လေကအရမ်းကြမ်းလာ၏။
စိတ်ကိုဒုန်းဒုန်းချလိုက်သည်။ နားထဲတွင် အော်သံများထပ်ကြားလိုက်ရပြန်သည်။
" ခုန်ချလိုက် ခုန်ချလိုက်တော့ မြန်မြန်ခုန်ချလိုက် "
ရှင်မ မျက်၀န်းကို စုံမှိတ်လိုက်၏။ အသက်ကို၀အောင်ရှူလိုက်သည်။ ဘဘနှင့်ဖွားဖွားမျက်နှာအား ရှင်မ မျက်၀န်းထဲ တဖြည်းဖြည်း မြင်ယောင်လာ၏။ ရှင်မကိုရယ်ပြနေပြီး လက်ယက်ခေါ်နေကြသလိုလို။
ရှင်မနုတ်ခမ်းလေးများ ပြုံးယောင်သမ်းလာသည်။ ရှင်မဘာမှမသိချင်တော့။ ရှင်မ ချောက်ထဲကို ခုန်ချဖို့ ကြိုးစားလိုက်လေတော့သည်။
" ရှင်မ "
စူးစူးရှရှအော်လိုက်သည့်အသံများနှင့်အတူ ရှင်မကို ဆတ်ခနဲ လှမ်းဆွဲလိုက်သလိုလို ခံစားလိုက်ရသည်။ ယိုင်လဲသွားသည့်ခန္ဓာကိုယ်ကြောင့် လန့်ဖျပ်ပြီး မှိတ်ထားမိသော မျက်၀န်းများကို ဖွင့်လိုက်၏။ ရွာမှ လူအများကို တွေ့လိုက်ရသည်။ အသိမဲ့နေသလိုလို ပြူးကျယ်ဝိုင်းစက်သည့်မျက်၀န်းများနှင့် အားလုံးကို ရှင်မ ငေးကြည့်နေမိ၏။
" ကံကောင်းလို့ပေါ့ကွာ သီသီလေးပဲ
ချောက်ထဲသာကျလိုက်လို့ကတော့ မတွေးရဲစရာ "
" အသိစိတ်က ပုံမှန်ဟုတ်ရဲ့လား အပမှီနေတယ်နော် ကောင်မလေးက အကြည့်တွေ ပုံမှန်မဟုတ်ဘူး "
" ဒီချောက်က တိရစ္ဆာန်ကျတာတောင် ပြန်ရှာမရတဲ့ ချောက် အောက်မှာ အနက်ကြီး ကြိုးချလို့တောင် ကြိုးအစမဆုံးဘူး ဘယ်လိုဖြစ်လို့ ဒီချောက်ကို
ခုန်ချဖို့လုပ်ရတာလဲ ဒီချောက်ထဲ နွားကျသေတာ ခဏခဏ ကြုံနေရတာကို "
" ရှင်မ နင် တော်တော်ဒုက္ခပေးတာပဲ ငါတို့ဘ၀ထဲကို ဒုက္ခပေးဖို့၀င်လာတာလား "
ရှင်မ၏ပေထွးက စိတ်ဆိုးမာန်ဆိုးအော်ဆူသည်။
လူအုပ်ကြီးက တစ်ယောက်တစ်ပေါက်ရွတ်ရင်း ရှင်မကိုေတာင်ေပါ်မှ ပြန်ဆွဲခေါ်လာကြ၏။ ရှင်မလက်ကို တစ်ယောက်တစ်ဖက်ဆွဲထားသည်ကိုသိသော်လည်း ပြောရမည့်စကားများက လည်ချောင်း၀တွင် တစ်ဆို့ပျောက်ကွယ်နေသည်။
တောင်အောက်ရောက်မှ ပါလာသောထွေလာဂျီနှင့် ပြန်ခေါ်လာကြ၏။ ရှင်မတို့အိမ်နှင့် တောင်ပေါ်က အတော်လှမ်းပါသည်။ လမ်းလျှောက်လျှင် တစ်နာရီမက လျှောက်ရ၏။ တောင်ပေါ်နှင့် ရှင်မတို့လိမ္မော်ခြံနှင့်ပင် နာရီ၀က်လောက်ဝေးသည်။ ရှင်မ၏ ဖထွေးက ဒေါသကြောင့် မျက်နှာကြီး နီမြန်းနေ၏။
အိမ်ရှေ့ရောက်တော့ ထွေလာဂျီက ရပ်သွားပြီး ရှင်မကို လက်ဆွဲခေါ်လာကြသည်။
" မခင်လေးရေ နင့်သမီးတော်ပြန်ပါလာတယ်ဟေ့ "
ရှင်မ ဖေထွး၏ သူငယ်ချင်းဖြစ်သူ ဦးတင်ေမာင်က လှမ်းအော်ပြောသည်။
အိမ်ထဲရောက်သည်နှင့် မိသားစုအားလုံးက ရှင်မကို စိတ်ပျက်စွာကြည့်ကြ၏။
ရှင်မကို ပြန်လိုက်ပို့ကြသည့် ရွာသားများကို ဆိုင်မှ မုန့်များနှင့် ရှင်မမေမေကဧည့်ခံသည်။
" ကလေးကို မင်းပြည့်ခေါ်ပြီး လိပ်ပြာေခါ်ေပးလိုက်အုံး နင့်သမီးက ပုံမှန်မဟုတ်ဘူး လိပ်ပြာငယ်နေပြီး အပမှီနေသလိုလို ဖြစ်နေတာ "
" ဘယ်မှာတွေ့လာကြတာလဲ အဲဂြိုလ်မကို မအေကို သေတဲ့အထိ ဒုက္ခပေးမှာ "
" အဲလိုတော့ဘယ်ဟုတ်ပါ့မလဲ အနည်းကျင်း ချော့ချက်လည်း ပြောကြပါ သူ့ကြည့်ရတာ အသိမရှိသလိုပဲ အတော်လည်း လန့်နေရှာပြီ "
ပြောပြောဆိုဆို ရှင်မကိုပရိတ်ရေများ ဖြန်းပေးပြီး တိုက်လည်းတိုက်ကြ၏။ စိတ်များ ပင်ပန်းလွန်းသဖြင့် ရှင်မဘုရားခန်းကအိပ်ရာပေါ် လှဲလိုက်သည်။ ရှင်မအနား မဟူရာလေးက ရောက်လာပြီး ရှင်မလက်ကလေးကို လာဆုပ်ကိုင်ထား၏။ ဧည့်သည်များ ပြန်တော့ ပွစိပွစိရေရွတ်နေသည့် မေမေ့အသံကိုရှင်မဆက်ကြားနေရ၏။ မျက်၀န်းများကို စုံပိတ်ထားပြီး ရှင်မလက်ကလေးနှစ်ဖက်နှင့် နားကိုပိတ်ထားလိုက်သည်။ ထိုအသံတွေကို ရှင်မမုန်းသည်။ ရှင်မစိတ်ထဲ မကြားချင်ဆုံးအသံများဖြစ်၏။ ရှင်မ မျက်၀န်းကိုစုံမှိတ်ထားရင်း ရှင်မ၏စိတ်များကို အမှောင်ထုထဲပို့ထားလိုက်သည်။ အမှောင်ထုထဲမှာ ရှင်မ ကြိုးစားပမ်းးစား ပြေးနေမိသည်။ ဟုတ်သည် ။ အားလုံးနှင့်ဝေးရာကို ရှင်မပြေးနေမိခြင်း။ ရှင်မမြင်ချင်တွေ့ချင်သည့် ဖွားဖွားနှင့် ဘဘကြီးဆီပဲ ရောက်ချင်နေမိသည်။ သူရိန့်ကိုပါ
အမှောင်ထဲ လိုက်ရှာနေမိသည်။ ရှင်မ မည်မျှ အမှောင်ထုထဲ ပြေးနေမိလဲမသိပါ။
" ရှင်မရေ သမီး ဘဘဒီမှာ "
" ရှင်မ ဒီကိုလာခဲ့ ဖွားဖွားဆီကိုလာ "
ဘဘနှင့် ဖွားဖွားကို မြင်နေရ၏။ ဘဘနှင့်ဖွားဖွားရှိရာ ရှင်မ ခြေကုန်ပြေးလိုက်သည်။ မှီခါနီးတိုင်း ဘဘနှင့်ဖွားဖွားက အဝေးရောက်ရောက်သွား၏။
" ဘဘ ဖွားဖွား သမီးကို မထားခဲ့ပါနဲ့
သမီးကို စောင့်ပါဦးနော် "
ရှင်မက မှီအောင်လိုက်လေ ၊ ဘဘနှင့်ဖွားဖွားက လက်ယက်ခေါ်ရင်း ရှေ့ကသွားပြန်၏။
ရှင်မပါးပြင်မှာ မျက်ရည်များ စီးဆင်းလာကြသည်။
" ဘဘ ဖွားဖွား နေပါဦး ရှင်မကို မထားခဲ့ပါနဲ့ "
ရှင်မ၀မ်းနည်းလွန်းစွာ ငိုမိပြန်သည်။
" ရှင်မရေ ရှင်မ "
ဟင်။ ဒီအသံ ၊ ဒီအသံ သိတာပေါ့ ၊ ရှင်မအမြဲမျှော်လင့်ခဲ့ရတဲ့အသံ ။ ဖြတ်ခနဲ အသံလာရာဆီ ရှင်မ လှည့်ကြည့်လိုက်၏။
အဝေးကနေ လက်ပြနေသည့်အရိပ်တစ်ခု။ သေချာစူးစိုက်ကြည့်တော့ အမြင်အာရုံက ပိုထင်ရှားလာသည်။
ရှင်မနုတ်ခမ်းလေးက အလိုလိုပြုံးလာသည်။ ရှင်မ ခြေလှမ်းတွေကို နောက်ပြန်လှည့်လိုက်ပြီ။
၀မ်းသာအားရ ပြေးသွားရင်း အော်ခေါ်မိလိုက်သည်။
" သူရိန် သူရိန် "
ရှင်မန္ဓာကိုယ်ကို တစ်စုံတစ်ယောက်က လာပုတ်ခတ်နိူးသဖြင့်ဆတ်ခနဲ လန့်နိုးသွားပြီး ထထိုင်လိုက်သည်။
" မမကြီး ရော့ ရေသောက်လိုက် "
ရှင်မဘေးနားမှာ ရေခွက်ကလေးကိုင်ပြီး စောင့်နေရှာသည့် မဟူရာ။ ရှင်မရင်ထဲ လှပ်ခနဲ ၀မ်းနည်းသွား၏။
" မမကြီး သူရိန်က ဘယ်သူလဲဟင် "
" သူရိန်က မမကြီးသူငယ်ချင်းလေ "
မဟူရာခပ်ပေးသည့် ရေခွက်ကို တကျိုက်ကျိုက်နှင့် မော့သောက်လိုက်သည်။
" မမကြီး အိမ်မက်ယောင်ပြီး အော်နေလို့ မဟူရာနှိုးလိုက်တာ "
" မဟူရာက မမကြီးနဲ့လာအိပ်တာလား"
မဟူရာက ရယ်ပြရင်း ခေါင်းညိတ်ပြ၏။
" အင်းပေါ့ မမကြီးရဲ့ မမကြီးကို သနားလို့ မမကြီးကို မဟူရာချစ်တယ် "
" မဟူရာရယ် "
ရှင်မဘေးနား ပြန်လှဲအိပ်နေသည့် မဟူရာကို ရှင်မ လှမ်းဖက်ထားလိုက်၏။
" မဟူရာက မမကြီးကိုချစ်တယ်ပေါ့ "
" ချစ်တာပေါ့ မမကြီးရဲ့ "
" ကျေးဇူးပါ မဟူရာရယ် မမကြီး မခိုးဘူး မမကြီးပိုက်ဆံဆိုတာ မဟူရာယုံတယ်မဟုတ်လားဟင် "
" ယုံတာပေါ့ မမကြီးရဲ့ မေမေတို့က ဘာလို့မယုံလဲ မသိဘူးနော် "
မဟူရာ့စကားအဆုံး ရှင်မ ပါးပြင်ပေါ် မျက်ရည်များ စီးကျလာ၏။
ရှင်မမျက်ရည်များက မဟူရာ့ကိုယ်ပေါ်
ပေါက်ခနဲစီးကျသွားသည်ထင့်။ မဟူရာက စိတ်ပူသလို မေးသည်။
" မမကြီး ငိုနေတာလား မငိုနဲ့နော် တိတ်တော့ မဟူရာအိပ်ချင်ပြီ "
" အေးပါမောင်လေးရယ် "
မဟူရာ့ကိုဖြေရင်း ရှင်မ အိပ်ပျော်အောင် မနည်းကြိုးစားအိပ်လိုက်ရလေသည်။
************
" ပုလဲ ထစမ်း နေဖင်ထိုးအောင် အိပ်နေတာလား ချက်စရာရှိတာ ထချက် "
" ဟာ မေမေကလည်း အိပ်ချင်နေသေးတာကို အစောကြီးရှိသေး "
" အမလေး ဘာစောတာလဲ အခုထစမ်း
ကိုယ့်အိမ်အလုပ်ကို ကိုယ့်ဘာသာလုပ်
ဘယ်သူ့ကိုမှ ခယပြီး အားကိုးနေစရာမလိုဘူး ညည်းကအိမ်ရှင် ကျန်တာတွေက အချိန်တန်ရင် ကျုပ်စည်းစိမ်ရသလောက်မပြီး သွားမယ့်ဟာတွေ ညည်းက လုပ်စရာရှိတာ ထလုပ် "
ရှင်မ တကိုယ်လုံး နာကျင်ကိုက်ခဲပြီး
ကိုယ်ပူနေသဖြင့် မထနိုင်ပါ။ သည်နေ့ ဘုရားဆွမ်းတော်လည်းမကပ်နိုင်တော့။ ရှင်မတစ်ရက် မထနိုင်သည်နှင့် အသံစုံ ကြားနေရသည်။ စောင်းသလို၊ မြောင်းသလို ရေရွတ်နေသည့် မေမေ့အသံက ရှင်မကို အိပ်ရာထဲက ရုတ်ခနဲ ထထိုင်စေသည်။ မဟူရာကပါ ရှင်မနှင့်အတူ လူးလဲထ၏။ ရက်စက်လိုက်တဲ့မေမေ။ ကျုပ်စည်းစိမ်ရသလောက်မပြီး သွားမယ့်ဟာတွေတဲ့။ သူများပစ္စည်းကို အပ်တိုတစ်ချောင်းတောင် မယူတတ်အောင်သင်ခဲ့သည့် ဘဘကို သတိရမိပါ၏။
ဘဘပြုစုပျိုးထောင်ခဲ့လို့ စာရိတ္တကို အသက်နဲ့ထပ်တူ တန်ဖိုးထားတဲ့ရှင်မက ဘဘသမီးဆီရောက်မှပဲ ကိုယ့်ပိုက်ဆံနဲ့ကိုယ် သူခိုးပြန်စွပ်စွဲ ခံရတယ်ဘဘရေ။
စိတ်ထဲက တိတ်တိတ်ရေရွတ်ရင်း အိပ်ရာကထပြီး အိပ်ရာသိမ်းလိုက်သည်။ ဘဘဆီမှာတုန်းက ရှင်မနေကောင်းလျှင် ငါးရံ့ဆန်ပြုတ် ပြုတ်တိုက်ရတာအမော။ အခုတော့။ ဟူး။
သက်ပြင်းမသိမသာချရင်း
မျက်နှာထွက်သစ်လိုက်သည်။ မျက်နှာသစ်ပြီးမှ အခန်းထဲ၀င် ၊ ရှင်မအ၀တ်စားများကို သပ်သပ်ရပ်ရပ်ခေါက်၍ ညောင်တုန်းကပါလာသည့်
ရှင်မအိတ်ကလေးထဲ စီရီထည့်လိုက်၏။ မေမေ့အိမ်မှာနေတုန်း မေမေချုပ်ပေးသည့် အဖြူစိမ်းသုံးစုံကို သပ်သပ်ရပ်ရပ်ခေါက်ပြီး ပုလဲသေတ္တာလေးပေါ် တင်ထားလိုက်သည်။ ရောက်ကထဲက အ၀တ်စားများများမ၀ယ်ဖြစ်သည့်ရှင်မအတွက် အလာတုန်းက အိတ်ကလေးထဲပဲ ထည့်သုံးခဲ့၏။
ကျောပိုးအိတ်လေးထဲက ရှင်မပိုက်ဆံအိတ်အသေးလေးကိုယူ၍ ဖွင့်ကြည့်လိုက်သည်။ မုန့်ထုတ်ခများ စုထားသည့်ပိုက်ဆံထဲမှ အနည်းကျဉ်း ရှိနေသေး၏။
မနက်ကိုးနာရီကျော်မှ မေမေတို့ထမင်းစားကြသည်။ ရှင်မက ၀င်မစားသလို ၊ သူတို့ကလည်း မကျွေးပါ။ အိမ်ရှေ့မှာ ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်ရင်း ရှင်မတစ်ခုခုကို ဆုံးဖြတ်မှ ရတော့မည်။ သည်အိမ်မှာဆက်နေရန် ဘယ်လိုမှအဆင်မပြေနိုင်တော့။ ရှင်မပိုက်ဆံလေးတောင်းပြီး ညောင်တုန်းပြန်ရန် ဆုံးဖြတ်လိုက်သည်။ အခုတလောမှ ၀ယ်ထားသည့် အိမ်ရှေ့က သံတိုသံစနှင့် ပုလင်းပုံကြီးကို ဘာရယ်မဟုတ် အဓိပ္ပါယ်မဲ့ ငေးကြည့်နေမိ၏။
အားလုံး စားသောက်ပြီးသည့်အချိန်ကို
ရှင်မစောင့်သည်။ အားလုံးပြီးစီးကြပြီး
ပုံမှန်လုပ်စရာရှိသည်များ လုပ်နေမှ ရှင်မ အိမ်ထဲပြန်၀င်လာလိုက်၏။
" မေမေ "
ရှင်မခေါ်လိုက်တော့ ထမင်းစားပြီးခါစ လက်ဆေးပြီး လက်သုတ်နေသည့် မေမေက ရှင်မကို လှည့်ကြည့်သည်။
" ဘာလဲ "
ပြီး အသံမာမာနှင့် ထူးသည်။
" သမီးကို သမီးပိုက်ဆံ ပြန်ပေးပါမေမေ သမီးညောင်တုန်းပြန်မလို့ "
" ဘာ "
ချက်ချင်း မေမေ့မျက်နှာက ဒေါသမျက်နှာ ပြောင်းသွားသည်။ ရှင်မအားစားတော့မတတ် ၊ ဝါးတော့မတတ် ကြည့်ရင်း အော်၏။
" ညည်း တော်တော်မျက်နှာပြောင်တိုက်တာပါလား ရှင်မ ညည်းကို ပြန်ပေးရအောင် ကျုပ်ကအရူးလား သူခိုးမရဲ့ "
" မေမေ "
ရှင်မစိတ်အတိုဆုံးက ရှင်မကို ထိုသို့စွပ်စွဲခြင်းကိုပင်။
" သမီးကို အဲလိုမခေါ်နဲ့နော် သမီးမကြိုက်ဘူး အဲဒီပိုက်ဆံ မေမေတို့ပိုက်ဆံ ဟုတ်မဟုတ် မေမေတို့သိတယ်
ဒီပိုက်ဆံက ဘဏ်ထုတ် အသစ်ကျက်ကျွတ်ဘဏ်စက္ကူတောင် မခွာထားဘူး မေမေတို့ဆီ ခိုးရင် ဒီလိုပိုက်ဆံထွက်လာမလား သေချာစဉ်းစားပြောပါ
အဲဒါသမီးပိုက်ဆံပြန်ပေး သမီးပြန်ဖို့ ပိုက်ဆံလိုတယ် ပြန်ပေးပါ "
ရှင်မစကားကြားတော့ မေမေတွေခနဲဖြစ်ပြီး ခဏငြိမ်သွားသည်။ ပြီးမှ
" အဲဒါဆို ဒီပိုက်ဆံ ညည်းဘယ်ကရလဲ ပြော ညည်းပြောတာဖြစ်နိုင်ရင် ကျုပ်လက်ခံမယ် "
ဟု ဆိုသည်။ ဖြတ်ခနဲ မခံချင်စိတ်ကြောင့့် ရှင်မနုတ်က ပြောတော့မည့်ပုံ ကြံရွယ်လိုက်သော်လည်း ကားပေါ်အတက် ဦးမြင့်ဆွေမှာသည့်စကားကို နားထဲပြန်ကြားယောင်လာ၏။
" သမီး ရှင်မ ဒီပိုက်ဆံက သမီးဘဘ သစ်ရှယ်ရာ၀င်အမြတ်ငွေ ၊ ဒီပိုက်ဆံကို သေချာသိမ်းထား အရေးကြောင်းလိုအပ်လာရင်သုံး ဒီကိစ္စကို သမီးမေမေလုံး၀မသိစေနဲ့ သိလို့မရဘူး ဘယ်လိုအေကြာင်းနဲ့မှ ဖွင့်မပြောနဲ့ ကြားလား "
ဘာကြောင့် ဦးမြင့်ဆွေမှာပြီး မသိစေချင်သည့်အေကြာင်းကို ထိုအချိန်က ရှင်မသေချာနားမလည်ခဲ့ပါ။ ရှင်မ ဖြေမည်လုပ်ပြီးမှ နုတ်ခမ်းကို တင်းတင်းပြန်စေ့လိုက်၏။
" ညည်းမဖြေနိုင်ဘူးမဟုတ်လား
ညည်းမဖြေနိုင်ရင် ဒီပိုက်ဆံက ကျုပ်တို့ပိုက်ဆံပဲ "
မေမေ့တစ်ဖက်သက်စကားက ရှင်မစိတ်ကို ပိုဒေါသထွက်စေသည်။
" ရှင်ဟာလေ အမေတစ်ယောက်လုပ်ပြီး ငွေနဲ့ပက်သက်လာရင် သားသမီးတောင် ငဲ့ညှာရမှန်းမသိတဲ့ အမေ "
ရှင်မစကားကြားတော့ မေမေကဆုန်ပေါက်ပြီး နင်းအော်သည်။
" ဟင် ကောင်မ နင် နင် ငါ့ကို စော်ကားတာများနေပြီ နင်တော်တော်ရိုင်းတဲ့ဟာမ နင်ကပဲ ရိုင်းနိုင်မလား ငါကပဲ အဲဒီသောက်ကျင့်ကို ချွတ်နိုင်မလား ပြမယ် ကောင်မ "
စိတ်တိုဒေါသကြီးပြီး ရှင်မဆီ မေမေပြေးလာေတာ့ ရှင်မဆတ်ခနဲ တုန်သွား၏။ အပြစ်မရှိဘဲ ရှင်မထပ်အရိုက်မခံနိုင်တော့ပါ။ အိမ်အပြင် ပြေးထွက်ပြီး အိမ်ရှေ့မှာ ပုံထားသည့် ပုလင်းအများထဲမှ တွေ့ရာပုလင်းတစ်လုံးကို ကောက်ယူလိုက်သည်။
" ဟဲ့ ကောင်မ လာစမ်း မပြေးနဲ့ ဒီနေ့ နင့်ကိုသတ်ရမှ ကျေနပ်မယ် "
မေမေ့အော်သံကြောင့် ဆိုင်ထဲက ပုလဲနှင့် ဦးနိုင်တို့ပါ ပြေးထွက်လာကြ၏။
ဆိုင်မှာလည်း ဈေး၀ယ်အချို့က ရှိနေကြသည်။
" ခွမ်း "
အိမ်ရှေ့ တံခါးနှင့် ပုလင်းကို ရိုက်ခွဲပစ်လိုက်သဖြင့် ရှင်မဆီ ပြေးလာေနသည့် မေမေ့ခြေလှမ်းများ ရပ်သွားသည်။
" ဟဲ့ ရှင်မ နင်ရိုင်းလှချည်လား နင်မအေကို ပြန်လုပ်မယ်ပေါ့ ဟုတ်လား "
ဦးနိုင်က သူ့မိန်းမနား ပြေးလာပြီး ရှင်မကို အော်လိုက်သည်။
" ရှင်တို့ကရော မရိုင်းလို့လား ရှင်မကို ရိုင်းအောင်သင်ေပးတာ ဘယ်သူတွေလဲ ရှင်တို့သင်ေပးတာလေ ခွေးတောင် ချောင်ပိတ်ရိုက်ရင် ပြန်ကိုက်တတ်တယ် ရှင်မက လူရှင့်....."
" ရှင်မဘယ်လောက်ရိုင်းရိုင်း မွေးထားတဲ့အမေကိုတော့ ပြန်မလုပ်ဘူး မွေးထားတဲ့ မွေးကျေးဇူးကြောင့်ပဲ ရှင်တို့အေကြာင်းမဲ့နှိပ်စက်တာလည်း
မခံနိုင်တော့ဘူး...."
" ရှင်တို့ ရှေ့မတိုးလာနဲ့နော် ကျွန်မအသားကို နာအောင်ထပ်လုပ်ဖို့ မကြိုးစားနဲ့ ရှင်တို့ရှေ့တိုးလာတာနဲ့ ဟောဒီမှာတွေ့လား ပုလင်းကွဲ ရှင်မ ကိုယ့်လည်ပင်းကိုယ် ထိုးစိုက်ပစ်ပြီး အသေခံလိုက်မယ်.... "
ရှင်မစကားအဆုံး ပုလဲက ၀င်အော်သည်။
" အရူးမ သူခိုးမ ငါတို့မိသားစုကို စိတ်ဆင်း ရဲအောင်လုပ်တဲ့အရူးမ "
ပုလဲကို မုန်းတီးသည့် မျက်၀န်းများနှင့်စိုက်ကြည့်ပြီး ရှင်မအော်လိုက်၏။
" နင့်ပါးစပ်ကိုပိတ်ထား ပုလဲ "
ပုလဲကို ရှင်မအော်လိုက်တော့ ဦးနိုင်က ၀င်ပြောသည်။
" တိတ် ပုလဲ၀င်မပြောနဲ့ လူကြီးတောင်လူကြီးမှန်းမသိတဲ့ဟာမလေးကို တုပြောမနေနဲ့ သူလို သေမထူးနေမထူးနဲ့ နင်တုဖြစ်စရာမလိုဘူး "
ယောက်ျားမဆန်ဘဲ ၀င်ပြောနေသည့် ဦးနိုင်ကို ကြည့်ရင်း ရှင်မ ခံပြောလိုက်၏။
" ဟုတ်တယ် ရှင်မ ဘ၀က ရှင်တို့ဆီမှာ နေနေရကထဲက သေမထူး နေမထူးဘ၀ရောက်ရတာ
သေရမှာလည်း ကြောက်မနေဘူး "
ရှင်မတို့ဆိုင်နားကို ပတ်၀န်းကျင်မှလူများ တဖြည်းဖြည်းရောက်လာပြီး ဝိုင်းအုံေနကြသည်။
" ရန်ကုန်သူလေး အဲဒီပု
လင်းကွဲကြီး ချလိုက်ပါ "
ဈေး၀ယ်အချို့က ၀င်ပြောရင်း လှမ်းတားကြ၏။
" ငါ့ကို တမင် သောက်ရှက်ခွဲနေတာ အဲဒီကောင်မ "
လူအုံလာသဖြင့် မေမေ့မျက်နှာက ပိုဒေါသဖြစ်လာပုံနှင့် ထပ်အော်သည်။
" အဲဒီလိုဖြစ်အောင် ဘယ်သူလုပ်တာလဲ
အမေဖြစ်ပြီး ရှင်လုပ်တာလေ ရှင့်ဗိုက်ထဲက မွေးထားတဲ့ သားသမီးချင်းအတူတူ ဘယ်သူခွဲခြားဆက်ဆံတာလဲ
ကိုယ်မမွေးနိုင်ဘဲနဲ့ မိခင်မေတ္တာမပေးနိုင်ဘဲနဲ့
ဒီကို ဘာလို့အတင်းခေါ်လာကြတာလဲ "
ရှင်မ စကားအဆုံး မေမေက ရှင်မဆီ အတင်းလာရန်ကြိုးစားသဖြင့် ဦးနိုင်က အတင်းထပ်ဆွဲထား၏။
" လွှတ်စမ်းပါ ဒီကောင်မကို အသေသတ်မှအေးမယ် "
" လာသတ်လေ သေအောင်သတ်ပစ်လိုက် အသေခံရဲတယ် ကျွန်မ ပါးကိုတော့ မရိုက်နဲ့ ရှင်တို့အိမ်မှာလည်း မနေပါဘူး
ရှင်မပိုက်ဆံ ပြန်ပေးပါ ရှင်တို့ပိုက်ဆံမဟုတ်မှန်းသိရက်နဲ့ ရှင်တို့ယူထားတာ
မိဘက သားသမီးကို ပေးတာပဲ ကြားဖူးတယ် သားသမီးပိုက်ဆံကို ရချင်
လို့ သူခိုးယိုးတယ်"
" ဟဲ့ ရှင်မ နင်တော်တော့ "
" မတော်နိုင်ဘူး ဦးနိုင်ကရော ဘာထူးလဲ လူစိတ်ရှိလို့လား သားသမီးချင်းအတူတူ ရှင်မကိုကျ ရှင့်သမီးအရင်းမဟုတ်လို့ မီးဖိုချောင်မှာ ထားချင်တာလေ ရှင့်သားသမီးတွေပဲ ကျောင်းထားေပးချင်တာမဟုတ်လား ..."
" ရတယ် ရှင်တိုသိပ်မက်နေရင် အဲဒီပိုက်ဆံကို မတရားယူ ထားလိုက်ပါ
ရှင်တို့အိမ်ပေါ်က ပိုက်ဆံမပါဘဲဆင်းပြမယ် ...."
ရှင်မစကားအဆုံး မေမေကထပ်အော်ေပြာသည်။
" အရိုင်းစိုင်းမ နင့်ဘ၀မှာ အမေရှိတယ်လို့မသတ်မှတ်နဲ့ ငါ့ဘ၀မှာ နင်သေသွားပြီ "
" စိတ်ချပါ ရှင်မကလည်း ရှင်တို့မိသားစုကို သေအောင်ပြတ်တယ် ဟုတ်တယ် ရှင်မက အရိုင်းစိုင်းမပါ ဒေါ်ခင်လေး သူ့ကိုေမွးထုတ်ထားတဲ့အမေကမှ မယဉ်ကျေးတာ သူ့သမီးရိုင်းတာ ဆန်းလား "
သူ့ကို ကတ်ကတ်လန်အောင်ရန်ပြန်တွေ့နေသဖြင့် မေမေ
ဒေါသူပုန်ထနေသည်။
" နင့်အ၀တ်အစားတွေယူပြီး ငါတို့အိမ်ကထွက်သွား ဘယ်တော့မှ လာမပက်သက်နဲ့ "
" ဟုတ်ကဲ့ မပက်သက်ပါဘူး စိတ်ချ
ရှင်မဆိုတဲ့ ကျွန်မက ရှင့်ထက်မာနပိုကြီးတယ် ရှင့်အိမ်ထက်စာရင် တခြားဘယ်နေရာဖြစ်ဖြစ်သာမှာပါ ရှင်သာ
ငါ့လုပ်ရပ်မှန်တယ်ဆိုပြီး တစ်သက်လုံးဂုဏ်ယူပြီး ၀မ်းသာနိုင်ပါစေ ဘယ်တော့မှ နောင်တ မရပါစေနဲ့
အားလုံးကို စိတ်နာပေမယ့် ရှင်မခွင့်လွှတ်နိုင်သေးတယ် ခွင့်လွှတ်လို့ရသေးတယ် "
ပြောလက်စ စကားကို ခဏနားပြီး မေမေ့မျက်နှာကို ရှင်မ သေချာစိုက်ကြည့်ေနမိသည်။ ပြီးမှ နာနာကျင်ကျင် တစ်လုံးချင်း ပြောလိုက်၏။
" အမေရင်းဖြစ်တဲ့ ရှင့်ကို သိပ်မုန်းတယ်"
နောက်ဆုံးစကားတစ်ခွန်း ပြောပြီးသည်နှင့် ပုလဲအခန်းထဲက ရှင်မအ၀တ်အစားအိတ်ကိုယူ ၊ ကျောပိုးအိတ်လေးကို လွယ်ပြီးထွက်ခဲ့လိုက်၏။ အဖြူစိမ်းသုံးစုံနှင့်
ဘေလ်ထုတ်အနွေးထည်အထူတွေကိုတော့ ပုလဲသေတ္တာပေါ်မှာ တင်ထားခဲ့၏။ အရာအားလုံးကို သံယောဇဉ်ဖြတ်၍ အားလုံးကို ကျောခိုင်းထားခဲ့ပြီး ခြေလှမ်းကို ခပ်သွက်သွက်လှမ်းလိုက်သည်။
" မမကြီး မမကြီး "
ငိုသံစွက်ပြီး လှမ်းခေါ်သည့်မဟူရာ့အသံကြားလိုက်ရသည့် တခဏ ခြေလှမ်းက တန့်သွားသည်။ မဟူရာကို ပြန်လှည့်ကြည့်ချင်သည့်စိတ်ကို ချိုးနှိမ်ရင်း လမ်းမထက် တရွေ့ရွေ့ဆက်လျှောက်ေနမိတော့သည်။
*******
နာရီ၀က်၀န်းကျင် လျှောက်ပြီးနောက် သူငယ်ချင်း သူဇာအေးတို့အိမ်ရှေ့ရောက်လာခဲ့၏။ ရှင်မပုံစံကို မြင်တော့ သူဇာအေးက အံ့ဩသလိုကြည့်သည်။
" ရှင်မ နင်ဘာဖြစ်လာတာလဲ "
ဓနုသံဝဲဝဲနှင့် နုတ်ဆက်လိုက်သည့် သူဇာ့အသံကြားတော့ ရှင်မပြန်ပြုံးပြလိုက်၏။
" ငါအိမ်ပေါ်က ဆင်းလာတာ "
" ဟင် ဘယ်လိုဖြစ်ရတာလဲဟာ "
" ငါညောင်တုန်းပြန်တော့မယ် လောဆယ် ငါ့မှာ ပိုက်ဆံမရှိဘူးဟာ နင်ကူညီနိုင်မလားဟင် "
ရှင်မစကားအဆုံး သူဇာမျက်နှာက တခဏတွေသွားသည်။ ပြီးမှ
" လာ အိမ်ပေါ်ခဏတက် ငါမေမေ့ကို ပြောလိုက်ဦးမယ် "
ဟုဆိုပြီး ရှင်မကို အိမ်ပေါ်ခေါ်သည်။
သူဇာ့နောက်လိုက်လာရင်း ဗိုက်ထဲကတကျုတ်ကျုတ်မြည်သံေကြာင့် မနက်စာ မစားရသေးတာ သတိရလိုက်၏။
" အေးပါ သူဇာ လောဆယ် ငါ့ကိုထမင်းကျွေးပါလား ငါဗိုက်အရမ်းဆာလို့ "
" အေး လာရှင်မ ဟင်းတော့မကောင်းဘူး "
" ရတယ် ဗိုက်ပြည့်ရင် ပြီးရော "
သူဇာခူးခပ်ကျွေးသည့် ထမင်းကို အားရပါးရစားလိုက်သည်။ အခုမှ ခေါင်းထဲ ရိပ်ရိပ်မူးဝေပြီး ခေါင်းကိုက်သည်များ သက်သာသွားသည်။
သူဇာဘယ်လိုပြောလိုက်လဲမသိ။ သူဇာ့မေမေက ကူညီပြီး ငွေတစ်သောင်းရှာပေးခဲ့၏
" သမီးမန္တလေးကနေ လှည့်ပြန်နော်
အန်တီ ငွေတစ်သောင်းကူညီလိုက်မယ်
ပြန်ဆပ်ဖို့မလိုဘူး ဒီည အန်တီ့အသိ ပဲကားဒိုင်နာတစ်စီး မန္တလေးကို သွားမှာ သမီးလိုက်သွားလိုက်ပါ ကားခမယူဖို့ အန်တီပြောထားမယ် မန္တလေးရောက်ရင် အန်တီတို့ တည်းနေကြ ဘုန်းကြီးကျောင်း ချပေးလိမ့်မယ် အဲဒီမှ ညအိပ်တည်းပြီး ကျွဲဆည်ကန် ကား၀င်းကိုသွားပြီး ရန်ကုန်ကို ကားစီးလိုက်သမီး သူဇာ ညဘက်တအားအေးတယ် သမီးသူငယ်ချင်းကို သမီးအနွေးထည်တစ်ထည် ပေးလိုက်ပါ "
သူဇာဝတ်သည့် အနွေးထည်းတစ်ထည်ကိုလည်း ပေးလိုက်သည်။ ဒုက္ခရောက်နေချိန် ကူညီသည့်အတွက် ရှင်မ အရမ်းကျေးဇူးတင်မိရသည်။
" ကျေးဇူးပါအန်တီ တစ်နေ့နေ့ သမီးအလည် လာခဲ့ပါဦးမယ်နော် "
" အချိန်မရွေးပါသမီးရေ အန်တီတို့အိမ် လာတည်းနိုင်ပါတယ် "
နောက်ဆုံး မန္တလေးသွားမည့် ပဲအိတ်များ စုတင်သည့် ဒိုင်နာနှင့် အပ်ပြီး သူဇာ့မေမေက ရှင်မကို တင်ပေးလိုက်၏။ ကားက ပဲအိတ်အပြည့်တင်ထားသဖြင့် ရှင်မကို ကားရှေ့ခန်း၌ပင် ပဲကုန်သည်အဒေါ်ကြီးနှင့် အတူစီးစေပြီး စပါယ်ရာက ကားခေါင်မိုးပေါ်မှ လိုက်သည်။
သူဇာတို့သားအမိကို လက်ကလေးပြ၍ ရှင်မနုတ်ဆက်လိုက်၏။ ရှင်မသည် မွန်းကြပ်ပိတ်လှောင်ပြီး နာကျင်စရာကောင်းသည့် လှောင်ချိုင့်မှ လွတ်မြောက်လာသည်ဟု စိတ်ထဲ ခံစားနေရသည်။ တစ်ခါမှမရောက်ဖူးသည့်မန္တလေးကို ရှင်မ မကြာခင် ရောက်ဖူးပေတော့မည်။
ပဲအိတ်အပြည့်တင်လာသည့် ဒိုင်နာကားက တရွေ့ရွေ့ပြေးနေ၏။ တောင်ဆင်း ၊ တောင်တက်လမ်းဖြစ်သလို လမ်းက ချိုင့်ခွက်လည်း ပေါသည်။
ဂလုံး၊ ဂလွမ်အသံများလည်း အဆတ်မပြတ် ကြားနေရသည်။ ကားပြတင်းမှန်မှတစ်ဆင့် အပြင်မှ သစ်ပင်ရိပ်များအား
မသဲကွဲသော်လည်း ငေးပြီး လိုက်လာ၏။ ရှင်မဘေးနားမှ ပဲကုန်သည် ဓနုမကြီးက ကားသမားနှင့် တလမ်းလုံး စကားပြောလာကြသည်။
မကြာခင် မန္တလေးကို ရောက်ရပေတော့မည်။
မန္တလေးသည် မည်သို့ပုံစံလဲ။
အတွေးနှင့်ပုံဖေါ်ရင်း......။
***********