ရှင်မရင်ထဲ နာကျင်နေသည်။ ညကတစ်ညလုံး အိပ်မပျော်ပါ။ ဘဘရိုက်ထားသည့် နေရာများက အရမ်းနာနေ၏။ ရှင်မ အရမ်းလည်း၀မ်းနည်းသည်။ မနက် ခုနှစ်နာရီထိုးသည်နှင့် ရှင်မ အိပ်ရာက ထလိုက်၏။ အိပ်ရာကို သပ်သပ်ရပ်ရပ် သိမ်းလိုက်သည်။ ရှင်မအခန်းထဲကထွက်လာပြီး ခြေရင်း ပြတင်းပေါက်ကနေ သူရိန်တို့အိမ်ဘက်
ငေးကြည့်လိုက်၏။ သူ့ရိန့်အခန်းကတံခါးမဖွင့်သေးပါ။ သွားတိုက်တံထဲ သွားတိုက်ဆေးကို ညှစ်ထည့်ပြီး ရှင်မမျက်နှာသစ်ရန် အိမ်ပေါ်ကနေ အောက်ရေတွင်းအနား လျှောက်လာခဲ့၏။ စဉ့်အိုးကြီးထဲက ရေကိုရေခွက်နှင့်ခပ်ယူရင်း သူရိန်တို့အိမ်ဘက် ထပ်ငေးကြည့်မိပြန်သည်။
" အိတ်ပုတ်သူရိန် မနိုးသေးဘူးထင်ပါရဲ့"
တိုးတိုးလေးရေရွတ်ပြီး မျက်နှာသစ်လိုက်၏။ ပြီးမှ အိမ်ပေါ်ပြန်တက်လာခဲ့သည်။ ရှင်မနိုးသည့်အချိန်ထိ ဘဘကိုမတွေ့ရ။ ရှင်မကိုရိုက်ထားသဖြင့် ဘဘကို ရှင်မခေါ်မည်မဟုတ်။
" ရှင်မ နိုးပြီလား ညည်းဘဘ ညည်းအကြိုက် စတော်ပဲပြုတ်နဲ့ ထမင်းကြော်ထားတယ်"
ဖွားဖွားစကားကြားတော့ မီးဖိုခန်းထဲ၀င်ပြီး ထမင်းစားပွဲခုံပေါ်က အုပ်ဆောင်းကိုဖွင့်လိုက်သည်။ စားတော်ပဲနမ်းချင်းကြော်ထားပေးသော ထမင်းကြော်ကို ရှင်မစားလိုက်၏။ ဘဘအကျင့်က ရှင်မကို အကြောင်းတစ်ခုခုကြောင့်ရိုက်ပြီးလျှင် ရှင်မကြိုက်တတ်သည့်အရာများနှင့် ပြန်ချော့တတ်သည်။ စားနေရင်း ညကသူရိန်လည်း အရိုက်ခံရမှာကို တွေးမိတော့ ရှင်မ စိတ်မကောင်းဖြစ်ရပြန်သည်။
သူရိန့်ကို တွေ့ချင်လာ၏။
ထမင်းစားပြီးသည်နှင့် ဖွားဖွားကိုမေးလိုက်သည်။
" ဖွားဖွား ဘဘက ဘယ်သွားတာလဲဟင် "
" မောင်လှိုင်ဦးတို့လင်မယားတွေ လာခေါ်သွားကြတာပဲ "
ရှင်မမျက်၀န်းထဲ နားမလည်သောအရိပ်တစ်ချို့ ဖြတ်သန်းသွားေသာေကြာင့် တွေတွေလေးဖြစ်သွား၏။ ညက ဦးလှိုင်နှင့် ဒေါ်လေးအား
ဘဘပြောဆိုလုပ်နေသည်ကို ရှင်မကြားသည်။ ဒီနေ့မနက်ကျ ဘဘကိုလာခေါ်သည်တဲ့။ လူကြီးတွေ၏စိတ်ကို ရှင်မနားမလည်တော့ပါ။ ရှင်မဆို သူရိန်ကို အကြာကြီး စိတ်ကောက်ပစ်လိုက်သည်။ သူရိန့်ကိုသတိရလာပြန်၏။ သူရိန်နှင့်ရှင်မကို လူကြီးတွေက ငယ်ငယ်ကလို မေပါင်းသင်းစေကြသည်ကို ရှင်မနားမလည်။ ညကအကြောင်းကို တွေးမိတော့ နဖူးလေးကို ရှင်မယောင်ရမ်းစမ်းမိသည်။ ရှင်မနဖူးလေးကို သူရိန်နမ်းလိုက်သည်။ ငယ်ငယ်ကလည်း သူရိန်နမ်းဖူးပါသည်။ ငယ်ငယ်ကနမ်းသောအနမ်းနှင့် ညကနမ်းသောအနမ်းက မတူသည်ကို ရှင်မသိေန၏။ ညကနမ်းသည့်အနမ်းက
ရှင်မစိတ်ကို ယောက်ယက်ခတ်စေသည်။
" ရှင်မ ကျောင်းတက်ရမယ်မဟုတ်လား ပြင်တော့လေ "
ဖွားဖွားအော်သတိပေးသံကြောင့် ကျောင်းသွားဖို့ ရှင်မ ရေမိုးချိုးလိုက်သည်။ သည်နေ့ သနပ်ခါးကိုပိုလှအောင် လူးလိုက်၏။ သနပ်ခါးလူးရင်း ရှင်မပြုံးနေမိသည်။ ကျောင်းသွားခါနီးအထိ ဘဘပြန်မရောက်ပါ။ သူရိန်ကို ကျောင်းသွားချိန်အထိ မမြင်ရသဖြင့် ရှင်မ သက်ပြင်းရှိုက်လိုက်မိသည်။ ဘဘကိုကြောက်လို့ထင်၏။ သည်နေ့သူရိန့်အရိပ်ပင်မမြင်ရပါ။ ရှင်မ ကိုးနာရီမထိုးခင် ကျောင်းကိုထွက်လာလိုက်သည်။ ကျောင်းရောက်တော့ အခန်းထဲ မျက်စိဝေ့ရှာမိပြန်၏။ သူရိန့်ကို ခုအထိမမြင်ရသေး။ သူရိန့်ကိုအရမ်းမြင်ချင်နေသည်။ ကျောင်းသာတက်သွားသည်။ သူရိန့်ကိုမတွေ့ရ။ သူရိန့်အတွက် အရမ်းစိတ်ပူလာသည်။
" ရှင်မ သူရိန်ကျောင်းမတက်ဘူးလား "
သူရိန့်အကြောင်းတွေးနေစဉ် သန့်စင်က လာမေးတော့ ရှင်မခေါင်းခါပြလိုက်သည်။ ရှင်မရင်ထဲ၀မ်းနည်းနေသည်။ တနေကုန် စိတ်ထဲနေမထိ ၊ထိုင်မသာ ခံစားနေရလေ၏။ ညနေ မြန်မြန် ကျောင်းဆင်းချင်ေနပြီ။ သူရိန်တစ်ခုခုများ ဖြစ်တာလား။ ညကကိစ္စကို ရှက်သွားလို့လား။ တစ်ခုခုတော့ တစ်ခုခုပင်။ ရှင်မမျက်၀န်းထဲ စိုးရိမ်စိတ်များ ပြည့်သိပ်နေကြသလို စိတ်ထဲ ဘာမှန်းမသိဘဲ အလိုလိုငိုချင်နေသည်။
အရင်လို ကျောင်းေပြးပြီး ထန်းရည်ဆိုင်များသွားသလားမသိ။ မမြင်ရမှ သူရိန့်ကိုသိပ်တွေ့ချင်လာသည်။ စာသာသင်နေရသည်။ ရှင်မစိတ်များက စာထဲစိတ်ဝင်စားမရ။ ညနေကျောင်းလွတ်သည်နှင့် အိမ်ကိုသွက်သွက်ပြန်လာလိုက်သည်။
သူရိန်တို့အိမ်ရှေ့ရောက်တော့ တစ်ချက်လှမ်းကြည့်မိသေး၏။ သူရိန့်အရိပ်မမြင်ရ။ အိမ်ကို ရောက်တော့
လွယ်အိတ်ကို ထားပြီး ဘဘရှိမရှိ အကဲခတ်ကြည့်လိုက်၏။
ဘဘကိုမမြင်မှ ဖွားဖွားကြီးကို မေးလိုက်သည်။
" ဘဘဘယ်သွားလဲဟင် ဖွားဖွား"
" ညည်းအဘ အစောကမှ အပြင်ခဏထပ်ထွက်သွားတာ "
ဖွားဖွားအဖြေကြားတော့ ရှင်မရင်ထဲ လှပ်ခနဲ ပျော်သွားသည်။ သူရိန့်ဆီ ခဏသွားရန် ဆုံးဖြတ်လိုက်၏။
" ဖွားဖွား ဆရာမက ဒီနေ့သူရိန်ကျောင်းမတက်လို့ မှာလိုက်တာ သမီးသွားေပြာပေးမလို့ "
ဖွားဖွားကိုညာပြီး သူရိန့်ဆီသွားရန် ခွင့်တောင်းလိုက်သည်။ ဖွားဖွားက ရှင်မကိုတချက်လှမ်းကြည့်ပြီးဖြေ၏။
" သွားမနေနဲ့ သူရိန်က အိမ်ကထွက်ပြေးသွားတာ အိမ်မှာမရှိဘူး "
" ရှင် "
ဖွားဖွားစကားကြားတော့ ရှင်မစိတ်ထဲ ထိတ်လန့်အံ့သြသွားသည်။ ဖြတ်ခနဲ ဖွားဖွားကို လှမ်းကြည့်တော့ ဖွားဖွားက ခေါင်းညိတ်ပြပြီး ဆက်ပြောသည်။ ဖွားဖွားစကားများ နားထောင်ပြီး ရှင်မရင်ထဲ တဖြည်းဖြည်းဆို့နင့်နာကျင်လာသလိုခံစားလိုက်ရသည်။
" မနေ့ညထဲက အိမ်ကထွက်သွားတာ
သူ့အ၀တ်စားတွေပါမရှိဘူး မနက်က ညည်းဘဘပါ သူ့မိဘတွေနဲ့ ကူရှာပေးတာ ဘယ်မှာမှမတွေ့ဘူး သူ့အမေလည်း တနေကုန် တငိုငိုတရီရီနဲ့ သွားပြောမနေနဲ့ ညည်းကိုတွေ့ရင် သူတို့ပိုဆိုးနေမယ် "
ဖွားဖွားစကားများကို ရှင်မဆက်နားမေထာင်နိုင်တော့ပါ။ ရှင်မရင်ထဲ လှပ်ဟာကျန်ခဲ့သည်။ တခုခုကိုဆုံးရှူံးလိုက်ရသလိုလို။
ရင်ထဲမှာ ဆို့နင့်တုန်လှုပ်ပြီး ၀မ်းနည်းကြေကွဲမှုကို တနင့်တပိုးခံစားလိုက်ရသည်။ ရှင်မအခန်းထဲ ၀င်လာပြီး
အိပ်ရာလေးပေါ် ထိုင်လိုက်၏။ ဒူးနှစ်ဖက်ထောင်ပြီး မျက်နှာလေးကို ဒူးနှစ်လုံးပေါ်တင်ပြီး တနေရာကို စိုက်ကြည့်နေမိသည်။ လူသည် ကြောင်တက်တက်ကြီး ဖြစ်ေန၏။ အခန်းထဲကနေထွက်လာပြီး လမင်းကြီးအတူတူကြည့်သောနေရာလေးကို သွားမိပြန်သည်။
ညကမှ ထိုနေရာလေးတွင် လမင်းကြီးအတူတူကြည့်ကြသေးသည်။ အခု။ အခု။ ရှင်မအနားမှာ သူရိန်မရှိတော့ဘူးတဲ့လား။ ရက်စက်လိုက်တာ သူရိန်ရယ်။ ငါ့ကိုအဲဒီလို မပြောမဆိုထားခဲ့တာ ငါသိပ်မုန်းတယ်။ ငါ့မေမေတုန်းကလည်း ငါမသိအောင်ပြန်သွားတယ်။ နင်ကရော ငါမသိအောင်ထွက်ပြေးသွားတယ်။ သူရိန်။ သူရိန်။သူရိန်ရေ။ ထိုနေရာလေးတွင်
ရှင်မတွေတွေကြီးကြည့်ကာ အကြိမ်ကြိမ်အော်ဟစ်ပစ်လိုက်သည်။
သို့သော် အပြင်သို့ထွက်မရသော စကားများစွာနှင့်ခံစားချက်က ရှင်မ၏စိတ်ကို တမြိုက်မြိုက်လောင်မြိုက်ေစသည်။ သူရိန်။ သူရိန်ရယ်။ ပြန်လာပေးပါလားဟင်။ ပြန်လာခဲ့ပါလားဟင်။
**********
သည်ည။
ဘဘနှင့်ဖွားဖွားကြီး အိပ်သည်နှင့် အိမ်ပေါ်က ခြေဖွဖွနင်းပြီး လမင်းကြီးကြည့်ရာ နေရာသို့ လှမ်းလာခဲ့သည်။ ထိုနေရာလေးရောက်သည်နှင့် မျက်၀န်းထဲ မြင်သည်က သူရိန့်ပုံရိပ်။
" ငါမရှိရင် လမင်းကြီးကို ကြည့်ပြီး ငါ့ကိုသတိရနေနော် "
သူရိန့်အသံကြားယောင်လာေတာ့ သစ်တုံးကြီးများပေါ် အသာထိုင်လိုက်သည်။ ကောင်းကင်တွင် ထွန်းလင်းနေသော လမင်းကြီးကို မော့ကြည့်လိုက်၏။ ပါးပြင်ပေါ် တပေါက်ပေါက်စီးဆင်းကျလာသော မျက်ရည်များကို မပွတ်သုတ်မိတော့။
သူရိန်ဆိုသည့်ကောင်လေး ရှင်မအနားမရောက်ခင်က ရှင်မတစ်ယောက်ထဲ လမင်းကိုကြည့်ပြီး မေမေ့ကိုရှာခဲ့သည်။
အခုကျ လမင်းကြီးထဲ မေမေ့အပြင် သူရိန့်ကိုပါ ရှင်မရှာနေခဲ့ရပြီ။ ရှင်မရင်ထဲ မွန်းကြပ်ေန၏။ သည်ခံစားချက်ဆိုးကြီးကို ရှင်မ ဘယ်လောက်ထိခံစားရမှာလဲ။
" သူရိန်ရေ သူရိန် ငါ ငါ ဘာလုပ်ရမလဲဟင် ငါ့ရင်ဘတ်ကြီးထဲ အရမ်းနာကျင်နေတယ် ငါ့အနားက နင်ဒီလိုမပြောမဆို ထွက်သွားရက်တယ် ငါရူးနေသလိုပဲ
ငါ့အနား ပြန်လာခဲ့ပါနော် ငါ့အနားပြန်လာပေးပါ ငါ ငါတွေ့ချင်တယ် နင်မရှိရင် ငါ ငါ ...... "
" သူရိန် သူရိန် နင် နင် လမင်းကြီးထဲမှာလားဟင် ငါငိုနေတာ နင်မြင်တယ်မဟုတ်လား ပြန်လာခဲ့ပါ ပြန်လာပေးပါ ငါ့ဆီပြန်လာပေးပါ....... "
နုတ်က သူရိန်ကြားမည်လားအထင်နှင့် တတွတ်တွတ်ရွတ်ရင်း ကိုယ်လေးတသိမ့်သိမ့်တုန်သည်အထိ ရှိုက်ရှိုက်ငိုနေမိ၏။ ရှင်မရင်ထဲ သူရိန့်ကို ရူးလောက်အောင် တွေ့ချင်နေရပါသည်။
" နင်နဲ့ဒီလိုဝေးရမယ်မထင်ထားဘူးဟာ
ငါငါ ငါရူးမတတ်ခံစားနေရပြီ ပြန်လာခဲ့ပါ ပြန်လာပေးပါ သူရိန်ရယ် ငါတောင်းပန်ပါတယ် ငါ့ဆီပြန်လာပေးပါ........"
" နင်ပြောတော့ ငါ့အနား အမြဲနေမှာဆို
ငါတို့မခွဲဘူးဆို အခု ငါ့အနား နင်က ဘာလို့မနေရတာလဲ ဘာလို့ နင်အဲဒီလို လုပ်ရတာလဲ အရူးစုတ် သူရိန် အရူးကြီး ငါခံစားရသလို နင်လည်း နာကျင်ပါစေ သူရိန်ရေ သူရိန် ဟင့် ဟင့် ဟင့် "
ရှိုက်ရင်းငိုရင်း ထိုညက ထိုနေရာလေးမှာပင် ရှင်မ မိုးလင်းသွားခဲ့၏။ မနက်အိပ်ရာက ဘဘနိုးတော့ ရှင်မကို
ဆူပါတော့သည်။
" နင် ဒီလိုတွေဆက်လုပ်နေရင် ငါ့ကိုယ်ငါသတ်သေမယ်ရှင်မ ငါသေတာကို မြင်ချင်ရင် နင်ကြိုက်တာလုပ် "
ဘဘကဆူပြီးကြိမ်းမောင်းတော့ ဖွားဖွားက ဘဘကို ချော့မော့ပြောသည်။
" ကလေးကိုနား၀င်အောင်ပြောပါအောင်တင်ရယ် နင့်မြေးက ဟိုဘက်ကကောင်လေးလို လုပ်သွားရင် နင်ဘယ်လိုလုပ်မလဲ ဒီအရွယ်တွေက
စဉ်းစားနိုင်တဲ့အရွယ်မဟုတ်ဘူး"
ဖွားဖွားစကား နားထောင်ပြီး ဘဘက ရှင်မကို မဆူတော့ဘဲ မသိချင်ယောင်ဆောင်နေသည်။ ညကမအိပ်သဖြင့် တနေကုန်ခေါင်းတွေမူးနောက်နေသည်။ ငိုရလွန်းသဖြင့် လူက မလှုပ်ချင်လောက်အောင် ဖြစ်နေ၏။
ရှင်မမသိအောင် မေမေပြန်တုန်းကလည်း ရှင်မအိပ်ရာထဲလဲခဲ့ရသည်။ သူရိန်က အခု မေမေ့လိုလုပ်ပြန်ပြီ။ မေမေပြန်တုန်းက ရှင်မရင်ကွဲနာကျမတတ် ခံစားခဲ့ရဖူးသည်။ အခုလည်း ရှင်မ ရင်ကွဲနာကျမတတ်ခံစားရစေပြန်ပြီ။
ထိုနေ့က ရှင်မကျောင်းမတက်နိုင်ပါ။
ရှင်မ ဖျားပါလေတော့သည်။ ဘဘက မိသားစု
ဆရာ၀န် ဒေါက်တာလွမ်းဝေအား ပင့်ပေး၏။ ဒေါက်တာလွမ်းဝေက ဦးစိုးသူနှင့်တူသည်ဆိုပြီး နာမည်ကြီးနေသူ။ ဆရာ၀န် ဒေါက်တာလွမ်းဝေေရာက်လာေတာ့ သူက
ရှင်မကို ကြည့်ပြီးပြုံးပြသည်။
" သမီး ရှင်မ သမီးက ကလေးမဟုတ်တော့ဘူးလေ ကိုယ့်စိတ်ကို ကိုယ်ဖြေသိမ့်နိုင်အောင်ကြိုးစားရမယ်လေ
သမီးဖွားဖွားကလည်း နာတာရှည်ရောဂါသည် သမီးကလူငယ်မဟုတ်လား သမီးကပါ အိပ်ရာထဲလဲနေရင် ဘယ်သူက ဘယ်သူ့ကိုပြုစုကြမလဲ
လူငယ်ဆိုတာ အမြဲတက်ကြွပြီး ခံနိုင်ရည်ရှိနေရမယ်လေ "
ဒေါက်တာလွမ်းဝေကို ရှင်မခေါင်းညိတ်ပြလိုက်သည်။ ပါးပြင်ပေါ်စီးကျလာသောမျက်ရည်များကိုသုတ်ပစ်လိုက်ပြီး ရှင်မမငိုမိအောင်ကြိုးစားလိုက်၏။ ဒေါက်တာလွမ်းဝေကိုမြင်တော့ သူရိန်ကိုထပ်ပြီးသတိရမိပြန်သည်။
" ရှင်မ အဲဒီဆရာ၀န်ကြီးက ချောတယ်နော်
ငါကြီးလာရင် သူ့လိုဆရာ၀န်ဖြစ်အောင်လုပ်မယ် ဘာဖြစ်လို့လဲဆို နင်ကခဏခဏနေမကောင်းဖြစ်တာလေ နင့်ကိုငါကိုယ်တိုင်ဆေးကုပေးချင်လို့ "
မေမေပြန်တုန်းက ရှင်မအိပ်ရာထဲ လဲသည်။ ထိုစဉ်တုန်းက ဆေးလာထိုးပေးသော ဒေါက်တာလွမ်းဝေကို ကြည့်ပြီး သူရိန်ပြောသည်ကိုပြန်ကြားယောင်တော့ ရှင်မရင်ထဲနာကျင်နေမိ၏။
" ကဲ သမီး ဟိုဘက်လှည့် နေကောင်းသွားဖို့ မနာအောင် ဆေးတစ်လုံးထိုးပေးမယ် "
ဒေါက်တာလွမ်းဝေက တစ်ဖက်လှည့်စေပြီး ပြောပြောဆိုဆို ရှင်မတင်ပါးလေးထဲ ဆေးထိုးအပ်ကို ဆတ်ခနဲထိုးသွင်းလိုက်သည်။ ရှင်မကိုဆေးထိုးလျှင်
ဘေးနားကနေလူကြီးလေးလို စောင့်ပေးသော သူရိန်ကို ရှင်မသတိရသွားပြန်၏။
" ငါဆရာ၀န်ဖြစ်ရင် နင့်ကို မနာအောင် ဆေးထိုးပေးမယ်သိလား "
နားထဲ၌ သူရိန့်အသံများချည်း ကြားယောင်နေမိသည်။
ဒေါက်တာလွမ်းဝေက သောက်ရမည့်ဆေးကိုသုံးရက်စာ စပ်ပေးပြီး သုံးရက်မှမသက်သာရင် သူ့ဆေးခန်းလာရန် မှာသွားလေသည်။
ဒေါက်တာလွမ်းဝေပြန်တော့ မအိပ်ရသေးသည့်အရှိန်ကြောင့်လား ၊ ဆေးရှိန်ကြောင့်လားမသိ။ ရှင်မမျက်ဝန်းလေးများ စင်းကျလာပြီး အိပ်ပျော်သွားလေတော့သည်။
ရှင်မဘယ်လောက်ထိ အိပ်ပျော်သွားမှန်းမသိပါ။ ရှင်မအိပ်ရာနိုးတော့ ညနေပင် စောင်းနေလေပြီ။ အိပ်ရာကထလိုက်သည်နှင့် ရှင်မဗိုက်ဆာသလိုလိုရှိလာ၏။ ရှင်မနိုးသည်နှင့် ရှင်မဖိုးဖိုးက ဆန်ပြုတ်ပန်းကန်လေးကိုင်ပြီး အခန်းထဲ၀င်လာသည်။
" ငါးရံ့ဆန်ပြုတ်လေးသောက်လိုက် ရှင်မ ပြီးရင် ဆေးတစ်ခွက်သောက်ရမယ် "
ဘဘကိုဘာမှပြန်မပြောဘဲ ဘဘယူလာပေးသည့် ဆန်ပြုတ်ကိုခပ်သောက်လိုက်သည်။ တစ်ပန်းကန်းလုံးကုန်အောင် သောက်လိုက်ပြီး ဘဘအဆင်သင့်စပ်ပေးထားသည့် ဆေးတစ်တွဲကို ရေနွေးပူပူနှင့် ေမာ့ေသာက်လိုက်၏။ ပြီးသည်နှင့် အိပ်ရာထဲ ပြန်ခွေနေလိုက်သည်။ ဘဘက ရှင်မနဖူးကို ကိုယ်ပူလာစမ်းပြီး
" ချွေးထုတ်လိုက် ရှင်မ ချွေးထွက်ရင် အင်္ကျီလဲရမယ် "
ဟုဆိုသည်။ ရှင်မက ခေါင်းညိတ်ပြီး အိပ်ရာထဲပြန်လှဲလိုက်၏။ ရှင်မနှင့်အတူ ငါးရံ့ဆန်ပြုတ် အတူတူေသာက်လေ့ရှိသည့်
သူရိန်ကို ရှင်မလွမ်းမိပြန်ပြီ။
သူရိန့်ကိုသတိရတိုင်း ရှင်မမျက်၀န်းထဲ
မျက်ရည်ကြည်လေးများ သိုင်းဝိုင်းလာရစမြဲ။
" နင် ဘယ်ကို ရောက်နေလဲဟင် ငါ့ကိုတစ်ယောက်ထဲထားခဲ့ဖို့ နင်တွေးရက်လိုက်တာဟာ နင်မရှိရင် ငါမနေတတ်ဘူးဆိုတာ နင်မသိဘူးလား သူရိန်ရယ် "
ရှင်မရင်ထဲမှ တိတ်တိတ်လေးညည်းညူလိုက်သည်။ ပါးပြင်ပေါ်စီးဆင်းကျလာသော မျက်ရည်များကို လက်နှစ်ဘက်နှင့်ပွတ်သုတ်ပြီးးစောင်ခေါင်းမြီးခြုံကာ တိတ်တိတ်လေးနေကာ ချွေးထုတ်လိုက်၏။ နာရီ၀က်ကျော်ကျော်ကြာတော့ ချွေးများရွှဲစိုလာသည်။ ခြုံထားသည့်စောင်ကိုဖွင့်ပြီး ရှင်မ သေတ္တာလေးထဲက ဂါ၀န်အင်္ကျီပွပွလေးကို ဆွဲထုတ်ပြီး လဲလိုက်သည်။
ချွေးထွက်သွားသောကြောင့်ထင်၏။ ကိုယ်ပူကသိသိသာသာကျလာသည်။
" ဒေါလေးရေ ဒေါ်လေး "
အိမ်ရှေ့မှ သူရိန့်မေမေ ဒေါ်လေးနွယ်၏ေအာ်ေခါ်သံကို ရှင်မကြားလိုက်ရသဖြင့် နားစွင့်လိုက်သည်။
" ဒေါ်လေး ရှင်မ ဖျားနေတယ်ဆို "
" ဟုတ်တယ် လေးနွယ်ရေ ဆေးခေါ်ထိုးထားရတယ် အိမ်ခန်းထဲအိပ်နေလေရဲ့ "
" ရှင်မလေးအကြိုက် အိမ်မှာပုဇွန်ချက်လို့ လာပို့ပေးတာ ပုဇွန်ဟင်းချက်ရင်
ရှင်မအတွက် ပိုပိုချက်ခိုင်းတဲ့ သားကို
သတိရမိတယ် ဒေါ်လေးရယ် ကျွန်မသားလေး ဘယ်ရောက်လို့ ဘယ်ေပါက်နေမှန်းလဲမသိ မသူတော်တွေလက်ထဲရောက်သွားမလား တွေးပူမိနေတယ် လိုက်ရှာတာလည်းနှံ့သလောက်ရှိနေပြီ ဘယ်လိုမှ ရှာမတွေ့ဘူး"
ရှိုက်သံတချို့ေရာစွက်ပြီး ရှင်းပြနေသည့် ဒေါ်လေးနွယ် အသံက ရှင်မရင်ကို ပို၀မ်းနည်းစေသည်။
" ဒီကောင်လေး ဘာလို့ဒီစိတ်ကူးပေါက်သွားရတာလဲ စဉ်းစားလို့တောင်မရပါဘူးကွယ် "
ဖွားဖွားအသံအဆုံး ဒေါ်လေးနွယ်က အင့်ခနဲထပ်ရှိုက်သည်။
" ပြန်တွေ့မှာပါ စိတ်မပူပါနဲ့ ဝေးဝေးမသွားလောက်ပါဘူး "
" သူ့အဖေအရမ်းရိုက်ပြီးဆူလိုက်လို့ထင်ပါရဲ့ ဒေါ်လေးရယ် ကျွန်မစိတ်တွေအရမ်းပူနေမိပြီ ဒေါ်လေး အဲဒါဆို ကျွန်မပြန်တော့မယ်နော် "
ပြန်သွားသည့် ဒေါ်လေးနွယ်အသံကိုနားထောင်ပြီး ရှင်မလည်း အရမ်းနာကျင်ရပါသည်။ သူရိန့်ကိုလည်း သိပ်စိတ်ဆိုးမိသည်။ ရှင်မအနားကခွဲသွားဖို့
ဘယ်လိုသတ္တိနှင့် စဉ်းစားရက်ရသလဲဟုသာ အထပ်ထပ်မေးချင်နေမိသည်။ သုံးရက်လောက် အိပ်ရာထဲလဲပြီး
ရှင်မနေပြန်ကောင်းလာတော့ ကျောင်းပြန်ဆက်တက်ရပါသည်။ သူရိန်ကတော့ ထိုရက်ကစပြီး ရှင်မအနားက ပျောက်ရှသွားခဲ့ရသည်။ ရှင်မ ရှစ်တန်းနှစ်မှာပဲ ဖွားဖွားက ကျန်းမာရေးဖောက်လာတော့သည်။ ခဏခဏ ချူချာသလို အစားလည်း ကောင်းကောင်းမစားတော့ပါ။ အိပ်ရာထဲပင် မစင်သွားလေသည်။ ဖွားဖွား၏
ချေး၀တ် ၊သေး၀တ်ကအစ ရှင်မကလျှော်ပေးရသည်။ ဘဘက မလျှော်ခိုင်းသော်လည်း ရှင်မက ဘဘလျှော်သည်ကို မကြည့်ရက်ပါ။ ယခင်ကဆိုလျှင် ရှင်မက ထမင်းဟင်းမချက်တက်သော်လည်း ဖွားဖွားနေမကောင်းသည့်နေ့ကစပြီး ရှင်မ ထမင်းစချက်တတ်ေနပြီ။ အိမ်၏စီးပွါးရေးနှင့် ကျန်ဖွားဖွားကိစ္စများကြောင့် ဘဘက မီးဖိုချောင်သိပ်မ၀င်နိုင်ပါ။ တခါတလေ မချက်တတ်သည့်ဟင်းဆိုလျှင် ဒေါ်လေးနွယ်ကို လှမ်းလှမ်းမေးရသည်။
ဒေါ်လေးနွယ်ကတော့ ရှင်မကိုချစ်သည်။ ရှင်မကိုမြင်ရလျှင် သားသူရိန်ကို အလွမ်းပြေသည်ဟု ခဏခဏဆိုတတ်သည်။
ရှင်မ ရှစ်တန်းစာမေးပွဲဖြေရန် တစ်လအလိုလောက်တွင် ရှင်မဖွားဖွားဆုံးလေသည်။ ဖွားဖွား
ဆုံးသည့်နေ့က ဘဘသည် ဖွားဖွားကို တွေတွေကြီး စိုက်ကြည့်နေ၏။
" သွားနှင့်မခင်ပုရေ သွားနှင့် မင်းနောက်ကို ငါမကြာခင် လိုက်လာမယ်နော် "
ဘဘ၏တိုးဖွဖွ ရွတ်ဆိုလိုက်သံကို အနားကပ်ရပ်နေသော ရှင်မက ကြားဖြစ်အောင်ကြားလိုက်ပါသည်။ ဘဘမျက်၀န်းများသည် ရီဝေမှိုင်းညှို့နေကြ၏။ ရှင်မသည် ဖွားဖွားဝေယျာ၀စ္စများကို လုပ်ပေးနိုင်သဖြင့် ဖြေလို့ရပါသေးသည်။ ဖွားဖွားစကားပြောနိုင်သည့်အချိန်က ရှင်မကို တိုးတိုးမှာဖူးသည်။
" ရှင်မ စာကြိုးစား ကြားလား ကိုယ့်ဘ၀ကိုကိုယ်ရပ်နိုင်အောင်ကြိုးစားပါ
ညည်းမှာ အဖေကိုအားကိုးလို့မရနိုင်သလို အမေကိုလည်းအားကိုးလို့မရနိုင်ဘူး ဖွားဖွားတို့ဘဘတို့က ညည်းအနားတစ်သက်လုံးနေနိုင်မှာမဟုတ်ဘူးလေ
ဖွားဖွားတို့ညည်းဘေးနားမရှိရင် ညည်း
ဘ၀ကို ညည်းရပ်တည်နိုင်ဖို့ ညည်းစာကြိုးစားရလိမ့်မယ် "
ဖွားဖွားစကားကို ထိုအချိန်က ခေါင်းညိတ်ခဲ့သော်လည်း ထိုမျှစောစော ရှင်မတို့ကိုဖွားဖွားခွဲသွားမည်ဟု မထင်ခဲ့ပါ။ သေခြင်းတရားသည် ရှင်မချစ်သောသူတစ်ယောက်ကို ရှင်မဘ၀ထဲက ထပ်မံဆွဲထုတ်သွားခဲ့ပြန်ပြီ။
**********
ဖွားဖွားဆုံးကြောင်း ဘဘအကြောင်းကြားလိုက်လို့ထင်ပါ၏။ ရှင်မမေမေနှင့် မေမေ့ယောက်ျား ရောက်လာကြသည်။
ဖွားဖွားဘေးနား ဖက်ဖက်ပြီး ရှင်မမေမေက လူးလှိမ့်ငိုနေသည်။ ရှင်မက အသက်မဲ့သော မျက်၀န်းများနှင့် ငေးကြည့်နေမိလေ၏။ ရှင်မနှလုံးသားတို့သည် နာကျင်ရလွန်းသဖြင့် နာကျင်ရဖို့ပင် မေ့နေသယောင်ယောင်။ မေမေ့ကိုငေးကြည့်နေမိသော မျက်၀န်းများသည် အေးစက်စိမ်းသက်နေမှာ သေချာပါသည်။ ဖွားဖွားကိစ္စ ပြီးတော့
မေမေတို့ပြန်ဖို့ပြင်ဆင်ကြသည်။
" သမီး ရှင်မ ဘဘစကား နားထောင်နော် ဘဘအနားမှာ သမီးပဲ ရှိတာ မေမေတို့ကလည်း ခရီးမနီးတော့ လာဖို့သိပ်မလွယ်ဘူးရယ် "
ပြန်ခါနီးညက မေမေပြောသော စကားများနားထောင်ပြီး ရှင်မခေါင်းလေးအသာညိတ်ပြလိုက်ပါသည်။ မေမေပြန်မှာကို ရှင်မထူးပြီး နာကျင်မနေတော့ပါ။ သည်တစ်ခေါက် မေမေ့အပြန်က ရှင်မငယ်ငယ်ကလို ခိုးပြန်စရာမလိုတော့ပေ။ ပြန်ခါနီး ရှင်မပါးလေးအား မေမေက ဖွဖွနမ်းပါသည်။ ရှင်မ ပြန်မနမ်းမိလိုက်ပါ။ လက်ပြထွက်ခွါသွားကြသည့် မေမေတို့ကို အသက်မဲ့စွာ ငေးကြည့်နေမိ၏။ ရှင်မမျက်၀န်းထဲ သူတို့ပျောက်ကွယ်သွားသည့်အခါမှ ပါးပြင်ပေါ်သို့ မဖိတ်ခေါ်ဘဲမျက်ရည်ကြည်များ စီးဆင်းကျလာကြသည်။ ရှင်မလိုချင်သော မိခင်မေတ္တာသည် လာသည့်အခိုက် ပေးသော အနမ်းတစ်ပွင့်နှင့်ပင် ကျေနပ်တတ်ခဲ့ပြီမဟုတ်လား။ ဖွားဖွားရက်လည်ပြီးတော့ အိမ်ကြီးက ခြောက်ကပ်ကျန်ခဲ့သည်။ ညစဉ် ဖွားဖွားကြီး၏ ချောင်းဆိုးသံကို လွမ်းမိသည်။ တနေရာကိုတွေတွေကြီးစိုက်ကြည့်နေသည့် ဘဘ၏ အသံတိတ်မျက်၀န်းကို သတိထားမိေလ၏။ ရှင်မသိပါသည်။ ဘဘလည်း ရှင်မလို ဖွားဖွားကြီးကို လွမ်းနေသည်ထင်ပါရဲ့။
" ညည်းဖိုးအေကလေ ညည်းကိုဘယ်လောက်အထိ ချစ်လဲဆိုရင် ကျုပ်နဲ့ရန်ဖြစ်ရင် ညည်းကိုစွေ့ခနဲ သူ့ဂုတ်ပေါ်တင်ပြီး အိမ်ပေါ်ကဆင်းတာ မိန်းမနဲ့ရန်ဖြစ်ရင် ရှိသမျှပစ္စည်း ဘာမှမယူဘူး
သူ့မြေးပဲ အမိအရခေါ်တာ ညည်းငယ်ငယ်က ညည်းအမေ ညည်းကို ထားခဲ့တော့ ညည်းက ညည်းကိုသိပ်နေကျ ပါးခက်အောက်ကို ဖင်တရွတ်သွားပြီး
မေမေ မေမေဆိုပြီး သွားရှာတာ အိပ်ရာထဲက ညည်းဖိုးအေက သူ့မြေးပျောက်လို့ ထရှာပါရော ပုခက်အောက်က သူ့မြေးကိုကြည့်ပြီး ချုံးပွဲချ ထိုင်ငိုတာ ......"
ဖွားဖွားကြီးစကားသံများ ကြားယောင်ပြီး ရှင်မငိုမိပြန်သည်။ ဖွားဖွားကြီးဆုံးပြီး နောက်ပိုင်း ဘဘသည် အရင်ကလောက် စကားသိပ်မပြောတော့။ လုပ်စရာရှိသည်များ လုပ်ပြီးသည်နှင့် အဝေးကိုသာ ငေးနေတတ်သည်။ စိတ်ကြောင့်ထင်၏။ ဘဘလည်း ဖွားဖွားကြီးဆုံးပြီးသည့်နှစ်ကျမှ ခဏခဏ ချူချာလာ၏။ သည်လိုနှင့်
ရှင်မလည်း ရှစ်တန်းဖြေပြီးလေပြီ။ စာမေးပွဲကို ကောင်းစွာဖြေဆိုနိုင်သဖြင့် လာမည့်နှစ် ကိုးတန်းတက်ရဖို့ သေချာပါသည်။ သူရိန်မရှိသည့်နောက် ရှင်မအတွက် တစ်ယောက်ထဲနေရသည့်အချိန်က များလာသည်။ ထိုအချိန်များတွင် ရှင်မ ကဗျာအတိုအစလေးများ ရေးဖြစ်ခဲ့သည်။ ပန်းချီအပိုင်းအစလေးများ ဆွဲတတ်လာသည်။ ဖွားဖွားမရှိသည့်နောက် ဘဘက အလုပ်ပိုလုပ်လာသည်။ ရှင်မဘွဲ့ရဖို့ ပိုက်ဆံကြိုးစားရှာရမည်ဟုဆိုသည်။ ရှင်မဘွဲ့ရပညာတတ်ဖြစ်မှ သူစိတ်ချလက်ချခေါင်းချနိုင်မည်ဟုတတွတ်တွတ်ေပြာသည်။ လသာရက်ရောက်တိုင်း လမင်းကြီးကိုငေးကြည့်သည့်အလုပ်တော့ နဂိုလို ဘဘမတားတော့ပါ။
အိမ်မလည်တတ်သည့် ရှင်မအတွက်
ဘဘက ဖတ်စရာစာအုပ်မျိုးစုံ ၀ယ်ပေးတတ်သည်။ ပျင်းလာလျှင် ရှင်မကစာဖတ်သည်။ အချိန်တွေက တဖြည်းဖြည်းလည်ပတ်နေသလို သူရိန့်ကိုလွမ်းသည့်အလွမ်းကတော့ ရှင်မရင်ထဲ ပျောက်ဖျက်လို့မရပါ။ ရှင်မဆီ တနေ့နေ့တော့ သူရိန်ပြန်လာမှာ သေချာပါသည်။ ထိုနေ့ကို ရှင်မမျှော်လင့်နေမိ၏။ သူရိန်လည်း ရှင်မနှင့်ထပ်တူ ခံစားရမည်ဆိုသည်ကိုတော့ ရှင်မအကြွင်းမဲ့ယုံနေမိသည်။ ခုနှစ်တန်းနှစ် ဆရာကန်တော့ပွဲမှာ သူရိန်နှင့်အတူတူတွဲရိုက်ထားသည့်
ဓါတ်ပုံလေးကို သတိရတိုင်း ရှင်မ ခဏခဏ ထုတ်ကြည့်မိသည်။ ပုံစံတူ ပုံလေးလည်း သူရိန့်ဆီမှာ ရှိသည်။ မှတ်မိပါသေးသည်။ ကာလာနှင့်ရိုက်လျှင် ဈေးကြီးသည် ဆိုသဖြင့် အဖြူအမည်းပဲရိုက်ဖြစ်ကြသည်။ နှစ်ယောက်မုန့်ဖိုးလေးစုပြီး ရိုက်ထားသဖြင့် သူရိန်နှင့် ရှင်မ အရမ်းတန်ဖိုထားကြသည်။ သည်ပုံလေးထဲ ရှင်မလက်ကို တင်းတင်းဆုပ်ထားပြီး ရယ်နေသည့် သူရိန်ပုံက
အပြစ်ကင်းလှ၏။ သူရိန်ထွက်သွားတာပင် ဘာလိုလိုနှင့် တစ်နှစ်ကျော်ခဲ့လေပြီ။ သူရိန့်မေမေနှင့်ဖေဖေက ရန်သိပ်မဖြစ်တော့သော်လည်း သူရိန့်ဖေဖေနောက်မိန်းမက မိန်းကလေးမွေးသည်ဟု သိရသည်။ အခုချိန်ထိ ဒေါ်လေးနွယ်က ပုဇွန်ထုတ်ဟင်းချက်တိုင်း ရှင်မအတွက် လာပို့ပေးတတ်စမြဲ။
သူရိန်မရှိသော်လည်း ဒေါ်လေးနွယ်က ရှင်မကို အရင်ကလို ချစ်နေဆဲပင်။ ရှစ်တန်းအောင်တော့ ရှင်မ ကိုးတန်းတက်ရသည်။ ကိုးတန်းတက်နေစဉ်အတွင်း
ဘဘချူချာလာသည်။ ဆီးရောဂါ ခဏခဏဖြစ်ကာ ဒေါက်တာလွမ်းေ၀နှင့် ဆေးခဏခဏ ထိုးရသည်။ သက်သာလိုက် ၊ ပြန်ဖြစ်လိုက်နှင့် ဘဘကို ကြည့်၍ ရှင်မစိတ်မကောင်းပါ။
ရှင်မ ကိုးတန်းနှစ်မှာပင် ဘဘက အလုပ်ကောင်းကောင်းမလုပ်နိုင်တော့ ။ ရှိသည့်အရာလေးများ ထုခွဲ ရောင်းချစားေသာက်ရသည်။
" ငါ့မြေးလေးကို တက္ကသိုလ်တောင် ဘဘထားေပးနိုင်ပါတော့မလား "
ပြောရင်းအသံတိမ်၀င်သွားသည့် ပုံစံေကြာင့် ဘဘရင်ထဲ စိတ်ထိခိုက်နေသည်ကို ရိပ်မိလိုက်သည်။
" ဘဘကလဲ စိတ်မကောင်းစရာ မပြောပါနဲ့ ဘဘနေကောင်းဖို့ပဲ လိုတယ် ဘဘသာ နေကောင်းအောင်နေ ဘဘမလုပ်နိုင်ရင် သမီးရှာကျွေးမှာပေါ့ ဘဘရဲ့ "
ရှင်မစကား ကြားတော့ ဘဘသဘောကျပြီး ရယ်သည်။
" ဘဘက ငါ့မြေးကို ပညာတတ်ကြီး ဖြစ်စေချင်တာလေ ကိုယ့်ဘ၀ကို ကိုယ်ရပ်တည်နိုင်တဲ့ရှင်မ ဖြစ်စေချင်တာ
ငါ့မြေး ကျောင်းမပြီးခင် ဘဘမသေချင်ဘူး ငါ့မြေးကို ဘဘစိတ်မချဘူး ..."
" ဘဘကလဲ ဘာတွေပြောနေတာလဲ
ဘဘသေလို့မရဘူးလေ ရှင်မမှာ ဘဘပဲ ရှိတော့တာ ဘဘသေလို့မဖြစ်ဘူးနော် ဘဘ ရှင်မအနားရှိနေမှ ရမယ် "
ဘဘဆီက စကားကြားတော့ ရှင်မရင်ထဲ စိုးရိမ်ထိတ်လန့်လွန်းသဖြင့် ဆိုလိုက်မိသည်။ ရှင်မချစ်ရသူများက အချိန်တန် တစ်ယောက်ပြီး တစ်ယောက် ရှင်မကို ခွဲသွားကြသည်။ ရှင်မမှာ ဘဘပဲရှိတာလေ။ ဘဘမရှိလို့ မဖြစ်ဘူးလေ ဘဘရဲ့။ ရှင်မက ဘဘမရှိရင် ဘယ်သူနဲ့နေရမှာလဲ။ ဒီအသိကြီးက ရှင်မကို နေရခက်စေတယ်ဘဘရဲ့။ ရှင်မစိတ်ထဲကနေ တတွတ်တွတ်ရွတ်နေသည့် စကားများစွာကိုတော့ ဘဘက မကြားပါ။
" ရှင်မ "
ဘဘခေါ်တော့ ရှင်မထူးလိုက်သည်။
" ရှင် ဘဘ "
" မိန်းကလေးဆိုတာ ကိုယ့်ကိုယ်ကိုယ်
ထိမ်းသိန်းရမယ် ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားရမယ် ကြားလား..."
" ကိုယ်ကတန်ဖိုးရှိအောင်နေမှ ကိုယ့်ကို တန်ဖိုးထားသူနဲ့တွေ့ရမှာေပါ့ ကိုယ်ကမှ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမထားရင် တန်ဖိုးမြင့်သူက ကိုယ့်ဆီ ဘယ်လာပါ့မလဲ ကြားလား ရှင်မ "
" ဟုတ်ကဲ့ဘဘ "
" ဘ၀ဆိုတာ ဖြစ်ချင်သလို ဖြစ်လို့မရဘူးငါ့မြေးရဲ့ ဖြစ်လာသမျှကိုလည်း သတ္တိရှိရှိ ရင်ဆိုင်နိုင်ရမယ် ရင်ဆိုင်ရဲရမယ် ....."
" ဟုတ်ကဲ့ဘဘ"
" လူဖြစ်လာကြရင် အခက်ခဲမျိုးစုံ ကြုံကြရမယ် ကြုံလာရင် ခေါင်းကိုအေးအေးထားပြီး ဆုံးဖြတ် ကြားလား
နောက်တစ်ခုက ဘုရားတရားကို အမြဲသတိရနေရမယ် ဘယ်တော့မှ မမေ့ရဘူး ..အားကိုးရာဆိုတာ ဘုရား ၊ တရားကလွဲပြီး ဘာမှမရှိဘူး ငါ့မြေးရဲ့ "
" ဟုတ်ကဲ့ပါဘဘ"
" ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားပြီး အမြဲကောင်းအောင်နေမှ ဖြစ်လာမယ့်အရာတိုင်းကို ရင်ဆိုင်နိုင်မှာပေါ့ ကြားလား စာကြိုးစား ငါ့မြေးကို ဘွဲ့ရအောင်လုပ်ပေးပြီးမှ ဘဘသေချင်တယ် "
ထိုညက ရှင်မနှင့် ဘဘ စကားတွေ အများကြီး ပြောဖြစ်ကြသည်။ ရှင်မရင်ထဲ ဘဘသေရင်ဆိုသည့်စိတ်က တော်တော်ခြောက်လှန့်သည်။
နောက်နေ့မနက်ကျ ရှင်မအိပ်ရာနိုးတော့ ဘဘက အိပ်ရာနိုးပြီး ထမင်းပင် ချက်ပြီးလေပြီ။
" ဘဘကလဲ ရှင်မ ချက်မှာပေါ့ "
" ငါ့မြေးစားဖို့ ပဲပြုတ်နဲ့ ထမင်းကြော်ထားပေးတယ် မျက်နှာသစ်ပြီး စားတော့ "
" ဟုတ်ဘဘ "
ရှင်မအကြိုက်ဆို ဘဘက အမြဲချက်ကျွေးတတ်သည်။ ရက်များ လများ တရွေ့ရွေ့ကုန်တော့ ရှင်မပင် ကိုးတန်းဖြေပြီးလေပြီ။ ကိုးတန်းဖြေသည့်နေ့က သူရိန့်ကို သိပ်သတိရသည်။ သူရိန်ကော။ ဘယ်ရောက်နေလဲ။ ကျောင်းကော နေရရဲ့လား။ သူရိန့်အကြောင်း ခုထိ ဘာမှမသိရတော့ပါ။ သူရိန်တစ်ယောက် ဘာတွေဖြစ်ပြီး ဘယ်လိုနေနေလဲဆိုတာ တွေးမိတိုင်း ရှင်မရင်ထဲ နာကျင်နေရဆဲမဟုတ်လား။ ရှင်မကိုးတန်းစာမေးပွဲ ဖြေပြီးချိန်မှာ ဘဘကျန်းမာရေး အခြေနေက ပိုဆိုးလာသဖြင့် ဆေးရုံတင်လိုက်ရသည်။ ဆေးရုံမှာ ဆယ်ရက်လောက် တက်လိုက်ပြီး နောက်ပိုင်း ဘဘသက်သာလာပေမယ့် အရင်လို အလုပ်မလုပ်နိုင်တော့ပါ။
******
တစ်နေ့ ၊ ဘဘနှင့်သစ်လုပ်ငန်းအတူတူလုပ်သည့် ဦးမြင့်ဆွေ အိမ်ရောက်လာသည်။
" ဥက္ကကြီး သက်သာရဲ့လား နေသာရဲ့လားဗျာ "
ဘဘက ရပ်ကွက်ဥက္ကဌမှ အနားယူတာ ကြာလှသော်လည်း ခုချိန်ထိ ရပ်ကွက်မှ လူများက ဥက္ကကြီးဟု ခေါ်ပြီး ရိုသေလေးစား ချစ်ခင်နေကြတုန်းပင်။ ဘဘများ ရပ်ကွက်ထဲ သွားလျှင် အမူးသမားကအစ ရန်ဖြစ်နေလျှင်တောင်
" ဥက္ကကြီး ဘယ်လဲခင်ဗျား "
ဟုနုတ်ဆက်ပြီး ခန္ဓာကိုယ်လေး ယို့ပြီး အသာယာထွက်သွားကြသည်။
" ရှင်မ နင့်ဦးလေးအတွက် ရေနွေးသွားယူလာခဲ့ "
" ဟုတ်ဘဘ "
ဘဘခိုင်းတာကြောင့် ရေနွေးဗန်း ယူရန် ရှင်မ မီးဖိုထဲ ၀င်လာခဲ့လိုက်သည်။
ရေနွေးဗန်းလေးယူပြီး အိမ်ရှေ့ပြန်အထွက် ကြားလိုက်ရသည့် စကားများကြောင့် ရှင်မရင်ထဲ ရုတ်တရက် လန့်ဖျပ်သွားရ၏။ ရှင်မလက်ထဲကိုင်ထားသည့် ရေနွေးဗန်းလေးကို ယောင်ပြီး လွှတ်ချမိသဖြင့် ရေနွေးများဖိတ်စင်ပြီး အပူလောင်ကုန်ရသည်။
" ရှင်မ "
ဘဘက စိတ်ပူပြီး ကုန်းအော်သလို ဦးမြင့်ဆွေက အပြေးလာပြီး ရှင်မကို ကူညီပေးသည်။ သို့သော် ထိုရေနွေးပူလောင်သည့်ဒဏ်ရာက ရှင်မကြားလိုက်ရသည့် စကားများလောက် နာကျင်စရာ မကောင်းတာ ရှင်မပဲသိသည်။ ရှင်မက ထိုနေရာလေးမှာပင် ကလေးတစ်ယောက်လို ထိုင်ငိုနေမိတော့သည်။
***********