book

Index 13

အခန်း ၁၃

" ဖြန်း ဖြန်း "

ရှင်မပါးပြင်၌ ပူခနဲ ဖြစ်သွား၏။
မေမေ့ရိုက်ချက်အရှိန်က ပြင်းလွန်းသဖြင့် ရှင်မမျက်နှာလေး ချာလည် လည်သွားသည်။

" ညည်းကလဲ အမှားလုပ်သေးတယ် အငယ်တွေကို ရိုက်သေးတယ် ညည်းက ဘာလူပါး၀တာလဲ ရှင်မ ပြော ညည်းကိုဒီခေါ်လာတာ ငါ့သားသမီးတွေကို နှိက်စက်ဖို့မဟုတ်ဘူး ညည်းတစ်ယောက်အတွက်နဲ့ ငါ့မိသားစုကိုလည်း ငါအပြိုပျက် မခံနိုင်ဘူး အေး ညည်းအိမ်မှာ 
လည်း ငါတို့မိသားစုက လိုက်နေ‌ေနတာမဟုတ်ဘူး ငါ့အိမ်မှာ ညည်းလာနေနေတာ 
ငါ့အိမ်မှာလာနေရင် ငါ့စည်းကမ်းအတိုင်း ညည်းနေ ငါ့သားသမီးတွေသည်းညည်း ညည်းခံ မခံနိုင်ရင် အိမ်ပေါ်ကဆင်း ..."

"ငါတို့များမရှိရင် ငါ့သားသမီးတွေကို ညည်းဘယ်လောက်အနိုင်ကျင့်မလဲ
ပြောစမ်း ရှင်မ ညည်းက ဘယ်သူ့အားကိုးနဲ့ လူပါးလာ၀နေရတာလဲ မလုပ်ချင်လို့ ညည်းကို ကြည့်နေတာ ပါးစပ်နဲ့ပြောနေတာ ဒါကိုညည်းက မခန့်လေးစား ငါ့ကိုလာလုပ်ပြနေတာ "

‌ေပြာပြောဆိုဆို ရှင်မဆံပင်များကို မေမေလာဆွဲဆောင့်၏။ ရှင်မကျောကို တဘုန်းဘုန်းထုသည်။ နာကျင်မှုကြားက အင့်ခနဲ ကြိတ်ရှိုက်လိုက်မိ၏။

" ငါ့လုပ်စာတက်စားရင်ကောင်းကောင်းတက်စား လူပါး၀ပြီး လာမစားနဲ့
ဒီမှာ ရှင်မ နင်ကလေ ငါ့ကို တစ်သက်လုံး ကောင်းကျိုးပေးမယ့်သမီးမဟုတ်ဘူးသိလား နင့်ကိုယ်၀န်ကို ဖျက်ချထဲက ပျက်ကျလိုက်ရမှာ နင့်အဖေအတိုင်း ငါ့ဘ၀ကို ဖျက်ဆီးမယ့်ဟာတွေ နင်ရောက်လာကထဲက သာယာနေတဲ့ငါ့မိသားစု စစိတ်ဆင်းရဲနေရပြီ ငါတို့လင်မယား တကျက်ကျက် ရန်ဖြစ်နေရပြီ နင်က ငါ့အတွက် ရတနာမဟုတ်ဘူး ရတာနာ သိလား "

ရှင်မကို ပက်ပက်စက်စက်ပြောနေသည့် မေမေ့ကို ရှင်မ နာနာကျည်းကျည်း ပြန်ကြည့်နေမိ၏။ အရာရာကို ရှင်မ စိတ်နာရသည်။
အသားနာကျင်ရသည်ကို ရှင်မ ခံနိုင်ပါ၏။ ရှင်မရင်ဘတ်ထဲ နာကျင်ရသည်ကို ပိုမခံစားနိုင်ပါ။ ပါးပြင်ပေါ်စီးကျလာသည့် မျက်ရည်များကိုသာ ပွတ်သုတ်လိုက်သည်။ ပြောလို့အားရ‌ေတာ့ ရှင်မကျောကို တဘုန်းဘုန်းထပ်ထု၏။ မေမေလုပ်သမျှ ကျောက်ရုပ်တစ်ရုပ်လို ရှင်မ ငြိမ်ခံနေမိသည်။ ရှင်မမှားသည်ပဲ မေမေထင်နေတယ်မဟုတ်လား။ မေမေ့သမီးပြောတာပဲ မေမေယုံတယ်မဟုတ်လား။ ရှင်မဘက်မှာ ရပ်တည်ပေးမယ့်သူမှ မရှိတာ။ ရှင်မပြောလည်း
ရှင်မအလွန်ပဲ မဟုတ်လား။ ရှင်မကို အိမ်ပေါ်က နှင်ချတာ ရှင်မမုန်းတယ်။
ရှင်မအမုန်းဆုံးစကားပဲမေမေ။ ရှင်မမှာ သွားစရာနေရာ ၊ သွားစရာအိမ်မှ မရှိတာ။ ရင်ထဲမှာတော့ စကားများစွာကို တတွတ်တွတ်ရွတ်နေမိသည်။ ထိုနေ့ညက ရှင်မတစ်ကိုယ်လုံး
နာကျင် ကိုက်ခဲနေ၏။ အားလုံးအိပ်ချိန်မှ ခြံထဲသွားပြီး တသိမ့်သိမ့်ရှိုက်ငိုနေမိသည်။
ဘဘရေ။ ရှင်မလွမ်းတယ် ဘဘရယ်။ 
ရှင်မဆီ ပြန်လာပေးပါလား။ ဒါမှမဟုတ်လည်း ဘဘနောက် ရှင်မလိုက်လာမယ်လေ။ ရှင်မ မနေချင်တော့ဘူး ဘဘရယ်။ ဘဘကြားလေမလား မျှော်လင့်ချက်နှင့် ရှင်မ တတွတ်တွတ်ရွတ်ရင်း ထိုညကလည်း အိပ်မပျော်ဘဲ မိုးလင်းရသည်။ 
နောက်နေ့မနက်ကျ မဟူရာတစ်ယောက်ကလွဲလျှင် ရှင်မကို မကြည်ဖြူကြပါ။ လုပ်စရာရှိသည်များ ရှင်မလုပ်သည်။ ပြောစရာရှိသည်များ လိုအပ်လျှင် ပြောသည်။ ရှင်မသည် မေမေတို့မိသားစုအား ရှောင်ဖယ်လာမိ၏။ သည်မိသားစုသည် ရှင်မမိသားစုမဟုတ်ပါ။ ထိုအသိက ရှင်မရင်ထဲ ရိုက်သွင်းခံလိုက်ရ၏။ တကယ့်အရေးကြောင်းကြုံလာသည့်အခါကျ အရင်းချာသည်သာ ‌ေသွးရင်းကြသည်မဟုတ်လား။ အမှန်တရားမရှိသည့် သည်မိသားစုအား အမှန်တရား ဘာဆိုသည်ကို ရှင်မ မရှင်းပြပါ။ အလုပ်အားသည်နှင့် စာကိုပိုကျက်၏။ စာကိုပိုကြိုးစားသည်။ ရှင်မဆယ်တန်းအောင်ချင်သည်။ ဘဘဖြစ်စေချင်သည့်အရာအား ရှင်မလုပ်ပေးနိုင်ရမည်။ ကျောင်းမှ မီးမီးငယ်နှင့် သူဇာထွေးပင် အိမ်အကြောင်း ရှင်မ ဘာမှမပြောပြခဲ့ပါ။
ထိုအချိန်ကစပြီး ပုလဲကိုတော့ ရှင်မ စကားမပြောဘဲ နေခဲ့သည်။ 
ညအိပ်လျှင် ပုလဲနှင့်တစ်ခန်းထဲ မအိပ်တော့ဘဲ ဘုရားခန်းမှာ ထွက်အိပ်၏။ စိတ်စွဲကြီး‌သည့် ရှင်မ၏ ရင်ထဲ၌ အရာရာကို မေ့မရ။

" ညည်းက ဘုရားခန်းဘာလို့ထွက်အိပ်တာလဲ "

မေမေ့အမေးကို ရှင်မဖြေလိုက်၏။ "

"စာမေးပွဲနီးလာလို့ စာလွတ်လွတ်လပ်လပ် ကျက်ချင်လို့ပါ "

မေမေဘာမှ ဆက်မပြောတော့ပါ။ မဟူရာလေးက ရှင်မဘေးနား အတူလာအိပ်ပေး၏။ ညကျလျှင် ရှင်မကို ဖက်အိပ်တတ်သည့် မဟူရာလေးကိုတော့ ရှင်မသိပ်ချစ်သည်။ ရှင်မအတွက် တစ်ခုတည်းသော နှောင်ကြိုးလေးပင်။
ထိုနှောင်ကြိုးလေးနှင့်သာ နာကျင်သမျှ စိတ်အချို့အား ရှင်မဖြေသိမ့်တက်လာသည်။

*******

ရှင်မ စာမေးပွဲဖြေရပြီ။
ဖြေနိုင်ပါသည်။ ရှင်မအောင်မည်ကို 
ယုံကြည်လေ၏။ ဆယ်တန်းအောင်ပြီး
ဘွဲ့ရတစ်ယောက်ဖြစ်ခဲ့လျှင် ရှင်မသွားလိုရာကို လွတ်လွတ်လပ်လပ် သွားခွင့်ရမည်။ ငှက်တစ်ကောင်ကဲ့သို့ ရောက်ရာ ပေါက်ရာ ပျံသန်းနိုင်မည်။ စာမေးပွဲနောက်ဆုံးနေ့က သူဇာနှင့် မီးမီးက လျှောက်လည်ရန်ပြောသည်။

" ငါ့အိမ်က နင်တို့အိမ်နဲ့မတူဘူးဟ ငါအိမ်ပြန်ရင် လုပ်ရမယ့်အလုပ်တွေက အများကြီး စောင့်နေတာ ညနေစာ လည်း ချက်ပြုတ်ရမှာ မဖြစ်ပါဘူးဟာ
မလိုက်တော့ဘူး ငါလူပင်ပန်းတာခံနိုင်တယ် စကားနဲ့စော်ကားတာမခံနိုင်ဘူး "

ရှင်မစကားကြားတော့ သူငယ်ချင်းနှစ်ယောက်က ဆက်မပြောတော့ပါ။ ရှင်မလည်း စာမေးပွဲ ဖြေပြီးသည်နှင့် ဘယ်မှမသွားဘဲ အိပ်ပဲ တန်းပြန်လာခဲ့၏။ အိမ်ပြန်ရောက်သည်နှင့် ဈေး၀ယ်အချို့က ရှင်မကိုနုတ်ဆက်သည်။

" ရန်ကုန်သူလေး စာမေးပွဲ ဖြေနိုင်ခဲ့လား "

" ဟုတ်ကဲ့ ဖြေနိုင်ပါတယ်ရှင့် "

ရှင်မအဖြေကြားတော့ ဦးနိုင်က မေမေ့ကို လှမ်းကြည့်၏။ ရှင်မ
က အိမ်ထဲ၀င်ပြီး လွယ်အိတ်ကို သိမ်း ၊ အ၀တ်အစားလဲကာ ၊ မီးဖိုထဲ ၀င်၍ ချက်စရာရာရှိသည်များကို ချက်‌တော့သည်။ ရှင်မတစ်ယောက် ပုလဲနှင့်ဖြစ်ပြီးသည့်နောက်ပိုင်း မေမေကြော်ခိုင်းသမျှ ကြော်ပေးတတ်သော်လည်း ဘယ်တော့မှမစားတတ်ပါ။ ရှင်မထမင်းစားချိန် ကျန်သည့် ဟင်း ရှိလျှင်စား၏။ မရှိလျှင် ဆီနှင့်ဆားနယ်ကာ ငြုပ်သီးစိမ်းကိုက်စားလိုက်သည်။ အစားတစ်လုပ်အတွက် ပသူခိုးစွပ်စွဲခံရပြီး ပါးရိုက်ခံရသည်ကို ရှင်မသေသည်အထိမမေ့ပါ။ မေမေသည် ဟင်းများ ကြော်ချက်ပြီးလျှင် သူ့ယောက်ျားအတွက် ၊ သူ့သမီးအတွက် ၊ သူ့သားအတွက် အမည်တပ်ပြီး သိမ်းတတ်၏။ ရှင်မကလည်း မာနကြီးပါသည်။ ရှင်မမှာ ချမ်းသာသည်က ထိုမာနလေးတစ်ခုပင်။ ထိုညက လမင်းကြီးကို ထွက်ကြည့်ပြီး အိမ်ထဲ၀င်လာသည့်အချိန် မေမေနှင့် ဦးနိုင်ပြောနေကြသည်ကို ရှင်မကြားလိုက်ရသဖြင့် တမင်နားထောင်တာမဟုတ်သော်လည်း နားစွင့်လိုက်မိသည်။ 

" ခင်လေး မင်းသမီးက ဆယ်တန်းအောင်ရင် တက္ကသိုလ် ဆက်ထားမှာလား တက္ကသိုလ် ကျောင်းသားတစ်ယောက်ရဲ့ စားရိတ်က နည်းတာမဟုတ်ဘူး အငယ်သုံးယောက်ရဲ့ပညာရေးကလည်း ရှိသေးတယ် သူ့ကိုကျောင်းဆက်ထားရင် အိမ်မှာချက်ပြုတ် ၊ ချှော်ဖွတ်ဖို့ လူက လိုသေးတယ် "

ဦးနိုင်စကားကြားတော့ ရှင်မရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။ မေမေ့အဖြေက ရှင်မအတွက် နောက်ဆုံး ကောက်ရိုးတမျှင် ဖြစ်သည့်အတွက် ရှင်မနားစိုက်‌ေထာင်လိုက်မိ၏။ 

" အမလေး မောင်ရယ် စိတ်ပူတတ်လိုက်တာ ဆယ်တန်းပဲအောင်ပါစေဦး 
ဆယ်တန်းအောင်လည်း အကြောင်းမျိုးမျိုးပြလိုက်ပါမယ် ခေါင်းထဲထည့်ပူမနေနဲ့ "

ရှင်မအရမ်းအံ့ဩသွားရသည်။ ရှင်မမေမေပါးစပ်က ထွက်တာမှဟုတ်ရဲ့လားဆိုပြီး စိတ်ကပင် ထင်ယောင်ထင်မှားဖြစ်မိရ၏။ ဆိုးလိုက်တဲ့ငါ့ကံပါလား။ ပညာမကြိုးစားတဲ့သားသမီးတွေကျ ပညာတတ်ဖြစ်စေချင်နေကြပြီး စာကြိုးစားသည့် သားသမီးကျ ကျောင်းမထားချင်ကြတော့ပါ။ ရှင်မမေမေက အဲဒီလိုမေမေပါလို့ ပြောပြရင် ဘယ်သူယုံနိုင်ပါ့မလဲ။
ဟုတ်တာပေါ့။ ရှင်မက သူတို့အတွက် ထမင်းစားကျွန်ခံ ခိုင်းနွားတစ်ကောင်ပါပဲလေ။ ဘဘသိလား။ ဘဘသမီးက အဲဒီလိုမျိုးဘဘရဲ့။ 
ညည်းအမေက နွားမဒါန်းသားမခင် သမီးရဲ့လို့ ဘဘပြောခဲ့တာ သမီးယုံပါပြီဘဘရယ်။ ရှင်မပါးပြင်ပေါ် ၀မ်းနည်းရလွန်းသဖြင့် မျက်ရည်များ စီးကျလာ၏။ ရင်ဘတ်ပေါ် ဘုတ်ကနဲကျလာသည့် မဟူရာလက်ကလေးက ရှင်မကို အသိပေးလိုက်သလို ရှိသည်။ မျက်စိနှစ်ဖက်ကို စုံမှိတ်ရင်း အိပ်ပျော်အောင် အိပ်ပစ်လိုက်တော့၏။

***********

ရာသီကုန်က ကုန်သလောက်နည်းနည်း ပါးလာ‌တော့ ပဲမျိုးစုံဘက် လှည့်ရပြန်သည်။ တရုတ်ပဲ ၊ ပဲရာဇာ ၊ ကြက်ဆူစေ့ နှင့် ပဲစဉ်းငုံ ရသည့်ပစ္စည်း ၀ယ်သည်။ ဂမ္ဗလာသီးပါ ဈေးကောင်းသဖြင့် ရအောင်၀ယ်ရ၏။ 

" မောင်ရေ ပုလင်းစုံနဲ့ သံတိုသံစ ရေသန့်ဘူးခွံ ဘီယာဗူးခွံပါ ၀ယ်တယ်ဆိုပြီး ဆိုင်းပုဒ်လေးချိတ်လိုက် "

မေမေခိုင်းတော့ ဦးနိုင်က ကတ္ထူစက္ကူပေါ်တွင် ဆော့လ်ပင်နှင့်
ထင်းနေအောင်ရေးပြီး ချိတ်လိုက်သည်။

" ရှင်မ ငဲမှုန့်တို့ဆီသွားပြီး ပဲဖိုင်လို့ပြီးပြီလား သွားမေးလာခဲ့ ဘယ်အချိန် လာချိန်ရမလဲပါ တစ်ခါထဲ 
မေးခဲ့နော် "

" ဟုတ်ကဲ့မေမေ "

ရွာထဲကို ရှင်မထွက်လာခဲ့သည်။ မငဲမှုန့်တို့အိမ်နား ရောက်တော့ ပဲဖိုင်နေကြသည်ကို တွေ့လိုက်ရ၏။ 

" အစ်မငဲမှုံ မေမေက မေးခိုင်းလိုက်လို့
ပဲဖိုင်လို့ပြီးပြီလားတဲ့ ပြီးရင် ဘယ်အချိန် လာချိန်ရမလဲတဲ့ "

" အေး ရန်ကုန်သူလေးရေ ညနေ ခြောက်နာရီနောက်ပိုင်း လာလို့ရတယ် ပြောပေး "

" ဟုတ်ကဲ့ရှင့် အဲဒါဆို ရှင်မသွားပြီနော်"

အစ်မငဲမှုံကို ခေါင်းညိတ်နုတ်ဆက်ပြီး ရှင်မပြန်လာခဲ့၏။ တစ်ရွာလုံးက ရှင်မနာမည်ထက် ရန်ကုန်သူဟုသာ အခေါ်များကြသည်။ ရှင်မရန်ကုန်သူမဟုတ်သည့်အ‌ေကြာင်းကို‌ေတာ့ ရှင်းပြ‌မနေဖြစ်ပါ။ ‌ေမမေ့ကိုလည်း 
တစ်ရွာလုံးက ငယ်ငယ်ကြီးကြီး မမဟုသာခေါ်၏။  
အစ်မငဲမှုံအိမ်က ပြန်လာသည့် ရှင်မ အိမ်ထဲရောက်သည်နှင့် မေမေ့ဒေါသမျက်၀န်းကို မြင်လိုက်ရ၏။

" ရှင်မ ငဲမှုံ ဘာပြောလဲ " 

" ညနေ ခြောက်နာရီနောက်ပိုင်း လာတဲ့မေမေ "

" အင်း ဟုတ်ပါပြီ ညည်းလုပ်စရာမရှိရင် ငါ့အနားခဏလာထိုင် "

" ဟုတ်ကဲ့မေမေ "

တခုခုဆိုတာသိပေမယ့် ဘာဆိုသည်
ကို ခုထိရှင်မ စဉ်းစားမရပါ။ ဘာမှန်းမသိသည့် မျက်နှာလေးနှင့် မေမေ့အနား
ရှင်မထိုင်လိုက်၏။ ပုလဲနှင့်ဦးနိုင်က ဈေးဆိုင်ထဲ ထိုင်နေကြသည်။ ရှင်မစိတ်ထဲ တစ်စုံတစ်ခုကို ခံစားလာရသလိုလို စိတ်က ထင်လာမိ၏။
ရှင်မတွေးနေဆဲမှာပင် ရှင်မရှေ့ကို အထုပ်တစ်ထုပ် မေမေက ပစ်ချပေးသည်။ 

" ဘုတ် "

ထိုအထုပ်လေးကို ရှင်မသိသည်။ ဘဘ ၊ ဖွားဖွားကြီးနှင့် ရှင်မတို့သုံးယောက် စုရိုက်ထားသည့် ဓါတ်ပုံနှင့် သူရိန်နှင့်အတူတွဲရိုက်ထားသည့် ဓါတ်ပုံကို 
ဦးမြင့်ဆွေပေးသည့် ပိုက်ဆံ တစ်သိန်းအုပ်နှင့် ထပ်ပြီး ရှင်မ၏ လက်ကိုင်ပုဝါအနီ‌‌ေရာင်လေးနှင့် စုစည်းထားသည့်အထုပ်။ ရှင်မဖွက်ထားသည့် ရှင်မပိုင် အထုပ်ကလေးကို ကောက်ယူရန် လက်လှမ်းလိုက်တော့ မေမေက ရှင်မလက်ကို ပုတ်ထုတ်လိုက်သည်။

" ဟင် "

အံ့ဩပြီး နားမလည်စွာ မေမေ့ကို မော့ကြည့်လိုက်တော့ ဒေါသမျက်ဝန်းများနှင့် ရှင်မကို မေမေစိုက်ကြည့်သည်။ 

" ညည်းဒီပိုက်ဆံတွေ ဘယ်ကရလဲ "

မေမေ့မျက်နှာကို စေ့စေ့ပြန်ကြည့်လိုက်ပြီး ရှင်မ ဖြေလိုက်သည်။ 

" ရှင်မ ပိုက်ဆံလေ မေမေ "

ရှင်မအဖြေကြားတော့ မေမေစိတ်တိုပြီး ‌ရှင်မထိုင်သည့်နေရာနားမှာ ချထားသည့် ပိုက်ဆံထုပ်လေးပေါ် လက်ဝါးနှင့် ရိုက်ချ၏။ 

" ဟင် "

ရှင်မရင်ဘတ်ထဲ စူးခနဲ ခံစားလိုက်ရ၏။ 

" ညည်းဟာ တော်တော် အကျင့်ပျက်နေတာပဲ ရှင်မ ဒီလောက်ပိုက်ဆံအများကြီးရအောင် ညည်းဘယ်အချိန်ကထဲက ခိုးနေတာလဲဟင် ညည်းရည်ရွယ်ချက် တော်တော်ကြီးပါလား ဒီပိုက်ဆံက ငါကုန်တစ်ခါရင်းထက်‌ေတာင် များသေးတယ် ညည်းလုပ်ရက်လိုက်တာ ညည်းက ငါ့ကို ကောင်းကျိုးပေးဖို့မွေးလာတာမဟုတ်ဘူး ဒုက္ခပေးဖို့မွေးလာတဲ့ ဟာမပါလား "

မေမေ့စကားများက ရှင်မစိတ်ကို သည်းမခံရအောင်နာကျင်စေပြီ။ ရှင်မဘယ်ဘက်ရင်အုံထဲက ထိုးထိုးအောင့်သွားသည့် ဝေဒနာတစ်ခုက ရှင်မကို တော်တော်ခံစားရခက်စေသည်။ 
မေမေ့ကို စူးရဲသည့်မျက်၀န်းများနှင့် ပြန်ကြည့်ရင်း တစ်လုံးချင်းဖြေလိုက်၏။

" ရှင်မကို မစွပ်စွဲနဲ့မေမေ ရှင်မ သူများပစ္စည်းကို မခိုးဘူး "

" ဘာ ဒီလောက်အကောင်ထည်နဲ့မိနေတာတောင် ညည်းက ကျုပ်ကို မုန်လာဥ လုပ်နေတာလား ညည်းမခိုးဘဲ ဒီပိုက်ဆံတွေက ခြေထောက်ပေါက်ရောက်လာမလား ညည်းအိတ်ထဲကို သောက်ကျင့်မကောင်းတဲ့ သူခိုးမ 
ငါက သူခိုးကိုမှ မွေးမိတဲ့ မအေပဲ ငါ့ကိုယ်ငါရှက်လို့ သေတော့မယ် "

မေမေ့စကားက ရှင်မရင်ဘတ်ထဲ ဓါးထက်ထက်နှင့် အထိုးခံရသလို ခံစားရလွန်းသဖြင့် ပါးပြင်ထက်သာ မျက်ရည်များတရစပ်စီးဆင်းလာကြ၏။ အသားများတဆတ်ဆတ် တုန်လာပြီး ဆတ်ခနဲ မတ်တပ်ရပ်လိုက်ပြီး ပြန်အော်မိသည်။

" မစွပ်စွဲနဲ့လို့ ပြောနေတယ်နော် ရှင်တို့ပစ္စည်းမဟုတ်ဘူးလို့ ပြောပြီးပြီ "

" ရှင်မ ညည်းဇွတ်ငြင်းမနေနဲ့ အထုပ်အထည်နဲ့မိနေတာတောင် အသေခံငြင်းတဲ့ဟာမ "

ရှင်မမျက်၀န်းများ ပြာဝေလာပြီး ဒူးကညွတ်ခွေကျသွားသည်။ ရှင်မ မေမေ့ကို မုန်းသည်။ ရှင်မ၏ အကျင့်စာရိတ္တကို အစော်ကားခံနေရခြင်းက အသားနာအောင် နှိပ်စက်ခံရခြင်းထက် ပိုခံစားရခက်ပါ၏။

" ခင်လေး မင်းဘယ်လိုဆုံးဖြတ်မှာလဲ 
မင်းသမီးက စာရိတ္တလည်းမကောင်းဘူး ဒီပိုက်ဆံတောင် တွေ့လို့ ပြန်ရတာ 
သူ့ကိုဘယ်လိုယုံကြည်ပြီး ငါတို့ဆက်လက်ခံရမလဲ မင်းဘာသာ ဆုံးဖြတ် "

သေချာမသိဘဲ ရမ်းသမ်း၀င်ပြောနေသည့် ဦးနိုင်ကိုပါ ရှင်မ ပြန်အော်လိုက်၏။

" ရှင့်ပါးစပ်ကို ပိတ်
ထားလိုက် ကျွန်မမယူဘူးလို့ ပြောထားတယ်နော် ရှင် ပထွေးကပထွေးလိုနေ "

ရှင်မစိတ်ထဲ နာကျင်လွန်းသဖြင့် အကုန်လုံးကို ပြန်အော်ပြီး ခံပြောလိုက်၏။ မေမေက ရှင်မအနား ရောက်လာကာ ရှင်မပါးကို ဖြတ်ရိုက်ပစ်၏။

" ဖြန်း "

" ညည်းဘယ်လိုပြောလိုက်တယ် ပထွေး ဟုတ်လား အဲပထွေးကောင်းလို့ ညည်းဒီအိမ်ပေါ် နေလို့ရသေးတာ ညည်းအဖေ လူယုတ်မာက 
ညည်းကိုတောင် ပြန်လှည့်ကြည့်လို့လား ညည်းနဲ့တမြို့ထဲနေတာတောင် ညည်ကိုလာတွေ့လား တာ၀န်ယူလား
ညည်းကလည်း အပြစ်လုပ်သေးတယ် ညည်းကပဲ အားလုံးကို ပတ်ရမ်းနေတယ် "

မီး၀င်း၀င်းတောက်သည့် မျက်လုံးများနှင့် မေမေ့ကို ရှင်မ စူးစူးစိုက်စိုက် ကြည့်လိုက်၏။  

" ဒေါ်ခင်လေး ကျွန်မကို အနိုင်ကျင့်ရတာ ရှင်တို့မိသားစု တော်တော်ပျော်ကြလားဟင် ရှင်တို့မှာဦးနှောက်မရှိကြဘူးလား ရှင်တို့ပိုက်ဆံကောင်တာနား ကျွန်မ ဘယ်နှစ်ခါ လာတာမြင်ဖူးလဲ ဒီပိုက်ဆံတွေက ရှင်တို့ပိုက်ဆံနဲ့ တူလို့လား ရှင်တို့သေချာကြည့် ကျွန်မကို ဘာလို့ အခုလို စွပ်စွဲရက်တာလဲ ကျွန်မမဟုတ်ဘဲ ဘာလို့အစွပ်စွဲခံရတာလဲ ကျွန်မပိုက်ဆံကို ဘာလို့ ရှင်တို့မတရား
ယူချင်ရတာလဲ ရှင်တို့ ရက်စက်လိုက်ကြတာ ကျွန်မကို ခေါ်လာပြီး အနိုင်ကျင့်ကြတာ ကျွန်မဘဘဆီပြန်သွားချင်တယ် ဘဘဆီပဲ သွားမယ် "

တတွတ်တွတ်ရွတ်နေသည့် ရှင်မ ရင်တစ်ခုလုံး ကွဲကြေမတတ် ခံစားနေရပါ၏။ မတရားအနိုင်ကျင့်ခံရသည့် ဒဏ်က ရင်ဘတ်တစ်ခုလုံး အနေခက်လောက်အောင် နာကျင်နေရပါပြီ။ 

" သွား လိုက်သွား ညည်းအဘနောက် ညည်းလိုအကျင့်မကောင်းတဲ့ဟာမကို လွမ်းဆွေးနေမယ့်အထဲ ငါမပါဘူး "

တတွတ်တွတ်အော်ရင်း ရှင်မ ပိုက်ဆံထုပ်ကို မေမေက ယူသွားပြီး ဓါတ်ပုံနှစ်ပုံနှင့် လက်ကိုင်ပုဝါလေးအား ရှင်မရှေ့သို့ ပစ်ချခဲ့လေသည်။ လွင့်ကျလာသည့် လက်ကိုင်ပုဝါနှင့် ဓါတ်ပုံလေးနှစ်ပုံကို အလုအယက် လိုက်ကောက်ရင်း

" ငါမယူဘူး ငါမခိုးဘူး ငါမခိုးဘူး "

ဟု အသိမဲ့သလို တတွတ်တွတ်ရေရွတ်ရင်း
ပြူးကြောင်ကြောင် မျက်၀န်းများနှင့် နေရာအနှံ့ လိုက်ကြည့်နေမိတော့၏။

**********

ရှမ်းပြည်တောင်ပိုင်း ၊ ရွာငံမြို့နယ်အတွင်းရှိရွာလေးတစ်ရွာ။
တောင်ပေါ်ဒေသဖြစ်သည့် ထိုရွာလေးတွင် ကြည့်ရာအရပ်တိုင်းတွင် လက်ဖက်ခြံ၊ လိမ္မော်ခြံများ လက်ညှိုးထိုးမလွဲ မြင်နေရ၏။ ထိုတောင်ပေါ်ခြံများ၏ အနောက်ဘက်တွင် စိမ်းညို့အုံ့မှိုင်းသော တောင်တန်းကြီးသည် မြွေစိမ်းကြီးတစ်ကောင် တွန့်လိပ်သွားနေသည့်နှယ်....။

"ဟင်...ဟိုမှာတောင်ပေါ်ဖက်ကို သွားနေတာရန်ကုန်သူ‌ေလး ရှင်မ မဟုတ်လား"

ရွာလမ်းမကြီးအဆုံးလမ်းခွဲတစ်ခုကနေ တောင်ခြေသို့ သွားနေသောမိန်းကလေးတစ်ယောက်။
သူကရှင်မပင်။ 
အသက်ဆယ့်ငါးနှစ်ဝန်းကျင်ရှိ ရှင်မသည် သတိမေ့နေသူတစ်ယောက်ပမာ တောင်ပေါ်လမ်းကလေးဆီ တရွေ့ရွေ့သွားနေသည်။ ရွာသားများသည် မနက်အစောထ၍ ခြံဆီ သွားရောက်လုပ်ကိုင်တတ်ကြသော်လည်း ညနေဆိုလျှင် ရွာအတွင်းသို့ အလုပ်သိမ်းပြီး ပြန်လာတတ်ကြ၏။ လမ်းတလျှောက် ပြန်လာကြသော ရွာသားအချို့သည် ရှင်မကို မြင်တော့ အံ့ဩသလို လှမ်းနုတ်ဆက်ကြသည်။ 

" ‌ ဘယ်ကိုသွားမလို့လဲ ရှင်မ"

ရှင်မက နုတ်ဆက်သူများကို ဘာမျှ ပြန်မပြော။မျက်လုံးအသေများဖြင့် အေးစက်စက်သာ ပြန်ငေးကြည့်ခဲ့သည်။ 

"ဒီကောင်မလေးကြည့်ရတာ ထူးဆန်းလိုက်တာ"

"ဟဲ့ ရှင်မ ရန်ကုန်သူလေး နင့်မိဘတွေ တောထဲ လွှတ်လိုက်တာလား"

စိုးရိမ်မျက်၀န်းဖြင့် မေးလာသည့် ဘကြီးအား ရှင်မက ခေါင်းကိုမသိမသာညိတ်ပြပြီး တောင်ပေါ်လမ်းလေးဆီ ဦးတည်တက်သွားလေသည်။

"ရှင်မသူ့မိဘတွေနဲ့ စကားများလားတာလားမသိဘူး‌ေနာ်အဘ"

"လာလာမြေး၊သူ့မိဘတွေဆီ သွားမေးကြမယ်"

"အဘကလည်း ရှင်မကို အရင်ခေါ်သွားကြမယ်လေ"

"သူ့မှာကိစ္စရှိလို့ လာတာများလားမသိတာကွယ်၊သူ့မိဘတွေဆီ သတင်းသွားမေးတာကပိုကောင်းမယ်လေ၊နေကလည်းဝင်တော့မယ်ကွယ့်၊လာလာ ရွာထဲမြန်မြန်ဝင်ကြစို့ရယ်"

ရှင်မကို လှည့်တကြည့်ကြည့်ဖြင့် ကြည့်ရင်း ရွာထဲက‌ေမြးအဖိုးက ခပ်သုတ်သုတ် ဆက်လျှောက်သွားကြသည်။ ရှင်မက နောက်ကိုလုံး၀လှည့်မကြည့်ဘဲ ရှေ့သို့သာ ဆက်သွားလေ၏။ တောင်ခြေနှင့်နီးလာသည်ကြောင့်ထင်။ 
ညနေစောင်း လေအေးအေးက သာမာန်အချိန်ထက်ပိုပြီး တဖြူးဖြူးတိုက်ခတ်နေ၏။
‌ တိုက်ခတ်သည့်လေက အနည်းငယ်ထန်သဖြင့် ရှင်မ၏ ပုခုံးကျော်ကျော်ကျ‌ေန‌ေသာ ဆံပင်များက တဖျတ်ဖျတ်လွင့်နေကြသလို သူ၀တ်ထားသည့် ဂါ၀န်အနီ‌ေရာင်လေးကလည်း တဖျတ်ဖျတ်လွင့်နေသည်။ ရှင်မသည် တရွေ့ရွေ့ဖြင့် လူသူအရောက်ပေါက်နည်းသည့် ထိုတောင်ပေါ်လေးသို့ တက်လာခဲ့၏။ ထိုတောင်သည် တိုရွာတွင် အမြင့်ဆုံးတောင်ဖြစ်သလို တိရစ္ဆာန်များပါမက လူအချို့ကျသေဖူးသည့်နေရာဖြစ်သည်။ ရှင်မပင် ထိုအနားက ခြံတစ်ခြံတွင် သံပုရာသီး၀ယ်သဖြင့် တစ်ခေါက်သာ ရောက်ဖူးလေ၏။ တောင်ပေါ်တက်လာနေသည့် ရှင်မ ၏မျက်၀န်းလေးများ၌ မျက်ရည်ဥလေးများတွဲခိုနေကြ၏။ 
တစ်ချက်တစ်ချက် ရှိုက်လိုက်မိသဖြင့် ရှင်မ၏ပုခုံးနုနုလေးက တဆတ်ဆတ်တုန်သွားသည်။ ရှင်မသည် တောင်ပေါ်သို့ ရောက်လာမှ အားရပါးရ အော်ချပစ်လိုက်၏။ 

" အား အား အား "

အသံကုန်အော်ဟစ်သံက တောင်တောတနှံ့ ပဲ့တင်ထပ်သွားကြသည်။ တောင်နံရံပြန်သော အားအားဟုအော်သံလေးက တောင်များ အော်ဟစ်ငိုညည်းသံနှင့်ဆင်ဆင်တူနေသည်။ ‌ညနေဆည်းဆာ နေ၀င်ရီတရောမို့ တောင်ခြေနှင့်ကပ်ရပ်လိုထင်ရသော ကောင်းကင်အောက်ခြေသည် နီ၀ါ‌ေရာင် ရဲညှို့နေကြပြန်၏။ မကြာခင် ရှင်နေမင်းကြီးသည် သူနှင့်အနီးဆုံးတောင်များကိုခွဲခွါရတော့မည့်သဏ္ဍာန် နုတ်ဆက်နေသည်။ တောင်တန်းဒေသ၏ စရိုက်အတိုင်း မှောင်စသန်းသည်နှင့် မကြာခင် နှင်းရည်များ ဖျန်းပက်ကြပေတော့မည်။ သိပ်မကြာခင် မြူအချို့ ၊ ဝေ့ဝေ့မှိုင်းလာကြပြီး ကြည့်လေရာအရပ်တိုင်းနှင်း‌ေဖွး‌ေဖွးများ ကျလာကြတော့မည်။ တောင်တန်းဒေသ၏ပရ၀ုရ်မို့ အအေးဓာတ်သည် သာမာန်ထက် ပိုနေသည်။ လေကပါတဖြူးဖြူးတိုက်ခတ်နေသဖြင့် ရှင်မကိုယ်‌ေလးသည် တဆတ်ဆတ်တုန်နေ၏။‌ ရှင်မသည် တစ်စုံတစ်ရာကို ထိခိုက် ၀မ်းနည်းလာပြီး မတ်တပ်ရပ်နေရာမှ ဒူးညွတ်ထိုင်ချလိုက်သည်။ 

" ဘဘရေ ဖွားဖွားကြီး သမီးဆီ ပြန်လာပေးကြပါ သမီးကိုပါ ဘဘတို့ဆီ ခေါ်သွားပေးပါလား သမီးလေ သမီး အရမ်းသေချင်တာပဲ သမီးဘ၀က ဘာလို့ အဲဒီလောက် ဆိုးရတာလဲ ဘာလို့အဲဒီလောက် ဆိုးရတာလဲ ဘာလို့ဒီဘ၀မှာ ရှင်မလူလာဖြစ်ရတာလဲ "

မည်သူမှမရှိသဖြင့် ရှင်မအကျယ်ကြီး အော်ဟစ်နေပြန်သည်။ ထိမ်းချုပ်ရသည့်အရာများကို လွတ်လွတ်လပ်လပ်ပေါက်ခွဲပစ်‌ေနပုံရ‌ေလ၏။ ‌ည‌ခင်းကျနေဖြစ်သဖြင့် အမှောင်ရိပ်သည် တစတစ ချည်းနင်း၀င်ရောက်စပြုလာပြီ။ ပတ်၀န်းကျင်ကို ရှင်မသတိမပြုမိတော့။  
ရှင်မပုံစံက ဆောက်တည်ရာမဲ့နေသလိုပုံစံ ဖြစ်နေသည်။  

" ဘဘနဲ့ဖွားဖွားကြီး သမီးနေရတာ မပျော်ဘူး သမီးလေ လူမသိ သူမသိ သေချင်တယ် အခုနေ သမီး ဒီချောက်ကြီးထဲ ခုန်ချလိုက်ရင် ဘယ်သူမှမသိကြတော့ဘူး‌ေပါ့နော် သမီးဘာလုပ်ရမလဲဟင် "

တတွတ်တွတ်ရွတ်နေသည့် ရှင်မသည် အောက်ခြေကို မမြင်ရသည့် အမှောင်ထုတစ်ခုသာ ကြီးစိုးနေသည့် ချောက်ကြီးအား ငေးမောနေပြန်သည်။ တကယ်တမ်းခုန်ချရမည်ဆိုတော့ ရှင်မ၏မသိစိတ်က ကြောက်ရွံနေသလိုလို။ ပါးပြင်မှ မျက်ရည်များကို ပွတ်သုတ်လိုက်သည့်အခါမှာတော့ ရှင်မ၏ပါးပြင်နုနုသည် အထိမခံနိုင်လောက်အောင် နာကျင်နေကြသည်။ ထိုနာကျင်မှုကို ထိတွေ့မိသည့်အခါ‌ သေရမည်ကို ကြောက်ရွံ့နေသလိုလိုဖြစ်နေသည့်စိတ်က ခဏအတွင်း ပျောက်သွားကြပြန်သည်။ 

" ငါသေရမှာကြောက်နေလည်း ငါ့ဘ၀က နေလို့ဘာထူးမှာလဲ ငါ့ဘ၀ကြီးက ဘယ်မှာလဲ အားကိုးရာ ဘယ်မှာလဲ 
ငါ့ဘေးနားရှိမယ့်သူ ငါရှိနေတော့ရော ငါ့ကိုဘယ်သူက လိုအပ်မှာလဲ ငါနာကျင်နေရတဲ့ခံစားချက်ကို ဘယ်သူကအလိုက်တသိ နားလည်ပေးကြမှာလဲ ငါ့ကိုချစ်တဲ့ ဘဘနဲ့ဖွားဖွား ၊ ငါ့ကိုသိပ်နားလည်ပါတယ်ဆိုတဲ့သူရိန်ကရော ငါ့ကိုထားသွားကြတာပဲမဟုတ်လား ငါနားချင်ပြီ ဒီခံစားချက်တွေနဲ့ ဝေးရာမှာပဲ ငါနေချင်တယ် ....."

" ငါသေသွားရင် ငါဒီခံစားချက်တွေ ခံစားစရာမလိုဘူး ငါသေသွားရင် ငါ့နာကျင်မှုတွေဟာလည်း ရပ်သွားကြလိမ့်မယ် ဟုတ်တယ် ဒါအကောင်းဆုံးပဲ ဒီဘ၀မှာ ငါလူထပ်မဖြစ်ချင်တော့ဘူး "

တဖြည်းဖြည်းနှင့် ရှင်မ၏ဆုံးဖြတ်ချက်များ ပိုခိုင်မာလာသည်။ ငိုနေရာမှ လက်နှစ်ဘက်လုံးနှင့် မျက်ရည်များကို ပွတ်သုတ်လိုက်သည်။ အရာရာကို အချိန်မဆွဲချင်တော့။ မှောင်စစ ကောင်းကင်ကို တစ်ချက်မော့ကြည့်လိုက်၏။ ရှင်မ မတ်တပ်ထရပ်လိုက်သည်။ တစ်လှမ်းချင်း တောင်ကပါးအစွန်းပေါ် ထပ်လှမ်းလာခဲ့သည်။ ရှင်မ မျက်၀န်းတို့သည် အသက်မဲ့နေသလိုလို။ တောင်ကပါးစွန်းနားရောက်လာလေ တိုက်ခတ်သည့်လေက ပိုကြမ်းလေလေ။ ရှေ့အလှမ်းနှစ်ဆယ်လောက်ဆိုလျှင် ရှင်မသွားချင်သည့် နေရာသို့ ရောက်ပြီ။ ရှင်မဖြစ်ချင်သော ဆန္ဒတို့ အပြည့်အ၀ အကောင်ထည်‌ေဖာ်နိင်တော့မည်။ ရှင်မစိတ်ထဲ ထူးထူးခြားခြား ကျောထဲစိမ့်အေးသွားသည့် ခံစားချက်ကို ခံစားလိုက်ရသည်။နားထဲ တိုးဖွဖွလို အသံများ ကြားလာရပြန်၏။

" ရောက်တော့မယ် သွားသွား မြန်မြန်သွား "

ထိုအသံများ ထပ်ခါထပ်ခါကြားလာရသဖြင့် စိတ်ထဲ ကြောက်စိတ်နည်းနည်း ၀င်လာသည်။ သို့သော် လှမ်းနေသည့်ခြေလှမ်းက ရပ်မရ။ တောင်ထိပ်နှင့် တဖြည်းဖြည်းနီးလာ‌၏။ နောက်သုံးလေးလှမ်းဆိုလျှင် ရောက်ပြီ။ တစ်လှမ်း ၊ နှစ်လှမ်း ၊ သုံးလှမ်း ။ 

*******




rate now: