book

Index 12

အခန်း ၁၂

ရှင်မ ရောက်ကထဲက ပုလဲကို သည်းခံပါသည်။ ရတနာနှင့် မဟူရာက ငယ်သေးသည့်အတွက် ရှင်မအပေါ် ဘာမှ မဖြစ်သော်လည်း နှစ်နှစ်သာကွာသည့် ပုလဲက အမြင်မကြည်သဖြင့် ရှင်မ စိတ်ညစ်ရပါသည်။ သို့သော် စကားနည်းသည့်ရှင်မက မသိချင်ယောင် ဆောင်တတ်သည်က များ၏။ 

" တော်တော့ ပုလဲ လူကြီးပြောရင် ညည်း၀င်မပါနဲ့ "

ပုလဲကို လှမ်းဟန့်သည့် မေမေ့အသံကြားမှ သူတို့နှင့် ဝေးရာရှင်မထွက်လာခဲ့သည်။ 

" ဟယ် ရန်ကုန်သူလေး ထမင်းစားပြီးပြီလား ဟယ်ဟင်းချက်တုန်းကွယ် 
စားလို့ရော ချိုလား "

ရှင်မကို လှမ်းမေးလာသည့် ရွာထဲက အဒေါ်တစ်ယောက်ကို ရှင်မပြုံးပြလိုက်သည်။ 
သူတို့၏ ဓနုသံဝဲဝဲလေးကို ရှင်မ နားလည်နေပါပြီ။ ရောက်ခါစကလို မဟုတ်တော့။ 

" ရန်ကုန်သူလေး စောင်ပိုးထနေတာလား ဟယ်တွေချက်တုန်း‌ "

ထမင်းဟင်းချက်‌ေနသည့် ရှင်မကို ဈေး၀ယ်လာရင်း လှမ်းမေးတော့ ရုတ်တရက် ဘာပြန်ဖြေရမှန်းမသိပါ။ ဘာကို‌ေပြာမှန်း နားလည်မရ။ မဟူရာက ကြားပြီး 

" မမကြီးကို ထမင်းဟင်းချက်နေလား
ဘာဟင်းချက်လဲ မေးတာ " 
ဆိုမှ ရှင်မ ရယ်မိသည်။ ရွာထဲက အိမ်တစ်အိမ်ဆီ ဂေါ်ရခါးသီး သွားသယ်တုန်းကလည်း မေမေက
" အဲဒီအိမ် ခွေးဆိုးတယ် အိမ်ရှေ့က လှမ်းခေါ်နော် ရှင်မ " 

ဟုမှာလိုက်သဖြင့် အိမ်‌ေရှ့ကပင် အိမ်ရှင်ကို လှမ်းအော်လိုက်၏။ 

" ဒေါ်ဘုငယ် ဒေါ်ဘုငယ် ‌ခွေးကြည့်ဦး "

ရှင်မအသံကြား‌ေတာ့ အိမ်ရှင်ထွက်မလာခင် ခွေးက အရင်ထွက်လာပြီး ကိုက်တော့မည့်သဏ္ဍာန် တဝုတ်ဝုတ်ထိုးဟောင်၍ ရှင်မကိုကိုက်ရန် 
အရှေ့ကဟောင်လိုက် ၊ အနောက်ကဟောင်လိုက်နှင့် ပျာယာခတ်နေသည်။ ရှင်မကလည်း ကြောက်စိတ်ကြောင့် တုန်နေရပြီ။
အိမ်ရှင် ဒေါ်ဘုငယ်ကထွက်လာပြီး

" ရန်ကုန်သူလေး ဖိုင်လိုက်ဖိုင်လိုက် တွေ့တဲ့တုတ်နဲ့ ဖိုင်ပစ်လိုက် "

ဟုဆိုတော့သည်။ ဖိုင်သည်ဆိုတာ ဘာမှန်းမသိသည့် ရှင်မက ဘာမှမလုပ်တတ်ဘဲ ကြောင်ပဲကြည့်နေမိ၏။

" ခွေးက တုတ် ကြောက်တယ် ရန်ကုန်သူလေးရဲ့ တုတ်နဲ့ဖိုင်လိုက်ရင် ကြောက်ပြီး ပြေးရော "

ဖိုင်သည်ဆိုသည့် စကားက ရိုက်ခိုင်းခြင်းဆိုတာ ထိုအခါကျမှ သိ၏။  
ရှင်မမှာ ကြောက်စိတ်ကြားက ငိုလည်းငိုချင် ၊ ရယ်လည်းရယ်ချင် ဖြစ်ခဲ့ရသည်။

*********

ရှင်မရောက်ပြီး တစ်လကျော်ကြာတော့ 
ကျောင်းစဖွင့်ပြီ။
ကျောင်းတက်ရမည်ဆိုတော့ ရှင်မမေမေက ရှင်မကို အဖြူစိမ်း သုံးစုံ ချုပ်ပေးသည်။  

" တစ်နှစ်လုံးစာပဲ ရှင်မ ရိုရိုသေသေ၀တ် "

" ဟုတ်ကဲ့ မေမေ "

ကြည်နူးလွန်းသဖြင့် အင်္ကျီလေးများ ပွေ့ပိုက်ရင်း မေမေ့ကို ခေါင်းညိတ်ပြလိုက်၏။ ရှင်မတို့ရွာနှင့် မနီးမဝေး ရေဦးကျောင်းမှာ ရှင်မ ဆယ်တန်းတက်ခဲ့သည်။ ရေဦးကျောင်းနှင့် ရှင်မတို့ရွာကို နေ့စဉ် အသွားအပြန် လမ်းလျှောက်ရ၏။ မနက်ဆိုလျှင် အစောထ ၊ အားလုံးစားဖို့ ချက်ပြုတ် ၊ ဘုရားဆွမ်းတော်ကပ် ၊ ဘုရားသောက်တော်ရေလဲ အကုန်လုပ်ပေးပြီးမှ ထမင်းချိုင့်ပြင်ဆင်၍ ကျောင်းကို ရှင်မ ထွက်လာရသည်။ ဘုရား၊တရားက ဘဘနှင့်နေကထဲက ယုံကြည်သက်၀င်ခဲ့၏။ ရှင်မ၏စိတ်ကို အချိန်ပြည့် ငြိမ်းအေးကြည်လင်စေသည့်အချိန်သည် ဘုရားကန်တော့ချိန်ဖြစ်၍ ထိုအချိန်သည် ရှင်မ၏စိတ်များအငြိမ်းချမ်းဆုံးအချိန်ဖြစ်သည်။ ရှင်မဆယ်တန်း တက်ရသလို ၊ ပုလဲကပါ ရှစ်တန်းတက်ရ‌၏။ မဟူရာ ၊ ရတနာနှင့် ပုလဲကတော့ ရွာနားက ကျောင်း၌ပင် တက်‌ေလသည်။  
ကျောင်းစတက်ပြီး မကြာခင် ရှင်မအလှက ရေဦးကျောင်းတစ်ကျောင်းလုံး၌ ထင်ပေါ်ခဲ့၏။ 
ကျောင်းတက်ရသည့်အချိန်များကို ရှင်မပျော်သည်။ ထိုအချိန်များသည် ရှင်မ၏စိတ်ကို လွတ်လပ်ပေါ့ပါးစေ၏။ ရှင်မက သူငယ်ချင်းများများ မထားတတ်ပါ။ တစ်ခုံထဲ အတူထိုင် မီးမီးငယ်နှင့် သူဇာအေးသာ တွဲခဲ့သည်။ 
ကျောင်းကအပြန် ၊ အိမ်ရောက်လျှင် ညနေစာ ထမင်းဟင်းချက်ပြုတ်ရသလို 
ရွာထဲက အိမ်များဆီ ကုန်လိုက်စုပြီး ပုံးတစ်လုံးနှင့် သယ်ရသည်။

" လူရယ်ဖြစ်လာရင် အလုပ်လုပ်မှ စားရတာ အလုပ်မလုပ်ဘဲ ထိုင်စားရတဲ့သူဆိုတာ အခုခေတ်မှာမရှိဘူး အလုပ်မလုပ်ရင် ထမင်းမစားကြနဲ့ "

မေမေ ပွစိပွစိ အမြဲရွတ်တတ်သည့်စကား။ ကြားနေကျဖြစ်လို့ ရိုးသလိုပင် ရှိနေပါပြီ။ ရှင်မမေမေက ရှမ်းပြည်မှ ထွက်သည့်ကုန်စိမ်းများကို မန္တလေးပွဲရုံဆီသို့ ကားအစီးလိုက်ပို့သည်။ ဒိုင်နာတစ်စီးစာဆိုလျှင် ဒိုင်နာတစ်စီးစာအပြည့် ကုန်ရအောင် စီစဉ်ရ၏။ 
ရှမ်းပြည်ထွက် သီးနှံများကို ရာသီအလိုက် ကြိုငွေပေး၍ ၀ယ်ထားတတ်သလို ၊ ဆိုင်ကကုန်ပစ္စည်းများနှင့် လည်း ဈေးသုံး ကြိုပေးသည်။ 
ရှမ်းပြည်ထွက် ဖြစ်သည့် ဂေါ်ရခါးသီး ၊ တညင်းသီး ၊ ရှမ်းပြောင်းဖူး၊ ထောပတ်သီး ၊ သံပုရာသီး ၊ ဂါပလာ ၊ လိမ္မော်အစုံအပြင် မြန်မာပြည် ရွေပဲသီးဟုခေါ်သည့် 
ပဲပွ( ရှမ်းပြည်အခေါ် )ကိုလည်း အကုန်၀ယ်၍ ပို့ရသည်။ 
ကားကုန်ပြည့်လျှင် မေမေက မန္တလေးလိုက်သွား ၊ ပွဲရုံပို့ ။ ဆိုင်အတွက် ကုန်စုံကို မန္တလေးမှ အပြန်ကျ ၀ယ်လာတတ်သည်။ မေမေ မန္တလေးက ပြန်လာလျှင် 
ပုလဲ ၊ ရတာနာ ၊ မဟူရာမှာသည်များ မေမေ၀ယ်လာတတ်သော်လည်း မမှာတတ်သည့် ရှင်မအတွက်တော့ အလိုက်တသိမပါလာခဲ့ပါ။ မေမေ၀ယ်လာသည့်ပစ္စည်းများကို
သဘောကျပြီး ခုန်ပေါက်နေကြသည့်
ညီမများနှင့် မောင်လေးကို ငေးကြည့်၍ ရှင်မက ပြုံးကြည့်နေတတ်သည်။ ရှင်မရင်ထဲ ဆစ်ခနဲနေအောင် နာကျင်ရသည့်အဖြစ်ကိုတော့ ရှင်မက ထူးခြားပြီး ဘယ်သူ့ကိုမှ မ‌ေပြာပြ‌တတ်ပါ။ ရှင်မရောက်လာသည်မှာ နှစ်၀က်ပင် ကျိုးတော့မည်။ အခုချိန်ထိ ပုလဲနှင့် ရှင်မက ရင်းနှီးမနေပါ။ အရွယ်ရောက်စပြုနေသည့် ပုလဲအား 
မေမေ့ယောက်ျား၏ညီမက သွေးထိုးစကားပြောသည်ကို ရှင်မနားနှင့် ဆတ်ဆတ် ကြားခဲ့ရသည်။ 

" အရောမ၀င်နဲ့ပုလဲ ကိုယ့်ဘာသာနေ
ကိုယ်ကသမီးအရင်း သူကအမေပါ အရော၀င်ရင် ညည်းတို့မောင်နှမတွေအပေါ် ကြာရင် လက်ဝါးကြီးအုပ်လာပြီး အမွေပါရှုပ်လာလိမ့်မယ် "

ထိုစကားကို ကြားစက ရုတ်တရက် ရင်ဘတ်ထဲ စိတ်ထိခိုက်ခဲ့သဖြင့် ဘယ်သူ့မှစကားပြန်မပြောချင်လောက်အောင် နာကျင်နေခဲ့ရသည်။
အမွေတဲ့လား။ တစ်ခါမှ မတွေးဖူးခဲ့ပါ။
ရှင်မက ဒီကို အမွေမက်လို့ လိုက်လာတယ် ထင်နေကြတာလား။ မလိုက်ချင်ဘဲ လိုက်ခဲ့ရတာပါ။ မေမေ့ဧည့်သည်များ အိမ်လာလျှင်လည်း မေမေမိတ်ဆက်ပေးတတ်သော သားသမီးထဲ ရှင်မ မပါပါ။ မန္တလေးမြို့က ပွဲစားများ လိမ္မော်သီး ရချင်သဖြင့် ကြိုငွေလာထုတ်ပေးရင်း အိမ်ကို ရောက်လာကြ၏။ မေမေ့ဧည်သည်ဖြစ်တော့ ဂရုတစိုက် မမေ‌ာမပန်း ရှင်မပဲ ချက်ပြုတ်‌ပေးရသည်။ ပွဲစားမိန်းမက 

" မခင်လေး ကလေး ဘယ်နှစ်ယောက်ရပြီလဲ "

ဟု မေမေ့ကို မေးသည်။ မေမေကရယ်ရင်းဖြေ၏။

" သုံးယောက်လေ ‌မိန်းကလေးနှစ်‌ေယာက် ၊ ယောက်ကျားလေးတစ်ယောက်ပေါ့ "

" ဪ ဒါနဲ့ သူလေးက ဘယ်သူလဲ 
သမီးလား တူမလား မခင်လေးနဲ့ရုပ်ဆင်တယ် "

မေမေပြန်မဖြေခင် ပုလဲက သွက်သွက်လက်လက် ပြန်‌ေဖြသည်။ 

" သူက မေမေ့အရင် သမီးလေ 
သမီးဖေဖေနဲ့က သမီးတို့မောင်နှမ သုံးယောက်ပဲရှိတာ "

" ဪ "
ပွဲစားအန်တီက ရှင်မကို ဂရုဏာသက်သလို ငေးကြည့်ရင်း ပြုံးပြရှာ၏။ 

" သမီးလေးက ချစ်စရာလေး ချောလိုက်တာ "

ရှင်မက အလိုက်သင့်ပြန်ပြုံးပြလိုက်ရသော်လည်း မျက်၀န်း၌ ဝေ့သီလာသည့် မျက်ရည်များကို ပုတ်ခတ် ပုတ်ခတ်လုပ်လိုက်ရ၏။ ရှင်မကို ကြည့်ပြီး
" သမီးလေးက ချစ်စရာလး ချောလိုက်တာ " ညည်းလိုက်သည့် ပွဲစားအန်တီကို ပုလဲက မသိမသာမဲ့ပြသည်။ မေမေ့ယောက်ျား ရှင်မ ဖထွေးကတော့ ရှင်မကို အပြစ်ရှာပြောဆိုခြင်းမရှိ။ မေမေပြီးလျှင် ပြီးသည့်ပုံစံနေတတ်သဖြင့် ရှင်မအတွက် အထူး ပြဿနာမဖြစ်ပါ။ ရွာထဲက ဧည့်သည်များက ရှင်မကို အရေးတယူလုပ်ပြီး လုပ်ငန်းကိစ္စအကြောင်း လာပြောလျှင် ပုလဲက မကြိုက်။

" ဒေါ်ကင်းခြုံ ငွေ‌ေကြးကိစ္စပြောချင်ရင် ပုလဲကိုလာပြောပါ မမက ငွေကိုင်မဟုတ်သလို ဒီအိမ်စီးပွါးရေးက သူနဲ့ဘာမှမပက်သက်ဘူး မေမေမရှိရင် 
ကိစ္စရှိရင် ပုလဲကို လာပြော "

ပုလဲစကားက ရင့်သီးလွန်းသဖြင့် ဒေါ်ကင်းခြုံက ရှင်မကို အားနာသလို ကြည့်၏။ ဟန်မပြတ်ပြုံးပြလိုက်ရသည့် ရှင်မရင်ထဲ ဒဏ်ရာက တစ်ထပ်ထပ် ပိုနက်နက်လာသလို ခံစားနေရသည်။ ကြာတော့ ရှင်မသည် နာကျင်သည့် အပြုံးကို မသင်ဘဲ ပြုံးတတ်လာ၏။  
ထိုနေ့ကို ရှင်မဘယ်တော့မှမမေ့ပါ။ 
ကျောင်းမှ သူငယ်ချင်းသူဇာအေးနှင့် မီးမီးငယ်က လွယ်အိတ် မွေးပွပွကြီးများ လွယ်လာကြ၏။ အရောင်မတူသော်လည်း တမျိုးစီလှနေ၏။

" ရှင်မ တို့သုံးယောက် ဆင်တူဖြစ်သွားအောင် နင်လဲ၀ယ်ဟာ ငါ့မေမေ မန္တလေးက ၀ယ်လာပေးတာ "

သူငယ်ချင်းများက ပြောတော့ ရှင်မလည်း ရချင်မိ၏။ သည်လွယ်အိတ်ကို ရှင်မ၀ယ်နိုင်ပါသည်။ ရှင်မမှာ ပိုက်ဆံရှိ၏။ ထိုပိုက်ဆံရှိကြောင်းကို "မေမေတို့မသိအောင်နေ မေမေတို့မပြောရဘူး " ဆိုသည့် ဦးမြင့်ဆွေ၏ အမှာစကားကို ရှင်မပြန်ကြားယောင်လာသည်။ 

" မေမေ့ကို ငါပြန်၀ယ်ခိုင်းမယ်လေ "

ထိုညနေပင် မေမေ မန္တလေးသွားရမည်။ ကျေားင်းမှ အိမ်သို့ ပြန်ရောက်သည်နှင့် လွယ်အိတ်ကလေးကို အခန်းထဲထားပြီး ညနေစာအတွက် ချက်ပြုတ်ရတော့၏။ ညနေစာချက်ပြီးလို့မှ မနားရသေး။ မေမေက အော်ခေါ်လေသည်။

" ရှင်မရေ နင်အားပြီလား ဒီသံပုရာသီးထဲက ဗန်းဖုံးလာကောက်ပေးစမ်း ကားကလာတော့မယ် မြန်မြန်သွက်သွက် ချုပ်မှရမယ် ..."

" ဟဲ့ ဖိုးငယ် အမလေး သေချာချုပ်ပါဟဲ့ သပ်သပ်ရပ်ရပ်လေး ကုန်သည်က ခင်လေးပစ္စည်းဆိုရင် မာကာမြင်တာနဲ့ ဆွဲချသွားတာမျိုးဖြစ်နေရမယ် "

" ဟိုလိမ္မော်သီးက ရှယ်စလေ ဘာလို့ အကြီးထဲကို ရောရတာလဲ ရှယ်က ရှယ်စားသပ်သပ်ထုတ် အကြီးထဲ ရှယ်စရောရင် ကုန်သည်က အကြီးဈေးပဲပေးတာ "
တစ်အိမ်လုံးမှာ မေမေ့အသံက ပွက်ပွက်ညံနေ၏။ 

" ဟဲ့ ဟိုမှာ ရှမ်းမ မဟုတ်လား ဟဲ့ရှမ်းမ
မနေ့က အသီးလာပေးမယ်ဆိုပြီး ကြိုငွေလာထုတ်သွားတာမဟုတ်လား
ညည်းအသီးက ကားထွက်တော့မယ် အခုထိ မရောက်သေးဘူးလား "

" လာမယ်မမရေ မနက်က မဆွတ်ခင်လိုက်ဘူးရယ် နောက်ဈေးမှ ဆွတ်ပေး
တော့မယ် "

မရှမ်းမဆိုသည့် အစ်မကြီးက မေမေ့ကို
ပြန်လှည့်ပြောသည်။ ဒေသသုံး ဆွတ်သည်ဆိုသည့်စကားလုံးက ခူးသည်ကို ပြောခြင်းပင်။ 

" ဒါပဲ ညည်းတို့ ငွေယူတုန်းကတော့ မမ အခုချက်ချင်း အရေးကြီးလို့ပါမမရဲ့လေး ဘာလေး ညည်းတို့အသီးကျ 
ရွှေသီးများ မှတ်နေကြလား မသိဘူး "

မေမေ့ကိုကြည့်ပြီး ရှင်မပါ ပိုစိတ်မောလာ၏။ 

" ဟဲ့ ရတနာ ငါ့ကို ရေတစ်ခွက် ခပ်လာပေးစမ်း "

မေမေက ရတနာ့ကို ရေခပ်လာခိုင်းသည်။ လွယ်အိတ်ပူဆာချင်သည့် ရှင်မ တစ်ယောက် မေမေစိတ်ကြည်မည့်အချိန်ကို စောင့်ရင်း သံပရာသီး အလှဆုံး အကြီးဆုံးများကို ဆက်ရွေးနေလိုက်၏။ ရတနာခပ်ပေးသည့် ရေကို သောက်ရင်း မေမေက ပါသည့်အလုပ်သမားများကို သေချာလုပ်ပေးရန် ညွှန်ကြားခိုင်းနေသည်။
ညခုနှစ်နာရီကျော်တော့ ကုန်များအားလုံး ပြီးစီးသွားလေပြီ။  

" ရှင်မ အားလုံးပေါင်း ကုန်ဘယ်နှစ်ခုရှိလဲ ရေစမ်း ကိုးစွန်းရင် ငါ့ကိုပြော "

ကုန်အိတ်အရေအတွက် ရှင်မရေတွက်လိုက်သည်။ 

" မေမေ ခုနှစ်ဆယ့်နှစ်ခု မေမေ "

" အေးအေး ကိုးမစွန်းရင် ရပြီ "

ရှမ်းပြည်က ကိုးခု ၊ ကိုးရက် ၊ ကိုးမျိုး ၊ကိုးယောက် တော်တော်ရှောင်ပြီး သတိထား၏။ ကုန်အားလုံး ပြီးတော့ မေမေ ကိုယ်လက်သပ်ပြီး မန္တလေးသွားဖို့ ပြင်ဆင်သည်။ ရှင်မက မေမေ့အနားသွားရင်း " မေမေ " ဟုခေါ်လိုက်သည်။ မေမေက ပြန်လှည့်ကြည့်ပြီး 

" ပြောလေ ရှင်မ ဘာပြောချင်လို့လဲ "

ဟုမေးသည်။

" ဟိုလေ သမီးသူငယ်ချင်းတွေလွယ်တဲ့ လွယ်အိတ်မွှေးပွပွကြီးတွေနဲ့ သိပ်လှတာပဲ အဲဒါသမီး ရချင်လို့ မန်းလေးက ပြန်လာရင် ၀ယ်လာပေးပါလား မေမေ "

" အင်း တွေ့ရင် ၀ယ်လာပေးမယ် "

မေမေ့ဆီက အဖြေကြားတော့ ရှင်မပျော်သွားသဖြင့် မျက်နှာလေး၌ အပြုံးလေးများ ထင်ဟပ်နေ၏။ ကားလာတော့ ကုန်တင်ရင်း
မန္တလေးသို့ မေမေလိုက်သွားလေ၏။ 
နောက်တစ်နေ့ညဆို မေမေပြန်လာမည်။ ရှင်မ အိမ်မှာလုပ်စရာရှိသည်များကို 
မနားမနေ လုပ်၏။ မောရမှန်း ၊ ပန်းရမှန်းမသိပါ။ မေမေပြန်လာလျှင် အမောပြေစေချင်မိသည်။ ထိုနေ့ညက တိုက်တိုက်ဆိုင်ဆိုင် လသာရက် ဖြစ်သဖြင့် မအိပ်ဘဲ လမင်းကြီးနှင့်စကားပြောရင်း မေမေ့ကို စောင့်သည်။ 
မနက် လေးနာရီ လောက်ကျမှ အိမ်ရှေ့မှာ ကားဆိုက်လာ၏။ မေမေစီးလာသောကားပင်။
မေမေပြန်ရောက်တော့ ‌‌ေမမေ့ယောက်ျား ဦးနိုင်တိုးနှင့် မဟူရာက နိုးလာကြ၏။ ကားပေါ်က ဆိုင်အတွက်၀ယ်လာသည့် ပစ္စည်းများကို 
ရှင်မတို့ မမောနိုင်မပန်းနိုင် ချလိုက်ကြသည်။ ရှင်မနဖူးလေး၌ စောစောစီးစီး ချွေးစများပင်စို့လာ၏။
အားလုံးစုံမှ ကားသမားကို ဦးနိုင်က နုတ်ဆက်သည်။ 
ဆိုင်ထဲမှာ ပလုံစီနေသည့် ပစ္စည်းများကို ရှင်မက နေရာချ‌ေနသလို ၊ မဟူရာက မေမေ့အနား ကပ်ချွဲနေလေ၏။

" မေမေ ဘာပါလဲ သားအတွက် သားမှာတဲ့ ကားရုပ်ကြီးပါလား "

" အင်း ပါတယ် သားရဲ့ အိတ်တစ်ခုထဲမှာ မနက်မှ မေမေရှာပေးမယ် 
ရှင်မ အဲဒီ ကျွတ်ကျွတ်အိတ်ထုပ်အမဲက အိမ်အတွက် ဟင်းချက်စရာတွေ သိမ်းလိုက်တော့ သားအကြိုက် မေမေ၀က်အူချောင်း၀ယ်လာပေးတယ်လေ သားရဲ့ "

" အဲဒါဆို သားပြန်အိပ်တော့မယ် "

ပြောပြောဆိုဆို မဟူရာက အိပ်ရာထဲ၀င်သွားသည်။ ရှင်မကသာ ဟင်းချက်စရာများသိမ်းရင်း မေမေ့ကိုကွက်ကြည့်ကွက်ကြည့် လုပ်‌ေနမိ၏။ မှာထားသည့် လွယ်အိတ်လေးအား ကြည့်ချင်လှပါပြီ။ မနက်လေးနာရီထိုးနေသဖြင့် ရှင်မ မအိပ်‌ေတာ့ဘဲ မီးမွှေးပြီး ရေနွေးအိုးတည်ထားလိုက်သည်။

" ခင်လေး ဒါက ဘာထုပ်ကြီးလဲ "

ဦးနိုင်က အထုပ်ထဲက အရာများဆွဲထုတ်ရင်း လှမ်းမေးတော့ ရှင်မရင်ထဲ လှပ်ခနဲ ပျော်သွားသလို ရှိပြီး မျက်လုံးက ဦးနိုင်ကိုင်ထားသည့်အထုပ်ဆီ အကြည့်ရောက်သွား၏။

" အနွေးထည်တွေ ၊ ခြေစွပ်တွေမောင်ရဲ့ မောင့်အတွက်နဲ့ ကလေးသုံးယောက်အတွက်ရော ဪ ရှင်မမှာတဲ့လွယ်အိတ် ရှာမတွေ့ခဲ့ဘူးအေ့ အချိန်ကလည်းမရဘူး ဈေးလု၀ယ်ရတာဆိုတော့
နောက်အခေါက်တွေကြုံတော့ မေမေ၀ယ်လာပေးမယ် "

မေမေ့စကားက တစ်ညလုံးမျှော်နေမိသည့် ရှင်မ၏ မျှော်လင့်ချက်အား ရိုက်ချိုးလိုက်သည်။ ၀မ်းနည်းလွန်းသော်လည်း ဘာမှပြန်မပြောဘဲ ထမင်းတည်ဖို့ ဆန်ဆေးနေလိုက်၏။
နာရီ၀က်လောက်ကြာတော့ မေမေတို့အိပ်ရာပြန်၀င်ကြသည်။ ရှင်မသည်သာ ဆက်မအိပ်နိင်တော့ဘဲ မီးဖိုဘေးနား ထိုင်နေမိ၏။ ပါးပြင်ပေါ်စီးဆင်းကျလာသည့် မျက်ရည်များကို ပွတ်သုတ်ရင်း ဟင်းချက်စရာ ခြင်းတောင်ထဲက ပန်းမုန်လာပွင့်များကို သင်လိုက်သည်။
မနေ့က ကြက်သားဟင်းအကျန်အား ဂေါ်ရခါးသီးနှင့် အရည်သောက် ရောချက်လိုက်၏။ ပဲခဲကို အမှုန့်ဖြစ်‌ေအာင် ပါးပါးခြစ်ရင်း ခရမ်းချဉ်သီးနှင့် စပ်စပ်ချက်ပေးလိုက်သည်
။ အားလုံးကျက်သည်နှင့် ဘုရားဆွမ်းတော်ကပ် ၊ သောက်တော်ရေလဲပြီး ဆီမီးပူဇော်၍ ဘုရားကန်တော့လိုက်၏။ ဘုရားကန်တော့ရင်း ဆုတစ်ခုကို နာနာကျင်ကျင် ဆုတောင်းလိုက်မိတော့သည်။
ထိုဆုက 
" ဘုရားတပည့်တော်မသည် ဘ၀အဆက်ဆက် ဖေဖေ ၊ မေမေအချစ်ခံရသော သားသမီးဖြစ်ရပါလို၏ အရှင်ဘုရား " 
ဟူ၍ပင်။
ထိုနေ့မနက်က ထိုဆုတောင်းအပြီး ရင်ထဲရှိသည့် အရာလေးအား ချရေးမိလေ၏။


အရိပ်

ကောင်းကင်ကိုမော့
လမင်းကြီး‌ေမျှာ်ကြည့်တော့
အရူးလို့ဆိုခံရတယ်....။

ငါ့ရင်မှာငို 
နာကျင်ရလွန်းတော့
ဘယ်ရင်ခွင်မှာ ခဏလောက် 
ခိုလှုံ‌ခွင့်ရမလဲ.......။

တခါ တခါ
ငါ့ကိုအရိပ်ပျိုး ထီးလို‌မိုးစေမယ့်
အရိပ်တစ်ခု ရချင်လိုက်တာ...။

ရှင်မ

********

မိုးအကုန်မှ ဆောင်းသို့ ကူးစပြုလာသည့်အတွက် ရှင်မတို့ရွာလေး၌ အအေးဓာတ်က လွန်ကဲလာသည်။ တနေကုန် အနွေးထည်၀တ်လာရသလို ၊ ညကျလျှင်လည်း ခိုက်ခိုက်တုန်အောင် ချမ်း၏။ အေးလွန်းသဖြင့် မနက်ကျလျှင် စောစောမထချင်ပါ။ မီးဖိုးနားကခွာလိုက်လျှင် တုန်ခိုက်သည့်အအေးက ရှမ်းပြည်အအေးကို စခံရသည့် ရှင်မကို 
တော်တော်နှိပ်စက်သည်။ မနက်ဆို ရေပင်မကိုင်ချင်ပါ။ လက်ဖျားမှ 
လက်အရင်းထိ ကျဉ်တက်သွားရသည့်အခါတိုင်း လက်ကလေးကို ခါနေမိ၏။ မေမေ၀ယ်လာပေးသည့် လမ်းဘေး ဘေလ်ထုတ် အနွေးထည်ထူထူက သည်နေရာတော့ အသုံးတည့်သည်။ ညဆိုလျှင်လည်း စောင်သုံးလေးထည်ခြုံတာပင် မနွေးပါ။ ပုလဲနှင့်ရှင်မက အတူသာအိပ်သည်။ ဟိုဘက် ၊ ဒီဘက် ခပ်ခွါခွါ အိပ်တတ်ကြ၏။ အိမ်ဆောက်လျှင် တစ်ယောက်တစ်ခန်းဆီ လုပ်ပေးမည်ဟု မေမေက ပုလဲကို ဂတိပေးထားသည်။ ရှင်မကတော့ လွယ်အိတ်ပူဆာပြီးကထဲက မေမေ့ကို ဘာမှ မပူဆာတော့။ ၀ယ်ပေး၊ မပေးထက် 
ရင်ထဲ တဆတ်ဆတ်နာရသည့် ဝေဒနာအား မခံစားချင်၍ပါ။ သားသမီးချင်းတူသော်လည်း မေမေသည် ဦးနိုင်နှင့်ရသည့် သားသမီးများပေါ်သာ အလေးသာ‌သည်ကို ရှင်မသိနေခဲ့ပါသည်။  
ထိုနေ့က ရှင်မကျောင်းပိတ်သည်။ 
မနက်ခင်းချက်ပြုတ်ပေးပြီးသည်နှင့် ဆိုင်ထဲက ကုန်စုံများ ကူထုတ်ရ၏။ 
မေမေမထုတ်လျှင် ဘယ်သူမှ မထုတ်သဖြင့် ရှင်မက အားသည်နှင့် အလိုက်တသိ အကုန်ထုတ်ပေးသည်။ မေမေသက်သာလျှင် ရှင်မကျေနပ်သည်။  
ပုလဲက အားလျှင် ဈေးရောင်းကူပြီး ကောင်တာထိုင်၏။ ဆိုင်၏ဗာဟီရအား ကူမလုပ်တတ်ပါ။

" မမ မမအားရင် သကြားရယ် ပဲခြမ်းရယ် အချိုမှုန့်ရယ် ထုတ်ဖို့လိုနေပြီ မေမေလည်းမအားတော့ ၀ယ်သူလာမေးရင် ရောင်းဖို့မရှိဘူး "

" အေးအေး မမပြီးအောင် ထုတ်ပေးမယ် "

မေမေထုတ်တာမြင်ထားသည့်ရှင်မက 
ဘယ်လောက်၀ယ်ရလျှင် ဘယ်လောက်ထုပ်ရမည် ဆိုသည့် အရေအတွက်ကို
မှတ်မိနေလေ၏။ ဆိုင်မှာ ထုပ်စရာရှိသည့် အရာများ ပြီးအောင်ထုပ်ပေးလိုက်သည်။ 

" မမကြီး "

" ဝေ "

ရှင်မ ကုန်စုံထုတ်နေသည့်အချိန် ရတနာက လာခေါ်လေ၏။

" သမီး ဆောင်းမွှေး၀င်နေတယ် ဆောင်င်းမွှေးကိုက်တယ်မမကြီး
အဲဒါ ဆေးသောက်ချင်လို့ သမီးကို ဆေးယူပေး "

မြတ်စွာဘုရား ။ ရှင်မစိတ်ထဲက ဘုရားတလိုက်မိသည်။ 

" ရတနာ ဘာတွေ လျှောက်ပြောနေတာလဲ မိန်းကလေးက အဲဒီလို မပြောရဘူးလေ "

ရှင်မက လေသံခပ်မာမာလေးနှင့် ဆူလိုက်တော့ ရတနာက စိတ်တိုပြီး အော်သည်။

" မမကြီးကလည်း ဆောင်းမွှေး၀င်လို့ ဆောင်းမွှေးကိုက်လို့ပါဆို ဆေးမယူပေးဘဲ လာဆူနေတယ်
မမပုလဲရေ မမပုလဲ "

" ဟဲ့ ဘာဖြစ်နေတာလဲ "

အိမ်ထဲ၀င်နေသည့် ပုလဲက အပြေးထွက်လာရင်း မေးသည်။  

" သမီး ဆောင်းမွှေးကိုက်လို့ ဆောင်းမွှေး၀င်နေတယ် ဆေးယူပေး "

" အေးအေး ရော့ ကော်ဖီနဲ့သွားသောက် "
ရတနာက ပုလဲပေးသည့်ဆေးကို ယူပြီး ကော်ဖီတစ်ထုပ်ဖျော်ပြီး ဆေးသောက်သည်။ ထိုအခါကျမှ " ဆောင်းမွှေး၀င်ပြီး ဆောင်းမွှေးကိုက်နေသည်" အဓိပ္ပါယ်ကို ရှင်မ သိရသည်။ ကိုယ်လက်ကိုက်ခဲပြီး ဖျားချင်ချင်ဖြစ်သည်ကို ဆိုလိုတာတဲ့။ ကုန်စုံထုတ်ပြီးသည်နှင့် ရှင်မအ၀တ်လျှော်ရမည်။
ကျောင်းပိတ်သည့်ရက်ရောက်လျှင် အိမ်ရှိအ၀တ်စားအားလုံး ရှင်မလျှော်ရသည်။ ရှင်မအ၀တ်စားက နည်းနည်း။
ရှင်မ မညည်းညူပါ။ ရှင်မ လုပ်ပေးနိုင်လျှင် မေမေသက်သာမည်။ ဒီအသိ၀င်လာတိုင်း ရှင်မ မခိုမကပ် လုပ်ပေးတတ်၏။ အငယ်တွေအပေါ်လည်း ရှင်မသည်းခံပါသည်။ အ၀တ်တစ်ပုံကြီး လျှော်ပေးပြီးတော့ ရှင်မ ဗိုက်က ဆာလာသည်။ မီးဖိုထဲ၀င်ပြီး နေ့လည်စာ စားရန် ပြင်တော့ မနက်ကချက်ထားသည့် ဟင်းက ကုန်နေပြီ။ မနေ့ညနေက 
‌ေမေကြော်ခိုင်းထားသည့် ၀က်သားကြော်ထဲက နှစ်တုံးကို ရှင်မယူစားလိုက်၏။ 
နှစ်လုပ်လောက်ပဲ ရှင်မစားရ‌ေသးသည်။ ထမင်းစားရာဆီ ပုလဲရောက်လာ၏။

" မမ ဘာနဲ့စားနေတာလဲ "

" ဟင်းကုန်သွားလို့ မနေ့ညက မေမေ‌ေကြာ်ခိုင်းတဲ့ ၀က်သားဟင်းထဲက နှစ်တုံးယူစားတာ ညီမလေးရဲ့ "

ရှင်မပန်းကန်ထဲက ဟင်းကိုကြည့်ပြီး ပုလဲမျက်နှာစူပုတ်နေသည်။

" ပုလဲတို့ကျ ဟင်းတစ်မျိုးကျွေးပြီး မမကျ အသားဟင်းခိုးစားတာပေါ့ အဲဒီ၀က်သားဟင်းက ပုလဲစားချင်လို့ မေမေ့ကို ကြော်ခိုင်းထားတာ ပုလဲတောင်မစားရသေးဘူး မမကို ဘယ်သူက‌ေကျွးလို့စားရတာလဲ "

ရှင်မရင်ထဲနင့်သွားပြီး စားသည့်ထမင်းပင် မြိုမကျတော့ပါ။ စကားမများချင်သဖြင့် အနည်ငယ်ဖဲ့ထားသည့် 
ဟင်းတုံးနှစ်တုံးကို သိမ်းထားသည့်ဟင်းချိုင့်ထဲ ပြန်ထည့်လိုက်၏။

" အမလေး မမစားပြီးသားအကျန်ကို 
ပြန်မထည့်နဲ့လေ ရွံတယ် ခိုးစားတုန်းက ခိုးစားပြီး လူသိမှ ပြန်ထည့်မနေနဲ့ "

" ပုလဲ "

ရှင်မ၏စိတ်က သည်းမခံနိုင်တော့သဖြင့် အော်ဟစ်ပစ်လိုက်သည်။ တော်တန်ရုံ ဒေါသမထွက်တတ်သည့် ရှင်မသည် အသားတဆတ်ဆတ်တုန်ပြီး အရမ်းစိတ်တိုနေ၏။

" နင်စော်ကားတာရပ်လိုက်တော့ ငါ့ကိုကြိုက်သလို စော်ကား ငါ့အကျင့်စာရိတ္တကို မစော်ကားနဲ့ အဲဒါငါအမုန်းဆုံးပဲ "

နာနာကျည်းကျည်း ပြောလိုက်သည့် ရှင်မကို ပုလဲက ပြန်အော်၏။

" စော်ကားတော့ ဘာဖြစ်လဲ ရှင့်ကိုကြောက်နေရမှာလား ခိုးစားလို့ ခိုးစားတယ်ပြောတာကို နာနေတယ် မသိအောင်ခိုးစားရင် အဲဒါသူခိုးပဲ "

ပုလဲစကားအဆုံး ပုလဲရှေ့ကို ရှင်မလွှားခနဲ ရောက်သွား၏။ မျက်စိထဲ ဘာမှမမြင်ဘဲ ပုလဲ၏ပါးကို " ဖြန်း " ခနဲ ‌ရိုက်ချပစ်လိုက်သည်။
သူ့အသားနာသွားသဖြင့် ပုလဲကပါ ပြန်ခံသတ်ရင်း ညီအစ်မနှစ်ယောက် လုံးထွေး သတ်ပုတ်ကြတော့၏။
ဘယ်သုမှန်သည် ၊ မှားသည် အသေချာ မသိကြသည့် ရတနာကပါ ရှင်မကို ဝိုင်းလုပ်ကြသည်။ ဘေးကနေ မဟူရာက ငိုရင်း သူ့လက်သီးဆုပ်လေးနှင့် လိုက်ထုသည်။

" အဲဒါက ဘာဖြစ်နေကြတာလဲ "

ရှင်မတို့ညီအစ်မတတွေ လုံးထွေးသတ်ပုတ်နေသည့်အချိန် အပြင်ကပြန်လာကြသည့် မေမေနှင့်ဦးနိုင်အသံကြားမှ ရပ်လိုက်ကြတော့သည်။
ရတနာနှင့် ပုလဲက ဆွဲဆောင့်ထားသဖြင့် ရှင်မဆံပင်များက ပြန့်ကျဲနေသလို ပုလဲမျက်နှာ၌လည်း ရှင်မရိုက်ထားသဖြင့် နီရဲနေပြီး ကုတ်ခြစ်ရာများပါ ရှိနေ၏။
ရှင်မတို့ကို မေမေက ဒေါသမျက်ဝန်းနှင့် စူးစူးစိုက်စိုက်ကြည့်သည်။

" ရှင်မ ၊ ပုလဲ ၊ ရတနာ ဘာဖြစ်တာလဲ ငါ့ကိုပြောစမ်း "

" မမက သမီးကို ပါးပိတ်ရိုက်တယ် 
ညက သမီးကြော်ခိုင်းထားတဲ့၀က်သားကိုယူစားလို့ ‌ေပြာမိတာကို သမီးကို ပါးရိုက်တယ်မေမေ "

ပုလဲစကားအဆုံး ဦးနိုင်ကပါ တရှူးရှူးဖြစ်နေသည်။ ရှင်မသိသည်။ သူတို့အချစ်ဆုံးသမီးကို ရှင်မက ကိုယ်ထိလက်ရောက်လုပ်သဖြင့် မကျေနပ်ကြပါ။

" ခင်လေး တော်တန်ရုံ ဘာမှ၀င်မပြောချင်ဘူး မင်းသမီးက ငါ့သမီးတွေကို 
ကိုယ်ထိလက်ရောက် လုပ်တာတော့ လွန်သွားပြီ မင်းသမီးကို မင်းဘာသာ ဆုံးမ "

ပြောပြီးသည်နှင့် ဦးနိုင်က အပြင်ထွက်သွား၏။ ပုလဲက အော်ကြီးဟစ်ကျယ် အော်ငိုသည်။ မေမေက ရှင်မဆီ လျှောက်လာ၍ " ရှင်မ " ဟုခေါ်လိုက်သည်။ 
‌မျက်ရည်ပြည့်လျှံနေသည့် မျက်၀န်းနှင့် 
မေမေ့ကို ရှင်မ ပြန်ကြည့်နေမိ၏။
ရှင်မအနားရောက်သည်နှင့် မေမေက သူ့လက်ကိုမြှောက်လိုက်စဉ် ရှင်မ မျက်၀န်းတို့ကို စုံမှိတ်ထားလိုက်မိတော့သည်။

**********


rate now: