1908 Maryland ၌လေယာဉ်ပျက်ကျခြင်း
ထင်ရှားကျော်ကြားတဲ့တီထွင်သူ Orville Wright မောင်းနှင်ခဲ့တဲ့လေယာဉ်ဟာစက်ပစ္စည်းချွတ်ယွင်းမှုဖြစ်ပွားခဲ့ပြီး
စက်တင်ဘာလ ၁၇ ရက်နေ့ Maryland ရှိ Meyer ခံတပ်မှာသရုပ်ပြပျံသန်းနေစဉ်အတွင်းပျက်ကျခဲ့ပါတယ်။ Orville ကတော့ခြေထောက်ဒဏ်ရာနဲ့နံရိုးတွေကျိုးကာလွတ်မြောက်ခဲ့ပေမယ့် လိုက်ပါစီးနင်းခဲ့သူ Lieutenant T. E.
Selfridge ကတော့ဦးခေါင်းထိခိုက်ခဲ့တာကြောင့်ဆေးရုံရောက်ပြီးချိန်မှာပဲသေဆုံးခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကအစောဆုံးဖြစ်ပွားခဲ့တဲ့ပြင်းထန်သောလေယာဉ်ပျက်ကျမှုဖြစ်ခဲ့ပြီး Lieutenant T.E. Selfridge ဟာလည်းလေယာဉ်ပျက်ကျမှုကြောင့်ပထမဦးဆုံးအသက်သေဆုံးခဲ့သူဖြစ်ခဲ့ပါတယ်။ သူသေဆုံးချိန်ကအသက် ၂၆/၂၇ အရွယ်လောက်သာရှိပါသေးတယ်။
အားလုံးသိကျတဲ့အတိုင်း Orville Wright ဆိုတာပထမဦးသောလေယာဉ်ကိုတီထွင်ခဲ့သူ Wright ညီအစ်ကိုနှစ်ဦးထဲကတစ်ယောက်ဖြစ်ပြီး နောက်တစ်ယောက်ကတော့ Wilbur Wright ပါ။ သူတို့နှစ်ယောက်ကပထမဆုံးသောလေယာဉ်ကို ၁၉၀၃ ခုနှစ်မှာတီထွင်နိုင်ခဲ့ပြီး ၁၉၀၅ ခုနှစ်အကုန်မှာတော့ လေယာဉ်မောင်းအတတ်ပညာနဲ့ပတ်သက်ပြီး စူးစမ်းရှာဖွေချင်စိတ်ကနေ ဘာကြောင့်လေယာဉ်တွေကိုစီးပွားရေးနဲ့ပတ်သက်ပြီးအသုံးမပြုနိုင်ရမှာလဲဆိုတဲ့အတွေးတစ်ခုရခဲ့ပါတယ်။ ဒါကြောင့်မို့လို့ Wright ညီအစ်ကိုနှစ်ဦးဟာ U.S. အစိုးရနဲ့လက်တွဲလုပ်သွားဖို့ကြံစည်ခဲ့ပြီးစိတ်မကောင်းစွာနဲ့ပဲပထမဦးဆုံးအကြိမ်မှာငြင်းပယ်ခြင်းခံခဲ့ရပါတယ်။ ဒါပေမယ့် ၁၉၀၈ ခုနှစ်မှာတော့ U.S. အစိုးရအပြင် ပြင်သစ်ဘက်မှခေါ်ယူသောစာချုပ်ရရှိခဲ့ပြီး Maryland ရှိ Meyer ခံတပ်မှာသရုပ်ပြပျံသန်းဖို့အတွက်ဖြစ်လာခဲ့တာပါ။ Maryland မှာသရုပ်ပြပျံသန်းစဉ်စက်တင်ဘာလပထမနှစ်ပတ်အတွင်း Orville Wright ဟာကမ္ဘာ့စံချိန်ကိုနှစ်ကြိမ်ချိုးဖောက်နိုင်ခဲ့ပြီး စက်တင်ဘာလ ၉ ရက်နေ့မှာ ပျံသန်းချိန်စုစုပေါင်းကြာချိန် ၆၂ မိနစ်နဲ့ပထမအကြိမ်ချိုးဖောက်ခဲ့ပြီး ဒုတိယအကြိမ်ကတော့ စက်တင်ဘာလ ၁၂ ရက်နေ့မှာပျံသန်းချိန် ၇၄ မိနစ်နဲ့ချိုးဖောက်ခဲ့တာဖြစ်ပါတယ်။ ပျံသန်းနေစဉ်အတွင်းသူ့ဘေးမှာအရာရှိတစ်ယောက်စီဟာအမြန်နှုန်း အချိန်နဲ့ အတိုင်းအတာတို့ကိုမှတ်သားဖို့အတွက်လိုက်ပါစီးနင်းခဲ့ရပါတယ်။
စက်တင်ဘာလ ၁၇ ရက်နေ့ပျံသန်းချိန်အတွင်းမှာတော့ Orville Wright နဲ့အတူလိုက်ပါစီးနင်းသူက Selfridge ဖြစ်ခဲ့ပြီး ကံမကောင်းစွာနဲ့ပဲပျံသန်းချိန်နှစ်မိနစ်သုံးမိနစ်ခန့်အကြာမှာတော့ လေယာဉ်မှာတပ်ဆင်ထားတဲ့ကိရိယာတစ်ခုဟာကွဲထွက်သွားခဲ့ပြီး အင်ဂျင်ကိုပြင်းထန်သောတုန်ခါမှုဖြစ်စေခဲ့တာကြောင့် Orville Wright ကအင်ဂျင်ခလုတ်ကိုပိတ်ခဲ့ပေမယ့် လေယာဉ်ကိုထိန်းချုပ်မှုမလုပ်နိုင်ခဲ့တာကြောင့်ပျက်ကျခဲ့ပါတယ်။ ဒါပေမယ့် Wright ညီအစ်ကိုနှစ်ဦးရဲ့ပျံသန်းမှုကိုစစ်တပ်ဘက်ကသဘောကျခဲ့တာကြောင့် U.S. အစိုးရကလက်ခံပေးခဲ့ပြီး တစ်ပြိုင်တည်းမှာပဲပျံသန်းခြင်းကိုစမ်းသပ်ဖို့အတွက်လုပ်ဆောင်ခဲ့ကျပါတယ်။ပျံသန်းနေစဉ်အတွင်း Selfridge ကြုံတွေ့ခဲ့ရသလိုအဖြစ်ဆိုးမျိုးနဲ့ကြုံတွေ့လာလျှင်ကာကွယ်နိုင်ရန်ဆိုတဲ့အတွေးနဲ့ လေယာဉ်မောင်းစဉ်မှာဦးထုပ်အကာအကွယ်တွေဆောင်းကာမောင်းနှင်ခဲ့ကျပါတယ်။
လေယာဉ်တွေကိုပထမဦးဆုံးအနေနဲ့ပျံသန်းခဲ့ကျစဉ်အချိန်တုန်းကတော့အန္တရာယ်အပြည့်နဲ့ဆူးခင်းလမ်းတစ်ခုဖြစ်ခဲ့ပေမယ့် ယနေ့ခေတ်အခါကိုရောက်ရှိလာတဲ့အခါမှာ လေကြောင်းလမ်းဟာ ပို့ဆောင်ဆက်သွယ်ရေးနည်းလမ်းတွေထဲမှာအန္တရာယ်အကင်းဆုံးနည်းပညာတစ်ခုဖြစ်လာခဲ့ပြီး လေယာဉ်ပျက်ကျမှုဟာလည်းတဖြေးဖြေးနဲ့လျော့နည်းလာခဲ့ပါတယ်။