နိဒါန်း
" အိမ် "
အဖေ့မှာ အိမ်တစ်လုံးရှိတယ်
အမေ့မှာအိမ်တစ်လုံးရှိတယ်
ကျွန်တော့မှာ ပြန်စရာအိမ်မရှိဘူး
မင်းည
မျက်၀န်းရှေ့မှာ မြင်နေရသည့်အရာအား မမှိတ်မသုန်စိုက်ကြည့်နေမိသည်။
မယုံကြည်နိုင်ခြင်းက ကိုယ့်ကိုယ်ကို အိပ်မက်တစ်ခုအလား ထင်မိသည်ကခဏခဏ။ ပေေခြာက်ဆယ် ပတ်လည်ကျယ်သော ခြံ၀န်းလေးထဲတွင် သပ်ရပ်လှပသည့် နှစ်ထပ်တိုက်ကလေးက နွေးကို လှောင်ပြနေသလိုလို ၊ ရယ်ပြနေသလိုလို စိတ်ကထင်လာမိ၏။ ခြံပြင်မှ အိမ်လေးကို အကြာကြီးရပ်ပြီး ငေးနေမိသည်။ လက်ထဲမှ ကိုင်ထားသော သော့တွဲလေးကို တစ်ချက်ငုံ့ကြည့်လိုက်၏။ ပြီးမှ ခြံတံခါးဆီေလျှာက်လာကာ သော့ခလောက်ကို ဖွင့်လိုက်သည်။
သော့ပွင့်သည်နှင့် ခြံထဲ၀င်လာလိုက်၏။ ခြံထဲတွင် ပန်းပင်အချို့ကို
မြင်လိုက်ရသည်။ တချို့ ပန်းပင်များက အရွက်ဝါစပြုပြီး ရေငတ်နေသည့်သဏ္ဍာန် နွမ်းလျေနကြ၏။ ခြံထဲ ပန်းပင်တို့ဆီက အကြည့်ခွါလိုက်ပြီး လက်ထဲရှိနေသော နောက်ထပ်သော့တစ်ချောင်းနှင့် တိုက်တံခါးေသာ့ကို ဖွင့်လိုက်သည်။ အထဲတွင် အလုံပိတ်ထားသဖြင့် မှောင်စစလွှမ်းနေသလိုလို။ တံခါးမဖွင့်လိုက်မှ ပြင်ပအလင်းက အိမ်ထဲ ဖြာကျသွားသည်။ အိမ်ထဲကို တလှမ်းခြင်း လှမ်း၀င်လိုက်၏။ တမံတလင်းပေါ် တချက်ချင်း စည်းချက်ညီညီကျနေသော
ဖိနပ်သံတဒေါက်ဒေါက်က ဒေါက်ဖိနပ်ကြောင့်ထင်။ အသံမြည်လှသည်။ ပြတင်းတံခါးများကို ဖွင့်လိုက်ပြီး အိမ်အနှံ့ ကြည့်လိုက်၏။ မီတာဘောက်ကို အပြင်မှာထားသည်ကို သတိထားမိလိုက်သေးသည်။ ဧည့်ခန်း၌တပ်ဆင်ထားသော မီးခလုတ်ဘုတ်ခုံဆီသို့ သွား၍ မီးခလုတ်တွေကို ဖွင့်လိုက်သည်။
တစ်အိမ်လုံး လင်းထိန်သွားသဖြင့် အိမ်၏ဧည့်ခန်း အနှံ့ တစ်ေနရာချင်း လျှောက်ကြည့်မိပြန်၏။
ဧည့်ခန်းတစ်နေရာမှာ သင့်တင့်သောနေရာတစ်ခုကို ရှာလိုက်သည်။
တွေ့ပြီ။ သံတစ်ခုရိုက်ထားသောနေရာ၌ လက်ထဲမှ ပါလာသော စာရွက်အထူလေးကို ခေတ္တယာရီ ချိတ်လိုက်၏။ ထိုစာသားလေးအား မမှိတ်မသုန် စိုက်ကြည့်လိုက်သည်။ ကြည့်ရင်း ၀မ်းနည်းစိတ်က တလှိုက်လှိုက်တက်လာကြ၏။ မျက်၀န်းတဲ မျက်ရည်ကြည်အချို့ သိုင်းဝိုင်းလာသဖြင့် မျက်ရည်မကျအောင် မျက်တောင်များအား ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။ စိတ်ကိုတင်းပြီး အိမ်အတွင်းပိုင်းကို ၀င်လိုက်၏။ အသင့်တင့်ကျယ်၀န်းသော ဧည့်ခန်း ကိုတွေ့ရသည်။ ဧည့်ခန်းအနောက်တွင်မှ လူနေအိပ်ခန်းတစ်ခန်းပါရှိသည်။ အခန်းနောက်တွင် ထမင်းစားခန်း၊ မီးဖိုခန်းတွဲရက်ပါရှိပြီး နောက်ဆုံးအခန်းတွင်မှ ရေချိုးခန်းနှင့် အိမ်သာ တွဲရက်ခန်းများက သပ်သပ်ရပ်ရပ်။
လူနေအိပ်ခန်းနှင့် မီးဖိုအကြားတွင် အိမ်ပေါ်ထပ်သို့တက်သော လှေကားတစ်ခုတပ်ဆင်ထားသဖြင့် အေပါ်ထပ်သို့ ဆက်တက်လာခဲ့၏။
အိမ်အပေါ်ထပ်တွင် ဘုရားခန်းနှင့် အခန်းနှစ်ခန်း ရှိသည်။ အိမ်ရှေ့လသာဆောင်လေးပါ ပါသဖြင့် လသာဆောင်လေးသို့ နွေး ထွက်ကြည့်လိုက်သည်။ အပေါ်စီးကနေ အိမ်ရှေ့ငေးရသည်ကို နွေးသဘောကျ၏။ သည်နေရာကို ဘာကြောင့် သဘောကျရသလဲ မေးလျှင် ငယ်ငယ်တုန်းက လမင်းကြီးသည် နွေး၏အဖော်ဖြစ်ဖူးလေသည်။ နွေးစိတ်ကူးများပြည့်သိပ်နေသော ထိုအိမ်လေးအား စမြင်လိုက်ကထဲက နွေးသဘောကျနှစ်သက်မိသည်။ ဘာပဲပြောပြော အိမ်ပတ်၀န်းကျင်တ၀ိုက် ကြည့်မဝသည်ကအမှန်။ အိမ်အပေါ်ထပ် တံခါးများကို
အသေချာပိတ်လိုက်ပြီး အောက်ထပ်သို့ ပြန်ဆင်းလာခဲ့သည်။ အိမ်ထဲတွင် နွေး၏ဖိနပ်သံ တဒေါက်ဒေါက်က စည်းချက်ညီညီ လှုပ်ရှားနေကြဆဲ။
ကျေနပ်သလောက်ရှိမှ ထိုအိမ်လေးက ထွက်ခွါရန် ပြင်လိုက်သည်။ နွေးမထွက်ခွါမီ နွေးကိုယ်တိုင်ချိတ်ထားသော စာရွက်ကလေးကို ပြန်လှည့်ကြည့်လိုက်ပြီး
အသံထွက်အောင် ရွတ်ဖတ်လိုက်သည်။
" အိမ် "
အဖေ့မှာ အိမ်တစ်လုံးရှိတယ်
အမေ့မှာအိမ်တစ်လုံးရှိတယ်
ကျွန်တော့်မှာပြန်စရာအိမ်မရှိဘူး။
မင်းည
စာရေးဆရာတစ်ယောက်၏ ကဗျာတိုလေး။ ကြိုက်သဖြင့် တစ်နေ့ ၊ နွေးပိုင်ဆိုင်မည့်အိမ်တွင် ချိတ်ဆွဲရန် ဆုံးဖြတ်ထားသည်။ ထိုစာသားများကို ဖေ့ဘုတ်ပေါ်၌ တွေ့ပြီး ဖတ်လိုက်ရသည့်တခဏ ပါးပြင်ပေါ် တပေါက်ပေါက်စီးဆင်းကျလာသော မျက်ရည်များကို နွေးမသုတ်နိုင်ခဲ့ပါ။ နွေးကကော.....။