ဘဘကိုကြည့်ပြီး ရှင်မ မကြည့်ရက်တော့ပါ။ ဘဘ၏ အောက်ပိုင်းမှာ ပုဆိုးမရှိတော့သလို ၊ ဘဘ၏ကျင်တံကို
သံချောင်းကြီး ထိုးထည့်နေကြသည်ကို တွေ့လိုက်ရတော့ ရှင်မ ရင်ထဲ နာကျင်ရလွန်းသဖြင့် ငိုလိုက်မိသည်။
" ဘဘကို မလုပ်ကြပါနဲ့ တောင်းပန်ပါတယ် မလုပ်ကြပါနဲ့တော့ "
အော်ဟစ်ရင်း ဆရာ ၊ ဆရာမတွေကို
လက်အုပ်ချီ တောင်းပန်နေသည့် ရှင်မကို ဦးလှိုင်က အခန်းပြင်ကို အတင်းဆွဲခေါ်လာသည်။
" သမီး ရှင်မ လာ သမီးဘဘသက်သာအောင် ဆရာ၀န်တွေက လုပ်ပေးနေတာလေ အဲဒါမှ သမီးဘဘ သက်သာမှာပေါ့ နို့မို့ဆို သမီးဘဘ အရမ်းခံစားနေရရှာမှာ "
အခန်းပြင်ရောက်ပေမယ့် အခန်းထဲက ဘဘအသံက အခန်းပြင်ပျံ့လွင့်လာလို့ နားနှစ်ဖက်ကို ရှင်မလက်လေးနှင့် ပိတ်ထားလိုက်သည်။ နာနာကျင်ကျင်အော်သည့် ဘဘအသံကို ရှင်မဘယ်လိုနည်းနှင့်မျှ မကြားရက်ပါ။ နာရီ၀က်ေလာက်ကြာမှ ဘဘရှိရာအခန်းဆီ ရှင်မတို့ ၀င်ခွင့်ရသည်။
ရှင်မ၀င်ခွင့်ရသည်နှင့် ဘဘအနားအပြေးသွားရင်း ဘဘလက်ကို ဆုပ်ကိုင်ထားလိုက်မိ၏။
ရှင်မကို ဘဘက မျက်လုံးဖွင့်ကြည့်ရင်း ပြုံးပြသည်။
" မြေး ရှင်မ "
တိုးဖွဖွလေသံက ရှင်မပင် အနီးကပ် မနည်းနားထောင်ရ၏။ မနေ့နေ့လယ်ကပင် ရှင်မတို့မြေးအဖိုး ထမင်းအတူတူစားကြသေးသည်။ အခုကျ ရှင်မဖိုးဖိုးက ဆေးရုံရောက်နေသည်တဲ့။ ရှင်မစိတ်ထဲ ခုထိ ယုံကြည်မရသေး။ မနေ့က တဟားဟားရယ်နေသည့်ဘဘသည် အခုတော့ လေသံဖြင့်သာ စကားပြောနိုင်တော့သည်လား။ ဘဘလက်ကို ရှင်မလက်ကလေးနှင့် တင်းတင်းကျပ်ကျပ် ဆုပ်ထားမိ၏။ ဘဘခန္ဓာကိုယ်အောက်ပိုင်း ဆီးခုံနေရာတွင် အပ်နှင့်ဖောက်ထားပြီး ပိုက်တွေ တပ်ထားသဖြင့် ဦးလှိုင်ကို မေးလိုက်မိသည်။
" ဦးလှိုင် ဘဘကို ဘာလို့အဲဒီလို ပိုက်တွေတပ်ထားတာလဲဟင် "
" ညက သမီးဘဘဆီးမသွားနိုင်လို့ ဆီးအရမ်းတင်းနေလို့ ဆီးခုံကိုဖောက်ပြီး ဆီးအတင်းလျော့အောင်အပ်နဲ့ဖောက်ထားရတာသမီးရဲ့ မနက်ကျမှ ဆီးခုံပေါ်ကနေဆီးပိုက်သွင်းထားရတာ
ရှင်မပါးပြင်ပေါ် မျက်ရည်များ စီးဆင်းကျလာကြသည်။ သနားလိုက်တာဘဘရယ်။ ဘယ်လောက်တောင်များ နာကျင်ခံစားရရှာမလဲ။
" ရှင်မ ရှင်မ "
ဘဘ၏ နုတ်ခမ်းလှုပ်ရုံ ခပ်ဖွဖွညည်းသံက ရှင်မကို ခေါ်မှန်း ရှင်မရိပ်မိသည်။ ဘဘလက်ကို ဆုပ်ကိုင်ရင်း
" ပြောလေဘဘ သမီးကိုဘာပြောချင်လို့လဲ "
ဟု မေးလိုက်သည်။
" လိမ်လိမ်မာမာနေ "
ဘဘစကားက ရှင်မနှလုံးသားကို အပ်နှင့်တစိစိထိုးစွလိုက်သလို ခံစားရေစ၏။ ခေါင်းကိုသာ အခါခါညိတ်ပြရင်း မငိုမိအာင် ရှင်မကြိုးစားမိေသာ်လည်း ပါးပြင်ပေါ် စီးဆင်းကျလာသည့် မျက်ရည်များက ထိန်းမရဘဲ တရစပ်။ ဘဘမမြင်အောင် မျက်နှာလွှဲရင်း ဘဘအတွက် အ၀တ်အစားများကို ကုတင်ခြေရင်းတွင် အသာတင်လိုက်သည်။ ရှင်မတင်လိုက်သည့် အ၀တ်စားကို ယူပြီး ဦးလှိုင်က ဘဘကို အ၀တ်စားလဲပေး၏။
" သမီး ရှင်မရေ ညကလဲထားတာရော
ဒီမနက်ဟာရော အကုန်စုယူသွားသမီး
အိမ်မှာပြန်လျှော်နော် "
" ဟုတ်ကဲ့ ဦးလှိုင် သမီးဒီည ဘဘအနားနေရမှာလားဟင် "
" ဟင့်အင်း သမီးစောင့်လို့မရဘူး
ယောက်ျားလေးပဲစောင့်ရတာ ဦးလှိုင်စောင့်မယ် သမီးက သမီးဒေါ်လေးနဲ့အတူနေ မနက်မှလာ "
ညနေစောင်းလောက်ကျေတာ့ ဆီးပိုက်မှ ဆီးများက ခံထားသည့် ဆီးဗူးထဲ ဖေါဖေါကျေနသည်ကို တွေ့ရ၏။ ဆီးများက နီရဲတောက်နေသည်။ ရှင်မတို့ဆေးရုံမှ ညနေခြောက်နာရီအထိ နေပြီးမှ အိမ်ပြန်ရသည်။ အိမ်ရောက်သည်နှင့် ရှင်မမှာမနားရပါ။
ဘဘ၏ ချေး၀တ် ၊ သေး၀တ်များကို
လျှော်ရသည်။ ဘဘ၏မစင်များက အမဲရောင်သန်းပြီး စေးပိုင်ပြီး အနံ့အရမ်းဆိုးလွန်း၏။ ဆပ်ပြာအထပ်ထပ်နှင့် မနည်းလျှော်ရသလို ၊ ရှင်မလက်တွင်လည်း အနံ့များက ဖျက်မရအောင် စွဲနေသည်။
ဖွားဖွားကြီးချေး၀တ်လည်း ရှင်မလျှော်ဖူး၏။ အခု ဘဘ အ၀တ်လောက်အနံ့မဆိုးပေ။ ဒေါ်လေးကိုပြောပြတေ့
ဒေါ်လေးက သက်ပြင်းရှိုက်ရင်း ဖြေသည်။
" အဲဒါ ငယ်ချေးခေါ်တယ် သမီးရဲ့ ဒါကြောင့်လျှော်ရခက်တာ "
ဘဘအ၀တ်လျှော်ပြီး ရှင်မပါရေချိုးလိုက်၏။ ညစ်ညူးနေသည်များ ခဏတော့ ပြေပျောက်သွားလေ၏။ ရေချိုးပြီးတော့ အ၀တ်စားပြန်လဲရန် ဒေါ်လေးဆီ ခွင့်ပန်လိုက်သည်။
" ဒေါ်လေး သမီး အိမ်ခဏပြန်ဦးမယ် "
" အင်း မိုးကချုပ်နေပြီသမီးရဲ့ အကြာမနေနဲ့နော် "
" ဟုတ်ကဲ့ဒေါ်လေး "
အိမ်ပြန်လာကာ အိမ်တံခါးသော့ကို ဖွင့်ပြီး အထဲ၀င်လိုက်၏။ အိမ်လေးသည် အရင်ကလိုမဟုတ်ဘဲ အေးစက်စက် ဆန်နေသကဲ့သို့ ရှင်မစိတ်ကို ခံစားရစေသည်။
ဘဘအိပ်သည့်နေရာလေး၌ အိပ်သူမဲ့နေသည့်သဏ္ဍာန်က ရှင်မစိတ်ကို ခြောက်ခြားစေ၏။ အခန်းထဲ၀င်ပြီး အ၀တ်စားလဲ၍
မနက်ဆေးရုံသွားရန်အတွက်ပါ အ၀တ်စား အပိုယူလိုက်သည်။
အိမ်လေးကို သော့ခတ်၍ ဒေါ်လေးအိမ်ပြန်လာခဲ့၏။
ဒေါ်လေးက ထမင်းစားပွဲ ပြင်ဆင်ပြီး အဆင်သင့်စောင့်နေသည်။
" သမီးရေ ထမင်းစားကြမယ် "
" ဟုတ်ကဲ့ဒေါ်လေး "
ဒေါ်လေးနှင့် ထမင်းအတူတူစားကြ၏။
" နေ့လယ်က ဆေးရုံမှာဆိုတော့ ထမင်းစားရတာ အဆင်မပြေပါဘူးသမီးရယ် ဆေးရုံအနံ့က ထမင်းစားမရဘူးရယ် "
ဒေါ်လေးပြောသည်မှာ မှန်သလိုရှိသော်လည်း ဘာမှပြန်မပြောဖြစ်ပါ။ ဘဘကိုကြည့်ပြီး စိတ်ပူနေရသဖြင့် ထမင်း၊ ဟင်းပင်မသိ။ ဆာလည်းမဆာသလို စားလို့ကောင်းမကောင်းဆိုတာလည်း အရသာခံဖို့ပင် မေ့နေမိသည်။
" ထမင်းစားနည်းလှချည်လားသမီး "
ဒေါ်လေးအမေးကို ရှင်မခေါင်းခါပြရင်း
ဆိုလိုက်သည်။
" သမီး နားချင်နေလို့ပါ ေဒါ်လေး"
ပြောပြောဆိုဆို သူရိန့်အခန်းထဲ ၀င်လာရင်း ကုတင်ပေါ် လဲလျောင်းလိုက်သည်။ တနေကုန် ညီးစီစီ ဖြစ်သည်များ ခဏအတွင်း သက်သာသလို ရှိ၏။ အိပ်မရသဖြင့် ဟိုလူးဒီလှိမ့် လူးလှိမ့်နေ၏။ အတွေးများစွာနှင့် ညည့်နက်မှ ရှင်မအိပ်ပျော်သွားတော့သည်။
*******
ရှင်မအိပ်ရာနိုးတော့ ဒေါ်လေးက ထမင်းချိုင့်တွေပင် ဆင့်ပြီးလေပြီ။
" သမီး မျက်နှာသစ် ရေချိုးရင် ချိုးလိုက် ဒေါ်လေးတို့က ပြန်တာနောက်ကျတော့ ရေချိုးနောက်ကျနေမယ် ရေမိုးချိုးပြီးရင် ထမင်းစားပွဲမှာ သမီးစားဖို့ ဒေါ်လေး ပြင်ပေးထားတယ်
စားလိုက်နော် သမီး ဒေါ်လေးဆိုက္ကားသွားခေါ်ဦးမယ် "
ဒေါ်လေးကို ခေါင်းညိတ်ပြရင်း ရှင်မရေမိုးချိုးလိုက်သည်။ သနပ်ခါးလေး
ကပျာကသီ ဘယ်ညာပွတ်ပြီး မနေ့ညကပြန်ယူထားသည့် အ၀တ်စားကို လဲလိုက်ပြီး ထမင်းစားခန်းထဲ ၀င်ကာ ဒေါ်လေးပြင်ဆင်ထားသည်ကို စားလိုက်၏။ ဒေါ်လေးသည် ရှင်မအပေါ် အမေအရင်းထက်ပင် ကြင်နာဂရုစိုက်ပါသေးသည်။ ရှင်မ ထမင်းစားပြီးသည့်အချိန်မှာပဲ အပြင်မှ ပြန်လာသည့်
ဒေါ်လေးအသံကို ကြားလိုက်ရသည်။
" ရှင်မရေ သမီး ပြီးပြီလား "
ထမင်းပန်းကန်ဆေး ၊ လက်သုပ်ပြီးတာနှင့် အိမ်ရှေ့ထွက်လာလိုက်၏။
" ဆိုက္ကားလာပြီ အဆင်သင့်ဖြစ်ရင် သွားကြရအောင် ညည်းဦးလှိုင်က အစောထမင်းစားတတ်တာ သမီးရဲ့ "
ပြင်ဆင်ထားသည့် ထမင်းချိုင့်နှင့် ဦးလှိုင်အတွက် အ၀တ်စားပါယူရင်း ဒေါ်လေးက ဆိုသည်။ ရှင်မကိုယ်ချင်းစာပါသည်။ ဘဘအတွက် ဒေါ်လေးနှင့် ဦးလှိုင် အရမ်းပင်ပန်းကြ၏။ သူတို့သာမရှိပါက ရှင်မတစ်ယောက်ထဲ ဘယ်လောက်ဒုက္ခရောက်လိုက်မလဲ။
ကျေးဇူးတင်လွန်းသဖြင့် ဒေါ်လေးကို ရှင်မငေးကြည့်နေမိသည်။ ရှင်မတို့ဆိုက္ကားပေါ်ရောက်သည်နှင့် ဆိုက္ကားဆရာက သွက်သွက်နင်း၏။ ဆေးရုံရှေ့ရောက်သည်နှင့် ဆိုက္ကားပေါ်ကဆင်းပြီး ဘဘဆီ သွက်သွက်လှမ်းလာကြသည်။
" ဘဘ "
ဘဘအခန်းထဲ ရောက်သည်နှင့် မျက်လုံးလေးမှိတ်ပြီး မှိန်းနေသည့် ဘဘအား ရှင်မ တိုးတိုးလေးခေါ်လိုက်သည်။ ဘဘသည် တစ်ရက်နှင့်ပင် ရုပ်ရည်က ထိုးပိန်ကျသွား၏။
မျက်နှာလေးလည်း ချောင်ကျနေသည်။ ရှင်မအသံကြားလို့ထင့်။ဘဘက မျက်လုံးလေးဖွင့်ကြည့်သည်။
" ရှင်မ ဘယ်တွေလျှောက်သွားနေတာလဲ အိမ်မှာမနေဘူး "
" မသွားပါဘူး ဘဘရဲ့ ဘဘအတွက် ဟင်းတွေပြန်ယူနေတာပါ ဘဘဘာစားချင်လဲဟင် "
" မစားချင်ပါဘူးမြေးရဲ့ ဟိုမှာ မခင်ပုရှိတယ် တွေ့လား နင့်အဖွားကို သူချက်ကျွေးမှာပေါ့ ရှင်မရဲ့ "
မျက်နှာကျက်ပေါ်ကို လက်ညှိုးထိုးပြပြီး ပြောနေသည့် ဘဘကိုကြည့်ပြီး ရှင်မပါးပြင်ပေါ် မျက်ရည်များ စီးကျလာကြ၏။
" အမလေးလေး မခင်ပုလေးရေ "
ဘဘညည်းသံက ရှင်မစိတ်ကို ပိုစိုးရိမ်လာစေသည်။ ဘဘအခြေနေကိုကြည့်ပြီး ရှင်မရင်ထဲ နာကျင်လှပါပြီ။ ဦးလှိုင်ကို အားကိုးတကြီး လှမ်းကြည့်တော့ ရှင်မကို ဖြေသိမ့်သည့်အနေနှင့် ဦးလှိုင်က ပြုံးပြသည်။
" အဖျားတက်နေလို့ ကယောင်ကတမ်း ပြောတာပါသမီးရဲ့ စိတ်ပူစရာမရှိပါဘူး နော် သမီး "
ရှင်မစိတ်ထဲ ကြောက်နေပြီ။ ဘဘကို ဆုံးရှုံးရမှာ ကြောက်တယ်။ ဟင့်အင်း။ ဘဘဘာမှမဖြစ်နိုင်ပါဘူး။ ဦးလှိုင်ပြောသလို ဖျားလို့ ကယောင်ကတမ်းပြောတာနေမှာပါ။
" ရေ ရေ ပေးပါ ရေသောက်ချင်တယ် "
ဘဘအသံ တိုးဖွဖွလေး နားထောင်ပြီး
အတွေးထဲက ရှင်မရုန်းထွက်လိုက်သည်။ ဘဘနုတ်ခမ်းပေါ် ဂွမ်းစလေးနှင့် ရေစက်ချပေးသည်။ အငမ်းမရ ရေကို စုပ်နေသည်က တကယ့်ကလေးလေးတစ်ယောက်လိုပင်။
" အ၀သောက်ချင်တယ် အားမရ
ဘူး "
ဘဘစကားကြောင့် ပက်လက်အနေအထား နှင့် ဘဘကို ဦးလှိုင်က
ကျောကို မှီပြီး ထူပေးသည်။ ရှင်မက ရေဗူးလေးထဲ ပိုက်တပ်ပြီး ပါးစပ်နားတေ့ပေးပြီး စုပ်စေသည်။ ရေတော်တ်ေသောက်လိုက်ပြီးမှ ဘဘကို အိပ်ရာမှာ ပြန်လှဲစေလိုက်၏။ မျက်လုံးလေးမှိတ်ထားပြီး မှိန်းနေသည့် ဘဘအနားက
ရှင်မဘယ်မှ မသွားရဲပါ။ ဘဘ၏အသားလေးများအား လက်နှင့်အသာယာ ဆုပ်နယ်ပေးနေမိသည်။
နေ့လယ်လောက်ကျတော့ ဦးမြင့်ေဆွ ရောက်လာသည်။
" ရှင်မ သမီးမေမေကို အကြောင်းကြားထားတယ်နော် သူတို့ ဒီညရောက်မလား မနက်ဖန်ရောက်မလားမသိဘူး ကိုလှိုင်ဦး လူမမာ ဘာစားချင်တယ်ပြောလာရင် စားချင်တာအကုန်ကျွေးလို့ရတယ်နော် တည့်တယ်သိလား "
" ဟုတ်ကဲ့ပါကိုမြင့်ဆွေ "
" ကိုလှိုင်ဦးတို့လင်မယားကိုလည်း ကျေးဇူးတင်ပါတယ်ဗျာ ရှင်မနဲ့အတူတူ
ရှိနေပေးကြလို့ ဆရာ၀န်ကြီးဆီ ကျွန်တော်သွားတွေ့လိုက်ဦးမယ်နော် "
" မောင်မြင့်ဆွေ "
ဦးလှိုင်ကို မှာပြီး အပြင်သွားရန် ပြင်နေသည့်ဦးမြင့်ဆွေအား ဘဘက လေသံနှင့် လှမ်းခေါ်သော်လည်း စိတ်ကြောင့်ထင်၏။ အသံက အပြင်သို့ တွန်းထွက်လာသည်။
ဦးမြင့်ဆွေက ဘဘအနားလျှောက်လာပြီး ဘဘကို နုတ်ဆက်၏။
" ကျွန်တော်က ဥက္ကဌကြီး အိပ်နေတယ်မှတ်တာ ပြောလေ ဥက္ကဌကြီး ကျွန်တော့်ကို ဘာပြောချင်လို့လဲ "
ဦးမြင့်ဆွေေမးေတာ့ ဦးမြင့်ဆွေကို ဘဘက တွေတွေကြီး စိုက်ကြည့်နေရာက ရှင်မကို လက်ညှိုးထိုးပြသည်။
" ရှင်မကို စိတ်ချချင် "
" ဟာ ဥက္ကဌ ကြီးကလဲဗျာ ခေါင်းထဲ အဲဒါတွေမထည့်ပါနဲ့ အစစအရာရာ စိတ်ချပါ ကျွန်တော်ေပြာမယ် ရှင်မအတွက် စိတ်ချ အားလုံးကျွန်တော့်တာ၀န်ထားပါ နော် တစ်ခုပဲ ဥက္ကဌကြီး နေကောင်းအောင် ကြိုးစားနော် "
ဦးမြင့်ဆွေစကားကို နားလည်သည့်အလား ဘဘက ခေါင်းတစ်ချက်ညိတ်ပြ၏။ ဦးမြင့်ဆွေက ဦးလှိုင်ကို အပြင်ခေါ်ထုတ်ပြီး မှာစရာရှိသည်များမှာနေသလို ရှင်မကလည်း ဘဘလက်ကိုသာ မလွတ်တမ်းဆုပ်ထားမိသည်။
တနေကုန် မှေးပြီး အိပ်နေသည့်ဘဘက ကယောင်ကတမ်းများ ညည်းလိုက် ၊
ငြိမ်သက်သွားလိုက်နှင့် ညနေငါးနာရီလောက်ကျတော့ ရောဂါ ဖောက်လာသလို ရှိသည်။
သတိလစ်လိုက် ၊ သတိလည်လိုက်နှင့် ကြည့်ရသည်မှာ ဝေဒနာကို အလူးအလှိမ့်ခံစားနေရပုံပေါ်လေ၏။ ဘဘကိုကြည့်ပြီး ရှင်မမှာ နေမထိ ၊ ထိုင်မသာ ဘာလုပ်ပေးလို့ပေးရမှန်းမသိဘဲ မကြည့်ရက်လွန်းသဖြင့် မျက်ရည်သာ တွင်တွင်ကျနေရသည်။ ညနေ ငါးနာရီ လေးဆယ့်ငါး၌ ရှင်မလက်ကို တင်းတင်းကျပ်ကျပ် ပြန်ဆုပ်ပြီး ရှင်မကို ဘဘခွဲသွားခဲ့လေတော့သည်။
" ဘဘ "
ရင်ကွဲမတတ် အော်ဟစ်လိုက်မိသည့် ရှင်မအသံက ဆေးရုံထဲပျံ့သွားသည်။ ဒေါ်လေးက ရှင်မအနား ပြေးလာပြီး
" သမီး သတိထားလေ သမီးရယ် သမီးဘဘ လွတ်လပ်ရာသွားပါစေသမီးရယ် သူဝေဒနာခံစားနေရတာ သမီးမသနားဘူးလားဟင် အခု သမီးဘဘက ငြိမ်းအေးသွားတာပါသမီးရယ်"
ဟု တတွတ်တွတ်ဆိုပြီး ချော့သည်။
" ဘဘ ရက်စက်တယ် ဘဘရက်စက်တယ် သမီးကိုထားခဲ့တယ် ရှင်မတစ်ယောက်ထဲ ကျန်ခဲ့ပြီ ဘဘကို ဆေးထိုးလို့ရတယ် ဘဘကို ဆေးထိုးပေးကြပါ ရှင်မဘဘကို ဆေးထိုးပေးပါ ဒေါက်တာလွမ်းဝေခေါ်ပေး ဒေါက်တာလွမ်းဝေဆေးထိုးလိုက်ရင် သမီးဘဘက သက်သာပြီး ပြန်ထလာတာ "
" သမီးရယ် "
ဒေါ်လေးက ရှင်မကိုဖက်ပြီး ငိုသည်။ ရှင်မရင်တွေကွဲပြီဘဘရယ်။ ရှင်မကို အဲဒီလို မထားခဲ့ပါနဲ့ဘဘရယ်။ ရှင်မနဲ့မခွဲဘူးဆို။ ဘဘပဲပွောတာလေ။
ရှင်မရင်ထဲက စကားများစွာကို တတွတ်တွတ်ပြောနေသော်လည်း ရှင်မအသံက အပြင်ကို ထွက်မလာဘဲ ဘဘကိုသာ ကြောင်ပြီး ငေးကြည့်နေသည်။
" လေးနွယ် သမီးရှင်မကို အိမ်ခေါ်ပြန်တော့ ရှင်မတို့အိမ်ကို နင်ပါသွားရှင်းလင်းထားနော် ငါတို့ဦးလေးအေလာင်းကို ပြန်သည်ဖို့လုပ်ရဦးမယ် "
ဦးလှိုင်စကားနားထောင်ပြီး ဒေါ်လေးက ချော့ပြီး ရှင်မကို အိမ်ပြန်ခေါ်လာခဲ့၏။ အိမ်ရောက်တော့ အိမ်တံခါးအကုန်ဖွင့်ပြီး ဒေါ်လေးက လိုအပ်သည်များ ရှင်းလင်းေလသည်။ ဘဘအိပ်သည့်နေရာအား ကျကျနန ထပ်ရှင်းပြီး ဘဘရောက်သည်နှင့် အဆင်သင့် နေရာချရန် လုပ်ထားသည်။ ရှင်မက ဒေါ်လေးလုပ်သမျှအား ကြောင်ပြီးသာ ကြည့်နေမိ၏။ ရှင်မ မယုံပါ။ ဘယ်လိုမှ ယုံကြည်လက်ခံလို့မရသေးပါ။ ဘဘအိပ်နေတာပါ။ ဘဘအိပ်ပျော်နေတာပါ။ ဘဘက ရှင်မကို ဘယ်တော့မှမခွဲသွားပါဘူးဆို။
ရှင်မတို့ပြန်ရောက်ပြီး နာရီ၀က်လောက်ကြာတော့ အိမ်ရှေ့မှာ ကားတစ်စီး ထိုးရပ်သံ ကြားလိုက်ရသည်။ ဦးလှိုင်နှင့် ဦးမြင့်ဆွေအပြင် ရပ်ကွက်ထဲက လူအချို့ပါ ပါလာကြ၏။ ဘဘက ဖွားဖွားကြီး မရှိစဉ်ကထဲက ဘုရားခန်းအပြင်တွင် ထွက်အိပ်သဖြင့် ထိုးနားတွင်ပင် ဒေါ်လေးကပြင်ဆင်ပေးထားသည်။ လူအများက ဒေ့ါ်လေးပြင်ထားသည့်နေရာတွင် နေရာချပေး၏။ ဆေးရုံသို့ ရှင်မယူသွားပေးသည့် အညာခြုံစောင် အပါးလေးအား
အပေါ်က အုပ်လွှမ်း ပေးထားသည်။ ဦးမြင့်ဆွေက ရပ်ကွက်လူကြီးများထံ အကြောင်းကြားပြီး ဘဘေမြကျရေးကို ကမကထ ဦးစီးဆောင်ရွက်လုပ်ကိုင်နေကြ၏။ ရှင်မတို့အိမ်တွင် လူအများ တလှုပ်လှုပ်။ ဦးလှိုင်ကလည်း တအိမ်လုံးအနှံ့ မီးဆင်ဖို့စီစဉ်နေပြီး ညနေ အသုဘစောင့် ရှိရန် ကစားဝိုင်းနှစ်ဝိုင်းလောက် ထည့်ပေးရန် တိုင်ပင်နေကြသည်။ ရှင်မကတော့ ဘဘဘေးနားထိုင်ပြီး ဘဘကိုသာငေးနေမိ၏။
ဒေါ်လေးက ရှင်မအနား ရောက်လာပြီးမေးသည်။
" သမီး ရှင်မ ထမင်းစားမလား
ဒေါ်လေးခူးပေးမယ်လေ "
" ဟင့်အင်း မစားချင်ပါဘူးဒေါ်လေးရယ် "
တစ်အိမ်လုံး မီးများလင်းထိန်ပြီး ဟိုနား လူစုစု ၊ ဒီနားလူစုစု ကို ငေးကြည့်ပြီး ရှင်မအတွက်တော့ အိပ်မက်ဆန်နေသည်။ ဖွားဖွားကြီးဆုံးတုန်းကပင် ရှင်မစိတ်ထိခိုက်ရသော်လည်း အခုလောက်ထိ စိတ်မထိခိုက်ရတာအမှန်။ ဖွားဖွားကြီး ပြောသည်များ နားထဲ ပြန်ကြားယောင်လာ၏။
" ညည်းဘဘကလေ ညည်းကလေးတုန်းက ဘယ်လိုချော့သိပ်တယ် မှတ်လဲ ဆင်မလေး ဘယ်ကလာ ဝါးတောထဲကလာ ဆင်မလေး ဘယ်ကိုသွား ဝါးတောထဲကိုသွား အဲဒီလိုဆိုသိပ်တာ ...
ဟဲ့ အောင်တင်ရယ် အဲဒီနာမည်ကြီး တွင်သွားပါမယ် ငါ့မြေးကို ဆင်မတော့ မခေါ်ပါနဲ့ ဆိုမှ ရှင်မဖြစ်သွားတာ ... "
" ညည်း ငယ်ငယ်က ညည်းဖိုးအေက ညည်းကို ဘယ်လိုနာမည်ပေးတယ်မှတ်လဲ လှလေးဆွေတဲ့. ညည်းအမေက
ဖေဖေရယ် ဖေဖေပေးတဲ့နာမည်ကြီးက
အငြိမ့်မင်းသမီးနာမည်ကြီး မကြိုက်ပါဘူးဆိုပြီး ညည်းကို နဒီနွေးနွေးလို့ပေးခဲ့တာ သူပေးတဲ့နာမည်မပေးတော့ ညည်းအမေကို မကြည်ဘူးလေ အဲဒါ ညည်းကို ပုခပ်လွှဲပြီး ချော့သိပ်ရင် ညည်းဖိုးအေ ဘယ်လိုဆိုသိပ်တယ်မှတ်လဲ ..."
" ဟုတ် ဘယ်လိုဆိုလဲဟင် ဖွားဖွား "
" ညည်းကို ပုခပ်ထဲထည့် လွှဲရင်း
နာမည်ကြီးကလဲဗျာ နဒီနွေးနွေးေနွးေနွး ကြီးတဲ့ဗျာ ဆိုပြီး သီချင်းလုပ်ချော့သိပ်ခဲ့တာ "
နားထဲကြားယောင်လာသည့်ဖွားဖွားစကားသံက ရှင်မရင်ကို အခုမှ ပိုနာကျင်စေကြ၏။ ရှင်မဘေးနားမှာ အိပ်ပျော်နေသည့်ဘဘက ရှင်မအဖြစ်ကို ဘာမှမသိတော့ဟန်ပင်။ ရှင်မရင်ထဲ နာကျင်ရလွန်းသဖြင့် ငိုရမှာပင် ကြောက်နေရ၏။ ထိုနေ့ညက ဘဘဘေးနားထိုင်နေရင်း ရှင်မ မိုးလင်းခဲ့သည်။
မနက်မိုးလင်းတော့ လုပ်စရာရှိသည်များ ဦးမြင့်ဆွေနှင့် ဦးလှိုင်က ဦးဆောင် ဆောင်ရွက်သလို ၊ အားလုံး စားဖို့သောက်ဖို့ကို ရပ်ကွက်ထဲမှ တစ်အိမ်တစ်ယောက် လာကူကြသည်။ နေ့လယ် နှစ်နာရီ ၀န်းကျင်ကျ ရှင်မမေမေနှင့် သူ့ယောက်ျား ရောက်လာကြ၏။ မေမေက ရောက်သည်နှင့် အိမ်ပေါ်ပြေးတက်ကာ ဘဘအနားသွားပြီး
ငိုလေတော့သည်။
" အမလေး ဖေဖေရဲ့ ဖေဖေ့သမီးအလာတောင်မစောင့်ဘူး သမီးဘယ်လိုဖြေရမှာလဲ ဖေဖေရယ် "
" သမီးကိုခွင့်လွှတ်ပါ ဖေဖေရဲ့ "
မေမေ လူးလှိမ့်ငိုနေသည်ကို ရှင်မငိုင်ပြီး ငေးကြည့်နေမိ၏။ အခုလိုကျတော့လည်း ရှင်မမေမေက ရှင်မဖိုးဖိုးကို ချစ်သားပါလား။ ငိုလို့အားရမှ ရှင်မကို သတိထားမိသွားပုံရသည်။
" သမီးလေး "
မေမေက ရှင်မကိုခေါ်ရင်း ရှင်မအနား လှမ်းလာ၏။ ရှင်မပခုံးလေးကို ဆီးေပွ့သည်။ ဟင့်အင်း။ မေမေ့ရင်ခွင်ထဲက ရှင်မရုန်းထွက်လိုက်၏။ အခုချိန်မှာ ဘဘကလွဲရင် ရှင်မဘယ်အရာမှ မရချင်ဘူး။ ဘဘကိုပဲ ရှင်မပြန်ရချင်တယ်။ ရင်ထဲက ငြင်းဆန်နေသည့်စကားများက အပြင်ထွက်မလာကြ။
" အစ်မတို့ ခရီးပန်းလာတော့ အနားယူကြပါလေ ထမင်းစားရင်လည်း အဆင်သင့်စားလို့ရပါပြီ "
ဒေါ်လေးက မေမေ့ကို ခရီးဦးကြိုပြုရင်း ဧည့်၀တ်စကားဆိုသည်။ မေမေက ေဒါ်လေးကို ပြန်ပြုံးပြရင်း စကားတွေ ဖောင်ဖွဲ့နေအောင်ဆိုသည်။
" ကျေးဇူးပါညီမရယ် အစစ အကူညီပေးလို့ အစ်မတို့က ဧည့်သည်ပြန်ဖြစ်နေရတာ "
" ရပါတယ်ရှင် ဦးကြီးကျေးဇူးတွေက ကျွန်မတို့အပေါ် အများကြီးပါ ဒီလောက်ကလေးက မပြောပလောက်ပါဘူးရှင် "
" ကျေးဇူး တင်ပါတယ်ကွယ် "
လူကြီးများ ပြောဆိုကြသည်ကို ရှင်မ ကြားနေပေမယ့် စိတ်မ၀င်စားပါ။ ဦးမြင့်ဆွေရောက်လာတော့ မေမေနှင့်စကားတွေ အများကြီးပြောကြသည်။ မနက်ဖြန် ဘဘကို သင်္ဂြိုလ်မည်တဲ့။ ဘဘကို မနက်ဖန်ဆို ရှင်မ မတွေ့ရတော့ဘူးလား။ ဘဘနဲ့အပြီးတိုင် ခွဲရမည်ပေါ့။ ဘဘဘေးနားမှာ ငူငူကြီးထိုင်နေသည့် ရှင်မကို ဒေါ်လေးက ထမင်းစားဖို့ ချော့ခေါ်သည်။ မလိုက်သည့်ရှင်မကို မေမေက လှမ်းဆူလေ၏။
" ရှင်မ လူကြီးတွေက အားတာမဟုတ်ဘူး ညည်းကလေးလုပ်မနေနဲ့ စားစရာရှိတာ ထစားလေ အဲဒီလိုပေကပ်ကပ်လုပ်တာ မေမေမကြိုက်ဘူး "
မေမေ့ကို မျက်လုံးစိမ်းများနှင့် စူးစူးစိုက်စိုက် ပြန်စိုက်ကြည့်လိုက်သည်။
ရှင်မပုံကိုကြည့်ပြီး ဒေါ်လေးကစိတ်မကောင်းဖြစ်ပြီး ၀င်ပြော၏။
" အစ်မရယ် ကလေးကိုမဆူပါနဲ့လား
သူအခုရက် စိတ်အရမ်းထိခိုက်နေရှာတာ "
" နားမလည်လို့မဟုတ်ပါဘူးညီမရယ် သူ့အတွက် လူတစ်ယောက်ကအ
ချိန်ပေးနေရတာ မဖြစ်သင့်လို့ပါ လူငယ်ပဲ သွက်သွက်လက်လက်ပေါ့ အခုတော့ ကြက်ကြီးလည်လိမ်ထားသလို ငူငူငိုင်ငိုင်နဲ့ "
" လာသမီးလာ "
ရှင်မကို ဒေါ်လေးက ချော့ခေါ်သည်။ ရှင်မစိတ်ထဲ မေမေ့ကို နာကျည်းမိ၏။ ညရောက်တော့လည်း ဦးမြင့်ဆွေကိုေမေမက ပြောသည်။
" ကိုမြင့်ဆွေရေ ဖဲဝိုင်းကို များများလုပ်ပြီး အကောက်ကောက်မှ ရမယ် ရတဲ့အကောက်က ပြန်ချက်ပြုတ်ကျွေတဲ့နေရာ သုံးလို့ရတာပေါ့ "
" ဦးလေးက မကြိုက်ဘူး ခင်လေးရဲ့ ဒေါ်လေးတုန်းကတောင် ဦးလေးက လောင်းကစားထည့်ခဲ့တာမဟုတ်ဘူးလေ "
" အခု ဖေဖေမှ မရှိတာကို အားလုံးအဆင်ပြေမယ်ဆိုရင် လုပ်သင့်တာလုပ်ရမှာပဲပေါ့ "
မေမေရောက်လာပြီး မကြာခင်ပင် ဖဲဝိုင်းများစွာ ကစားစေပြီး အကောက်ကောက်ကြတော့သည်။ ဒေါ်လေးကတော့ ရှင်မကို အမြဲအရိပ်တကြည့်ကြည့် ကြည့်ပြီး လိုအပ်သည့်အရာမှန်သမျှအကုန် လုပ်ပေးသည်။ ထိုညက အိပ်ရေးပျက်များသဖြင့် ရှင်မ နှစ်နှစ် ခြိုက်ခြိုက် အိပ်ေပျာ်သွားရသည်။
******
နောက်တစ်နေ့.....။
မိုးလင်းကထဲက ရှင်မတို့အိမ်၌ လူများရုတ်ရုတ်သဲသဲ ရှိနေကြသည်။ ဘဘအတွက် သက်ပျောက်ဆွမ်းကပ်ပြီး ဘုန်းကြီးတရားနာ၏။ နေ့လည် တစ်နာရီကျ ဘဘကို လိုက်ပို့ရန် ရပ်ကွက်ထဲ လူစုကြသည်။ ဘဘအခေါင်းအား ပိတ်တော့မည်ဖြစ်သဖြင့် မိသားစုအား နောက်ဆုံးခေါ်ပြသည်။ ဘဘကိုကြည့်ပြီး ရှင်မရင်ထဲ နာကျင်နေရ၏။ အိမ်ပေါ်မှာ ရေအိုးပစ်ခွဲပြီး ကြေးစည်သံ တဒူဒူကြားတော့ ရှင်မရင်ဘတ်ထဲ ပိုအောင့်လာသည်။ ဘဘကို သယ်ဆောင်သွားကြေတာ့ ရှင်မမေမေ၏ ငိုသံက ဆူပွက်နေသလို ဘဘကိုချစ်သည့် ရပ်ကွက်ထဲမှ လူအချို့ကပါ ငိုကြ၏။ ရှင်မကို လိုက်မပို့စေသော်လည်း ရှင်မပါလိုက်သည်။ သင်္ချိုင်းရောက်တော့ ဘဘမှာထားသည့်အတိုင်း ဘဘကို မီးသင်္ဂြိုလ်၏။ ဘဘအလောင်းအား မီးသင်္ဂြိုလ်ပြီး ရှင်မတို့ပြန်လာခဲ့ကြသည်။ ရှင်မအနား၌ ဘဘ မရှိတော့ဆိုသည့်အသိအား ရှင်မ သေချာလက်ခံလိုက်ရသည်။
ဘဘမရှိသည့်အချိန်ကစ ရှင်မသည် ငူပြီး ငေးငိုင်နေတတ်သည်။ တစ်ရက်ပြီးတစ်ရက်နှင့် ဘဘရက်လည်ခဲ့၏။
ရှင်မမေမေနှင့် ဦးမြင့်ဆွေက ဘဘရက်လည်ပြီးေနာက်ညမှာပင် စကားပြောကြသည်။ ရှင်မကတော့ ခပ်လှမ်းလှမ်းမှပင် နားထောင်နေမိ၏။
" ဦးလေးက မှာခဲ့တယ် ခင်လေးရေ
ဒီအိမ်လေးကို ရှင်မအတွက် ပြန်ပြင်ဆောက်ပေးဖို့နဲ့ ရှင်မကျောင်းပြီးတဲ့အထိ တာ၀န်ယူပေးဖို့ မှာခဲ့တယ် "
" ဘယ်လိုဘယ်လို ကိုမြင့်ဆွေရယ်
ဖြစ်နိုင်ပါ့မလား လူကြီးမရှိ ၊ ဘာမရှိနဲ့
ရှင်မတစ်ယောက်ထဲ နေလို့အဆင်မပြေဘူးလေ "
မေမေ့စကားကို ဦးမြင့်ဆွေက ခေါင်းညိတ်ပြသည်။
" အဲဒါတော့ ငါလည်းတွေးမိပါတယ် ဒါပေမယ့် ဦးလေးမှာစကားဆိုတော့ "
" ကိုမြင့်ဆွေ ပြောတာကို ကျွန်မနားလည်ပါတယ် ဒါပေမယ့် ကျွန်မက အမေလေ သူ့ကိုတစ်ေယာက်ထဲ မထားနိုင်ပါဘူး ကျွန်မသမီးကို ကျွန်မရှမ်းပြည်ကို ခေါ်သွားမယ် "
မေမေ့စကားကြားတော့ ရှင်မ မျက်လုံးလေး ပြူးသွားသည်။ ရှင်မ မလိုက်ချင်ပါ။
" အင်း အဲဒီလိုခေါ်သွားရင်လည်း တမျိုးတွေးရင်တော့ကောင်းပါတယ်ခင်လေး ရှင်မလေး အရွယ်ရောက်မှပဲ ဉီးလေးထားခဲ့တဲ့ ဒီအိမ် ၊ ဒီမြေကို ရှင်မလေးကို လွှဲပေးရမှာပေါ့ "
" ဘယ်လို ဒီအိမ် ၊ဒီမြေကရှင်မကိုလွှဲမယ် ဟုတ်လား ဖေဖေတို့သမီးက ကျွန်မတစ်ယောက်ထဲရှိတာလေ ကျွန်မကို ကျော်ပြီး ကျွန်မသမီးကို ပေးမယ်ဆိုတာက ဖြစ်သင့်ရဲ့လား အမေဖြစ်တဲ့ ကျွန်မကိုမပေးဘဲ ကျွန်မကမွေးမယ့်သမီးကို ပေးမယ်ဆိုတော့ မဟုတ်သေးပါဘူးကိုမြင့်ဆွေရယ်"
" ငါတို့ကလည်း ဦးလေးမှာခဲ့တဲ့အတိုင်း လုပ်ရတာ ခင်လေး ဦးလေးက ငါ့ကျေးဇူးရှင်မို့ သူ့ဆန္ဒကို ဖြစ်အောင် လုပ်ပေးချင်တာပါ "
" ကိုမြင့်ဆွေလည်း အဲဒီလောက် တွေးပူမနေပါနဲ့ အဲလောက်ကြီးလည်း စဉ်းစားစရာမလိုပါဘူး ဖေဖေလည်း မရှိတော့ဘူးလေ ဖေဖေ့သမီးဟာ ကျွန်မဆိုတာ တရပ်ကွက်လုံးသိတယ် ရှင်မကိုပေးခဲ့တယ်ဆိုတာ ဘယ်မှာလဲ စာချုပ်စာတမ်း ကျွန်မကလဲ သိပ်မက်လို့ ပြောနေတာမဟုတ်ပါဘူး ကျွန်မသမီးကို ကျွန်မရင်ခွင်ထဲ ပြန်ခေါ်သွားမှာဆိုတော့ ဘယ်သူရရပါ အဲဒါက ကိစ္စမရှိပါဘူး ဒီမြေနဲ့ ဒီအိမ်ကို အခုရက်အတွင်း တည့်တဲ့ဈေးနဲ့သာ ဆိုင်ပေးပါ
အဲဒီတစ်ချက် ကူညီပါ ကိုမြင့်ဆွေ "
မေမေ့စကားအဆုံး ဦးမြင့်ဆွေ သက်ပြင်းချသည်။ ပြီးမှ ဆက်ပြောသည်။
" အေးလေ ၀ယ်သမားက နေရာကောင်းမို့ မရှားပါဘူး ရက်တော့အနည်းငယ်စောင့်ရမှာပေါ့ "
" ရက်မကြာရင်အကောင်းဆုံးပါပဲ ဟိုမှာလည်း ကလေးတွေချည်း ထားခဲ့ရတာ စိတ်မချဘူး ကိုမြင့်ဆွေ "
ရှင်မက်မကြားချင်တော့ပါ။ ထိုနေရာလေးမှ ထလာပြီး ဒေါ်လေးနွယ်အိမ်ဆီ လှမ်းလာခဲ့သည်။
ဒေါ်လေးနွယ်အိမ်ေရာက်ေတာ့ ရင်ခွင်ထဲ ၀င်ပြီး ကလေးတစ်ယောက်လို ငိုလိုက်မိ၏။
" သမီးလေး ဘာဖြစ်လာလဲဟင် မေမေက ဆူပြန်ပြီလား "
" မဆူပါဘူး ဒေါ်လေးရယ် သမီးလေ ဒီအိမ်လေးနဲ့ခွဲရတော့မယ်ထင်တယ်ဒေါ်လေး ရှင်မက မေမေ့နောက်ကို လိုက်ရတော့မယ် ထင်တယ် "
" သမီးရယ် ကိုယ့်မေမေနောက်လိုက်ရတာကိုပဲ စိတ်မကောင်းမဖြစ်ပါနဲ့ "
" အမှန်ဆိုရင် သမီးမလိုက်ချင်ဘူးဒေါ်လေးရယ် သူရိန်ပြန်လာရင်လေ သမီး သူ့ကို အမြဲစောင့်နေပါတယ်လို့ လသာရက်တိုင်း သတိရပေးပါလို့ ပြောပေးပါနော် "
" အင်းပါ သမီးရယ် စိတ်ချနော် သားသူရိန်ပြန်လာတာနဲ့ သမီးမှာတာတွေ
ပြန်ပြောပြပေးမယ် သမီးလည်း ဒေါ်လေးဆီ အခွင့်ရေးရတာနဲ့ ပြန်လာခဲ့ဟုတ်ပြီလား သမီးအတွက် ဒေါ်လေးအိမ်က အမြဲတံခါးဖွင့်ထားပါတယ် "
" ဟုတ်ကဲ့ဒေါ်လေး "
ဒေါ်လေးရင်ခွင်ထဲမှာနေပြီး တိုးတိုးဖက်တွယ်လိုက်ကာ ရှင်မတသိမ့်သိမ့် ရှိုက်ငိုေနမိေတာ့သည်။
*******
ရှင်မတို့အိမ်လေးက ဦးမြင့်ဆွေစပ်ပေးသည်ကြောင့် ဈေးအသင့်တင့်နှင့် အမြန်တည့်သွားရသည်။ ဦးမြင့်ဆွေနှင့် ဒေါ်လေးနွယ်တို့လင်မယားကို မေမေက ကျေးဇူးတင်ေကြာင်းအထပ်ထပ်ဆို၏။
ရှင်မနားသို့ ဦးမြင့်ဆွေက ရောက်လာပြီး
ရှင်မလက်ထဲ မုန့်ဖိုးဆိုပြီး ပိုက်ဆံတစ်ထပ် လာပေးသည်။
" သမီး ရှင်မ ဒါသမီးပိုက်ဆံနော် သိမ်းထား ဘယ်သူ့မှမပေးနဲ့ ကြားလား
ဘယ်သူမှမသိစေနဲ့ ဒါ သမီးဖိုးဖိုးရဲ့ သစ်ရှယ်ရာ အကျိုးမြတ်ပါ တစ်သိန်းနော် သမီး "
ရှင်မမျက်လုံးလေးများ ပြူးကျယ်သွားသည်။ တစ်သိန်းဆိုတော့ အများကြီးဖြစ်သဖြင့် ရှင်မလက်ကလေးပင် တုန်ရင်နေ၏။ ရှင်မကျောပိုးအိတ်လေးထဲ အသာထည့် ဖွက်လိုက်သည်။ မေမေတို့သိ၍ မဖြစ်ပါ။
ရှင်မစားဖို့ ဒေါ်လေးနွယ်က ပုဇွန်ထုပ်ကြီးများကို ငါးဆင့်ချိုင့်နှင့်၀ယ်ထည့်ပေးလိုက်သလို ၊ ရှင်မလမ်းမှာစားရန်
မုန်အများပင် ၀ယ်ပေးလိုက်ေသးသည်။
တံခါးသော့ခတ်ထားပြီး မကြာခင် ပိုင်ရှင်အသစ်ပိုင်တော့မည့် ဘဘနှင့်အတူနေသည့် အိမ်လေးကို အကြာကြီး
ငေးနေမိ၏။ သူရိန်နှင့်အတူ လမင်းကြီးငေးကြည့်သောနေရာလေးအား ငေးရင်း ပါးပြင်ပေါ် မျက်ရည်များ တရစပ်စီးဆင်းလာကြ၏။ ရှင်မကို ချစ်သောသူများက တစ်ယောက်ပြီး တစ်ယောက်ခွဲသွားကြသလို ၊
ရှင်မငယ်ငယ်ကထဲက ကြီးပြင်းခဲ့ရသော အိမ်လေးအား ရှင်မကပါ နောက်ဆုံးခွဲ့ခဲ့ရလေပြီ။
" အားလုံးသွားကြမယ်နော် အားလုံးကျေးဇူးတင်ပါတယ် "
မေမေက လက်ပြပြီး နုတ်ဆက်တော့
အားလုံးကပါ ပြန်နုတ်ဆက်ကြသည်။
" ရှင်မရေ သမီးလေး တာတာ့
နောက်လာလည်နော် သမီး "
မျက်ရည်များသုတ်ပြီး လက်ပြနေသည့် ဒေါ်လေးနွယ်ကို ရှင်မ လက်လှမ်းပြရင်း လှမ်းအော်ေပြာလိုက်သည်။
" ဒေါ်လေးကို ရှင်မချစ်တယ် "
တဖြည်းဖြည်းဝေးကျန်ခဲ့သည့် ပုံရိပ်များက ရှင်မကို နာကျင်စေသည်။ ရှင်မတို့ငှားလာသည့် ကားလေးက ရန်ကုန်သို့ ထွက်ခွာမည့် ကားဂိတ်ရောက်တော့ ရပ်ပေး၏။ ရန်ကုန်ကားဆီ လက်မှတ်ဖြတ်ပြီးသည်နှင့် ရှင်မတို့ကားပေါ်တက် နေရာယူလိုက်ကြသည်။
နာရီ၀က်နေပြီး မကြာခင် ကားကစထွက်လေ၏။
ရန်ကုန်သို့ ဦးတည်ေမာင်းေနသည့် မှန်လုံ ကားပေါ်တွင် ပြတင်းမှတစ်ဆင့် ရှူ့ခင်းများကို ငေးပြီး
ရှင်မလိုက်ပါသွားလေ၏။ ရှူ့ခင်းများ တရိပ်ရိပ်ကျန်ခဲ့သလို ရှင်မ၏စိတ်များက ဒေါ်လေးနွယ်ဆီ ထားထားသည့် သူရိန့်အတွက် နောက်ဆုံးအမှာစာလေးဆီ ကျန်ခဲ့လေသည်။
မျက်၀န်းထဲ ပြန်မြင်ယောင်လာသည့်စာလေးအား စိတ်ထဲမှပင် တတွတ်တွတ်ရွတ်နေမိတော့၏။
" သူရိန်ရေ ....
နင့်ကို ငါအမြဲသတိရနေတယ်နော်။
နင့်ကိုသတိရတိုင်း လမင်းကြီးနဲ့ အမြဲစကားပြောခဲ့တယ်။
ငါ့ကိုမတွေ့တွေ့အောင် ရှာပြီး ငါ့ဆီ အမြန်လိုက်လာပေးပါနော်....
ရှင်မ
*********