book

Index 8

အခန်း ၈

" ငါ့မြေးရဲ့ ချွေးနဲ့ရင်းထားရတဲ့ ဒီဟင်းက ဘဘရင်ကို အနာကျင်ဆုံးပဲ 
ဘဘမြေးကို ဘဘမခိုင်းရက်ဘူးလေ မြေးရယ် ဒါပေမယ့် ဘဘမခိုင်းရက်ရင် ဘဘမရှိတဲ့အခါ ငါ့မြေးဘယ်လိုရပ်တည်နိုင်မှာလဲ ..."

" မခင်ပုရေ မင်းမြေးက ငါ့ကို ဈေးရောင်းကျွေးတယ်တဲ့ဟ မင်းမြင်ရဲ့လား မခင်ပုရယ် "

ဘဘ၏ ညည်းတွားသံက ရှင်မရင်ထဲအား ဆို့ပြီး လှိုက်နင့်လာစေသည်။ ၀မ်းနည်းလာရသဖြင့် ရှင်မ ထမင်းမစားတော့ဘဲ ထိုင်ငိုနေမိ၏။ 
ဘဘငိုသည်ကို ရှင်မမကြည့်ရက်သလို ဘယ်နေ့ ငါ့ကို ဘဘခွဲသွားမလဲဆိုသည့် ပူပင်စိတ်က ရှင်မစိတ်ကို လောင်မြိုက်စေ‌ေလ၏။ 

" ဘဘကလည်း စိတ်မကောင်းစရာ မပြောပါနဲ့ဆို သမီးဘွဲ့ရတဲ့အထိ သမီးအနား ဘဘနေပေးပါ ဘဘကို ရှင်မ ဘယ်လိုရှာကျွေးရ ကျွေးရပါ ဘဘကို ရှင်မ မခွဲနိုင်ဘူးဘဘရဲ့ ဟင့် ဟင့် "

ရှင်မငိုမှ သူ့ပါးပေါ်ကမျက်ရည်ကို ပွတ်သုတ်ပြီး ဘဘက ရှင်မကို ပြန်ချော့သည်။ 

" အင်း ဟုတ်တယ် ဟုတ်တယ် လာ ထမင်းပြန်လာစား ငါ့မြေးက လိမ်မာတယ် ငါ့မြေးကို ဘဘက ဘယ်ခွဲပါ့မလဲ ဘဘက ဘယ်လိုမှ မသေနိုင်သေးဘူး ဒီမှာကြည့် ဘဘ ဗလက အခုထိ သန်မာနေတဲ့ဟာကိုကွ ဟားဟား "

သူ့လက်မောင်းကို ဗလပြသလို လုပ်ပြီး
တဟားဟားအော်ရယ်နေသည့် ဘဘကို မြင်မှ ရှင်မငိုနေရာက ထမင်း ပြန်ထစားသည်။ 

" ဘဘစားသမျှ ၀က်သားဟင်းထဲ ဒီနေ့၀က်သားဟင်းက အချိုဆုံးနဲ့အကောင်းဆုံးပဲဟေ့ "

ပြောပြောဆိုဆို အားရပါးရစားပြနေသည့် ဘဘကို ကြည့်ရင်း ရှင်မ မျက်နှာလေးက ပြန်ပြုံးလာ၏။

" ရှင်မရေ ရှင်မ "

ထမင်းစား‌ေနစဉ် အိမ်ရှေ့မှ ခေါ်သံကြားသည်နှင့် ထမင်းစားရာက အိမ်ရှေ့ထွက်ကြည့်လိုက်၏။ 

" ဟယ် ဥမ္မာ ဘယ်က လာလဲ အခုက ဘယ်သွားမလို့လဲ နင်က "

ရှင်မတို့လမ်း၏ နောက်တစ်လမ်းကျော်မှာ နေသည့်
ညီအစ်မနှစ်၀မ်းကွဲ တော်သူ ဥမ္မာ့ကို တွေ့လိုက်ရသဖြင့် ပြန်နုတ်ဆက်လိုက်သည်။ 

" အလုပ်သွားမလို့လေ မနက်က နင့်ကို ဈေးထဲမှာ ဈေးရောင်းနေတာ တွေ့ခဲ့တယ်လို့ ငါ့သူငယ်ချင်းက လာပြောနေတယ် အဲဒါ ငါမယုံလို့ နင်က အိမ်ထဲက အိမ်ပြင်တောင် ထွက်ရတဲ့သူ မဟုတ်တာ ငါတို့အသိဆုံးလေ 
သူတို့ပြောတာ ဟုတ်လား ရှင်မ "

မယုံသင်္ကာလာမေးနေသည့် ဥမ္မာကို ရှင်မ ပြုံးပြီးခေါင်းညိတ်ပြလိုက်၏။

" ဟုတ်တယ်လေ မနက်ကမှ ဒေါ်လေးအေးသန်းနဲ့လိုက်ပြီး သွားရောင်းတာ "

" ဟင် တကယ်ကြီးပေါ့ နင်အဆင်ပြေရဲ့လား ရှင်မ "

" ပြေပါတယ်ဟ နင်ကကော အခုဘယ်ကိုလဲ "

" ငါက မုန့်တိုက်သွားမှာ အဲဒီမှာ မုန့်ထုတ်ပေးရတာ "

ဥမ္မာ့အပြောကို ရှင်မစိတ်၀င်စားသွားသည်။ 

" မုန့်တိုက်မှာ မုန့်ထုတ်ရတာ ဟုတ်လား 
အဲဒါက ဘယ်လိုရလဲ ပင်ပန်းလားဟင် "

" မပင်ပန်းပါဘူး သူတို့လုပ်ထားတဲ့မုန့်တွေကိုကွာ အိတ်ထဲထည့်ပြီး မီးပိတ်ရတာ အထုတ်တစ်ရာကို ဘယ်လောက်ဆိုပြီး ငါဆို တစ်နေ့ကို လေးငါးရှစ်ရာ ပြီးတယ် "

" ဟုတ်လား ဘယ်အချိန်သွားရလဲ "

" အခုအချိန်ကနေ ညမိုးချုပ်စ ခြောက်နာရီလောက်အထိပေါ့ တစ်ခါတစ်လေ ရှစ်နာရီလောက် ဖြစ်တတ်တယ် မုန့်အော်ဒါ ကျတဲ့အပေါ် မူတည်တယ် "

" ငါလိုက်လုပ်ချင်လိုက်တာ "

ရှင်မက တိုးတိုးလေးညည်းတော့ ထမင်းစားခန်းထဲက လက်သုတ်ရင်း ထွက်လာသည့် ဘဘက ကြားသွားပြီး လှမ်းပြောလေ၏။

" မလုပ်ရဘူး ရှင်မ မိုးချုပ်ရင် စိတ်မချဘူး "

" ဘဘကလည်း သမီးတို့ညီအစ်မတွေပါ ပါတာကို အပြန်လည်း အဖော်ရှိနေတယ်လေ "

ဥမ္မာက ကူပြောပေးတော့ ဘဘက ခေါင်းခါပြီး ဆက်ပြောသည်။

" ညည်းတို့က လုပ်နေကျလေ ငါ့မြေးက
တစ်ခါမှ လုပ်ဖူးတာမဟုတ်ဘူး မနက်ဖက်ဈေးလိုက်ရောင်း ညနေမုန့်ထုတ်ဆို 
မဖြစ်ပါဘူးအေ ညည်းတို့ဘာသာသွားကြ"

" ဘဘကလဲ သမီးလိုက်လုပ်ကြည့်ချင်တယ်လေ အဖော်လည်းရနေတာကို
လိုက်လုပ်ကြည့်လို့ မလုပ်နိုင်ရင် မလိုက်တော့ဘူးလေ နော် ဘဘ နော်လို့ "

" မြေးရယ် မလုပ်ပါနဲ့ အိမ်မှာပဲနေ ညမိုးချုပ် ဘဘ စိတ်မချပါဘူး "

ဘဘက မလိုက်စေသည့်အတွက် ရှင်မမျက်နှာလေးညိုပြီး ကျန်ရစ်ခဲ့သည်။
နုတ်ဆက်ထွက်သွားသည့် ဥမ္မာ့ကျောပြင်လေးကို ငေးရင်း မျက်၀န်းမှာ မျက်ရည်ကြည်များ ရစ်ဝဲလာရ၏။
ချက်ချင်း ပုံစံပြောင်းသွားသည့်ရှင်မကိုကြည့်ပြီး ဘဘက ပြုံးနေသည်။

" ငါ့မြေးက တော်တော်အပင်ပန်း ခံချင်တာပဲ ဒီလောက်သွားချင်ရင် မနက်ဖန်လိုက်သွား ဟုတ်ပြီလား "

" ဟင် ဘဘတကယ်ပြောတာလား "

" အေး အလုပ်လုပ်တာပဲ လိုက်သွား အခုတော့ အနားယူလိုက် "

" ဟုတ် ဘဘ "

ရှင်မ အရာရာကို စူးစမ်းလုပ်ကြည့်ချင်သည်။
အခန်းထဲ၀င်ရင်း အတွေးများက ဟိုရောက် ၊ ဒီရောက်။ ညနေရောက်တော့ ရေမိုးချိုးပြီးသည်နှင့် မြေးအဖိုးနှစ်ယောက် ထမင်းအတူစားကြ၏။ ညနေခြောက်နာရီထိုးသည်နှင့် ဘဘက သူ့‌ေန့စဥ်အကျင့်အတိုင်း ဘုရား၀တ်တ်‌ပြုတော့သည်။ ဘဘဘုရားကန်တော့လျှင် တစ်နာရီကျော် ကြာသဖြင့် ရှင်မလည်း ပျင်းပျင်းရှိသည်နှင့် အိမ်ရှေ့ပန်းခြံနား ဆင်းလာခဲ့လိုက်၏။ သည်ညက ထူးထူးခြားခြား လပြည့်ည။ သူရိန်နှင့်စကားပြောရန် ရှင်မ သတိရသွားသည်။ လပြည့်ညဖြစ်သဖြင့် လမင်းကြီးက အစောပင် သာနေ၏။ ဝိုင်းစက်ပြည့်ရွှန်းနေသည့် လမင်းကြီးကို ငေးကြည့်လိုက်တော့ သူရိန့်ပုံရိပ်အား ရှင်မစိတ်ထဲ တွေ့လိုက်ရသလိုလို ခံစားလာရသည်။

" သူရိန်ရေ နင်နေကောင်းရဲ့လား အဆင်ရောပြေရဲ့လား ကျောင်းရော ငါ့လိုတက်ဖြစ်ရဲ့လား နင်ဖြစ်ချင်တဲ့ ဆရာ၀န်ကြီး ဖြစ်အောင် နင်စာတွေလှိမ့်ကျက်နေလား ....."

" နင်သိလား သူရိန် နင့်ကို ငါတစ်ရက်မှ မေ့မရတာ နင်သိရဲ့လား ငါယုံပါတယ်
နင်လည်း ငါ့ကို မမေ့ဘူးဆိုတာ ဟုတ်တယ်မဟုတ်လားဟင် ...."

" သူရိန် အခု ငါဈေးသည်ကြီး ဖြစ်နေပြီဟ သိလား ‌ငါဈေးရောင်းတတ်နေပြီ ငါ့ဘဘကလေ ဆီးကျိတ်ကင်ဆာ ဖြစ်နေတယ်သူရိန်ရဲ့ ဘဘကို ငါသိပ်သနားတာပဲ ငါမသိအောင် ဘယ်လောက်ဟန်ဆောင်ပြီး နေပြနေပြ
ဘဘခံစားနေရတာ ငါသိတယ် သူရိန်ရဲ့...."

" ငါ့ကို ဘဘခွဲသွားမှာ ငါသိပ်ကြောက်တာပဲဟာ ငါအဲဒီအကြောင်းတွေးတိုင်း
ရင်ဘတ်ထဲ နာကျင်ရလွန်းလို့ မခံစားနိုင်ဘူးသူရိန်ရယ် ငါလေ ဘဘကိုမခွဲနိုင်ဘူး ငါ.. ရှိုက်ကြီးတငင် အော်ငိုပစ်လိုက်ချင်တယ် သိလား ငါငိုမရပါဘူး ငါငိုရင် 
ဘဘစိတ်ထိခိုက်မှာစိုးလို့ ...."

" ငါ့ဆီ နင်မြန်မြန်ပြန်လာ‌ေတာ့နော် နင်ရှိရင် ငါအားရှိမှာသေချာတယ် သူရိန် သူရိန်
သူရိန် သူရိန်ရေ .ငါခေါ်နေတာ နင်ကြားလား နင့်ကို ငါသိပ်သတိရတယ်ဟ ငါ့ဆီ ပြန်လာပါလားသူရိန်ရယ် ...."

သူရိန့်ကို စကားလှမ်းပြောရင်း ရှင်မပါးပြင်ပေါ် မျက်ရည်များက တရစပ် စီးဆင်းကျလာသည်။ 

" ရှင်မ မနက်စောစောထရမှာလေ သမီး အိပ်တော့ ညည့်နက်နေပြီ "

ဘယ်အချိန်ကထဲက ရောက်နေမှန်းမသိသည့် ဘဘအသံကို ရုတ်တရက် ကြားလိုက်တော့ ရှင်မ ကိုယ်လေး ဆတ်ခနဲတုန်သွားသည်။ ပါးပြင်မှာ စီးဆင်းကျနေသည့် မျက်ရည်များကို ဘဘမမြင်အောင် ကွယ်၀ှက်သုတ်ရင်း အိမ်ထဲ၀င်ကာ 
ရှင်မအခန်းရှိရာသို့ ခပ်သွက်သွက်လှမ်း၀င်လိုက်မိတော့သည်။

*********

" ရှင်မရေ ရှင်မ "

အိမ်ရှေ့မှ ဒေါ်လေးလှမ်းခေါ်သံကြားသည်နှင့် အဆင့်သင့်ပြင်ထားသည့် ရှင်မ ထွက်လာကာ ဆိုက္ကားပေါ် တက်လိုက်၏။ 

" ရှင်မ ညည်းဒီနေ့ ကွမ်းရောင်းကြည့်မှာလား "

" ဟုတ်ဒေါ်လေး ရှင်မမှာ ချိန်ခွင်ရှိဘူးရယ် "

" ပါတယ် ဒေါ်လေးဆီရှိတဲ့အပိုတစ်စုံ ယူလာပေးတယ် ညည်း ကျောင်းပြန်တက်လို့ မရောင်းတဲ့အချိန်မှ ပြန်ပေး
အခု အဲဒီချိန်ခွင်လေးနဲ့ ရောင်း ကြားလား "

" ဟုတ်ကဲ့ ဒေါ်လေး "

စကားတပြောပြောနှင့် ရှင်မတို့ ရှစ်လမ်းဈေး ရောက်လာကြ၏။ ရောင်းမည့်နေရာကို နေရာချ ၊ အခင်းခင်းပြီးသည်နှင့် ဈေးထဲ တူ၀ရီးနှစ်ယောက် လည်ကြသည်။ ရှင်မရောင်းဖို့ ဒေါ်လေးက ကွမ်းသေး ငါးပိဿာ ၀ယ်ပေး၏။ 
ပိုက်ဆံအချို့ကို ရှင်းလိုက်ပြီး ကျန်သည့်ပိုက်ဆံကို နေမြင့်မှ လာယူစေလိုက်သည်။ ဒေါ်လေးကတော့ ကုန်စိမ်းမှန်သမျှ စစ်သည့်ဈေးရသည်နှင့် အကုန်ယူလေ၏။

"နေမြင့်ရင် တောဖေါက်သည်ရော ၊ ရန်ကုန်တင် ဖောက်သည်ရော လာကြတာ" 
ဟု ရှင်းပြသည်။ ရှစ်လမ်းဈေးမှာပင် ‌ဒေါ်လေး၀ယ်ပေးသည့်ကွမ်းကို ထိုင်းရောင်းနေလိုက်၏။ 
လက်လီသမားထက် အစိတ်သား ၊ ငါးဆယ်သားသမား များသည်။ တစ်ချို့က ပြန်ရောင်းရန် ပိဿလုံး ယူ၏။ ဟိုဘက်ဈေးပင် မကူးလိုက်ရပါ။ ကုန်သွားလေသည်။ 
ဒေါ်လေးက ရှင်မကို ကြည့်ရင်း ရယ်ပြီး‌ေပြာ၏။ 

" ရှင်မက ဈေးလဘ် တကယ်ရှိတယ် "

နေမြင့်၍ ဈေးသိမ်းတော့ ဒေါ်လေးနှင့် ရှင်မ ဈေးသုံးပြီး ပြန်လာကြ၏။ 
သည်နေ့ အိမ်ပြန်ချိန် နည်းနည်းစောသဖြင့် ဘဘက ကျေနပ်နေသည်။
ပုဇွန်ကြိုက်သည့် ရှင်မတို့မြေးအဖိုးအတွက် ပုဇွန်အကောင်ကြီးကို ရွေး၀ယ်လာလိုက်ပြီး ဒေါ်လေးရောင်းသည့်အထဲမှ ရှင်မကြိုက်သည့် ဘုံလုံသီးကို ဒေါ်လေးက အိမ်စားရန် ပေးလိုက်၏။ ဘဘကြိုက်သည့် ရွှေထမင်းနှင့် ပဲကောက်ညှင်းထုတ်ကို ‌ေတွ့‌ေတာ့ ရှင်မ ထပ်၀ယ်လာ‌ခဲ့သည်။ သူ့အကြိုက် ၊ 
ရှင်မ၀ယ်လာသည်ကို ကြည့်၍ ဘဘက သဘောကျပြီး ပြုံးလေ၏။
ဘဘမျက်နှာပေါ်ရှိ အပြုံးက ကျေနပ်နေသည့် ပီတိပြုံးဆိုတာကို ရှင်မရိပ်မိပါသည်။
ရှင်မက ၀ယ်လာသည့် ပုဇွန်ကို ကိုင်ရန်ပြင်တော့ 

" ညည်း လုပ်စရာရှိတာသွားလုပ်ရှင်မ 
ဘဘကိုယ်တိုင် ချက်တာပဲ စားချင်တယ် " 

ဟုဆိုသည်။ ဘဘနှင့် ရှင်မ အပြိုင် မငြင်းတော့ပါ။ ရှင်မ အခန်းထဲ ခဏနားပြီး ဥမ္မာ့ဆီ သွားရန် သတိရသွားသည်။  

" ဘဘရေ ဥမ္မာဆီ သမီးခဏသွားချင်တယ် အလုပ်သွားရင် သမီးကို၀င်ခေါ်ဖို့ သွားပြောချင်တယ်"

" အေး အေး သွားလေ မကြာစေနဲ့ သမီးပြန်လာရင် ထမင်းစားကြရအောင် "

" ဟုတ်ကဲ့ ဘဘ "

ဥမ္မာဆီ ရှင်မထွက်လာခဲ့၏။ ဥမ္မာတို့အိမ်ရောက်တော့ ရေချိုးနေသည့်ဥမ္မာကို အဆင်သင့်တွေ့လိုက်ရသည်။

" အမလေး ရှင်မ ကျားသားမိုးကြိူး 
မလာစဖူး လာတာပါလား "

ဥမ္မာ့စကား ကြားတော့ ရှင်မရယ်လိုက်၏။ ညီအစ်မနှစ်၀မ်းကွဲတော်သော်လည်း ဖွားဖွားကြီးရှိတုန်းကသာ အ၀င်အထွက်ရှိကြပြီး အခုကျ လုံးလုံးအဆတ်ပြတ်သလိုရှိနေကြသည်။

" နင်ဒီနေ့သွားရင် ငါလိုက်မလို့ အဲဒါ ငါ့ကို၀င်ခေါ်ပါလား "

" နင့်ဘဘက လွှတ်လို့လား လွှတ်ရင် ၀င်ခေါ်မယ်လေ "

" လွှတ်တယ် ငါစောင့်နေမယ်နော် ငါ ထမင်းတောင်မစားရသေးဘူး နင်၀င်မခေါ်မှာစိုးလို့ လာပြောတာ ငါသွားမယ် 
ကြာရင် အဆူခံရလိမ့်မယ် "

" အေးပါ မတားတော့ဘူး ရေချိုးပြီးစောင့်နေ နှစ်နာရီကျော်ရင် ငါ၀င်ခေါ်မယ် "

ရှင်မပြန်ရန် နုတ်ဆက်တော့ ဥမ္မာ့မေမေကပါ အိမ်ထဲအလည်အတင်းခေါ်နေ‌ေသးသည်။ 

" ဟဲ့ ရှင်မ အိမ်ထဲ၀င်ဦးလေ "

" မ၀င်တော့ဘူး တီလေးရေ သမီးကြာရင် ဘဘဆူလိမ့်မယ် "

ရှင်မနုတ်ဆက်ရင်း အိမ်ပြန်လာခဲ့၏။ အိမ်ရောက်တော့ ဦးမြင့်ဆွေ ရောက်နေသည်ကို တွေ့ရသည်။  

" ဟေး ရှင်မ ဘယ်ကပြန်လာလဲသမီး 
ညည်းက အလွန်လိမ်မာတယ် ဆိုပါလား ဟုတ်လားကွ "

ဦးမြင့်ဆွေက လှမ်းနုတ်ဆက်တော့ ရှင်မ ပြန်ရယ်ပြလိုက်၏။ ဘဘက

" သမီး ဘုံလုံသီးကို သမီးအကြိုက် ဘဘနှပ်ထားတယ် မီးတစ်ချက် ကြည့်လိုက်နော် မောင်မြင့်ဆွေနဲ့ ဘဘ စကားပြောလိုက်ဦးမယ် "

ဟုဆိုတော့ ရှင်မ ခေါင်းလေးညိတ်ပြပြီး မီးဖိုထဲ ၀င်လာလိုက်သည်။ မီးဖိုထဲ ရောက်တော့ ဟင်းအိုးမီးကြည့်ပြီး သီချင်းညည်းမိသွား၏။ ရှင်မသိပ်ကြိုက်သောသီချင်းလေး။ သီချင်းအမည်က ထွန်းအိန္ဒြာဗိုလ်ဆိုသည့် တိုးတိတ်တမ်းတ။ 

တိုးတိတ်ရင်ခုန်သံ အဆုံးအဖြတ် ဝေဒနာရယ်...
ခံစားချက်တွေ ပြောင်းလဲခဲ့တယ် စွန့်လွှတ် အကြင်နာရယ်.....
ရက်စက်အနိုင်ယူသူ လှည့်စားရက်တယ် နာကြည်း မင်းအမုန်းအတွက်
ခိုတွယ်စရာ ရင်ခွင်မဲ့သော နှလုံးသားမှာ.....
ဒဏ်ရာတွေ နာကျင်နေဆဲ အချစ်အတွက်ပေါ့  
🎷🎷🎷

ခံနိုင်ရည်ဆိုတာ အကုန်ပြိုကာလဲ အချိန်တိုင်းအတွက် မျက်ရည်လည်

Cho: ဒဏ်ရာများနဲ့ အသည်းကလွမ်းနေတယ်  🎬🎬🎬
ဒါပေမဲ့လည်း ကြေကွဲ အချစ်တွက်နဲ့
ပြန်ဆုံစည်းကြဖို့တော့ ဝေးပြီကွယ်
(ပြန်လည်တွေ့ကြဖို့တော့ မဖြစ်နိုင်တယ်)🎤🎤🎤
တိုးတိတ်လွမ်းလို့ နေပါတယ်....🎸🎸🎸

ချဥ်းနင်း ခြေသံနဲ့ ခြောက်လှန့်ရယ်သံတွေ(ရယ်)🎻🎻🎻
တစ်ယောက်တည်းနေ့ ကို/ တွေ ကျော်ဖြတ် အားလည်းငယ်
နေ့ည အချိန်တွေရယ် အိပ်မက်တွေမှာကွယ်🎹🎹🎹🎹
ခံစားချက်တွေ ဒီအလွမ်း မင်းပေးခဲ့
ယုံကြည်ရာ ရင်ခွင်မဲ့သော နှလုံးသားမှာ🎼🎼🎼🎼
ဒဏ်ရာတွေ နာကျင်နေဆဲ အချစ်အတွက်ပေါ့🎧🎧🎧
ခံနိုင်ရည်ဆိုတာ အကုန်ပြိုကာလဲ🎤🎤🎤🎤
အချိန်တိုင်းအတွက် မျက်ရည်လည်💦💦💦
( cho 🙂
Repeat cho:×2 (G G C D G G C D)

သီချင်းလေးညည်းရင်း ဖွားဖွားပြောတာကြား‌ေယာင်‌ေတာ့ ဇက်ကလေးအလိုလိုပုသွားသည်။

"မီးဖိုထဲ သီချင်းမဆိုရဘူး မုဆိုးဖိုနဲ့ ညားတတ်တယ် " တဲ့။ ဖွားဖွားကို ရှင်မ
သတိရသွားသည်။ ဟင်းအိုးက အိလာပြီး ဆီပြန်လာသဖြင့် မီးဖိုပေါ်က ချလိုက်၏။ ပြီးမှ ရေနွေးအိုးတည်လိုက်ပြီး ဘဘချက်ထားသည့် ဟင်းများကို ကြည့်လိုက်သည်။ မနေ့က ၀က်သားဟင်းအချို့ကို ဘဘက ပုန်းရည်ကြီးနှင့် ပြန်ချက်ထားပြီး ပုန်းရည်ကြီးအချို့ကို ကြက်သွန်နီ လှီးပြီး သုတ်ထားသဖြင့် ‌ရှင်မ ဗိုက်ပင် ဆာလာ၏။ ပုဇွန်အချို့နှင့် ကြက်သွန်ဖြူ ၊ နီ ရောထောင်းပြီး ဘုံလုံသီးထဲ အစာသွတ်နှပ် ထားသဖြင့် သည်နေ့ ထမင်းမြိန်မှာ သေချာပါသည်။ ရှင်မ၀ယ်လာသည့်မုန့်က အထုတ်အတိုင်း ရှိနေသည့်အတွက် ကြွေပန်းကန်ပြားထဲ စီရီပြီး ထည့်လိုက်၏။ ကောက်ညင်းထုတ်ကိုတော့ သည်အတိုင်းပဲ ထားထားပေးလိုက်ပြီး 
အိမ်ပြင်ကို ရှင်မထွက်လာခဲ့လိုက်သည်။ 
ဘဘက ဦးမြင့်ဆွေနှင့် စကားလက်ဆုံကျနေကြဆဲ။

" မောင့်မြင့်ဆွေရေ သစ်လုပ်ငန်းထဲက ရှယ်ရာတွေက ရှင်မ ပညာ‌ေရးအတွက် ထားချင်လို့ ဦးလေး မထုတ်ဘူးကွ "

" ဦးလေးကလည်း အဲဒါတွေ ခေါင်းထဲမထည့်ပါနဲ့ အဓိကက ကျန်းမာရေး အဓိကပါ ဒီလုပ်ငန်းကို ကျွန်တော်သင်ယူတတ်မြောက်ခဲ့ရတာ ဦးလေးသင်ပေးခဲ့လို့ပါ ကျွန်တော့်ကျေးဇူးရှင်အပေါ် ကျွန်တော်ဘယ်တော့မှ ပစ်ပယ်မထားပါဘူးဗျာ "

ဘဘနှင့် ဦးမြင့်ဆွေ ပြောသည်များကို 
ရှင်မ ဘေးကနေ နားထောင်နေမိ၏။ 

" ဒီအိမ်လေးလည်း အသစ်ပြန်ဆောက်ပေးချင်တယ် အိမ်ဆောက်ဖို့ အကုန်၀ယ်ထားတဲ့ပစ္စည်းတွေကလည်း
အဖွားကြီး ကျန်းမာရေးဖြစ်တော့ အကုန်ရောင်းခဲ့ရတယ် ငါများ တိမ်းပါးခဲ့ရင် ငါ့မြေးအတွက် နောက်ဆံတင်းတယ် "

" အဲဒါတွေ ခေါင်းထဲကထုတ်ထားပါဦးလေးရဲ့ ကိုယ့်ကျန်းမာရေး ကိုယ်သာ ဂရုစိုက်ပါ ဦးလေးရာ ရှင်မအတွက် အစစအရာရာ ကျွန်တော်တာ၀န်ယူပါတယ် "

" ဘဘကလဲ အဲဒီစကားတွေချည်း ခဏခဏပြောနေတာပဲ "

ရှင်မက မျက်နှာကို စူပုတ်ထားပြီး မကြည်သလိုဆိုတော့မှ ဘဘက တဟားဟားနှင့် ရယ်သည်။ လုပ်ငန်းအကြောင်းပြောဆိုကြပြီး ဦးမြင့်ဆွေက ပြန်ခါနီး ဘဘကို ငွေစက္ကူတစ်အုပ် ပေးခဲ့သည်ကို ရှင်မတွေ့လိုက်ရ၏။
ဦးမြင့်ဆွေပြန်မှ ရှင်မတို့မြေးအဖိုး ထမင်းအတူတူစားလိုက်ကြသည်။ ရှင်မကြိုက်သော ဘုံလုံသီး အစာသွတ် ချက်ကလေးက ထမင်းအရမ်းမြိန်စေ၏။ ထမင်းစားပြီးသည်နှင့် ဘဘက နေ့လည် တရေးတမောအိပ်‌ေလတော့သည်။ 
ရှင်မလည်း အခန်းထဲ၀င် ခဏလှဲလိုက်ရင်း ကဗျာတိုလေးတစ်ပုဒ် ချရေး‌ေနမိသည်။

**********

နေ့လည် နှစ်နာရီ မထိုးခင်လောက် ရှင်မ ရေမိုးချိုး ၊ သနပ်ခါးလိမ်းပြီးသည်နှင့် ဂါ၀န် နေဗီယာအပြာလေးကို ထုတ်၀တ်လိုက်သည်။ မှန်ထဲက ရှင်မက သနပ်ခါးပါးကွက်ကြားလေးနှင့် ချစ်စရာကောင်းနေသလို ထင်ရလေ၏။ မှန်ထဲက မျက်နှာလေးကို ရှင်မ ကြည့်မ၀ပါ။ ရှင်မအိမ်ရှေ့ထွက်လာတော့ ဘဘပင် အိပ်ရာက နိုးနေလေပြီ။

" ရှင်မတို့က တယ်လည်းဝိရိယ ကောင်းနေပါလား "

" ဥမ္မာလာရင် အဆင်သင့်ဖြစ်မှလေ ဘဘရဲ့ စောင့်နေရရင် အားနာစရာကြီး "

" အင်း အဲဒီလိုစိတ်လေးမွေးတာ ကောင်းတယ်သမီးရဲ့ ကိုယ့်ကြောင့် တစ်ဖက်သားကို ဘယ်တော့မှ ၀န်ထုတ်၀န်ပိုး မဖြစ်စေနဲ့ ကြားလား ငါ့မြေး "

" ဟုတ်ကဲ့ဘဘ "

" လူဆိုတာ ကိုယ်နိုင်တဲ့၀န်ကို ကိုယ်တာ၀န်ယူနိုင်မှ လူပီသတာ တစ်ချို့ဆို 
ကိုယ့်တာ၀န် ကိုယ်ဘာမှန်းမသိတဲ့ လူတွေက လောကမှာ အများကြီး ဥပမာ 
သမီးဖေဖေပေါ့ ..."

" ဟုတ်ကဲ့ဘဘ "

" မိန်းမတစ်ယောက်ကိုယူပြီး တာ၀န်ယူရကောင်းမှန်းမသိဘူး အိမ်ထောင့်တာ၀န်ဆိုတာ ဘာမှန်းနားမလည်ဘူး 
တစ်နေ့တစ်နေ့ ရွာရိုးလည် အရက်သောက် ၊ ကြက်တိုက် ၊ မိန်းမကရှုပ်ချင်သေး အဲဒီလို တာ၀န်မဲ့တဲ့သူတွေက လူမဟုတ်ဘူး လူးတွေသမီးရဲ့ ပခုံးနှစ်ဖက်ကြားက ခေါင်းထွက်တာချင်းတူလို့သာ လူလို့သတ်မှတ်ရပေမယ့် အမှန်က လူး ပဲ လု လူ လူး တဲ့ အဲဒီစကားနဲ့အညီဆို သမီးအဖေလို လူမျိုးက လူစာရင်းထဲမပါဘူး .."

" ဟုတ်ဘဘ "

" နင့်အမေလည်း ဘာထူးလဲ နွားမဒါန်း သားမခင်တွေ သားသမီးကို မွေးပြီး ကိုယ်နဲ့မဆိုင်တဲ့အတိုင်း ၊ ဒင်းတို့နဲ့မပက်သက်တဲ့အတိုင်း အမေစိတ်နဲ့ ဘာပြန်လှည့်ကြည့်တာရှိလဲ အလကားဟာတွေ 
ဒီဘ၀မှာ ကံကောင်းလို့ လူဖြစ်လာပေမယ့် လူမပီသတဲ့ လူးတွေ "

ထိုစကားများဆိုနေသည့် ဘဘမျက်၀န်းများသည် ဒေါသအခံကြောင့်ထင့် ၊ စူးရှတောက်ပနေကြ၏။ 

" ငွေဆိုတာ အရည်ချင်းရှိရင် ရှိသလို ရှာလို့ရပေမယ့် စာရိတ္တ ပျက်ပြားတဲ့သူဆိုရင် သမီးဝေးဝေးက ရှောင်ရမယ် ကိုယ့်သိက္ခာ ၊ ကိုယ့်အကျင့်သီလကို ခါး၀တ်ပုဆိုးလို မြဲမြံတဲ့သူမျိုးကိုမှ ဘ၀အဖော်ရှာ ကြားလား " 

" ဟုတ်ကဲ့ဘဘ "

ဘဘစကားများကို ရှင်မနားလည်သင့်သလောက် နားလည်မိသော်လည်း အကုန်အစင်တော့ ထိုအချိန်က နားမလည်ခဲ့ပါ။ လမ်းမတကြည့်ကြည့်နှင့် ရောက်မလာသေးသည့် ဥမ္မာ့ကို မျှော်နေမိ၏။ မေ့များထားခဲ့ပြီလားဆိုပြီး တွေးပူရသည်မှာခဏခဏ။ နောက်ထပ် မိနစ်နှစ်‌ဆယ်လောက်အကြာမှ ဥမ္မာ့ကို မြင်လိုက်ရလေ၏။ 

" ရှင်မရေ သွားမယ်ဟေ့ "

ဥမ္မာတို့ညီအစ်မက အိမ်ထဲမ၀င်ဘဲ လှမ်းအော်သဖြင့် ရှင်မ ကပျာကယာ ဘဘအနားက ထလိုက်သည်။ 

" ဘဘ သမီးလိုက်သွားမယ်နော် "

" အေးအေး ညကိုစောစောပြန်နော် "

" ဟုတ် ဘဘ "

ဘဘကို လှမ်းဖြေရင်း ဥမ္မာတို့ရှိရာထွက်လာခဲ့လိုက်၏။ ဥမ္မာတို့နှင့်အတူ မုန့်တိုက်ရှိရာ လမ်းလျှောက်လာကြသည်။ မုန့်တိုက်က ခရေပင်ဆိပ်ရှိရာကို ဖြတ်၍ ဗိုလ်ချုပ်လမ်းပေါ်က သွားရသည်။ ခရေပင်ဆိပ်ရောက်တော့ ကြီးမားသော ခရေပင်ကြီးကို မော့ကြည့်မိကြပြန်၏။ အမြင့်ကနေ
ခရေပွင့်များ တဖွဲဖွဲ ကြွေကျ‌ေနတော့ ရှင်မနှင့် ဥမ္မာတို့ညီအစ်မ လုကောက်ကြရင်း ဖြတ်ခနဲ သူရိန့်ကို သတိရသွားပြန်သည်။ သူရိန်ရှိတုန်းက ခရေပင်ကြီးရှိရာ ခိုးပြီး ပန်းလာကောက်ကြသည်မှာ ခဏခဏ။ ဘဘသိသွားပြီး အဆူခံရ‌မှ နောက်ပိုင်းမသွားဖြစ်တော့ပါ။ မွှေးပျံ့သော ခရေရနံ့က ရှင်မ၏ စိတ်များကို ကြည်လင်လာစေသည်။

" သွားမယ်ဟေ့ နောက်ကျနေပြီ ပန်းမကောက်တော့နဲ့ "

ဥမ္မာ့အစ်မ မငယ်စကားကြားမှ ရှင်မတို့ မုန့်တိုက်ဆီ ဆက်လျှောက်လာကြသည်။ 

" နင့်မုန့်တိုက်ကလည်း အဝေးကြီးလား ဥမ္မာရဲ့ ခုထိမရောက်ဘူး "

" ဟယ် ရောက်တော့မယ် ကားဂိတ်အနားမှာ ရှင်မရဲ့ ဥသျှစ်လှဘုရားနားမရောက်ခင်လေ"

" ဪ "

သည်လိုနှင့် ရှင်မတို့ဆက်လျှောက်လာကြတော့ မကြာခင် " စိန်ပဒေသာ " မုန့်တိုက်ဆိုသည့် ဆိုင်းပုဒ်ကို မြင်လိုက်ရသည်။ ဥမ္မာက 

" ဒီမှာလေ ရှင်မ ရောက်ပြီ "

ဟုပြောရင်း မုန့်တိုက်ထဲသို့ ရှင်မလက်ကိုဆွဲ၍ ခေါ်သွားသည်။ ရှင်မလည်း ဥမ္မာ့အနောက်ကလိုက်ရင်း မုန့်တိုက်အတွင်း တစ်ချက် အကဲခတ် ကြည့်လိုက်မိ၏။ မုန့်တိုက်ထဲ အဆင်သင်မြင်ရသည့် ကိတ်မုန့်အဝိုင်းများ ၊ ဒါလီးမုန့်များနှင့် တချို့အမည်ပင်မသိသော မုန့်များ စုံလင်နေကြတော့၏။ ဥမ္မာက သူထုတ်မည့်နေရာတွင် ၀င်ထိုင်ရင်း ရှင်မကိုပါ သူ့အနားထိုင်‌‌ေစသည်။ ဥမ္မာ့အနား ရှင်မပါ ၀င်ထိုင်လိုက်ချိန် မုန့်တိုက်အတွင်းမှ နုတ်ဆက်ပြီး လူတစ်ယောက်ထွက်လာသည်ကို တွေ့လိုက်ရ၏။

" ဥမ္မာတို့ရောက်လာကြပြီလား ဒီနေ့နောက်ကျတယ်နော် "

" ဟင် "

ဥမ္မာ့ကို  
မေးလာသူအား ရှင်မမော့ကြည့်လိုက်သောအခါ အံ့ဩလွန်းသဖြင့် မျက်၀န်းများ ပြူးကျယ်ဝိုင်းစက်သွားရပါတော့သည်။

**********


rate now: