book

Index 4

အခန်း ၄

" ရှင့်ခြေလှမ်းတွေ ရပ်တန်းကရပ်ပါကိုလှိုင်ဦး ကျွန်မသားမျက်နှာကို ရှင်ထောက်သင့်ပါတယ်ရှင် သားလေးကို ကျွန်မမျက်နှာမငယ်စေချင်ဘူး သားအရှေ့မှာလည်း ကျွန်မရန်မဖြစ်ချင်ဘူး "

ရှိုက်နေသည့် မေမေ့အသံဗလုံးဗထွေးကို သူရိန်ပီပီသသ ကြားလိုက်ရပါသည်။ မေမေနှင့်ဖေဖေဖြစ်သည့်ပြဿနာကို သူရိန်သိချင်နေမိသည်ကအမှန်။

" မင်းကို ငါမကွာပါဘူး လေးနွယ်ရယ် ဒါပေမယ့် သူ့ကိုငါပစ်ထားလို့မရဘူး သူ့မှာ 
ငါ့ရင်သွေးလေး ရှိနေပြီ ငါမှားပေမယ့် ငါကယောက်ျားပါ ကိုယ်လုပ်တဲ့
အပြစ်ကို ကိုယ်တာ၀န်ယူနိုင်ရမယ် ငါ့ကို ယောက်ျားမပီသမယ့်စာရင်းထဲ ၀င်အောင် မင်းမလုပ်ပါနဲ့လေးနွယ်"

ဖေဖေ့စကားအဆုံး သူရိန့်ရင်ထဲက ပျော်ရွှင်မှုများ လုံး၀ ပျက်ဆီးသွားကြလေပြီ။ ဒါဆို သူရိန်ဖေဖေက ဖေါက်ပြန်နေပြီပေါ့။ သူရိန်နဲ့မေမေ့ကို ထားခဲ့ဖို့ကြိုးစားနေပြီပေါ့။ မေမေငိုငိုနေတာ ဒီပြဿနာတွေကြောင့်ပေါ့။ ရက်စက်လိုက်တာ။ ဖေဖေသိပ်ရက်စက်တယ်ဗျာ။ သူရိန့်ရင်ထဲက မချိတင်ကဲရေရွတ်နေမိသည့် စကားသံများက အပြင်ကို မထွက်လာသော်လည်း သူရိန့်ပါးပြင်ပေါ် စီးဆင်းကျလာသည့် မျက်ရည်များက အထိမ်းကွတ်မဲ့နေတော့သည်။
ဖေဖေနှင့်မေမေမကြားအောင် အိမ်ရှေ့ပြေးထွက်လာပြီး လမ်းမပေါ်ထိုင်ချပြီး တအင့်အင့်နှင့် ကြိတ်ငိုမိလိုက်၏။ သူရိန်တို့ကမ္ဘာလေး ပျက်ဆီးရ‌ေတာ့မည်မဟုတ်လား။
ဖေဖေ့ကို သူရိန် ဆုံးရှူံးရမှာလား။ ထိုမေးခွန်းက သူရိန့်ရင်ကို အဆမတန်နာကျင်စေသည်။ အားရအောင် ငိုပြီးမှ 
သူရိန် အိမ်ပြန်လာလိုက်သည်။ သူရိန်အိမ်၀ရောက်တော့ မေမေနှင့်ဖေဖေ့အသံမကြားရ‌ေတာ့ပါ။ ဆက်ရန်မဖြစ်ကြတော့ဘဲ အိပ်ရာ၀င်နေကြပြီ။ သူရိန်ပြန်လာလျှင် အဆင်သင့်၀င်ရန် တံခါးစေ့ထားသဖြင့် အိမ်ထဲ အသာယာ၀င်လာလိုက်သည်။ သူရိန်သိပါသည်။ မေမေသည် သူရိန့်ရှေ့ဆိုလျှင် ဘယ်တော့မှ ဖေဖေနှ
င့် ရန်မဖြစ်တတ်ပါ။ သူရိန်မသိအောင် ကြိတ်ခံစားနေသော မေမေ့ကို သူရိန်သနားမိသည်။ သူရိန့်စိတ်များ အရမ်းမွန်းကြပ်နေတော့သည်။

*********


" သူရိန် "

မနက်အစော အိပ်ရာထသည်နှင့် ရှင်မအိမ် သူရိန်ရောက်နေလေပြီ။ စာမေးပွဲအောင်ကြောင်း လာပြောနေသော သူရိန့်မျက်၀န်းများက မှိုင်းညှို့နေကြသည်ကို ရှင်မသတိထားမိပုံရလေ၏။

" သူရိန် ငါခေါ်နေတယ်လေ နင်က ဘာဖြစ်နေတာလည်း စာမေးပွဲ အောင်တာ ပျော်စရာလေဟာ အခုနင့်ရုပ်ကြီးက မပျော်တဲ့အပြင် တစ်ခုခုဖြစ်နေသလိုပဲ "

ရှင်မ၏ အပျော်လေးများ ပျက်ဆီးမည်ကို သူရိန်မကြည့်ရက်ပါ။
" ဘာမှမဖြစ်ပါဘူးဟ" လို့ဖြေရင်း ရှင်မကိုရယ်ပြလိုက်သည်။ ရှင်မကိုစိတ်မညစ်စေချင်မိသည့် သူ့စိတ်ကို သူပဲသိသည်။ စူပွပွဖြစ်‌ေနသော ရှင်မနုတ်ခမ်းလေးက ပြန်ပြုံးလာသည်။

" ငါတို့ ရှစ်တန်းတက်ရတော့မယ် "

" အင်း ဟုတ်တယ်နော် ရှင်မ "

ရှင်မပုံလေးက အရမ်းပျော်ပြီး ကျေနပ်နေဟန်ဆိုတော့ သူရိန်တိတ်တိတ်‌ေလး ငေးကြည့်နေမိ၏။ ရှင်မကိုကြည့်ရင်းက သူရိန့်စိတ်ထဲ သိချင်သည့် အရာတစ်ခုကို မေးချင်လာသည်။

" ရှင်မ နင့်အမေနဲ့အဖေ ကွဲတော့ နင်အရမ်းခံစားရလား ပြီးတော့လေ သူတို့တတွေ အသီးသီး နောက်အိမ်ထောင်ပြုတာ နင်ဘယ်ကြိုက်မလဲနော် "

သူရိန့်အမေးကို စူးစမ်းသည့်မျက်၀န်းလေးနှင့် ရှင်မပြန်ကြည့်သည်။ 

" ငါ့အမေနဲ့အဖေ ကွဲတာ ငါတောင်မသိတတ်သေးဘူး ငါတစ်နှစ်သမီးအရွယ်ထဲကလေ ခံစားရလား မခံစားရလား ငါတောင်မသိဘူး သူရိန်ရဲ့ "

" အခုဆိုရင်ရော ရှင်မ "

သူရိန့်အမေးကို ရှင်မက ထပ်ဖြေသည်။

" မကြိုက်ဘူး ဖြစ်နိုင်ရင် မေမေ၊ဖေဖေနဲ့ ငါအတူတူနေချင်တယ် ကိုယ့်အမေနဲ့ကိုယ့်အဖေကို တခြားသူတွေဆီ ပေးလိုက်ရတာ ဘယ်သားသမီးက ပျော်နိုင်ပါ့မလဲ သူရိန်ရယ် သူတို့လူကြီးတွေရဲ့ဆုံးဖြတ်ချက်ကို ငါတို့သားသမီးတွေက ဘာလုပ်ခွင့်ရှိလို့လဲ "

ရှင်မက သူနားလည်သလိုလေး သူရိန့်ကိုရှင်းပြသည်။ သူရိန်‌ခေါင်းညိတ်ပြီး ရှင်မစကားကို ထောက်ခံလိုက်၏။

" ဟုတ်တယ် ငါတို့သားသမီးတွေမှာ ရွေးချယ်ခွင့်မရှိကြပါဘူး မှန်မှန်မှားမှား သူတို့မိဘ‌ေတွကလုပ်ခွင့်ရှိပြီး သူတို့လုပ်သမျှ ဖြစ်လာမယ့်အကျိုးအပြစ်မှန်သမျှ ငါတို့သားသမီးတွေက ခံစားခွင့်ပဲရကြတယ်"

သူရိန့်စကားအဆန်းများ နားထောင်ပြီး
ရှင်မက 
သူရိန့်ကို စူးစူးစိုက်စိုက်ကြည့်သည်။

" နင် တစ်ခုခုဖြစ်နေလား သူရိန် "

" မဖြစ်ပါဘူးဟာ တခါတလေ မိဘတွေ လုပ်သမျှ အပြစ်ကို မိဘတွေက မခံစားရဘဲ ငါတို့သားသမီး‌ေတွကို ခံစားရစေတာ အဲဒါက တရားလား "

" တရားလားမတရားလားဆိုတာ ငါတို့မှာ ‌ေဖြခွင့်မရှိပါဘူးသူရိန်ရယ် ငါတို့မရချင်တဲ့ဘ၀ကို ငါတို့မရချင်ပါဘူးလို့ တစာစာအော်ပြောလည်း သူတို့ကနားထောင်မှာမို့လား ငါတို့ရချင်ချင် မရချင်ချင် ငါတို့လက်ခံခံ မခံခံ သူတို့ပေးတဲ့ဘ၀ကို ငါတို့ယူခဲ့ရတာပါပဲ သားသမီးဖြစ်တာနဲ့ ငါတို့မှာငြင်းဆန်ခွင့်မရှိကြတော့ဘူး နင်က ငါ့ထက်စာရင်ကံကောင်းပါတယ်သူရိန်
ငါဆို မိဘမေတ္တာကို တစ်နှစ်သမီးထဲကမရတာ အမေကပစ်တယ် အဖေက လှည့်မကြည့်ဘူး ငါ့ဖိုးဖိုးနဲ့ဖွားဖွားသာမရှိရင် ငါဒီအရွယ်ရောက်ပါ့မလား သူရိန်ရယ် မေမေ့မေတ္တာဆိုတာ ဖြူဖြူလားမဲမဲလားမသိတဲ့ဘ၀ ဖေဖေ့အကြင်နာဆိုတာ ဟား ငါအခုထိမသိဘူး" 

" နင်ဘယ်လောက်ခံစားရမလဲဆိုတာ ငါအခုဆို ခံစားတတ်နေပါပြီ ရှင်မရယ် "

" ငါ့အတွက်စိတ်မကောင်းမဖြစ်ပါနဲ့ အခုတော့ငါနေတတ်နေပါပြီသူရိန်ရဲ့
ငါ့မှာမေမေဖေဖေမရှိပေမယ့် နင်နဲ့ငါ့ဖိုးဖိုး ၊ ဖွားဖွားရှိရင် ငါ့ဘ၀က ပြည့်စုံပါတယ် "

" ရှင်မ တကယ်နော် ငါတို့ဘယ်တော့မှ မခွဲတော့ဘူးနော် "

" ခွဲစရာလား ကြီးလာရင် နင်ကဆရာ၀န်ကြီးလုပ် ငါကစာရေးဆရာမကြီးလုပ်ပြီး ဘ၀ကို အတူတူဖြတ်သန်းကြမယ်လေ"

ရှင်မစကားလေးများ နားထောင်ပြီး သူရိန့်နုတ်ခမ်းလေးများ ပြုံးလာသည်။ ဟုတ်သည်။ သူရိန့်ဘ၀တွင် ရှင်မရှိနေလျှင် ပြည့်စုံနေသည်ပဲလေ။ စိတ်ညစ်စရာများ သူရိန့်စိတ်ထဲက ခဏတော့ထွက်ပြေးသွားကြ၏။ သည်လိုနှင့် သူရိန်နှင့် ရှင်မ ရှစ်တန်းစတက်ကြရပြီ။
ရှင်မက ယခင်လို စကပ် ၊ဂါ၀န်လေးတွေ မ၀တ်ရတော့ဘဲ ထမိန်ပဲ၀တ်ရသလို သူရိန်ကလည်း ပုဆိုးသာ၀တ်ရလေပြီ။ ရှင်မက ထမိန်စိမ်းနှင့် အင်္ကျီရင်ဖုံးဖြူလေး၀တ်ထားသောအခါ အရပ်က ပိုရှည်လာသလိုထင်ရသည်။ ဆံပင်ကလည်း ပုခုံးကျော်အထိ ရှည်လာသဖြင့် ရှင်မပုံစံလေးက အဝေးကကြည့်လျှင် တကယ့်အရွယ်‌ေရာက်‌ေနသည့်ပုံစံ။ ရှင်မသည်နှစ် အရမ်းထွားလာပါသည်။
အရင်က ပိန်ပိန်သွယ်သွယ် ခန္ဓာကိုယ်လေးသည် တဖြည်းဖြည်း ပြည့်လာ၏။ သူရိန့်မေမေကပင် ရှင်မအကြောင်းပြောနေသေးသည်။

" ရှင်မလေးက ‌တနေ့တခြားချောလာလိုက်တာနော် အရုပ်ကလေးကျနေတာပဲ ရှင်မလေးအရွယ်‌ေရာက်လာရင် ဦးလေးကတော့ သူ့မြေးကို ဓါးထမ်းစောင့်ရမယ်ဟေ့ "

ပြောပြီးမေမေကရယ်တော့ သူရိန့်ရင်ထဲ စိတ်ပူမိသည်က အမှန်။ မျက်နှာကြီးမှုန်ကုတ်နေသော သူရိန့်ကို
လှမ်းကြည့်ပြီး မေမေက ဆက်စသည်။

" ငါ့သားသူရိန်လည်း ရှင်မမျက်နှာနဲ့ 
ယောက်ဖခေါ်မယ့်သူ ဝိုင်းဝိုင်းလည်နေမယ်ထင်ပါရဲ့ "

" မေမေကလဲဗျာ ဘာမှန်းလဲမသိဘူး "

သူရိန်မကြည်သလို ခွန်းတုံ့ပြန်ရင်း မေမေ့အနားက ထထွက်လာတော့ မေမေက သဘောကျစွာရယ်ကျန်ခဲ့သည်။ သူရိန်နှင့်ရှင်မက စာကို အရမ်းကြိုးစားပါသည်။ ရှစ်တန်းသည် အထက်တန်းအတွက် အခြေခံဖြစ်၍ ပိုကြိုးစားကြသည်။ ရှင်မဖြစ်စေချင်သော ဆရာ၀န်ဖြစ်ရန် သူရိန် နှစ်ဆပိုကြိုးစားလေသည်။ တခါတခါ ကံကြမ္မာသည် မဖြစ်စေချင်သောအရာများကို ဖြစ်စေတတ်သည်ဆိုတာတော့ သူရိန် အရွယ်နှင့်မမျှအောင် လက်ခံလိုက်ရပါသည်။ ထိုနေ့က သူရိန့်ဘ၀ကို 
ဂျွမ်းထိုးမှောက်ခုံဖြစ်စေသော နေ့တစ်နေ့ပါ။ သူရိန်က ရင်နည်းနည်းခုန်တတ်စ အရွယ်ဖြစ်လာတော့ ကဗျာလေးတစ်ပုဒ် စပ်လိုက်သည်။ ကဗျာမစပ်တတ်သော်လည်း သူရိန်စပ်သည့် ကဗျာလေးကို သန့်စင်က ကြိုက်သည်ဟုပြောသည်။ 

" ချစ်တယ် "

ဘယ်အချိန်ကြည့်ကြည့်
ဘယ်မှာပဲရှိရှိ  
ငါ့အနားက ကောင်မလေးမို့
နင့်ကို အမြဲတမ်းချစ်တယ်

သူရိန်

သူ့ကဗျာလေးဖတ်ပြီး သန့်စင်က "ငါကြိုက်တယ်ကွာ ငါ့ကိုပေး " ဟုဆိုသည်။ သူကလည်း "ယူကွာ" ဆိုပြီး ပေးလိုက်၏။ သန့်စင်က ကဗျာကို သူတို့အခန်းထဲက သက်သက်မာကို သွားပေးလေသည်။ သက်သက်မာက သူ့ကို သူရိန်ပေးခိုင်းသည်ဟုထင်ပြီး သူရိန့်ကို အဖြေပေးရန် ချိန်းလေ၏။ ပြဿနာက စလေပြီ။ သက်သက်မာကို သူရိန်စိတ်မ၀င်စားပါ။ သန့်စင်ကိုစိတ်ဆိုးပြီး " မင်းကိစ္စမင်းရှင်း" ဆိုပြီး တစ်ချက် ထိုးပစ်လိုက်၏။ ထိုအကြောင်းကို သက်မာကတစ်ဆင့် ရှင်မသိသောအခါ ပြဿနာက အကြီးအကျယ်တက်တော့သည်။ ရှင်မသည် သူရိန့်ကို စကားမပြောတော့ပါ။ ခေါ်လည်းမခေါ်တော့။ ကျောင်းသွားလည်း သူရိန့်ကိုမစောင့်ပါ။ ရှင်မ အခုလို လုပ်‌ေတာ့သူရိန်နေမထိ ၊ ထိုင်မထိ ဖြစ်သည်။ ရှင်မ မခေါ်ဘဲနေသည်ကို သူရိန် အ‌ေကြာက်ဆုံးပင်။ ရှင်မက စိတ်စွဲအရမ်းကြီးသည်။ သူရိန်ဘယ်လိုချော့ချော့ ၊ ဘယ်လိုရှင်းပြပြမရ။ တခါမှ ရှင်မ သည်လိုစိတ်မဆိုးဘူးပါ။ ကျောင်းမှာ ရှင်မရှေ့က ပိတ်ရပ်ပြီး သူရိန်ရှင်းပြဖို့လုပ်သည်။

" ရှင်မ တောင်းပန်ပါတယ်ဟာ သက်မာနဲ့ငါ ဘာမှမဆိုင်ပါဘူး ရှင်မ ငါ့ကိုပြန်ခေါ်ပါဟာ နော် "

" ဘယ်တော့မှ မခေါ်ဘူး နင်ကဒီအသက်အရွယ်မှာ ရည်းစားက ထားချင်နေပြီ ငယ်ငယ်ရွယ်ရွယ်နဲ့ ရည်းစားထားတဲ့သူ ငါအပေါင်းသင်းမလုပ်ဘူး "

" မဟုတ်ပါဘူး ရှင်မရာ သက်သက်မာကို ငါကကြိုက်စရာလား ငါရှင်းပြတာနားထောင်ပါဟာ "

" မထောင်ချင်ဘူး နင်ပြောတဲ့စကားလည်း မယုံ‌ေတာ့ဘူး ငါ့ရှေ့ကဖယ်မလား မဖယ်ဘူးလား 
မဖယ်ရင် ငါဆရာမနဲ့တိုင်မှာနော် "

ရှင်မက ထိုသို့ဆိုတော့ သူရိန့်အ‌ေပါ် ရှင်မတကယ်လုပ်ရက်လိမ့်မည်မဟုတ်ဟု ထင်ထားသည်။

" တိုင်လေ နင်တိုင်ရက်ရင် တိုင် "
သူရိန့်ကို မျက်လုံးစိမ်းစိမ်းဖြင့် ရှင်မကစိုက်ကြည့်နေသည်။ နောက်ချာခနဲလှည့်ထွက်သွားပြီး 
အတန်းပိုင်ဆရာမနှင့် တကယ်တိုင်သည်။ ဆရာမက သူရိန်ကို အားလုံးအရှေ့ထွက်ခိုင်းပြီး ဆူလေ၏။ သူရိန်ရှက်လည်း ရှက်မိသည်။
ရင်ထဲလည်း နာကျင်သည်။ သူရိန်မကျူးလွန်သော အပြစ်အတွက် တဖ
က်သက်ခံရသည်ကို ၀မ်းနည်းလေ၏။ သူရိန့်အပေါ် ရှင်မ ရက်စက်မည်ဟု မထင်ခဲ့ပါ။ ရှင်မနှင့်မ‌ေ
ခါ်မှ ငယ်ငယ်က အတူသွား ၊ အတူစား ၊အတူဆော့သည်များ မြင်ပြီး မျက်ရည်ပင် ကျရသည်။ ပြောင်းလဲသွားသည့် ရှင်မကို သူရိန်လုံး၀နားမလည်ပါ။ စာထဲလည်း သူရိန်စိတ်မပါ။ ရှင်မနှင့် သူရိန်မခေါ်ဘဲ နေကြသည်မှာ ရှစ်ရက်ပင်ပြည့်လာပြီ။ သူရိန်ကျောင်းမတက်ဘဲ ကျောင်းပါပြေး‌ေတာ့သည်။ သူရိန်တို့ကျောင်းနှင့် အတော်ဝေးသည့်နေရာ၌ ထန်းရည်ဆိုင်ရှိသည်။ တခါမှမခံစားဘူးသော ‌ဝေဒနာကြောင့် ထန်းရည်ပါ ခိုးသောက်တတ်လာသည်။
စာသင်ချိန်တွင် ကျောင်းမှာမရှိဘဲ ထန်းရည်ဆိုင်ဘက်ရောက်နေတတ်သည်။ ထန်းရည်မူးလာလျှင် အော်ဟစ်ငိုပြီး ထိုဆိုင်၌ပင် အိပ်ပျော်သွား၏။ ညနေ‌ေကျာင်းဆင်းချိန်ဆိုလျှင် ကျောင်းမှပြန်လာသလို အိမ်ကို ပြန်‌ေလ၏။ 

" သူရိန် "

အိမ်ထဲ၀င်လိုက်သည်နှင့် အမေက ဒေါသတကြီးဆီးကြိုသည်။ တခါမှ အမေစိတ်တိုသည်ကို သူရိန်မမြင်ဘူးပါ။
သူရိန်သိလိုက်ပြီ။ သူရိန့်အကြောင်း အမေတစ်ခုခု သိသွားသည်မှာ သေချာလေပြီ။

" နင်က အလိမ္မာတုံးကြီးပဲ အိမ်ကိုကျ ကျောင်းကိုသွားတယ် ကျောင်းမှာကျ အိမ်မှာနေတယ်ဟုတ်လား အဲဒီလို
နင်ကျောင်းမတက်တာ ငါးရက်ရှိပြီတဲ့ 
အဲဒီငါးရက် ဘယ်အလေနက်တောလိုက်နေတာလဲ သူရိန် ပြောစမ်း ငါကတော့ ငါ့သား လိမ်မာလိုက်တာပေါ့
နင်က နင်က ဟီးဟီး "

အမေအော်ကြီးဟစ်ကျယ် ငိုတော့ သူရိန့်ရင်ထဲ ပို၀မ်းနည်းလာသည်။ သူရိန်ပါလိုက်ငိုမိ၏။ အမေက သူရိန့်ကို ပြန်ချော့ပြီး ကျောင်းပြန်တက်ဖို့ ဖြောင်းဖျသည်။ အမေ့ကိုစိတ်မဆင်းရဲစေချင်သဖြင့် သူရိန် မနက်ဖြန်ကျောင်းပြန်တက်ပါမည်။ နောက်တစ်နေ့ သူရိန်ကျောင်းပြန်တက်တော့ 
သူရိန်ကို ရှင်မက ရှိသည်ဟုပင် သဘောမထားပါ။ သူရိန်ကျောင်းပြေးသည့်ရက်အတွင်း ရှင်မနှင့် သန့်စင်က ပိုရင်းနှီးသွားကြသလိုလိုပင်။ သူရိန်နှင့်တစ်ခုံထဲထိုင်သော ကျော်သက်ကပင် သူရိန့်အနား တိုးတိုးလာပြော၏။

" မင်းရှင်မက သန့်စင်နဲ့အရမ်းရင်းနှီးနေကြတယ် သိလား "

သူရိန့်ရင်ထဲ ဒေါသတို့ဆူပွက်လာ၏။ ဘာကိုမှန်းမသိသည့် ဝေဒနာတစ်ခုက ရင်ဘတ်ထဲ ပြည့်သိပ်နေသည်။ ညနေကျောင်းဆင်းတော့ 
ရှင်မအနား သူရိန်ကပ်လိုက်လာသည်။
ရှင်မလွယ်အိတ်ကို ဖမ်းဆွဲလိုက်ပြီး

" ရှင်မ ဒီည နင်နဲ့ငါ လမင်းကြီး ကြည့်ရအောင်နော် " 
ဟုဆိုလိုက်သည်။ ရှင်မက သူရိန့်ကို
စူးခနဲ တစ်ချက်ကြည့်သည်။
နုတ်ခမ်းကိုတစ်ချက်မဲ့ပြီး 

" မကြည့်ဘူး နင်နဲ့ငါ့ကြား ဘာမှပက်သက်စရာ မလိုတော့ဘူး " 
ဟုဖြေလိုက်ပြီး သူရိန်ဆွဲထားသည့် လွယ်အိတ်ကို ရှင်မက ဆတ်ခနဲ 
ပြန်ဆွဲယူလိုက်သည်။ နောက်တော့ သူရိန်ကို တစ်ချက်မှမကြည့်ဘဲ ချာခနဲ လှည့်ထွက်သွား၏။ ထိုအချိန်က သူရိန့်ရင်ထဲ ခံစားရသော ခံစားချက်အား အခုချိန်ထိ သူရိန်ဘာသာမပြန်နိုင်ပါ။
ဘာကိုမှသတိမထားမိဘဲ ရှင်မကြားအောင် သူရိန် အော်လိုက်သည်။

" ရှင်မ ဒီည နင့်အိမ် ငါလာခဲ့မယ် နင်မလာမချင်း ငါတစ်ညလုံးစောင့်နေမယ်
ငါမကြောက်ဘူး ဖြစ်ချင်ရာဖြစ်ပဲ "

သူရိန်ပြောသည်ကို ရှင်မ မသိချင်ယောင်ဆောင်သွားသော်လည်း သည်ည ရှင်မဆီသွားရန် သူရိန်ဆုံးဖြတ်လိုက်သည်။ အခုလို ရှင်မနှင့်မခေါ်မပြောနေရသည်ကို သူရိန်မခံစားနိုင်တော့ပါ။ သူရိန့်ရင်ထဲ ကွဲမတတ်ခံစားနေရသည်ကို သူရိန့်ဘာသာ အသိဆုံးပါ။ ဘယ်ကဘယ်လိုကျလာမှန်းမသိသည့် မျက်ရည်များကို သူရိန် ပွတ်သုတ်လိုက်သည်။ အိမ်ပြန်ရောက်လာသည်နှင့် သူ့အခန်းကနေ ရှင်မကို သူရိန်ငေးမောနေမိ၏။ သူရိန်သိပါသည်။
တစ်ချက်တစ်ချက် ရှင်မအကြည့်လေးများ သူရိန်တို့အိမ်ဘက် ရောက်ရောက်လာသည်ကို သူရိန်မြင်လိုက်ရသည်။ ရှင်မလည်း သူရိန်ကို လွမ်းနေမှာ သေချာပါသည်။ ရှင်မကို တိတ်တဆိတ် သူရိန်ငေးကြည့်နေမိ၏။ အိမ်နေ ဂါ၀န်ပန်းနုရောင်လေး ၀တ်ထားသည့် ရှင်မပုံစံလေးက အရမ်းကြည့်လို့ကောင်းနေသည်။ ထိုအချိန်ကတော့ ရှင်မကို ခိုးငေးနေမိခြင်းသည် သူရိန့်အတွက် နောက်ဆုံးဆိုတာကို ထိုစဉ်က 
သူရိန်မသိခဲ့ပါ။ 

***********

သည်ညက လပြည့်ည။
ရှင်မနှင့်ငယ်ငယ်က လမင်းကြီးကို အတူတူ‌ေငးကြည့်ကြပြီး စကားတွေအလုအယက် ဆိုခဲ့ကြသည်ကို သတိရလာမိပြန်သည်။ မေမေက ထမင်းစားဖို့အော်‌နေသဖြင့် သူရိန် အခန်းထဲက ထွက်လာလိုက်၏။ မေမေခူးပေးသည့် ထမင်းကို ‌ေမမေစိတ်ကျေနပ်အောင် စားလိုက်ရသော်လည်း ဘယ်လိုပြီးလို့ပြီးသွားမှန်းပင်မသိလိုက်ပါ။ သူရိန့်စိတ်များက ရှင်မဆီပဲ 
ရောက်နေခဲ့သည်။ နာရီတကြည့်ကြည့်နှင့် ညကလည်းရောက်ခဲလိုက်သည့်ဖြစ်ခြင်း။ သူရိန်နာရီကိုထပ်ကြည့်လိုက်သည်။ ညဆယ်နာရီကျော်ပြီး ဆယ်တစ်နာရီပင်ထိုးတော့မည်။ သည်အချိန်ဆို ရှင်မအဖိုးနှင့်အဖွား အိပ်လောက်ပြီ။ သူရိန့်အမေနှင့်အဖေလည်း အိပ်ကြပြီ။ ဟောက်သံပင် ထွက်နေလေ၏။ သူရိန် အိမ်ရှေ့တံခါးမကို အသာယာတွန်းဖွင့်ပြီး ပြန်စေ့ထားလိုက်သည်။ ရှင်မတို့ခြံအနားကပ်သွားလိုက်ပြီး ရှင်မနှင့်သူရိန်တို့ အ၀င်အထွက်လုပ်သော တံခါးပေါက်ကလေးမှ သူရိန်တိုး၀င်လိုက်၏။ ရှင်မတို့ခြံထဲရောက်သည်နှင့် ရှင်မအိပ်သော 
ရှင်မအခန်းနား ကပ်သွားလိုက်သည်။ လသာနေသည်ကတကြောင်း သူရိန်၀င်ထွက်နေကျဖြစ်သ ဖြင့် သူရိန်အတွက် အခက်ခဲမရှိပါ။ ရှင်မအခန်းနား ကပ်ပြီးနားထောင်လိုက်၏။ ပြီးလျှင် တိုးဖွဖွနှင့် " ရှင်မ " ဟု ခေါ်လိုက်သည်။ တစ်ခွန်း ၊၊ နှစ်ခွန်း။ သုံးခွန်း။ လေးခွန်း။ငါးခွန်း။ ကြာတော့ သူရိန် မရေတွက်နိုင်တော့ပါ။ ရှင်မမထွက်လာမချင်း သူရိန်ခေါ်နေမှာ ဖြစ်သည်။ 

" ချပ် "

တံခါးဖွင့်သံကို သူရိန်ကြားလိုက်ရ၏။ သူရိန့်ရင်သည် လှပ်ခနဲ တုန်သွားသည်။ နောက်ဖေးတံခါးမှ ဆင်းလာသော ရှင်မကို သူရိန်တွေ့လိုက်ရပါသည်။ ပျော်သွားသည့်အပျော်က ရင်ကိုတဒိန်းဒိန်းခုန်စေသည်။ သူရိန့်အနား
ရောက်လာသော ရှင်မ၏မျက်နှာလေးအား သတိလက်လွတ် လရောင်မလင်းတလင်းကြားမှ ငေးမိသွားသည်။ နောက်မှ သတိ၀င်လာပြီး သူရိန်နှင့် ရှင်မ လရောင်ထိုင်ကြည့်နေကျနေရာလေးကိုသွားရန် ရှင်မလက်ကလေးကိုဆွဲပြီး ခေါ်လာလိုက်သည်။ သည်တစ်ခါတော့ ရှင်မက မရုန်းဘဲ အလိုက်သင့်လိုက်လာ၏။ ငယ်စဉ်က‌ေလးဘ၀ထဲက သူတို့ထိုင်နေကြနေရာလေးမှာ နှစ်ယောက်သား အတူတူထိုင်လိုက်ကြသည်။ သူရိန်သိပ်ပျော်နေမိသည်။ ရှင်မစိတ်ဆိုးပြေသွားပြီး လမင်းကြီးကို အတူတူကြည့်ရမှာကြောင့် သူရိန့်စိတ်များက အားလုံးကိုမေ့သွားလေသည်။ သူရိန်နှင့်ရှင်မ လမင်းကြီးကို
အတူတူမော့ကြည့်လိုက်ကြ၏။ လမင်းကြီးကို ကြည့်ရသည့်အခါများစွာမှ သည်တစ်ခါသည် သူရိန့်စိတ်ကို ပိုအဓိပ္ပါယ် ရှိစေသလိုပင်။ 

" ရှင်မ လမင်းကြီးက ဒီည ပိုလှလာတယ်နော် "

သူရိန့်ကို ရှင်မက စကားပြန်မပြောဘဲ 
မျက်စောင်းတစ်ချက်ထိုးလေသည်။

" နင့်အနား ငါမရှိရင် လပြည့်ညတိုင်း လမင်းကြီးကိုကြည့်ပြီး ငါ့ကိုသတိရပေးနော် "

သူရိန့်စကားအဆုံး ရှင်မက သူ့ကိုလှည့်ကြည့်လာ၏။ စူပွပွ နုတ်ခမ်းလေးနှင့်

" အရူး နင်ကဘယ်သွားမှာမို့ ငါက နင့်ကိုသတိရရမှာလဲ မရပါဘူး ငါမကြိုက်တာလုပ်ရင် နောက်ကို အဲဒီထက်ဆိုးမယ်မှတ်"

ဟု ပြောသည်။ သူရိန်ကျေနပ်သွားရ၏။
ရှင်မ စိတ်ဆိုးပြေသွားလေပြီ။ နောက်တစ်ခါ ရှင်မ စိတ်ဆိုးအောင် သူရိန်မလုပ်ရဲပါ။ နောက်တစ်ခါသာဆို သူရိန်သေမှာ သေချာပါသည်။ လမင်းကြီးကို
ငေးကြည့်နေသော ရှင်မမျက်နှာလေးကို သူရိန်ကြည့်မ၀စွာ ငေးနေမိ၏။ သူရိန်ငေးသည်ကို ရှင်မက သတိထားမိဟန်နှင့် သူရိန့်ကို ပြန်လှည့်ကြည့်လာသည်။ ရှင်မ၏ မျက်လုံးနက်နက်လေးများက လရောင်အောက်တွင် ရွှန်းလဲ့တောက်ပနေသည်။ ရှင်မကလည်း သူရိန့်ကို ပြန်စိုက်ကြည့်နေ၏။
သူရိန်နှင့်ရှင်မ အကြည့်မလွှဲနိုင်ဘဲ ငေးနေမိကြသည်။ သူရိန့်ရင်ထဲ တဒိန်းဒိန်း
ခုန်လာပြီး စိတ်တွေထဲ ဆူပွက်လာသလို ခံစားလိုက်ရသည်။ သူ့ကိုမော့ကြည့်နေသော ရှင်မ၏ နဖူးလေးထက် သူရိန်အနမ်းတစ်ပွင့် ခြွေချမိလိုက်သည်။ သူ့အနမ်းကြောင့် ရှင်မကိုယ်လေး ဆတ်ခနဲတုန်သွားသည်။ ရှင်မ၏ နုတ်ခမ်းဖူးဖူးလေးက လရောင်အောက်တွင် တဆတ်ဆတ်တုန်နေသလို သူရိန့်တစ်ကိုယ်လုံးလည်း တဆတ်ဆတ်တုန်နေသည်။ ရှင်မ၏ နုတ်ခမ်းဖူးဖူးလေးကို ငေးကြည့်နေမိပြီး သူရိန့် တကိုယ်လုံး၌ တခဏအတွင်း ထူးဆန်းသလိုလို စိတ်အချို့ ၀င်ရောက်လာသလိုခံစားနေရပြန်သည်။ 
ငယ်ငယ်က ရှင်မပါးပြင်ထက် သူရိန်ခဏခဏနမ်းဖူးသော်လည်း အခုနမ်းလိုက်မိသော ခံစားချက်က ငယ်ငယ်ကနှင့်မတူဘဲ ထူးဆန်းနေသလိုလို။

" ငါ့ကို ဘာလို့နမ်းရတာလဲ ငါကြောက်တယ် " ဟု တိုးတိုးလေးဆိုပြီး ရှင်မက ခေါင်းကိုငုံ့ထားသည်။ ထိုအချိန်တွင်  

" ရှင်မ " ဟူသော အသံကျယ်က သူရိန်နှင့်ရှင်မကို လန့်ဖျပ်သွားစေသည်။ သူရိန်နှင့်ရှင်မ အလန့်တကြား လှည့်ကြည့်ကြသောအခါ ရှင်မ၏ ဖိုးဖိုးကို တွေ့ရလေသည်။ ရှင်မက ကြောက်လန့်တကြား ကြောင်ကြည့်နေစဉ် ရှင်မဖိုးဖိုးက ရှင်မလက်ကိုဆွဲခေါ်လိုက်သည်။ ပါးစပ်ကလည်း တတွတ်တွတ်ဆူပြောပြီး အသင့်ယူလာသော တုတ်နှင့် လှိမ့်ရိုက်တော့သည်။ 

" လာစမ်း နင် ကလေးက ကလေးလိုမနေဘူး ရွှမ်း ရွှမ်း "

" အား နာတယ် ဘဘရဲ့ ကြောက်ပါပြီ "

" အေး အခုမှ အော်မနေနဲ့ ရှင်မ ငါကအချစ်ကြီးသလို အမျက်ကြီးတယ် နင်သိလား "

ရှင်မဖိုးဖိုးက ဒေါသတကြီးအော်‌ေတာ့ ရှင်မက ကြောက်လန့်တကြား အော်ဟစ် ငိုယိုတော့သည်။ ညအချိန် လူချေတိတ်ချိန်ဖြစ်သဖြင့် သူရိန်တို့အိမ်ပါ နိုးလာကြသည်။ ဘာဖြစ်မှန်းမသိကြ‌ေသာ သူရိန့်အဖေနှင့်အမေပါ အိမ်ပေါ်က ဆင်းလာပြီး ရှင်မဖိုးဖိုးအနား ရောက်လာကြသည်။ အမေက သူရိန်ကိုတွေ့ပြီး အံ့အားသင့်‌ေနကာ အဖေက အခြေနေကို သဘောပေါက်သွားသလိုဖြစ်ပြီး

" သူရိန် မင်း မင်း " ဆိုပြီးအော်သည်။
ရှင်မဖိုးဖိုးက ဖေဖေ့ကို စူးစိုက်ကြည့်ပြီး

" မင်းတို့သားကို ‌ ငါ့မြေးနဲ့ နောက်လာမပက်သက်စေနဲ့ ငါ့အိမ်ပါ မလာစေနဲ့ 
ဒီတစ်ခါတော့ ခွင့်လွှတ်လိုက်မယ် နောက်တစ်ခါဆို မင်းတို့သားကို ထောင်ထဲထည့်ပစ်မယ် "

ဟု ဆိုသည်။ သူရိန့်အမေနှင့်အဖေက 
ရှင်မဖိုးဖိုးကို တောင်းပန်ပြီး သူရိန့်ဖေဖေက သူရိန့်ကို ရှင်မဖိုးဖိုးရှေ့တွင် 
နားပင်းသုံးချက်အုပ်လေသည်။ 
သူရိန့်ခေါင်းတစ်ခုလုံး ချာချာလည်သွားသလို နားများပင်းသွားမတတ်ခံစားလိုက်ရသည်။ ရှင်မကတော့ ငိုယိုပြီး အိမ်ပေါ်ပြေးတက်သွား၏။ 
သူရိန့်ရင်ဘတ်တို့ နာကျင်ရလေပြီ။ ရှင်မနှင့် ဘယ်တော့မှ ပက်သက်ခွင့်မရတော့သည့်အဖြစ်ကို ၀မ်းအနည်းဆုံးပါ။ သူရိန် ရှက်လည်းရှက်သည်။ မနက်ဖြန် ပတ်၀န်းကျင်ကို မျက်နှာပြရန်ပင်
ခက်လေပြီ။ အိမ်ရောက်သည်နှင့် အဖေက သူရိန့်တင်ပါးကို ခြေထောက်နှင့်ဆောင့်ကန်သည်။ ထပ်ရိုက်ရန် တုတ်ရှာသည်။ အမေက ငိုယိုပြီး အဖေ့ကိုဆွဲသည်။ အဖေပြောသောစကားက သူရိန့်ကိုအရှက်သည်းစေသည်။

" မင်းကိုယ်မင်းတောင် ရှာမစားနိုင်သေးဘဲနဲ့ မင်းက ရည်းစားထားချင်နေတယ်ပေါ့ မင်းကိုယ်မှာ နို့နံ့တောင်စင်သေးရဲ့လားဆိုတာ မင်းပြန်နမ်းစမ်း ငယ်ငယ်ရွယ်ရွယ်နဲ့ မင်းက မုဒိန်းကောင်ဖြစ်ပြီး ထောင်ထဲ၀င်ချင်နေတာလား အေး အဲဒီနေရာမှာ ဦးလေးအစား
တခြားသူဆို မင်း သက်သေမရှိတဲ့မုဒိန်းမှုနဲ့ ထောင်ထဲရောက်နေပြီ သိလား "

" ကိုလှိုင်ဦး ကျွန်မသားကို ရှင်မဦးမချွတ်မပြောပါနဲ့ ကလေးကို နား၀င်အောင် ပြောပြပါရှင် "

အဖေ့ကို သူရိန် မျက်ရည်ကြားက စူးစူးရဲရဲ ပြန်ကြည့်လိုက်သည်။ အဖေ့စကားက သူရိန့်ကိုအရမ်းအရှက်ရစေသည်။ 
ရှင်မနှင့်သူရိန်အဖြစ်က အဲဒီလောက် အပြစ်ကြီးစေလား။ အဲဒီလောက်ဖြစ်စေလား။ ရှင်မနဲ့သူရိန်တို့ရဲ့သံယောဇဉ်ကို ဘာလို့မမြင်ကြရတာလဲ။ သူရိန့်စိတ်များ မွန်းကြပ်လာပြီး သူရိန့်ညာလက်နှင့် အခန်းထဲက နံရံကို ပစ်ထိုးလိုက်သည်။

" ဒုန်း " 

သူရိန်သိပ်ရှက်သည်။ သည်ပတ်၀န်းကျင်က သူရိန့်ကို အဖေပြောသလို မြင်ကြမှာသေချာပါသည်။ ရှင်မနှင့် မခေါ် ၊မပြော ၊မပက်သက်ဘဲ သူရိန်နေရမည်လား။ သူရိန်ဘာလုပ်ရမလဲ။ သူရိန်ဘာလုပ်ရင် ကောင်းမည်လဲ။ အတွေးကြား
အိပ်မရဘဲ သူရိန် မူးလာသည်။ ငိုရလွန်းသဖြင့် ရင်ဘတ်ထဲလည်း နင့်ကျင်နေသည်။ အိပ်ရာထဲ လူးလှိမ့်နေရာမှ သူရိန် ဆတ်ခနဲ ထထိုင်လိုက်၏။ သူရိန့် ခြေရင်းမှာထားသည့် အ၀တ်အစားသေတ္တာထဲက အ၀တ်အစားအချို့ကို ကျောပိုးအိတ်ထဲဆန့်သလောက် ထည့်လိုက်သည်။ သူရိန့်လက်ထဲ မေမေပေးထားသည့် မုန့်ဖိုးအချို့ရှိနေသေး၏။
မေမေပိုက်ဆံထားရာ နေရာ သူရိန်သိသဖြင့် ခြေလှမ်းကို ခပ်ဖွဖွလှမ်းရင်း မေမေပိုက်ဆံသိမ်းတတ်သည့် အံဆွဲကို
ဖွင့်လိုက်သည်။ မေမေဈေးသုံးဖို့ ဖေဖေပေးထားသည့် ပိုက်ဆံအချို့ကို
သူရိန်ယူလိုက်သည်။ မေမေ့ကိုသိပ်ချစ်သော်လည်း ခွင့်လွှတ်ဖို့ သူရိန်စိတ်ထဲက‌ေန တောင်းပန်လိုက်၏။ မေမေနှင့်ဖေဖေ့ကို အခန်းပြင်ကနေအကြာကြီး ငေးနေပြီး ခဏကြာမှ ထိုင်ကန်တော့လိုက်သည်။ ထို့နောက် ‌အ၀တ်စားကျောပိုးအိတ်ကိုယူပြီး သူရိန် အိမ်အပြင်ထွက်လာလိုက်၏။ သွားခါနီး ရှင်မအခန်းရှိရာ လှမ်းကြည့်နေမိ‌ေသးသည်။ မှောင်ပိတ်နေသော ရှင်မအခန်းကိုငေးကြည့်ရင်း သူရိန် အံကြိတ်လိုက်မိရင်း တစ်ချက် ရှိုက်လိုက်သည်။ စိတ်က ရှင်မနှင့်ဝေးရာမသွားချင်သော်လည်း သည်အရပ်၌ သူရိန်ဆက်မနေချင်တော့ပါ။

" ရှင်မရေ ငါမရှိရင် လမင်းကြီးကို အမြဲကြည့်နေပေးပါနော် နင့်ကိုငါသိပ်သတိရ‌ေနမှာပါ တနေ့နေ့ နင့်ဆီကို မရောက်ရောက်အောင် ငါပြန်လာပါ့မယ် "

သူရိန်နုတ်က တတွတ်တွတ်ရေရွတ်လိုက်ပြီး ရှင်မအခန်းရှိရာ ငါးမိနစ်လောက် စိုက်ကြည့်နေမိသည်။ ထို့နောက် အရာအားလုံးကို
ကျောခိုင်းခဲ့ပြီး အမှောင်ထုထဲ တရွေ့ရွေ့ တိုး၀င် ပျောက်ကွယ်သွားလေတော့သည်။

************

" ဟာ နောင် မင်းကဗျာလေး like တွေ 1k ကျော်သွားပြီ "

အလန့်တကြား အော်လိုက်သောကျော်ခန့်အသံကြားမှ နောင့်စိတ်များ အတိတ်နံရံဆီမှ နိုးထလာခဲ့သည်။ ထိုနေ့မှစပြီး ရှင်မနှင့် နောင် ဝေးခဲ့ကြသည်မှာ အခုထိပင်။ နောင်သည်လည်း သူရိန်အဖြစ်မှ နောင် ဖြစ်လာခဲ့သည်။ အခုချိန်ထိ ရှင်မကို နောင်မေ့မရခဲ့သလို လသာရက်တိုင်း လမင်းကြီးဆီကြည့်ပြီး ရှင်မကို 
လွမ်းဆွတ်ခဲ့ရသည်မဟုတ်လား။ 
ရှင်မလည်း နောင်နှင့်ထပ်တူဆိုသည်ကို 
နောင်ယုံပါသည်။ နောင့်အား လာအပ်ထားသည့် Fri များက တစ်ထောင်ပင်ပြည့်နေလေပြီ။ ဖော်လိုဝါး လာလုပ်ထားကြသည်ကလဲ လူဦးရေ သောင်းချီနေ၏။ နောင်က ကဗျာဆရာထက် ဆရာ၀န်ဖြစ်ချင်ခဲ့သူပင်။ ဆရာ၀န်ဖြစ်ခွင့်မရသည့်နောက်မှာတော့ 
ကဗျာဆရာ ဖြစ်အောင်ကြိုးစားခဲ့သည်။ နောင်ချစ်သော ရှင်မသည် သူဖြစ်ချင်သော စာရေးဆရာမကြီး ဖြစ်အောင်ကြိုးစားမည်ကို နောင်ယုံလေသည်။ နောင်က စာပေလောကနှင့်အနီးဆုံး ရှိနိုင်မှသာ ရှင်မနှင့် တနေ့မဟုတ်တနေ့ ပြန်တွေ့မည်ဟု သတ်မှတ်ထားလေသည်။ ရှင်မရေ။ 
လမင်းကြီးကို ငေးကြည့်မိတိုင်း နင့်ကို သတိရမိတယ်။ နင်လည်း ငါနဲ့ထပ်တူဆိုတာ ငါယုံနေပါတယ်။ တနေ့နေ့တော့
နင်နဲ့ငါ ပြန်ဆုံရမှာပါနော်။ 
နောင့်ရင်ဘတ်ထဲက ညည်းတွားမိသော 
စကားများကို ရှင်မတစ်‌ေယာက် မကြားနိုင်သော်လည်း ရှင်မစိတ်ထဲလည်း နောင့်လိုဖြစ်နေမည်ဆိုတာကိုနောင်အကြွင်းမဲ့ယုံနေမိပါတော့သည်။

**********


rate now: