာကြောင်အမ်းအမ်းဖြစ်သွားရလေသည်။

‌"သူဌေးကတော်တို့သားအမိနဲ့မမလေးရတီချိုက အမျိုးမတော်ဘူး ဆရာမ၊ အစ်ကိုလေးသီဟထွန်းရှိန်နဲ့သာအဖေတူအမေကွဲမောင်နှမတော်တာ ၊သူဌေးကတော်ကြီးက မမလေးရတီချိုရဲ့မိထွေးလေ၊မမလေးကေသီတင်ကလည်းသူဌေးကတော်ရဲ့အရင်အိမ်ထောင်နဲ့ရလာတာလေ၊ဒီအကြောင်းတွေကို... ဆရာမကိုပဲပြောပြတာပါ ၊သူတို့ရှေ့မှာ စကားပြောဆင်ခြင်ပါနော်ဆရာမ "

‌"အင်းပါ...မိလုံးရယ်၊ဒါနဲ့ရတီချိုကခရီးသွားနေတာလား "

‌     ကျွန်မအမေးကြောင့် မိလုံး၏မျက်နှာမှာ ညှိုးလျော်ကျသွားပြီး

‌"မမလေးရတီချိုက...ဆုံးသွားပြီဆရာမ "

‌"ရှင်...ဘယ်လိုမိလုံး..

‌ဘာရောဂါနဲ့ဆုံးသွားတာလဲ "

‌" ရောဂါမဟုတ်ပါဘူး...မတော်....."

‌"မိလုံး "မိလုံးစကားပင်မဆုံးလိုက်။ကျယ်လောင်လှသောအသံနှင့်အော်ဟစ်ခေါ်ကာ အခန်းထဲသို့ဝင်လာသော ကေသီတင်ကိုတွေ့လိုက်ရလေသည်။

‌******************

‌" ရှပ်...ရှပ်....ရှပ်..."

‌     အိပ်မပျော်နိုင်သေးဘဲရှိနေရာမှာ အခန်းပြင်မှ ခြေသံကြောင့် ကျွန်မဆတ်ခနဲငုတ်တုတ်ထထိုင်လိုက်သည်။ခြေသံသည် အခန်းရှေ့၌ ခေတ္တရပ်တန့်သွားပြီးနောက် လှေကားဘက်ရှိရာသို့ လျှောက်သွားသံကိုကြားလိုက်ရသည်မို့ ကျွန်မ အခန်းဝသို့လျှောက်ခဲ့ပြီး တံခါးပေါက်ကိုခပ်ဟဟဖွင့်ပြီးချောင်းကြည့်လိုက်သည်။

‌    မှုန်ပျပျညမီးရောင်အောက်၌ မြင်လိုက်ရသည်မှာ ဆံပင်ရှည်ကြီးနှင့်အမျိုးသမီးတစ်ယောက်ဖြစ်လေသည်။ထိုအမျိုးသမီးကိုကြည့်၍ မိလုံးပြောစကားများကိုကြားယောင်ပြီး ကျွန်မတစ်ကိုယ်လုံး ဇောချွေးများပြန်လာလေသည်။

‌     ကျွန်မကြည့်နေစဥ်မှာပင် အမျိုးသမီးသည် လှေကားထိပ်တွင်ရပ်တန့်လိုက်ပြီးနောက် ကျွန်မရှိရာဆီသို့လည်ပြန်လှည့်ကြည့်လာလေသည်။

‌   ခပ်မှိန်မှိန်မီးအလင်းရောင်အောက်၌မြင်ရသော အမျိုးသမီး၏သွေးမရှိသည့်အလား ဖြူဆုပ်နေသောမျက်နှာနှင့် နီရဲနေသောမျက်လုံးအစုံကိုကြည့်၍ ကျွန်မတစ်ကိုယ်လုံးအေးစက်တောင့်တင်းသွားရပြီးတဆတ်ဆတ်တုန်ယင်လာမိသည်။

‌   အမျိုးသမီးသည် ကျွန်မကိုလည်ပြန်ကြည့်နေရာမှာ လှေကားဘက်သို့ပြန်လှည့်သွားပြီးနောက် လှေကားထိပ်မှ ဒလိမ့်ခေါက်ကွေးပြုတ်ကျသွားလေသည်။

‌" အား " ကျွန်မအသံကုန်ဟစ်အော်လိုက်သော်လည်း အသံကထွက်မလာပါချေ။  ကျွန်မတုန်ယင်နေသော ခြေလှမ်းများနှင့်လှေကားရှိရာဆီပြေးသွားပြီးကြည့်လိုက်သည်။လှေကားခြေရင်း၌ ရှင်းလင်းနေသည်။ဘာဆိုဘာမျှမရှိ။ကျွန်မလှေကားထိပ်မှာ အသက်မဲ့သူလိုရပ်တန့်နေမိစဥ်မှာပင်

"တောက် "ကျွန်မ၏အနီးအပါး၌ ကျယ်လောင်သော "တက် "ခေါက်သံကိုကြားလိုက်ရပြီးနောက် တစ်ကိုယ်လုံးသွေးချင်းချင်းနီနေသော အမျိုးသမီးအား မျက်နှာချင်းဆိုင်တွေ့လိုက်ရသည်မို့ အသက်ရှူပင်ရပ်တန့်သွားသလို့ခံစားလိုက်ရပြီး တစ်လောကလုံးမှောင်အတိကျသွားလေသည်။

******************** 


"မဖြစ်နိုင်တာတွေကို...မပြောပါနဲ့ဆရာမ...ဒီအိမ်ကြီးမှာကျွန်မတို့နေလာတာနှစ်ပေါင်းများစွာကြာနေပြီ...ခုလိုမျိုးတစ်ခါမှမကြုံဖူးဘူး "


      ဒေါ်မာလာတင်သည် ညကကျွန်မတွေ့ကြုံခဲ့ရသောအဖြစ်အပျက်ကိုမယုံကြည်သလိုလက်မခံဘဲရှိလေသည်။


"အဲ့ဒါကြောင့်...မေမေ့ကိုပြောတာပေါ့...တွေ့ရာလူကိုအိမ်ထဲမ​သွင်းပါနဲ့လို့...တော်ကြာမဟုတ်တရုတ်သတင်းတွေပျံ့ကုန်မယ်...မေမေ့လူကိုမေမေပဲကြည့်ပြောထား "


     ကေသီတင်၏ မောက်မာရိုင်းစိုင်းလှသော အပြုအမူအပြောအဆိုကြောင့် ကျွန်မစိတ်ထဲ ဒေါသထောင်းခနဲထွက်သွားမိလေသည်။ကျန်လူများကတော့ ဘာမျှဝင်ရောက်ပြောဆိုခြင်းမရှိကြဘဲနှုတ်ဆိတ်၍နေကြလေသည်။

*********************

" ဆရာမလေးရယ်...နောက်ဆိုညဘက်တွေမှာဘာသံကြားကြားအပြင်ထွက်မကြည့်နဲ့နော်...မိလုံးဆိုညနက်ပြီဆိုတာနဲ့အခန်းထဲကနေအပြင်ကိုလုံးဝမထွက်တော့ဘူး "


"တကယ်ပါ... မိလုံးရယ်၊ကျွန်မသေသေချာချာကိုမြင်လိုက်တာပါ "


" မ...မပြောပါနဲ့တော့ဆရာမရယ်...မိလုံးကြောက်လို့ပါ၊ဆရာမမြင်ရတာ...မမလေးရတီချိုဖြစ်မှာပေါ့...ဒါကိုလျှောက်မပြောနဲ့ဆရာမ.. အိမ်ကလူတွေကမမလေးရတီချိုအကြောင်းပြောတာမကြိုက်ကြဘူး "


      ကျွန်မမှာ မိလုံးစကားကြောင့်နားမလည်နိုင်ဖြစ်သွားရပြီး "ဟင်...ဘာဖြစ်လို့မကြိုက်ကြတာလဲမိလုံး "


" ဟို...ဟို....မမလေးရတီချိုကညဘက်ကြီးလှေကားကနေပြုတ်ကျပြီးသေခဲ့ရတာလေ၊အဲ့အချိန်တုန်းကဆိုရင် ရဲတွေဆိုတာအိမ်မှာရှုပ်ယက်ခတ်နေလို့မနည်းဖြေရှင်းခဲ့ရတာ "


"ဟုတ်လား...ရတီချိုကသူ့ဘာသာပြုတ်ကျတာမဟုတ်ဘူးလား "


"မ...မသိပါဘူးဆရာမရယ်၊ဒီအကြောင်းတွေဆက်မပြောပါနဲ့တော့နော်..ဒီအိမ်ကြီးမှာလည်းဘာတွေဖြစ်နေလဲမသိဘူး...မရွှေမိကလည်း အမျိုးအိမ်ခဏပြန်မယ်ဆိုပြီးတော့ပြန်မလာတော့လို့ မိလုံးစိတ်ညစ်နေတာ....ဆရာမပါအလုပ်ထွက်ရရင်တော့...မိလုံးတစ်ယောက်တည်းဒီအိမ်ကြီးမှာမနေချင်တော့ဘူး "

*********************


     အချိန်ကညတစ်နာရီကျော်နေပြီဖြစ်သော်လည်း ကျွန်မမှာအတွေးပေါင်းစွာနှင့်အိပ်မပျော်နိုင်ဘဲရှိလေသည်။


" ဘုတ်...ဘုတ် " မှန်ပြတင်းပေါက်ဆီမှ နှစ်ချက်ဆင့်ထွက်ပေါ်လာသော အသံကြောင့် ရင်အစုံသည်ဒိန်းခနဲဆောင့်ခုန်သွားပြီးကျွန်မညှို့ငင်ခံရသူပမာ ပြတင်းဝနားသို့တဖြည်းဖြည်းလျှောက်သွားမိပြီး ပြတင်းမှတဆင့်ခြံကြီးထဲသို့လှမ်းကြည့်လိုက်မိသည်တွင်..."

‌" ဟင်...မရွှေမိပါလား "ကျွန်မအံသြမင်သက်စွာ နှုတ်မှခပ်တိုးတိုးရေရွတ်လိုက်မိလေသည်။ည၏လရောင်အောက်၌ မရွှေမိကိုအထင်းသားမြင်တွေ့လိုက်ရသည်။မရွှေမိသည် ခါးကြီးထောက်လျက်အိမ်ကြီးဘက်သို့စိုက်ကြည့်နေသည်ကို ကြည့်ရသည်မှာ ကျောချမ်းစရာကောင်းလှပေသည်။ကျွန်မတုန်တုန်လှုပ်လှုပ်နှင့်မရွှေမိကိုကြည့်နေစဥ်မှာပင် မရွှေမိသည်ကျွန်မရှိရာသို့ဖျတ်ခနဲလှမ်းကြည့်လာလေသည်။

-------------

31.1.2021

ဧကြည်ဖြူ


rate now: