book

Index 20

အခန်း ၂၀

အရှိန်နှင့် မောင်းနှင်လာသည့် ဆိုင်ကယ်က ၆၂ လမ်း လမ်းမရှိ အိမ်တစ်အိမ်ရှေ့အရောက် ထိုးရပ်သွား၏။ ဆိုင်ကယ်ပေါ်က ဆင်းလိုက်ပြီး ခြေလှမ်းကျဲနှင့် ခြံ၀အနားလျှောက်သွား၍ လူခေါ်ဘဲလ်ကို နှိပ်လိုက်သည်။ အထဲက ကောင်မလေးတစ်ယောက် ပြေးထွက်လာပြီး ထူးသစ်အား တံခါးဖွင့်ပေး၏။ ခြံထဲ လှမ်း၀င်လိုက်ပြီး ခြံထဲရှိ ၊ ငယ်ကထဲက သူတို့ထိုင်နေကျ ဒန်းပေါ်ထိုင်ရင်း

" ဧကရီ့ကို ဒီကစောင့်နေမယ် အခုလာခဲ့လို့ ပြောလိုက် "

ဟု ဆိုလိုက်သည်။ ကောင်မလေးက ခေါင်းညိတ်ပြရင်း အထဲ ပြေး၀င်သွား၏။ သည်အိမ်က ထူးသစ်ငယ်စဉ်ကလေးဘ၀ထဲက ၀င်ထွက်သွားလာခဲ့သောအိမ်။ ငယ်ငယ်က ဧကရီနှင့် အတူဆော့နေကျဖြစ်၍ ဧကရီက ထူးသစ်ငယ်သူငယ်ချင်းဆိုလည်း မမှားပါ။

" ထူး ဘာဖြစ်လာတာလဲ "

အဖြူရောင် ဇာဂါ၀န်လေး၀တ်ထားသည့် ဧကရီက ဘိုမရုပ်လေးနှင့် တူနေ၏။ ထူးသစ်လာသဖြင့် ပျော်နေသည့်ဟန်က သူ့မျက်နှာတွင် အထင်းသား။ 

" ကြည့် မျက်နှာကြီးက စူပုတ်နေတာပဲ
ဘာဖြစ်လာတာလဲ"

ဧကရီက အပြုံးလေးဖြင့် ဘာမှမသိသည့်ဟန်နှင့် မေးသည်။

" နင်တော်တော်ဟန်ဆောင်ကောင်းတာပဲ ဧကရီ "

ထူးသစ်မေးတော့ ဧကရီ မျက်နှာတစ်ချက် ပျက်သွား၏။ ပြီးမှ ဟန်မပြတ်ပြုံးပြရင်း 

" ငါဘာလုပ်လို့လဲ ထူး "

ဟုဖြေသည်။ 

" နင်လုပ်တာ နင်မသိဘူးလား နင်ဘာဖြစ်လို့ နွေးနွေးကို ခေါ်ပြီး အရှက်ခွဲရတာလဲ "

ထူးသစ်စကားကြားတော့ ဧကရီက ဟက်ခနဲ တစ်ချက်ရယ်၏။

" ငါက သူရောင်းရအောင် အားပေးကူညီတာပါနော် ငါ့တောင် သူကကျေးဇူးတင်ရဦးမယ် သတင်းကလည်း ရောက်တာမြန်ချက် "

ဖြေရင်း ပုခုံးတွန့် ရယ်ပြသည့်ဧကရီကို ဒေါသမျက်၀န်းနှင့် စိုက်ကြည့်လိုက်မိသည်။

" ဧကရီ နင်မိန်းကလေးချင်း ကိုယ်ချင်းစာစိတ်မရှိဘူးလား နင်က သူ့ကို အဲဒီလိုလုပ်ရအောင် နင်ကဘာလဲ နင်ကဘာမို့လို့လဲ နင့်ကိုငါက ချစ်တယ်ဘယ်နှစ်ခွန်းပြောဘူးလဲ နင်နဲ့ငါဘာပက်သက်လို့လဲ "

ထူးသစ်စကားအဆုံး ဧကရီက မခံမရပ်နိုင်အော်သည်။

" ထူး တော်တော့ နင်နဲ့ငါက မိဘသဘောတူထားသူ မကြာခင်လက်ထပ်ရမယ့်သူ ငါ့မှာပြောပိုင်ခွင့်ရှိတယ် "

" သေလေ အဲဒီမှာ နင်လဲသေလိုက် ငါက နင်နဲ့လက်ထပ်ပါမယ်လို့ သဘောတူခေါင်းညိတ်ထားလား ငါအခုထိ လက်မခံသေးတာ နင်သိတယ်
အေး အရင်က နင့်ကိုစာနာစိတ်ထတ် လူကြီးတွေကို အားနာစိတ်နဲ့ ငါ အတင်းကြပ်မငြင်းခဲ့ဘူး အခုနင် မှတ်ထား 
နင်နဲ့ငါ ဘယ်လိုအကြောင်းမှ မပက်သက်စေရဘူး ငါ့သဘောမတူဘဲ လူကြီးတွေ အတင်းအကျပ်စီစဉ်ရင်လည်း အဲဒီအင်္ဂလာပွဲကို သတိုးသားက ဘယ်တော့မှ ရောက်လာမှာမဟုတ်ဘူး သတိုးသားမပါဘဲ မင်္ဂလာဆောင်ချင်
တယ်ဆိုရင် ငါ့မိဘတွေကို နင်တွန်းအားပေးလိုက်ပေါ့ "

ထူးသစ်စကားအဆုံး ဧကရီ တအိအိနှင့် ငိုသည်။ 

" နင်အရမ်းရက်စက်တယ်ထူး နင်က ဘာမဟုတ်တဲ့ကောင်မနဲ့ပက်သက်ပြီး ငါ့ကို အဲဒီလိုပြောရက်တယ်ပေါ့ "

" နင့်အတွက်က ဘာမဟုတ်တဲ့ကောင်မဖြစ်ချင် ဖြစ်နေ‌ေပမယ့် ငါ့အတွက်က ငါအမြတ်နိုးဆုံးမိန်းမပဲ ငါ့နှလုံးသားမှာ သူကလွဲလို့ ဘယ်သူ့ကိုမှ နေရာပေးဖို့မရှိဘူး နင်မှတ်ထားလိုက် ဧကရီ ငါလက်ထပ်တဲ့မိန်းမဟာ နဒီနွေးနွေးပဲ ဖြစ်ရမယ် "

" အရူး အရူးကောင် မွှန်‌ေနတာ သူငယ်ချင်းမျက်နှာတောင်ပြန်မကြည့်ဘူး "

" နင်ကရော ကြည့်စရာဘာကောင်းလဲ 
မိန်းကလေးချင်း ကိုယ်ချင်းမစာ နင် ဘာလို့ သူ့ကို အကြောင်းမဲ့ စော်ကားရတာလဲ "

" အေး အဲဒါ နင့်ကိုချစ်လို့လေ ငါချစ်တဲ့သူကို ကာကွယ်တာ ငါ့မှာအပြစ်ရှိလား "

" နင်ကာကွယ်ရအောင် ငါက ကလေးလား ငါ့မှာစဉ်းစားတတ်တဲ့ အသိညဏ်ရှိတယ် 
နင်ချစ်တိုင်း ငါကပြန်ချစ်ရမှာလား နင်ချစ်တာနဲ့ ငါကနင့်ကိုလက်ထပ်ရမှာလား
အရူးမ နင့်ကိုတခါထဲပြောခဲ့မယ်
နောက်ကို နွေးနွေးကို ဘယ်တော့မှ စော်ကားဖို့မကြိုးစားနဲ့ နောက်တစ်ခါဆို 
နင့်ကို ငါကိုယ်တိုင်သတ်ပစ်မယ် "

ပြောပြောဆိုဆို ဧကရီတို့ခြံက ထွက်လာခဲ့လိုက်သည်။ ထူးသစ်ရင်ထဲ ပူလောင်မွန်းကြပ်နေရ၏။ ထူးသစ်ခြေလှမ်းများက ရက်စတောရင့်ဆိုင်တစ်ဆိုင်ဆီ ဦးတည်လိုက်သည်။ ဆိုင်ရောက်သည်နှင့် အတွင်းခန်းဆီနေရာယူရင်း ဘီယာများနှင့် ဘလက်လေဘယ်တစ်လုံး မှာလိုက်သည်။ အမြည်းများပါ မှာ၍ စိတ်ညစ်ညစ်နှင့် သောက်နေမိ၏။ နွေးရယ်။ မင်းသိပ်ရက်စက်တယ်။ မင်းကို ငါသိပ်ချစ်တာကွ။ 
မင်းဘာလို့ ရက်စက်နိုင်ရတာလဲ။ ငါ့အချစ်တွေ မင်းတကယ်မမြင်တော့ဘူးလား။ ဒီရင်ဘတ်ထဲမှာ မင်းကလွဲပြီး ဘယ်သူမှ နေရာမရှိတာ မင်းမသိဘူးလား။
ထူးသစ်ရင်ထဲက မကျေနပ်သမျှအား ရင်ထဲမှာ တတွတ်တွတ်ရေရွတ်လိုက် ၊ အရှေ့မှာရှိသည့် ဘလက်လေဘယ်အား တစ်ခွက်ပြီးတစ်ခွက် ဆင့် သောက်လိုက်နှင့် သူ့စိတ်များအား ဖေါက်က်ကွဲပစ်လိုက်သည်။ 
ထူးသစ် ဖုန်းနံပါတ် တစ်ခုအား နှိပ်လိုက်၏။
ဖုန်းခေါ်ထားသော်လည်း ဖုန်းက တအောင့်ကြာမှ လာကိုင်သည်။

" ဟဲလို ကိုထူး ပြောသူငယ်ချင်း "

" နောင် မင်းအားရင် လိုင်းပေါ်တက်ခဲ့ ငါတို့ Vcall ပြောမယ် "

ထူးသစ်ပြော၍ ဖုန်းချလိုက်ပြီး နောင့်ကို လိုင်းပေါ်က စောင့်‌ေနလိုက်သည်။
တအောင့်အကြာ နောင့်အကောင့်လေး မီးစိမ်းလာ၏။ နောင့်ကို ထူးသစ် vcall ခေါ်လိုက်သည်။ နောင့်ကို မြင်လိုက်ရမှ သူသောက်နေသည့် အရက်ခွက်ကို ပြလိုက်၏။ နောင်က အံ့ဩတကြီး ထူးသစ်ကို စိုက်ကြည့်နေသည်။

" နောင် ငါဒီနေ့ အရမ်းကြေကွဲနေတယ် သိလား နောင် ငါ့အသည်းတွေ ကွဲနေတယ်ကွာ "

ထူးသစ်ကိုကြည့်ပြီး နောင်သက်ပြင်းရှိုက်မိသည်။ မာနခဲ အလင်းဖြူနှင့် တစ်ခုခု ဖြစ်လာဟန်တူသည်။ 

" ဘာဖြစ်လို့လဲ ကိုထူး မင်းမူးအောင်မသောက်နဲ့လေ မင်းဘာနဲ့လာတာလဲ ဆိုင်ကယ်လား ကားလား မင်းအခု အိမ်ပြန်လိုက် နော်ကိုထူး ငါ့စကားကို 
နားထောင်ပါကွာ "

" ငါအရမ်းမူးနေပြီ ငါအရမ်းခံစားနေရတယ် ငါ သူ့ကိုသိပ်ချစ်တယ်ကွာ သူ့ကို ငါဆုံးရှုံးရရင် ငါသေလိမ့်မယ်နောင်ရ 
သူ့ကို ငါ့ဘ၀ထက် ငါ့အသက်ထက် ငါ့ရဲ့ဘ၀ အကုန် အကုန် အကုန် အားလုံးထက် ပိုချစ်တယ် "

ကိုထူးကို ကြည့်ပြီး နောင့်ရင်ထဲ နင့်ခနဲခံစားလိုက်ရသည်။ ကျော်ခပါ ကိုထူးကိုလာကြည့်ရင်း အကြံပေး၏။

" နောင် ကိုလတ်ဖုန်း မင်းဆီရှိတယ်မဟုတ်လား ဖုန်းဆက်လိုက်ပြီး ကိုထူးကို လာခေါ်ခိုင်းမှရမယ် သူအရမ်းမူးနေပြီကွ "

" အင်းပါ ငါပြီးရင်ဆက်မယ် ကိုထူး
အခုမင်းဘယ်ကိုရောက်နေတာလဲ ကိုထူး ကိုထူး ခေါ်မရတော့ဘူး မှောက်သွားပြီထင်တယ် "

ကိုထူးနှင့် vcall ပြောရာက နောင် ဖုန်းချလိုက်ပြီး ကိုလတ်ဖုန်းကို ဆက်လိုက်သည်။

" အစ်ကိုရေ ကိုထူးဆိုင်တစ်ဆိုင်မှာ အရမ်းမူးနေပြီ ဟုတ် ဘယ်ဆိုင်လဲတော့ ကျွန်တော်လည်းမသိဘူး ဟုတ်အစ်ကို ဟုတ် "

နောင်သက်ပြင်း ရှိုက်မိရသည်။ အလင်းဖြူနှင့် ကိုထူး တစ်ခုခုဖြစ်ထားကြဟန်တူသည်။ နောင်ဘာလုပ်ရမလဲ။ အလင်းဖြူ၏အကောင့်ကို လှမ်းကြည့်တော့ မီးစိမ်းလေး မြင်ရသည်။ နောင် စပြီး ဟိုင်းသင့် ၊မဟိုင်းသင့် တော်တော်စဉ်းစားနေမိ၏။ စာပို့ရန် အကြိမ်ကြိမ်ကြိုးစားတိုင်း သူ့လက်တို့က အလိုလို တွန့်ဆုတ်နေမိရသည်။ 
သူ့ရင်သည် မီးစိမ်းအားကြည့်ရင်း အလိုလိုခုန်နေသည်ကို သတိပြုမိပြန်၏။ အလင်းဖြူနှင့်ပက်သက်လာလျှင် နှလုံးသားသည် မီးစိမ်းလေးငေးရသည်ကိုပင် ရင်ကခုန်နေမိခြင်းပင်။ သူအရဲစွန့်ပြီး စာတစ်ကြောင်းပို့လိုက်မိလေသည်။

" မင်္ဂလာပါခင်ဗျား "

နောင်ပို့သည့်စာက ရောက်ကြောင်း seen ပြသော်လည်း အလင်းဖြူဘက်က ပြန်ပို့လာခြင်းမရှိသေး။ သူ့ဆီက စာလေးတစ်လုံးရောက်ရန်‌ေစာင့်‌ေနရသည်ကပင် နောင့်အတွက် အဓိပ္ပာယ်ရှိနေသလိုလို ၊ ဘာလိုလို ခံစားချက်ကြီးက ရင်ဘတ်ထဲ တွန်းထိုး၀င်လာ၏။ 
သူ့ဆီက စာကို စောင့်ရင်း သူ့အကောင့်လေးထဲ ၀င်မိတော့ သူရောင်းသည့်ပစ္စည်းလေးများ တင်ထားသည်ကို တွေ့ရသည်။ ကိုထူးကသာ ဖြစ်နေခြင်းပင်။ အလင်းဖြူက ပုံမှန်အတိုင်း ဘာမှထူးခြားတာ မတွေ့ရပါ။ ထိုအချိန်မှာ နောင့် cb ထဲစာ၀င်လာသည်ကို တွေ့လိုက်ရ၏။

" မင်္ဂလာပါရှင် "

အလင်းဖြူ၏ ပြန်နှုတ်ဆက်စာ။ 
ရင်သည် လှပ်ခနဲ ခုန်သွားပြီး စိတ်ကပျော်သလိုလို။

" ကျွန်တော့်နာမည် နောင်ပါခင်ဗျား "

" ဟုတ်ကဲ့ပါရှင့် ဘာပစ္စည်းများ ရချင်ပါသလဲရှင် လူကြီးမင်း ရချင်တဲ့ပစ္စည်းရှိရင် cb မှာ ပို့ထားပေးပါနော် ကျေးဇူးတင်ပါတယ်ရှင့် "

မိတ်ဆက်ပြီး ခင်မင်ခွင့်ရရန် ကြိုးစားမည့်နောင့်အတွက် သူပို့သည့်စာလေးဖတ်ပြီး ရပ်တန့်သွားရသည်။

" ဟုတ်ကဲ့ပါ "

စကားတစ်ခွန်းပို့ပြီး ဘာမှဆက်မပို့ဖြစ်တော့ပါ။ ဘယ်လိုကောင်မလေးမှန်းမသိ။ ထိုညက နောင်အိပ်မရဘဲ 
ကဗျာတစ်ပုဒ် ရေးဖြစ်ခဲ့၏။ ကိုထူးအတွက် စိတ်ပူပြီး ကိုလတ်ကို ဖုန်းဆက်တော့ 
ကိုထူးကို သူ့အိမ်ပြန်ပို့ပြီး
သိပ်ထားခဲ့ကြောင်း သိလိုက်ရသဖြင့် ကိုထူးအတွက် စိတ်ပူသည်များ ပျောက်သွားရသည်။  
နောင်လည်း အိပ်မရသဖြင့် ကဗျာစာအုပ်အတွက် ကဗျာများ ရေးနေခဲ့မိ၏။ ညည့်နက်မှ နောင်အိပ်ပျော်သွားလေသည်။ 

**********

နောင့်မျက်နှာပေါ် ပူသလိုအထိတွေ့ကြောင့် နောင်လန့်ပြီး ရုတ်တရက် ထထိုင်လိုက်သည်။ ဟင်။ နေမြင့်နေပြီ။ မနက်ခင်းနေရောင်ခြည်က သူ့မျက်နှာပေါ် ပြတင်းကတစ်ဆင့် လာရောက်ထိတွေ့နေကြသည်။ 
သည်မနက် နောင် အိပ်ရာထနောက်ကျသဖြင့် ကပျာကယာ အလူးလဲထလိုက်၏။ နောင်နိုးတော့ ကျော်ခကို မမြင်‌ေတာ့ ။ ထူးထူးခြားခြားသည်နေ့ ကျော်ခက စောစောနိုးနေသည်။ 
နောင်အိပ်ရာသိမ်းနေစဉ် အိမ်သာထဲက ကျော်ခထွက်လာ၏။

" ကျော်ခ မင်းကအစောနိုးတာ ငါ့ကိုဘာလို့ မနှိုးတာလဲ "

" မင်းတစ်ခါမှ အခုလိုမအိပ်လို့လေ နေမကောင်းလို့များလား
ထင်လို့ မနှိုးတာပါကွာ မင်းအိပ်နေတုန်း ကိုထူးဖုန်းခေါ်နေတယ် ပြန်ခေါ်လိုက်ဦးနောင် "

ကျော်ခကို ခေါင်းညိတ်ပြပြီး ဖုန်းယူ၍ ကိုထူးကိုခေါ်လိုက်သည်။ ဖုန်းက၀င်၀င်ချင်း ကိုထူးကတမ်းကိုင်လာ၏။

" ဟယ်လို ကိုထူး ငါ့ကိုဖုန်းဆက်ထားတာ အရေးကြီးလို့လား မင်းကွာ ညက ဘာဖြစ်တာလဲ အဲဒီလိုမသောက်ပါနဲ့ကွ" 

" အေး ဟုတ်တယ် အရေးကြီးတယ် မင်းတို့မန္တလေးတက်လာခဲ့ နောင် "

" ဟာ လာမရသေးဘူးလေကွာ အလုပ်က ရှိသေးတယ်ကိုထူးရဲ့ "

" မရဘူးနောင် မင်းအလုပ်ကိုခွင့်ယူလာခဲ့ မင်းအလုပ်ပြုတ်ရင် မင်းအတွက်အလုပ် မန်းမှာ ငါရှာပေးမယ် ကျော်ခနဲ့မင်းအတွက် လမ်းစားရိတ် မင့်အကောင့်ထဲ ငွေတစ်သိန်း ငါထည့်ထားတယ် ဒီနေ့ကားနဲ့ ဆင်းလာခဲ့ မလာရင် ငါနဲ့မင်း
သေခန်းပြတ်ပဲ "

" ဟာ ကိုထူး ငါပြောဦးမယ် ဟာ ဟေ့ကောင် ဟာ ဒီကောင်ကွာ "

နောင့်စကားမဆုံးခင် ကိုထူးဖုန်းချသွားလေသည်။ ကျော်ခက ဘယ့်နဲ့လဲအမူအယာဖြင့် မေးဆတ်ပြ၏။ နောင်ဘာလုပ်ရမလဲဆိုတာ ရုတ်တရက်မစဉ်းစားတတ်တော့ပါ။
နောက်ဆုံး ကိုထူးနှင့်သေခန်းမပြတ်နိုင်သဖြင့် မန္တလေးကို သွားရန် ဆုံးဖြတ်
လိုက်သည်။ အလုပ်က မန်နေဂျာဆီ အဖေအသည်းသန်ဖြစ်ဆိုသည့် ခွင့်ကို လိမ်ညာယူလိုက်၏။ ကျော်ခအတွက်ပါခွင့်တိုင်ရင်း ရန်ကုန်မှ မန္တလေးသို့ နေ့လည် ဆယ့်တစ်နာရီထွက်မည့်ကားအား လက်မှတ်လှမ်းဖြတ်လိုက်သည်။ ပြင်ဆင်စရာရှိသည်များ ပြင်ဆင်၍ ရန်ကုန်မှမန္တလေးသို့ ထွက်ခွာမည့် boss ဆယ့်တစ်နာရီကားအား စီးလာကြ၏။ 
မန္တလေးသို့ နောင်မရောက်ဖူးသလို ၊ ကျော်ခလည်း မရောက်ဖူးပါ။ 
ကိုထူးဆီဖုန်းလှမ်းဆက်တော့ ကိုထူးက ကျွဲဆည်ကန်ကား၀င်းမှာ လာကြိုမည်ဟု ဆိုသည်။ 
ရန်ကုန်မှမန္တလေးသို့ထွက်ခွာမည့်ကားကြီးက တရိပ်ရိပ်စတင် ပြေးနေသလို ၊ နောင့်စိတ်က ထူးထူးခြားခြား ရင်ခုန်နေမိလေ၏။ နောင့်စိတ်ထဲက တီးတိုးလေးရေရွတ်နေမိသည်။
အလင်းဖြူ။ မင်းကိုငါ မြင်ဖူးချင်တယ်။ နောင်တစ်ယောက် ကိုယ့်အတွေးကိုယ်သဘောကျပြီး ပြုံးနေမိလေ၏။

*************

" နတ်သမီး " ကေတီဗွီ။
မန္တလေးမြို့ ၆၂ လမ်း လမ်းမကြီးပေါ်တွင် တည်ရှိ၏။ ရောင်စုံအလှမီးသီးများ မှတ်တုတ်မှိတ်တုတ်
လင်းလက်နေကြသည်က ကောင်းကင်က ကြယ်စင်များ လင်းလက်နေကြသဏ္ဍာန် ပုံဖေါ်ပေးနေသလို ထင်ရသည်။ ထို ကေတီဗွီရှေ့သို့ အဖြူရောင် ကား‌ေလးတစ်စီး ထိုးရပ်သွား၏။ ကားရပ်သည်နှင့် ကားပေါ်မှ လူငယ်သုံးဦး ဆင်းလာကြသည်။ သူတို့သုံးဦး၏မျက်နှာ၌ အပြုံးများ ကိုယ်စီနှင့် ။ ထိုသုံးဦးထဲမှ အရပ်မြင့်မြင့် ၊ အသားဖြူဖြူနှင့် ချောမောသောမျက်နှာပိုင်ရှင်က ကျန်နှစ်ဦးကို လက်မလေးထောင်ပြသည်။ သူ့နာမည်က ထူးသစ်လရောင်။

" ဒါ ငါ့ဆိုင်ပဲ လာကြ မင်းတို့ကိုဧည့်၀တ်ကျေစေရမယ် "

ထူးသစ်လရောင်စကားအဆုံး ကျန်နှစ်ယောက်က သဘောတကျ ပြုံးပြီး ဆိုင်ပိုင်ရှင်ဆိုသည့် ထူးသစ်လရောင်နောက် လိုက်လာကြ၏။ ဆိုင်ထဲ၀င်လိုက်သည်နှင့် 

" ဟယ် ကိုထူးလာတယ် "

" ကိုထူး "

ကေတီဗွီကပ်ရှာ စာရေးမလေးများက 
ထူးသစ်လရောင်ကို အရေးတယူ နုတ်ဆက်လိုက်ကြသည်။ 

" သူတို့နှစ်ယောက်အတွက် VIP တစ်ခန်း ပေးမယ် ပြီးတော့ ခင်လင်းနဲ့တစ်ယောက်ယောက်ထည့်ပေးလိုက်နော် သူတို့စားသောက်တာမှန်သမျှ ကျသင့်သလောက်ကို ငါ့နာမည်နဲ့ထားမယ်"

" ဟုတ် ကိုထူး "

ကပ်ရှာစာရေးမလေး ခိုင်ဇာက သွက်သွက်လက်လက်ဖြေသည်။ ထို့နောက် VIP ROl နံပါတ် 3 ကို နေရာချပေးလိုက်၏။ 

" ကဲ နောင်နဲ့ကျော်ခ မင်းတို့ဒီမှာ စိတ်ကြိုက်ကဲပြီး အနားယူလိုက် ပြန်ချင်ရင် ငါ့ဖုန်းကိုဆက်လိုက်နော် မင်းတို့နားဖို့ ငါပြင်ဆင်လိုက်ဦးမယ် ......"

" ကဲ ဝိတ်တာတွေ ဒါ ငါ့သူငယ်ချင်းနှစ်ယောက်ပဲ သူတို့လိုအပ်တာ အစစကူညီလိုက်ပါနော် "

ထူးသစ်လရောင်က အစစ အားလုံးကို တတွတ်တွတ်မှာပြီးနောက် ကေတီဗွီရှေ့သို့ ပြန်ထွက်လာပြီး ကားဖြူ‌ေလးကို ပြန်လည်မောင်းထွက်သွားတော့သည်။ နောင်တို့နှစ်ဦး ဝိတ်တာများ နေရာချပေးသည့် အခန်းထဲ၀င်လိုက်သည်နှင့် အေးစိမ့်သော အထိအတွေ့ကို အရင်ခံစားရလေ၏။ ခန်းနားကျယ်၀န်းသောအခန်းအပြင်ဆင်က ၀င်လာသူ ကာစတန်မာကို စိတ်ကျေနပ်မှုဖြစ်စေသည်ကအမှန်ပင်။ အခန်းတာ၀န်ယူသူဝိတ်တာများက သုံးဆောင်လိုသည့်အစားအစာများကို ဘော့ပင်တစ်ချောင်းနှင့် လိုက်မှတ်သည်။ 

" အစ်ကိုတို့ ဘာသုံးဆောင်ကြမလဲ ခင်ဗျာ "

ရနိုင်သည့် အစားအစာမီနူးကဒ်ကိုကြည့်ပြီး ကျော်ခက ဘလက်လေဘယ်တစ်လုံး ၊ ဘီယာအချို့နှင့်အတူ အမြည်းအဖြစ် ငါးသံပုရာပေါင်းတစ်ပွဲ ၊ ပုဇွန်စိမ်းသုပ်တစ်ပွဲ ၊ ၊ ပြည်ကြီးငါးသုတ်တစ်ပွဲ ၊ ၀က်နံရိုးမီးတောက် တစ်ပွဲနှင့် ထမင်းဆီဆမ်းနှစ်ပွဲပါ မှာလိုက်သည်။ နောင်ကတော့ သီချင်းဆိုရန် သီချင်းရွေးနေ၏။ ဆိုချင်သည့်သီချင်းများကို 
နံပါတ်အစဉ် ထားပြီးသည်နှင့် နောင်ကပင် စတင်ဆိုလိုက်သည်။ နောင်သီချင်းဆို၍ တစ်ပိုဒ်ပင်မဆုံးသေး၊ အခန်းထဲသို့ ကောင်မလေးနှစ်ယောက်၀င်လာသည်။ အခန်းမီးရောင်စုံအောက်တွင် ကောင်မလေးနှစ်ယောက်က ထူးထူးခြားခြား လှနေသည်ကို သတိထားမိလိုက်၏။ 
ကောင်မလေးနှစ်ယောက်က နောင့်ဘေးနား တစ်ယောက် ၊ ကျော်ခန့်ဘေးနား တစ်ယောက် ၀င်ထိုင်သည်။
နောင်က စူးစမ်းကြည့်ရင်း ဘေးနားကပ်ပြီး လာထိုင်သော ကောင်မလေးကို ပြုံးပြလိုက်၏။ ကောင်မလေးကလည်း ပြန်ပြုံးပြသည်။ နောင်ကသီချင်းဆိုရပ်ပြီး ထိုကောင်မလေးကို မေးခွန်းထုတ်လိုက်၏။

" မင်းနာမည်ဘယ်သူလဲ "

" မာကျူရီ "

နောင့်အမေးကို မာကျူရီဆိုသည့်ကောင်မလေးက မပွင့်တပွင့်ဖြေသည်။

" သူကကော "


" သူ့နာမည်က ဗီးနပ်စ် "

မာကျူရီ့ အ‌ေဖြကြားတော့ နောင်ပခုံးတစ်ချက်တွန့်လိုက်၏။ တကယ့်နာမည်များပင်။
ထူးသစ်လရောင်ပြောသည့် ခင်လင်းဆိုသည်ကို မတွေ့ရသဖြင့် နောင် ထိုကောင်မလေးကို မေးခွန်းထုတ်
လိုက်သည်။ 

" ခင်လင်းဆိုတာကကော "

" ခင်လင်းက ကျွန်မနာမည်အရင်းပါ 
အလုပ်လုပ်ရင်တော့အသစ်ပြောင်းထားတဲ့ နာမည်ပဲ သုံးပါတယ်ရှင် "

မေးမိသည့်မေးခွန်းကို နောင်ပြန် အားနာသွားရသည်။ 

" ဪ ဟုတ်ကဲ့ပါ "

နောင်တို့စကားစ ပြတ်သွားရ၏။ အခန်းတံခါးဖွင့်ကာ ၀ိတ်တာများက ဘီယာပုလင်းများ နှင့် ဘလက်လေဘယ် အရင်လာချသည်။ ရေသန့်ဘူးများနှင့်သစ်သီးစုံ တစ်ပွဲပါ နောက်ထပ်လာချပေး၏။ 

" အစားအသောက်တော့ မိနစ်ပိုင်းအနည်းငယ်လောက် စောင့်ပေးပါခင်ဗျာ "

" ရပါတယ်ညီလေး ကျေးဇူးတင်ပါတယ် "

ကျော်ခက ဝိတ်တာလေးကိုပြန်ဖြေပြီး 
အသင့်ချထားသည့် ဖန်ခွက်ငယ်နှစ်ခွက်ထဲသို့ ဘလက်လေဘယ်ကို ထည့်လေသည်။ ပြီးမှ ရေခဲအချို့ကို ထည့်လိုက်၏။ ကျော်ခကတော့ ဗီးနပ်စ်ဆိုသည့် ‌ေကာင်မလေးနှင့် အဖွဲ့ကျနေသည်။ နောင့်မှာသာ ဘေးနားက မာကျူရီဆိုသောာင်မလေးကို အားနာသလိုလိုခံစားနေရလေ၏။

" မာကျူရီ ဘာစားမလဲ ဘာမှာပေးရမလဲ "

" ရပါတယ် စပိုင်ပဲ မှာလိုက်တော့မယ်အစ်ကို "

မာကျူရီက spy လေးလုံး မှာလိုက်သည်။ ထိုညက နောင်တစ်ယောက် မာကျူရီနှင့် ရင်းနှီးသွားရ၏။ မာကျူရီ့ပုံစံက ခေတ်ရှေ့ပြေးနေသော်လည်း 
အနေအထိုင်က ဗီးနပ်စ်ဆိုသည့် ကောင်မလေးနှင့်ပင်မတူပါ။ အနေတည်ငြိမ်သည်ကို သတိထားမိသည်။ 
နောင်နှင့်အလိုက်သင့် သီချင်းလိုက်ဆိုသော်လည်း နောင့်အပေါ် ဆက်ဆံပုံက
မာယာကင်းနေသည်ကို နောင်သတိထားမိပြန်သည်။ ကျော်ခကို လှမ်းကြည့်တော့ ဗီးနပ်စ်က ကျော်ခ ရင်ခွင်ထဲ ရောက်နေလေ၏။ ကျော်ခမူးနေသလို ဗီးနပ်စ်လည်း မူးနေလေပြီ။ 
နောင်သက်ပြင်းတစ်ချက်ရှိုက်လိုက်မိသည်။ မာကျူရီကိုကြည့်ပြီး မာကျူရီကော သည်အလုပ်ကို နှစ်သက်ကြည်ဖြူစွာ လုပ်ကိုင်ခြင်းဟုတ်ရဲ့လားဟု သံသယ၀င်လာမိသလိုရှိသည်။ အလင်းဖျော့ဖျော့ ရောင်စုံမီးသီးများအောက်တွင် မာကျူရီ့မျက်နှာကို နောင်စေ့စေ့ကြည့်မိ၏။ မျက်နှာသွယ်သွယ်အောက်တွင် လှပသည့်အစိတ်အပိုင်းများက သူ့နေရာနှင့်သူ ကြည့်လို့ကောင်းအောင် လှနေသည်။ 
သာမာန်ထက်ပိုပြင်ဆင်ထားသဖြင့် မာကျူရီ၏အလှက ကြည့်သူတိုင်းရင်ကို ပိုလှုပ်ခတ်ခုန်စေသည်ကအမှန်။ ကိုယ်ကပ်ဆွဲသား အင်္ကျီလေးက လှပကျစ်လစ်သော ကိုယ်ဟန်တွင် သပ်သပ်ရပ်ရပ်ချပ်ချပ်ကပ်ကပ်မို့ ကြည့်မိသူ၏ရင်ကို အကြည့်ရုတ်တရက် မခွါချင်အောင် ဆွဲဆောင်နိုင်သည်။ ပေါင်လယ်မှစ မြင်နေရသော ပေါင်တံသွယ်သွယ်များက ပုရိသယောက်ျားများကို စိတ်လှုပ်ရှားစေပြန်၏။ မာကျူ့ရီကိုငေးမောရင်း နောင့်မျက်၀န်းများက ရီဝေနူန်းပိုမြင့်လာသည်။ 
မာကျူရီ့ပုခုံးလေးကို နောင်ဖက်ရင်း ရင်ခွင်ထဲ ဆွဲသွင်းမိလိုက်သည်။ နောင်သိသည်။ နောင့်ခန္ဓာကိုယ်ထဲ စီးဆင်းနေသော သွေးများက ဆူပွက်လာသလိုလို ခံစားနေရ၏။ 
မာကျူရီက နောင့်လက်များမှ မသိမသာ ရုန်းသည်။ ရုန်းမှန်းသိသဖြင့် 
နောင်က တင်းတင်းကျပ်ကျပ် ထပ်ဖက်လိုက်၏။ ကျော်ခကတော့ သီချင်းဆက်မဆိုနိုင်ဘဲ ဗီးနပ်စ်အလှကြား နစ်မျောနေသည်။ နောင်ပြုံးသည်။ 
ဘလက်လေဘယ်၏အရှိန်က တသိမ့်သိမ့် ရစ်လာသလို မာကျူရီ၏အလှအား နောင်တပ်မက်သလို ရှိလာ၏။ 

" မာကျူရီ "

နောင့်ခေါ်သံက လှိုက်တုန်နေသလိုလို ၊ 
နောင့်ကိုမော့ကြည့်နေသည့် မာကျူရီ၏ မျက်၀န်းများက စိုစွတ်ရီဝေနေကြသည်။ 

" အပြင်မှာတွေ့လို့ရမလား "

နောင့်စကားအဆုံး မာကျူရီ၏ခေါင်းများ ဘယ်ညာခါယမ်းသွားသည်။ နာကျင်ကြေကွဲနေသည့်ပုံစံလေးနှင့်
နောင့်ကိုစူးစိုက်ပြန်ကြည့်၏။

" မာကျူရီက အဲဒီလိုမိန်းကလေးမဟုတ်ပါဘူးအစ်ကို ဒီအလုပ်ကို လုပ်နေရပေမယ့် မာကျူရီ အဲဒီလိုအဖြစ်မခံနိုင်ပါဘူး
မာကျူရီ ဒီအလုပ်ကို လုပ်ချင်လို့ လုပ်နေရတာ မဟုတ်ဘူး "

ပြောပြောဆိုဆို ခေါင်းကိုငုံ့ချလိုက်သည့် မာကျူရီ့ပုခုံးကလေးက သိမ့်ခနဲတုန်သွားသည်ကို နောင်မြင်ဖြစ်အောင် မြင်လိုက်ရပါသည်။ နောင်စိတ်မကောင်းဖြစ်သွားရ၏။ မာကျူရီ့ပုခုံးလေးအား လက်တစ်ဘက်နှင့် ကိုင်ပြီး နှစ်သိမ့်ပေးလိုက်သည်။  

" ဆောရီးပါ မာကျူရီ ကိုယ်စကားမှားသွားရင် ခွင့်လွှတ်ပါ ကိုယ်တောင်းပန်တယ်နော် "

နောင့်စကားအဆုံး မာကျူရီက အံ့ဩသည့် မျက်၀န်းလေးနှင့် မော့ကြည့်၏။ 

" မာကျူရီနားလည်ပါတယ်အစ်ကိုရယ်
တောင်းပန်စရာမလိုပါဘူး မာကျူရီ ဒီအလုပ်၀င်လုပ်ပေမယ့် မာကျူ့ရီ့ဘ၀ကို ရောင်းစားရတဲ့အဆင့်ထိတော့
မာကျူရီမလုပ်နိုင်ပါဘူး "

" မာကျူရီ့ကို ကိုယ်ခင်တယ် မာကျူ့ရီဖုန်းနံပါတ်လေး ကိုယ့်ကိုပေးထားလေ "

" ဟုတ်ကဲ့ "

အစောပိုင်းက မာကျူရီ့အပေါ် အခွင့်ရေးယူမိသလို ဖြစ်သည့် အပြုမူများကို
နောင်ပြင်ဆင်လိုက်သည်။ မာကျူရီ့မျက်နှာလေး၌ အပြုံးလေးများ ပြန်ပွင့်ဖူးလာလေ၏။ ထိုညက နောင်နှင့်မာကျူရီ သီချင်းအပုဒ်ပေါင်းများစွာဆိုဖြစ်သော်လည်း မာကျူရီ့အပေါ် အထင်သေးသလိုဖြစ်မိသောစိတ်များ
နောင့်အသိထဲက အလိုလို‌ေပျာက်သွားလေတော့သည်။ စားသောက်ပြီးသည်နှင့် ထူးသစ်လ‌ေရာင်ဖုန်းကို ‌ေနာင်ဆက်လိုက်၏။ 

" ဟယ်လို ထူးသစ် ငါတို့ကို လာခေါ်တော့ကွ ငါအနားယူချင်ပြီ "

" အိုခေ လာပြီ နောင် ဆယ်မိနစ်အတွင်းရောက်မယ် "

ပြောပြောဆိုဆို ထူးသစ်လရောင် ဖုန်းချသွားသည်။ ထူးသစ်လရောင် ရောက်လာတော့ နောင်နှင့်ကျော်ခ မူးနေကြပြီ။ 
ကျသင့်ငွေ ဘေလ်ရှင်းတော့ ထူးသစ်လရောင်က အကုန်ထုတ်ရှင်းသည်။ 

" ထူးသစ် မင်းဆိုင်ဖြစ်ပြီး မင်းက ဘေလ်ရှင်းရလားကွ "

နောင့်အ‌ေပြာကို ထူးသစ်က ရယ်သည်။ 

ငါ့ဆိုင်ဖြစ်လည်း အလုပ်သဘောအရ ရှင်းပေးရတာပဲကွ ကပ်ရှာတွေ
က စာရင်းဇယားအတိအကျနဲ့ ပြန်အပ်ရတယ်လေ မင်းတိုအိပ်ချင်နေပြီလား "

" အိပ်ချင်တယ် ငါနားချင်ပြီ "

နောင်နှင့်ကျော်ခက ထူးသစ်လရောင်ခေါ်လာရာဆီ ပါလာကြသည်။ ထူးသစ်လရောင်မောင်းသော ကားလေးက နှစ်ထပ်တိုက်တစ်လုံးရှေ့တွင် ရပ်သွား၏။

" ကဲ ဆင်းကြ သူငယ်ချင်းတို့ မင်းတို့ဒီမှာ လွတ်လွတ်လပ်လပ် နေနိုင် ၊ တည်းနိုင်တယ် "

ကားပေါ်ကဆင်းရင်း နောင်နှင့်ကျော်ခ ၊


ထူးသစ်လရောင်ခေါ်လာရာဆီ လိုက်လာကြသည်။ ထူးသစ်က တိုက်တံခါးကို ဖွင့်လိုက်ပြီး နောင်တို့ကို ခေါ်လာ၏။

" ဒီအိမ်က ငါတို့ဆီလာတဲ့ဧည့်သည်တွေ လွတ်လွတ်လပ်လပ် တည်းခိုဖို့ သီးသန့်ထားတဲ့အိမ်ပါ မင်းတို့နှစ်ယောက် ကိုယ့်အိမ်လိုသဘောထားပြီး လွတ်လွတ်လပ်လပ်နေ မင်းတို့နှစ်‌ယာက်အတွက် နှစ်ယောက်ခန်း စီစဉ်ပေးထားတယ် ကဲ လာကြ အိပ်ချင် အိပ်ကြတော့ မင်းတို့ခရီးပန်းလာကြတယ် နားလိုက်တော့ မနက်ကျမှ စကားအေးဆေးပြောမယ် "

ထူးသစ်ခေါ်လာရာဆီ လိုက်လာရင်း
ထူးသစ်ပြသည့်အခန်းထဲရောက်သည်နှင့် နောင်နှင့် ကျော်ခက ကုတင်ပေါ်တက်ကာ တန်းအိပ်‌ပျော်သွားကြသည်။
ထူးသစ်မှာသာ စိတ်ညစ်‌ေနသည့်ကြားမှ ကုတင်ပေါ်တွင် 
ကလေးတွေအတိုင်း အိပ်ပျော်သွားကြသည့် နောင်နှင့် ကျော်ခကို ကြည့်ပြီး ပြုံးမိသွားလေ၏။
သူတို့ရင်ဘတ်ပေါ် စောင်ပါးလေးထပ်ပေးပြီး အဲကွန်းအသင့်တင့်ဖွင့်ပေးခဲ့ကာ သူအိပ်မည့်အခန်းထဲ ၀င်ခဲ့လိုက်တော့သည်။

************


rate now: