book

Index 9

အခန်း ၉

" သက်သက်မာ "

ရှင်မနုတ်ခမ်းက ဖွဖွလေး ရွတ်လိုက်သည်။ သက်သက်မာက ရှင်မနှင့်အတန်းတူ ၊ အခန်းတူဖြစ်ပြီး သူရိန်နှင့်ပက်သက်ကထဲက ရှင်မအပေါ် ခုထိ အမြင်မကြည်လင်သောသူ ဖြစ်သည်။ သက်သက်မာနှင့် ရှင်မ စကားမပြောသည်မှာ ရှစ်တန်းနှစ်ထဲကပင်။ ရှင်မစိတ်ထဲ လှပ်ခနဲ စိတ်အားငယ်သွားရသည်။ ကျောင်းမှာ မာနကြီးပြီး စာကလွဲ ဘယ်သူ့မှရှိသည်ဟု မထင်တတ်သည့် ရှင်မက ယခု သက်သက်မာနှင့် လာပက်သက်ရပြီလားမသိ။ 

" ဥမ္မာ သူက ..... "

သက်သက်မာက စူးစမ်းသလို ရှင်မကို လှမ်းကြည့်ပြီး ဥမ္မာ့ကို လှမ်းမေးလေ၏။ 

" သူက ငါ့ညီမ ၀မ်းကွဲလေ သက်သက်ရဲ့ သူလည်း အလုပ်လုပ်ချင်တယ် ဆိုလို့ ငါခေါ်လာတာ "

" ဪ အလုပ်သမားအသစ်ကြီးကိုး
ဟုတ်ပါပြီ လုပ်ကြနော် သက်သက် ဆိုင်ထဲသွားတော့မယ် "

ပြောပြောဆိုဆို ရှင်မကို ခနဲ့သလိုလို ပြုံးပြသွားသည့် သက်သက်မာကို ကြည့်ပြီး ရှင်မရင်ထဲ၌ရှိနေ‌သည့် မာနအပိုင်းစ‌ေလးက တိုးထွက်လာ၏။
မုန့်တိုက်ထဲကနေ လမ်မဘေးမှာဖွင့်ထားသည့် " စိန်ပဒေသာ " မုန့်ဆိုင်ထဲ သို့ ထွက်ခွာသွားသည့် သက်သက်မာ၏ ကျောပြင်ကို ငေးကြည့်ရင်း ရှင်မရင်ထဲ နာနာကျင်ကျင်ခံစားလိုက်ရသည်။ ဥမ္မာက မျက်စိမျက်နှာ ပျက်နေသည့် ရှင်မမျက်နှာကို ငေးကြည့်ပြီး နားမလည်နိုင်သလို မေးရှာသည်။

" ရှင်မ နင်ဘာဖြစ်နေတာလဲ အဆင်ပြေရဲ့လားဟင် "

ဥမ္မာကို ခေါင်းခါပြရင်း 

" ပြေပါတယ် သူက ဒီဆိုင်နဲ့ ဘယ်လိုပက်သက်လဲဥမ္မာ "

ဟုမေးလိုက်သည်။

" သူကဒီဆိုင်ပိုင်ရှင် သမီးအငယ်ဆုံး ရှင်မရဲ့ သက်သက်ကသဘောကောင်းပါတယ် မာန်မာနမရှိဘူး အလုပ်ရှင် အလုပ်သမားမခွဲခြားဘူး"

ဥမ္မာ့ကို ဘာမှဆက်မပြောမိတော့ပါ။ အလာတုန်းက တက်ကြွပျော်ရွှင်နေသည့်စိတ်က ရှင်မ ရင်ထဲမှ အလိုလိုပျောက်သွားကြသည်။
ဥမ္မာပြပေးသည့်အတိုင်း လိုက်ထုပ်ရင်း အလုပ်ထဲ စိတ်ကိုနှစ်ထားလိုက်၏။ သက်သက်မာအပေါ် အမြင်မကြည်သည်များ ခဏတာ မေ့ပျောက်သွားသည်။

" ရှင်မ ရော့ စားလေ မုန့် "

မုန့်ထုပ်ရင်းမှ ဥမ္မာတို့ညီအစ်မက ရှင်မကို မုန့်များလှမ်းကျွေး၏။ 

" ဟင် မစားချင်ပါဘူး ပိုင်ရှင်သိရင် ပြောမှာပေါ့ ပိုင်ရှင်မသိတဲ့ပစ္စည်းကို ပိုင်ရှင်ကိုယ်တိုင် ပေးတာမဟုတ်ဘဲ ငါဘယ်‌ေတာ့မှ မစားဘူး မယူဘူး "

" နင်ကလည်း မူနေပြန်ပြီ ငါတို့မုန့်ထုပ်သူတိုင်း စားလို့ရတယ်ဟ သူတို့ကစားတာကိုအပြစ်မပြောဘူး "

" နင်တို့ကို သူတို့က ယူစားလို့ လာပြောလား "

" ဟင့်အင်း မပြောဘူး အားလုံးဒီလိုပဲစားကြတာကို "

" အဲဒါပဲလေ နင်တို့က မုန့်ထုပ်သူဆိုပြီး
အခွင့်ရေးယူ စားနေကြတာ နင်တို့စားတာကို သူတို့ကြိုက်မကြိုက် နင်တို့သိလား သူတို့မပြောတိုင်း ကြိုက်တယ်လို့ယူဆမနေနဲ့ ငါကတော့ သူတို့ကျွေးတာမဟုတ်ဘဲ မစားဘူး ကျွေးတာတောင် စားဖို့စဉ်းစားဦးမှာ အစားတစ်လုပ်အတွက်နဲ့ ကွယ်ရာမှာ ချနင်းခံရမယ့် ငါ့သိက္ခာကိုပဲ ငါတန်ဖိုးထားတယ် "

ဥမ္မာက ရှင်မကို မျက်စောင်းထိုးဆိုရင်း မဲ့ပြသည်။  

" နင်ကလေ သိပ်ကြီးကျယ်တာပဲ စကားကြီးစကားကျယ်တအားပြောတယ် "

" ကြီးကျယ်တာမဟုတ်ပါဘူး ငါ့အမြင်ကို ပြောပြတာ "

ရှေ့မှာ ရှိသည့် မုန့်ပုံကြီးက တဖြည်းဖြည်းကုန်လုလုဖြစ်လာသဖြင့် ရှင်မတို့ သွက်သွက်လက်လက် ထုပ်လိုက်ကြသည်။ ထုပ်၍ အားလုံးပြီးစီးမှ ရှင်မတို့ညီအစ်မ သုံးယောက်ပြန်လာကြ၏။ လမ်းရောက်တော့ ရှင်မကပင် 

" ငါနောက်နေ့ မလိုက်ချင်တော့ဘူး "

ဟုဆိုလိုက်သည်။ 

" နင်က ဘာဖြစ်ရပြန်တာလဲ နေဦးရှင်မ နင်နဲ့သက်သက်က သိနေကြတာလား "

ဥမ္မာ့အမေးကို ခေါင်းညိတ်ပြလိုက်သည်။  

" သိပါ့ တစ်ခန်းထဲ ၊ တက်နေကြတာ သူနဲ့ငါက စကားမပြောဘူး "

" သိတော့ဘာဖြစ်လဲ ရှင်မရယ် စကားမပြောလည်း မပြောနဲ့ပေါ့ သူလည်းသူ့ဘာသာနေပေါ့ ကိုယ်လည်း ကိုယ့်ဘာသာနေပေါ့ သက်သက်က အလုပ်ကိစ္စတွေမှာ ဘာမှ၀င်မပါတတ်ပါဘူး "

" ဟုတ်တော့ဟုတ်ပါတယ်လေ ဒါပေမယ့် ငါနဲ့မတည့်တဲ့သူဆီမှာ အလုပ်လုပ်ရတာ စိတ်ထဲတမျိုးကြီး အင်းပါ ဘာပဲဖြစ်ဖြစ် ငါပြန်လုပ်ပါ့မယ် "

စကားတပြောပြောနှင့် လျှောက်လာကြရင်း ရှင်မတို့ ခရေပင်ကြီးနားရောက်တော့ မှောင်နေသည့်အတွက် ပန်းကောက်ချင်သော်လည်း မကောက်ဖြစ်တော့ပါ။ 
ရှင်မအိမ်ရှေ့ရောက်လာတော့ ဘဘက ထွက်စောင့်နေသည်။ ရှင်မကိုမြင်မှ 
အိမ်ထဲပြန်၀င်ရင်း ပွစိပွစိရွတ်သည်။

" ရှင်မရယ် မိုးချုပ်လိုက်တာ နောက်နေ့လုပ်မနေနဲ့ "

ဘဘစကားကို ရှင်မ ခွန်းတုံ့မပြန်ဘဲ အိမ်ထဲ၀င်လာလိုက်၏။ 

" ဘဘ ထမင်းစားပြီးပြီလား "

" မစားသေးပါဘူး ငါ့မြေးစောင့်နေရင်း ဘုရားကန်တော့နေတာ "

" အဆာလွန်မယ်လေ သမီးကိုဘာလို့စောင့်ရတာလဲဘဘရဲ့ စားနှင့်တာမဟုတ်ဘူး "

" မဆာပါဘူး သမီး၀ယ်လာပေးတဲ့ ရွှေထမင်းစားထားတော့ ဗိုက်ကိုမဆာတာ "

" အဲဒါဆို သမီးထမင်းပွဲ ပြင်လိုက်မယ်နော် "

ဘဘကို ပြောပြီး မီးဖိုထဲတန်း၀င်ကာ ထမင်းပွဲပြင်လိုက်သည်။ ရှင်မပြင်ပေးသည့် ထမင်းပွဲမှာ မြေးအဖိုးနှစ်ယောက် အားရပါးရ စားးလိုက်ကြ၏။ စားပြီးသည်နှင့် ဘဘက အိမ်ရှေ့မှာ ခေါက်တုန့်ခေါက်ပြန် လမ်းထွက်လျှောက်နေသလို ၊ 
ရှင်မက ဘဘကို ငေးကြည့်ရင်း သူရိန့်ကို တမ်းတမ်းတတ သတိရနေမိသည်။

*******

ရှင်မဈေးရောင်းလာသည်မှာ သုံးလပင် 
ကျော်လာပြီ။ ဘဘကျန်းမာရေးက တအားမဆိုးလာတာပဲ ကျေးဇူးတင်ရ၏။ 
အိမ်အတွက် လိုအပ်တာသုံးသလို ၊ ပိုသည့်ငွေ အနည်းငယ်လည်း ရှင်မစုထားနိုင်သည်။ ဈေးရောင်းရ၀င်ငွေသည် ရှင်မနှင့်ဘဘ၏ စား၀တ်နေရေးကို အထောက်ကူပြုသည့်အတွက် ရှင်မကျေနပ်ရပါသည်။ တခါတခါအနေခက်လာသည့် ဘဘ၏ရောဂါအတွက် ဆေးခဏခဏ ခေါ်ထိုးရသည်။ မခံမရပ်နိုင်ပုံနှင့် ဘဘအော်ဟစ်နေရသည့်အခါတိုင် ရှင်မမှာ ငေးကြည့်ပြီး စိတ်မကေင်း ဖြစ်ရပြန်၏။ အသက်ကြီးမှ ဝေဒနာခံစားနေရသောဘဘကို သနားမိသည်။

" အခုရက် ဆီးသွားရင် ပြည်တွေ သွေးတွေ ပါလာတယ်သမီးရဲ့ ဒေါက်တာလွမ်းဝေကို ပင့်မှဖြစ်မယ်ထင်တယ် "

ဝေဒနာကို ကြိတ်မှိတ်ခံစားရင်း ဘဘဆိုတော့ ‌သူရိန်‌့ဖေဖေ ဦးလှိုင်ကို အကူညီတောင်းရသည်။ 

" ဦးလှိုင်ရေ သမီးကို ဒေါက်တာလွမ်းဝေကို ပင့်ပေးပါနော် ဘဘ ပြန်ဖြစ်နေလို့ "

" အေးအေး သမီး ဦးလှိုင် သွားပင့်ပေးမယ် "

ဦးလှိုင်နှင့်အတူ ဒေါက်တာလွမ်းဝေရောက်လာတော့ ဘဘကို လိုအပ်တာမှန်သမျှ စစ်သလို သက်သာအောင် ဆေးလည်း ထိုးပေးသည်။ ဒေါက်တာလွမ်းဝေ သုံးရက်လောက် ဆေးလာထိုးပေးလျှင် ဘဘရောဂါက ခဏတာ သက်သာသွားပြန်သည်။  
‌သည်လိုနှင့် ကိုးတန်းအေင်စာရင်းထွက်လာတော့ ရှင်မအောင်သည်။ 
ဆယ်တန်းတက်ရမည့် ရှင်မအတွက် ဘဘက ကျေနပ် ပီတိဖြစ်နေပြန်၏။

" နောက်တစ်နှစ်ဆိုရင် ငါ့မြေးဆယ်တန်းအောင်ပြီကွ "

ဆယ်တန်းအတွက် ကြိုတွေးပျော်နေသည့် ဘဘကိုကြည့်ပြီး ရှင်မရယ်လိုက်၏။ လာမယ့်နှစ် ဆယ်တန်းတက်ရမည့်အတွက် ရှင်မလည်း ကြိုရင်ခုန်နေရပါသည်။ 
တစ်ညတော့ သူစားချင်သည်ကို ဘဘကပူဆာသည်။ 

" သမီးရေ မနက်ဈေးသွားရင် ဘဘအတွက် အမဲသား ၀ယ်လာပေးစမ်းပါ သမီးရယ် ဘဘအမဲသား တအားစားချင်တာပဲ "

ဘဘစားချင်သည့် အရာမှန်သမျှ ရှင်မအမြဲချက်ကျွေးသည်။ ရှင်မဈေးရောင်းပြီးနောက်ပိုင်း ဘဘကို ပေါ်ဆန်းမွှေးဆန်ပဲ စား‌ေစခဲ့သည်။ ရှင်မ ပေါ်ဆန်းမွေး၀ယ်လာစနေ့က ဆန်ကိုမြင်ပြီး ဘဘမေးသည်။

" ရှင်မ အိမ်မှာ ဆန်ရှိတယ်လေ ဘာလို့ ဒီဆန်တွေ ထပ်၀ယ်လာတာလဲ "

" ဘဘကို ဆန်ကောင်းတာလေး ကျွေးချင်လို့ပါ "

" မြေးရယ် အခုစားနေတဲ့ ရွှေဝါထွန်းကလည်း ကောင်းနေတာကို ပိုက်ဆံအပိုကုန်အောင် "

" ဘဘက အသက်ကြီးပြီလေ ဆန်‌ေပျာ့ပျော့လေး ကျွေးချင်လို့ပါဆို "

" ဟား ဟား နင်နဲ့ကျမှ ငါလည်း လူမမာလုံးလုံးဖြစ်ရတာပဲ ငါ့မြေးရယ် "

ဘဘမျက်နှာပေါ်က ကျေနပ်ပီတိပြုံးနှင့် တဟားဟားအော်ရယ်တိုင်း ရှင်မစိတ်ချမ်းသာရပါသည်။ ဘဘကို အခုလို အမြဲပျော်စေချင်သည်။ 
မနက်ဈေးရောက်တော့ ဈေးရောင်းသိမ်းသည်နှင့် ဘဘအတွက် အမဲသား အသားကောင်းလေးချည်း အစိတ်သား၀ယ်လိုက်ပြီး တခြားဘဘကြိုက်တတ်ရ‌ာလေးများပါ ၀ယ်လာ‌ခဲ့သည်။ အိမ်ရောက်သည်နှင့် ဘဘအကြိုက် အမဲသား ပြုတ်ကျော်လေးကို ကိုယ်တိုင်၀င်ကြော်လိုက်ပြီးမှ နေ့လည် ထမင်းစားဖို့ ခူးခပ်ပြင်ဆင်
လိုက်၏။ ရှင်မ‌ေကြာ်ပေးထားသည့် အမဲသားကြော်နှင့်သာ ဘဘစားပြီး ကျန်ဟင်းများမနှိုက်ပါ။ 

" ဘဘစားကောင်းလားဟင် "

" ကောင်းလိုက်တာသမီးရယ် ဘဘအကုန်စားမှာ "

" စားပစ် ဘဘ သမီးမနက်ဖန်ထပ်ကြော်ပေးမယ် "

အားရပါးရစားနေသည့် ဘဘပုံလေးက တကယ့်ကလေးလေးနှင့် တူနေသဖြင့် 
ရှင်မ‌ေငးနေမိသည်။ ထမင်းစားသောက်ပြီးသည်နှင့် ဘဘက တရေးအိပ်နေသလို ၊ ရှင်မက ရေမိုးချိုး ၊ ပြင်ဆင်ပြီး ဥမ္မာတို့ညီအစ်မနှင့် အလုပ်ထွက်လာခဲ့လိုက်၏။ အလုပ်ရောက်သည်နှင့် အော်ဒါတအားများသည့်အတွက် မုန့်များ အပြီးထုပ်ပေးရန် အလုပ်ရှင်က ပြောသည်။ ရှင်မတို့တတွေ အားကြိုးမာန်တက် ထုပ်ကြသော်လည်း ည ၈ နာရီအထိပင် မုန့်ကမပြီးပါ။ စိတ်ပူနေမည့် ဘဘမျက်နှာ မြင်‌ေယာင်တော့ ရှင်မ အလုပ်လုပ်ရသည်မှာ စိတ်မဖြောင့်။ လက်မှာပတ်ထားသည့်
နာရီလေးဆီသာ အကြည့်ကတရွေ့ရွေ့။

" ရှင်မ ပြန်ချင်နေပြီလား ပြီးတော့မှာပါဟ "

" ဘဘစိတ်ပူမှာ စိုးလို့ပါ အခုက ကိုးနာရီတောင် ထိုးတော့မယ် "

ဥမ္မာ့ကို ပြန်ဖြေရင်း သက်ပြင်းချလိုက်မိသည်။ သည်နေ့ ရှင်မစိတ်ထဲ မွန်းကြပ်လေးလံနေသလို ခံစားနေရလေ၏။ အားလုံးလုထုပ်ကြသည့်အတွက် ညကိုးနာရီကျော်တော့ မုန့်ကပြီးစီးသွားသည်။ အခုမှပဲ ရှင်မသက်ပြင်းချနိုင်၏။ ရှင်မတို့ညီအစ်မတစ်စု ခပ်သွက်သွက် အိမ်ပြန်လာကြသည်။ မုန့်တိုက်နှင့် အိမ်က နာရီ၀က်၀န်းကျင် လမ်းလျှောက်ရသဖြင့် ဆယ်နာရီထိုးခါနီးမှ အိမ်ပြန်ရောက်လာကြ၏။ အိမ်ရှေ့ရောက်တော့ အရင်လို ထွက်မကြိုသည့် ဘဘကြောင့် စိတ်ဆိုးနေတာကို ရိပ်မိလိုက်သည်။ ရှင်မ ခြံထဲ လှမ်း၀င်ရင်း ဘဘကို အော်ခေါ်လိုက်သည်။ 

" ဘဘရေ ဘဘ သမီးပြန်လာပြီ ဘဘရေ ဘဘ"

ရှင်မခေါ်သံကို ကြားသော်လည်း ဘဘက ပြန်မထူးသဖြင့် စိတ်ထဲ စိုးရိမ်သွားပြီး စေ့ထားသည့်အိမ်တံခါးမဆီ သွက်သွက်လှမ်းလိုက်ပြီး တံခါးကို တွန်းဖွင့်လိုက်သည်။ အိမ်ထဲရောက်သည်နှင့် ဘဘကို အော်ခေါ်ရင်း အိမ်အနံ့ လိုက်ရှာမိ၏။  
ဘယ်မှာမှ မတွေ့တော့ ရင်သည် ဝုန်းခနဲ ဆူပွက်သွားသည်။ စိုးရိမ်ပူပင်စိတ်က ခန္ဓာကိုယ်အနှံ့ စီး၀င်လာ၏။
အလန့်တကြားနှင့် အိမ်ရှေ့ခြံထဲဆင်းပြီး အော်ခေါ်မိပြန်သည်။

" ဘဘ ဘဘရေ ဘဘ ဘယ်သွားနေတာလဲ ဘဘရေ "

ရှင်မအသံများက ငိုသံနှင့်အတူ တုန်ရင်နေကြသည်။ ရှင်မဘယ်လောက်အထိ ရှာမိနေလဲမသိ။ တစ်ဖက်ခြံက ဒေါ်လေးနွယ်ကို မြင်လိုက်ရမှ ဘဘကိုရှာနေရာက ရပ်လိုက်သည်။ 

" ဒေါ်လေးနွယ် ဘဘ ဘယ်သွားတာလဲဟင် ဒီအချိန် ဘယ်မှမသွားဖူးပါဘူး ဟင့် ဟင့် "

စိတ်ပူပြီး ငိုချလိုက်သည့်ရှင်မဆီ ဒေါ်လေးနွယ်က လှမ်းလာပြီး သူ့ရင်ခွင်ထဲ ဆီးပွေ့ထားလိုက်သည်။ 

" သမီးရယ် မငိုပါနဲ့ သမီးဘဘကို ညရှစ်နာရီလောက်ထဲက ဆေးရုံတင်လိုက်ရတယ် သမီးရဲ့ သမီးဦးလှိုင်က သမီးဘဘနဲ့ပါသွားကြတယ် ကိုမြင့်ဆွေတို့ရောအတူတူ သမီးရဲ့ ဒီည သမီးက ဒေါ်လေးနဲ့ လိုက်အိပ်နော် မနက်ကျရင် ဆေးရုံအတူတူသွားကြတာပေါ့ "

ဒေါ်လေးနွယ်စကား ကြားလိုက်ရသည့်တခဏ ရှင်မကိုယ်ပေါ်မှာ ရုတ်တရက် အသိကင်းလွတ်သွားသလို ခံစားလိုက်ရသည်။ ရှင်မကြောက်သောနေ့က ရောက်လာခဲ့ပြီလား။ ဘဘများ မတော်တဆ ရှင်မကို ခွဲသွားခဲ့ရင် ရှင်မ ဘယ်လိုရပ်တည်ရမလဲ။ ရှင်မဘယ်သူနဲ့နေရမှာလဲ။ ရှင်မအပေါ် ဘာလို့ရက်စက်ရတာလဲ ကံကြမ္မာကြီးရယ်။ ရှင်မဘဘကို မခေါ်ပါနဲ့ဦးနော်။ ရှင်မဘွဲ့ရတဲ့အထိ စောင့်ပါနော်။ ရှင်မဘ၀ထဲက ဘဘကိုမခေါ်သွားပါနဲ့။ ဘဘမရှိမှာ ရှင်မကြောက်တယ်။ ဘဘမရှိမှာ ရှင်မကြောက်တယ်။ ဘဘရေ။ ရှင်မကိုခွဲမသွားပါနဲ့နော်။  

" သမီး ရှင်မ သမီးလေး သတိထားပါ သမီးရယ် သမီးဘဘက ဆေးရုံရောက်ရင် ကောင်းသွားမှာပါ နော် "

တွေတွေကြီး ကျောက်ရုပ်လို ငြိမ်သက်နေသည့် ရှင်မကိုယ်ခန္ဓာအား ဒေါ်လေးက ပုတ်ပြီး လှုပ်ခေါ်မှ ရှင်မအသိ၀င်လာရသည်။ ပြီးမှ ကလေးတစ်ယောက်လို ချုံးပွဲချ ငိုလိုက်၏။ 
အကြာကြီးငိုနေသည့် ရှင်မကို ဒေါ်လေးက ချော့ပြီး သူ့အိမ်ဆီ ခေါ်သွားသည်။ ရှင်မတို့အိမ်လေးကို အပြင်က သော့ခတ်ပြီး ဒေါ်လေးနွယ်နောက် လိုက်လာခဲ့သော်လည်း ရှင်မမျက်၀န်းများက အိမ်လေးဆီ လှည့်တကြည့်ကြည့်။ 
ထိုညက သူရိန့်အခန်းတွင် ရှင်မအိပ်ရသည်။ သူရိန့်အခန်းက အခုချိန်ထိ သပ်ရပ် သန့်ရှင်းနေဆဲ။ 

" သမီးရှင်မ ဒီည သားသူရိန်အခန်းမှာ အိပ်နော် သားအခန်းကို နေ့တိုင်း ဒေါ်လေးက ၀င်ရှင်းထားပေးတာလေ သားသူရိန်ပြန်လာရင် အဆင်သင့်နေလို့ရအောင် "

ဒေါ်လေးစကားကြားတော့ ရှင်မ ဒေါ်လေးအတွက် စိတ်မကောင်းဖြစ်ရပြန်သည်။ ဒေါ်လေးကျ သူရိန့်ကို သိပ်ချစ်တာပါလား။
ရှင်မစိတ်ထဲ သိချင်သည့်အရာတစ်ခုအား မြိုသိပ်မရဘဲ ဒေါ်လေးကိုမေးလိုက်မိသည်။

" ဒေါ်လေး သူရိန့်ကို သိပ်ချစ်တာပဲလားဟင် "

ရှင်မအမေးကို ကြားတော့ ဒေါ်လေးက ရှင်မကိုပြန်ပြုံးပြရင်း ဖြေသည်။ 

" ဪ သမီးရယ် ချစ်တာပေါ့ ကိုယ်မွေးထားတဲ့သားသမီးကို မချစ်တဲ့မိဘ ဘယ်ရှိပါ့မလဲ "

" သမီးမေမေကရော သမီးကို ချစ်တာသေချာရဲ့လားဟင် သမီးဖေဖေကရော သမီးကိုချစ်တာ သေချာကြရဲ့လား သူတို့မှာ သမီးရှိတာတောင် သတိမရကြဘူး "

" သမီးရယ် "

ရှင်မက စဉ်းစားသလို တွေတွေလေး ငေးရင်း ‌ပြန်ဖြေလိုက်သည်။ သက်ပြင်းရှိုက် ညည်းညူရင်း အခန်းထဲက ဒေါ်လေးထွက်သွားမှ သူရိန့်အခန်းထဲ အခန်းတနှံ့ စိတ်၀င်တစား အကဲခတ်လိုက်၏။ သူရိန့်မျက်နှာအား ပြန်မြင်‌ေယာင်မိရင်း ရှင်မ အိပ်ပျော်သွား
လေတော့သည်။

*************

" အား ဘဘ ဘဘ "

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရာမှ အိပ်မက်ဆိုးမက်ပြီး ရှင်မ လန့်‌ေအာ်ပြီး ငုတ်တုတ် ထထိုင်လိုက်မိသည်။ ရှင်မအသံကြားလို့ထင့်။ ဒေါ်လေးနွယ်က အခန်းထဲ ပြေး၀င်လာ၏။

" သမီး ရှင်မ ဘာဖြစ်တာလဲဟင် "

အလန့်တကြားမေးနေသည့် ဒေါ်လေးနွယ်က ငုတ်တုတ်ထထိုင်ပြီး လန့်နေသည့် 
ရှင်မကို ဆီးပွေ့ထားသည်။ 

" ဒေါ်လေး ဒေါ်လေး ဘဘ ဘဘ "

" သမီးရယ် စိတ်စွဲလို့ပါ အိပ်မရရင်ထနော် မျက်နှာသစ်ပြီး ဘုရားကန်တော့လိုက် ဒေါ်လေးလည်း ဆေးရုံမှာ စားဖို့ ချက်ပြုတ်ပေးနေတာ "

" ဟုတ် ဒေါ်လေး "

ရှင်မ ဆက်ပြီးမအိပ်ချင်တော့သဖြင့် အိပ်ရာက ထပြီး သွားတိုက် ၊ မျက်နှာသစ်လိုက်သည်။ မျက်နှာသစ်ပြီးသည်နှင့် ဒေါ်လေးရှိရာ မီးဖိုခန်းထဲ ၀င်လာလိုက်၏။ 

" သမီး ညက ထမင်းမစားဘူး ဗိုက်
ဆာနေတယ်မဟုတ်လား ဒေါ်လေး ပဲပြုတ်နဲ့ ထမင်းကြော်ထားတယ် ငါးဖယ်ကြော်နဲ့ ပုဇွန်ဟင်းရှိတယ် စားလိုက် သမီးလေး "

ဗိုက်ထဲ ဆာလာသဖြင့် ရှင်မ ဒေါ်လေးခူးပေးသည့်ထမင်းကို စားလိုက်သည်။ ထမင်းစားနေရင်း ဘဘကို စိတ်ပူသည့်စိတ်က ၀င်လာတော့ မျက်ရည်များက 
မျက်ဝန်း၌ ရစ်ဝဲလာရသည်။ ဒေါ်လေး ချက်ပြုတ်‌ေနသဖြင့် အိမ်ခဏပြန်ရန် ဒေါ်လေးဆီ ခွင့်တောင်းလိုက်သည်။ 

" ဒေါ်လေး သမီး အိမ်ခဏ ပြန်မယ်နော် "

" အင်း ပြန်လေသမီး သမီးဘဘအ၀တ်စားတွေ ယူလာခဲ့ဦး ဆေးရုံမှာ လဲဖို့လိုတယ် "

" ဟုတ်ကဲ့ ဒေါ်လေး "

ဒေါ်လေးအိမ်ကနေ အိမ်ခဏပြန်ခဲ့ပြီး တံခါးသော့ကို ဖွင့်ပြီး အိမ်ထဲ၀င်လိုက်၏။ ရှင်မစိတ်ထဲ တမျိုးကြီးလိုလိုခံစားနေရသည်။ ဘာကိုဆိုတာ မပြောပြတတ်ပါ။ မီးဖိုထဲ၀င်ကြည့်‌ေတာ့ ထမင်းစားပွဲက စားလက်စ တန်းလန်း။ ကြည့်ရသည်မှာ ထမင်းစားနေရင်း တန်းလန်း ဘဘကို ဆေးရုံပို့လိုက်ကြဟန်တူသည်။ ထမင်းစားပွဲကို ရှင်းလင်းသိမ်းဆည်းရင်း ဘဘစားထားသည့် အမဲသားပြုတ်ကြော် လက်ကျန်နှစ်တုံးလောက်ကို ကြည့်ရင်း ၀မ်းနည်းလာသဖြင့် အင့်ခနဲ ရှိုက်လိုက်မိ၏။ အားလုံးသိမ်းဆည်းပြီးမှ ရှင်မအခန်းထဲ၀င် အ၀တ်စားလဲလိုက်သည်။ ဘဘအတွက် လိုအပ်သည့် ဘဘအ၀တ်စားများကို ကျန်ကျောင်းအိတ်ထဲ ရှင်မစုထည့်လိုက်သည်။ ဘဘခြုံရန် အညာချည်စောင်အပါး‌ေလးပါ ထပ်ထည့်လိုက်၏။ 
အိမ်လေးအနှံ့ ကြည့်မိတော့ ဘဘမရှိသည့်အိမ်လေးသည် 
ခြောက်ကပ်နေသယောင်ယာင်။ ရှင်မကျောင်းစားရိတ်အတွက် စုထားသည့်မုန့်ထုတ်ခ ပိုက်ဆံများကို ညှပ်ထားသည့် စာအုပ်လေးထဲမှ ယူလိုက်ပြီး 
ရှင်မ၏ ပိုက်ဆံအိတ် သေးသေးလေးထဲ ထည့်လိုက်သည်။ ပြီးမှ ဒေါ်လေးဆီ ထွက်လာခဲ့လိုက်၏။
ဒေါ်လေးဆီရောက်တော့ လမ်းထဲမှ ဆိုက္ကားတစ်စီးငှါးပြီး ဆေးရုံ ထွက်လာခဲ့ကြသည်။ မြို့ကမကျယ်သဖြင့် ဆေးရုံက နာရီ၀က်‌ေကျာ်သာ နင်းရသည်။ ရောက်ပြီ။ ဆေးရုံရှေ့ရောက်တော့ ဆိုက္ကားက ထိုးရပ်သွားသည်။
ဆိုက္ကားပေါ်က ဒေါ်လေးနှင့် ရှင်မ ဆင်းလိုက်ကြ၏။ 
" ပြည်သူ့ဆေးရုံကြီး " ညောင်တုန်းမြို့ဆိုသည့် ဆိုင်းပုဒ်ကို လှမ်းမြင်ရတော့ 
" ရှင်မကို ဆေးရုံမှာမွေးတာလေ " ဟု ခဏခဏ ပြောတတ်သည့် ဖွားဖွားကြီးကိုပါ သတိရသွား၏။ 
ဆိုက္ကားပေါ်က ဆင်းပြီးသည်နှင့် ဒေါ်လေးက ရှင်မလက်ကို ဆွဲပြီး ဆေးရုံထဲ အတူတူ၀င်လာကြသည်။ 
ဆေးရုံထဲမှ ထွက်လာသည့် အပြာ၀တ်ဆရာမတစ်‌ေယာက်ကို ဒေါ်လေးက အကျိုးအကြောင်း မေးနေသည်ကို ရှင်မငေးကြည့်နေမိ၏။ 

" လာ သမီး "

ရှင်မကို ဒေါ်လေးက လှမ်းခေါ်ရင်း ယောက်ျားလေးများ သီးသန့်ဆောင်ကို ဦးတည်လျှောက်သွားသည်။ ဒေါ်လေးနောက် လိုက်လာသည့် ရှင်မ အခန်းတစ်ခုထဲက စူးစူးဝါးဝါး အော်လိုက်သည့်အသံတစ်သံကို ကြားလိုက်ရ၏။ 

" အား အမလေး နာလိုက်တာဗျာ အား နာလွန်းလို့ပါ အား "

လှမ်းနေသည့်ခြေလှမ်းက ရုတ်တရက်တန့်သလို ဖြစ်သွားသည်။ သည်အသံ။ သည်အသံက ရှင်မဖိုးဖိုး၏အသံ။ 
စိတ်ထဲ စိုးရိမ်စိတ်က ငယ်ထိပ်တက်ဆောင့်သွားသည်။ 
ဘဘအသံကြားရာ အခန်းထဲ 
ရှင်မ အပြေး၀င်လိုက်မိတော့သည်။

" ရှင်မ သမီး မသွားနဲ့ဦး "

ဒေါ်လေးတားသံကို ရှင်မ မကြားတော့။ 

" ဘဘ ဘဘ ဘဘကို မလုပပြါနဲ့ "

၀မ်းနည်းနာကျင်လွန်းစွာ လှမ်းတားသည့် ရှင်မအသံကို အားလုံးက တအံ့တဩ လှမ်းကြည့်နေကြသလို ၊ ရှင်မအသည်းတွေလည်း ဘဘကို ကြည့်ပြီး
ဆတ်ဆတ်ခါ နာကျင်နေရတော့သည်။

**********


rate now: