book

Index 1

အခန်း ၁

သည်နေ့ .....။
နွေးသွားကြည့်ခဲ့ဖူးသော အိမ်ကလေးဆီ နွေးပိုင်ဆိုင်သော ပစ္စည်းများ တင်ပြီးပြောင်း‌ေရွှလာခဲ့သည်။ နွေးပိုင်ပစ္စည်းများက အခုချိန်ထိ ဘာမှထူးထူးခြားခြားမရှိခဲ့ပါ။ နွေးအ၀တ်အစားများနှင့် ချက်ပြုတ်စားသောက်သော အိုးခွက်ပန်းကန်အနည်းအကျဥ်းနှင့် မီးပူတစ်လုံး။ ပန်ကာတစ်ခု။ အ၀တ်စားထည့်သည့် လက်ဂေ့အိတ်လေးသာ ကောင်းကောင်းကန်းကန်းရှိပြီး နွေးပစ္စည်းအားလုံးက သုံးဘီးဆိုင်ကယ် တစ်စီးစာသာ ရှိသည်။ နွေးပိုင်ဆိုင်သည့်အရာထဲမှ အနည်းငယ်များတာ တစ်ခုတော့ရှိ၏။ စာဖတ်၀ါသနာပါသည့်အတွက် စာအုပ်များကို‌ေတာ့ အသုံးစားရိတ်ချွေတာပြီး နွေးစုတတ်သည်။ သုံးဘီးဆိုင်ကယ်( မီနီအိုးဝေ) က နွေးသွားချင်သည့်နေရာရောက်တော့ ရပ်သွားသည်။ 

" ညီမရေ ရောက်ပြီ "

မီနီအိုးဝေ မောင်းသူက အောက်ကိုဆင်းရင်းဆိုသည်။ နွေးလည်း သုံးဘီးပေါ်မှ ဆင်းလိုက်ပြီး လက်ထဲအဆင်သင့်ကိုင်ထားသည့် သော့နှင့်ခြံတံခါးကို ဖွင့်ကာ မီနီအိုးဝေမောင်းသူကို အထဲထိမောင်းခဲ့ရန် ပြောလိုက်သည်။ မီနီအိုးဝေမောင်းသူက ခြံထဲအလိုက်သင့် ၀င်မောင်းလာ၏။ အိမ်အနားရောက်မှ စက်ရပ်ပြီး အောက်ကိုဆင်းလိုက်သည်။ နွေးက အိမ်တံခါးမကြီးကိုပါလာသည့်သော့နှင့် ထပ်ဖွင့်လိုက်၏။ အိမ်တံခါးမကြီး ပွင့်မှ အိမ်ထဲကို အထုတ်တွေ ကူချပေးရန်ဆိုလိုက်သည်။ မီနီအိုးဝေမောင်းသူက ပစ္စည်းတွေကို အိမ်ထဲ ချ‌ေပးရင်း အိမ်ပတ်၀န်းကျင်ကို တစေ့တစောင်း အကဲခတ်သည်။ ပြီးမှ 

" အိမ်က အရမ်းကောင်းတာပဲ ညီမတစ်ယောက်ထဲလား မိသားစုကရော "


ဟုမေးသည်။ နွေးကပြုံးရင်း

" မိသားစုက ညနေရောက်မှာ " ဟု လိမ်လိုက်၏။ မိသားစုက လိုက်မလာနိုင်ကြတာ ပြောလို့မဖြစ်သည့်အတွက် မုသားလှလှလေးသာ သုံးလိုက်ပါသည်။ မီနီအိုးဝေခက တန်ပါသည်။ သုံးထောင်ပဲပေးရသည်။ ကားနှင့်သာဆိုလျှင် ရှစ်ထောင်အနည်းဆုံး ပေးရလိမ့်မည်။ နွေးပစ္စည်းတွေထဲက တံမြတ်စည်းတစ်‌‌ေချာင်းကို ထားခဲ့ရကောင်းမလား ၊ ယူခဲ့ရကောင်းမလားဆိုတာ အကြာကြီးစဥ်းစားလာပြီးမှ သေသေချာချာယူလာဖြစ်ခဲ့တာကို အမှတ်ရလိုက်သည်။ ထိုတံမြတ်စည်းကို ယူပြီး အိမ်ကို သန့်ရှင်းရေး စတင်လိုက်၏။ တကယ်အသုံးတည့်ပါသည်။ မယူလာမိပါက တံမြတ်စည်း တစ်ချောင်း၀ယ်ဖို့ အပိုငွေ ထွက်မှာဖြစ်သလို သွား၀ယ်ဖို့အချိန်ပါအစစ်ပေးရပြီး အလုပ်တစ်ခု ပိုလာလိမ့်မည်။ ဖုန်တသောသောကို လှည်းကျင်းပြီး အောက်ထပ်အခန်းထဲ ပစ္စည်းအချို့ နေရာချလိုက်သည်။ အခန်းထဲတွင် နှစ်ယောက်အိပ် ကုတင်တစ်ခု ရှိနေသဖြင့် ထိုအခန်းမှာ အိပ်ရန်ပြင်ဆင်လိုက်သည်။ နွေးပစ္စည်းများထဲမှ ခင်းနေကျ ဖယောင်းပုဆိုးလေးကို ကုတင်ပေါ်လှည်းကျင်းပြီးသည်နှင့်ခင်းလိုက်သည်။ နွေးအိပ်လျှင် ခင်းနေသည့် အိပ်ရာခင်းလေးကို နေရာချ၊ ပန်းပွင့်အလှများနှင့် လှနေသေးသော ခေါင်းအုံး မသစ်တသစ်လေးကိုခေါင်းရင်းဘတ်မှာ နေရာချလိုက်သည်။ နွေးခြုံနေကျ ကိုရီးယား စောင် မွေးပွ စောင်လေးကို ထုတ်ပြီး ခြေရင်းမှာ ခေါက်ရက်ကလေး ညီညီညာညာချသည်။ ကုတင်ဘေးနားမှာ အသင့်ရှိနေသည့် စားပွဲခုံတစ်လုံးပေါ် စာအုပ်လေးများကို အစီအရီထပ်လိုက်၏။ လက်ဂေ့အိပ်လေးကို မယူပြီး လောလောဆယ် ကုတင်ခြေရင်းအစွန်းတွင် တင်ထားလိုက်သည်။ ခဏအတွင်း နွေးအခန်းလေးက သပ်သပ်ရပ်ရပ် နေချင်စဖွယ်လေး ဖြစ်သွားပြီ။ မီးဖိုထဲ၀င်ပြီး မီးဖိုပစ္စည်းဖြစ်သည့် ထမင်းပေါင်းအိုးတစ်လုံး ၊ ဒယ်နီတစ်လုံးကို အဆင်‌ေပြသည့် မီးဖိုပစ္စည်းများတင်သည့် စင်တစ်ခုပေါ်တွင် နေရာချလိုက်သည်။ ပန်းကန်များများစားစားမရှိသဖြင့် ထမင်းပန်းကန်များကို ထမင်းဟင်းချက်သည့်နေရာတွင် ခဏနေရာချထားလိုက်၏။ ပန်ကာနှင့် မီးပူကို နွေးအိပ်မည့်အခန်းထဲ ထည့်လိုက်တော့ သည်နေ့ သိမ်းဆည်းရမည့် အလုပ်ကပြီးသလောက်ရှိလေပြီ။ အဓိကက သောက်ရေဖြစ်သဖြင့် အိမ်ပြင်ပြန်ထွက်လိုက်၏။ နွေးအိမ်နှင့်မျက်နှာချင်းဆိုင်တွင် ဈေးဆိုင်တစ်ဆိုင်ကို တွေ့ရသည်။ စတိုးဆိုင်လို မဟုတ်သော်လည်း ဆိုင်ကအတော်အသင့်ကြီးသည်။ ဆိုင်ထဲ၀င်လိုက်ပြီး အကဲခတ်သလို တစ်ချက်ကြည့်လိုက်၏။ ဆိုင်လေးက စားသောက်စရာနှင့်ပက်သက်လျှင် အစုံရသည်။
ရေသန့်ဗူး သုံးဘူးလောက်ယူလိုက်ပြီးရေသန့်ဘူးကြီး" ဘယ်မှာမှာရလဲ" ဟုဆိုင်ရှင်အစ်မကို မေးလိုက်သည်။ 

" ညီမက မဒေစီတို့အိမ်ကို ရောက်လာတဲ့ အိမ်ရှင်အသစ်လား ရေသန့်ကားလာတယ်ညီမရေ လာရင်လာမှာလို့ရတယ် "

ဆိုင်ရှင်အစ်မကြီးက မျက်နှာချိုသလို စကားပြောကလည်း သွက်သည်။ နွေးကအလိုက်သင့် ပြုံးပြပြီး လိုအပ်သည့်
ပစ္စည်းများ၀ယ်ပြီး ပြန်လာလိုက်သည်။
ရေအရမ်းသောက်ချင်နေသဖြင့် အိမ်ထဲရောက်သည်နှင့် ရေသန့်အေးအေးလေးကို တရှိန်ထိုးမော့သောက်လိုက်သည်။ ဟူး။ အမောပြေသွားပြီ။ ဗာဟီရပစ္စည်းများ စုထည့်လာသည့် အထုတ်ထဲမှ ဆန်ထုတ်ကို ဆယ်လိုက်၏။ နို့ဆီဘူးနှစ်ဘူး ချိန်လိုက်ပြီးပေါင်းအိုးထဲထည့်ကာ ဆေးလိုက်သည်။
ရေကို လက်နှစ်ဆစ်နှင့်တိုင်းပြီး ချိန်ဆထည့်၍ မီးပလပ် တပ်လိုက်၏။ ထမင်းချက်သည့်ခလုတ်လေးကိုနှိပ်ပြီးသည်နှင့် ဒယ်နီကို ပြောင်စင်အောင် ရေဆေးလိုက်သည်။
ဗာဟီရထုတ်ထဲက အချိုမှုန့်ဘူး ၊ ဆားဘူး၊ ဆနွင်းမှုန့်ဘူးတို့ကိုတစ်ခုခြင်းထပ်ထုတ်လိုက်၏။ ၀ယ်ထားသောကြက်သွန်နီက အလုံးနှစ်ဆယ်လောက် ကျန်သေးသည်။ ကြက်သွန်နီ နှစ်လုံးကိုအခွံနွှာ ၊ ပါးပါးလှီးပြီး နှစ်လုံးသာရှိသော ဟင်းသောက်ပန်းကန်လုံး တစ်လုံးထဲ အခုမှ၀ယ်လာသော ကြက်ဥကို ဖေါက်ထည့်လိုက်သည်။ အချိုမှုန့် ၊ဆားအနည်းငယ်ထည့်ပြီး ကြက်သွန်နှင့် ကြက်ဥကို ဇွန်းတစ်‌ေချာင်းနှင့် နှံ့‌ေအာင် မွှေလိုက်သည်။ ပြီးမှ ဒယ်နီ ပလပ်ကို ထိုးပြီး မီးခလုတ်ဖွင့် ၊ ဒယ်အိုးထဲ ဆီကိုအ‌ေနတော်ထည့်လိုက်၏။ ဆီပူလာမှ ခလောက်ထားသော ကြက်ဥကို ဒယ်အိုးထဲ လောင်းထည့်လိုက်သည်။ ရှဲခနဲမြည်ပြီး မိနစ်ပင်မကြာ ကြက်ဉက ကျက်လာပြီ။ တစ်ဖက်ကိုဇွန်းနှင့်အသာလှန်ပြီး ကျက်အောင်ခဏနေပြီး မီးခလုတ်ကိုပိတ်လိုက်သည်။ မှတ်မှတ်ရရ ဒယ်နီပလပ်ကိုထပ်ဖြုတ်လိုက်၏။ လျှပ်စစ်က သတိထားတာမမှားပါ။ ချက်ပြုတ်ပြီးသည်နှင့် ရေချိုးခန်းထဲ၀င်ကာ ရေကို အားရပါးရချိုးလိုက်၏။ တ‌‌ေနကုန် သန့်ရှင်းရေးလုပ်ထားပြီး ပင်ပန်း‌ေနသမျှ ရေချိုးလိုက်ရသဖြင့် လန်းဆန်းသွားသည်။
လပ်‌ေဂ့အိတ်ထဲမှ အ၀တ်စားတွေကြား သေချာဂရုစိုက်ထည့်လာသော မှန်ကိုထုတ်လိုက်သည်။ ကျောက်ပျဉ်ကို အစုံစုထည့်ထားသော အိတ်ထဲမှ ဆယ်လိုက်ပြီး ရေသန့်ဘူးအသေးလေးနှင့် ထည့်ထားသော ရေဗူးလေးကိုပါ ထုတ်လိုက်သည်။ သနပ်ခါးကြိုက်သော သူ့အတွက် အသိတစ်ယောက် လက်ဆောင်ယူလာပေးသော သနပ်ခါးတုံးကြီးက သုံးချိုးတစ်ချိုးပင်မကုန်သေး။ သနပ်ခါးကို သွေးလိုက်ပြီး မျက်နှာလေးပေါ်ထူထူလေး တင်လိမ်းလိုက်သည်။ သပွတ်တံနှင့် သေချာညှိပြီး ပါးပေါ် ပါးကွက်လေးကွက်လိုက်၏။ နှာတံပေါ်သနပ်ခါးကို ဖြောင့်နေအောင်ဂရုစိုက် ဆွဲလိုက်သည်။ မေးစေ့ကို သနပ်ခါးလေးပုံ ၊ ကျန်သနပ်ခါးများကို နဖူးပေါ်ထူထူပုံလိုက်ပြီး ညီညာအောင်သပွတ်တံ‌ေလးကိုင်ပြီး ညှိလိုက်သည်နှင့် သနပ်ခါးလူးခြင်းက ပြီးဆုံးလေပြီ။ ရွှေပြည်နန်ဗူးထဲက သနပ်ခါးကို အနည်းငယ်ကလော် ၊ ရေကျဲကျဲထည့်ဖျော်လိုက်ပြီး လည်ပင်းနှင့်လက်အနှံ့ ပွတ်သပ်လိမ်းလိုက်၏။ ရေစိုမှာစိုးသဖြင့် ခေါက်တင်ထားသည့် ဆံပင်ရှည်ရှည်အိအိများကို ဖြည်ချလိုက်သည်။ ဆံပင်များကို ဘီးကျဲနှင့် အသာအယာ ဖြီးသင်လိုက်ပြီး အထက်အောက်ဆင်တူ ပန်းနုရောင်စပန့်အပွင့် ဘောင်းဘီဒူးဖုံးလေးနှင့် အင်္ကျီပွပွလေးကို ၀တ်လိုက်သည်။ ကျောလယ်ရောက်နေသော ဆံပင်ရှည်များကိုဖြီးသင်ရင်း ပန်းနုရောင်နုတ်ခမ်းနီလေးကို နုတ်ခမ်းပေါ် လက်ကလေးနှင့် အသာတင်ဆိုးလိုက်သည်။ အားလုံးပြီးသွားသည်နှင့် မှန်ထဲကပုံရိပ်လေးကို တစ်ချက်ကြည့်လိုက်၏။ သနပ်ခါးဖွေးဖွေးနှင့် ချစ်ဖို့ကောင်းနေသော ပုံရိပ်လေးပြန်ကြည့်ပြီး ကျေနပ်မိရသည်။ အခန်းထဲက အပြင်ကို လှမ်းထွက်လိုက်၏။ ဘုရားစင်မှာ ဘုရားပန်းအိုးလဲဖို့သတိရလာသဖြင့် အိမ်ပေါ်ထပ်ကို တက်လာခဲ့သည်။ ဘုရားစင်တွင် ဘုရားရုပ်ထုကလွဲလျှင် ပုံတော်များကျန်ခဲ့သဖြင့် နွေးသဘောကျသွားရသည်။ အဆောင်အခန်းကျဉ်းမှာသာ နေခဲ့ရသော နွေးအတွက် ဘုရားစင်မရှိခဲ့ခြင်းက မထူးခြားတော့ပါ။
ပြောင်းရွှေ့သွားသောအိမ်ရှင်က ဘုရားစင်ရှိ အလှမီးသီးများ ထားပေးခဲ့သဖြင့် ဘုရားစင်လေးက သပ္ပာယ်နေသေးသည်။ အောက်ထပ်ကို ပြန်ဆင်းလာပြီး အခန်းထဲက ပိုက်ဆံအိတ်လေး ၀င်ယူလိုက်၏။ တစ်သောင်းတန်အထပ်လိုက် ပါးနေသည်ကို သိတော့ သက်ပြင်းတိတ်တိတ်ချဖြစ်သည်။ မျက်စောင်းထိုးဆိုင်အား
" ဘုရားပန်းအိုးဘယ်နားရောင်းလဲ " မေးတော့ တလမ်းကျော်ကဆိုင်ကို လမ်းညွှန်ပြသဖြင့် ထိုဆိုင်ကို လျှောက်လာလိုက်သည်။ တွေ့ပြီ။ ပန်းအိုးအစုံက လှလိုက်သည့်ဖြစ်ခြင်း။
ဆိုင်ထဲ၀င်ပြီး အရောင်တူ ကြွေပန်းအိုးသုံးလုံးကို ရွေးချယ်လိုက်သည်။ ဈေးကတော့ တစ်သောင်းငါးရာကျသည်။ အိတ်ထဲက တစ်သောင်းတန်တစ်ရွက်နှင့် အနုတ်ငါးရာကို လှမ်းပေးလိုက်၏။ ဘုရားပန်းရချင်သော်လည်း ဘယ်မှာရောင်းမှန်းမသိသေး။ ပတ်၀န်းကျင်က နယ်မြေစိမ်းဖြစ်သဖြင့် နွေးအတွက် အရာအားလုံးစိမ်းနေကြသေးသည်။ ပန်းအိုး၀ယ်လာသည့်‌ေနွးကို မျက်စောင်းထိုးဆိုင်က အစ်မက 

" ပန်းအိုးရလာပြီလား ဘုရားပန်းက ညနေဆို ခေါင်းရွက်သည်တွေ လာတတ်တယ်ညီမလေး " 
ဟု ဆိုသည်။

" ကျေးဇူးပါမမရေ "

နွေးက ပြုံးပြီးးပြန်ဖြေလိုက်ကာ ခြံတံခါးကို သော့ဖွင့်လိုက်သည်။ အိမ်မကြီးကိုသော့ဖွင့်နေစဉ် ဖုန်း၀င်လာသဖြင့်
ကောက်ကိုင်လိုက်တော့ သူငယ်ချင်းခင်လင်းဖုန်း ဖြစ်နေသည်။

" ဟယ်လို ခင်လင်း "

" နင်အဆင်ပြေလားနွေး "

" ပြေပါတယ်ဟာ ဒါနဲ့ နင်ဒီညလာမှာလား "

" အင်း လာမယ်လေ နင့်ဆိုင်ကယ်လာပို့ရင်း နင့်ဆီပဲ အိပ်လိုက်မယ် နည်းနည်းမိုးချုပ်မယ်နော် အဲဒါလှမ်းပြောတာ "

" အေးပါ အဲဒါဆို ဒါပဲနော် "

နွေးဖုန်းချလိုက်ပြီး အိမ်ထဲ၀င်လိုက်၏။ ဘုရားပန်းအိုးများကို ရေချိုးခန်းထဲ၀င် ဆေးကြောလိုက်သည်။ ပန်းအိုးအပြည့် ရေဖြည့်ပြီး ဘုရားစင်ပေါ်တက်တင်လိုက်၏။

" ပန်းတွေရမယ် အစ်မရေ ပန်းယူဦးမလား "

အိမ်ရှေ့ကနေ တကူးတကပန်းသည်လေးလာ‌ေအာ်မေးသဖြင့် အိမ်ရှေ့ထွက်လိုက်သည်။ 

" ယူမယ် ညီမလေး ပန်းလိုနေတာ ဘယ်လိုသိလဲ "

နွေးက ပြုံးပြီးမေးတော့ ပန်းသည်လေးက 
" မျက်စောင်းထိုးဆိုင်က အစ်မပြောတာ " 
ဟုဆိုသည်။ ပန်းသည်လေးဆီက ပန်းများကိုကြည့်တော့ နွေးအကြိုက် ဂန္ဓမာပန်းအဖြူကို တွေ့ရသဖြင့် ပျော်သွားမိသည်။ 

" တစ်စည်း ဘယ်လောက်လဲညီမလေး "

" တစ်စည်း ရှစ်ရာပါမမ "

" နှစ်စည်းယူမယ် လျှော့ဦး"

" နှစ်စည်း ထောင့်ငါးရာ‌ပဲပေးပါမမ "

ပန်းသည်လေးကို ထောင့်ငါးရာလှမ်းပေးလိုက်ပြီး ပန်းစည်းကိုယူကာ အိမ်ထဲပြန်၀င်လာလိုက်သည်။
ဂန္ဓမာပန်းအဖြူ‌ေတွကို အရိုးအနေတော်ချိုးလိုက်ပြီး မလိုအပ်သည့်အရွက်များကို ခြွေလိုက်သည်။ ပန်းများကို ရေချိုးခန်းထဲ၀င်ပြီး ရေနှစ်ထပ် ၊သုံးထပ်လောင်း‌ေဆးလိုက်၏။ ‌ရေဆေးပြီးသားပန်းများကို အိမ်ပေါ်ထိယူတင်လာလိုက်ပြီး ပန်းအိုးထဲ လှအောင် မျှစိုက်လိုက်သည်။ ဘုရားစင်က အခုမှပို၍ ကြည့်ကောင်းလာသည်။ 
တစ်အိုးကို ခုနှစ်ပွင့်နူန်းထိုးလိုက်တော့ 
ပန်းအိုးလေးက မြိုင်ပြီးလှ‌ေန‌ေတာ့သည်။ ဘုရားသောက်တော်ရေကပ်ဖို့နှင့် အမွှေးတိုင်ဆီမီးလှူဖို့ လိုအပ်သေးတာကို သတိထားမိပြန်သည်။ ဘုရားပန်းလဲပြီးသည်နှင့် လက်မှာပတ်ထားသည့် အပေါစား 3500သာပေးရသည့်တရုတ် နာရီအနက်လေးကို ကြည့်လိုက်သည်။ ငါးနာရီပင် ထိုးတော့မည်။
ခင်လင်း ရောက်တော့မည်ထင်၏။ 
အိမ်ရှေ့ကို တချက်ထွက်ကြည့်မိပြန်သည်။ မမြင်မှ အိမ်ထဲပြန်၀င်လာပြီး ကုတင်ပေါ်တွင် ခဏထိုင်လိုက်သည်။ ခြေထောက်လေးတွဲလွဲချပြီး ရှေ့နောက် လှုပ်ရမ်းမိပြန်၏။ အကြည့်က စာကြည့်စားပွဲပေါ် ရောက်သွားပြီး စာအုပ်တစ်အုပ်ကို ကောက်ယူပြီး ကုတင်ပေါ် လှဲချလိုက်သည်။ စိတ်သည် ခဏတာ လွတ်လပ်သွားသလိုလို ခံစားလိုက်ရ၏။ စာအုပ်လေးကို ရင်ဘတ်ပေါ် တင်ထားလိုက်သည်။ တခါတခါစိတ်သည် အံ့ဩနေသလိုလို ၊ မယုံနိုင်သလိုလို ဖြစ်နေမိရသည်ကအမှန်။ ဖုန်းကို ကောက်ယူလိုက်သည်။ ဖေ့ဘုတ်ကိုဖွင့်လိုက်ပြီး
" မယုံကြည်နိုင်ခြင်းရဲ့ အခြားတစ်ဖက်ကအိမ် "

ဟု ရေးလိုက်ပြီး နွေးရိုက်ထားသည့် အိမ်ပုံလေးနှင့် တွဲတင်လိုက်သည်။ ခဏနှင့်ပင် နွေး 
Fri များ၏ like များ com များပလူပျံသွားသည်။ တမ်းတမိသောအရာက လက်၀ယ်ပိုင်ပိုင် ရောက်ရှိလာသောအခါ ပီတိက ရင်ထဲအထိ နက်ရှိုင်းစွာ တိုး၀င်လေသည်။ 
ထို့အတူ ငယ်စဉ်ကထဲက အသိအာရုံထဲစွဲမြဲနေသည့် မျက်၀န်းတစ်စုံကို တမ်းတမ်းတတ သတိရမိနေပြန်သည်။ သူကော။ ဘာတွေလုပ်နေလဲ။ သူကော ဘယ်လိုအခြေနေရောက်နေပြီလဲ။ သိချင်စိတ်နှင့်အတူ မျှော်လင့်ချက်တစ်စက ရင်ဘတ်ထဲ တိုးတိုး၀င်လာခဲ့လေ၏။ 

" နင့်ကို ငါအခုထိမမေ့ဘူး နင်ကောဟင် "
တိုးတိုးလေး ရင်ဘတ်ထဲကမေးလိုက်သံသည် အပြင်သို့ပင် ပွန်ထွက်သွားသည်။ သက်ပြင်းတစ်ချက်ကို ဖွဖွလေး ရှိုက်လိုက်မိပြီး မျက်၀န်းနှစ်ဘက်ကို အသာအယာ ပိတ်ထားလိုက်၏။ 

" တီ တီ "

ခြံရှေ့က ဆိုင်ကယ်ဟွန်းတီးသံအဆတ်မပြတ်ကြားလိုက်ရမှ ခဏတာလွင့်မျောသောစိတ်များ ပြန်စုစည်းမိ၏။ ရုတ်ခနဲ ထထိုင်ပြီး အပြင်ကိုအပြေးထွက်လာတော့ ခင်လင်းကိုတွေ့လိုက်ရသည်။ 

" ခင်လင်း အစောထဲကမျှော်နေတာဟ "

ခြံတံခါးသော့ကို ဖွင့်ပြီးဆိုလိုက်သည်။ 
ခြံထဲဆိုင်ကယ်မောင်း၀င်လာရင်း ခင်လင်းက ခြံထဲကို အကဲခတ်လိုက်သည်။

" အိမ်လေးက ချစ်စရာလေးဟာ နေချင်စရာလေး "

ဆိုင်ကယ်ပေါ်ကဆင်းရင်း ခင်လင်းဆိုသည်။ နွေးက ခြံတံခါးကို ပြန်သော့ခတ်လိုက်ရင်း ခင်လင်းကို ပြုံးပြလိုက်၏။ 

" လာ အိမ်ထဲ၀င်ကြမယ် "

အိမ်ထဲ၀င်လိုက်သည့်အခါ အိမ်လေးကို ကြည့်ပြီး ခင်လင်းက ပျော်ရွှင်သောမျက်နှာလေးနှင့်

" အရမ်းသဘောကျတာပဲနွေး‌ရယ် "

ဟု ဆိုသည်။ 

" ရှင်းနိုင်သလောက်တော့ ရှင်းထားတယ် ခင်လင်းရဲ့ အိမ်က လှပေမယ့် အိမ်ထောင်ပရိဂဟာလာဟင်းလင်းဆိုတော့ ကြည့်ရဆိုးတယ်လေ "

" နွေးရယ် နင်ဒီလောက်ကြိုးစားနိုင်တာကိုပဲ ငါတို့အားကျနေရတာပါဟာ ဒီလောက်အိမ်တစ်လုံးကို ရအောင်ကြိုးစားနိုင်တဲ့နင့်အတွက် အိမ်ရဲ့ပရိဘောဂပစ္စည်းဆိုတာ ခဏပါဟာ ဖိုက်တင်း သူငယ်ချင်းလေး "

" အင်းဟာ အခုလောဆယ် ငါ့လက်ထဲ ပိုက်ဆံပြတ်သလောက်ဖြစ်နေပြီ ခင်လင်းရဲ့ လောဆယ် ဧည့်သည်လာရင်တောင် ဧည့်ခံဖို့နေရာမရှိသေးဘူးလေ "

ပြောရင်း ရယ်လိုက်တော့ ခင်လင်းက သက်ပြင်းရှိုက်သည်။

" နွေး ဒီအိမ်မှာ နင်တစ်ယောက်ထဲနေဖို့တော့ အဆင်မပြေဘူးထင်တယ် နင်ဘယ်လိုစိတ်ကူးထားလဲ "

" နေတာကနေရဲပါတယ် မိန်းကလေးတစ်ယောက်ထဲဆိုတော့ ညမှုညတာ အရေးကြောင်းဆိုရင် အဆင်မပြေဘူးလားလို့ 
တစ်ခုတော့စဉ်းစားထားတယ်ဟာ လွတ်လပ်တဲ့မိန်းကလေးတွေသုံးယောက်လောက် ဘော်ဒါဆောင်သဘောမျိုး ထားရင်ကောင်းမလားလို့စိတ်ကူးတယ် ငါလည်းအဖေါ်ရတယ် လစာလည်းရတော့ တဖက်တလမ်းက အထောက်ကူရတာပေါ့ ခင်လင်း နင် ည်းလာနေပါလား "

နွေးစကားအဆုံး ခင်လင်းပြုံးသည်။

" နေချင်တာပေါ့ နွေးရယ် ဒါပေမယ့် ငါ့အလုပ်နဲ့ဒီနေရာက ဝေးတယ် ဆိုင်ကယ်တစ်စီးတောင်မရှိတဲ့ငါ့အတွက် သွားရလာရရှိသေးတယ်လေ အလုပ်ကပေးထားတဲ့အဆောင်ဆိုတော့ အဆောင်ခပိုမကုန်တော့သလို စားစရိတ်ကရှိသေးတယ် အာ့တွေကုန်ကျရင် ငါရတဲ့လစာကို အိမ်ကိုအသားတင်မပို့နိုင်တော့ဘူးလေ နင့်လို မိဘကိုပြန်မထောက်ပံ့လို့မရဘူးနင်နဲ့တော့ယှဉ်လို့မရဘူးလေ နင်ကနင်လုပ်လို့ရတာ နင်စုရတယ်လေဟာ "

နွေး ခေါင်းညိတ်ပြလိုက်ပါသည်။ ခင်လင်းပြောတာလည်းသင့်တင့်သလောက် မှန်သည်။ သို့သော် ခင်လင်းတို့ဘ၀ကို နွေးအရမ်းအားကျရပါသည်ဆိုတာကိုတော့ ပြောပြမနေတော့ပါ။ အိမ်ရှေ့ဧည့်ခန်းနေရာတွင် သိပ်မသစ်တော့သော တချပ်တည်းသော သင်ဖြူးဖျာလေးကိုခင်းလိုက်သည်။ ခင်းထားသော ဖျာလေးပေါ် နှစ်ယောက်သား ခြေပစ်လက်ပြစ် ထိုင်ချလိုက်ကြ၏။ ခင်လင်းက သူချိတ်ထားသော ကဗျာအပိုင်းစလေးကို မြင်သွားသည်။ 

" နွေးရယ် နင်ဘယ်လိုခံစားနေရမလဲဆိုတာ ငါနားလည်ပါတယ်ဟာ "

နွေး ပြုံးပြလိုက်၏။ စာနာနားလည်သော ခင်လင်းစကားများကို မကြားသလိုဟန်ဆောင်ရင်း ရင်ဘတ်ထဲ နင့်ကျင်လာသည့် ခံစားချက်ကို မြိုသိပ်ထားလိုက်သည်။ အရာအားလုံးကို ခဏအကြာ မေ့သွားကြပြီး သူ့ဖုန်း ၊ ကိုယ့်ဖုန်း ကိုယ်စီထုတ်ရင်း စိတ်က ဖေ့ဘုတ်ပေါ်ရောက်သွားကြ၏။
နွေးတင်ထားသည့် ပိုစ့်လေးအောက်က com တွေကို အလိုက်အထိုက် လိုက်ဖြေလိုက်သည်။  

" နွေး "

" အင်း ပြောခင်လင်း "

" နင့်ကို ပရိုပိုစ့်လုပ်ထားတဲ့ ကိုထူးသစ်ကို နင်ဘယ်လိုသ‌ေဘာရလဲ "

နွေးပြုံးလိုက်ပြီး ခင်လင်းကို ခေါင်းခါပြလိုက်၏။

" ကိုထူးသစ်က နင့်ကိုသိပ်ချစ်တာနော် နင့်ကို သူကြိုက်နေတာ အချိန်တောင်မနည်းတော့ဘူး ငါက‌ေတာ့ ကိုထူးသစ်နဲ့သဘောတူတယ် "

သည်တခါတော့ နွေးအသံထွက်အောင်ရယ်မိလိုက်သည်။ 

" နင်ကြိုက်လိုက်ပါလား ငါ့မှာ ရှိပြီးသားပါဆို "

" ငါ့ကိုမကြိုက်လို့ပေါ့ ကြိုက်ရင်ပြန်ကြိုက်တာကြာပေါ့ နင့်မှာရှိနေတယ်ပြောရအောင် ဘယ်မှာလဲ အဲဒီနင့်ချစ်သူ ကလေးဘ၀ကတွယ်ငြိခဲ့တဲ့ သံယောဇဉ်ကို နင်တန်ဖိုးထားသလို သူတန်ဖိုးထားမယ် နင်ထင်နေတာလားနွေး "

ခင်လင်းစကားဆုံးတော့ နွေးငိုင်မိသွား၏။ ရုတ်တရက် အသက်မဲ့သွားသလို ခံစားလိုက်ရသည်။

" ငါယုံတယ်ဟာ ငါ့ကိုသူမမေ့ဘူးဆိုတာ ငါယုံတယ် သူနဲ့ငါ တနေ့ပြန်ဆုံရမှာပါ အဲဒီအခါကျရင် ဒီအိမ်လေးဟာ 
ငါတို့ရဲ့ ကမ္ဘာလေးပါ "

" ငါမြင်ဖူးသမျှ အရူးထဲ နင် ပိုအရူးဆုံးပဲ သိလားနွေး "

ရွဲ့တဲ့တဲ့ဆိုသည့် ခင်လင်းကိုကြည့်ပြီး နွေးရယ်လိုက်သည်။ ခင်လင်းရှိသဖြင့် သည်ညက နွေးအတွက် အထီးကျန်မဆန်တာတော့သေချာပါသည်။ ထိုညက ခင်လင်းနှင့်ညည့်နက်သည်အထိ စကားထိုင်ပြောဖြစ်ကြသည်။ သူကြော်ထားသည့် တခွက်တည်းသောကြက်ဥ‌ေကြာ်နှင့် သူငယ်ချင်းနှစ်ယောက် ထမင်းတစ်ပန်းကန်ထဲ ဇွန်းနှစ်ချောင်းတပ်ပြီးအတူစားလိုက်ကြသည်။ 
ထမင်းစားပြီးသည်နှင့် ခင်လင်းကိုအပေါ်ထပ်ခေါ်လာလိုက်၏။
အပေါ်ထပ်ရောက်သည်နှင့် လသာဆောင်မှာ မီးမထွန်းဘဲ အတူတူထိုင်လိုက်ကြသည်။ ကောင်းကင်မှ တခြမ်းပဲ့လကွေးကွေးလေးကို အတူတူမော့ကြည့်ပြီး နွေးက ဆိုလိုက်သည်။

" ခင်လင်း ဒီလမင်းကြီးကို ငါငေးကြည့်မိတဲ့အခါတိုင်း ငါ့ကို သူရိန် သတိရနေမယ်ဆိုတာ ငါယုံတယ် ငါတို့ငယ်ငယ်က တစ်ယောက်လက်တစ်ယောက်ဆုပ်ကိုင်ပြီး အဲဒီလမင်းကြီးကို အတူတူငေးခဲ့ကြတာဟ တခါတခါ ငါငိုရင် သူရိန်က ငါ့ပုခုံးလေး ဆုပ်ကိုင်ပြီး ဖက်ထားပေးတတ်တယ် ငါ၀မ်းနည်းလို့ငိုတိုင်း သူရိန်က ငါ့မျက်ရည်တွေ သုတ်ပေးတတ်တာလေ "

" ဒီဇာတ်လမ်းတွေက နင့်ဆီက ကြားနေကျမို့အလွတ်တောင်ရနေပြီ နင့်အသက် ၂၅ ပြည့်ပြီးနေပြီနွေး နင်တို့တကယ်ပြန်ဆုံခွင့် ရှိမယ်ဆိုရင် အခုဆို ပြန်ဆုံလို့ရနေပြီလေဟာ ဆယ်နှစ်ကျော်အတွင်း အရိပ်အယောင်တောင်မပြတော့တဲ့ သူတစ်ယောက်ကို နင့်ဘ၀က ထုတ်သင့်ပြီလို့ ငါထင်တယ်နွေး "

" ခင်လင်းရာ ငါတို့နှစ်ယောက်ရဲ့စိတ်ကို နင်မသိလို့ ဒီလိုပြောတာပါဟာ တနေ့မှာ ငါတို့တွေ့ကိုပြန်တွေ့ရမယ် "

" ဘာလဲ နင်အဖွားကြီးဖြစ်မှလား ငါတို့မိန်းကလေးတွေအတွက် ရွေးချယ်မှုဆိုတာကလည်း အရွယ်ရှိတုန်းဆိုတာ နင်မမေ့နဲ့ နွေး "

" ငါကတော့ ငါ့ယုံကြည်မှုကို ဘယ်တော့မှလက်မလွှတ်ဘူးဟာ "

နွေးစကားအဆုံး ခင်လင်းက ဟာသတစ်ပုဒ်ကြည့်လိုက်ရသလို ဟက်ခနဲရယ်သည်။

" ငါကတော့ လူတွေကိုမယုံဘူးနွေး
အခုခေတ်က သစ္စာဆိုတာ ဘာမှန်းမသိတဲ့ ခေတ်ဟ နင့်သူရိန်ဆိုတဲ့ကောင်ကရော နင့်လိုငယ်ငယ်က ကစားဖော်ကို အရေးရာလုပ်သတိရနေမယ်ထင်လား 
သူ့ဘေးနားမှာ ဘယ်လိုမိန်းကလေးတွေ ဝိုင်းဝိုင်းလည်း ရှိနေမယ်ဆိုတာ အတိအကျပြောနိုင်လို့လား ငါ့အလိုအရဆို နင်နဲ့တကယ်သင့်တင့်တဲ့ နင့်ကိုတကယ်ချစ်တဲ့ ကိုထူးသစ်ကို နင်ရွေးချယ်သင့်ပြီလို့ထင်တယ်သူရိန်သာ နင်နဲ့ ဖူးစာတကယ်ပါလာရင် နင်တို့နှစ်ယောက်ကို အခုချိန်ဆို ကံကြမ္မာက ပြန်ဆုံစေမှာပေါ့ဟာ 
အခုထိပြန်တွေ့ခွင့်မပေးကထဲက နင်တို့ရေစက် ကုန်လို့ပဲ "

" ကဲ ဒေါ်ခင်လင်း တော်ဟာ အဲဒီအကြောင်းတွေ "

ခင်လင်းရှေ့မဆက်အောင် နွေးဟန့်လိုက်ရသော်လည်း အခုချိန်ထိ ပြန်တွေ့ခွင့်မပေးသော ကံကြမ္မာကို စိတ်တိုမိရသလို ၊ သူရိန်လွယ်လွယ်မေ့ပစ်လိုက်ရင်ဆိုသည့်အတွေးကလည်း ၀င်၀င်လာတတ်သေးသည်။
ထိုညက လတခြမ်းပဲ‌့လေးကို နွေးနှင့်ခင်လင်း စကားမပြောဘဲ အချိန်ကြာကြာ ထိုင်ငေးကြည့်မိကြသည်။ လတခြမ်းပဲ့ထဲက လှုပ်ရှားပုံရိပ်များကိုတော့ နွေးလို ခင်လင်းတစ်ယောက် မမြင်တွေ့ရသည်ကတော့သေချာလှပါသည်။

***********

" ကဲ နွေး ထတော့ "

ညကညဉ့်နက်မှအိပ်သဖြင့် နွေးအိပ်ရာထနောက်ကျသည်။ ခင်လင်းနိူးသဖြင့် အိပ်ရာက လူးလဲထတော့ ခင်လင်းက ရေပင် ချိုးပြီးနေပြီ။
မျက်နှာကိုသနပ်ခါးပွတ်သပ်ရင်း မနေ့ည‌ေနက သူယူလာသည့် အထုပ်ထဲက 
၀မ်းဆက်တစ်စုံကို လဲဖို့ပြင်နေပြီ။

" ရှင်က အလုပ်မလုပ်လည်းရတယ် 
ကျွန်မတို့ကအလုပ်မလုပ်လို့မရဘူးဒေါ်ရွှေနွေးရေ ထတော့ မျက်နှာသစ်တော့ "

အိပ်ရာထဲကထပြီး ရေချိုးခန်းထဲ၀င် မျက်နှာသစ်လိုက်သည်။ ကိုယ်လက်သန့်စင်ပြီးသည်နှင့် အိတ်ထဲက ဂါ၀န်တစ်ထည်ကို ဆွဲထုတ်လိုက်သည်။ ဆံပင်ကိုသပ်သပ်ရပ်ရပ်ဖြီးသင်ပြီးသည်နှင့် ဂါ၀န်အနီရဲလေးကို ၀တ်ဆင်လိုက်၏။ 

" သနပ်ခါးမလိမ်းတော့ဘူးလားနွေး
မလိမ်းလည်း ငါ့သူငယ်ချင်းက လှပြီးသား အရမ်းချစ်ဖို့ကောင်းတာပဲ "

ခင်လင်းစကားအဆုံး နွေးရယ်လိုက်သည်။ 

" အေးပါ မြှောက်မနေနဲ့ ငါ လက်ဖက်ရည်တိုက်ပါ့မယ်နော် "

ပြင်ဆင်ပြီးသည်နှင့် ခင်လင်းနှင့်အတူ 
ထွက်လာကြသည်။ ခင်လင်းတို့အလုပ်နားအထိ ‌မောင်းလာပြီးမှ လမ်းထိပ်လက်ဖက်ရည်ဆိုင်နားရောက်တော့ ဆိုင်ကယ်ကိုရပ်လိုက်သည်။ လက်ဖက်ရည်ဆိုင်ထဲ၀င်လာပြီး ပုံမှန်ဆိမ့်နှစ်ခွက်နှင့် ထပ်တစ်ရာနှစ်ပွဲကို မှာလိုက်သည်။

တအောင့်ကြာမှ လာချပေးသည့်လက်ဖက်ရည်ကိုတငုံ ငုံ့သောက်လိုက်ပြီး နွေးဆိုလိုက်သည်။

" ညလာအိပ်မလား နင်လာမယ်ဆို ငါလာကြိုမယ်လေ "

" လာချင်တာပေါ့ဟာ ဒါပေမယ့် အလုပ်က အပြင်ပေးမအိပ်တာ နင်လည်းသိသားနဲ့နွေးရယ် "

" ဟုတ်ပါတယ် နင်ရှိတော့ အားရှိတာပေါ့ ဒါပေမယ့် ငါနေတတ်အောင်ကြိုးစားရမှာပေါ့လေ "

" နွေး လေးငါးရက်တော့ ကြိုးစားနေပါဟာ နောက်ရက်ကျရင် နင်အဖော်ရလာမှာပါ "

စိတ်ပူနေသော သူငယ်ချင်းကို ခေါင်းညိတ်ပြလိုက်သည်။  

" ငါသွားမယ်နွေး အလုပ်ပိတ်ရက်ကျရင် ငါလာအိပ်မယ်နော် "

ခင်လင်းကို နွေးပြုံးပြလိုက်ပြီး ခေါင်းညိတ်ပြလိုက်၏။ နုတ်ဆက်ထွက်သွားသော ခင်လင်းကျောပြင်လေးကို ငေးရင်း ပိုက်ဆံရှင်းဖို့ စားပွဲထိုးလေးကို ခေါ်လိုက်သည်။ ကျသင့်သည့်ငွေ ထုတ်ပေးရင်း ဆိုင်ကအထွက် နွေးကိုပြုံးကြည့်နေသော လူတစ်ယောက်ကို တွေ့လိုက်ရသည်။  

***********

" နွေး "

တိုးရှရှ‌ေခါ်သံလေးက နွေးစိတ်ကို ခဏတော့ လှုပ်ခတ်သွားသလိုလို။

" နွေး ဘယ်ကိုလာတာလဲဟင် ဒီနားကိုဘာကိစ္စ ရှိလို့လဲ "

သူက နွေးကိုကြည့်ပြီး မေးခွန်းတွေတရစပ်မေးသည်။ အံ့ဩနေသလိုလိုပုံစံ‌ေလးက သူ့မျက်နှာမှာ အထင်းသား။ 

" ခင်လင်းကို လိုက်ပို့တာပါ "

"ဪ"

" နွေးလည်း ပြန်တော့မယ်"

အလိုက်သင့်နုတ်ဆက်ရင်း နွေး၏ဆိုင်ကယ်ရှိရာ သွားဖို့ ပြင်လိုက်သည်။

" နွေး ကိုယ့်ကို စကားခဏပြောခွင့်ပြုပါလား ဒါမှမဟုတ်ရင် နွေးဆီ အလည်လိုက်ခွင့်ပြုပါလား "

နွေး ခေါင်းကို ဖြည်းညှင်းစွာခါယမ်းလိုက်ပြီး စကားတစ်ခွန်းဆိုလိုက်မိသည်။

" ကိုထူးသစ်လရောင် ကျေးဇူးပြုပြီး နွေးဘာသာနေပါရစေ "

" နွေး ကိုယ်တို့ဆိုင်က အလုပ်ထွက်သွားတယ်ဆို နွေး နွေးနေတဲ့နေရာလေး သိခွင့်ပြုပါကွာ "

စိတ်ပျက်စွာ သက်ပြင်းရှိုက်မိလိုက်ပြီး နွေးဆိုင်ကယ်လေးရှိရာ လှမ်းလာခဲ့ပြီး ဆိုင်ကယ်စက်နိူးကာ မောင်းထွက်လာလိုက်၏။ လှည့်မကြည့်ပါဘဲ FZ ဆိုင်ကယ်တစ်စီး နောက်ကပါလာသည်ကို သိလိုက်ပါသည်။ 
နွေးအိမ်ရှေ့အရောက် ဆိုင်ကယ်ကို ရပ်လိုက်တော့ အနောက်ကပါလာသော ထူးသစ်လရောင်ကပါ ရပ်လိုက်သည်။
ခြံတံခါးသော့ကိုဖွင့်ပြီး ခြံထဲကိုဆိုင်ကယ်မောင်း၀င်လိုက်တော့ ထူးသစ်လရောင်ကပါ လိုက်၀င်လာသည်။
အိမ်တံခါးသော့ကို ဖွင့်လိုက်ပြီး အိမ်ထဲကို နွေး ၀င်လိုက်၏။ 

" ဒါ မနေ့တနေ့ကမှ ၀ယ်လိုက်တဲ့ကျွန်မအိမ်ပဲ ကိုထူးသစ်လရောင် "

နွေးစကားအဆုံး ထူးသစ်လရောင်က အံ့ဩသောမျက်၀န်းနှင့် ကြည့်သည်။

" နွေး၀ယ်လိုက်တာ ဒါနွေးအပိုင်ပေါ့ "

တအံ့တဩရေရွတ်နေသည့်ထူးသစ်လရောင်ကိုကြည့်ပြီး နွေးရယ်လိုက်သည်။

" ဘာလဲ ကိုထူးသစ်လရောင်က မယုံလို့လား"

နွေးကမေးတော့ ထူးသစ်လရောင်က ခေါင်းခါပြ၏။ 

" မယုံတာမဟုတ်ဘူး အံ့ဩတာပါ နွေးကို ပိုပို အထင်ကြီးလေးစားမိတာ "

" ရှင် "

နားမလည်နိုင်စွာ ရှင်လိုက်မိသည့် နွေးကိုပြန်ကြည့်ပြီး ထူးသစ်လရောင်က ခေါင်းတစ်ချက်ညိတ်ပြရင်း ဆိုသည်။

" ကိုယ့်ဆိုင်မှာ လခစား၀င်လုပ်တဲ့ နွေးဆိုတဲ့ကောင်မလေးက ဒီလောက်သိန်းရာချီတဲ့ အိမ်တစ်လုံးကို အပိုင်၀ယ်နိုင်တာ ကိုယ့်အတွက် အရမ်းအံ့ဩတယ်လေ "

" အမလေး မမြှောက်ပါနဲ့ရှင် ကျွန်မအိမ်ထဲမှာတော့ ရှင့်ကိုထိုင်ပါလို့ ပြောခွင့်ရအောင် ခမ်းနားတဲ့ဧည့်ခန်းမရှိသေးတာ နားလည်‌ေပးပါနော် "

သင်ဖြူးဖျာလေးသာခင်းထားသည့်ဧည့်ခန်းလေးကိုကြည့်ပြီး ထူးသစ်လရောင်ပြုံးသည်။

" အိမ်မှာနွေးတစ်ယောက်ထဲဆိုတော့
ကိုယ်တို့ဆိုင်တစ်ဆိုင်ဆိုင်ထိုင်ပြီး စကားပြောကြရအောင် "

" ကျွန်မမလိုက်တော့ပါဘူး ကိုထူးသစ်လရောင် "

" နွေး ခဏလောက်တော့ခွင့်ပြုပါကွာ 
နွေးနဲ့ပက်သက်လို့ ကိုယ့်မှာပြောစရာတွေရှိနေတယ်လေ "

" တနေ့နေ့ပေါ့ရှင် ဒီနေ့တော့နွေးနားချင်နေလို့ပါ "

နွေးငြင်းတော့ ထူးသစ်လရောင် သက်ပြင်းရှိုက်သည်။ 

" နွေး နွေးဆီ ကိုယ်လာလည်လို့ရလားဟင် နွေး ကိုယ်တို့ဆိုင်ကထွက်ပြီး အခု ဘယ်မှာလုပ်နေလဲ ဘာလုပ်ဖို့စိတ်ကူးထားလဲ ကိုယ်သိခွင့်ရှိမလား "

တရစပ်မေးနေသည့် ထူးသစ်လရောင်ကို ကြည့်ပြီး နွေးခေါင်းသာ ခါပြလိုက်၏။ လတ်တလော ဘာမှမဖြေချင်‌ေသးပါ။ 

" နွေး ကိုယ် နွေးကို သိပ်ချစ်တယ် "

တိုးဖွဖွသူ့အသံက နွေးနားထဲ ကျယ်လောင်မြည်ဟီးသွားလေသည်။

" နွေးနားချင်ပြီ ကိုထူးသစ်လရောင် "

အလိမ္မာနှင့်နှင်တော့ ထူးသစ်လရောင် ခေါင်းညိတ်ပြပါသည်။ 

" ကိုယ်သွားမယ်နွေး ဒါပေမယ့်နွေးဆီ ခဏခဏ လာခွင့်ပြုပါနော် "

နွေးအဖြေကိုမစောင့်ဘဲ သူ့ဆိုင်ကယ်ကို မောင်းထွက်သွားသည့် ထူးသစ်လရောင်ကိုကြည့်ပြီး သက်ပြင်းကြိတ်ရှိုက်လိုက်မိ၏။ နွေးရင်ထဲလည်း တမျိုးကြီးခံစားလိုက်ရ‌ေလသည်။

*********

နောက်ဆယ်ရက်အကြာတွင် 
နွေးအိမ်လေးသို့ ကောင်မလေးနှစ်ယောက် ပြောင်းလာကြသည်။ တစ်ယောက်ကို လေးသောင်းခွဲနှင့်ဆိုတော့ တစ်လကို နွေးအတွက် ကိုးသောင်း၀င်ငွေရလေ၏။ သူတို့နှစ်ယောက်ကို အိမ်အပေါ်ထပ်အခန်းနှစ်ခန်းကို တစ်ယောက်တစ်ခန်း ပေးနေလိုက်သည်။
ဆယ်ရက်လောက်တော့ တစ်ယောက်ထဲ နွေးနေရသည်။ နောက်မှ ဖုန်းက‌ေန ကြော်ငြာခေါ်ခဲ့သည်။ နှစ်ယောက်လုံးက ကျောင်းသူလေးတွေဖြစ်သည့်အတွက် နွေးအဆင်ပြေပါသည်။ 

" အဆောင်မှာက အခန်းမလွတ်တော့ဘူးမမရယ် ဒေဝီတို့က အခုလို အပြင်မှာနေရတာ ပိုသဘောကျမိတယ် "

ဒေဝီဆိုသည့် ကောင်မလေးကို နွေးပြုံးပြလိုက်ပါသည်။ ဒေဝီက နာမည်နှင့်လိုက်အောင် ဆံပင်ရှည်ရှည်လေးနှင့် နန်းဆန်သည်။ မျက်နှာလေးက အမြဲချိုနေသည့်အတွက် ပိုပြီးချစ်ဖို့ကောင်းသည်။ တာရာကြယ်ဆိုသည့်ကောင်မလေးကတော့ ယောက်ျားဆန်သည်။ နွဲ့နွဲ့နှောင်းနှောင်းမရှိသလို 
၀တ်တာကပင် ယောက်ျားလေးစတိုင်တီရှပ် ၊ ဘောင်းဘီတိုတွေ ၀တ်တာများသည်။ ဆံပင်ကလည်း ခပ်တိုတိုကေမို့ ကြည့်လိုက်သည်နှင့် ယောက်ျားလေးပုံစံ ဖြစ်နေသည်။

" နောက်နှစ်ယောက်မရောက်ခင်အထိတော့ တစ်ယောက်တစ်ခန်းနေကြပေါ့‌နော် " 

" ဟုတ်ကဲ့ပါမမ "

သူတို့နှစ်ယောက်လုံးက ခင်စရာတော့ ကောင်းပါသည်။ 

" မမ ဒေဝီတို့ ထမင်းစားဖို့ ချုိင့်ဆွဲလိုချင်တယ်မမ "

ဒေဝီ ဆိုသည့်ကောင်မလေးပြောတော့ နွေးတချက်တွေသွားသည်။ 

" မမ စီစဉ်ပေးမယ်လေ "

နောက်ဆုံးတော့ တစ်လငါးသောင်းနှင့် သူတို့နှစ်ယောက်အတွက် ထမင်းချိုင့်ဆွဲလုပ်ပေးလိုက်သည်။ တစ်လလောက်ကြာတော့ နောက်ထပ် ကောင်မလေးနှစ်ယောက် ထပ်ရောက်လာသည်။ သူတို့လေးယောက်အတွက် ထမင်းချိုင့်ဆွဲ ချက်ပြုတ်ပေးရ၏။
အားသည့်အချိန်တွင် online shopping
ကို စတင်လုပ်ခဲ့သည်။ ကျောင်းသူလေးများဖြစ်သည့်အတွက် ဒေဝီတို့အုပ်စုကလည်း အားပေးကြသလို နွေး၏မိတ်ဆွေများကပါ အားပေးကြသည်။ ပထမအစတော့ အနည်းကျဉ်းအခက်ခဲတွေ့သော်လည်း နောက်ပိုင်း လုပ်ငန်းကသင်လာသည့်အတွက် အစစအဆင်ပြေစ ပြုလာသည်။။ ကျန်အားသည့်အချိန်တော့ ၀တ္ထုလေးများ ရေးဖြစ်ခဲ့သည်။ 

" မမရေ နောက်နှစ်လည်း ဒေဝီတို့ ဒီမှာပဲငှါးမယ်နော် "

ကျောင်းပိတ်တော့ ဒေဝီတို့ပြန်ကြသည်။ ပြန်ခါနီး ဒေဝီက ကြိုစကားချိတ်ထားခဲ့၏။ သူတို့လေးတွေအပေါ် နွေးသံယောဇဉ်ဖြစ်မိရပြန်သည်။ နွေး၏ဧည့်ခန်းတွင်လည်း ထိုက်သင့်သည့် ဆက်တီတစ်စုံရောက်လာခဲ့သလို ၊ ၃၂ လက်မတီဗွီလေးတစ်လုံး နေရာယူနိုင်ခဲ့လေပြီ။ နွေး၏အိမ်လေးသည် မကြာခင် အိမ်တစ်လုံး၏အလှ ပီပြင်လာမှာသေချာပါသည်။

**********


rate now: