မန္တလေးမြို့သစ်။ 62လမ်း လမ်းမကြီးပေါ်ရှိ ကြီးကျယ်ခမ်းနားသော နှစ်ထပ်တိုက်အိမ်၏ လသာဆောင်တွင် ကောင်လေးတစ်ယောက်နှင့် ကောင်မလေးတစ်ယောက် အတူယှဉ်ရပ်ရင်း လမ်းမထက်သွားလာနေကြသူများကို ငေးမောနေကြသည်။ ထိုကောင်လေးနှင့်ကောင်မလေးကထူးသစ်လရောင်နှင့် ဧကရီတို့ဖြစ်ကြသည်။
" ထူး "
" ဘာလဲဧကရီ"
လှည့်ကြည့်ပြီး ထူးသစ်မေးလိုက်တော့ ဧကရီသက်ပြင်းရှိုက်သည်။
" နင့်ကို မေးစရာရှိလို့ပါ ထူးရာ "
" ဘာများလဲဟ ဆိုပါဦး"
ဧကရီက လှုပ်ရှားသွားလာနေသည့် လမ်းမကလူများကို အသက်မဲ့စွာငေးရင်း
" လူကြီးတွေက ငါတို့နှစ်ယောက်ကို လက်ထပ်ပေးဖို့ စီစဉ်ထားတာ နင်သိတယ်နော်ထူး "
ဟုဆိုသည်။
" အေးလေ အဲဒါဘာဖြစ်လဲ "
" နင်အခုထိ ခေါင်းမညိတ်ေသးဘူးဆို
ဟုတ်လားထူး "
ဧကရီ့အသံများက အဖျားခတ်တုန်ရင်နေသည်ကို ထူးသစ်လရောင်သတိထားမိလိုက်၏။
" ဟုတ်တယ်ဧကရီ ငါတကယ်ချစ်ရတဲ့သူကိုပဲ ငါလက်ထပ်ချင်တယ်ဟာ "
" တော်ပါထူးရယ် နင့်ကိုသိပ်အံ့ဩတာပဲ နင်ရွေးချယ်ချင်နေတဲ့ မိန်းမက ငါ့ကိုမှီတာ ဘယ်နေရာရှိလဲ "
ဒေါသသံစွက်ပြီးပြောနေသည့်ဧကရီ့ကို ထူးသစ် တအံ့တဩ ငေးကြည့်မိသည်။
" အေး နင့်ထက်သာတာ သူ့မှာရှိတယ် အဲဒါဘာလဲ သိလား စိတ်ဓာတ်ပဲ ဧကရီ သူ့စိတ်ဓာတ်လေးက နင့်ထက်အစစသာတယ် "
" ဟား ရယ်ချင်တယ်ထူး ရက်စတောရင့်ဆိုင်တစ်ဆိုင်မှာ ကပ်ရှာလုပ်တဲ့သူကို နင်က ငါ့ထက်သာတယ်ပြောနေတယ် ရုပ်ရည် ၊ ပစ္စည်း ၊ အဆင့်အတန်း ဘယ်နေရာ ငါနဲ့ယှဉ်လို့ရလဲ ကိုယ့်ဆိုင်ကအလုပ်သမားကို စိတ်ကူးယဉ်နေတဲ့ နင့်ကို ငါအရမ်းအံ့ဩတယ် "
" အချစ်မှာ နိမ့်တာ မြင့်တာမရှိဘူး
သူချစ်ချင်ရင် လမ်းပေါ်ကသူတောင်းစားမလေးတောင် ချစ်ချင် ချစ်မိမှာပဲ အဆင့်မြင့်လွန်း ချမ်းသာပြည့်စုံလွန်းတိုင်း ချစ်ချင်မှချစ်မှာကို နင်သိသင့်တယ်ဧကရီ အဲဒီလိုရွေးချယ်ချစ်ရင်လည်း သေချာတယ် အဲဒါအချစ်မဟုတ်ဘူးဆိုတာပဲ"
" ငါကတော့အဲဒါတွေ မသိချင်ဘူးထူး ငယ်ကထဲက အတူရင်းနှီးလာရတဲ့နင့်အပေါ် ငါသံယောဇဉ်ရှိတာပဲ သိတယ်
ငါတို့နှစ်ယောက်ကြားကို အရေးမပါတာတွေ ကြား၀င်လာမှာ ငါကြောက်တယ် "
ဧကရီကို ထူးသစ်ခေါင်းခါပြလိုက်သည်။
" သူ့ကိုပဲ ငါရအောင်လက်ထပ်မှာဧကရီ "
" ထူး တော်တော့ နင် နင် "
ထူးသစ်စကားအဆုံး ဒေါသတကြီး အော်ဟစ်ရင်း ထူးသစ်အနားက ဧကရီပြေးထွက်သွားလေတော့သည်။ စိတ်မကောင်းဖြစ်သော်လည်း မတတ်နိုင်ပါ။ ထူးသစ်နှလုံးသားထဲ စွဲထင်နေသည့် ပုံရိပ်လေးက တဝဲဝဲပေါ်လာသည်။ ဧကရီထင်နေသလို မဟုတ်သည့် ကောင်မလေးအကြောင်းကို ထူးသစ်အသိဆုံးပါ။ အလုပ်ရှင် သူဌေးသားဖြစ်သော ထူးသစ်ကို
အရောမ၀င်သလို ၊ ထူးသစ်အချစ်အား ခါးခါးသည်းသည်း ငြင်းထားသည့် ကောင်မလေးဆိုတာကိုတော့ ဧကရီသိအောင် မပြောပြဖြစ်တော့ပါ။
ထိုကောင်မလေး ထူးသစ်တို့ဆိုင်တွင် အလုပ်စ၀င်လာတော့ ထူးသစ်ဆယ်တန်းအောင်သည့်နှစ်ကဖြစ်သည်။ ဆိုင်ကို လာတော့ ကပ်ရှာစာရေးမလေးတွေ တန်းစီထိုင်နေကြသည်။ ထူးသစ်ကခေါက်ဆွဲကြော်တစ်ပွဲ ပါဆယ်မှာတော့ ၀က်လား ၊ကြက်လားမေးရင်း သွက်သွက်လက်လက်မှာပေးနေသည့်ကောင်မလေးကို ထူးသစ်သတိထားမိသွားသည်။ ဆံပင်ဂုတ်ဝဲလေးကို ဘီးကုတ်လေးနှင့် နဖူးအပြောင်တင်ထားသဖြင့် သူ့မျက်နှာလေးက ရှင်းလင်းနေသည်။
ခေါက်ဆွဲရသည်နှင့်
" ထောင့်ငါးရာကျပါတယ်ရှင့် "
ဟု ဖြေရင်း ပိုက်ဆံရှင်းဖို့ဘေလ်စာရွက်လေး ထုတ်ပေးတော့ ထူးသစ်ရယ်လိုက်မိသည်။
ကောင်မလေးက ထူးသစ်ကိုတစ်ချက်စိုက်ကြည့်ရင်း
" ဘာရယ်စရာပါလို့လဲ "
ဟု ခပ်တည်တည်မေးလေသည်။ သူ့ပုံစံလေးကို ကြည့်ပြီး ထူးသစ်စချင်လာသည်။
" ပိုက်ဆံမပါလာလို့ မေ့လာတယ် "
" ရှင် "
ရှင်ဟု ထူးပြီး တအံ့တဩငေးကြည့်လာသော မျက်၀န်းနက်နက်လေးကို အကြည့်မခွာမိအောင် ပြန်ငေးမိသွားသည်။
" ကိုထူး ဆိုင်လာတာ တစ်ယောက်ထဲလား "
ဆိုင်ထဲ၀င်လာသည့်မန်နေဂျာက ထူးသစ်ကိုမြင်ပြီးနုတ်ဆက်တော့
ကောင်မလေးက ပြန်ကြည့်ပြီး
" ဂျာကြီး သူပိုက်ဆံမပါလာလို့" တဲ့
ဟုဖြေလိုက်သည်။ ဂျာကြီးကရယ်ရင်း
" မပါလည်း ပေးလိုက် နွေးရေ သူက ဒီဆိုင်ပိုင်ရှင်လေ "
ဟုဖြေသည်။
ဂျာကြီးအဖြေကြားတော့မှ သူက
" ဪ " လို့ဖြေရင်း သူ့နေရာ သူပြန်ထိုင်တော့သည်။ သူ့ဘေးနားက ကပ်ရှာမလေးတွေက ထူးသစ်ဆီ ပြူးပြဲငေးကြည့်ပြီး
တွတ်တွတ်ဆိုနေကြသော်လည်း သူကတော့ ရှိသည်ဟုပင်မထင်။ ခပ်တည်တည်သူလုပ်စရာ လုပ်နေလေတော့သည်။ ထိုကောင်မလေးက ထူးသစ်အတွက် အဲဒီကထဲက စိတ်၀င်စားစရာ ကောင်မလေးမဟုတ်လား။
အနေအေးသည်။ အလုပ်ကြိုးစားသည်။ အရွယ်နှင့်မလိုက်အောင် တည်ငြိမ်လွန်းသည့် ထိုကောင်မလေးကို တွေ့ချင်တိုင်း ဆိုင်ကိုအရင်ကမလာတတ်သည့်ထူးသစ်က ခဏခဏအကြောင်းရှာပြီး ရောက်ရောက်လာတတ်၏။ ထူးသစ်တို့ဆိုင်က နေ့တိုင်း တီးဝိုင်းမပါပါ။ စနေ ၊ တနင်္ဂနွေနှင့် တနင်္လာ သုံးရက်သာ ပါသည်။ ထူးသစ်သည်
တီးဝိုင်းပါသော နေ့တိုင်း ရောက်လာခဲ့ပြီး သီချင်းတစ်ပုဒ်ကို အမြဲဆိုတတ်၏။
ကောင်မလေး
ဒီတစ်ညတော့ ကောင်မလေးရာ သံစဥ်လေးနဲ့ နင်အိပ်ဖို့ရာ
ဂီတာလေးတစ်လက် ကိုယ်ထမ်းလို့လာ မင်းလေးအိပ်ပီလား
မအိပ်သေးနဲ့ ကောင်မလေးရာ ဒီသီချင်းလေးခံစားပေးပါ....
ကောင်မလေးအတွက် ကိုယ်ရေးထားတာ မီးလေးဖွင့်ပါဦး
ကောင်မလေးရဲ့ အိမ်အပြင်ဘက်မှာ ဂီတာလေးနဲ့ကိုယ်သီချင်းငြီးတာ
အဖေအမေကြားလို စိတ်ဆိုးမိလာ မင်းလေးပြောကူအုံး..
တစ်ညလုံးလည်းဆိုနေဦးမှာ သံစဥ်ငြီးလို့ ကိုယ်မောတဲ့အခါ
အသံမကြားလို့ အိပ်မသွားနဲ့ကွာ ဒီတချက်တော့တောင်းပန်တယ်....
ကလေးလေးရယ်
Pre: မင်းအတွက်နဲ့ ကိုယ်သီချင်းလေးရေးတာ သိပ်ချစ်လိုပါကွာ...
အမြဲတမ်းပဲ မင်းလေးအတွက်ပါ ကလေးရာ...
Cho:(ချစ်တယ်)3 ပြောလိုက်ပါရစေကွာ ကလေးလေးအနားရောက်ခဲ့တဲ့ အခိုက်မှာ(လွမ်းတယ်)3 အမြဲဘဲလွမ်းနေမယ် အခြေအနေပေးခဲ့ရင် နေ့တိုင်းတွေ့ချင်တယ်
" ကောင်မလေး "သီချင်းဆိုတိုင်း တခြားကောင်မလေးများ ၀မ်းသာအားရအားပေးတတ်သော်လည်း ထိုကောင်မလေးကတော့ ထူးသစ်ကို ရှိသည်ဟုပင်မထင်ပါ။ တခြားကပ်ရှာမလေးများက သူ လာလျှင် "ကိုထူး ကိုထူး "
ဆိုပြီး အရမ်းလာရောသလောက် သူလေးက ထူးသစ်ကို မော့ပင်မကြည့်။ ထူးသစ်ကို ခေါ်တာပင်ကြည့်ပါ။ ကိုထူးဟုမခေါ်သလို ထူးသစ်နာမည်ခေါ်ရန် အကြောင်းဖန်လာလျှင်လည်း
" ကိုထူးသစ်လရောင် "တဲ့။
ထိုကောင်မလေးက ထူးသစ်ရင်ထဲ ဆူးတစ်ချောင်းနှယ် တနေ့တခြား စူးစူးလာသည်။ သူ့သူငယ်ချင်း ခင်လင်းဆိုသည့်ကောင်မလေးကို မိတ်ဆက်ပြီး သူ့အကြောင်းစုံစမ်းကြည့်တော့ ထိုကောင်မလေးမှာ ချစ်သူရှိသလိုလို သိလိုက်ရသည်။ ထူးသစ်ရင်ထဲ အရာတစ်ခုခုကိုဆုံးရှုံးလိုက်ရသလို ခံစားလိုက်ရခြင်းပါ။ ခင်လင်းပြောပြသလောက် သူ့ချစ်သူက ငယ်ကထဲက ကွဲသွားသည်ဟု သိရသည်။ အခုထိ ပြန်မဆုံသေးသော်လည်း သူသည် အဲဒီကောင်လေးကိုပဲ သစ္စာရှိရှိ စောင့်နေသည်တဲ့။
ထူးသစ်ရင်ထဲ ထူးထူးခြားခြား နာနာကျင်ကျင် ခံစားရသည်။ သို့သော်ထူးသစ် စိတ်မပျက်ပါ။ ကောင်မလေး၏အချစ်ကို ရအောင်ကြိုးစားမည်ဟုဆုံးဖြတ်လိုက်သည်။
" ကိုထူးရေ သူက ရည်ရွယ်ချက်သိပ်ကြီးတာ ကိုထူးရ ပိုက်ဆံလည်းအရမ်းအသုံးစေ့တယ် အပိုမသုံးဘူး တစ်လတစ်ခါ သူရသမျှလစာကို ဘဏ်မှာသွားစုထားတာ မိန်းကလေးအလှပြင်ပစ္စည်းတောင်မ၀ယ်ဘူး သူ့လစာလေးထဲက လျော့မှာစိုးလို့တဲ့ ....."
" ပြီးတော့ အလုပ်ကကျွေးတာပဲစားတယ်
မုန့်တောင်၀ယ်မစားဘူး အ၀တ်စားလည်းမ၀ယ်ဘူး ဘယ်လိုကပ်စေးနည်းမှန်းမသိဘူး "
ထိုကောင်မလေးက ထူးသစ်မြင်ဖူးသမျှ မိန်းကလေးထဲ ထူးခြားနေခဲ့ခြင်း။ထိုအချိန်က သူဘာကြောင့် မစားရက် ၊မသောက်ရက် ပိုက်ဆံစုခဲ့လဲဆိုတာ ထူးသစ်မသိသော်လည်း သူ့ရည်ရွယ်ချက်ကို ဖြစ်အောင်လုပ်နိုင်သော ထိုကောင်မလေးကို ထူးသစ် အထင်မကြီးဘဲ မနေနိုင်ပါ။ သိန်းသုံးရာကျော် အိမ်ဝိုင်းနှင့်တိုက်ကို သူလေးက ၀ယ်ပြခဲ့လေပြီမဟုတ်လား။ နှစ်ဆယ်ချီ စုဆောင်းထားခဲ့ပြီး သူလုပ်ချင်သောအရာကို ရအောင်လုပ်ပြခဲ့သော ထိုကောင်မလေး၏ စိတ်ဓာတ်ကြံ့ခိုင်မှုကို အစစပြည့်စုံကြွယ်၀သော ဧကရီက မှီမည်တဲ့လား။ သူဌေးသားတစ်ယောက်က ချစ်နေသည်ကို သိပါလျှက် ဂရုမစိုက်ဘဲ သူ၏ မရေရာသော ကောင်လေးကို မျှော်လင့်နေပါသတဲ့။ သည်လိုထူးခြားတာကပင် ထိုကောင်မလေးကို ပိုပိုတန်ဖိုးထားမိေစခြင်းလားမသိပါ။ ဟူး။သက်ပြင်းရှည်တစ်ချက် မှုတ်ထုတ်လိုက်မိသည်။ ထူးသစ်စိတ်က မမြင်ရတာကြာသည့် ကောင်မလေးကို လွမ်းဆွတ်လာမိသည်ကအမှန်။ ကောင်မလေးဆီ သွားလည်ဖို့ ထူးသစ်ဆုံးဖြတ်လိုက်ပါသည်။
********
ထူးသစ်ရောက်သွားတော့ ကောင်မလေး၏ခြံတွင် လူခေါ်ဘဲလ်လေးတပ်ထားသည်ကို မြင်လိုက်သည်။
ထိုဘဲလ်လေးကို နှိပ်လိုက်တော့ ကောင်မလေး ထွက်လာ၏။ ထူးသစ်ကိုတွေ့တော့ အံ့ဩသလိုအကြည့်လေးနှင့်
" ကိုထူးသစ်လရောင် " ဟု တိုးတိုးလေးညည်းသည်။
" ကိုယ့်ကို အိမ်ထဲအလည်ခေါ်ခွင့် ရတယ်မဟုတ်လား "
ဟုမေးတော့ ခေါင်းလေးညိတ်ပြပြီး တံခါးဖွင့်ပေးသည်။ ကောင်မလေးနောက် ထူးသစ်လိုက်လာ၏။ အိမ်ထဲရောက်တော့ ပထမတခါရောက်ဖူးတုန်းကလို သင်ဖြူးဖျာလေးအစား ဆက်တီတစ်စုံက အသင့်နေရာယူထားသည်။ ဆက်တီစားပွဲတွင် အလှထိုးပန်းအိုးလေးက ချစ်စဖွယ်။
" ထိုင်ပါ ကိုထူးသစ်လရောင် "
ဧည့်ခန်းဆက်တီတွင် ၀င်ထိုက်လိုက်ပြီး မျက်၀န်းရှေ့တွင် မြင်နေရသော ကဗျာတစ်ပုဒ်အား အလိုက်သင့် ဖတ်လိုက်မိ၏။ ထိုကဗျာလေးဖတ်ပြီး ထူးသစ်ရင်ထဲဟာဆင်းသလို ခံစားလိုက်ရသည်။
" နွေး "
ထူးသစ်ခေါ်တော့ ကောင်မလေးက လည်ပြန် ပြန်ကြည့်ရင်း ဆို၏။
" ခဏနော် ကိုထူးသစ်လရောင် "
အလိုက်သင့်ပြန်ေခါင်းညိတ်ပြတော့ ကောင်မလေးက အိမ်အတွင်းထဲ၀င်သွားသည်။ တအောင့်အကြာ ကော်ဖီပန်းကန်လေးကိုင်ပြီး ပြန်ထွက်လာ၏။
" အိမ်မှာဧည့်ခံစရာ အထွေထူးမရှိတော့ အားနာရပါတယ် ကိုထူးသစ်လရောင်
ကော်ဖီလေးသုံးဆောင်ပါဦးရှင် အကောင်းစားကော်ဖီတော့မဟုတ်ဘူးနော် တစ်ရာတန်ကော်ဖီလေးပါပဲ "
ဘယ်လောက်ပွင့်လင်းသည့်ကောင်မလေးလဲဆိုတာသိရတော့ ထူးသစ်ရယ်မိလိုက်သည်။ ကော်ဖီခွက်ကိုကိုင်ပြီး မကြိုက်သော်လည်း သောက်ပြလိုက်၏။
" နွေး နေရထိုင်ရတာ အဆင်ပြေရဲ့လားဟင် နွေးမိဘတွေ ခေါ်ထားပါလား "
" ကျွန်မနဲ့လာနေဖို့ သူတို့အဆင်မပြေပါဘူး ကိုထူးသစ်လရောင် "
" နွေး မိန်းကလေးတစ်ယောက်ထဲ ရေရှည်အဆင်ပြေမယ်ထင်လို့လား နွေး ကိုယ်တို့ဆိုင်ကအလုပ်ထွက်သွားတော့ အခုဘာလုပ်နေလဲဟင် "
" မိန်းကလေးတစ်ယောက်ထဲ နေလို့အဆင်မပြေတဲ့ခေတ်မဟုတ်တော့ပါဘူး ကိုထူးသစ်လရောင် အဓိကက အနေမှန်ကန်ဖို့ပဲ လိုအပ်တာပါ ကိုထူးသစ်လရောင်တို့ဆိုင်က အလုပ်ထွက်လာပေမယ့် ကျွန်မအဆင်ပြေပါတယ်
ကျွန်မနဲ့အဖေါ်ရအောင် မိန်းကလေးဘော်ဒါသဘောမျိုး ခေါ်ထားပါတယ်
သူတို့ဆီကလစာရသလို သူတို့ကိုထမင်းချိုင့်ဆွဲ သဘောမျိုး လက်ခံချက်ပေးပါတယ် ပြီးတော့ online shopping လည်းတစ်ဖက်တစ်လမ်းကလုပ်ပါတယ် ကျွန်မအဆင်ပြေသင့်သလောက်ပြေပါတယ် ကိုထူးသစ်လရောင် "
ကောင်မလေးကို ငေးကြည့်ပြီး ထူးသစ်ရင်ထဲ အံ့အားသင့်မိသလို ခံစားရသည်။
တကယ့်အာဂသတ္တိခဲမလေးပင်။
" ခင်လင်းနဲ့ရော တွေ့ဖြစ်သေးလား နွေး "
" ဟင့်အင်း သူအလုပ်မအားဘူးထင်ပါရဲ့လေ သူများအလုပ်က အားမှလာလို့ရမှာဆိုတော့ ကျွန်မ နားလည်ပေးရတာပေါ့ "
ခင်လင်းအကြောင်း ပြောသင့်မပြောသင့် ချိန်နေမိသေးသည်။ သို့သော် သိသင့်သည်ဟု ထင်သဖြင့် ထူးသစ်ပြောပြလိုက်ပါသည်။
" သူ ကေတီဗွီထဲ ၀င်သွားပြီ နွေး "
" ရှင် "
ယူကြုံးမရမျက်၀န်းများက ကောင်မလေးမျက်၀န်းထဲ အရိပ်ထင်နေကြသည်။
" ဒါကြောင့် သူမအားတာကိုး "
တိုးတိုးလေး ညည်းလိုက်သည့် ကောင်မလေးပုံစံက နာကျင်ကြေကွဲနေဟန်။
" ကိုယ်ဘာပြောပေးရမလဲ နွေး "
ထူးသစ်မေးတော့ ကောင်မလေးက မော့ကြည့်လာသည်။
" အားရင်အလည်တစ်ရက်လောက်လာပေးပါလို့ ပြောပေးပါနော် "
" ပြောပေးမယ် ကိုယ့်ကို တစ်သက်လုံး ထူးသစ်လရောင်ချည်းခေါ်နေမှာလား သူများတွေခေါ်သလို ကိုထူးလို့ခေါ်ပါလား နွေး "
ထူးသစ်စကားအဆုံး ဖြတ်ခနဲ ကောင်မလေးက ထူးသစ်ကိုမော့ကြည့်သည်။
" ကျွန်မကသူများတွေနဲ့မတူဘူးဆိုတာ
ကိုထူးသစ်လရောင်သိမှာပါ ဟုတ်ကဲ့
ကျွန်မကိုလရောင်လို့ ခေါ်ပါ့မယ် "
ထူးသစ် ဟက်ခနဲ တချက်ရယ်မိသည်။ အဲဒီမထိတထိကောင်မလေးကို တနေ့တခြား ပိုပိုမြတ်နိုးလာရတာကို ထူးသစ်ပဲသိပါသည်။ ထူးသစ်ပြန်တော့ ခြံရှေ့အထိ လိုက်ပို့ပေးသည်။
" နွေး အခက်ခဲတစ်စုံတစ်ရာလိုရင် ကိုယ့်ဖုန်းကို ဆက်ပါနော် "
" ရပါတယ် ကိုလရောင် တစ်ခုတော့ ကူညီပါ ကျွန်မဆီ ခဏခဏလာမလည်ပါနဲ့နော် ပတ်၀န်းကျင် တမျိုးထင်မှာစိုးလို့ပါ "
ရုတ်တရက် ထူးသစ် ဘာဆက်ပြောရမှန်းမသိတော့။ ရင်ထဲ ကျင်ခနဲခံစားလိုက်ရသည်ကိုတော့ ကောင်မလေးက သတိမထားမိဟန် အပြုံးတစ်ပွင့်လေးပြုံးပြရှာပါသည်။ ဆိုင်ကယ်ကိုသာမောင်းထွက်လာရသည်။ ထူးသစ် စိတ်တို့က ကောင်မလေးဆီ ကျန်ခဲ့ရစမြဲ။ မျက်စိအောက် အမြဲမြင်တွေ့ရသော မိန်းကလေးကို မြင်တွေ့ခွင့်မရသည့်အတွက် ထူးသစ်ရင်ဘတ်တစ်ခုလုံး နာကျင်နေခဲ့ရသည်။ ထူးသစ်မှတ်မိသေးသည်။ ကောင်မလေးကို ပရိုပိုစ့်လုပ်သည့်နေ့က ပြူးကျယ်ဝိုင်းစက်သော မျက်၀န်းလေးနှင့် သူငေးနေ၏။ အဲသည်နေ့က ကောင်မလေးမွေးနေ့ပင်။ ဆိုင်မှာ အမှတ်တရအဖြစ် မွေးနေ့ရှင်၀န်ထမ်းတိုင်းကို ထူးသစ်တို့ဆိုင်က အမှတ်တရ လုပ်ပေးသည်။ ထိုညက ကောင်မလေး၏မွေးနေ့ကို ထူးသစ်ကိုယ်တိုင် မွေးနေ့ဆုတောင်းသီချင်း ဆိုပေးခဲ့သည်။ ထူးသစ်က happy birthday dear nawe ဟုဆိုပေးသောအခါ ကောင်မလေးနှင့်အတူ အားလုံးက တအံ့တဩငေးကြည့်နေကြ၏။ စပရိုက်အဖြစ် မွေးနေ့လက်ဆောင် နှင်းဆီပန်းစည်းကြီးတွင်
" ကိုယ့်အချစ်ကို လက်ခံပေးပါကောင်မလေး မင်းကို ကိုယ်သိပ်ချစ်တယ် " ဆိုသည့် ကပ်ထူစက္ကူပြားအောက်က စာတန်းကြီးက အားလုံးကို အံ့အားသင့်စေပြန်သည်။ မွေးနေ့လက်ဆောင်အဖြစ် ထူးသစ်မုန့်ဖိုးနှင့် ၀ယ်ပေးသော စိန်လက်စွပ်လေးက ဘူးလေးထဲ တလက်လက်တောက်ပနေ၏။ ထိုလက်ဆောင်လေးကို အားလုံးက တမက်တမောငေးကြည့်နေကြသော်လည်း ထိုကောင်မလေးကတော့ " ကျွန်မလက်မခံနိုင်ပါဘူး " ဆိုသည့်စကားတစ်ခွန်းနှင့် ထူးသစ်ကို ပြန်ပေးသည်။ သည်ရလဒ်က အိမ်ရောက်သည်နှင့် မာမီနှင့်ဒယ်ဒီတို့၏ အပြင်းအထန် ရှုံ့ချခြင်းကို ထူးသစ်ခံလိုက်ရခြင်းပင်။
" ထူးသစ် နင်ရူးနေလား ကိုယ့်ဆိုင်က ကပ်ရှာကို ပြန်ကြိုက်စရာလား နင့်ကိုပေးစားမယ့်မိန်းမ ငါတို့အသင့်ရှာပြီးသားနော် မိဘမျက်နှာကို အိုးမည်းသုတ်လို့ကတော့ နင့်ကိုအမွေပြတ်ပဲ "
" မင်း ဆိုင်ကို ဘယ်တော့မှသွားစရာမလိုဘူး မင်းသွားတဲ့ေန့ အဲဒီနွေးနွေးကို အလုပ်ဖြုတ်မယ့်နေ့ပဲ "
ထူးသစ်ကြောင့် ကောင်မလေးကိုမထိခိုက်စေချင်ပါ။ အိမ်ကကျေနပ်အောင် ဆိုင်ကိုသွားခွင့်မရတော့ ကောင်မလေးဖုန်းကို ခင်လင်းဆီက ရအောင် တောင်းခဲ့ရသည်။
ဖုန်းဆက်တော့လည်း ထူးသစ်ဖုန်းမှန်းသိသည်နှင့် ထိုနံပါတ်သည် ကောင်မလေး၏ ဘလက်လစ်စာရင်းတွင် ၀င်သွားခဲ့သည်။ သည်လိုခါးခါးသည်းသည်း ဥပက္ခောပြုတတ်သော ကောင်မလေးကိုမှ ထူးသစ်ကရူးရူးသွပ်သွပ် ချစ်မိနေခဲ့ခြင်းပါ။
ဧကရီနှင့် ထူးသစ်မိဘများ ထင်သလို ကောင်မလေးသည် ထူးသစ်ကို
ယောင်၍ပင် အခွင့်ရေးမပေးပါ။ အရောမ၀င်ပါ။ တခြားကောင်မလေးတွေထက် အဆပေါင်းများစွာ မာနသိပ်ကြီးသော မိန်းကလေးပါဆိုသည်ကို မည်သို့ပြောပြရမည်လဲ။ ထူးသစ်ဆိုင်ကို မလာခဲ့သော်လည်း ကောင်မလေးအရိပ်လေးရှိရာ ခိုးခိုးလာတတ်သည်ကို မည်သူမှမသိကြပါ။ ထူးသစ်ရင်ဘတ်ကွဲမတတ်ခံစားရသောနေ့တစ်နေ့က ကောင်မလေး အလုပ်ထွက်စာတင်သွားသည်ဟု သိရသောနေ့ပင်။
ထိုနေ့က မာမီက ထူးထူးခြားခြား စကားစသည်။
" သားကြီး ဆိုင်လာရင် လာလို့ရပြီ နွေးနွေးအလုပ်ထွက်သွားပြီ "
" ဗျာ မာမီ တကယ်ကြီးလား "
" ဟဲ့ ဒါက စစရာလား အဲဒီကောင်မလေးက အလုပ်လုပ်တာတော့မဆိုးဘူး အနေလည်းတည်တံ့တယ်
ဒီလောက်နဲ့တော့ ငါ့သားနဲ့သဘောတူစရာလား "
" မာမီကလည်းဗျာ "
ကောင်မလေးကိုနှိမ်သလိုဆိုတော့ ထူးသစ်စိတ်က ပြန်ပြောခွင့်မရသဖြင့်ငြိမ်နေလိုက်ရသော်လည်း စိတ်က မကြိုက်သလို ခံစားရစေသည်။ အလုပ်ထွက်သွားပြီဟု ဆိုသဖြင့် ကောင်မလေးနှင့် ထူးသစ် ပိုဝေးသွားသလိုလို ခံစားရစေသည်
။ခင်လင်းဆီစုံစမ်းမှ အံ့ဩစွာ အကြောင်းစုံသိလိုက်ရလေ၏။
" နွေးက စိတ်ခံစားချက်သိပ်ပြင်းသလို
ခံယူချက်ကလည်း သိပ်ပြင်းတာကိုထူးရဲ့ သူပိုက်ဆံအရမ်းစုသလို အလုပ်လည်းအရမ်းကြိုးစားတယ် သူလုပ်ပြလိုက်တဲ့ လုပ်ရပ်က ခင်လင်းတို့ကို အရမ်းအံ့ဩမှင်သတ်စေတယ် သူပြောပြတယ် သိလား သူ့မှာ အိမ်တစ်အိမ်ရှိချင်တယ်တဲ့ သူပြန်ချင်တဲ့အချိန်ပြန်ခွင့်ရဖို့ အိမ်လေးရှိချင်တယ်တဲ့ အဲဒီအိမ်လေးဟာ သူ့ရဲ့အိပ်မက်တဲ့ "
" ဘယ်လို ကိုယ်နားလည်အောင်ပြောပြပါလား ခင်လင်း "
" ဟုတ်ကဲ့ နွေးက အိမ်လေးတစ်လုံးကို ဆယ်နှစ်ကျော်ကျော် ခြစ်ကုတ်စုပြီး ၀ယ်လိုက်ပြီလေ သိန်းသုံးရာကျော်ပေးရတယ် သူရသမျှ လစာကို မစားမသောက်ဘဲ ဘဏ်မှာငွေသေအပ်တယ်
ရသမျှအတိုးကို ပြန်စုတယ် သူကြိုက်တဲ့အိမ်လေးတွေ့မှ ဘဏ်ကပိုက်ဆံထုတ်ပြီး ၀ယ်လိုက်တာ ခင်လင်းတောင်
သူ့ဆီမှာအဲဒီလောက်ပိုက်ဆံရှိမှန်းမသိပါဘူး အိမ်ဖိုးငွေချေခါနီး ဘဏ်မှာသွားထုတ်မှသိခဲ့ရတာ အရမ်းအံ့ဩမိတယ် အနေအေးပြီး သိပ်ကို စည်းစနစ်ကြီး အနေအထိုင်သိုဝှက်တဲ့မိန်းကလေးပါ ကိုထူးရယ် "
" သူကဘာလို့အလုပ်ထွက်တာလဲဟင် ခင်လင်း ဒီမှာအဆင်ပြေနေတာကိုပဲ "
ထူးသစ်မေးတော့ ခင်လင်းက ခေါင်းခါပြသည်။
" ခင်လင်းလည်းမသိဘူး အဲဒါတော့ သူ့ကိုအလုပ်မထွက်ဖို့ပြောတယ် သူကမလုပ်ချင်တော့ဘူးတဲ့ သူ့ဘ၀အတွက် ဒီအလုပ်ထက်သာတဲ့ အလုပ်တွေ ရှာလုပ်တော့မယ်ပဲ ပြောတယ်ကိုထူး နွေးက လူကသာအနေအေးတာ ခံယူချက်နဲ့စိတ်ဇွဲက အရမ်းကြီးတယ် "
ထိုကောင်မလေးကို ထူးသစ်လက်လွတ်အဆုံးရှုံးမခံနိုင်တာသေချာသည်။ ထူးသစ်သိပါသည်။ ထူးသစ်မိဘများသည် ၀န်ထမ်းများအပေါ် ကောင်းသင့်သလောက်ကောင်းသော်လည်း သားသမီးနှင့်ပက်သက်လာလျှင်တော့ အပြည့်၀မကောင်းနိုင်ပါ။ ကောင်မလေးကိုတော့ ထူးသစ်တို့ဆိုင်တစ်ဆိုင်လုံးက ချီးကျူးကြသည်။
ကောင်မလေးရေ။ မင်းကို ချစ်ခဲ့တဲ့ငါ့အချစ်က နှစ်ဆယ်ချီခဲ့ပြီလေ။ လွယ်လွယ်နဲ့ငါ့နှလုံးသားထဲက ထွက်သွားဖို့မကြိုးစားပါနဲ့ေနာ်။
ထူးသစ်ရင်ထဲက ညီးညူသံကို ထူးသစ်ပြန်ကြားယောင်ပြီး ပြုံးမိသွားလေသည်။
*********