book

Index 5

အခန်း ၅

မနက်ခင်းကထဲက အော်ဒါရသည့်အမှာ စာရင်းများကို cb ကတစ်ဆင့် စာရင်းကူးနေလိုက်သည်။ ပို့ရမည့် မြို့၊ ပို့ရမည့်ပစ္စည်းအမျိုးအစား အားလုံးကို ဖုန်းနံပါတ်နှင့်အတူ သေချာစိစစ်ရပြန်သည်။ အချို့မှာသူများကို ပစ္စည်းပို့မည့်အကြောင်းလည်း လှမ်းအကြောင်းကြားလိုက်၏။ တစ်ချို့မြို့က ပစ္စည်းရောက် ငွေရှင်းရသော်လည်း တချို့မြို့ကျ ကြိုတင်ရှင်းမှရသည်။ အားလုံးပြီးစီးမှ စိတ်ခဏနားချင်သဖြင့် အိမ်ရှေ့ ခဏထွက်လာလိုက်၏။
သည်နေ့မှ နေက ခြစ်ခြစ်တောက်ပူလိုက်သည့်ဖြစ်ခြင်း။ နွေးသည် အိမ်ရှေ့ မြက်ခင်းစိမ်းပေါ်ရှိ အဖြူရောင်ကျောက်စားပွဲ
လေးတွင်ထိုင်ကာ စာအုပ်တစ်အုပ်ကို အေးဆေးစွာဖတ်နေသည်။ သည်အိမ်လေး၀ယ်စ ‌ေငွ‌ေချသည့်‌ေန့က ခြံထဲရှိ သည်ထိုင်ခုံလေးများကို နွေးအလွန်သဘောကျခဲ့ရသည်။  
" ဒီထိုင်ခုံလေးက သိပ်ဈေးကြီးတာသမီးရဲ့ ဒါပေမယ့် သမီးကိုချစ်လို့ လက်ဆောင်အဖြစ် ထားပေးခဲ့မယ်နော် "
အိမ်ရှင်အန်တီကြီးအား နွေးလွန်စွာကျေးဇူးတင်ခဲ့ရပါသည်။ သည်နေရာလေးတွင် ထိုင်ကာ စာပဲဖတ်ဖတ် ၊စာပဲရေးရေး အလွန်အေးချမ်းဖွယ်ကောင်းလိမ့်မည်ဟု နွေးစိတ်ကူးယဉ်ခဲ့မိသည်။
ထိုကျောက်ဝိုင်းလေးပေါ်သို့ အုံ့မိုးကျရောက်နေသော ဗန်ဒါပင်လေး၏အရိပ်က အေးမြလှသည်။ 

" ဒီဗာဒံပင်လေးက တမင်စိုက်ထားရတာ သမီးရေ အိမ်ကအဖိုးကြီးက အရွက်ကြွေလို့ အမှိုက်ရှုပ်တယ်ဆိုပြီး ပွစိပွစိရွတ်‌ေနတဲ့ကြားက 
သဘာ၀အရိပ်ရအောင် အန်တီစိုက်ထားတာ "

နားထဲ အိမ်ရှင်အန်တီကြီး၏အသံကို ပြန်ကြားယောင်မိတော့ နွေးကျေနပ်စွာ ပြုံးမိသွားသည်။ မလှမ်းမကမ်းရှိ
ရောင်စုံနှင်းဆီပန်းလေးများ၏ သင်းရနံ့ကို မွှေးပျံ့စွာ ရှူရှိုက်ခွင့် ရသည်။ ‌
နွေးရောက်ကာစက ဝါကျင့်ကျင့် အပင်လေးများသည် သခင်သစ်၏ ပြုစုမှုကြောင့်ထင်၏။ ခုဆို စိမ်းစိုပြီး ဖူးပွင့်နေကြတော့သည်။

" တီ တီ........"

" နွေးရေ နွေး "

အိမ်ရှေ့က ဘဲလ်တီးသံနှင့်အတူ အော်ခေါ်သံကြောင့် စာအုပ်လေးကိုချကာ ခြံ၀သို့ လှမ်းလာလိုက်သည်။ 

" နွေး "

" ဟင် ခင်လင်းလာတယ် "

ခင်လင်းအား အမှတ်မထင် တွေ့လိုက်ရသဖြင့် နွေး၀မ်းသာသွားပြီး
ခြံတံခါးကို ခပ်သွက်သွက် ဖွင့်‌ေပးမိသည်။ ထို့နောက် ဖြတ်ခနဲအမှတ်ရသွား၏။ ပြုံးရွှင်နေသောမျက်နှာက ဆတ်ခနဲ တင်းမာသွားရသည်။ ခြံတံခါးကိုဖွင့်ပေးပြီးနောက် ခင်လင်းကိုကျောခိုင်းလျက် အိမ်ရှိရာသို့ ‌ေလျှာက်လာလိုက်၏။ 

" နွေး နွေးရေ ငါ့ကိုစောင့်ဦးလေ "

အနောက်မှ ခင်လင်းပြေးလိုက်လာသည်။ နွေးလက်မောင်းလေးကို ပြေးဆွဲပြီး အိမ်ထဲသို့ အတူလိုက်ပါလာ၏။ 
အိမ်ထဲအရောက် 

" ထိုင်ဦးလေ ခင်လင်း နင်သောက်ဖို့ အအေးသွားယူပေးမယ် "

" ရပါတယ်နွေးရယ် မလိုပါဘူး ငါကနင့်ကိုလွမ်းလို့လာတာဟ နင့်ကိုပြောပြစရာတွေလည်း အများကြီးရှိတယ် "

ဧည့်ခန်းဆက်တီတွင် ခင်လင်းက ၀င်ထိုင်ရင်း နွေးကိုပြန်ပြောလိုက်၏။ ဧည့်ခန်းကိုမျက်လုံးကစား၍ ကြည့်လိုက်သည်။ 

" ဧည့်ခန်းလေးက လှလိုက်တာနော် ဒါနဲ့ ငါတို့ထိုင်နေကျ ငါ့သင်ဖြူးဖျာလေးကဘယ်ရောက်သွားတာလဲ "

" မမြင်ရင် မတွေ့လို့ပေါ့ "

နွေးက ခပ်ဆတ်ဆတ်ဖြေပြီး ခင်လင်းသောက်ဖို့ အအေးဖန်ခွက်‌ေလးကို ဆက်တီပေါ်အသာတင်လိုက်သည်။ နွေးကိုကြည့်ပြီး ခင်လင်း သက်ပြင်းရှိုက်လိုက်၏။ ခင်လင်းသိပါသည်။ ‌ခင်လင်းကိုနွေးစိတ်ကောက်နေသဖြင့် နွေးထိုင်သည့်ခုံဘက် ခင်လင်းကူးသွားလိုက်သည်။

" နွေး "

ခင်လင်းခေါ်သော်လည်း နွေးကမထူးပါ။ မသိချင်ယောင်ဆောင်နေသည်။နွေးပခုံးလေးကို ဖက်ပြီး 
ခင်လင်းထပ်ခေါ်လိုက်သည်။ နွေးကမထူး။
" နွေး "

" နွေး "

" နွေး နင်စိတ်ဆိုးနေတာ ငါသိပါတယ်ဟာ အဲဒီလိုတော့ မနေပါနဲ့ဟာ နော် နွေး "

" အေး စိတ်ဆိုးတယ် နင့်ကို ဒိထက်မက လုပ်ပစ်ချင်တာ ငါ့အချစ်ဆုံးသူငယ်ချင်းက နင်ပဲရှိခဲ့တာ ငါ့သူငယ်ချင်းက ငါမကြိုက်တဲ့ဒီအလုပ်ကို လုပ်တာ ငါအ၀မ်းနည်းဆုံးပဲ နင်ဘယ်လိုစိတ်ကူးခဲ့တာလဲ ခင်လင်း နင်ဒီအလုပ်လုပ်မှ အဆင်ပြေမယ်ထင်တာ ငါသိပ်အံ့ဩတာပဲ "

နွေးစကားကြားတော့ ခင်လင်းမျက်၀န်းထဲ မျက်ရည်ကြည်များရစ်ဝဲလာသည်။

" ဒီအလုပ်ကို ငါလုပ်ချင်လို့ လုပ်တယ်နင်ထင်နေတာလားနွေးရယ် "

" နင်မလုပ်ချင်ရင် မလုပ်နဲ့လေ ဘယ်သူက နင့်ကိုရိုက်ခိုင်းနေလဲ ငွေလိုလို့ ဆိုတဲ့ဆင်ခြေ ငါ့ကိုလာမပေးနဲ့ လောကမှာ ငွေမလိုတဲ့သူမရှိဘူး ငွေလိုတိုင်း ဒီအလုပ်လုပ်ရင် မိန်းမကောင်းဆိုတာ လောကမှာ ရှိလာမှာမဟုတ်ဘူး "

နွေးစကားအဆုံး ခင်လင်းက နွေးဟု ထပ်ခေါ်သည်။ 

" နွေး "

" မခေါ်နဲ့ စိတ်ဓာတ်ပျော့ညံ့တဲ့သူဆိုရင် ငါမုန်းတယ်ခင်လင်း နင်ခက်ခဲတယ်ဆိုတာ ငါ့ကိုမှီနိုင်ပါ့မလား ငါ့လို အားကိုးစရာမရှိတဲ့ဘ၀လို နင်ရင်ဆိုင်ဘူးလား ကြုံဘူးလား အဲဒီလိုဘ၀ရောက်ခဲ့တာတောင် ငါ့ဘ၀ကို ငါအရှုံးမပေးခဲ့ဘူး
ငါ့ကိုယ်ငါရအောင်ထိမ်းခဲ့တယ် နင့်မှာ မိသားစုရှိတယ် ရပ်တည်ပေးမယ့် မိဘရှိတယ် ညီကိုမောင်နှမတွေရှိတယ် အဲဒါတောင် နင့်ဘ၀ကို နင်ဒီလိုအဖြစ်ခံတယ် ငါနဲ့ခင်တဲ့ခင်လင်းက ငါနဲ့မတွေ့တဲ့ သုံးလေးလအတွင်း ပြောင်းလဲသွားတာငါရင်နာတယ် "

" အဲဒီရပ်တည်ပေးတဲ့ မိဘတွေ ညီကိုမောင်နှမတွေကြောင့် ငါဒီဘ၀ကို လက်ခံယူလိုက်ရတယ်ပြောရင် ငါ့ကိုနင်ဘယ်လိုပြောမလဲနွေး တခါတလေ မိသားစုအတွက် ငါ့ဘ၀ကို ချနင်းဖို့ကြိုးစားရတယ်ဆိုရင် ငါ့ကိုပျော့ညံ့တယ်လို့ နင်ပြောမှာလား နွေးရယ် "

" ‌နင်အသိဆုံးပါ ခင်လင်း ရက်စတောရင့်မှာ အလုပ်လုပ်တဲ့မိန်းကလေးတွေဆိုရင်ပဲ လူတွေက အထင်မြင်သေးချင်ကြတယ်
ဆိုင်ကိုလာတဲ့လူတွေကလည်း အမြဲဘီယာခိုးဝေတဲ့ မျက်၀န်းတွေနဲ့ ကိုယ့်သားသမီးအရွယ်လေးတွေကို ရမ္မက်ခိုးအပြည့်နဲ့ မစာမနာကြည့်ရက်ကြတာ ဒီလိုအကြည့်ခံရတိုင်း ငါတို့ရင်ဘတ်တွေ သိပ်နာကျင်ရတာပဲ ဒီလိုအလုပ်က‌ေတာင် ငါတို့ရုန်းထွက်ဖို့ကြိုးစားသင့်တယ်မဟုတ်လား နင်ကမရုန်းထွက်တဲ့အပြင် ဒိထက်ဆိုးတဲ့ ဒီအလုပ်ကို နင်ဘာလို့ ကူးပြောင်းရတာလဲ "

နွေး၏ဒေါသသံစွက်နေသော ဂရုဏာစကားများကို နားထောင်ပြီး ခင်လင်းပါးပြင်ပေါ် မျက်ရည်များ အထိမ်းကွပ်မရှိ စီးလာကြ၏။ ခင်လင်း အရမ်း၀မ်းနည်းလာသဖြင့် တသိမ့်သိမ့်ရှိုက်ငိုမိလိုက်သည်။ 

" ငိုမနေနဲ့ ခင်လင်း ငိုတာက ဘ၀ကို တနည်းတဖုံ အရှုံးပေးခြင်းတစ်မျိုးပဲ နင့်ကို ငါ ကိုယ်ချင်းမစာလို့ ပြောနေတာမဟုတ်ဘူး နားမလည်လို့မဟုတ်ဘူး 
ငါ့ရင်တွေနာလို့ ငါ့သူငယ်ချင်းကို သိပ်ချစ်လို့ နင့်အတွက် ငါယူကျုံးမရဖြစ်လွန်းလို့ပဲ ငွေတစ်ခုအတွက်နဲ့ နင့်ကိုယ်နင် ဒီလိုအဖြစ်ခံတာ ငါဖြေမရဘူး ငါချစ်တဲ့သူငယ်ချင်းက ငွေအတွက် ဒီလိုအဖြစ်ခံတာ ငါ အရမ်းနာကျင်ရတယ် "

" နွေးရယ် ငါဘာဖြစ်လို့ ဒီလိုဘ၀ရောက်ရလဲဆိုတာ နင်မှမသိတာ
ငါလည်း လူငယ်ပါ ငါ့မှာလည်း အိပ်မက်ရှိတယ် အနာဂတ်ရှိတယ် မျှော်လင့်ချက်ရှိတယ် ဒါပေမယ့်ဟာ 
ငါ့အနာဂတ် ငါ့အိပ်မက် ငါ့မျှော်လင့်ချက်တွေကို ငါ့မိသားစုနဲ့ လဲသင့်ရင် လဲရမှာပဲလေဟာ
ငါ့အောက်မှာ မောင်လေး ၊ညီမလေးတွေ သူတို့ရဲ့ ရှေ့ရေးအတွက် ငါ့အနာဂတ်ကို ငါပေးသင့်ရင် ပေးရမှာပဲလေ မိသားစုရဲ့တာ၀န် ၊မိသားစုရဲ့၀တ္တရားကို နင်မှ နားမလည်တာ ‌......"

" နင်သိလား နွေး အိမ်မှာ ၀င်ငွေဆိုလို့ အဖေ့၀င်‌ေငွနဲ့ ငါ့၀င်ငွေပဲ ရှိတယ်။ မိသားစု ရှစ်‌ယောက်ရဲ့စား၀တ်‌ေန‌ေရးဟာ ငါတို့၀င်ငွေနဲ့ မလောက်ငှဘူး အဖေ့လုပ်စာနဲ့ မပြေလည်တော့ ငါပညာ‌ေရးတပိုင်းတစနဲ့ မြို့ကို ရောက်လာခဲ့တယ်။ ကိုထူးသစ်တို့ဆိုင်မှာ အလုပ်၀င်ရင်း နင်နဲ့ငါစခင်ခဲ့ရတာပါ နွေးရယ် နင်နဲ့ငါအတူတူနေစဉ်မှာ ငါ့အနေထိုင် နင်အသိဆုံး ငါလော်လီပြီးနေဖူးတာ နင်ဘယ်နှစ်ခါမြင်ဖူးလဲ ‌ေနွး နင့်လိုတကိုယ်ရေတကာယမဟုတ်တော့ နင့်လိုငါငွေမစုနိုင်ဘူး နင့်လို ကိုယ်ရည်ရွယ်တာကို ကိုယ်ဖြစ်အောင် လုပ်ခွင့်မရှိဘူး အချိန်တန် လကုန်ခါနီးရင် ငါ့ဆီက၀င်ငွေက ရွာကငါ့မိသားစုပါးစပ်ပေါက်လေးတွေ ပြည့်ဖို့ ၀မ်းစာပဲလေ ........"

ခင်လင်းမျက်၀န်းများက နွေးတို့ထိုင်ရာ ဆက်တီခုံ၏ အရှေ့ပြတင်းပေါက်မှ 
မြင်နေရသော သရက်ပင်ကြီးဆီရောက်နေလေသည်။ ငေးကြည့်နေရာက ခင်လင်းစကားဆက်သည်။

" ငါလေ ဒီအလုပ်ကို လုပ်မယ်လို့ စိတ်ကူးတစ်ခါမှ မရှိဘူးနွေး ငါမျှော်လင့်ထားတာ ဒီလိုဘ၀မဟုတ်ဘူး
ငါလည်း အေးချမ်းတဲ့ဘ၀တစ်ခု ရချင်တာပေါ့ ငါလည်းတခြားကောင်မလေးတွေလို ကိုယ်လိုချင်တဲ့ဘ၀ကို ဖန်တီးချင်တာပေါ့ ငါမှကံမကောင်းတာ "

ခင်လင်းကို နွေးဆတ်ခနဲလှည့်ကြည့်ပြီး‌ေပြာလိုက်သည်။  

" ကံမကောင်းတာကို အပြစ်မရှာနဲ့ ကံဆိုတာ လူပျော့လူညံ့တွေ လွှဲချဖို့ ဖန်တီးထားတဲ့စကားတစ်လုံးခင်လင်း
ကံဆိုတာ လူကလုပ်တာဟ "

နွေးစကားကို နားထောင်ပြီး ခင်လင်း
မရယ်ချင့်ရယ်ချင်ရယ်သည်။

" ငါတို့ဆိုင်က နင်ထွက်သွားပြီး နောက်လမှာပဲ ငါ့အဖေက ဆိုင်ကယ်အက်ဆီးဒင့် ဖြစ်တယ် ငါ့အဖေက သူများဆိုင်ကယ်ငှါးပြီး ဈေးအသွားမှာ တစ်ဖက်ဆိုင်ကယ်ကို ၀င်တိုက်လိုက်တာ အတိုက်ခံရတဲ့ လူက တော်တော်ဒဏ်ရာပြင်းတယ် အသက်မသေပေမယ့် ခြေထောက်တစ်ဖက် ကျိုးသွားတယ် 
တစ်ဖက်လူရဲ့ ဆေးရုံကုသစားရိတ်နဲ့နစ်နာစားရိတ်ရယ် သူများဆိုင်ကယ်ပျက်ဆီးသွားလို့ လျော်ရမှာရယ် ထောင်မကျအောင် အမှု့ကျေအေးဖို့ လိုအပ်ငွေရယ် ငါဘယ်ကရမလဲ နွေးရယ် တစ်ပဲခြောက်ပြားမှမဟုတ်တာ ‌ေငွသိန်းဆယ်ချီနေတာလေ။ အလုပ်ရှင် ကိုထူးသစ်အမေ အစ်မဆီကို ငါအကူညီတောင်းမိတယ် ငါ့လစာထဲက အရစ်ကျ ပြန်ဆပ်ပါ့မယ်ပေါ့ 
အစ်မက ငွေထုတ်ပေးမယ်တဲ့ ရက်စတောရင့်ကနေ ကေတီဗွီမှာ ပြောင်းလုပ်ပေးရင်တဲ့ ......."

" ငါဘာလုပ်ရမလဲနွေး ငါ့အဖေထောင်မကျဖို့ ငါ့မိသားစုလေး ပုံမှန်ပြန်လည်ပတ်ဖို့ ငါဘာကိုလုပ်နိုင်မှာလဲဟာ ငါလေ ဒီအလုပ်ကို မလုပ်ချင်လို့ တညလုံးငိုရတယ် နင်ကပြောတယ်နော် ငွေအတွက်ကြောင့်လို့ ငါ့ကိုဆင်ခြေမပေးနဲ့တဲ့ ငါ‌ေငွအတွက်ကြောင့် ဒီအလုပ်ကို လုပ်လိုက်ရတာပါ နင်ပြောတဲ့ ကံဆိုတာ လူကလုပ်တာဆိုတဲ့စကားကို ငါဘယ်လိုလက်ခံရမလဲ တခါတလေ ငွေအတွက်ကြောင့် မလုပ်ချင်ဘဲ လုပ်ရတဲ့မိသားစုတွေ ရှိတယ်ဟ အဲဒီငွေက မိသားစုအတွက် မဖြစ်မနေ လိုအပ်လာရင် မလုပ်ချင်လည်း လုပ်ပေးရတာပဲ သူငယ်ချင်း "

ခင်လင်းက စကားအရှည်ကြီး ပြောလိုက်ရသဖြင့် မောသွားသည့်ဟန်နှင့် နွေးချထားပေးသည့်အအေးကို တကြိုက် ငုံ့သောက်လိုက်သည်။ ပြီးလျှင်
နွေးကိုလှမ်းကြည့်ပြီး စကားဆက်သည်။

" အဲဒီလောကထဲ ငါရောက်သွားမှ ငါ့ထက်ဆိုးတဲ့ဘ၀တွေ အများကြီးတွေ့ရတယ် ဒီလောကထဲ ပျော်လို့ရောက်ကြတာ မဟုတ်ဘူးဆိုတာ ငါသိလာရတယ်
ငါ့ညီမအရွယ် ဆယ့်လေး ဆယ့်ငါးနှစ်လေးတွေဆိုတာလည်း အများကြီးပဲဟာ နင်ကစာရေးသူဆိုတော့ အဲဒီထဲကအတွေ့ကြုံတွေ ငါပြန်ပြောပြပေးမယ်နွေး "

" တော်ပါတော့ခင်လင်းရယ် ငါအခု လောက် နားထောင်ရတာကိုပဲ ရင်ထဲမွန်းကြပ်လှပြီ နင်ဂတိတစ်ခုတော့ ငါ့ကိုပေးပါ နင့်ဘ၀မပျက်စေရဘူးအဲဒီ ဂတိငါ့ကိုပေးရမယ် "

နွေးစကားဆုံးတော့ ခင်လင်းသဘောကျပြီး ဟက်ခနဲ တစ်ချက်ရယ်လိုက်သည်။

" စိတ်ချပါဟာ ငါတတ်နိုင်သလောက်တော့ ငါ့ဘ၀ကို ငါထိမ်းပါ့မယ် "

" ရပြီ အဲဒါဆို နင်ဒီည ဒီမှာ ညအိပ်သွား "

နွေးစကားကို ခင်လင်းခေါင်းခါပြသည်။ 

" ဟင့်အင်း ငါ ည ၆နာရီအမှီ ဂျူတီ၀င်ရမှာ အခုတောင်နင့်ဆီလာချင်လွန်းလို့ 
ကိုထူးကိုအကူညီတောင်းပြီး အစ်မကိုပြောခိုင်းရတာဟ နင့်ဆီမို့လို့ အစ်မကလွှတ်တာ "

" အင်းပါ အဲဒါဆိုလည်း တအောင့်နေ ထမင်းအတူစားကြမယ် ဒီနေ့မှ နင့်အကြိုက်၀က်သားဟင်း ချက်ထားတာ"

နွေးမျက်နှာလေးက ခင်လင်းလာကာစကလိုမဟုတ်တော့။ ကြည်လင်လာတော့သည်။ နွေးကိုခင်လင်းသိပ်ချစ်ပါသည်။ နွေးကို ကြည့်ရင်း တစ်ခုခုကိုခင်လင်းသတိရသွားသဖြင့် ခင်လင်းယူလာသောအိတ်ကို လှမ်းယူလိုက်သည်။

" နွေး ရော့ နင့်အတွက် "

ခင်လင်းပေးတာကို နွေးကလှမ်းယူပြီးအိတ်ကိုဖွင့်ကြည့်လိုက်၏။ နွေးအကြိုက် ရန်ကုန်ဂျေဒိုးနပ်များနှင့် ပါကင်ဘူးလေးတစ်ခု။ နွေးက ပါကင်ဘူးလေးကို ဖွင့်ကြည့်လိုက်သည်။ 

" ဟင် "

နွေးအံ့ဩသွားသည်။ ရိုးလက် ( rolex) မိန်းမပတ်နာရီလေး။ ဈေးနူန်းကိုကြည့်ပြီး ခင်လင်း၀ယ်ပေးတာမဖြစ်နိုင်ပါ။ ဖြတ်ခနဲ ခင်လင်းကို မော့ကြည့်တော့ ခင်လင်းကပြုံးပြနေသည်။

" ခင်လင်း ဒါနင်၀ယ်ပေးတာလား "

နွေးအမေးကို ခင်လင်းမဖြေပါ။ 

" ဖြေလေ နင်ပေးတာဆို ငါမယူရက်ဘူး
ဒီဈေးနူန်းက ငါတို့မတတ်နိုင်တဲ့ ဈေးနူန်းလေ တခြားလူပေးခိုင်းတာဆိုလည်း ငါမယူနိင်ဘူး "

နွေးကပြတ်ပြတ်သားသားငြင်းလိုက်သည်။ 

" ကိုထူးသစ်လရောင် ပေးခိုင်းတာမဟုတ်လား "

ခင်လင်းမျက်နှာကို စေ့စေ့ကြည့်ပြီး နွေးမေးလိုက်၏။ ခင်လင်းကသက်ပြင်းတစ်ချက်ရှိုက်ရင်း ဖြေသည်။

" ဟုတ်တယ်နွေး နင့်အိမ်ပြောင်းတော့ အမှတ်တရ လက်ဆောင်ပေးချင်တယ်တဲ့ ဘာပေးရမလဲမသိဘူးတဲ့ အဲဒီမှာ နင့်ဆီလာလည်ရင်း နင်ပတ်ထားတဲ့နာရီလေးမြင်ပြီး သူ နာရီလက်ဆောင်လေးပေးဖို့သတိရလိုက်တာတဲ့ ငါ့ကိုကူညီပေးပါဆိုလို့ "

" ‌ေကာင်းပြီ ငါအခုယူထားလိုက်မယ် 
ဒါပေမယ့် လက်ခံဖို့တော့မဟုတ်ဘူး ခင်လင်း နင့်လည်း တခါထဲမှာထားမယ် နောက်ကို ဘယ်သူပေးခိုင်း ပေးခိုင်း ဘာမှမယူလာနဲဟာ ငါ့ဘ၀မှာ ငါဘယ်သူ့ဆီကမှ ဘာမှ အလကားမလိုချင်ဘူး ခင်လင်း"

နွေးက စကားစကို ဖြတ်လိုက်ပြီး ထမင်းစားဖို့ပြင်ဆင်ရန် မီးဖိုခန်းထဲ၀င်သွားလေတော့သည်။

*********"**

နွေးနှင့်ခင်လင်း ထမင်းအတူစားလိုက်ကြသည်။ လက်ဆုံအတူမစားရသည်မှာ ကြာသဖြင့် ထမင်းစားရသည်မှာ ပိုချိုပါသည်။ 

" နွေး နင်အခု အဆင်ပြေရဲ့လား အတူနေဖော်ကကော ရပြီလား "

" ရတယ်လေ လေးယောက်ပထမတစ်ဖြတ်က တက္ကသိုလ်ကျောင်းသူလေးတွေ သူတို့ထမင်းချိုင့်ပါ ချိုင့်ဆွဲယူပေးလိုက်တယ် ကျောင်းပိတ်လို့ သူတို့ခဏပြန်သွားကြတာ ငါ့ online shopping လေးကလည်း တဖြည်းဖြည်း လူသိများလာပြီလေ ပြီးတော့ ငါအခု ၀တ္ထုလေးတွေ မဂ္ဂဇင်းပို့တယ် ပါသင့်သလောက် ပါလာပြီလုံးချင်းစာအုပ်လေးလည်း စရေးနေပြီခင်လင်းရဲ့ "

" နင့်ကို သိပ်အားကျတာပဲ နွေးရယ် ဖြစ်ချင်တာကို မဖြစ်ဖြစ်အောင် ကြိုးစားတတ်လို့ နင့်စိတ်ကို ငါအရမ်းလေးစားတာပဲ "

" အမလေး သူငယ်ချင်းအချင်းချင်း မြှောက်နေပြန်ပါပြီ "

သူငယ်ချင်းနှစ်ယောက် အတူရယ်မောလိုက်ကြသည်။

" နွေး ဒီအိမ်ထဲ နင်တစ်ယောက်ထဲ အိပ်ရတာ မကြောက်ဘူးလား "

နွေးက ခင်လင်းကို လှည့်ကြည့်ရင်းမေးလိုက်သည်။

" နင်ဘယ်လို ထင်လဲ "

" မသိဘူးလေ ငါတော့အိပ်ရဲဘူး "

" ဟား အမှန်ဆို ငါလည်း ကြောက်တယ် နင်မှတ်မိလား ငါစပြောင်းကာစညက နင်လာအိပ်ပြီး နောက်ရက်ညလေ ငါအိပ်မရဘူး ခင်လင်းရဲ့ လန့်ပြီး ထထထိုင်နေမိတာ စိတ်က လုံခြုံမှန်း သိပေမယ့် ကြောက်စိတ်က ဘယ်က၀င်လာမှန်းမသိဘူး အားငယ်သလိုလို ၊ ဘာလိုလိုကြီးဟ
နောက်တော့ ငါ့စိတ်ငါတင်းရတယ် ငါ့အိမ်ထဲ လုံခြုံတယ် ဘုရားတရားလည်းရှိတယ် တံခါးတွေအကုန် ပိတ်ထားတာ ဘာမှကြောက်စရာမလိုဘူး ဆိုပြီး စိတ်ကိုတင်းတယ် 
နောက်တော့လည်း နေသားကျလာတာပေါ့ ကိုယ့်အားကိုယ်ကိုးချင်ရင် ဒီအသေးမွှားကိစ္စလောက်တော့ ငါဖြေရှင်းနိုင်ရမယ်လေ ငါတို့ဘ၀တွေက နေရာတကာ သူများအားကိုးနေလို့မှမဖြစ်တာ ကြာလာတော့ သူများအားကိုးရတာကိုပဲ စိတ်က မကြိုက်ချင်တော့ဘူး ဘယ်အရာဖြစ်ဖြစ် 
ကိုယ့်ဘာသာလုပ် ၊ ကိုယ့်ဘာသာ ဆုံးဖြတ်ရတာ သဘောအကျဆုံးပဲ "

" ဟုတ်ပါပြီ ဒါနဲ့နွေး နင့်မင်းသားလေးက အခုထိ နင်နဲ့ပြန်မဆုံကြသေးဘူးလား "

" ဟင့်အင်း "

" ငါ့အလိုသာဆို ကိုထူးသစ်ကိုပဲ လက်ခံတယ် "

ခင်လင်းစကားအဆုံး နွေးက မသိမသာ မဲ့ပြသည်။ 

" ခင်လင်းရယ် နွေးဆိုတဲ့မိန်းမက ဘယ်လောက်ဆင်းရဲဆင်းရဲ ဘယ်လောက်နိမ့်ကျနေပါစေ ကိုယ့်ကိုလက်မခံတဲ့ ‌ မိဘက မွေးထားတဲ့ ယောက်ျားကို ဆောရီးပါရှင့် ဘယ်တော့မှ မစဉ်းစားပါဘူးရှင် "

" အဲဒါတော့ ကိုထူးသစ်အပေါ် နင်တမင်ရက်စက်တာပဲ သူ့ဘေးနားမှာ ဥစ္စာပေါ ရုပ်ချော ပညာတတ်တွေ ဝိုင်းဝိုင်းလည်နေတာကို ပစ်ထားပြီး နင့်ကိုတစ်ဖက်သက်ချစ်လာတာ ဆယ်နှစ်ကျော်လာပြီနော် အဲဒီလိုအချစ် နင်ဘယ်နားသွားရှာမလဲ..... "

" ဘာလဲ နင့်ရဲ့သူရိန်ကို မျှော်လင့်နေတာလား ငါတော့ပြန်တွေ့မယ်မထင်ပါဘူး "

" ရှင်လည်းလေ မတွေ့လိုက်နဲ့ တွေ့တာနဲ့ ကိုထူးသစ်လရောင်ဘက်ကချည်းပါတယ်
ရှေ့နေခ တော်တော်ရတယ်ထင်တယ် "

နွေး၏ရွဲ့တဲ့တဲ့စကားကြောင့် ခင်လင်းရယ်သည်။ 

" ငါ့သူငယ်ချင်းလေးကို သူဌေးသမီးလေး ဖြစ်စေချင်လို့ပါ "

ခင်လင်းစကားကြောင့်နွေးမျက်နှာလေးက ရုတ်ချည်း တင်းမာသွားသလိုရှိသည်။ 

" နင်ကလေ ငါနဲ့အဲဒီလောက်ပေါင်းလာပြီး အခုထက်ထိ ငါ့စိတ်ကိုနားမလည်ဘူး ငါက သူများအားကိုးနဲ့ရလာတဲ့သူဌေးသမီးထက် ငါ့ဘာသာရုန်းကန်လို့ ဖြစ်လာမယ့် သူဌေးမဘ၀ပဲရချင်တယ် သူများလောင်းရိပ်အောက်ကရှင်သန်ရတဲ့ဘ၀ဆို ငါမကြိုက်ဘူး ခင်လင်း 
နေပူမယ်ဆို ကြိုက်သလောက်ပူပါစေ
သေလောက်အောင်ပူနေမယ်ဆိုရင်တောင် လောင်းရိပ်မရှိတဲ့ဘ၀ပဲငါရချင်တယ် "

နွေးမျက်နှာလေးကို ခင်လင်းငေးနေမိသည်။ တကယ့်ကို မာနကြီးလွန်းပြီးခံယူချက်ပြင်းလွန်းသောသူငယ်ချင်းလေးကိုကြည့်၍ ခင်လင်း ပိုစိတ်မောသလို ခံစားလိုက်ရပါသည်။ 

" နွေး နင်အရင်လို အိပ်မက်ဆိုး မက်သေးလားဟင် "

" ဟင့်အင်း ဒီအိမ်ရောက်ကထဲက မမက်ဘူး ငါဘုရားတရားလည်း အေးအေးချမ်းချမ်း လုပ်ရလို့မသိဘူးခင်လင်းရဲ့ "

နွေးအ‌ပြောကို ခင်လင်းက ခေါင်းညိတ်ပြီး ‌ေထာက်ခံသည်။ 

" အဆောင်နဲ့တော့ ဘယ်တူမလဲ နွေးရဲ့ 
အဆောင်က ကောင်မလေးတွေကတောင် မမနွေး အထည်မရောင်းတော့ဘူးလား မေးနေလေရဲ့ "

" ရောင်းပါတယ် လိုချင်တဲ့ပစ္
စည်းကို ငါ့ရဲ့ page လေး like လုပ်ထားပြီး cb ကနေ မှာလို့
ရတယ်လေ အရင်လို လစာထုတ်မှ ဆိုရင်တော့ သူတို့လိုအပ်တာ နင်က ငါ့ကိုစာရင်းလုပ်ပေးလေ စုပြီး နင့်ဆီ ငါလာပို့ခိုင်းမယ် "

" ဟုတ်ပြီ ငါစာရင်းလုပ်ထားပေးမယ်
အထည်ကော အရင်လို နင်ဈေးချိုက သွား၀ယ်တာလား "

ခင်လင်းအမေးကို နွေးခေါင်းညိတ်ပြလိုက်သည်။ 

" တချို့ကျ ဈေးချိုက၀ယ်တယ် ထိုင်းပစ္စည်း‌ေတွကျ အဆက်သွယ်နဲ့ မှာရတယ် ခင်လင်းရဲ့ ဘယ်အလုပ်က စလုပ်လုပ်ချင်း အဆင်ပြေပါ့မလဲဟာ 
စိတ်ရှည်ပြီး စိတ်ဓာတ်မကျအောင် အရင်အားမွေးရတယ် "

" အင်း ဟုတ်ပါပြီ တခါတလေ နင့်သတ္တိကို ငါသိပ်သဘောကျတာပဲနွေး "

ခင်လင်းစကားကြားတော့ နွေးဟက်ခနဲ ရယ်လိုက်သည်။ 

" နွေး "

" ပြောပါရှင့် "

ခင်လင်းကို စပြီး ပြန်ထူးလိုက်သည်။ 

" နွေး နင့်အကြောင်းထဲက ငါမသိသေးတဲ့ တချို့ကို နင် ဆက်ပြောပြပါလားဟင် "

" နင်သိချင်နေတာလား အချိန်ရပါ့မလား ခင်လင်းရယ် နောက်တစ်ခါကျ ပြောပြမယ်လေ "

နွေးအပြောကို ခင်လင်းက မဲ့ပြသည်။ 

" ငါက ခဏခဏ လာမရတာလည်း သတိရဦးမမ သူများအလုပ်က သူများခွင့်ပြုမှ သွားလို့ရတာသိရက်နဲ့ ."

" အင်း အဲဒါဆို ငါလက်ဖက်သုတ်မယ် 
နင်စားမှာလား ပြော "

နွေးစကားကြားတော့ ခင်လင်းက ပုခုံးလေးတွန့်ပြပြီး ဖြေသည်။

" ငါမစားဘူးကွာ ပန်းကန်လိုက်ပဲမြိုမှာ "

" အဲဒါဆိုလာ လက်ဖက်သုတ်မယ် "

ခင်လင်းနှင့်ကျွန်မ မီးဖိုထဲ၀င် လက်ဖက်သုတ်ပြီးမှ အိမ်ရှေ့ ဧည့်ခန်းပြန်ထွက်လာကြသည်။ ဧည့်ခန်းဆက်တီတွင် လက်ဖက်ပန်းကန်လေးတင်ရင်း အခါးခြောက်ခပ်ထားသည့် ဓါတ်ဗူးလေးပါ ၀င်ယူလိုက်၏။ ဖန်ခွက်နှစ်ခွက်ထဲ ရေနွေးငှဲ့ရင်း ခင်လင်းရှေ့ တစ်ခွက် တိုးပေးလိုက်သည်။

" ဒီလောက် ပူနေတာကို ရေနွေးကြီး မသောက်ချင်ပါဘူး နွေးရယ် "

" လက်ဖက်သုတ်က ရေနွေးနဲ့မှ လိုက်တာမမရဲ့ လက်ဖက်သုတ်လေးစားပြီး
ရေနွေးတကြိုက်သောက်ရတဲ့ အရသာက ဘာအရသာနဲ့မှ မလဲနိုင်ဘူး "

" အဖွားကြီး "

မဲ့ပြီး ရွတ်လိုက်သည့် ခင်လင်းစကားအဆုံး နွေး သဘောတကျ ရယ်လိုက်သည်။

" နွေး "

" ဘာလဲ ခေါ်ပြန်ပြီ "

" ပြောပြပါဆို "

" ပြောရရင် အရှည်ကြီးဟ ဒီနေ့နဲ့မပြီးဘူး "

" ပြီးသလောက်ပြောဟာ နောက်နေ့ကျ တစ်ခါထပ်ပြော "

" ဟယ် ဇွတ်ကြီးပါလား ခင်လင်းရာ "

" ငါက ညနေမှပြန်မှာကို ပြောပြပါနော် "

ဇွတ်အတင်းပူဆာ‌ေနသည့် ခင်လင်းကို ခေါင်းညိတ်ပြရင်း သက်ပြင်းရှိုက်လိုက်မိသည်။ နွေးမျက်၀န်းလေးများက မှိုင်းညှို့ ရီဝေသွား၏။ နွေးနုတ်ခမ်းလေးများ တဆတ်ဆတ်တုန်ရင်လာပြီး နာကျင်စရာ အတိတ်ဆိုးများဆီသို့ လှမ်းလာမိလေတော့သည်။ 
*********




rate now: