book

Index 7

အပိုင်း ၇

ရှိုက်ကြီးတငင် ငိုနေသည့် ရှင်မအား ဦးမြင့်ဆွေက ချော့သည်။

" တိတ်ပါသမီးရယ် ညည်းဒီလောက်ငိုနေရင် ညည်းဘဘက ပိုခံစားရမှာပေါ့ "

ဦးမြင့်ဆွေပြောမှ ဘဘဆီကို ပြေးသွားပြီး ရှင်မ တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်မိ၏။

" ဘဘရယ် သမီးကို ထားမသွားပါနဲ့နော် ဘဘမရှိလို့ မရဘူးနော် ဘဘတစ်
ခုခု ဖြစ်လို့မရဘူး "

ဘဘကိုဖက်ပြီး ငိုနေသည့် ရှင်မ၏ကျောကို ဘဘက သူ့လက်နှင့် ပွတ်သပ်ပေးရင်း တဟားဟားရယ်သည်။

" ဟား ဟား ဟား ငါ့မြေးကတော့ကွာ 
နင့်ဘဘက ဘာဖြစ်မှာလဲကွ ဘာမှမဖြစ်ဘူး စိတ်ချ ငါ့မြေး ဆယ်တန်းအောင်ပြီး ဘွဲ့ရတဲ့အထိ နေဦးမှာ တိတ်တော့ မငိုနဲ့ အခန်းထဲ သွားနေနော် ဘဘ မောင်မြင့်ဆွေနဲ့ စကားပြောစရာရှိလို့ "

ရှင်မငိုနေရာမှ ဘဘကိုမော့ကြည့်တော့ ဘဘမျက်၀န်းထဲလည်း မျက်ရည်ကြည်များ
ရစ်ဝိုင်းနေသည်ကို တွေ့လိုက်ရသည်။
ဘဘစကား နားထောင်ပြီး အခန်းထဲ၀င်လာခဲ့ရသော်လည်း ဦးမြင့်ဆွေကို ပြောနေသည့်စကားများကို ရှင်မမေ့မရ။

" မောင်မြင့်ဆွေရေ သေခြင်းတရားဆိုတာ မျက်လှည့်လိုပါပဲကွာ လူ့ဘ၀သက်တမ်းမှာ နေသင့်သလောက် 
နေခဲ့ပြီးလို့ ငါသေရမှာ မကြောက်ပါဘူးအရွယ်မရောက်သေးတဲ့ မင်းတူမလေးကိုပဲ ငါစိတ်မချတာ ..."

" ငါများ မတော်တဆ တိမ်းပါးသွားရင် ငါ့မြေးလေးကို အစစအရာရာ စောင့်ရှောက်ပေးပါကွာ ငါ့ရဲ့ရောဂါက ဘယ်နေ့သေရမယ်မှန်းမသိဘူးလေ "

" ဥက္ကဌကြီးရာ ဘာမှတွေးမပူစမ်းပါနဲ့ အစစ စိတ်ချပါ ဥက္ကဌကြီးလည်း ဘာမှမတွေးနဲ့ ဘာမှမဖြစ်ဘူး ကိုယ့်ကျန်းမာရေးသာ ကိုယ်ဂရုစိုက် ကျန်တာ ကျွန်တော်အကုန်
တာ၀န်ယူတယ် "

အိမ်ရှေ့က စကားသံတွေက ရှင်မနားထဲ ကြားတစ်ချက် ၊ မကြားတစ်ချက်။ ရှင်မရင်ထဲ စိတ်ပူလှပါသည်။ ရှင်မ၏ တစ်ပင်တည်းသော နှောင်ကြိုးက ရှင်မကိုများ ထားသွားခဲ့ရင် .....။
ဘဘရယ်။ ဒီရောဂါကြီးကို ရှင်မကြောက်တယ်။ ဒီရောဂါကြီး ဘဘဆီ ဘာလို့လာဖြစ်ရတာလဲဟင်။ ဘဘပဲပြောတယ်လေ။ ဘုရား၊တရား ၊သံဃာ ယုံကြည်သက်၀င်ရင် ကောင်းတာပဲ ခံစားရမယ်ဆို...။ မကောင်းတာမဖြစ်ဘူးဆို..။ ရှင်မဖိုးဖိုးက ဘုရားတရားယုံကြည်ပြီး အမြဲကောင်းတာလုပ်ခဲ့သူကို ဘာလို့ဒီရောဂါကြီးက လာဖြစ်ရတာလဲ။ ရှင်မမှာ ဘဘပဲရှိတာလေ။ ဘာလို့ ဘဘကိုမှ အဲဒီရောဂါကြီးက လာဖြစ်ရတာလဲ။ ဘာလို့လဲ။ ရှင်မအပေါ် ကံကြမ္မာက ဘာလို့အဲဒီလောက် ရက်စက်ရတာလဲ။ 
စိတ်ထဲက မကျေမနပ် တတွတ်တွတ်ရေရွတ်ရင်း ရှင်မ ငိုနေမိသည်။

" မောင်မြင့်ဆွေရေ ငါ့မှာ ဆီးကျိတ်ကင်ဆာ ဖြစ်နေပြီတဲ့ကွာ ရှင်မကို မသိစေချင်ဘူးရယ် အားငယ်သွားမှာ စိုးတယ်ကွာ " 

ဦးမြင့်ဆွေကို ပြောပြနေသော ဘဘ၏ အသံတိမ်တိမ်လေးက ရှင်မနားထဲကမထွက်ပါ။ 

" ဥက္ကဌကြီး ဘာမှစိတ်မပူနဲ့ တစ်စုံတစ်ခုဆိုရင် ကျွန်တော့်သာ အကြောင်းကြားလိုက် နော် ကျွန်တော်လည်း ခဏခဏ လာကြည့်ပါမယ် အခုတော့ကျွန်တော်ပြန်ဦးမယ် "

အိမ်ရှေ့က ဦးမြင့်ဆွေ နုတ်ဆက်သံကို ကြားမှ ရှင်မပါ အိမ်ရှေ့ထွက်လာခဲ့သည်။ တအောင့်နေတော့ သူရိန့်မေမေ
ဒေါ်လေးနွယ်က ရှင်မအတွက် ပုဇွန်ဟင်း လာပို့သည်။

" သမီးလေး ရှင်မရေ ပုဇွန်ဟင်းလေး လှယ်လိုက်ဦး "

" ဟုတ်ကဲ့ဒေါ်လေးနွယ် "

ပြောပြောဆိုဆို ဒေါ်လေးနွယ်လက်ထဲက ပန်းကန်လေးကို ယူပြီး မီးဖိုထဲ၀င်ပြီး ပန်းကန်လုံး တစ်လုံးထဲ လှယ်ပြီး ပြန်ထွက်လာလိုက်၏။

" ဦးလေးရော သက်သာရဲ့လားဟင် 
ဘာစားချင်လဲ စားချင်တာပြောပါ ကျွန်မချက်ပေးမယ် "

" အေးကွယ် စားချင်တာက 
၀က်သားဟင်းလေ ဒါပေမယ့် မတည့်ဘူး ငါ့တူမရေ အဆီမစားရဘူး "

" အဲဒါဆို အသားလေးစားမလား ကျွန်မချက်ပြီး လာပို့ပေးမယ် "

" ဟာ ရပါတယ်တူမကြီးရယ် နေပါစေ
အားနာတယ် "

" အားနာစရာလား ဦးလေးကျေးဇူးတွေက ကျွန်မတို့အပေါ် အများကြီးပါ ဦးလေးရယ် "

" အေးကွယ် မတော်တဆ ငါများတခုခုဖြစ်ခဲ့ရင် ရှင်မလေးကို 
ဝိုင်း၀န်းစောင့်ရှောက်ပေးကြပါနော် 
နင်တို့သား သူရိန်အိမ်က ထွက်သွားရတာလဲ ဦး‌ေလးပရောဂ မကင်းဘူးရယ် ဦးလေးသာ ဒေါသရှေ့မထားရင်
ဒီလိုတွေ ဖြစ်လာမယ်မထင်ဘူး တောင်းပန်ပါတယ် တူမကြီးတို့ရယ် "

ဘဘစကားကြားတော့ ဒေါ်လေးနွယ်က မျက်ရည်များ စီးကျလာရင်း ဖြေသည်။

" အဲဒီလိုလည်း မဟုတ်ပါဘူး ဦးလေးရယ် ဖြစ်ချိန်တန်လို့ ဖြစ်ကြတာပါ သားသူရိန်မရှိလည်း ကျွန်မကတော့ ရှင်မကို သမီးအရင်းလေးလို ချစ်တယ် "

" အေးပါကွယ် ကျေးဇူးတင်ပါတယ် "

" ဦးလေး ကျွန်မပြန်ဦးမယ်ရှင့် 
မနက်ဖန်မှ ဟင်းလာပို့ပေးပါမယ်ရှင်
သမီးရေ ရှင်မ ဒေါ်လေး ပြန်မယ်နော် "

" ဟုတ်ကဲ့ပါဒေါ်လေး "

နုတ်ဆက်ပြီး ပြန်သွားသည့် ဒေါ်လေးနွယ်ကျောပြင်ကို ငေးရင်း သူရိန့်ကို ရှင်မ သတိရနေမိသည်။ သူရိန်သာရှိလျှင် ရှင်မ မည်မျှ အားရှိလိုက်မလဲ။
ဘဘက အိပ်ရာထဲ လှဲနေတော့ ဘဘအနားသွားပြီး ငယ်ငယ်ကလို ဘဘခြေထောက်တွေကို လက်ကလေးနှင့် နှိပ်ပေးနေလိုက်သည်။ ဘဘစားချင်သည့်အရာမှန်သမျှ ရှင်မ ချက်ပြုတ်ကျွေးချင်မိ၏။ ခက်သည်က ရှင်မမှာ ပိုက်ဆံမရှိ။ ရှင်မ အလုပ်လုပ်ချင်မိသည်။ ခုချိန်ထိ ဘာမှလည်း မလုပ်တတ်။ 
ရှင်မ၏ အဒေါ်၀မ်းကွဲ အဖေ့ညီမ ဒေါ်လေးဆီ ခဏသွားလည်ရန် ဆုံးဖြတ်လိုက်သည်။ 

" ဘဘ ဒေါ်လေးတို့ဆီ ခဏသွားချင်လို့ ရှင်မသွားရမလားဟင် "

ဘဘကို ခွင့်ပန်တော့ ဘဘက ခွင့်ပြုရင်း " အကြာကြီး မနေနဲ့ ဘဘခဏအိပ်
ဦးမယ် " ဟုဆိုသည်။ ရှင်မခေါင်းလေးညိတ်ပြီး ဘဘကိုထားခဲ့ပြီး ထွက်လာခဲ့၏။ ဒေါ်လေးတို့အိမ်က ရှင်မတို့အိမ်နှင့် သိပ်မဝေးပါ။ ငါးအိမ်ကျော်သာ ဝေးသည်။ 

" ဒေါ်လေးရေ ဒေါ်လေး "

ဒေါ်လေးအိမ်ရောက်တော့ ရှင်မ လှမ်းခေါ်ရင်း အိမ်ထဲ၀င်လိုက်သည်။ ဒေါ်လေးတို့က ထမင်းစားနေကြသဖြင့် ထမင်းဝိုင်းနှင့်တန်းတိုးသည်။ 

" အမလေး ရှင်မပါ
လား ညည်းဖိုးအေ နေမကောင်းတာ ဘယ့်နဲ့နေလဲ အခုရော သက်သာလား လာထမင်းစားသွား တခါထဲ "

" သက်သာပါတယ်ဒေါ်လေးရယ် ဘာဟင်းချက်လဲ ဒေါ်လေး "

" ခရမ်းချဉ်သီး ငါးပိချက် စပ်စပ်လေးနဲ့ 
ငါးပြင်မဟင်းချက်တယ် ညည်းအကြိုက် ၀င်စားသွားလေ "

ရှင်မက ငါးပြင်မဟင်းလည်း ကြိုက်သည်။ ဒေါ်လေးတို့ထမင်းဝိုင်းထဲ ရှင်မပါ ၀င်စားလိုက်၏။ ဟင်းကငရုတ်သီးစပ်သလို မောင်နှမများနှင့်စားရသဖြင့် ထမင်းက စားမြိန်လေသည်။ ရှင်မက ငယ်ကထဲက အိမ်မလည်ရသဖြင့် အဒေါ်တွေဆီလည်း သိပ်မရောက်ပါ။ ဘဘက မကြိုက်သဖြင့်
ဘယ်မှသိပ်မသွားရ။ ထမင်းစားသောက်ပြီးတော့ ဒေါ်လေးကမေးသည်။  

" ညည်းလာတာ ညည်းအဖိုးလွှတ်ရဲ့လားရှင်မ "

" လွှတ်ပါတယ် သွားချင်သွားတဲ့ 
‌ဒေါ်လေးကို ပြောမလို့ ရှင်မ အလုပ်လုပ်ချင်လို့ အာ့ ဘာအလုပ်လုပ်ရမလဲဟင် "

ရှင်မစကားကြားတော့ ဒေါ်လေးကရယ်သည်။ 

" ညည်းက ဘာလုပ်တတ်မှာလဲ ရှင်မရဲ့ "

" ဒေါ်လေးကလဲ မလုပ်တတ်လို့ပါဆို 
အဲဒါ ဒေါ်လေးနောက်လိုက်ပြီး ဈေးရောင်းမယ်လေ "

" ဟုတ်ရဲ့လား ရှင်မရယ် ဈေးရောင်းရတာ ပင်ပန်းတယ် နေပူထဲထိုင်ရောင်းရတာ မနက်ကျလည်း အစောကြီးသွားရတာ "

" ရှင်မ လိုက်ကြည့်ချင်တယ် မနက် လိုက်ခဲ့မယ်လေ နော် ဒေါ်လေး နော်လို့ "

ရှင်မအတင်းပြောမှ ဒေါ်လေးက ခေါ်ဖို့ ခေါင်းညိတ်ပြသည်။ ဒေါ်လေးအိမ်က ပြန်လာသည့် ရှင်မမျက်၀န်းထဲ စူးစမ်းလေ့လာချင်သည့်စိတ်ကြေင့်ထင်၏။ 
တက်ကြွနေမိသည်။ အိမ်ရောက်တော့ 
ဘဘကိုပြောတော့ အကြာကြီး စဉ်းစားနေ၏။ ပြီးမှ

" အင်း ငါ့မြေးလိုက်ချင်ရင် လိုက်သွားလေ စူးစမ်းလေ့လာကြည့်ပေါ့ ရော့ ပိုက်ဆံ ငါးထောင်ယူသွား" 

ဟု ဆိုပြီး‌ေပးသည်။ ဘဘခွင့်ပြုသဖြင့် ရှင်မပျော်သွားသည်။ ထိုနေ့ညက မနက်အဆင်သင့်လိုက်နိုင်ရန် ရှင်မ အိပ်ရာစောစော ၀င်ခဲ့‌ေလ‌သည်။

***********

" ရှင်မရေ လိုက်မယ်ဆို "

မနက်အစော လေးနာရီထိုးခါနီး အိမ်ရှေ့က ခေါ်သံကြားသည်နှင့် အဆင်သင့်ပြင်ဆင်ထားသည့် ရှင်မ အပြေး ထွက်လာခဲ့၏။ 

" အံမယ် ငါ့တူမက တယ်ဝိရိယရှိတာပဲ 
လာ လာ တက် "

ဒေါ်လေးယောက်ျားနင်းသည့် ဆိုက္ကားပေါ် တက်ခိုင်းသဖြင့် ရှင်မပါတက်လိုက်သည်။ ဆိုက္ကားက ဗိုလ်ချုပ်လမ်းမကြီးကတစ်ဆင့် ရှစ်လမ်းဈေးကြီးဆီ ဦးတည် နင်းသွားလေ၏။ အခုအသက်ရွယ်အထိ ရှစ်လမ်းဈေးကို ကြားသာကြားဖူးသည်။ ရှင်မ မရောက်ဖူးပါ။ ရှင်မရောက်သည်က ညောင်တုန်းဈေးကြီးကိုပဲရောက်သည်။  
ဆိုက်ကားပေါ်က ဆင်းလိုက်သည်နှင့် 
ဒေါ်လေးက သူ့နေရာရှိရာကို ခေါ်သွား၏။ သူ့နေရာရောက်တော့ ဆိုင်ဖွင့်ရန် မိုးကာကို အကျယ်နေရာယူပြီး ဖြန့် ခင်းလိုက်သည်။  
ဆိုက္ကားပေါ်က ချလာသည့် တောင်းတွေကိုပါ နေရာချ၏။ ရှင်မကိုတော့ သူနှင့် ‌ေကျာခိုင်းသည့်နေရာ ဆိုင်ကယ်၀ပ်ရှော့ ရှိသည့်အခြမ်းကို နေရာချပေး၏။ 

" ရှင်မ အခင်းယူလာဖို့ပြောထားတာ ပါလား ဒီနေရာမှာ ခင်းလိုက် "

ဒေါ်လေးပြသည့်နေရာမှာ ယူလာသည့်မိုးကာကို ခင်းလိုက်သည်။ ပြီးသည်နှင့်
ဒေါ်လေးသွားရာနောက် တကောက်ကောက်လိုက်ရ၏။ 
ရှစ်လမ်းဈေးဆိုသည်မှာ ရွာအသီးသီးမှ လာရောင်းသော တော‌ေစျးသည်များဆီ မြို့ခံ ဈေးသည်များက တစ်ဆင့် ပြန်ယူရောင်း‌ေသာ‌ေစျးဖြစ်သည်။ ဒေါ်လေးက ခရမ်းသီးသည်ရှေ့မှာ ဈေးမေးသည်။ ခရမ်းသီးက လှပြီး အရွယ်လည်း ကြီး၏။ ဒေါ်လေးကြိုက်သည့်ဈေးရတော့ တောသည်ဆီက ပါလာသမျှ ယူလိုက်သည်ကို တွေ့ရသည်။ ဒေါ်လေးလုပ်သမျှ ရှင်မက လိုက်ကြည့်ထား၏။ ကြိုက်သည့်ပစ္စည်းကို စစ်သည့်ဈေးနှင့်ရတော့ သူ့နေရာကို
ဈေးသည်က ရွက်ပြီး လိုက်ပို့ရသည်။ တချို့ဆိုလျှင် ငါယူမယ် သူယူမယ် ဆိုပြီး လုတာတွေ့ရသေးသည်။ 
ပထမနေ့ဆိုတော့ ရှင်မအတွက် သိပ်နားမလည်သော်လည်း စိတ်၀င်စားစရာတော့ကောင်းသည်။ ဒေါ်လေးကပဲ ခရမ်းသီးနှင့် ဗူးသီး ၊ ခရမ်းချဉ်သီး ကြည့်၀ယ်ပေးသည်။ 

" ရှင်မ ဒီနေ့တော့ ဒီလောက်ပဲ ရောင်းကြည့်နော် နောက်တော့ တဖြည်းဖြည်းနဲ့ အလုပ်ကသင်လာလိမ့်မယ် "

ဒေါ်လေးကတော့ ကွမ်းလည်း ၀ယ်ပြီးရောင်းသည်။ ကွမ်းသည်ဆီက ကွမ်းကို 
ဖောက်သည်ယူ ၊ ပြန်ပြီး လက်လီရောင်းသလို ရွာပြန်‌ေရာင်းမည့် အရောင်းဈေးသည်များဆီ ဖောက်သည် ပြန်ပေးရ၏။ ရှစ်လမ်းဈေး၏ တစ်ဖက်တွင် တာရိုးရှိပြီး တာရိုးဘေးတွင် မော်တော်များ လှေများ ဆိုက်သည့် ဆိပ်ကမ်းရှိလေသည်။ မိုးတွင်းဆိုလျှင် တာဘောင်အနားထိ ရေတက်ပြီး နွေအခါဆိုလျှင်တော့ ရေကျနေသော ကမ်းစပ်ရှိသည်။ နေ့လည်အထိ 
မော်တော်များ ၊ ထွေလာဂျီများ ၊ ဆိုင်ကယ်များနှင့် ဈေးလာသုံးကြသည့် ရွာအသီးသီးမှ ဈေးသည်များကို ပြန်ရောင်းကြရခြင်းဖြစ်သည်။ 
ရှင်မအတွက်တော့ ငေးမ၀ဘဲ အထူးဆန်းဖြစ်နေတော့၏။ 

" ခရမ်းသီး ဘယ်ဈေးလဲ ညီမ‌ေလး "

ရှင်မ ရှေ့ ဈေး၀ယ်သူက လာမေးတော့ 
ရုတ်တရက် ဘာပြန်ဖြေရမှန်းးမသိပါ။
နောက်မှ အဒေါ်သင်ပေးတာ သတိရပြီး

" ဆယ်လုံး ငါးရာအစ်မ "

ဟုဖြေလိုက်ရသည်။ စိတ်ထဲ ရှက်သလို ၊ ရွံ့သလို ဖြစ်ရသည်ကအမှန်။

" လျှော့ဦးလေ အစ်မက ပြန်ရောင်းမှာ
တည့်ရင် ရာချီယူမှာ "

အမလေး။ ပျော်လိုက်သည့်ဖြစ်ခြင်း။ 

" မမရယ် အများအမြတ်မတင်ထားပါဘူးနော် မိတ်ဖြစ်ဆွေဖြစ်လျှော့ပေးလိုက်မယ် လေးရာ့ငါးဆယ်နဲ့ယူပါမမ "

" လေးရာထား မမတို့လည်း ငါးရာပဲ ပြန်ရောင်းရမှာ ခရမ်းသီးက လှလို့သာ ယူမှာ "

ဈေးသည်က ထပ်ဆစ်တော့ သူပြောသည့်ဈေးနှင့် ရှင်မထားပေးလိုက်သည်။ ၀ယ်သူကကျေနပ်ပြီး လေးရာနှင့် အလုံးတစ်ရာ ရောင်းလိုက်ရ၏။ 

" ခရမ်းချဉ်သီးကရော ဘယ်ဈေးလဲ ညီမလေး "

" တပိဿသုံးရာမမ "

" အဲဒါက လှတာလေးရွေးထည့်ပြီး သုံးပိသာချိန်လိုက်နော် ညီမလေး "

" ရှင်မ မချိန်တတ်
ဘူး မမရဲ့ အဒေါ့်ဆီ သွားချိန်ပေးမယ်နော် "

" ရတယ် ညီမလေး အဝေးကြီးလား အ‌ေဒါ်က "

" မဝေးဘူးမမ ဟိုမှာလေ "

ရှင်မညွှန်ပြရာကြည့်ပြီး ဈေး၀ယ်သုမမက အဒေါ့်ကို လှမ်းနုတ်ဆက်သည်။

" ဟယ် မအေးသန်း ဒါ တော့်တူမလား
သူ့ဆီအားပေးလိုက်ပြီ ကွမ်းဘယ်ဈေးလဲ ကွမ်းကအလတ်ကလေးတွေ ယူချင်တာ "

" ဖေါက်သည်က ဖေါက်သည်ဈေးပေါ့အေ့ ပြောနေစရာလိုတာကျနေတာပဲ "

" အဲဒါဆို ကွမ်းသုံးပိသာ ထည့်လိုက်နော် ရေစင်အောင်ခါပေးဦး "

" စိတ်ချ စိတ်ချ ၀ယ်သူ စိတ်ချမ်းသာစေရမယ် "

ဈေးရောင်းရသည်ကို ရှင်မပျော်လာ၏။ ရှင်မရှေ့က ခရမ်းသီးပုံကြီးက တဖြည်းဖြည်း နည်းနည်းလာသလို ၊ ခရမ်းချဉ်သီး တစ်တောင်းကလည်း ကုန်လုလုဖြစ်လာပြီ။ ဗူးသီးဆယ်လုံးကတော့ လေးလုံးကျန်သေးသည်။ ဈေး၀ယ်သူ ၊ ဖောက်သည်ပေးသူနှင့် ညောင်တုန်း ၊ ရှစ်လမ်းဈေးက စည်ကားနေလေ၏။ 

" ခရမ်းသီးတွေ လျှော့ပေးလိုက်မယ် ပြန်ချင်လို့နော် တစ်ပုံလုံးမှ ငါးရာပဲပေးခဲ့ "

" အစ်မရေ ဘာယူမလဲအေ့ အားပေးဦးလေ ဖောက်သည်ကြီးနော် အခုရက်ဘယ် သဝေထိုးနေလဲ ကျုပ်ဆီမလာဘူးနော် "

" အင်္ကျီတွေနော် ပေါပေါပဲပဲ ရမယ် အလကားနည်းနည်း ပေးမယ်ဟေ့ တစ်ထည်မှ ငါးရာထဲ ငါးရာထဲနော် အိမ်က လက်သုတ်ဖိုးတောင်မရှိဘူး "

" နှစ်မျိုးမှ ငါးရာထဲ ကြိုက်တာလာကြည့်လိုက် ကြိုက်မှယူ ကြိုက်မှယူ "

တစ်ဈေးလုံးက ဈေးသည်များ၏ အော်ဟစ်ရောင်းချသံက ဆူပွက်နေလေသည်။ ရှင်မမျက်နှာလေးကလည်း နေအပူရှိန်ကြောင့်ထင်၏။ ရဲရဲတွတ်လာပြီး ခေါင်းက အုံခဲကိုက်လာသည်။ 
ဦးထုပ်လည်း မပါလာသဖြင့် ဒေါ်လေးက လှမ်း‌ေပြာသည်။

" ရှင်မရေ တူမလာ ရော့ ဒီဦးထုပ်လေးလာယူ ဆောင်းထား နေပူလာပြီ "

ဒေါ်လေးလှမ်းပေးသည့် ဦးထုပ်ကိုယူပြီး ဆောင်းလိုက်မှ ရှင်မ နေရတာ သက်သာသွားသည်။ ရှင်မရှေ့မှာ အကုန်ကုန်ပြီး ဗူးသီးနှစ်လုံးသာ ကျန်သဖြင့် အဒေါ့်နေရာဆီ ရွှေ့လိုက်၏။
မနက်ပိုင်းက အဒေါ်ယူထားသည့် ဟင်းသီးဟင်းရွက်အပုံများက ပြောင်လုလုဖြစ်သော်လည်း ကွမ်းကတော့ ကျန်သေးသည်။ အဒေါ့်အနားရောက်ပြီး မကြာခင် ရှင်မ၏ ဗူးသီးလက်ကျန်အား အပြီးသတ် အရင်းမကျ‌ေစျးနှင့် ရောင်းလိုက်၏။ 

" ရှင်မ ဒီနေ့အမြတ်ဘယ်လောက်ကျန်လဲ ငါ့တူမက ဈေးလာဘ် ရှိတယ် စရောင်းရောင်းချင်းနေ့ကိုပဲ အကုန်ကုန်တယ် "

ဒေါ်လေးက ပြောရင်းအမြတ်တွက်ပေး၏။ အိမ်ကပါလာသည့် ငွေငါးထောင်အပြင် ရှင်မလက်ထဲ ပိုက်ဆံ သုံးထောင်လောက်ပိုလေသည်။ ရှစ်လမ်းဈေးက အရင်းနည်းလည်းရ၏။ တောဈေးသည်များဆီက ယူ‌ေရာင်းပြီး နေမြင့်မှ ပိုက်ဆံလာရှင်းကြသည့်အတွက် ဈေးရောင်းရတာ တပန်းသာသည်။ 
အဒေါ်က ကွမ်းရောင်းတာကို သင်ပြပေး၏။ 

" ရှင်မ ကွမ်းက ၀န်ပေါ့တယ် တူမရဲ့ 
ဒါက စားကွမ်းဆိုဒ် ၊ ဒါကတော့ယာကွမ်း ၊ ဒါကြီးတွေက ပယ်ကွမ်း ပေါ့ 
ဈေးအကြီးဆုံးက ယာကွမ်းပဲ ယာကွမ်းက ကွမ်းယာဆိုင်တွေ သုံးကြတာ အနည်းဆုံး ကွမ်းယာသည်ဆို ငါးဆယ်သား တစ်ပိဿာ ရောင်းရတာ
အရမ်းကုန်တဲ့ဆိုင်ဆို တစ်နေ့နှစ်ပိဿာလောက်ရောင်းရတယ် အဲဒီလိုဆိုင်မျိုး ဖေါက်သည်များများရရင် အေးဆေးပဲ "

" ဟုတ်ကဲ့ဒေါ်လေး "

" ဒါက ပယ်ကွမ်း ရာကွမ်းထက်ကြီးတော့ စားသမားတွေ၀ယ်ကြတယ် သူကအရွက်ကြီးပေးမယ့် ဈေးကျ နည်းတယ် "

" သူ့ကျ ရာကွမ်းသမားက မသုံးဘူးလား ဒေါ်လေး "

" ဟင့်အင်း ယာကွမ်းသမားဆို အရွက်ကြီးရင် အကုန်ညှပ်ထုတ်ရမှာလေ နောက်တစ်ခုက အရွက်ကြီးရင် နောက်ကလိုက်ရမယ့်ကွမ်းသီးနဲ့ဗာဟီရအစုံ 
ဘယ်ကိုက်မလဲ အလုပ်ရှုပ်တယ် နောက်တစ်ခုက အရင်းပိုကျမယ် ဒါကြောင့် ပယ်ကွမ်းက အိမ်စားသမားပဲ
သုံးကျတာ "

" ဟုတ်ကဲ့ဒေါ်လေး "

" ဒါက အိမ်စားကွမ်း အရွယ် အရွက်သေးပေါ့ သူကတစ်ဈေး စားသမားတွေကို သူက တစ်ဆင့်ပြန်ရောင်းကြတယ်
ကွမ်းဆိုတာက ရွာတိုင်း ၊ ရွာတိုင်း နေ
ရာတိုင်း မစားမဖြစ် စားကြတာလေ ၀န်ပေါ့တယ် သယ်ရ ၊ တောရတာ အဆင်ပြေတယ် ကုန်စိမ်းထက် ငါ့တူမက ကွမ်းကို ပိုရောင်းသင့်တယ် "

" ဟုတ်ကဲ့‌ဒေါ်လေး "

" ဒီမှာကြည့် ကွမ်းကို ကိုယ်၀ယ်လို့ ရေခါရင် ဟောဒီလို ပြောင်စင်အောင်ခါရပေမယ့် ကိုယ်ပြန်ချိန်ရင် ဒီလို ခပ်ဆတ်ဆတ် ၀ယ်သူ စိတ်ချမ်းသာအောင် ခါပြရတယ် "

" ဒေါ်လေးကလည်း အတူတူမဟုတ်ဘူးလား "

" မတူဘူးအေ့ ဒီမှာကြည့် "

ဒေါ်လေးက ရှင်မကို သင်ပြသည့်အချိန်မှာပဲ ဈေး၀ယ်သူက ကွမ်းလာမေးသည့်အတွက် ဒေါ်လေးက ဈေး၀ယ်သူနှင့် အပြန်အလှန် ပြောနေကြသည်။ 

" ကွယ်ဘယ်ဈေးလဲအစ်မ"

" တစ်ဆယ်သား နှစ်ရာပါ "

" မလျှော့ဘူးလားအစ်မ "

" ညီမက ဘယ်လောက်ယူမလဲ ပိဿာလုံးလား အဲဒါဆို လျှော့မှာပေါ့ ညီမရဲ့ "

" စားဖို့ပါ အစ်မရယ် "

" အဲဒါဆို လျှော့မရဘူးညီမရယ် အခုရက် ကွမ်းတွေက ရေတက်လို့ တစ်ချို့ခြံတွေဆို ခူးမရဘူး ညီမရဲ့ "

" အဲဒါဆို တစ်ဆယ်သား ချိန်ပေးအစ်မ အလေးပြည့်ပါစေနော် "

" စိတ်ချ စိတ်ချ အလေးကတော့ အပြည့်ပဲရောင်းတယ်ညီမရေ နောင်ဘ၀ သူများမြေ အပါမခံနိုင်ဘူး "

ပြော‌‌ေပြာဆိုဆို ဈေးသည်ကို ဖြေရင်း ဒေါ်လေး ချိန်ပြသည်ကို ရှင်မ သေချာကြည့်နေလိုက်၏။ ၀ယ်သူထွက်သွားမှ 
ဒေါ်လေးက ‌ ရှင်မကို ဆက်ပြောပြသည်။ 

" ကွမ်း၀ယ်ရင်လည်း ဈေးက ရေစို ၊ ရေခြောက် နှစ်ဈေးရှိတယ် ဈေးသည်က ရေဆွတ်လာရင် ရေစိုဈေး ၊ ရေခြောက်ရင် ရေခြောက်ဈေး ရေခြောက်ဆိုရင် ကိုယ်က ရေပြန်ဖြန်းရင်း ရေတိုးပြန်ရတယ် တစ်ချို့ကျ တစ်ပိဿာ ကို ရေခြောက်ဆို တစ်ဆယ်သားလျှော့ပြီး ကိုးဆယ်သား ချိန်ပေးတယ် အဲဒါတွေက ကြာရင် တူမ တဖြည်းဖြည်းနဲ့ တတ်လာလိမ့်မယ် "

" ဟုတ်ကဲ့ ဒေါ်လေး "

" ကွမ်းကျ ဒီဈေးမကုန်ရင် ဟိုဘက်ဈေးကြီး သွားကူးရောင်းဖို့ အဆင်ပြေတယ် ကုန်စိမ်းကျ ငါ့တူမ ကူးသန်းဖို့အဆင်မပြေဘူး ညည်း နွေရာသီ ကျောင်းပိတ်ရက်မှာ အမြဲရောင်းမှာ မဟုတ်လား "

" ဟုတ် ဒေါ်လေး ရောင်းမယ် ရှင်မ အလုပ်လုပ်ပြီး ဘဘကို ရှာကျွေးချင်တယ် "

" အဲဒါဆို နောက်နေ့ ကွမ်းပဲယူရောင်း 
ဒီဈေးမှာ ခဏရောင်းပြီးတာနဲ့ ဟိုဘက်ဈေးမှာ ရောင်းဖို့ နေရာချပေးမယ် နော် "

" ဟုတ်ဒေါ်လေး "

နေ့လယ် ဆယ့်နှစ်နာရီကျော်တော့ ဒေါ်လေးနှင့် ရှစ်လမ်းဈေးကနေ ဈေးကြီးကို ကူးလာခဲ့သည်။ ရှင်မ ဘယ်မှ မရောက်ဖူးသဖြင့် ဒေါ်လေးသွားသည့်နေရာများအား သေချာမှတ်ရ၏။ 

" ဒေါ်လေးကလည်း ဘယ်လမ်းတွေက ခေါ်နေတာလဲ "

ရှင်မက လမ်းတွေ ပြန်လှည့်ကြည့်ရင်းဆိုတော့ ဒေါ်လေးက တဟားဟားနှင့်ရယ်ရင်း ဖြေသည်။

" ဒီလမ်းက ဖြတ်လမ်း သွားရတာနီးသလို နေရိပ်တယ် လိုက်မှာသာ လိုက်ခဲ့ပါရှင်မရယ် ဒါက ဆယ့်လေးလမ်းပဲ 
ဒီနားမှာ တူမနောက်‌ေန့ လာရောင်း
ဒီနေရာမှာ ကြားလား "

ဆယ့်လေးလမ်းရောက်တော့ ဒေါ်ဝိုင်း ကုန်ဆုံဆိုင်မှ ရွှေဆိုင်ဖြစ်သွားသည့်နေရာရှေ့မှာ ဒေါ်လေးက နေရာချပေးသည်။

" မှတ်ထားနော် ဒီနေရာ "

ဒေါ်လေးပြသည့်နေရာကို ရှင်မ မှတ်ထားလိုက်၏။ ဒေါ်လေးက ဟင်းစားတန်းဆီ ခေါ်သွားပြီး သူ့အိမ်အတွက် ဈေးသုံးသလို ရှင်မကလည်း ရသည့်ပိုက်ဆံလေးနှင့် ဘဘအတွက် 
၀က်သားအသားလေးချည်း ၀ယ်လိုက်၏။ ဘဘစားချင်သည့်အရာအား 
ရှင်မချွေးနည်းစာနှင့် ၀ယ်ခွင့်ရသည့်အတွက် ရှင်မပျော်နေလေသည်။ 
ရှင်မတို့ ဈေးသုံးပြီးသည်နှင့်ဒေါ်လေးယောက်ျား ဦးသောင်းရွှေက ဆိုက္ကားနှင့် လာပြန်ခေါ်သဖြင့် ထိုနေ့က အိမ်သို့ တစ်နာရီ၀န်းကျင်မှ ပြန်လာခဲ့ကြ၏။

*********

" ဘဘရေ ဘဘ "

အိမ်ရှေ့ရောက်သည်နှင့် ဆိုက္ကားပေါ်က ဆင်းကျန်ခဲ့ပြီး အိမ်ထဲသို့ မပြေးရုံတမယ် ၀င်လာလိုက်၏။

" ဟော ငါ့မြေး ပြန်လာပြီ
ဘယ့်နဲ့လဲကွ တော်တော်မှ ပင်ပန်းလာလား "

ဘဘက ရှင်မကို ဆီးမေးတော့ ရှင်မ ရယ်ပြီး ခေါင်းညိတ်ပြလိုက်သည်။

" အဆင်ပြေတယ်ဘဘရဲ့ သုံးထောင်ကြီးများတောင် မြတ်တယ် "

" ဟေ ငါ့မြေးက တော်သကွာ ဒါပေါ့ လောကမှာ ရှင်မက ဘယ်အရာမဆို 
ရင်ဆိုင်နိုင် လုပ်နိုင်တယ်ဆိုတာ ဒါသက်သေပြတာပဲ ဘဘသိတာပေါ့ ဘဘမြေးတော်တာကို ဟားဟား "

ဘဘက ရှင်မကို ချီးကျူးရင်း မျက်နှာကြီးက ပြုံးပြီး သဘောတကျ ရယ်နေလေ၏။

" ဘဘရေ ဘဘအကြိုက် ၀က်သားအသားချည်း ၀ယ်လာပေးတယ် အဲဒါသမီးချက်လိုက်မယ်နော် "

" နေပါဦးမြေးရယ် ဘဘအခုသက်သာနေတာကို ဘဘချက်ပါ့မယ် 
မြေးသွားနားတော့ ဒါနဲ့မနက်က မနက်စာ ဘာစားခဲ့လဲ "

ဘဘပြောမှ ရှင်မသတိရသွား၏။ မနက်စာက ရှင်မတို့ဈေးရောင်းသည့် မျက်စောင်းထိုးနေရာတွင် မုန့်ဟင်းခါးဆိုင် ရှိလေသည်။ တစ်ပွဲမှ သုံးရာပဲပေးရ၏။ ပန်းကန်ပြည့်လုနီနီးရသဖြင့် သုံးရာဖိုးစားထားလျှင် ဗိုက်က တော်တော်အဆာခံလေသည်။  

" မုန့်ဟင်းခါး သုံးရာတန် တစ်ပွဲ စားခဲ့တယ် ဘဘရဲ့ "

" အေးအေး သမီးခဏနားလိုက် ဘဘ၀က်သားလေး ချက်လိုက်မယ် "

တားလည်း ရမည်မဟုတ်သဖြင့် ရှင်မအခန်းထဲ ၀င်ပြီး အိပ်ရာထဲလှဲပြီး ခဏနားလိုက်၏။ 
ရှင်မပျော်နေမိသည်။ ရှင်မ၏ ချွေးနည်းစာလေးနှင့် ဘဘကို လုပ်ကျွေးခွင့်ရမည်ဆိုလျှင် ရှင်မအပင်ပန်းဒဏ် ခံနိုင်ပါသည်။ ရှင်မတွေးတောရင်း မှေးခနဲ အိပ်ပျော်သွား၏။ 

" သမီး ရှင်မ ထတော့ဟေ့ ထမင်းစားကြမယ် "

ဘဘလာနိူးမှ ရှင်မအိပ်နေရာက ထလိုက်သည်။ ထမင်းစားခန်းထဲ၀င်တော့ ဘဘက ချက်ပြုတ်ပြီးလေပြီ။ ထမင်းပန်ကန်ယူပြီး ခူးခပ်ပြင်ဆင်လိုက်ပြီး
မြေးအဖိုး နှစ်ယောက် ထမင်းစားရန် အတူနေရာယူလိုက်ကြ၏။ ရှင်မက ဘဘပန်းကန်ထဲ ၀က်သားတုံးများကို
ခပ်ပြီး ဦးဆယ်ထည့်ပေးလိုက်သည်။ 
ရှင်မထည့်ပေးသည့် ဟင်းကို အားရပါးရစားရင်း ဘဘပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာသည်ကို တွေ့လိုက်ရသည့်အခါ ရှင်မစိတ်ထဲ စိုးရိမ်ထိတ်လန့်သွားရ၏။

" ဘဘ ဘဘဘာဖြစ်တာလဲဟင် ဘာဖြစ်လို့ငိုရတာလဲ ဘဘ နေမကောင်းဘူးလား ဘာဖြစ်လို့လဲ "

ဘဘအဖြေစကားကို ကြားလိုက်ရသည့်တခဏ စိုးရိမ်တကြီး မေးလိုက်သည့် ရှင်မပါးပြင်ပေါ်သို့ မျက်ရည်များ တပေါက်ပေါက်နှင့် စီးဆင်းကျလာ‌ေစ‌ေတာ့သည်။ 

*************


rate now: