တစ်ခါမှ ခရီးမသွားဖူးသဖြင့် ရှင်မ၏စိတ်များ ခဏတာ လန်းဆန်းနေသလိုရှိသည်။ ရှင်မတို့စီးလာသော ကားက လှိုင်သာယာအဝေးပြေးဂိတ်တွင် ဂိတ်ဆုံး၏။ ထိုမှတစ်ဆင့် ကားတစ်ဆင့်ငှါးပြီး ရန်ကုန်ဘူတာကြီးကို သွားကြရ၏။ ရှင်မအတွက် အရာရာ အထူးဆန်းဖြစ်နေသည်။ အခုချိန်ထိ ရှင်မ ခရီးဝေး တစ်ခါမှ မသွားဖူးခဲ့ပါ။ ဘူတာကြီးရောက်တော့ ကားပေါ်ကဆင်းပြီး ဘူတာကြီးအတွင်းထဲ ၀င်လာကြ၏။ အ၀တ်စားအိတ်ကိုဆွဲပြီး
ကျောပိုးအိတ်ေလး လွယ်ထားသည့် ရှင်မပုံစံက အူတူတူအတတပုံ ပေါက်နေမှာသေချာပါ၏။ ဘူတာကြီးရောက်တော့ ရန်ကုန် ၊ ရွှေေညာင် ရထားဆိုက်ရာ စင်္ကြန်တွင် နေရာယူကြရသည်။
မေမေတို့က ပစ္စည်းတွေနှင့် ရှင်မကို အစောင့်ထားခဲ့ပြီး ရထားစောင့်ရုံးတွင်
လက်မှတ်၀ယ်လေ၏။
" မောင်ရေ လက်မှတ်ကလဲ မတန်တဆဈေးပေးမှပဲ ရတယ် အိမ်က ကလေးတွေကို စိတ်မချလို့သာ "
မေမေနှင့်သူ့ယောက်ျားပြောသည်ကို ရှင်မက ငေးငေးလေးကြည့်နေမိသည်။
" ရထားက ညနေ လေးနာရီ တွဲပဲရှိတာလေ ရှင်မ သမီးက ပစ္စည်းစောင့်ေနနော် မေမေတို့ထမင်းအရင်သွားစားမယ် သမီးအတွက် ပါဆယ်ဆွဲလာခဲ့မယ် ဒီနားကနေ ဘယ်မှမသွားနဲ့နော် "
စိတ်မချသလိုမှာနေသည့် မေမေ့ကို ဘာမှပြန်မပြောဘဲ ခေါင်းသာညိတ်ပြလိုက်၏။ ထွက်ခွာသွားသည့် မေမေတို့ကျောပြင်ကို ငေးရင်း ရှင်မ ကျန်ခဲ့သည်။
" သမီးက ဘယ်သွားမှာလဲ "
ဘေးနားခပ်လှမ်းလှမ်းက အဒေါ်တစ်ယောက်က ရှင်မကို လှမ်းမေးလေ၏။
" ရှမ်းပြည် "
ရှင်မ သိသလိုလေး ဖြေလိုက်သည်။ ဥဒဟို သွားလာနေကြသည့် လူအများကို ငေးကြည့်ရင်း နည်းနည်းတော့အပျင်းပြေသလိုရှိလာ၏။ တစ်နာရီလောက်ကြာမှ မေမေတို့ပြန်လာကြသည်။ ပြန်လာတော့ ရှင်မအတွက် ဖော့ဘူးနှင့် ထမင်းပါဆယ်၀ယ်လာပေး၏။
" စားလိုက်ရှင်မ ရော့ ရေပါ၀ယ်လာပေးတယ် "
မေမေပေးသည့် ထမင်းဘူးကို လှမ်းယူရင်း ဗိုက်ကဆာနေသဖြင့် ခပ်သွက်သွက် စားလိုက်မိသည်။ ကြက်သားဟင်းက နှစ်တုံးပါပြီး နူးအိနေအောင် ချက်ထားသဖြင့် စားရသည်မှာ အဆင်ပြေ၏။ ဇွန်းနှင့်ဖဲ့လိုက်သည်နှင့် ဟင်းက အဆင်သင့်ပါလာသည်။ ထမင်းကုန်သွားမှ ရေသန့်ဘူးထဲက ရေကို မော့သောက်လိုက်၏။
ဘူတာတွင် ရထားအလာကို ငုတ်တုတ်ထိုင်စောင့်နေရသည်မှာ နောက်ထပ် နှစ်နာရီ၀န်းကျင်။
" ဘော် ဘူ ဘော် "
အသံရှည်ဆွဲပြီး ရထားတစ်စီး၀င်လာတော့ ဘူတာရှိလူများ ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ကြသည်။ အစောက ပျင်းရိလျော့ရဲနေကြသည့် လူအများက ချက်ချင်းကို လှုပ်ရွကုန်ကြပြီ။
" ဟဲ့ ရထားလာပြီဟဲ့ သွက်သွက်လုပ်ဟေ့ "
" ကိုယ်စီးရမယ့်တွဲကို အရင်ရှာလေ "
" ဟယ် ငါ့ကိုစောင့်ဦးလေ ပစ္စည်းတွေမနိုင်မနင်းကို "
" ဟဲ့ နေရာနောက်မှရှာ လောဆယ် ၀ယ်ထားတဲ့ကုန်တွေ တင် "
ဆူပွက်လှုပ်ရှားနေကြသည့်သဏ္ဍာန်များကို ရှင်မ ကြောင်တက်တက်လေး ငေးနေမိ၏။
" ကဲ ရှင်မ ထသမီး ဒီရထားနဲ့လိုက်ရမှာ မောင်ရေ တွဲနံပါတ် ဘယ်လောက်လဲ
တွဲနံပါတ်မှန်ရင် တက်ကြမယ် "
" တွဲ ၂ ဒီတွဲ ပဲ "
ရှင်မတို့စီးနင်းလိုက်ပါရမည့်တွဲအား တွေ့သည်နှင့် ရထားပေါ် မေမေက အရင်တက်သည်။ ရထားပေါ်ရောက်သည်နှင့်
" ဒီအပေါက်ကနေ ပစ္စည်းအရင်တင်လိုက် ရှင်မ ဘာလုပ်နေလဲ တက်ခဲ့တော့လေ "
ဆိုပြီး မေမေကအော်သည်။ တအံ့တဩ ကြောင်ကြည့်နေမိသည့် ရှင်မလည်း ရထားပေါ်လှမ်းတက်လိုက်ပြီး မေမေ့အနား သွားလိုက်၏။
" အဲဒီအနား ခဏရပ်နေ နင့်အဖေလာမှ ခုံနံပါတ် ရှာရမယ် "
ဖျတ်ခနဲ မေမေပြောလိုက်သည့် " နင့်အဖေလာမှ " ဆိုသည့်စကားက နားထဲ ခဏခဏ ကြားသွား၏။
မေမေ့ယောက်ျားပါ တွဲပေါ် တက်လာပြီး ရှင်မတို့လက်မှတ်ထဲက ခုံနံပါတ်ကို လိုက်ရှာသည်။ ခုံက သုံးခုံဖြစ်သဖြင့်
ေမမေတို့လင်မယားက နှစ်ခုံထိုင်ပြီး ရှင်မကတစ်ခုံထိုင်လေ၏။
ကံကောင်းသည်က ရှင်မက ပြတင်းပေါက်ဘေးနားခုံရသဖြင့် အဆင်ပြေပါသည်။ ရှင်မတို့ထိုင်၍ ဖင်ပင်မပူသေး။ ရှင်မတို့ခုံနှင့် နံပါတ်တူနေသဖြင့် မိန်းမတစ်ယောက်က ခုံအတင်းလာဖယ်ခိုင်းသဖြင့် အခြေတင်စကားပြောရသေးသည်။
" လက်မှတ်စစ်ကို သေချာမေး ညီမရေ
တခါတလေ အဲဒီလိုခုံထပ်တတ်တယ် "
မေမေ့စကားအဆုံး ရထားလက်မှတ်စစ်ရောက်လာပြီး ခုံမှားသူကို ခေါ်၍ တခြားနေရာမှာ နေရာချပေးသည်။ မကြာခင် ရထားက ဘူတာမှစထွက်လေပြီ။
" ရန်ကုန် .ေရွှညောင် စင်္ကြန်အမှတ် .......ခရီးစဉ်မှာ စီးနင်းလိုက်ပါမည့် ခရီးသည်များရှင် မကြာခင်အချိန်အတွင်း ရန်ကုန်ရွှေညောင် ခရီးစဉ်ရထား စတင်ထွက်ခွာတော့မည် ဖြစ်ပါသည် "
ရထားထွက်ရှိကြောင်း ကြေငြာသံ ကြားရပြီး ခဏအကြာ ရှင်မတို့
စီးနင်းလိုက်ပါမည့်ရထားက ဥဩဆွဲလေတော့၏။
" ဘော် ဘူ ဘော် "
ရထားဘီးက တဖြည်းဖြည်းလှိမ့်ရာက အရှိန်မြန်လာတော့၏။ ရထားသံ ဂျုန်းဂျုန်းဂျက်ဂျက် နှင့်အတူ ပြင်ပရှိ သစ်ပင်များက ရိပ်ခနဲရိပ်ခနဲ။
အစောက ဘူတာတွင် စိတ်ညစ်ရသည်များ ခဏနှင့် လွင့်ပျောက်သွားကြသလို ရထားပြတင်းတံခါးမှတစ်ဆင့် ပြင်ပမှ ရှူ့ခင်းများကို ငေးကြည့်နေရင်း လိုက်ပါလာ၏။ ပြင်ပကို ငေးနေသည့် ရှင်မအတွက် အရာအားလုံးက အထူးဆန်းကြီးဖြစ်နေ၏။ မကြာခင် ရထားပေါ်သို့ ဈေးသည်များတက်လာသည်ကို တွေ့လိုက်ရသည်။ အသံစာစာနှင့် အော်ဟစ်ဈေးလိုက်ရောင်းသည်ကို ရှင်မငေးမိပြန်၏။ သူတို့၏
အသံစာစာများက ရထားတွဲထဲ ဆူပွက်နေသည်။ ရှင်မတို့တွဲထဲ ပတ်ရောင်းပြီးသည်နှင့် ဈေးသည်က နောက်တွဲ ပြောင်းသွားပြန်၏။
ရထားက အရှိန်နှင့်ခုတ်မောင်းပြီး မြို့များကို တမြို့ပြီးတမြို့ဖြတ်ဖြတ်ေနေလ၏။
ရှင်မ မေမေတို့ကတော့ ထိုင်ခုံနောက်ကို မှီရင်း အိပ်ငိုက်နေကြသည်။ ရှင်မကတော့ အိပ်မရသဖြင့် ပြင်ပကိုသာ ငေးေနမိ၏။
ရှင်မအတွက် အရာရာက အိပ်မက်ဖြစ်နေသည်။ အခုထိ ဘယ်အရာမှ ယုံကြည်မရ။ ဘဘကို သိပ်သတိရမိလာတော့ မျက်၀န်းတွင် မျက်ရည်ကြည်များ အလိုလိုရစ်ဝဲလာ၏။
ဘဘနှင့်အခုလို မြန်မြန်ခွဲရမည်မထင်ခဲ့ပါ။ အခုတော့ ဘဘကိုခွဲပြီး ရှင်မက ရှမ်းပြည်ကို လိုက်လာရသည်တဲ့လား။
ဒေါ်လေးနွယ်ကို လည်း သတိရမိသည်။ ဦးမြင့်ဆွေပေးလိုက်သည့် ပိုက်ဆံကို ကျောပိုးအိတ်ထဲ ထည့်ထားသဖြင့် အိတ်လေးအား ရှင်မကိုယ်နှင့် နီးနီးကပ်ကပ် ထားလေ၏။ ရထားက တစ်ဘူတာေရာက်လျှင် တစ်ဘူတာ၌ ခဏရပ်ပြီး ပြန်ထွက်လေ၏။ ရပ်လိုက် ၊ ထွက်လိုက်နှင့် ရထားက သာစည်ရောက်တော့ အကြာကြီး ထိုးရပ်သွား၏။
" ရှင်မ ညည်း လမ်းမှာ မအိပ်လာဘူးလား "
" ဟင့်အင်း "
မေမေ့အမေးကို ရှင်မဖြေရင်း ခေါင်းခါပြလိုက်သည်။
" ကဲ သာစည်မှာ တွဲဖြုတ်မယ် တွဲချိန်းမယ် ခဏကြာဦးမယ် ညည်း အပေါ့ပါးသွားရင်လာ မေမေနဲ့လိုက်ခဲ့ "
" မောင်ရေ ရထားပေါ် မောင်ပဲနေကျန်ခဲ့လိုက် ပူလိုက်အိုက်လိုက်တာ မခံနိုင်ဘူး
ရေသွားချိုးလိုက်မယ် ရှင်မ ညည်းအ၀တ်စားအပိုယူလာ ရေပါချိုးရအောင် "
" ဟုတ်ကဲ့ "
မေမေ့ကို အလိုက်သင့်ပြန်ဖြေရင်း ရှင်မကျောပိုးအိတ်လေးလွယ်ပြီး မေမေ့ေနာက် လိုက်ခဲ့၏။ မေမေက
ရေချိုးလို့ရသည်။ ဆိုင်းပုဒ်တပ်ထားသည့်
တိုက်ခန်းပုံစံထဲ ၀င်သွားသည်။
" ရှင်မလာ မငေးနဲ့ ရေချိုး ချေးယိုသေးပေါက်အကုန်လုပ် ကြားလား "
ဟု ပြောဆိုပြီး အိမ်သာတစ်ခုထဲ ၀င်သွားလေသည်။ ရှင်မလည်း မေမေမှာသည့်အတိုင်း လုပ်စရာရှိသည်များသွက်သွက်လုပ်လိုက်၏။ ပြီးမှ ရေချိုးခရှင်းပြီး ရှင်မတို့သားအမိ ရထားဆီ ပြန်ထွက်လာကြသည်။ ရထားက ရှင်မတို့ဆင်းလာသည့်နေရာမဟုတ်ဘဲ တော်တော်အဝေးကြီး ရောက်သွား၏။ ရထားပေါ်ရောက်ပြီး တော်တော်ကြာမှ ရထားက တခါ ခရီးထပ်ဆက်သည်။
ရထားတွဲထဲ မီးထွန်းထားသော်လည်း အလင်းရောင်က မှိန်ပြပြပင်။ မေမေနှင့် သူ့ယောက်ျားက တစ်လမ်းလုံး အိပ်ငိုက်လာကြသည်။ ရှင်မသာ အိပ်မရသဖြင့် တစ်လမ်းလုံးငေးလိုက်လာ၏။ ရှင်မဘေးနားကျသည့် အဒေါ်ကြီးကလည်း အိပ်ငိုက်ရင်း သူ့ခေါင်းက ရှင်မပခုံးပေါ် ငိုက်ကျကျလာသဖြင့် ရှင်မမှာ အနေပိုကြုံ့ရသည်။ ညည့်နက်လာသည်နှင့်အမျှ ရထားပြတင်းဖွင့်ထားသဖြင့် အအေးဓာတ်က ပိုလာသလို မျက်နှာနုနုလေးအား လေစိမ်းတရစပ် တိုက်ခတ်ခံရသဖြင့် အနေရခက်သလို ခံစားလာရ၏။
မေမေက တရေးနိုးလာပြီး တံခါးကို ထပိတ်သည်။
" တံခါးပိတ်လိုက်မှရမယ်ရှင်မ ပြတင်းတံခါးဖွင့်ထားတာအန္တရာယ် များတယ် "
ရှင်မက ဘာမှနားမလည်သဖြင့် မေမေလုပ်သမျှ သာ ငေးကြည့်နေမိ၏။ တံခါးပိတ်ပြီးသည်နှင့် မေမေက ပြန်ဆက်အိပ်ပြန်သည်။ ကြာလာတော့ ရှင်မမျက်လုံးလေးများပါ ငိုက်လာေတာ့၏။ ငိုက်ရင်း ရှင်မ ဘယ်လောက်အထိ အိပ်ပျော်သွားလဲမသိပါ။ မေမေလှုပ်နိုးမှ နိုးလာသည်။
" ရှင်မ ထတော့ ခွေးရုပ်ဘူတာ ရောက်နေပြီ ဒီက အားလူးကြော် အရမ်းကောင်းတာ ထ ထမင်းစားကြမယ် မျက်နှာသစ်လိုက် "
ခွေးရုပ်ဘူတာတွင် ရထားချင်း ဆုံနေသဖြင့်
ဆုံသည့် ရထားအား စောင့်ရချိန် ရှင်မကမျက်နှာသစ်လိုက်သည်။ မေမေ့ယောက်ျားက ထမင်းပါဆယ် အသားနှင့် ဆင်း၀ယ်ပြီး အာလူးကြော်ပါ ၀ယ်လာပေးသည်။ ပိုက်ဆာနေလို့လားမသိ ။ ထမင်းကစားလို့ကောင်းပါ၏။ ဆိတ်သားချောင်းများပါ မေမေက ၀ယ်ပေးသည်။
" ဒီကစ တောင်ပေါ်ကို စတက်ရမှာလေ
လွန်းထိုးတွေ ဖြတ်ရမယ် စတုတ္ထလွန်းထိုးအထိ ဟိုဘက်ရောက်ရင် လှိုက်ဂူသုံးခုလည်း ဖြတ်ရဦးမယ် "
မေမေက ရှင်မကို ရှင်းပြသလိုနှင့် ဆို၏။ ရှင်မက ထမင်းစားရင်းမေမေပြောသမျှ နားထောင်နေ၏။
ဆုံနေသည့် ရထားရှင်းသည်နှင့် ရှင်မတို့စီးသည့်ရထားက စထွက်လာ၏။ သိပ်မကြာခင် ရှေ့တိုးနောက်ဆုတ် လွန်းထိုးများကို ကျော်ဖြတ်ရလေသည်။ လှိုက်ဂူကြီးထဲ ဖြတ်တော့ မှောင်မဲသွားသည့်အချိန် ရထားပေါ်ရှိ လူအများက " ဟေး" ဟု ထအော်ကြသဖြင့် ရုတ်တရက် လန့်သွားသလိုရှိပေမယ့် ရှင်မစိတ်ထဲ ပျော်လာမိသည်။ နောက်လှိုက်ဂူများကျတော့ သိပ်မထူးဆန်းတော့ပါ။ ရထားလမ်းတစ်လျှောက် သစ်ခွပန်းလှလှများ တွေ့တော့ ရှင်မမှာ လိုချင်လိုက်သည့်ဖြစ်ခြင်း။
" ဘာလုပ်မှာလဲ မေမေတို့ဆီမှာပေါပါ့ "
မေမေ့ကို ခေါင်းညိတ်ပြရင်း လိုချင်စိတ်ကို မြိုသိပ်မိပြန်သည်။ မြင်းဒိုက်ဘူတာရောက်တော့ မေမေက
" သိပ်မကြာတော့ဘူး ရောက်တော့မယ် "
ဟုဆိုသည်။ မြင်းဒိုက်က ထပ်ထွက်လာတော့ ကလောဘူတာ၌ ခဏတာ ရထားကရပ်သွားပြန်သည်။ ကလောဘူတာကတစ်ဆင့် ရထားဆက်ထွက်လာပြီး အောင်ပန်းဘူတာကျ ရထားကဥဩရှည်ဆွဲပြီး ရပ်သွား၏။
" ရောက်ပြီ ရှင်မ ဆင်းမယ် ပစ္စညးသေချာစစ်နော် ရထားပေါ်ပါသွားရင် ပြန်ရမှာမဟုတ်ဘူး "
ရှင်မကို ဆိုရင်း အထုတ်အပိုးတွေယူ၍ မေမေတို့က အရင်ဆင်းသည်။ ရှင်မက ရှင်မအ၀တ်စားအိတ်လေးဆွဲ ၊ ကျောပိုးအိတ်လေးကိုလွယ်၍ ရထားအထွက်ပေါက်ကတစ်ဆင့် ခုန်ဆင်းလိုက်၏။ ရှင်မစီးလာသည့် ရထားဆီ ပြန်လှမ်းကြည့်မိတော့ လူများတက်လိုက် ၊ ဆင်းလိုက်နှင့် ဆက်ပြီး ပုံမှန်လည်ပတ်နေကြသည်။
ခဏအကြာ မေမေ့ယောက်ကျားက အပြင်ထွက်သွားပြီးမကြာခင် မြင်းလှည်းရထားလုံးတစ်စီး ပါလာသည်။ မြင်းလှည်းပေါ် ရှင်မတို့ ရောက်သည်နှင့် မြင်းလှည်းမောင်းသူက သူ့မြင်းကို စတင်မောင်းထွက်လိုက်၏။ မြင်းခွါသံ တခွပ်ခွပ်ကို နားထောင်ရင်း
ရှင်မက ရထားရော ၊ မြင်းလှည်းပါ စီးဖူးခဲ့ေလပြီ။ မြင်းလှည်းက ရှင်မတို့သွားမည့် ကားဂိတ်ဆီ လိုက်ပို့ပေး၏။ ကားဂိတ်ရောက်တော့ ကားကထွက်ခါနီး မှီတယ်ဆိုရုံလေးပင်။
" ဒါနောက်ဆုံးကားနော် ကားကမရှိတော့ဘူး "
လက်မှတ်ရောင်းသူပြောသံကို ရှင်မ ကြားလိုက်ရ၏။ မေမေက လက်မှတ်သုံးစောင် ဖြတ်ပြီးသည်နှင့် ပါလာသည့်
ပစ္စည်းအချို့ကို ကားပေါ်တင်ေစသည်။
ကားစပါယ်ရာ နေရာချပြီးသည်နှင့် ကားသမားကို " ထမင်းစားချင်လို့ ခဏစောင့်ပေး " ဖို့ လှမ်းပြောသံ ကြားရ၏။ ပြီးမှ ရှင်မကိုပါခေါ်ပြီး ကားဂိတ်နှင့်မနီးမဝေးဆိုင်တစ်ခုတွင် ထမင်းစားကြသည်။
စားသောက်ပြီးသည်နှင့် ကားကထွက်တော့မည်ဖြစ်၍ ကားပေါ်ကို အလုအယက်တက်လိုက်ကြ၏။
ရှင်မတို့နေရာရောက်သည်နှင့် ကားစပါယ်ရာက အော်လေ၏။
" ခရီးသည်တွေစုံပြီလား ဘယ်သူကျန်သေးလဲ အားလုံး စုံပြီနော် မကျန်တော့ဘူးနော် ကားထွက်ပါပြီ ဆွဲ ဆရာရေ့ ရပြီ "
ကားစပါယ်ရာစကားအဆုံး ကားက စတင်မောင်းထွက်တော့သည်။ လမ်း၌ ဆင်းမည့်ခရီးသည်ကို ချပေးသလို ၊ တက်မည့်ခရီးသည်ကို တွေ့လျှင်လည်း တင်၏။ ညနေငါးနာရီကျော်မှ ကားက ဂိတ်ဆုံးဖြစ်သည့် ရွာငံမြို့ကို ရောက်လေ၏။ မြို့ကနေတစ်ဆင့် မေမေတို့ရှိရာ ရွာလေးသို့ လမ်းလျှောက်ရမည်တဲ့။ အထုတ်အပိုးအားလုံးကို ရွာငံမြို့ရှိ မေမေ့အသိထံ အပ်ထားခဲ့ပြီး ရှင်မတို့က ခြေလျင်လျှောက်လာကြရသည်။ ကားကြုံကြည့်ေသာ်လည်း မတွေ့သဖြင့် မေမေတို့အိမ်အထိ လမ်းလျှောက်ရလေ၏။ အရမ်းဝေးပြီး ခရီးပန်းလာသဖြင့် ရှင်မမျက်နှာလေးက နွမ်းဖတ်နေသည်။
" လာ ရှင်မ ဒါမေမေတို့အိမ် "
အိမ်တစ်အိမ်ရှေ့ရောက်တော့ မေမေက ရှင်မကို ခေါ်ရင်း အိမ်ထဲ၀င်သွားလေ၏။
" ယေး မေမေပြန်လာပြီကွ "
အိမ်ထဲမှ အပြေးထွက်လာကြသည့် ကောင်မလေးနှစ်ယောက် ၊ ကောင်လေးတစ်ယောက်ကို ရှင်မတွေ့လိုက်ရသည်။ သူတို့အးလုံးက မေမေ့ကိုအတင်း ပြေးဖက်ကြ၏။ ရှင်မကသာ သူတို့ကို ကြောင်တက်တက်နှင့် ငေးနေမိလေ၏။
********
" ရှင်မ လာသမီး ဒါ ညည်းညီမေလးနှစ်ယောက်နဲ့မောင်လေးပဲ "
မေမေက ကြောင်တက်တက်နှင့်ရပ်နေသည့် ရှင်မကို ခေါ်ရင်း မိတ်ဆက်ပေး
လေ၏။ အကြီးဆုံးမဖြစ်သည့် ကောင်မလေးက တစ်ချက်လှမ်းကြည့်ရင်း
" မေမေ သူက ဘယ်သူလဲ "
ဟု မေးသည်။
" မေမေပြောဖူးတယ်လေ သမီး ဒါသမီးမမပဲ "
" ဪ "
" ဒါက သားတို့မမကြီးပေါ့ ဟုတ်လားမေမေ "
မေမေနှင့်သူ့သားသမီးတွေ ပြောနေကြသည်ကို ရှင်မ ငေးနေမိ၏။ ရှင်မအဖြစ်က ၀မ်းသာရမည်လား ၊ ၀မ်းနည်းရမည်လား မသေချာသည့်ဝေဒနာက ရင်ဘတ်ထဲ စူးနင့်နေလေ၏။
" မေမေ သမီးမှာတာပါလား "
" သမီးကြီးကလဲ မေမေကအပျော်သွားတာမဟုတ်ဘူးလေ ကိစ္စနဲ့သွားတာကို
မေမေ မန္တလေးတက်တဲ့အခါ ၀ယ်ပေးမှာပေါ့ "
" မမေကေ အမြဲ အဲလိုပဲ "
မကျေမနပ်ရွတ်နေသည့် မေမေ့သမီးကြီးဆိုသည့် ကောင်မလေးကို ရှင်မငေးကြည့်မိပြန်သည်။ စူပုတ်ပုတ်မျက်နှာနှင့် မေမေ့ပစ္စည်များကို ကောင်မလေးက သိမ်းဆည်းနေလေ၏။
" ပုလဲ ညည်း ဘာချက်ထားလဲ "
" ဘာမှမချက်ထားရသေးဘူး မေမေ မနေ့က ဒေါ်လေးငယ် လာချက်ထားတဲ့ဟင်းပဲရှိတယ် "
" အဲဒါဆို ကြက်ဥကို ကြက်သွန်နီနဲ့ ခေါက်ကြော်လိုက်အေ ဒါနဲ့ ေဈးနေ့က ပြီးသွားပြီလား "
" မနက်ဖန် ဈေးနေ့ မေမေ ဆိုင်အတွက်ပါ ဈေးသုံးရင်းနဲ့ အိမ်စားဖို့သောက်ဖို့ ပါသုံးရမှာ "
" အေး မေမေမရှိတုန်း ဘယ်သူလာသေးလဲ ဆိုင်ရော အကြွေးလာယူကြသေးလား ကုန်တွေကကော ဘယ်သူလာပို့ထားေသးလဲ ငွေလာထုတ်သမားရော ရှိလား "
" ဦးတင့်ဝေတော့ လာထုတ်တယ်မေမေ မေမေလာမှ လာလို့ ပြောလိုက်တယ် ကြွေးလာယူသူတွေလည်း မေမေလာမှ လာပါရှင့် လို့ပြောလိုက်တယ် "
" အေးအေး ဒါဆို ဒီအပတ်က ကုန်ပိုများမှာပေါ့ ပုလဲ ညည်းမမကို ညည်းအခန်းထဲ နေရာချလိုက် အခန်းမလုပ်ရသေးတော့ ညည်းနဲ့အတူတူအိပ်ရမှာပဲ "
" ဟာ မေမေကလဲ ပုလဲနှစ်ယောက်မအိပ်တတ်တာ သိရက်နဲ့ကို အရမ်းစိတ်ညစ်တာပဲ "
" လျှာမရှည်နဲ့ အမေက ဒါဆိုဒါလိုက် "
ပုလဲက နုတ်ခမ်းကို စူပုတ်ပြီး အခန်းထဲ၀င်သွားသည်။ ရှင်မမှာသာ စိတ်ကျဉ်းကြပ်ပြီး ငိုချင်နေမိ၏။ ရှင်မအတွက် မေမေ့အိမ်သည် တကယ့်သူစိမ်းအိမ်သဖွယ် စိမ်းသက်နေလေသည်။
ခဏအကြာ အခန်းထဲကနေ ပုလဲ၏ခေါင်းေလးက အပြင်ပြူထွက်လာပြီး လှမ်းအော်လေ၏။
" အခန်းထဲ ၀င်လို့ရပြီ "
" ရှင်မ ညည်းပစ္စည်းတွေ အခန်းထဲ သွားထည့်လိုက် "
မေမေ့စကားအဆုံး ရှင်မအိတ်တွေထားရန် ပုလဲအခန်းထဲ၀င်လိုက်သည်။
ပုလဲအခန်းက အသင့်အတင့် ကျယ်ပါ၏။ သပ်သပ်ရပ်ရပ်လည်းရှိသည်။
နေရာလွတ်တစ်ခုပေါ်တွင် ရှင်မအိတ်တွေကို တင်လိုက်၏။ ရှင်မအထဲ၀င်လာတော့ ပုလဲက အခန်းထဲက ထွက်သွားသည်။ ရှင်မနားလည်ပါသည်။ မေမေ့ကိုမလွန်ဆန်နိုင်သဖြင့်သာ ပုလဲနားထောင်လိုက်ရသော်လည်း သူ့အခန်းတွင် ရှင်မအိပ်မည်ကို ကြည်ဖြူသည့်ပုံမရပါ။ ရှင်မ သက်ပြင်းဖွဖွ ချမိ၏။
" မမကြီး "
အခန်း၀ကနေ လာအော်သည့် ကောင်လေး။ မျက်၀န်းနက်နက် ၊ နှာတံပေါ်ပေါ်နှင့် ချစ်စရာကောင်းသည်။ သူလေးက ရှင်မနှင့်ပင် ရုပ်ဆင်လေ၏။
ရှင်မ ပြုံးပြလိုက်သည်။
" အ၀တ်စားထားပြီးရင် အပြင်ထွက်ခဲ့လေ မမကြီး "
" အေးပါ လာမယ် ဒါနဲ့ မင်းနာမည်က ဘယ်သူလဲ "
ရှင်မအမေးကို ကျိုးနေသည့် သွားလေးပေါ်အောင် ရယ်ပြရင်း ဖြေ၏။
" မဟူရာ "
" ဟယ် ချစ်စရာလေးကွယ် "
ထိုကောင်လေးကို ရှင်မ မြင်မြင်ခြင်း ချစ်သွားရလေ၏။ ရှင်မ အဝတ်
အစားလဲလိုက်ပြီး မဟူရာ့လက်လေးဆွဲကာ ထွက်လာလိုက်သည်။
ရှင်မ မေမေအိမ်က ဈေးဆိုင်အိမ်ဖြစ်သဖြင့် လူရှုပ်လေသည်။
" မမရေ ရန်ကုန်က မမသမီးပါလာတယ်ဆို ဘယ်မှာလဲ မြင်ဖူးချင်လို့ "
" ရှိပါ့ ရှင်မရေ လာဦး "
မေမေ့အသံကြားတော့ ရှင်မက မဟူရာ့လက်လေးဆွဲပြီး ထွက်လာလိုက်၏။
" ဟယ် လှလိုက်တာ အရုပ်ကလေးကျနေတာပဲ အသားလေးကလည်း နုဖတ်နေတာပဲ အမလေး ပုလဲတို့နဲ့ဘာမှမဆိုင်ဘူး "
ဈေး၀ယ်သူအစ်မကြီးက အသဲဝဲဝဲနှင့်ဆိုတော့ ရောက်ကာစဖြစ်တော့ သူတို့စကား ရှင်မနားမလည်ပါ။
" ဟယ်တော သူ့ဘာသာလှချင်လှ မလှချင်နေပေါ့ ဘာလို့ပုလဲကို လာဆွဲထည့်နေတာလဲ "
ပုလဲထံက ခပ်ဆတ်ဆတ်ပြောသံကြားမှ ရှင်မနားလည်သလိုရှိသည်။ ထိုနေ့က
" မခင်လေးသမီး ရန်ကုန်ကပါလာတာ လှချက် " ဆိုသည့်စကားက ဘယ်လိုက ဘယ်လိုပျံ့သွားလည်းမသိ။ ထို့နေ့က မေမေ့ဆိုင်ကို ဈေးလာ၀ယ်ရင်း ရှင်မကို ခဏခဏ လာကြည့်ကြလေ၏။။ ရွာထဲမှ ကာလသားများကလည်း ဈေး၀ယ်အေကြာင်းပြပြီး ညလာလည်ကြသည်။
အိမ်မှာ လူမပြတ်သည်ကို ကြည့်ရင်း ပုလဲက မျက်နှာကြီးသုန်မှုန်ပြီး ပွစိပွစိရွတ်သည်။ ရှင်မကိုလည်း စူးစူးစိုက်စိုက်ကြည့်ပြီး
" မရှင်မ မရှင်မက ဘာလို့အသားတွေက ဒီလောက်လှပြီး ဖြူနုနေရတာလဲ မရှင်မလဲ မေမေမွေးတာ ပုလဲလည်း မေမေမွေးတာလေ "
ဟုမေးသည်။ ရှင်မက သက်ပြင်းရှိုက်ရင်း
" မမလဲ ဘယ်သိမလဲ ပုလဲရယ် " ဟုဖြေလိုက်သည်။ တရွာလုံး ရှင်မ၏ သတင်းက ပျံ့လွင့်မြန်လေ၏။
ပုလဲကလည်း မေမေဆူထားသဖြင့် မရှင်မ ကနေ မမအဖြစ် ပြောင်းခေါ်လာ၏။ ပုလဲက ရှင်မထက် နှစ်နှစ်ငယ်သည်။ ဆယ်တန်းသမားများ လက်ခံသည်ဆိုတော့ ရှင်မကို မေမေက ဆယ်တန်း တက်ရန် ကျောင်းလိုက်အပ်ပေးသည်။ ရှင်မရောက်လာပြီးနောက်ပိုင်း ပုလဲက မီးဖိုချောင်မဝင်တော့ပါ။ ဆိုင်နှင့် ကုန်စိမ်းစာရင်းများသာ ကူပေး၏။ ရှင်မမေမေအိမ်က အလုပ်သမားများစွာ အမြဲပါသည်။ အိမ်သားတွေပင်မက ၊ အလုပ်သမားများအတွက်ပါ ချက်ပြုတ်ရသဖြင့် ရှင်မအတွက် အားချိန်ရှားသည်။ အားသည့်အချိန်လည်း
အလကားမနေတတ်သဖြင့် ရွာထဲရှိအိမ်များထံ ထွက်သည့်အသီးအနှံများ ကူရ၊ ရွက်ရ၏။ အသီးများရွက်ရာတွင် ပလိုင်းပုံးနှင့်ရွက်ရသဖြင့် ရှင်မအတွက် အဆင်ပြေသည်။
" ရှင်မရေ မပုတိုအိမ်က အလုံးဘယ်လောက်လဲ "
" အလုံး နှစ်ရာပါမေမေ "
" အေးအေး အကုန်သယ်ပြီးပြီလား "
" ဟုတ် သယ်ပြီးပြီ "
ရှင်မဖြေရင်း ခဏနားလိုက်၏။ ဒေါ်ပုတိုတို့လမ်းကြားက အရမ်းချောလေ၏။
အပေါ်ကဝိတ်နှင့် မနည်းထိန်းရပြန်သည်။
" အမလေး မမသမီးက သူ့ကြည့်တော့ မင်းသမီးလေးလို ပျော့ပျော့နွဲ့နွဲ့ တော့
သယ်နိုင် ၊ ရွက်နိုင်တယ် "
ဒေါ်ပုတိုကြီးစကားအဆုံး မေမေက သဘောတကျ ရယ်ပြသည်။
ဘာပဲပြောပြော ပျော်သည်မဟုတ်သော်လည်း နေတတ်အောင်တော့ ရှင်မ ကြိုးစားနေရပြီ။ အားလုံးထဲတွင် မဟူရာကို ရှင်မ အချစ်ဆုံးပင်။ မဟူရာက ကျန်ညီမနှစ်ယောက်ထက် စာလျှင် ရှင်မကို ပိုခင်တွယ်သည်။
စကားကလည်း များ၏။လသာရက် လမင်းကြီးကို ထွက်ကြည့်သည့်ရက်အချို့တွင် မဟူရာက ရှင်မနှင့်အတူကြည့်ပြီး စကားများတတ်သေးသည်။
" မမကြီး "
" အင်း ပြော "
" လမင်းကြီးကို ထွက်ကြည့်ရတာ မပျင်းဘူးလား ကလေးလည်း ဟုတ်ပဲနဲ့ "
မဟူရာ့အပြောကို ရှင်မသဘောတကျရယ်လိုက်မိ၏။
" မပျင်းပါဘူး မဟူရာရဲ့ လမင်းကြီးထဲမှာ မမကြီးသူငယ်ချင်းရယ် ဘဘရယ် ရှိတယ် "
" ဘဘက ဘယ်သူလဲ "
" မဟူရာတို့ဖိုးဖိုးပေါ့ "
" ဪ အဲဘဘက မေေမသွားတွေ့တဲ့ဘဘမဟုတ်လား မမကြီးကလဲ အဲဘဘက သေပြီလေ "
မဟူရာ့စကားက ရှင်မရင်ဘတ်ထဲ စူး၀င်သွား၏။ ဘဘက မဟူရာတို့အတွက်တော့ သူစိမ်းတစ်ယောက်ပါပဲလား။ သည်အတွေးက ရှင်မရင်ထဲ နင့်ကျင်ရပြန်သည်။ တစ်ရက်မှမေ့မရသေးဘူးဘဘရယ်။ ဘဘသာ ရှင်မအနား ပြန်ရောက်လာမယ်ဆိုရင် ဘယ်လောက်ကောင်းမလဲ။ ဘဘကို ရှင်မလွမ်းတယ်။ ပြီးတော့ ရှင်မမွေးကထဲက နေခဲ့ရတဲ့ အိမ်လေးလည်း လွမ်းတယ်ဘဘ။
သူရိန့်ကိုလည်း လွမ်းတယ်။ နေသားမကျတဲ့ ပတ်၀န်းကျင်မှာ အဆင်ပြေအောင် နေကြည့်နေရတာလည်း ပင်ပန်းတယ်ဘဘ။ ရှမ်းပြည်ကြီးက ဘယ်နေရာကြည့်ကြည့် စိမ်းလန်း သာယာဖွယ်ကောင်းပေမယ့် ရှင်မရင်ထဲကိုတော့ မစိမ်းလန်းေစပါဘူးဘဘရယ်။
" မမကြီး ညည့်နက်ပြီ သားအိပ်ချင်ပြီ အိပ်တော့မယ် "
မဟူရာက ရှင်မလို ဒဏ်မခံနိုင်ဘဲ အိပ်ရာထဲ အစော၀င်သွားလေသည်။ ရှင်မကသာ လမင်းကြီးကိုကြည့်ပြီး မွန်းကျပ်နေသည့်အရာများအား တတွတ်တွတ် ရွတ်နေမိတော့၏။
*******
ညကအိပ်ရာ၀င် နောက်ကျသဖြင့် ရှင်မ ဒီမနက် အိပ်ရာထနောက်ကျသွား၏။
အိပ်ရာကနိုးသည်နှင့် လူးလဲထရင်း ကဗျာကယာမျက်နှာသစ် ၊ မီးေမွှးကာ ရေနွေးအိုးတည်လိုက်သည်။
ပြီးမှ ဆန်ဆေးလိုက်ပြီး ထမင်းအဆင်သင့်ပြင်လိုက်၏။ ရေနွေးအိုးဆူသည်နှင့် ထမင်းအိုးတည်လိုက်ပြီး
ချက်ရမည့်ဟင်းချက်စရာကို ကြည့်လိုက်သည်။ ခြင်းထဲထည့်ထားသည့် ရှမ်းပဲသီး နုနုလေးများကို သင်လိုက်၏။ ခရမ်းချဉ်သီး ဆယ်လုံးလောက်ကို မီးဖုတ်ထားလိုက်သည်။ ထမင်းကျက်လျှင် ဟင်းချက်ရန် အဆင်သင့် ပြင်ထားလိုက်ပြီး
ရှင်မပြင်ဆင် ချက်ပြုတ်နေတုန်းမှာပင် မေမေအိပ်ရာက ထလာသည်။
" ရှင်မ ဘာကျက်ပြီလဲ "
" မကျက်သေးဘူးမေမေ ချက်တုန်း "
ရှင်မစကားကြားသည်နှင့် မေမေ ပွစိပွစိရွတ်တော့၏။
" မနက်မိုးလင်းလို့ ထမင်းတန်းမစားရရင် ငါအရမ်းစိတ်တိုတယ် မနက်ကိုမနိူးရအောင် ညည်းက ညကဘာလုပ်နေတာလဲ ဒီလမင်းကြည့်တာက အလုပ်ကြီး အကိုင်ကြီးလား အရည်မရ အဖတ်မရ လမင်းကို တစ်ညလုံး ကြည့်နေရအောင် ညည်းက ရူးနေလား "
မေမေ့စကားများ နားထောင်ရင်း ရှင်မရင်ဘတ်ထဲ နင့်သွား၏။ ရှင်မရင်ဘတ်ထဲ မေမေဘာလို့၀င်မကြည့်ရတာလဲ။ ငယ်ငယ်က လမင်းကြီးကိုကြည့်ပြီး " မေမေလည်း ငါ့ကိုသတိရနေမှာ " ထင်နေခဲ့မိတဲ့ အေတွးက အလကားပေါ့။
ရှင်မက မေမေ့ကိုရူးသွပ်မတတ် သတိရနေချိန်မှာ မေမေက ရှင်မကို သတိရဖို့နေနေသာ သူ့အလုပ်နဲ့တောင် အားမယ်မထင်။ မေမေ့ကို ငယ်ကထဲက တမ်းတမ်းတတသတိရခြင်းအတွက် ရှင်မရင်ထဲ ပထမဆုံး နောင်တစရမိခြင်းပင်။ နာကျင်လွန်းသဖြင့် မေမေ့ကို စူးစူးစိုက်စိုက် ကြည့်နေမိ၏။
မကြာပါ။ အားလုံးအိပ်ရာက နိုးလာကြ၏။ ပါးပြင်ပေါ်စီးကျလာသည့် မျက်ရည်များကို အားလုံးမမြင်အောင်
ပွတ်သုတ်လိုက်ပြီး ခရမ်းချဉ်သီးကို ထောင်းလိုက်သည်။
နောက်ဆုံးဟင်းအနေနှင့် ကြက်ဥငါးလုံးကို ဖေါက်ပြီး ကြက်သွန်နီပါးပါးလှီးထားတာ ထည့်ခေါက်ပြီး အမြန်ကြော်လိုက်၏။ ကျက်သည်နှင့် ရှင်မ အားလုံးစားရန် ထမင်းပွဲပြင်ပေးလိုက်သည်။ မနက်စာက ပဲသီးကြော် ၊ ခရမ်းချဉ်သီးမီးဖုတ်ကို ပဲဖုတ်နှင့်စပ်စပ်ထောင်း ၊ ကြက်ဥကြော်။
အားလုံးက လက်ဆေးစားကြသည့်အချိန် ရှင်မ အိမ်ရှေ့ကို ထွက်လာလိုက်၏။
ရှင်မအိမ်ရှေ့အတွက် ပုလဲ၏ စကားကို ကြားဖြစ်အောင် ကြားလိုက်ရသေးသည်။
" မေမေ မေမေ့သမီးကို ဆေးခန်းလေးဘာလေး ပြကြည့်ဦးနော် လမင်းကြီးကိုကြည့်ပြီး တစ်ယောက်ထဲ စကားတွေ ေပြာနေတတ်တာ မသိရင် ရူးနေသလိုပဲ "
ရှင်မရင်ထဲ ကျင်ခနဲ ဖြစ်သွားပြီး ပုလဲကို နာနာကျည်းကျည်း ပြန်လှည့်ကြည့်မိလိုက်လေ၏။
***********