" မန်းမြို့ထဲ၀င်လာပြီ "
ရှင်မဘေးနားမှာ ထိုင်လိုက်လာသည့် အန်တီကြီးအသံကြားမှ မန္တလေးမြို့ထဲ၀င်လာသည်ကို သိရသည်။ မန္တလေးမြို့က ရှင်မငယ်စဥ်ကပင် သိပ်ရောက်ဖူးချင်သည့်မြို့ပင်။ မန္တလေးသင်္ကြန်က တော်တော်နာမည်ကြီး၏။ မန္တလေးကျုံးဘေးနား သွးချင်သလို ၊ မန္တလေးမဟာမြတ်မုနိဘုရားကြီးအားလည်း ဖူးချင်မိ၏။ မန္တလေးသူများကိုလည်း မြင်ဖူးချင်သည်။ လမ်းမှာလည်း တစ်လမ်းလုံး ရှင်မ မအိပ်ခဲ့ပါ။
ကားက လမ်းကောင်းလို့လားမသိ ၊
တောင်ပေါ်မှာလို မဟုတ်ဘဲ အရှိန်ပိုမြန်နေ၏။ ပတ်၀န်းကျင်တဝိုက် ငေးကြည့်နေမိရင် သိပ်မကြာခင် ဘုန်းကြီးကျောင်းများကို ေတွ့ရ၏။
ကားက ထိုဘုန်းကြီးကျောင်းတိုက်ထဲ ချိုး၀င်လိုက်စဉ်
" ဒါ မန္တလေးဘုရားကြီးတိုက်လေ "
ဟု ဘေးကအန်တီကြီးက ရှင်မကို ကျောင်းတိုက်ထဲအ၀င်၀၌ မြင်ရသည့် ဆိုင်းပုဒ် ကြီးကို လက်ညှိုးထိုးပြရင်း ပြောပြသည်။
" သမီးက တစ်ခါမှမရောက်ဖူးဘူးလား "
" ဟင့်အင်း "
ရှင်မက ခေါင်းလေးခါရင်း ဖြေလိုက်၏။ ကားက သိပ်မကြာလိုက်ပါ။ ကျောင်းတိုက်တစ်တိုက်ရှေ့ ရပ်သွားသည်။ ကားစပါယ်ရာက ကျောင်းတိုက်တံခါးကို ဆင်းဖွင့်ပြီး ကားပါ ကျောင်းထဲ ထိုး၀င်၍ ကျောင်းတိုက်တံခါးကို ပြန်ပိတ်လိုက်သည်။
" သမီး ဆင်း ရောက်ပြီ "
အန်တီကြီးစကားအဆုံး ရှင်မအိတ်ကလေးတွေ ယူပြီး ကားပေါ်ကဆင်းလိုက်၏။ ထိုအန်တီကြီးကပင်
" လာသမီး "
ဆိုပြီး ခေါ်သဖြင့် ကျောင်းထဲ၀င်လိုက်၏။ ကျောင်းက တော်တော်ကျယ်၍ နှစ်ကျောင်းယှဥ် ဆောက်ထားသည်။
" ဒါက ဧည့်သည်တွေ တည်းတဲ့ကျောင်း ဟိုဘက်ကျောင်းကတော့
ဘုန်းကြီးတွေ ဦးဇင်းတွေ ကိုရင်တွေ နေတဲ့ကျောင်းလေ သမီးရဲ့ "
ဧည့်သည်ဆောင်တွင်ပင် အခန်းများတွေ့ရသလို ၊ အပေါ်ထပ်လည်း မြင်ရ၏။
အခန်းရှည် ကြီးတစ်ခုထဲ ၀င်လိုက်တော့မှ ဧည့်သည်မိန်းမတစ် ချို့ ရှိနေသည်ကို တွေ့လိုက်ရသည်။ အားလုံး အခန်းထဲ တန်းစီအိပ်ေနကြ၏။ သည်အခန်းကပင် ဆယ်ေယာက်၀န်းကျင်ခန့် ဆန့်သည်။
အန်တီကြီးက အိပ်ဖို့နေရာယူရင်း ရှင်းပြ၏။
" ဒီကျောင်းနာမည်က ကံ့ကော်ကျောင်း ရှမ်းပြည်က ဒကာတွေ စုဆောက်ပေးထားကြတာလေ တောင်ပေါ်ဒေသကလာသမျှ ဧည့်သည် အကုန်တည်းကြ ၊ နေကြတယ် ကုန်သည်တွေကလည်း ကုန်လာရောင်း တည်းခိုတယ် ပြန်ရင် ဘယ်လောက်ဆိုပြီး ဘုန်းကြီးကို လှူခဲ့ကြတာ အပေါ်ထပ်က ယောက်ျားလေးတွေ အိပ်တယ် အောက်ထပ်မှာက မိန်းကလေးတွေ အိပ်ကြတယ် ကျောင်းမှာက ဧည့်သည်မပြတ်ဘူးသမီးရဲ့ သမီးနေနေသ၍ ဧည့်သည်မပြတ် ရှိနေမှာပါ"
" ဟုတ်ကဲ့အန်တီ "
မန္တလေးရောက်သည်နှင့် ပူလာ၏။ ကားစီးနေတုန်းက လေတိုက်သဖြင့် မသိသာသော်လည်း ကျောင်းထဲရောက်သည်နှင့် ပူလိုက်သည့်ဖြစ်ခြင်း။ အန်တီကြီးက ရေသွားချိုးမည်ဆိုတော့ ရှင်မပျော်သွားသည်။ မိန်းကလေးရေချိုးခန်း ၊ ယောက်ျားလေးရေချိုးခန်း သီးသန့်စီ လုပ်ပေးထားသဖြင့် ဧည့်သည်များ တည်းခိုရသည်မှာ အဆင်ပြေေလ၏။
မိန်းကလေးရေချိုးခန်းမှာ အန်တီကြီးနှင့်ရှင်မ ရေ၀င်ချိုးလိုက်ကြသည်။
ရေချိုးပြီးမှပင် နေသာထိုင်သာ ရှိသွား၏။ အန်တီကြီးဘေးနားမှာပင်
ထိုညက အတူတူအိပ်ရသည်။
*******
" သမီးရေ ထတော့ "
အန်တီကြီးနိူးမှ ရှင်မ ကပျာကယာ လူးလဲထလိုက်သည်။
" ဟုတ် အန်တီ သမီး အိပ်ပျော်သွားတယ် "
" အိပ်ရေးပျက်တာကိုး အိပ်ပျော်မှာပေါ့ မျက်နှာသွားသစ်လိုက် သမီး "
အန်တီကြီးကို ခေါင်းညိတ်ပြပြီး ရေချိုးခန်းထဲ၀င် မျက်နှာသစ်လိုက်သည်။ ပြန်ထွက်လာတော့ အခန်းထဲတွင် မှန်တစ်ချပ် ၊ သနပ်ခါးတစ်တုံးနှင့် ကျောက်ပြင်တစ်ချပ်ကို တွေ့ရ၏။ သနပ်ခါးကိုေသွး ၊ မျက်နှာေပါ်ပွတ်လိုက်ပြီး အ၀တ်အစားပါ လဲလိုက်သည်။
" သမီးက အခု ရန်ကုန်ပြန်မှာလား အဲဒါဆို ဆိုက္ကားသမားနဲ့အပ်ပေးမယ်လေ "
ဓနုသံဝဲဝဲနှင့် ဆိုနေသည့် အန်တီကြီးကို
ခေါင်းအသာညိတ်ပြလိုက်၏။
" အန်တီကြီး မန္တလေးက အလုပ်ရှာရလွယ်လားဟင် "
ရှင်မ စကားကြားတော့ အန်တီကြီးက မျက်မှောင်တစ်ချက်ကြုံ့ပြီး
" ငါ့သမီးက အလုပ်လုပ်ချင်တာလား"
ဟုပြန်မေးသည်။
" ဟုတ်တယ် သမီးအလုပ်လုပ်ချင်တယ် အလုပ်ရရင် ညောင်တုန်းမပြန်ဘူး "
" အင်း အန်တီနဲ့ ခင်တဲ့ ပဲပွဲရုံမှာ အလုပ်သမားလိုတယ်တဲ့ ဒီနေ့မေးလာပေးမယ် "
" ဟုတ်ကဲ့အန်တီကြီး ကျေးဇူးတင်ပါတယ် သမီးကို ကူညီပါနော် "
အန်တီကြီးက ခေါင်းညိတ်ပြသည်။
ထိုစဉ်မှာပဲ ဆိုက္ကားသမား ရောက်လာ၏။
" ဟယ် ကိုဇော်ရှိုင်း ရောက်လာပြီလား
စောင့်နေတာကြာပြီ ပွဲရုံလိုက်သွားမလို့ကို ဒီနေ့ နောက်ကျတယ်ပဲ "
" ဟုတ်တယ်အစ်မရေ ခရီးသည်လိုက်ပို့နေရလို့ ဒါနဲ့ သူ့ကိုအရင်လာတာ တခါမှမမြင်ဖူးပါဘူး အစ်မသမီးလား "
ရှင်မကို လက်ညှိုးထိုးပြီး မေးတော့ အန်တီကြီးက ခေါင်းခါပြီးပြန်ဖြေသည်။
" မဟုတ်ပါဘူး ကျွန်မတို့ကားနဲ့ပါလာတာပါ ရန်ကုန်ပြန်မလို့တဲ့ ကျွဲဆည်ကန်ကား၀င်းသွားမှာလေ အခု သူက မန်းလေးမှာ အလုပ် လုပ်ချင်တယ် တဲ့ ကိုဇော်ရှိုင်းရေ အလုပ်ရှိရင်
ကူရှာပေးပါလား "
ကိုဇော်ရှိုင်းဆိုသည့် ဆိုက္ကားသမားကြီးက ရှင်မကို စူးစူးစိုက်စိုက်ကြည့်၏။
" ညည်းက တကယ်လုပ်နိုင်လို့လားအေ ညည်းကြည့်ရတာ ဖြူဖြူနွဲ့နွဲ့ မင်းသမီးရုပ်လေး ညည်းအသက်ကလည်း ကလေးသာသာ "
ရှင်မကိုကြည့်ပြီး မယုံသလိုပြောတော့ ရှင်မက ခပ်သွက်သွက် ပြန်ဖြေလိုက်သည်။
" လုပ်နိုင်ပါတယ်ဦးရဲ့ ရှင်မကို ကူညီပါလားဟင် ရှင်မအတွက် ပင်ပန်းရင်ပင်ပန်းပါစေ နေဖို့ရော ၊ စားဖို့ရော အဆင်ပြေရင် လုပ်မယ် "
" ညည်းတကယ်လုပ်မှာလား ငါ့အသိဆိုင် စတိုးဆိုင်မှာ အရောင်းစာရေးမတော့လိုနေတယ် စားရိတ်ငြိမ်း ဟုတ်မဟုတ် မေးပေးမယ် အခုလိုချင် အခုတော့ ဘယ်ရမလဲအေ့ ညည်းရက်တော့ စောင့်ပေးရမှာပေါ့ "
" ဟုတ်ကဲ့ပါဦး သမီးအလုပ်ရမယ်ဆိုရင် စောင့်ပါ့မယ် "
" ကဲ သမီး အန်တီပွဲရုံသွားေတာ့မယ်နော် "
နုတ်ဆက်ထွက်သွားသည့် အန်တီကြီးတို့ကို ငေးကြည့်ကျန်ခဲ့၏။ အသိမရှိသည့်အတွက် ရှင်မအတွက် ကြောင်တက်တက် ဖြစ်နေသည်။ ဆိုက္ကားဆရာကြီးက အလုပ်ရှာပေးမည်ဆိုတော့ ရှင်မ ရုတ်တရက် ပျော်သွားသည်။။ အမှန်ဆိုလျှင် မေမေတို့နှိက်စက်လွန်းပြီး အနိုင်ကျင့်သဖြင့်သာ ထွက်လာခဲ့ရသော်လည်း ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ။ ညောင်တုန်းပြန်ရမှာလည်း ရင်လေးနေမိ၏။ ရှင်မမှာနေစရာအိမ်မရှိ။ အိမ်။ အိမ်။ လူတစ်ယောက်အတွက် အိမ်ဆိုတာ မရှိမဖြစ်အရာပါလား။
ဟူး။ ထိုအသိက ရှင်မရင်ထဲ ကိန်း၀ပ်လာ၏။ တွေးရင်း သက်ပြင်းချမိပြန်သည်။ သူရိန့်အမေ ဒေါ်လေးနွယ်က သူ့ဆီ အချိန်မရွေးပြန်လာဖို့ ပြောသော်လည်း အမှန်တကယ်ဆို ရှင်မ ဘယ်သူ့ကိုမှ ဒုက္ခမပေးချင်ေတာ့။ ရှင်မကြောင့်၀န်ဒုက္ခများကြမှာစိုးရိမ်မိသည်။ ဗိုက်ကဆာလာသဖြင့် ကျောင်းထဲကထွက်လာပြီး လမ်းထိပ် လျှောက်လာမိ၏။
လမ်းထိပ်ရောက်တော့ လမ်းဘေးရှမ်းခေါက်ဆွဲဆိုင် တွေ့သဖြင့် ၀င်စားလိုက်သည်။ လမ်းကိုလည်း အသေချာစမှတ်ထားလိုက်၏။ ရှင်မနှင့်သိသူ တစ်ယောက်မှမရှိသဖြင့် အားငယ်မိသည်တော့ အမှန်ပင်။ မုန့်စားပြီး
ဘုန်းကြီးကျောင်း ပြန်လာတော့ ဘုန်းကြီးများ ဆွမ်းဘုန်းပင် ပေးနေကြပြီ။ ရှင်မက ဧည့်ဆောင်အိပ်ခန်းထဲ အသာ၀င်နေလိုက်၏။ ဘုန်းကြီးများ ဆွမ်းဘုန်းပေးပြီးတော့ ကောင်လေးတစ်ယောက်က ဘုန်းကြီးက ခေါ်ခိုင်းလိုက်သည်ဆိုပြီး လာခေါ်သည်။
ရုတ်တရက် ဘုန်းကြီးေခါ်သည်ဆိုတော့ ရှင်မလန့်သွားရ၏။ အားလည်းငယ်မိ၏။ အန်တီကြီးကလည်း မရှိတော့။ ရှင်မ စိတ်ထဲစိုးရွံ့စိတ်နှင့် ဘုန်းကြီးအနားလာလိုက်ပြီး ဦးချကန်တော့လိုက်သည်။
" သမီး က ဘယ်ရွာကလဲ ဘယ်သွားမှာလဲ တစ်ခါမှလည်း မမြင်ဖူးပါလားကွဲ့ "
ရှင်မစဉ်းစားလိုက်၏။ ရွာနာမည်ပြောလျှင် မေမေ့သမီးမှန်းသိပေလိမ့်မည်။ မေမေ့သမီးမှန်းသိလျှင် ရှင်မ မန္တေလးရောက်သည်ကို သိပေလိမ့်မည်။
" သမီးက အလုပ်လာရှာတာပါဘုရား အလုပ်လုပ်ချင်လို့ပါဘုရား "
" ဟေ ညည်းအသက်ကဘယ်လောက်မို့လို့ အလုပ်လုပ်ချင်ရတာလဲ ဒီအရွယ်က မိဘရင်ခွင်နေရမယ့် အရွယ်ေလ ညည်းကေရာ အလုပ်လုပ်နိုင်မှာ ဟုတ်လို့လား "
" တင်ပါ့ လုပ်နိုင်ပါတယ်ဘုရား သမီးကို အလုပ်မရခင်စပ်ကြားလေး ဒီကျောင်းမှာ ခဏတည်းခွင့်ပြုပါလား ဘုရား "
ရှင်မ စိုးရွံသော်လည်း ဘုန်းဘုန်းကိုခွင့်တောင်းလျှောက်လိုက်၏။
" တည်းလို့ရပါတယ် ကျောင်းမှာက ဧည့်သည်မှမပြတ်တာ ဒါပေမယ့် ညည်းက မိန်းကလေးဖြစ်နေတယ်ကွဲ့ ဧည့်သည်ပြတ်တဲ့အချိန်ကျ ရေရှည်အဆင်မပြေဘူးရယ် အခု ထမင်းမစားရသေးဘူးမဟုတ်လား သွား ဟင်းပေါင်းတွေနဲ့ ထမင်းသွားစားလိုက် "
" တင်ပါ့ဘုရား "
ဘုန်းကြီးစကားအဆုံး ဗိုက်ဆာနေ
သည့်ရှင်မ လှပ်ခနဲပျော်သွားရသည်။
ဘုန်းကြီးကို ဦးချကန်တော့လိုက်ပြီး စားပွဲဝိုင်းပေါ်မှာတင်ထားသည့် ဘုန်းကြီးများစား၍ ပိုသည့် ဟင်းပေါင်းနှင့် ထမင်းကို ခူးခပ်စားလိုက်၏။ ထမင်းစားပြီးသည်နှင့်
ကျောင်းမှာ ဆေးစရာရှိသည့် အရာများကို ရှင်မ ကူပြီး ဆေးကြောပေးလိုက်သည်။ ဘုန်းကြီးက မနေတတ်ဘဲ သွက်လက်သည့် ရှင်မကို ပြုံးကြည့်နေလေ၏။ ကံ့ေကာ်ေကျာင်းက ရောက်ကာစတုန်းကလို ၊ ရှင်မအတွက် စိမ်းသက်မနေတော့ပါ။ ညနေစောင်းလောက်ကျတော့ ဆိုက္ကားဆရာကြီး ဦးဇော်ရှိုင်း ပြန်ရောက်လာသည်။
" ဟေး ကောင်မလေး ညည်းထမင်းစားပြီးပြီလား "
" ဟုတ်ကဲ့ဦး "
" ညည်းအတွက် အလုပ်ရှာပေးနေတယ် သိလား "
" ဟုတ်ကဲ့ဦး "
သည်လိုနှင့် ကျောင်းမှာ ရှင်မ လေးရက်လောက် ကြာလာ၏။ အလုပ်ကမရသေး။ နေစားရိတ် ၊ စားစရိတ်မကုန်သဖြင့် ရှင်မမှာရှိသည့် ပိုက်ဆံ မပွန်းပဲ့သော်လည်း အလုပ်မရသည့်အတွက် တော်တော်စိတ်ဓာတ်ကျမိသည်။
ဘ၀က ထင်သလောက်မလွယ်ပါလားဟု တွေးမိလာ၏။
စိတ်ထဲ မွန်းကြပ်လွန်းသဖြင့် ရှင်မစိတ်ထဲ ရှိသည့်အရာလေးများ ချရေးလိုက်သည်။
" ဘ၀ "
ကြမ်းသလိုခါးတယ်
ခါးသလို ပြန်ချိုဖို့
ငါမာနနဲ့ကြိုးစားပြမယ်
သန်းခေါင်ထက်
ညည့်ပိုမနက်တော့တဲ့ငါ
ဘာတွေကို စိုးရိမ်နေမှာလဲ
သမာအာဇီ၀သာကျပါစေ
မနက်ဖန်တိုင်းအတွက်
ငါစားတဲ့ထမင်းလုတ်ဟာ
အဆိပ်ခတ်ခြင်း ကင်းနေလိမ့်မယ်။
ရှင်မ
ရေးပြီး ပြန်ဖတ်လိုက်၏။ ဟုတ်တယ်။
ငါဘာကို စိုးရိမ်ရမှာလဲ။ ငါ့ဘ၀က တကယ်ပဲ သန်းခေါင်ထက် ပိုညည့်မနက်နိုင်တော့ပါဘူးလေ။ အမေ့အိမ်မှာထက်စာရင် ငါနေရတာ စိတ်ချမ်းသာစရာကောင်းပါတယ်။ အမေ့အိမ်ဆိုပေမယ့် ထမင်းတစ်လုပ်ကို ငါမနားတမ်း အလုပ်လုပ်မှ စားရတာလေ။ ငါစိတ်ဓာတ်ကျလို့မရဘူး။ ငါ့မှာမာနရှိတယ်။ သူတို့ကို ငါမှန်ကြောင်း ၊ မဟုတ်တာမလုပ်ကြောင်း ငါသက်သေပြရဦးမယ်။ ရှင်မစိတ်တွေထဲ အားငယ် ၊ စိတ်ဓာတ်ကျစိတ် အနည်းငယ်လျော့လာ၏။
" ရှင်မရေ လာဦးဟေ့ "
ဘုန်းကြီးအော်ခေါ်သံကြောင့် ရှင်မအိပ်နေရာအခန်းထဲကနေထပြီး ဘုန်းကြီးရှိရာကျောင်း ကူးလာခဲ့သည်။
" အရှင်ဘုရား ရှင်မကို ဘာခိုင်းမလို့လဲဘုရား "
" ခိုင်းဖို့မဟုတ်ဘူးရှင်မရဲ့ ထိုင်ဦး ညည်းကိုပြောစရာရှိလို့ပဲ ညည်းအလုပ်လိုချင်တယ်မဟုတ်လား အလုပ်ဆိုတာ အခုရှာ ၊ အခုမရဘူး လချီကြာရင်ကြာမယ် ညည်းကမိန်းကလေးဖြစ်နေတော့ ဘုန်းကြီးကျောင်းဆိုတာ ရေရှည်အဆင်မပြေဘူး ညည်းကယောက်ျားလေးဆိုရင် ဘယ်လောက်နေနေ ဘုန်းဘုန်းတို့က လက်ခံထားလို့ရတယ် .."
ဘုန်းဘုန်းစကားကြားတော့ ရှင်မရင်ထဲ ၀မ်းနည်းစပြုလာသည်။ ရှင်မကို မထားနိုင်တဲ့အေကြာင်း ပြောမယ်ထင်ပါရဲ့။ ထိုအသိက ရင်ထဲကို အလိုလို၀မ်းနည်းလာစေ၏။ ဘုန်းဘုန်းပြောမည့်စကားအား ဆက်ပဲ နားမထောင်ရဲတော့။
" ဘုန်းဘုန်းညီမက စစ်ကိုင်းသီလရှင်ကျောင်းမှာ ကျောင်းထိုင်ပဲ သူ့ကို ဖုန်းဆက်ထားလို့ ညနေသူလာမယ် သူ့ကျောင်းကို ရှင်မ လိုက်ရမယ် သူ့ကျောင်းမှာနေပြီး အလုပ်အေးဆေးရှာပါ ကြားလား ရော့ ဒါက ဘုန်းဘုန်းကပေးတဲ့မုန့်ဖိုး ယူသွားပါ လိုအပ်တဲ့အချိန်သုံးပါ "
'" ဟင် "
မထင်ထားသည့်စကား ကြားလိုက်ရတော့ ရုတ်တရက် ရှင်မ ဘာပြန်ဖြေရမှန်းမသိပါ။
ကျေးဇူးတင်လွန်းသဖြင့် ဘုန်းဘုန်းကို မော့ကြည့်လိုက် ၊ ကန်တော့လိုက်လုပ်ရင်း ရှိုက်ရှိုက်ငိုမိတော့၏။ မာန်တင်းပြီး နေနေရသည့်စိတ်များကြောင့်သာ အားငယ်စိတ်ကို မောင်းထုတ်နိုင်ခဲ့ခြင်းပင်။
ဘုန်းဘုန်းပေးသည့်မုန့်ဖိုးကို ငြင်းတော့
ဘုန်းဘုန်းက ဆူသည်။
" ကလေးဆိုတာ လူကြီးကေပးရင် ယူရတယ်ကွဲ့ "
" တင်ပါ့ဘုန်းဘုန်း "
ဘုန်းဘုန်းပေးသည့် မုန့်ဖိုးကို ယူပြီး ရှင်မအိပ်ရာ ဧည့်ဆောင် အခန်းထဲ ပြန်၀င်လာ၏။ ညနေလေးနာရီလောက်ကျ သီလရှင်နှစ်ပါး ရောက်လာကြသည်။ ဘုန်းကြီးနှင့် စကားတစ်နာရီလောက်ပြောပြီး ရှင်မကိုလှမ်းေခါ်၍ ထိုသီလရှင်
ထံ ဘုန်းဘုန်းက ရှင်မကို အပ်လေ၏။
ဘုန်းဘုန်းကိုနုတ်ဆက်ကန်တော့ပြီး ရှင်မတစ်ယောက်
စစ်ကိုင်းသီလရှင်ကျောင်းကို ဆက်ပြီးပါလာခဲ့ရေလသည်။
*********
မန္တလေးမြို့။
62 လမ်းမကြီးဘေးရှိ ကြီးမားကျယ်၀န်းသော ခြံကြီးတစ်ခြံ။
ထိုခြံအတွင်းသို့ အသက် ဆယ့်ခြောက် ၊ ဆယ့်ခွန်နှစ်နှစ်အရွယ် ကောင်မလေးတစ်စု၀င်လာကြသည်။ ထိုကောင်မလေးအုပ်စုသည် အားလုံးပေါင်း ခြောက်ယောက်။ အပြစ်ကင်းစင်သည့် အရွယ်များ ဖြစ်ကြ၍ သူတို့ပုံစံလေးများက လွတ်လပ်ပေါ့ပါးနေကြသည်။ သူတို့အဖွဲ့ ခြံထဲရောက်သည်နှင့် အသက် နှစ်ဆယ်၀န်းကျင်ရှိသော ကောင်လေးတစ်ယောက်က ထွက်လာပြီး မေး၏။
" ဘာကိစ္စရှိလို့လဲ ညီမတို့ "
" ဟုတ်ကဲ့ အလုပ်လာလျှောက်ကြတာပါ "
" ဪ လာကြ အဲဒါဆို ဟိုခုံမှာထိုင်ကြနော် မကြာခင် မန်နေဂျာ လာပါလိမ့်မယ် ခဏတော့စောင့်ကြပါ "
ကောင်မလေးတစ်သိုက် ထိုကောင်လေးညွှန်ပြသည့် ခုံပေါ်တွင် ထိုင်လိုက်ကြပြီး ပတ်၀န်းကျင်ကို စိတ်၀င်တစား
ငေးကြည့်ရင်း အကဲခတ်နေကြ၏။
ထိုအထဲကမှ အသားညိုညို မျက်လုံးဝိုင်းဝိုင်းနှင့် ကောင်မလေးက သူ့ဘေးနားမှာရှိသည့် ကောင်မလေးကို မေးလိုက်သည်။
" ဟိတ် နင့်နာမည်က ဘယ်သူလဲဟင် "
မေးလာသည့် ကောင်မလေးကိုကြည့်ပြီး ရှင်မပြုံးပြလိုက်သည်။
" ငါ့နာမည်က နဒီနွေးနွေး နင်ကကော"
" ငါ့နာမည်က ခင်ခင်လင်း အိမ်ကတော့ ခင်လင်းပဲ ခေါ်ကြတယ် "
ခင်လင်းကို ရှင်မ ခေါင်းညိတ်ပြလိုက်သည်။ ခင်လင်းနှင့် ရှင်မမိတ်ဆက်ပြီးတော့ ကျန်ကောင်မလေး လေးယောက်ကပါ အသီးသီးမိတ်ဆက်ကြ၏။ မန်နေဂျာကို စောင့်နေစဉ်အတွင်း လာကာစက မသိကြသည့် မိန်းကလေးခြောက်ယောက်က မိတ်ဆွေ ဖြစ်သွားကြသည်။
နာရီ၀က်ကျော်ကျော်ကြာပြီးမှ မန်နေဂျာရောက်လာ၏။ ရှင်မတို့ကို အင်တာဗျူးပြီး သူသိချင်သည်များ မေးသည်။
" နာမည်က နဒီနွေးနွေး ဟုတ်လား သမီးက ဘာလုပ်ဖူးလဲ အရင်က "
" မလုပ်ဖူးပါဘူး ရှင်မ ကုန်စိမ်း ခဏရောင်းဖူးပါတယ် အခုအဲအလုပ်က အဆင်မပြေလို့ မလုပ်တော့ပါဘူး ရှင်မအတွက် နေစရာ ၊ စားရိတ်ငြိမ်း အလုပ်ကပဲ ပို အဆင်ပြေတာမို့ ဒီအလုပ်ကို လာလျှောက်တာပါ "
" ဟုတ်ပါပြီ အားလုံးကို လကုန်ခါနီး ပြန်ဖုန်းဆက်မယ်နော် အဆင်ပြေကြမှာပါကွယ် "
မန်နေဂျာစကား ကြားတော့မှ ရှင်မမျက်နှာလေး ပြုံးယောင်သန်းသွား၏။ မကြာခင် လောကဓံ၏ အလှည့်အပြောင်းကို ရှင်မ စတင်ရင်ဆိုင်ရတော့မည်။ ရှင်မတို့အုပ်စု အသီးသီး ကိုယ့်နေရာဌာနသို့ ပြန်လာခဲ့ကြ၏။ အားလုံးထဲမှာမှ ခင်လင်းကို ရှင်မ ပိုခင်သည်။ ၊ စစ်ကိုင်းမြို့ထဲသို့ ပြန်ရန် စစ်ကိုင်းသို့သွားသည့် ကားတစ်စီးကို တားစီးလိုက်၏။ စစ်ကိုင်းကုန်းကျော်အလွန်ရောက်သည်နှင့်
စီးလာသည့် လိုင်းကားပေါ်မှဆင်းကာ
ရှင်မတည်းသော သီလရှင်ကျောင်းသို့ လျှောက်လာခဲ့လိုက်သည်။ သီလရှင်ကျောင်းတွင် နေထိုင်ရင်း ရှင်မအလုပ်ရှာနေသည်မှာ တစ်လကျော်ခဲ့ပြီ။ ရှင်မအခြေနေအရ အလုပ်ရွေးရမည့် အချိန်မဟုတ်သဖြင့်
ရသည့်အလုပ်ကို ရှင်မ၀င်လျှောက်ခဲ့သည်။
သီလရှင်ကျောင်းထဲ ရှင်မ ရောက်သည်နှင့် ရှင်မကို ဆရာလေး စန္ဓာသီရိက ကြိုတင်စောင့်နေ၏။
" ရှင်မ အဆင်ပြေခဲ့လားသမီး "
" ပြေမယ်ထင်တယ် ဆရာလေး မန်နေဂျာက ဖုန်းပြန်ဆက်မယ်တဲ့ "
" ဒီမှာနေပြီး လုပ်လို့ရမယ့်အလုပ်တစ်ခုခုဆိုရင်ရော "
ဆရာလေးစန္ဓာသီရိစကားကို ရှင်မ ခေါင်းခါပြလိုက်သည်။ ရှင်မအတွက်က နေစား စားရိတ်ငြိမ်းက ပိုအဆင်ပြေပါလိမ့်မည်။
စစ်ကိုင်းနှင့်မန္တလေးက နေ့စဉ်အသွားလာလုပ်ရန် အဆင်မပြေနိုင်ပါ။
" သွားရလာရ အဆင်မပြေနိုင်လို့ပါဘုရား ပြီးတော့ ရှင်မကိုယ့်ဘ၀ကိုယ် ရပ်ချင်တယ် "
ရှင်မကိုကြည့်ပြီး ဆရာလေး စန္ဓာသီရိက ဆက်မတားတော့ဘဲ ခေါင်းတဆတ်ဆတ်ညိတ်ရင်း သူ့အခန်းထဲ ၀င်သွားလေ၏။ ရှင်မလည်း ရှင်မအိပ်သည့် အခန်းထဲ ၀င်လာလိုက်သည်။
ရှင်မအခန်းက သီလရှင်ငယ်လေး သူ့မြို့သို့ ပြန်သွားသဖြင့် ထိုအခန်းထဲ ရှင်မနေခွင့်ရခြင်းမဟုတ်လား။ စိတ်ပင်ပန်းလွန်းသဖြင့် ရှင်မအခန်းထဲ လှဲလိုက်သည်။ ဘ၀သည် တိုက်ပွဲတစ်ခုပင်။
ရှင်မလည်း ဘ၀တိုက်ပွဲကို မကြာခင် တိုက်ရေပတော့မည်။
*********
နောက်တစ်နေ့ ။
" ရှင်မရေ ဖုန်းဟေ့ "
သီလရှင်ငယ်တစ်ပါးက ရှင်မကိုလှမ်းအော်တော့ လှပ်ခနဲ ပျော်သွားသည်။
ဆေးလက်စ ပန်းကန်တွေကို ပစ်ထားခဲ့ပြီး
ဖုန်းရှိရာ အပြေးလာကိုင်သည်။
" ဟယ်လို အမိန့်ရှိပါရှင် "
ဖုန်းကိုင်လိုက်သည်နှင့် ရှင်မမျှော်လင့်ထားသလို ၊ ရှင်မကို အလုပ်ခန့်ကြောင်း မန်နေဂျာက လှမ်းဆက်ခြင်းပင်။
" ရှင် ဟုတ်ကဲ့ ဟုတ်ကဲ့ပါရှင် ဟုတ်ကဲ့ ကျေးဇူးအများတင်ပါတယ် "
တစ်ဖက်က ဖုန်းချမှ ရှင်မ ပန်းကန်ဆေးရာဆီ ပြန်လာ၍ ပြီးဆုံးအောင် ဆေးလိုက်၏။ အလုပ်ပြီးသည်နှင့် ဆရာလေးစန္ဓာသီရိကို လျှောက်ရန် ဆရာလေးရှိသည့် အပေါ်ထပ်သို့ တက်လာလိုက်၏။
ဆရာလေးကိုမြင်သည်နှင့်
" ဆရာလေး ရှင်မအလုပ်ရပြီ မန်နေဂျာက ဖုန်းလှမ်းဆက်တယ် လကုန်ရင်အလုပ်စ၀င်ရမှာမို့ ရှင်မအဲဒီကို ပြောင်းရမယ် တဲ့ "
" အင်းပေါ့ ရှင်မရေ သွားရမှာပေါ့ အားရင်တော့ ဒီကို ပြန်လာလည်အုံး အဆင်ပြေမပြေဆိုတာလည်း ဖုန်းဆက် ကြားလား "
" ဟုတ်ကဲ့ပါ ဆရာလေး "
ဆရာလေးကို နုတ်ဆက်ပြီး ရှင်မလုပ်စရာရှိသည်များ လုပ်ရန် ပြန်ဆင်းလာခဲ့၏။ ထိုကျောင်း၏ အရိပ်၌ ခို၀င်သည့်နေ့ကစပြီး ရှင်မဘက်ကလည်း လုပ်စရာရှိသည့်အလုပ်များကို
အလိုက်တသိ လုပ်ပေးတတ်သဖြင့် ရှင်မကို တကျောင်းလုံးရှိ သီလရှင်အားလုံးက ချစ်ကြသည်။ ထိုသီလရှင်ကျောင်းလေးက ရှင်မအတွက် အေးချမ်းလှပါသည်။ သို့သော် ရှင်မ လျှောက်ရမည့်လမ်းကို ရှင်မကိုယ်တိုင် ရွေးချယ်ခဲ့သဖြင့် အားလုံးကို ခွဲရပေဦးမည်။
လကုန်ရက်ရောက်ရန် သိပ်မဝေးတော့။
ရှင်မ အ၀တ်စားများကို လျှော်ဖွတ်၍မီးပူပါ တိုက်ပြီး သပ်သပ်ရပ်ရပ် သိမ်းဆည်းလိုက်သည်။ တကျောင်းလုံးက ရှင်မ သွားမည်ဆိုတော့ စိတ်မကောင်းဖြစ်နေကြ၏။ ရှင်မနှင့်ရွယ်တူသီလရှင်ငယ်လေးများက ခဏခဏလာလည်ဖို့ တတွတ်တွတ်ဆိုကြသည်။ တစ်လကျော် အတူနေရသည့် သံယောဇဉ်က ရှင်မရင်ကို တင်းကျပ်စေသော်လည်း ရှင်မဘ၀အတွက် ရှင်မရှေ့ဆက်လျှောက်ရေပဦးမည်။ ရှင်မကိုယ်နှင့်မကွာ အတူရှိတတ်သည့် ဓါတ်ပုံလေးနှစ်ပုံကို ထုတ်ကြည့်လိုက်သည်။ ထိုပုံလေးများကို ကြည့်တိုင်း ရှင်မရင်ထဲ နာကျင်လွမ်းဆွတ်နေမိ၏။ ရှင်မအတွက် မမေ့နိုင်အောင် ကောင်းခဲ့ဖူးသည့် လူသုံးယောက်။ နှစ်ယောက်က ရှင်မအား တစ်သက်တာ သေခြင်းတရားနှင့်ခွဲခွါသွားခဲ့သလို ၊ ကျန်တစ်ယောက်က ရှင်မကို ရှင်ခြင်းနှင့် ခွဲခွါ ထားခဲ့ကြသည်။ ထိုပုံလေးကို ခဏတာမျှ ငေးစိုက်ကြည့်ရင်း
" လောကြီးမှာ ငါအသက်ရှင်နေထိုင်ချင်သေးတဲ့အဓိကအကြောင်းက နင့်ကြောင့်ပဲ သူရိန်ရယ် "
ဟု တိုးတိုးလေးရေရွတ်မိသည်။ ထိုပုံလေးကို ရှင်မဆက်ငေးကြည့်နေမိပြန်၏။ ပုံလေးထဲက ကောင်မလေးနှင့် ကောင်လေးသည် ချစ်စဖွယ်ရယ်နေကြသည်မှာ အပြစ်ကင်းလွန်းလှသည်။
" ရှင်မရေ ဆရာလေး ခေါ်နေတယ် "
သီလရှင်ငယ်တစ်ပါး လာခေါ်သဖြင့် ရှင်မပစ္စည်းများ သိမ်းဆည်းနေရာမှ အပေါ်ထပ်က ဆရာလေးဆီသို့ တက်ခဲ့လိုက်သည်။ ရှင်မကိုမြင်တော့ ဆရာလေးက လှမ်းပြုံးပြရင်းဆိုသည်။
" ထိုင်ဦး ရှင်မ "
ရှင်မခေါင်းညိတ်ပြပြီး ဆရာလေးရှေ့မှာ အသာယာထိုင်လိုက်၏။ ဆရာလေးမိန့်မည့်စကားကို စောင့်နေရင်း ရှင်မက အပေါ်ထပ်သီလရှင်ကျောင်းလေးကို အဓိပ္ပါယ်မဲ့ လိုက်ငေးနေမိသည်။
" ရှင်မ ရော့ ဒါက ဆရာလေးရဲ့ လက်ဆောင် ရှင်မက အလုပ်လုပ်ရမယ်ဆိုတော့ အ၀တ်စား လိုမယ်လေ ဆရာလေး ဟိုနေ့က မြို့ထဲသွားရင်း
ရှင်မနဲ့လိုက်မယ်ထင်တာလေးတွေ ၀ယ်လာပေးတာ ပြီးတော့ ဒါက ငွေသုံးေသာင်း လိုအပ်ရင်သုံးဖို့ အခက်ခဲရှိရင်
ဆရာလေးကျောင်းကို အချိန်မရွေး ပြန်လာလို့ရတယ် ဟုတ်ပြီလား "
ရှင်မ ဘာပြောရမှန်းမသိအောင် ရင်တစ်ခုလုံး နင့်ကျင်အောင် ခံစားလိုက်ရခြင်းပါ။ ရှင်မမျက်၀န်းမှာ မျက်ရည်ကြည်လေးများ အလိုလို ရစ်ဝဲလာရ၏။ လှမ်းမယူသည့်ရှင်မကို ဆရာလေးက " "ယူလိုက်လေ " ဟုထပ်ဆိုသည်။
" ဟင့်အင်း အ၀တ်စားတော့ ရှင်မယူလိုက်ပါ့မယ် ပိုက်ဆံတော့ ရှင်မ မယူရက်ဘူး "
" အမလေးရှင်မရယ် ဘာမှအားနာစရာမရှိဘူး အရေးအကြောင်းဆို သုံးဖို့ ရှိထားရတယ် ဆရာလေးက ရှင်မကို ဒိထက်မက ကူညီချင်တာပါ လိုရမယ်ရ
ဆောင်ထား "
ပြောပြောဆိုဆို ရှင်မကို အတင်းလှမ်းပေးနေသည့် ဆရာလေးကို ကြည့်ပြီး ရှင်မရင်ထဲ ဘယ်လိုကြီးခံစားနေရမှန်းမသိပါ။ သည်ခံစားချက်ကို ရှင်မဖွင့်ဟပြီး မပြောတတ်တော့။ ရှင်မအားနာပါးနာ လှမ်းယူလိုက်မှ ဆရာလေးက သဘောတကျ ပြုံးသည်။ အစစလိမ်မာဖို့ ၊ အနေအထိုင် သတိထားဖို့ ၊ အလိုက်အထိုက် ပေါင်းသင်းဆက်ဆံဖို့ ဆရာလေးက အစစသွန်သင်ဆုံးမသည်။ ဆရာလေးစကားကို ခေါင်းလေးညိတ်ညိတ်ပြီး ရှင်မနားထောင်နေခဲ့၏။ ထိုေန့က ဆရာလေးဆုံးမစကားနားထောင်ရင်း
ညေရာက်တော့ ရှင်မ အိပ်မေပျာ်။ သည်နေရာလေးကို သံယောဇဥ်ဖြစ်ပြီးမှ ရှင်မထပ်မံခွဲရဦးမည်တဲ့လား။ အတွေးနက်နက်တွေကြား ရှင်မအိပ်မောကျခဲ့ရပြန်သည်။
**********
" ရှင်မ "
အ၀တ်အစားအိတ်လေးလွယ်ပြီး ဆိုင်ကယ်တက္ကစီပေါ် တက်ဖို့ပြင်နေသည့်ရှင်မကို ဆရာလေးစန္ဓာသီရိက လှမ်းခေါ်၏။ ရှင်မက မျက်ရည်ဝဲနေသော မျက်၀န်းများနှင့် ပြန်လှည့်ကြည့်လိုက်သည်။
" ဒါက ဆရာလေးကိုယ်တိုင်ချုပ်ထားတဲ့ ခြင်ထောင်လေး ဟိုရောက်ရင် ခြင်ကိုက်မှာစိုးလို့ မန္တလေးက ခြင်တအားကိုက်တာ "
ရှင်မလှမ်းယူလိုက်ရင်း ခေါင်းလေးညိတ်ပြလိုက်၏။ ရှင်မအပေါ် အစစကူညီသော ဒေါ်စန္ဓာသီရိ၏ သံယောဇဉ်ကို မြင်မိတော့ ရှင်မရင်ထဲက အရာတစ်ခုကို တမ်းတမ်းတတ သတိရမိသည်။ ရှင်မပေါ် မေမေဘာလို့မစိုးရိမ်တာလဲ ဆိုသည့်မေးခွန်းက ရှင်မရင်ထဲ အလိုက်မသိ ၀င်လာကြပြန်သည်။ နာကျင်နေသည့်အတွေးကို မောင်းထုတ်ပြီး ဆိုင်ကယ်တက္ကစီ သမားနောက်၌ ရှင်မထိုင်လိုက်၏။ ရှင်မထိုင်လိုက်သည်နှင့် ဆိုင်ကယ်တက္ကစီသမားက မောင်းထွက်လိုက်သလို ၊ ဒေါ်စန္ဓာသီရိနှင့် သီလရှင်ငယ်များက ရှင်မကို လက်ပြရင်း ကျန်ခဲ့ကြလေတော့သည်။
*********