book

Index 9

1937 Hindenburg ၏ကံဆိုးမိုးမှောင်ကျမှု

  • Author : Lucifer
  • Genres : Biography, Mystery, Science
  • Original Author : Dorix Flexner & Stuart Berg Flexner

1937 Hindenburg ၏ကံဆိုးမိုးမှောင်ကျမှု


1937 ခုနှစ် မေလ ၆ ရက်နေ့ Lakehurst, New Jersey မှာဖြစ်ပျက်ခဲ့တဲ့ Hindenburg လေသင်္ဘောပျက်ကျမှုဟာဆိုရင် လေသင်္ဘောအသုံးပြုမှု era ကိုရပ်တန့်သွားစေသည်အထိဖြစ်ခဲ့တယ်လို့ဆိုကျပါတယ်။ Hindenburg ဆိုတာက နောက်ဆုံးပြေးဆွဲခဲ့တဲ့ခရီးသည်တင်လေသင်္ဘောဖြစ်ခဲ့ပြီး ခရီးသွားတွေဟာဥရောပကနေမြောက်အမေရိက တောင်အမေရိကတို့ကိုလျင်မြန်စွာပျံသန်းသွားလာနိုင်တဲ့လေသင်္ဘောတစ်စင်းဖြစ်ပါတယ်။ ပေပေါင်း ၈၀၄ ပေရှည်လျားတဲ့ Hindenburg  လေသင်္ဘောပေါ်မှာဇိမ်ခံအသုံးအဆောင်ပစ္စည်းမျိုးစုံပါဝင်ခဲ့ပြီး အခြားသောလေသင်္ဘောတွေနဲ့မယှဉ်နိုင်လောက်အောင်ခမ်းနားတယ်လို့လည်းဆိုကျပါသေးတယ်။ ခရီးသည်တွေကကြီးကျယ်ခမ်းနားတဲ့ခန်းမမှာငြိမ့်ညောင်းတဲ့စန္ဒယားသံစဉ်ကိုနားထောင်၍ညစာသုံးဆောင်နိုင်ကျပြီး အနားယူဖို့အတွက်ကိုလည်းခေတ်မှီအသုံးအဆောင်တွေနဲ့ပြင်ဆင်ထားတာကြောင့် သက်တောင့်သက်သာရှိလှပြီး ငြိမ်းချမ်းစွာအိပ်စက်အနားယူနိုင်ပါတယ်။ ဒါ့အပြင်ဆေးလိပ်သောက်ရတာကြိုက်နှစ်သက်သူတွေအတွက်လည်း သီးသန့်ခန်းမျိုးလုပ်ပေးထားပါသေးတယ်။ ဒါပေမယ့်လည်းဒီစည်းစိမ်တွေရဲ့အောက်ဘက်မှာကြောက်မက်ဖွယ်ရာမကောင်းဆိုးဝါးတစ်ကောင်ကကိန်းအောင်းနေခဲ့ပါတယ်။ အဲ့ဒါကတော့တခြားမဟုတ်ပါဘူး…ခရီးသည်တွေအတွက်ပြင်ဆင်ထားပေးရာခန်းမတွေ အိပ်ဆောင်တွေ သီးသန့်ခန်းတွေရဲ့အောက်ဘက်မှာကုဗပေခုနစ်မီလီယံခန့်ရှိတဲ့ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့တွေကိုထားရှိထားတာဖြစ်ပါတယ်။ ဟိုက်ဒရိုဂျင်ဆိုတာကမီးလောင်လွယ်တဲ့ဓာတ်ငွေ့တစ်မျိုးဖြစ်တာကြောင့် Hindenburg ပေါ်ကခရီးသည်တွေဟာ မြွေပွေးခါးပိုက်ပိုက်ထားသလိုဖြစ်နေခဲ့တာကိုတော့မသိခဲ့ပါဘူး။ အင်ဂျင်အချင်းချင်းပွတ်တိုက်ရာကနေဖြစ်ပေါ်လာတဲ့မီးပွားစတစ်ချို့က ယိုစိမ့်လာတဲ့ဟိုက်ဒရိုဂျင်ဓာတ်ငွေ့တွေဆီကူးစက်ပြီး လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ယူဆကျပါတယ်။ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ယိုစိမ့်မှုဟာစုံစမ်းစစ်ဆေးသူတွေအတွက်ပဟေဠိတစ်ခုသဖွယ်ဖြစ်ခဲ့ပြီး Hindenburg ဟာယခင်တုန်းကလည်း ဟိုက်ဒရိုဂျင်ယိုစိမ့်မှုဖြစ်ပွားခဲ့သေးတယ်လို့လည်းပြောဆိုကျပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Hindenburg ပျက်ကျမှုဟာလေသင်္ဘောမြေပြင်ပေါ်သို့ဆင်းသက်နေစဉ်အတွင်းမှာဖြစ်ပွားခဲ့တာပါ။ Lakehurst လေယာဉ်ကွင်းမှာဆင်းသက်နေစဉ်အတွင်း mooring mast လို့ခေါ်တဲ့လေသင်္ဘောများဆိုက်ကပ်ပြီးနောက်ကျောက်ချရာနေရာကို နောက်မြီးပိုင်းနဲ့ဝင်တိုက်မိခဲ့တာဖြစ်ပါတယ်။ Hindenburg ပျက်ကျမှုကြောင့် ၉၇ ယောက်အနက် ၆၂ ယောက်သာအသက်ရှင်ခဲ့ပြီး ဒဏ်ရာအနာတရတွေကိုခံစားခဲ့ရပါတယ်။ လေသင်္ဘောအရာရှိခြောက်ဆယ့်တစ်ယောက်အနက် နှစ်ဆယ့်နှစ်ယောက်သေဆုံးခဲ့ပြီး ခရီးသည်သုံးဆယ့်ခြောက်ယောက်အနက် ဆယ့်သုံးယောက်သေဆုံးခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Hindenburg ပျက်ကျမှုဟာလေသင်္ဘောအသုံးပြုမှုကိုလုံးဝရပ်တန့်သွားစေခဲ့ပါတယ်။





rate now: