book

Index 3

အခန်း ၃

" မြတ်နိုးခွင့် "

အမှတ်မထင် မော့ကြည့်စဉ်တခဏ
ပြုံးပြနေတဲ့ မင်းအရိပ်လေး
လမင်းထဲမှာ တွေ့လိုက်တယ်
ငေးကြည့်မိတိုင်း
ကိုယ့်ရင်ဘတ်မှာ မြတ်နိုးခြင်းတွေ
ဖိတ်စင်လို့ ။

နောင် 

‌ထိုကဗျာတိုလေးတင်လိုက်တော့ like နှင့် com တွေ ပလူပျံသွားသည်။
နောင်က ဖေ့ဘုတ်ဆယ်လီကဗျာဆရာတစ်ယောက်ပင်။ ကဗျာတိုလေးများရေးရင်း သူ့ကဗျာလေးများကို ကောင်မလေးအများစုက အားပေးကြလေသည်။ နောင်နှင့်အတူနေ သူငယ်ချင်း‌ေကျာ်ခက ကဗျာလေးကိုဖတ်ပြီး နောင့်ကိုမေးသည်။

" နောင် မင်းရှင်မကို ခုထိရှာမတွေ့ဘူးလား "

" အေးကွာ သူ့အရိပ်တောင် မမြင်ရသေးပါဘူး "

" မင်းမှတ်မိမှာလား အဲဒီကောင်မလေးကို "

သူငယ်ချင်း‌ေကျာ်ခအမေးကို နောင်ခေါင်းခါပြလိုက်သည်။

" ဒါနဲ့များကွာ မင်းဘေးနားမှာ ဒီလောက်ကောင်မလေးတွေ ပလူပျံနေတာ တစ်ယောက်ယောက်ရွေးပါတော့လား "

" ငါ့ရင်ဘတ်ထဲမှာ သူကလွဲရင် နေရာမရှိလို့ပေါ့ကွာ "

သူငယ်ချင်း ကျော်ခက ရယ်၏။
ကျော်ခအော်ရယ်တာကို နောင် မမြင်ယောင်ဆောင်လိုက်သည်။ ကျော်ခ ပြောလည်း ပြောချင်စရာပါ။ အမှန်တော့ ရှင်မကို နောင်မမှတ်မိ။ လက်ထဲက ပုံ‌ေလးတစ်ပုံကို ငေးကြည့်မိပြန်၏။ ခုနှစ်တန်းနှစ် ဆရာကန်တော့ပွဲမှာ ရှင်မနှင့်တွဲရိုက်ထားသည့်ပုံ။ မှိုင်းဖျော့နေသော ပုံလေးက ဟောင်းနွမ်းလွန်းနေလေပြီ။ အဖြူအမည်းကာလာက အဝါရောင်ပင် သန်းလာ၏။ ဆင်တူပုံလေးနှစ်ပုံကို နောင်နှင့်ရှင်မ တစ်ယောက်တစ်ပုံ သိမ်းထားကြခြင်းပင်။ ပုံထဲမှ ဆံပင်ဂုတ်ဝဲနှင့် ကောင်မလေးက ရယ်နေသည်မှာ အပြစ်ကင်းလွန်းလှသည်။ နောင် ရှစ်တန်းနှစ်ရောက်တော့ အိမ်ကထွက်ပြေးပြီးနောက်ပိုင်း ရှင်မနှင့်ပါ အပြီးတိုင်ဝေးကွာခဲ့ရသည်။ နောင့်မျက်၀န်းထဲမြင်နေသည်က ဆံပင်ဂုတ်ထောက်လေးနှင့် ဝိုင်းစက်စက်မျက်၀န်းနက်နက်လေး ပိုင်ဆိုင်ထားသည့် ကောင်မလေး။ အားငယ်တိုင်း ချောင်မှာကပ်ပြီး တိတ်တဆိတ် သူငိုနေတတ်၏။ နောင်မှတ်မိနေသေးသည်။ ရှင်မတို့ရပ်ကွက်သို့ နောင်တို့ပြောင်းလာတော့ ရှင်မဆိုသည့်ကောင်မလေးနှင့် ခင်ခွင့်ရခဲ့သည်။ ရှင်မတို့အိမ်ဘေးက ခြံလွတ်ကြီးကို၀ယ်လိုက်သဖြင့် အိမ်ဆောက်နေစဉ်ရက်အတွင်း ရှင်မတို့အိမ်တွင် နောင်တို့မိသားစု နေထိုင်ခဲ့ရသည်။ ရှင်မဖိုးဖိုးက  
" အိမ်ဆောက်နေတဲ့ရက်အတွင်း ငါ့အိမ်မှာပဲ နေကြပါကွာ ငါတို့လည်း မိသားစုအများကြီးရှိတာမှမဟုတ်တာ "

ဟုဆိုသည်။ နောင့်အဖေနှင့်အမေက ရှင်မဖိုးဖိုးကို ကျေးဇူးစကားအထပ်ထပ်ဆိုကြ၏။ နောင်ကတော့ 
ရွယ်တူဖြစ်သော ရှင်မနှင့် သူငယ်ချင်းဖြစ်ခွင့်ရသည်ကို အကျေနပ်ဆုံး။ ဆံပင်ဂုတ်၀ဲ‌ေလးကို ခါခနဲခါသွားအောင် လုပ်တတ်သည့် ရှင်မပုံစံလေးက ချစ်စရာကောင်းလွန်းသည်။ မျက်၀န်းနက်နက်လေးက နောင့်ကို စူးစူးစိုက်စိုက် ကြည့်ပြီး 
" နင့်နာမည် ဘယ်သူလဲ " ဟုမေးတတ်သည့် ရှင်မပုံစံလေး ပြန်မြင်ယောင်မိတော့ နောင့်နုတ်ခမ်းပါးလေးက အလိုလိုပြုံးယောင်သန်းမိသွားရသည်။
နောင့်စိတ်များက အတိတ်ဆီသို့ ခဏတာ လွင့်ပျံ့သွားလေတော့သည်။

***********

" မင်းတို့အိမ်ဆောက်နေတဲ့အချိန် ငါတို့အိမ်မှာ ခဏနေပေါ့ ငါတို့မှာလည်း မြေးအဖိုး သုံးယောက်ရှိတာလေ အားနာစရာမလိုပါဘူး "

ဥပဓိရုပ်ခန့်ညားသန့်ပြန့်သော ရှင်မဖိုးဖိုးကို ထိုနေ့ကစပြီး သူရိန်စမြင်ဖူးခြင်းဖြစ်သည်။ ရှင်မဖိုးဖိုးက ဧရာ၀တီတိုင်း ၊ ညောင်တုန်းမြို့နယ်၊ ရပ်ကွက်တစ်ခုမှဥက္ကဌတစ်ယောက်ဖြစ်၏။ သူရိန့်ဖေဖေနှင့်မေမေက ရှင်မဖိုးဖိုးဖွားဖွားနှင့့်စကားလက်ဆုံကျ‌ေနကြသလို သူရိန်ကလည်း ရှင်မနှင့်အဖွဲ့ကျနေသည်။

" ဟဲ့ကောင်မလေး နင့်နာမည်ကဘယ်သူလဲ "

သူရိန်မေးတော့ ရှင်မက မျက်လုံးနက်နက်ကလေးကို ထောင့်ကပ်ကြည့်၍ နုတ်ခမ်းဖူးဖူးလေးကိုစုကာ

" ငါ့နာမည်က ရှင်မ နင့်နာမည်ကကော ဘယ်သူလဲ "

ဟု ပြန်ဖြေပြီး သူရိန့်ကိုမေးသည်။

" ငါ့နာမည်က သူရိန် ငါက ဒီနှစ်လေးတန်းစတက်ရမယ် နင်ကကောရှင်မ "

" ငါလည်းလေးတန်းစတက်ရမှာလေ အဲဒါဆို နင်နဲ့ငါက အတန်းတူတာပေါ့ "

" အေးပေါ့ ငါက ဒီနှစ် နင်တို့ကျောင်းပဲ တက်ရမယ်ထင်ပါတယ် "

သူရိန့်ကိုရှင်မက ငေးငေးလေးစိုက်ကြည့်ပြီးဆိုသည်။

" အဲဒါဆို နင်နဲ့ငါက သူငယ်ချင်းဖြစ်ပြီပေါ့ အိမ်နီးချင်းသူငယ်ချင်းပေါ့နော် "

ရှင်မအပြောကို သူရိန်သဘောကျစွာ ရယ်ပြီး ခေါင်းညိတ်ပြလိုက်သည်။ ရှင်မက ခင်စရာကောင်းသလို 
ချစ်စရာလည်းကောင်းသည်။

" သူရိန် လာခဲ့ နင့်ကို ငါပြစရာရှိတယ် "

သူရိန့်လက်ကို ဆွဲခေါ်နေသဖြင့် ရှင်မနောက်ကို သူရိန်လိုက်လာလိုက်သည်။
ရှင်မတို့အိမ်ရှေ့၌ အရောင်မျိုးစုံသည့် ရွက်လှပန်းခင်းလေးကိုတွေ့လိုက်ရ၏။ ဇော်စိမ်းပင် ၊ ဇော်ကျားပင်ဟုခေါ်သော ပန်းပင်အချို့နှင့် နာမည်မသိသောဂမုန်းပင်အချို့ကိုလည်း စိုက်ထားသေးသည်။ 
သူရိန်ကနားမလည်သည့်မျက်၀န်းနှင့်
ရှင်မကိုပြန်ကြည့်တော့ ရှင်မကပြုံးပြသည်။ 

" လာ ပြမယ် "

ပန်းခင်းအစပ်နှင့်ကပ်ရပ် အ၀င်၀ခြံတံခါးတည့်တည့်အခြမ်းတွင်
သစ်သားတုံးအဝိုင်းကြီးများကို ညီညာအောင် တန်းစီ၍ ချထားလေ၏။ လုံးပတ်ညီသလို ဖြတ်ထားသည့်အရွယ်အစားကလည်း တညီတညာထဲပင်။ ရှင်မက ထိုနေရာလေးရောက်တော့ စွေ့ခနဲထိုင်ချလိုက်ပြီး သူရိန့်လက်ကိုပါ ဆွဲယူ၍ သူ့အနားထိုင်စေသည်။ 

" ဟဲ့ကောင်လေး ဒီမှာထိုင် "

သူ့ဘေးနားထိုင်လိုက်ပြီး မကျေမနပ်မေးလိုက်မိသည်။

" ငါ့ကိုပြမယ်ဆိုတာ ဘာလဲ ငါ့ကိုဟဲ့ကောင်လေးမခေါ်နဲ့ မကြိုက်ဘူး "

မှုန်ကုတ်နေသော သူရိန့်ကိုကြည့်ပြီး ရှင်မက တခစ်ခစ်နှင့်ရယ်သည်။

" ခစ် ခစ် ခစ် "

" ဘာရယ်တာလဲ နင်က ငါ့ကိုပြမယ်ဆိုတာဘာလဲ "

မှုန်ကုတ်ကုတ်မျက်နှာနှင့် သူရိန်မေးလိုက်တော့ ရှင်မက ‌ေခါင်း‌ေလး ညိတ်ရင်း ဖြေသည်။

" ဒီနေရာလေးကို ပြမလို့ လသာရက်ဆို သိပ်သာယာတာဟ ငါစိတ်ညစ်ရင်ပဲဖြစ်ဖြစ်‌ ‌ေမမေ့ကိုအရမ်းလွမ်းရင်ပဲဖြစ်ဖြစ် ဒီနေရာလေးမှာထိုင်ပြီး လမင်းကြီးနဲ့ အမြဲစကားပြောဖြစ်ခဲ့တာ‌ေလ "

ရှင်မစကားကြားတော့ သူရိန်စိတ်ထဲမကျေနပ်တာပင် ပျောက်သွားရသည်။ လမင်းကြီးနှင့်စကားပြောတတ်သော
ကောင်မလေးဆိုတော့ စိတ်ထဲထူးဆန်းနေမိ၏။ သူရိန်က ယောက်ျားလေးဖြစ်လို့လားမသိ။ ထူးထူးဆန်းဆန်း ဘာမှမခံစားတတ်ပါ။

" နေပါဦး အဲဒီတော့ လမင်းကြီးက နင့်ကိုစကားပြန်ပြောလို့လား ငါတော့မကြားဖူးပါဘူး ကြည့်ရတာ နင်ကရူးနေတယ်ထင်တာပဲ "

သူရိန့်ကို ရှင်မက ငေးငေးလေးပြန်ကြည့်သည်။ ပြီးမှ တလုံးချင်းပြန်ဖြေ၏။

" နင်မရှိခင်တုန်းကတော့ လမင်းကြီးက ငါ့အဖော်ပဲလေ နင်ရောက်လာတော့ နင်ကငါနဲ့လမင်းကြီးရဲ့ အဖော်ပေါ့ သူရိန်ရဲ့"

ရှင်မနှင့် အပြိုင်မငြင်းချင်တော့သဖြင့် သူရိန်ကပင်အလျှော့ပေးလိုက်ရပါသည်။ ထိုနေ့ကစပြီး သူရိန်ပါ ရှင်မနှင့်အတူ လမင်းကြီးကို အတူတူငေး
ကြည့်ရတော့သည်။ သူရိန်
ရောက်လာတော့ အဖော်မက်သော ရှင်မက သူရိန့်အနားကမခွာတော့။ ညစဉ် သူ့ဖိုးဖိုး ၊ ဖွားဖွားတို့နှင့်သာ အိပ်တတ်သောရှင်မသည် သူရိန့်အနားအတူတူ လာအိပ်သည်။ ညအိပ်ရာ၀င်တိုင်း သူရိန့်မေမေပြောပြသော ပုံပြင်မှန်သမျှ သူရိန်တို့နှစ်ယောက်က လက်ပေါ် မေးလေးတင်ပြီး ငြိမ်သက်စွာ နားထောင်ကြသည်။ ပုံပြင်ထဲ သနားစရာပါလာလျှင် ရှင်မက တသိမ့်သိမ့်ရှိုက်ငိုတတ်‌ေသးသည်။ ထိုအခါတိုင်း သူရိန်က ရှင်မကို ခုလိုအော်ပြောပြီး လက်ညှိုးကလေး ကွေးချည်ဆန့်ချည် လုပ်ပြတတ်၏။

" ငိုစရာလည်းမပါဘဲ ငိုတယ်ဟေ့ ရှက်ပါတယ် ကရော်ကရော် "

" နင်နော် ငါ့ကိုမစနဲ့ အရူးကြီး ငါကသနားလို့ ငိုတာကို 
မခေါ်ဘူး လာမခေါ်နဲ့ သေတဲ့အ
ထိနင့်ကိုမခေါ်ဘူး "

ရှင်မက နုတ်ခမ်းကိုထော်နေအောင် ချွန်ထားပြီး စိတ်ကောက်ပါတော့သည်။
သူရိန့်မေမေက သူရိန်နှင့် ရှင်မကို ကြည့်ပြီး ရယ်‌ေန၏။ ရက် ၊ လ၊နှစ် ကြာလာသည်နှင့်အမျှ ရှင်မအ‌ေကြာင်းကို တဖြည်းဖြည်း ပိုသိလာရသည်။ ရှင်မက သူ့စိတ်ထဲတစ်စုံတစ်ခု ခံစားရတိုင်း လမင်းကြီးကိုကြည့်၍ လာငိုနေတတ်သည်။ 
တစ်ညမှာ သူရိန်တရေးနိုးအထ သူရိန့်အိပ်ရာဘေးနား ရှင်မ မရှိ‌ေတာ့ လန့်သွားရသည်။ အိပ်ရာထဲကထပြီး လိုက်ရှာတော့ ရှင်မအား လမင်းကြီးကြည့်သည့်နေရာတွင် တွေ့လိုက်ရသည်။

" ရှင်မ နင်ဘာလုပ်နေတာလဲဟင် နင်ငိုနေပြန်ပြီလား "

သူရိန်မေးလျှင် မျက်ရည်ရွဲ‌ေန‌ေသာမျက်၀န်းနက်နက်လေးနှင့် ရှင်မကမော့ကြည့်သည်။

" မငိုပါဘူးသူရိန်ရဲ့ ငါလေ နင့်‌ေမ‌ေမနဲ့ နင်အိပ်သလို ငါ့မေမေ့ရင်ခွင်ထဲ သိပ်အိပ်ချင်တာပဲ "

" ရှင်မရယ် ငါရှိတယ်လေ ငါ့ရင်ခွင်ထဲအိပ်နော် လိမ်မာတယ် "

မဲ့နေသည့်နုတ်ခမ်းလေးကို မမဲ့အောင် ကြိုးစားထိန်းရင်း ဖြေတတ်သည့်ရှင်မ။
ပါးပြင်ပေါ် စီးကျနေသည့် မျက်ရည်များကို ပွတ်သုတ်‌ေပးလိုက်ပြီး ရှင်မကို ရင်ခွင်ထဲ ထွေးပွေ့ထားလိုက်သည်။

" လာပါရှင်မရယ် ပြန်အိပ်ကြရအောင်နော် "

သူရိန်ချော့ပြီးခေါ်မှ ရှင်မက ခေါင်းလေးညိတ်ပြီး ပြန်လိုက်လာ၏။ ထိုညက ရှင်မကိုဖက်ပြီး သူရိန်ချော့သိပ်သည်။ မျက်ရည်ကြားက အိပ်ပျော်သွားသော ရှင်မပါးပြင်လေးကို ဖွဖွနမ်းလိုက်၏။ ရှင်မကို လွတ်သွားမည့်အလား တင်းတင်းကြပ်ကြပ်ပွေ့ဖတ်ရင်း သူရိန်ပါ အိပ်ပျော်သွားလေတော့သည်။

********

ရှင်မတို့အိမ်‌တွင် ဆယ်ရက်ကျော်နေပြီးမှ သူရိန်တို့အိမ်လေးပြီး၏။ အိမ်ပြီးသည်နှင့် အိမ်တက်ဆွမ်းကပ်ကာ သူရိန်တို့ အိမ်ပြောင်းကြသည်။ သူရိန်နှင့်ရှင်မ ထိုနေ့ကစ အတူအိပ်ခွင့်မရကြတော့။ 
ကျောင်းပြန်ဖွင့်တော့ သူရိန်နှင့်ရှင်မ လေးတန်း စတက်ရသည်။ သွားအတူ ၊ လာအတူ ၊ကစားအတူတူအပြင် လသာရက်တိုင်း လမင်းကြီးကို မော့ကြည့်ဖြစ်ကြသည်။ ရှင်မက ပုဇွန်ထုပ်ဟင်း သိပ်ကြိုက်၍ သူ့ဖိုးဖိုးက ရှင်မအကြိုက် ပုဇွန်ထုပ်ဟင်း အမြဲလိုလို ချက်ပေးတတ်သည်။ သူရိန်တို့အိမ်၌ ပုဇွန်ထုပ်ချက်သည့်နေ့တွင် ရှင်မအတွက် သူရိန်က ပို့ပေးတတ်စမြဲ။ ရှင်မအိမ်၌ သူရိန်အရမ်းကြိုက်သည့် ၀က်သားဟင်းချက်‌လျှင် အိမ်ကိုလာပို့‌ေပးတတ်သည်။  
သူရိန်နှင့်ရှင်မ၏ သံယောဇဉ်က တနေ့တခြား ပိုမိုခိုင်မာလာကြသည်။
ချစ်ဖို့ကောင်းသော ရှင်မ၏ မျက်နှာလေးက အရုပ်ကလေးနှင့်တူသဖြင့် သူရိန် အမြဲကြည့်မ၀ဖြစ်ရသည်။ 

" သူရိန် "

" ပြောလေ ရှင်မ "

" နင်ကသိပ်ကံကောင်းတာပဲနော် "

ရှင်မအပြောကို နားထောင်ပြီး သူရိန်ကအံ့ဩသလို ပြန်ကြည့်လိုက်၏။

" နေပါဦး နင်ကဘာလို့ အဲဒီလိုပြောရတာလဲ ရှင်မရဲ့ "

သူရိန်ပြန်မေးတော့ အဝေးကိုငေးကြည့်ပြီး ရှင်မကဖြေသည်။

" နင့်မှာအမေအဖေရှိလို့ပေါ့ ပြီးတော့ အ‌ေမ ၊ အဖေနဲ့ အတူတူနေခွင့်ရလို့ပေါ့ဟာ "

ရှင်မခံစားချက်ကို အဲဒီအချိန်က သူရိန်သိပ်နားမလည်သော်လည်း အခုတော့ သူရိန်နားလည်နေပါသည်။

" နင့်မှာ အဖိုးအဘွားရှိနေတာ နင်ကံကောင်းတာပေါ့ နင့်အဖိုးနဲ့အဖွားက နင့်ကိုသိပ်ချစ်တာမဟုတ်လား ရှင်မရဲ့ နင်ကငါ့ထက်တောင် ပိုကံကောင်းသေးတယ် "

" အမေက ငါငယ်ငယ်ထဲက ငါ့ကိုထားခဲ့တာ သူရိန်ရဲ့ "

" ဟုတ်လို့လားဟာ"

သူရိန်က မယုံသလိုမေးတော့ ရှင်မက ခေါင်းညိတ်ပြသည်။

" ဟုတ်တာပေါ့ ငါ့ဘဘက ပြောတယ်
ငါ့မေမေ ငါ့ကိုထားခဲ့တာ ငါတစ်နှစ်သမီးရှိသေးတယ်တဲ့ ငါကလေ ငါ့မေမေထားခဲ့တော့ အဲဒီညက ငါအိပ်နေကျပုခက်အောက်မှာ ထိုင်ပြီး မေမေ မေမေဆိုပြီး မပီကလာနဲ့အော်ငိုနေတာတဲ့ အဲဒီမြင်ကွင်းကို မြင်ပြီး
ငါ့ဘဘက ငါ့ကိုပွေ့ပြီး ချုံးပွဲချငိုတာတဲ့ သိလား အဲဒီညထဲက ငါ့မေမေက ငါ့ဘ၀ထဲက အခုထိပျောက်သွားတာ "

ထိုအချိန်က ရှင်မကို သူရိန်သနားစွာ ပွေ့ဖက်ထားမိလေသည်။ တကောင်ကြွက်လို ညီကိုမောင်နှမမရှိသော ရှင်မက သူရိန့်ကိုအရမ်းခင်တွယ်လေ၏။ အိမ်နီးချင်းလည်းဖြစ် ၊ ရွယ်တူလည်းဖြစ်သော သူရိန်နှင့်ရှင်မက မခွဲဘဲတတွဲတွဲ။ လသာရက်များဆိုလျှင် မိုးပေါ်က လမင်းကြီးကို အတူတူကြည့်ရန် သူရိန့်ကို ရှင်မက အမြဲလာခေါ်လေ့ရှိသည်။ 
တခြားကလေးတွေလို သိပ်မဆော့တတ်သော ရှင်မမျက်နှာလေးက အမြဲလို မှုန်ကုတ်ကုတ်လေး နေတတ်၏။ လသာရက်ဆိုလျှင် သူရိန်တို့အိမ်ရှေ့မှာ လမ်းထဲက ကလေးငယ်များ စုရုံးဆော့ကြသည်။ 

" ရှင်မ ဟိုးမှာ ထုတ်ဆီးတိုးနေကြတယ် လာဟာ သူတို့နဲ့သွားဆော့ရအောင် "

" ဟင့်အင်း ငါမဆော့ချင်ပါဘူး ငါကသူတို့ဆော့တာပဲ ငေးကြည့်ချင်တာ "

ရှင်မက ထိုသို့ကောင်မလေးပါ။ သူရိန်ကအရမ်းဆော့ချင်သော်လည်း ရှင်မ မဆော့တော့ ရှင်မဘေးနား အတူနေပေးရင်း သူများဆော့တာသာ ငေးကြည့်ခဲ့ရသည်။

" သူရိန် လမင်းကြီးကို မော့ကြည့်ကြည့် "

ရှင်မအသံကြောင့် သူရိန်ပါလမင်းကြီးကို မော့ကြည့်လိုက်၏။ ရှင်မနှင့်အတူ လမင်းကြီးကို မော့ကြည့်နေရသော်လည်း လမင်းကြီး၏ဝိုင်းစက်မှုကလွဲလျှင် သူရိန်ဘာမှမခံစားတတ်ပါ။

" လမင်းကြီးထဲမှာ ငါ့အမေရှိတယ်သိလား "

" နင် နင့်အမေကို လွမ်းနေတာလား "

ရှင်မစကားအဆုံး သူရိန်ကမေးခွန်းထုတ်လိုက်သည်။ ရှင်မက ရယ်ပြီး

" အေးပေါ့ ငါ့အမေရှိတဲ့နေရာ အဲဒီလမင်းကြီးက သိတယ်လေ သူရိန်ရဲ့
အမေလည်း ငါ့လို လမင်းကြီးကို မော့ကြည့်နေမယ်ထင်ပါရဲ့ ငါလွမ်းနေသလို ငါ့မေမေလည်း ငါ့ကိုလွမ်းမှာ သေချာတယ် " 

ဟုဆိုလေသည်။ ရှင်မမျက်၀န်းလေးများက ရွှန်းစိုပြီး တောက်ပနေကြ၏။ ထိုစဉ်အချိန်က ရှင်မရင်ထဲက အကြောင်းကို သူရိန်သေချာမ‌ေတွးတတ်ခဲ့သော်လည်း ယခုအချိန်တော့ သူရိန် အစစ တွေးတောတတ်နေပါပြီ။ သူရိန်နှင့်ရှင်မ တစ်နှစ်တစ်တန်း မှန်မှန်အောင်ကြသလို တတွဲတွဲ မခွဲကြပါ။ ကဗျာ၊ စာတိုလေးများ ရေးရခြင်းကို ရှင်မက ဝါသနာပါလေသည်။ 

" သူရိန် ငါကလေ ကြီးလာရင် စာရေးဆရာမကြီး လုပ်မှာ နင်ကကော "

" ငါက ဆရာ၀န်ကြီးလုပ်မှာ နင်နေမကောင်းရင် နင့်ကိုဆေးထိုးပေးမို့လေ နင့်ဘေးနား ငါက အမြဲ စောင့်ရှောက်ပေးမှာ သိလား "

အဲလိုပြောတော့ သဘောတကျ ရှင်မရယ်လေသည်။ မျက်လုံးလေးထောင့်ကပ်ပြီး

" အဲဒါဆို နင်က ငါ့အတွက် ဆရာ၀န်ကိုကိုပေါ့နော် "

ဟု‌ေမးသည်။ သူရိန်ကလည်း လက်မလေးထောင်ပြပြီး 

" ဒါပေါ့ ငါက နင့်ရဲ့ ဆရာ၀န်ကိုကို "

ဟုပြန်ဆိုပြီး နှစ်ယောက်သား ရယ်မိကြ၏။ ရှင်မ ခြောက်တန်းနှစ်မှာတုန်းက အရမ်းဖျားလေသည်။ အဖျားကြီးပြီး တစ်ညလုံးယောင်သည်က မေမေ မေမေတဲ့။
ရှင်မအဖိုးနှင့်အဖွားက ရှင်မ တစ်နှစ်သမီးကနေ ရှင်‌မခြောက်တန်းရောက်သည်အထိ အဆက်အသွယ်မလုပ်လာသော သူတို့သမီးအကြောင်း ၊ ခဏခဏ ပြောသည်။ ကျန်ရစ်ခဲ့သော ရှင်မအဖေက နောက်အိမ်ထောင်ပင် ပြုသွား‌ေလပြီ။ ရှင်မသည် သူများမိသားစုများ 
စုဝေးရှိနေလျှင် ငေးကြည့်နေတတ်သည်။ သူရိန့်အိမ်အလည်လိုက်လာလျှင်လည်း သူရိန့်မိသားစုနှင့် သူရိန့်ကိုငေးမောနေရှာ၏။

" သူရိန် နင့်အမေနဲ့အဖေက နင့်ကိုသိပ်ချစ်မှာပဲနော် "

" အေးပေါ့ ချစ်မှာပေါ့ ဘာဖြစ်လို့လဲ ရှင်မရဲ့ "

" ငါ့အမေနဲ့အဖေက ငါ့ကို တကယ်မချစ်လို့ ထားခဲ့တာပေါ့နော် "

ရှင်မအမေးကို ထိုအချိန်က သူရိန်မဖြေတတ်ခဲ့ပါ။ ရှင်မရင်ထဲက အစွဲအလန်းကို ထိုအချိန်က မဖြောင်းဖျတတ်သော်လည်း အခုချိန်တော့ ရှင်မကို သူရိန့်အနား ရှိစေချင်ပါသည်။ ရှင်မစိတ်ကို သူရိန် ဖြေသိမ့်ပေးနိုင်မှာ သေချာပါသည်။ ရှင်မကို သူရိန်သိပ်လွမ်းသည်။ သူရိန်နှင့်ရှင်မက ခြောက်တန်းလည်း တစ်ခန်းထဲအတူတူကျသည်။ ရှင်မက စာတော့တော်သည်။ သို့သော် သူငယ်ချင်းများများစားစားမထားသလို ၊ တစ်ခုံထဲအတူထိုင် သူငယ်ချင်းများပင် ခပ်တည်တည်နေတတ်သည်။ သူရိန်မှတ်မိနေပါသေးသည်။ ခြောက်တန်းစာမေးပွဲ ဖြေပြီးတော့ ရှင်မမေမေ ရုတ်တရက် အလည်‌ေရာက်လာ၏။ တစ်ယောက်ထဲတော့မဟုတ်ပါ။ ရှင်မအမေနှင့်အတူ ဦးလေးတစ်ယောက်ပါ လာသည်။ သူရိန့်အမေက ရှင်မမေမေ၏ နောက်အိမ်ထောင်ဟုပြောသည်။ ထိုအချိန်က ရှင်မအတွက် ရှင်မမေမေ၀ယ်လာသည့် ဂါ၀န်လေး နှစ်ထည်ကို လက်ကမချဘဲ ပျော်နေသည့် ရှင်မပုံစံလေးကြည့်ပြီး သူရိန်ပါ ဘေးကနေပျော်မိရသည်။ ပန်းရောင်အထပ်ထပ် ဂါ၀န်လေးနှင့် ဆင်စွယ်ရောင် ဂါ၀န်ရှည်လေးကို ရင်ခွင်ထဲပိုက်၍ ရှင်မမှာ ပျော်လွန်းပြီး သူရိန့်ကိုကြွားရတာအမော။
သူ့မေမေအနားကမခွာနိုင်ဘဲ ပျော်နေသည့် ရှင်မမျက်နှာလေးကို ခုချိန်အထိသူရိန်မမေ့ပါ။ 

" သူရိန်ရေ သူရိန် ငါလှလား "

အထပ်ထပ်ဂါ၀န်ပန်းရောင်လေးကို ၀တ်ပြီးတစ်ပတ်လည်အောင်လှည့်ပြနေသော ရှင်မပုံစံလေးက ဗိုလ်မရုပ်လေးနှင့် တူသည်။ ပြုံးရယ်နေသည်က အပြစ်ကင်းလွန်းလှ၏။ ထိုရက်များက ပျော်နေသော ရှင်မပုံစံလေးက သူရိန်နှင့်ခင်ပြီးတလျှောက် ပထမဆုံး မြင်ဖူးသောပုံရိပ်ပင်။ တစ်ရက်ကျ ၊ ရှင်မတစ်ယောက် မျက်ရည်များနှင့် တရှိုက်ရှိုက်ငိုနေသည်ကို တွေ့လိုက်ရတော့ သူရိန်အံ့ဩသွား၏။ 

" ရှင်မ နင်ငိုနေတယ် ဟုတ်လား ဘာဖြစ်လို့လဲ "

သူရိန့်အမေးကို ရှင်မက မဖြေဘဲ တဟင့်ဟင့်နှင့် ရှိုက်၍သာ ငိုနေတော့သည်။ ရှင်မကို မေးမရလွန်းမှ ရှင်မအဖွားကို သူရိန်မေးလိုက်သည်။

" ဖွားဖွားကြီး ရှင်မဘာဖြစ်လို့လဲဟင် "

ဖွားဖွားကြီးက သက်ပြင်းရှိုက်ပြီး ဖြေလေ၏။ 

" သူ့အမေ ပြန်သွားပြီလေ သားသူရိန်ရဲ့ "
သူရိန်နားလည်လိုက်ပါပြီ။ ငိုနေသောရှင်မအနား လျှောက်လာပြီး ရှင်မ လက်ကလေးကို ဆုပ်ကိုင်ထားရင်း ချော့လိုက်သည်။  

" ရှင်မ တိတ်ပါဟာ ငါတစ်ယောက်လုံး ရှိနေတာကို နော် တိတ်တာ့နော် "

ဘာစကားမှ ပြန်မပြောနိုင်ဘဲ ရှိုက်ရှိုက်ငိုနေသည့် ရှင်မကိုကြည့်ပြီး သူရိန့်ပါးပြင်၌လည်း မျက်ရည်များ စီးကျလာကြ၏။ သူရိန်နှင့်ရှင်မ ခင်ခဲ့ပြီးနောက်ပိုင်း ရှင်မငိုနေတတ်သည်ကို ခဏခဏမြင်ဖူးသော်လည်း အခုလို သည်းသည်းထန်ထန် ငိုနေသည်ကိုတော့ ခုမှ ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။ ထိုနေ့က တနေကုန်အငိုမတိတ်ဘဲ ငိုနေရင်း ထိုနေရာလေးမှာပင် မောပြီး ရှင်မတစ်ယောက် အိပ်ပျော်သွားရှာ၏။ ရှင်မရင်ကွဲမတတ်ခံစားနေရသည်ကို ထိုစဉ်က သူရိန်နားမလည်ခဲ့ပါ။ ရှင်မကိုသနားလွန်းသဖြင့်သာ လိုက်ငိုမိခဲ့ခြင်းဖြစ်သည်။ နောက်တနေ့ကျ ရှင်မအိပ်ရာထဲ ဘုန်းဘုန်းလဲသွား၏။ ဆရာ၀န်ပင့်ပြီး ဆေးထိုးရသည်။ သူရိန့်မိဘများပြောသည်ကတော့ ရှင်မမေမေက ရှင်မ မသိအောင် ခိုးပြန်သွားကြသည်တဲ့။ ရှင်မသိတော့ ကလေးက ရင်ကွဲနာကျသလို ဖြစ်သွားတာတဲ့။ သူရိန်လည်း ရင်ကွဲနာကျသည်ကို ထိုအချိန်က နားမလည်ခဲ့ပါ။ အခုချိန်မှာတော့ ရှင်မကို သတိရတိုင်း သူရိန့်ရင်ဘတ်ထဲ ရင်ကွဲနာကျသလို ခံစားခဲ့ရသည့်ခံစားချက်ကို နားလည်နေမိပေပြီ။
ဆယ်ရက်လောက်ကြာမှ ရှင်မတစ်‌ေယာက် နေပြန်ကောင်းလာသည်။ ရှင်မအဖိုးက ရှင်မအတွက် ငါးရံ့ဆန်ပြုတ် ပြုတ်ပေးတိုင်း သူရိန်ပါ အတူတူသောက်ရ၏။ ရှင်မဘေးနား သူရိန်အမြဲနေပေးသည်။ အိပ်ရာထဲအိပ်နေသည့် ရှင်မကို ပုံပြင်လေးများ ပြောပြခဲ့ရ၏။ ရှင်မပျော်အောင် တခုခု အမြဲတမ်းလုပ်ပေးဖြစ်သည်။ ကြာတော့ သူ့မေမေအကြောင်း ရှင်မသိပ်မပြောတော့ပါ။ ရှင်မ နေပြန်ကောင်းလာတော့ ကဗျာတိုလေးများ စရေးသည်။ 
ရှင်မရေးသည့် ကဗျာလေးများအား သူရိန်နားမလည်သော်လည်း ရှင်မကျေနပ်အောင် သူရိန်က ခံစားတတ်သလိုပုံစံနှင့် ခံစားပြသည်။ ရှင်မက ပုံလေးများဆွဲသည်။ ရှင်မဆွဲထားသည့်ပုံ‌ေလးများကြည့်ပြီးသည့်အခါတိုင်း သူရိန့်စိတ်ထဲ ရှင်မနှင့်အတူ ၀မ်းနည်းနာကျင်ရသည်။ ရှင်မဆွဲသည့်ပုံလေးများက 
သူ့မေမေကမိသားစု တစ်စု ၊ သူ့ဖေဖေက မိသားစုတစ်စု ၊ အလယ်မှာ ရှင်မကတစ်ယောက်ထဲ။ ထိုပုံလေးကိုယူပြီး သူရိန့်မေမေကို ထိုအချိန်က ယူပြတော့ သူရိန့်မေမေက စိတ်မကောင်းစွာဆိုသည်။ 

" ရှင်မလေးက စိတ်ဝေဒနာ ခံစားနေရရှာတာ မိဘမေတ္တာငတ်မွတ်ပြီး မိဘမေတ္တာကို သူ့မသိစိတ်က အရမ်းတမ်းတနေရှာတာ "

သူရိန်လည်း ထိုအချိန်က မေမေပြောသည်ကို သေချာနားမလည်ခဲ့ပါ။
ရှင်မကို သူရိန်က အမြဲအလိုလိုက်ပြီး အလျော့ပေးခဲ့သည်။ ရှင်မကို အနိုင်ကျင့်ဖို့များယောင်လို့တောင် လာမစဉ်းစားနှင့်။ သူရိန်နှင့်တွေ့ပြီးသားပင်။ သူရိန်ပါလျှင် ရှင်မဖိုးဖိုးနှင့်ဖွားဖွားက ရှင်မကို စိတ်ချလက်ချလွတ်၏။ သူရိန်တို့အိမ်နှင့် ရှင်မတို့အိမ်က နှစ်အိမ့်တစ်အိမ်လိုပင် အမြဲရှိနေကြသလို နှစ်အိမ့်တစ်အိမ်ကူးရန် ကပ်ရပ်စည်းရိုးတွင် တံခါးပေါက်လေးလုပ်ပေးထားသည်။ သူရိန်အပျော်ဆုံးက ဆောင်းရာသီတွင် မနက်အစော လမ်းလျှောက်ထွက်ရခြင်းကိုပင်။ မနက်လေးနာရီထပြီး လမ်းလျှောက်ထွက်ခါနီးလျှင် ရှင်မအဖိုးက ဝါးဥ သို့မဟုတ် တောင်စဉ်ဥခေါ်သည့် ဥဖြူဖြူများကိုပြုတ်ပြီး ပါးပါးလှီး ၊ 
ဆီနှင့်ဆားနယ်ပြီး စားရသည်ကို သူရိန်နှင့်ရှင်မ အလွန်ကြိုက်သည်။
လမ်းလျှောက်လျှင် သူရိန်နှင့်ရှင်မက တတွဲ အတူလက်တွဲပြီး လျှောက်ကြသည်က မမေ့နိုင်စရာ။ ထိုနေ့ကို သူရိန်မှတ်မိနေသေးသည်။ ရှင်မနှင့်သူရိန်တို့ လမ်းလျှောက်လာရင်း မြို့လည်ပွဲခင်းက ဇာတ်ထုတ်ခင်းနေသည်ကို မြင်တွေ့လိုက်ရသဖြင့် ရှင်မက ၀င်ကြည့်ရန် ပူဆာသည်။ 
ရှင်မဖြစ်ချင်တာဆို သူရိန်က နှစ်ခါမပြောရပါ။ ပွဲခင်းထဲ နှစ်ယောက်သား၀င်ကြည့်တော့ ငမိုးရိပ် ဇာတ်ထုပ်ကလည်း အရမ်းကောင်းသည်။ သနားစရာကောင်းလျှင် ငိုတတ်သည့် ရှင်မက တရှုံ့ရှုံ့ ငိုသဖြင့် သူရိန်ကချော့ရပြန်၏။ ထိုနေ့က ပွဲကြည့်ပြီးအပြန် ရှင်မ‌နှင့်သူရိန် နှစ်ယောက်စလုံး အရိုက်ခံရလေသည်။ ရှင်မဖိုးဖိုးက ရှင်မခြေသလုံးသားလေးပေါ်တွင် အရှိုးရာထပ်နေအောင် ချသလို ၊ သူရိန့်ဖေဖေကလည်း သူရိန့်တင်ပါးများ ညိုမဲအောင် ရိုက်ကြသည်။ ထိုနေ့က ရှင်မနှင့်သူရိန် ပျောက်သွားသဖြင့် ရှင်မဖိုးဖိုးနှင့် သူရိန့်ဖေဖေတို့ ခေါင်းမီးတောက်မတတ် လိုက်ရှာကြသည်ဟု မေမေက 
သူရိန့်ကို ပြောပြသည်။
ထိုပြသနာဖြစ်ပြီးနောက်ပိုင်း ရှင်မနှင့်သူရိန်ကို အရင်ကလောက် ပေးမဆော့ကြ‌ေတာ့။ ခြောက်တန်းဖြေပြီး ခုနှစ်တန်းရောက်တော့ ရှင်မနှင့် သူရိန် အရင်ကလို ရေအတူချိုးခွင့်မရတော့။ အရင်ကဆိုလျှင် ရှင်မရေချိုးခါနီးတိုင်း ရှင်မတို့ရေတွင်းကနေ သူရိန်ရေခပ်ပေးနေကျ။ ရှင်မအတွက်ဆိုလျှင် သူရိန် မမောမပန်း ခပ်ပေးရတာကို ပျော်မိသည်။ စာကျက်ချိန်‌ေရာက်လျှင်တော့ အရင်လိုအတူကျက်ခွင့်ရသည်။ သင်္ချာညံ့သော ရှင်မကို သူရိန်က ခဏခဏတွက်ပြ ၊ ရှင်းပြရ၏။ ခုနှစ်တန်းရောက်သည့်နှစ်တွင် ရှင်မက အနည်းငယ် အရပ်ထွက်လာသလို ၊နည်းနည်းလည်း ၀လာသည်။ သူရိန်ကလည်း အရပ်ရှည်လာသည်။ တစ်ခုံထဲအတူထိုင်သည့် သူရိန့်သူငယ်ချင်း သန့်စင်က ရှင်မကို ခဏခဏခိုးကြည့်ရင်း ပြောလာ၏။

' သူရိန် ရှင်မက လှလာတယ်နော် "

သန့်စင်က ထိုသို့ဆိုလာလျှင် သူရိန် တရှူးရှူးနှင့် စိတ်တိုလာရစမြဲ။ ရှင်မကို 

" သန့်စင်ကို နင်အရောမ၀င်ရဘူးနော် " 
ဟု ဆိုပြီး မျက်နှာကိုစူပုတ်ထားမိလေသည်။ ရှင်မကို ဘယ်ယောက်ျားလေးမှ ကြည့်တာ သူရိန်မကြိုက်ပေ။
ရှင်မက နားမလည်သည့်မျက်၀န်းလေးနှင့်ငေးကြည့်တိုင်း သူရိန့်ရင်ထဲ တမျိုးကြီးခံစားနေရသည်။ ရှင်မမျက်၀န်းလေးနှင့်ဆုံလိုက်တိုင်း သူရိန့်ရင်ထဲ တဒိတ်ဒိတ်ခုန်နေခဲ့ရ၏။ ရှင်မမျက်နှာလေးကို စာကျက်တိုင်း ခိုးခိုးငေးရတာအမော။

" နင်က ဘာကြည့်နေတာလဲ ငါ့ကိုမမြင်ဘူးတာကျနေတာပဲ "

ရှင်မက ထိုသို့ဆိုတိုင်း သူရိန်တိတ်တိတ်ကြိတ်ပြုံးမိရသည်။ တနေ့တခြား
ချစ်ဖို့ကောင်းလာသော ရှင်မကို သူရိန် ရင်ခုန်လာရသည်။  

" ရှင်မ "

" ပြောလေ သူရိန် "

ရှင်မက သူရိန်ကိုမကြည့်ဘဲ ဖြေတော့ သူရိန်အသဲယားလာပြီး ရှင်မ၏
မျက်နှာနုနုလေးကို တမေ့တမော ငေးနေမိပြန်သည်။

" ဟဲ့ ပြောစရာရှိတာ မပြောဘူး ဘာကြောင်ကြည့်နေတာလဲ "

ရှင်မအော်လိုက်မှ သူရိန်လန့်ပြီး ရှက်ရယ်ရယ်လိုက်၏။

" နင်က လှလှလာလို့ "

သူရိန်စကားကြားတော့ ရှင်မက ပြက်လုံးတစ်ခုကြားရသလို ရယ်သည်။
ရှင်မရယ်တော့ သူရိန်ရှက်ပြီး မျက်နှာကြီးနီမြန်းလာ၏။ 

" နင်က ဘာရယ်စရာပါလို့ရယ်တာလဲ "

သူရိန်က မကျေမနပ်ဆိုတော့ ရှင်မက မျက်စောင်းထိုးသည်။

" နင့်ကို သဘောကျလို့‌ေလ ငါ့ကိုများ လှလာတယ်လေး ဘာလေးနဲ့ အခုတလော အချိုး‌ေတွ ပြောင်း‌ေနတယ် သူရိန်စုတ်နော် နင် သက်သက်မာကို တအား ရောနေတာ သတိထား ဘာလဲ ငါ့ထက်ပိုခင်ချင်နေတာလား "

ပွစိပွစိရွတ်ကာ ရှင်မမျက်စောင်းလေးထိုးတော့ ငေးကြည့်နေမိရင်း
သူရိန့်ရင်တွေ အဆမတန်ခုန်နေရသည်။

" ခင်စရာလားဟာ ငါ့ဘ၀မှာ နင်ကအရေးပါဆုံးပါ ရှင်မရယ် "

ထိုစကားကိုပြောပြီး သူရိန်ခေါင်းကိုငုံ့ထားမိလိုက်သည်။ သူရိန့်သက်ပြင်းချသံကို ရှင်မက ဘာမှမသိဟန်။

**********

သူရိန် အခုရက် အရမ်းစိတ်ညစ်နေ၏။ အိမ်မှာ အဖေနှင့်အမေက ခဏခဏစကားများကြသည်။ အရင်လိုမဟုတ်ကြတော့ပါ။ ဘာအ‌ေကြာင်းကြောင့် သေချာမသိပေမယ့် အ‌ေမခဏခဏငိုတော့ သူရိန်စိတ်ညစ်သည်။ အမေ့ကို‌‌ေမး‌ေတာ့လည်း ဘာမှမဖြစ်ဘူးဘဲ ဖြေသည်။ ကြာတော့ ဆက်မမေးဖြစ်တော့ဘဲ မသိသလိုသာ နေလိုက်ရသည်။ သူရိန့်စိတ်ထဲ အချိန်ပြည့် ရှင်မမျက်နှာလေးပဲ မြင်ယောင်နေမိသည်။ ညဘက်ကျလည်း အိပ်ရာထဲမအိပ်နိုင်ပေ။ ညနေက သန့်စင်ပြောသည်များ ပြန်ကြားယောင်တော့ သူရိန်စိတ်ပူနေရပြီ။

" သူရိန် ငါအတည်ပြောတာ ရှင်မကို မင်းကြိုက်နေလား "

သန့်စင်ကို သူရိန် နားမလည်သလိုကြည့်လိုက်၏။ 

" မင်းမကြိုက်ရင် ရှင်မကို ငါစာပေးမလို့ "

" ဘာကွ "

သူရိန့်မျက်နှာကြီး နီမြန်းလာပြီး သန့်စင်အင်္ကျီကော်လံစကို ဆွဲဆုတ်လိုက်သည်။ 

" ငါ‌ေပြာတာဘာအမှားပါလို့လဲ မင်းမကြိုက်ရင်လို့ပါတယ်လေကွာ မင်းက ရှင်မနဲ့ပက်သက်လာရင် အရမ်းအကဲပိုနေသလိုပဲ "

သန့်စင်ပြောသည့်စကားက မှန်နေသဖြင့် သူရိန်စိတ်လျှော့လိုက်ရသည်။ 

" သန့်စင် ရှင်မအနားကို ယောင်လို့တောင် ကပ်ဖို့မစဉ်းစားနဲ့ "

စိတ်ထဲ မကျေနပ်သမျှ သန့်စင်အပေါ် ပြောချင်ရာပြောပြီး သန့်စင်ရှေ့ကထွက်လာလိုက်သည်။ ထိုစဉ်က 
ဒါကိုအချစ်ဟု သူရိန်မသိခဲ့ပါ။ အခုအချိန်မှ ရှင်မကို သူရိန် သိပ်ချစ်နေမှန်းသိခဲ့ရခြင်းဖြစ်သည်။ သူရိန်မှတ်မိနေသေးသည်။ သူရိန်နှင့် ရှင်မကို ရှင်မ၏အဖိုးက အရင်လို သိပ်မဆော့စေတော့ပါ။ ရှင်မတို့အိမ် သူရိန်သွားတိုင်း ရှင်မကို အမြဲတမ်းတစ်ခုခုခိုင်းနေတတ်၏။ အစကတော့ သူရိန်သိပ်သတိမထားမိပါ။ နောက်ပိုင်း အမြဲလိုလိုဖြစ်နေတော့ သူရိန်ရိပ်မိလာသလိုရှိသည်။ ရှင်မဖိုးဖိုးကို နားမလည်လာသဖြင့် မေမေ့ကိုပြန်မေးမိ၏။

" မေမေ ဖိုးဖိုးကလေ ရှင်မဆီ သားသွားတာ မကြိုက်သလိုပဲ သားမို့သွားရင် ရှင်မကို အလုပ်ချည်းမအားအောင်ခိုင်းတော့တာပဲ လပြည့်နေ့ အရင်လို လမင်းကြီးကြည့်ဖို့သွားခေါ်ရင်လည်း ဖိုးဖိုးက ရှင်မကို နင်းခိုင်းတော့တာ "

သူ့စကားအဆုံး မေမေကရယ်လေသည်။ 

" သမီးမိန်းကလေးဆိုတော့ ထိန်းရတာပေါ့သားရဲ့ ရှင်မလေးက မျက်စိအောက်နေရင်း အပျိုပေါက်လေး ဖြစ်ချင်လာပြီလေ သားကိုယ်သားလည်း ပြန်ကြည့်ပါဦး အရပ်ကြီးရှည်လာတယ်မဟုတ်လား မဖြစ်သင့်တာမဖြစ်ရအောင် လူကြီးတွေက ထိန်းတာပေါ့ "

မေမေ့စကား အကုန်နားမလည်ပေမယ့် 
ရှင်မက အပျိုပေါက်လေး ဖြစ်ချင်လာပြီလေ ဆိုသောစကားက သူရိန့်နားထဲကမထွက်ပါ။ 

" သားကလည်း အရင်ကလို ခဏခဏမသွားရဘူးနော် "

မေမေ့စကားကို သူရိန်မကြားသလိုနေလိုက်၏။ ရှင်မနှင့်မတွေ့ဘဲ သူရိန်မနေနိုင်ပါ။ ခဏလေးမမြင်ရသည်ကိုပင်
သူရိန်နေမရ ဖြစ်ရသည်။ ရှင်မဖိုးဖိုးလစ်သည်နှင့် ရှင်မတို့အိမ် သူရိန်ရောက်သွားတတ်စမြဲ။ 

" ရှင်မ ညကျ လမင်းကြီး ကြည့်ကြရအောင် ငါတို့မကြည့်ရတာကြာပြီ‌ေလဟာ "

သူရိန့်အ‌ေပြာကို ရှင်မက ငြင်းသည်။

" ဘဘဆူလိမ့်မယ်ဟ ဘဘက နင်နဲ့အရင်လို အရမ်း ရင်းရင်းနှီးနှီး မနေရဘူးတဲ့ "

" နင်က နေနိုင်လား အဲဒီလို "

" နေတော့မနေနိုင်ဘူးလေ ဒါပေမယ့်
ဘဘစိတ်ဆင်းရဲမှာတော့ကြောက်တယ်ဟ"

သူရိန်သက်ပြင်းရှိုက်မိသည်။ ကျောင်းအတူသွား ၊ အတူပြန် ရှင်မနှင့်အရင်လိုသွားခွင့်ရ‌ေသာ်လည်း အိမ်ကိုတော့ အရင်ကလောက်လည်ခွင့်မရတော့ပါ။ သူရိန်နှင့်ရှင်မ ခုနှစ်တန်း ဖြေပြီးသည့်အချိန်တွင် သူရိန့်အဖေတစ်ယောက် အိမ်ပြန်မအိပ်သည့် ရက်ကများလာသည်။ 

" သူရိန် နင်မျက်နှာမကောင်းဘူး ဘာဖြစ်လို့လဲဟင် "

" ငါကမဖြစ်ပါဘူး အဖေကအခုရက် အိမ်မပြန်အိပ်တာ ကြာနေပြီ အမေက တငိုငိုတရီရီနဲ့ မေးရင်လည်း ဘာမှမဖြေဘူးဟာ အမေ့ကြည့်ပြီး ငါစိတ်ညစ်တယ်ရှင်မ"

ရှင်မကသက်ပြင်းရှိုက်သည်။ အဝေးကို ငေးရင်း တစ်ခုခုကိုတွေးနေပုံရလေ၏။  

" ရှင်မ ငါ့အဖေ တစ်ခုခုတော့တစ်ခုခုပဲ သိလား ငါ့အထင် နောက်မယားငယ်များရနေလားမသိဘူး "

သူရိန်ဆိုတော့ ရှင်မက အံ့ဩသလို မျက်လုံး ပြူးလေးနှင့်ကြည့်သည်။

" မဖြစ်နိုင်ပါဘူးဟာ ဦးလှိုင်က ဒေါ်လေးကို အရမ်းချစ်မယ့်ပုံပါဟ"

ရှင်မကို သူမချိတင်ကဲ ပြုံးပြလိုက်သည်။ သူ့အမေငိုနေသည်ကို ခဏခဏမြင်နေကထဲက ပြဿနာတစ်ခုခုရှိနေတာ သူသိနေသည်။  
ရှင်မကို ထပ်ပြီး စိတ်မညစ်စေချင်သဖြင့်သာ သူမပြောဘဲ နေခဲ့ခြင်းပါ။ဟူး။ သက်ပြင်းရှိုက်မိလိုက်သည်။
သူရိန်တစ်ယောက် သည်ညသုံးနာရီ အောင်စာရင်းကပ်မည်ဆိုသဖြင့် သွားကြည့်ရန် လုပ်ထားသည်။ အောင်စာရင်းကြည့်ပြီးမှ ရှင်မကို၀မ်းသာအားရ သွားပြောပြမည်ဟု စိတ်ကူးထားလေသည်။ သူရိန့်ကို သန့်စင်ကလာခေါ်သဖြင့် သန့်စင်စက်ဘီးနှင့် အတူထွက်လာကြ၏။ သူရိန်တို့ရောက်သွားတော့ အောင်စာရင်းပင် ကပ်ပြီးနေပြီ။ 
သူရိန်နှင့် ရှင်မ ၊ သန့်စင်ပါ အောင်ကြသဖြင့် အရမ်းပျော်နေမိသည်။ အပျော်များနှင့် အိမ်ပြန်လာသော သူရိန်တစ်ယောက် အိမ်ပေါက်၀ရောက်သည်နှင့် 
စကားတစ်ချို့ကြောင့် လှမ်းလက်စ ခြေလှမ်းများ ရပ်တန့်သွားသည်။

*******


rate now: