book

Index 9

Chapter 4.1

  • Author : Lucifer
  • Genres : Mystery, Science
  • Original Author : Paul Leonard

ကောင်းကင်ပေါ်မှတိုက်ရိုက်မြင်တွေ့နေရသည့် Tractite မြို့တော်သည် ပင့်သက်ရှိုက်ရလောက်အောင်ပင်လှပလွန်းသည်။ 

အဆောက်အအုံများကမြူခိုးလုံးများအဖြစ်တည်ရှိနေသည်ဟုထင်ရပြီး ရုပ်လုံးသဏ္ဌာန်မပီပြင်သောအရောင်များကိုမူနံရံပေါ်တွင် ဆေးခြယ်ထားကျသည်။ ထိုအရောင်များကသန္ဓေသားလောင်းကဲ့သို့ အစိမ်းရောင် ပယင်းရောင်နှင့် အသွေးအသားတို့၏အရောင်များနှင့်ဆင်တူသည်။ အဆောက်အအုံများကြားရှိလူသွားလမ်းကမူ အပြာနုရောင် ခရမ်းပြာရောင် ငွေရောင်နှင့်ရွှေရောင် စသည့်အရောင်များဖြင့်တလက်လက်တောက်ပနေသည်။


ယာဉ်ပေါ်မှနေ၍ Tractites လေးယောက်ကို ဖန်တီးပြုလုပ်ထားသောအစိမ်းရောင်ကွင်းပြင်၌ ပြေးလွှားလှုပ်ရှားနေကျသည်ကိုတွေ့မြင်နေရသည်။ ၎င်းတို့ကြားတွင်မူ အရောင်တလက်လက်ထနေသောပစ္စည်းတစ်ခုက လူးလားခေါက်တုန့်သွားနေသည်။ သူတို့ထဲမှတစ်ယောက်ကထိုပစ္စည်းကိုဖမ်းမိလျှင် ထိုအရာသည်အသံမြည်တတ်သည်။ 


ထိုကဲ့သို့အရောင်အသွေးစုံလင်စွာဖြင့်သက်ဝင်လှုပ်ရှားနေသော Tractite မြို့သည် ဘေးပတ်ဝန်းကျင်တွင်ဖုံးလွှမ်းနေသောမြူခိုးများကိုပင် ရောင်စုံမြူခိုးများအဖြစ်ပြောင်းလဲကာတမူထူးခြားစေသည်။ ပါးလွှာသောတိမ်လွှာများကလည်း မြို့ပတ်ဝန်းကျင်ကိုချဉ်းကပ်လာလိုက် ကွယ်ပျောက်သွားလိုက်နှင့် မျက်စိပဒေသာခစေသည်။


ထို့နောက်တွင်မူ ဒေါက်တာသည် Tractites များနှင့်အတူစကားလက်စုံကျနေသည်ကို Sam အတိုင်းသားကြားနေရသည်။


သူမအာရုံစိုက်၍နားထောင်ကြည့်လိုက်သောအခါ ဒေါက်တာသည် Narunil ကိုအာကာသယာဉ်များအကြောင်း ပြောနေသည်ကိုသိလိုက်ရသည်။


သို့သော် Narunil ၏ပုံစံကဒေါက်တာပြောသည့် အာကာသယာဉ်များအကြောင်းတစ်ကြိမ်တစ်ခါမျှပင် မကြားဖူးသည့်ဟန်ဖြင့် ဦးနှောက်ခြောက်သည့်ပုံစံဖြစ်နေသည်။


ဒေါက်တာက Tractites များဆီမှသတင်းအချက်အလက်နှိုက်ထုတ်နေခြင်းကို Sam နားလည်သော်လည်း အဘယ်ကြောင့် အာကာသယာဉ်များအကြောင်းပြောနေရခြင်းကိုမူသူမနားမလည်။


သို့သော် ဒေါက်တာ့ကိုလုံးဝမေးသင့်သည့်အချိန်မှလွဲ၍ အခြားသောအချိန်များတွင်သူမကိုယ်တိုင်အဖြေရှာဖော်ထုတ်ဖို့ ဆုံးဖြတ်ထားပြီးဖြစ်သည်။ ထို့ကြောင့် သူမဒေါက်တာ့ကို အဘယ်ကြောင့်ထိုအကြောင်းများပြောနေရသနည်းဟူသည့်မေးခွန်းကို မေးချင်သော်လည်းမမေးဖြစ်လိုက်တော့…။


ထို့နောက်အေးစက်၍စိုစွတ်ထိုင်းမှိုင်းသောလေထုက သူမဆီသို့တဟုန်ထိုးဝင်ရောက်လာသည်။ ကြည့်ရသည်မှာလွန်းပျံယာဉ်၏ အပြင်ဘက်တွင်လည်ပတ်နေသောစွမ်းအင်ကိုပိတ်လိုက်ပြီထင်သည်။ ခဏအကြာတွင် လွန်းပျံယာဉ်သည်လည်းမြေပြင်ပေါ်သို့ လုံးလုံးလျားလျားဆင်းသက်လိုက်ပြီဖြစ်သည်။


ထိုအချိန်မှသာ Tractite မြို့သည် သူမထင်ထားသလောက် ပျော့ညံ့သည့်မြို့တော်မဟုတ်မှန်းသိလိုက်ရသည်။ 


ကောင်းကင်ပေါ်မှမြင်တွေ့ခဲ့ရသည့် ပူဖောင်းများသည် ယခုအချိန်တွင်တော့ အထပ်ပေါင်းများစွာမြင့်သောအမိုးခုံးများဖြစ်နေသည်။


လူသွားလမ်းအနေဖြင့်မြင်တွေ့ခဲ့ရသောလမ်းများက လမ်းမကျယ်ကြီးများဖြစ်နေသည်။ 


Tractites များကမူစူးရှသော အဖြူရောင်အလင်းတန်းများကြားတွင် မြင်းခွာသံကဲ့သို့သောခြေသံများဖြင့်လမ်းလျှောက်နေကျသည်။ 

နှာခေါင်းများမှနှာမှုတ်သည့်အခါထွက်လာသည့်လေတို့ကမြူခိုးလုံးများသဖွယ် လေထုတွင်မျောပါသွားကျသည်။


ထို့နောက်အထည်အလိပ်များကိုကုန်တင်ကုန်ချလုပ်နေသောလှည်းများကိုလည်းပျားပန်းခတ်မျှမြင်တွေ့နေရသည်။ ကြိမ် ဝါးတို့ဖြင့်ရက်လုပ်ထားသောခြင်းတောင်းများ ဒန်အိုးထဲတွင်ပွက်ပွက်ဆူနေသောအစားအသောက်များကို စိတ်ဝင်စားဖွယ်တွေ့ရသည်။


ချမ်းအေးသော်လည်း လေထုကမြေသင်းနံ့များ မြက်နံ့များနှင့်ပန်းပေါင်းစုံတို့၏ရနံ့ဖြင့်လွှမ်းခြုံနေသည်။


ထို့နောက် Kitig ကယာဉ်ကိုစက်ဝိုင်းပုံသဏ္ဌာန်လမ်းဆုံတစ်ခုတွင် ရပ်နားလိုက်သည်။ ထိုလမ်းဆုံ၏ဘေးပတ်လည်တွင်လမ်းခွဲများစွာရှိပြီး မိုးပျံလမ်းများကိုလည်းတွေ့မြင်နေရသည်။ ထိုမိုးပျံလမ်းများသည် အလွန်ပင်မြင့်မားပြီး တလက်လက်တောက်ပနေသောရေခဲများဖြင့်ပြုလုပ်ထားသောလမ်းနှင့်ပင်ပိုတူတော့သည်။ တံတားများကမူမြေပြင်နှင့်ချိတ်ဆက်ထားကျပြီး တခါတရံတွင်ဘေးချင်းကပ်လျက်အဆောက်အအုံများနှင့်ချိတ်ဆက်ထားသည်ကိုတွေ့ရသည်။


ထို့နောက်သူတို့သည်တံတားတစ်ခုဆီသို့သွားရန်အတွက်လူသွားလမ်းတစ်ခုကိုဖြတ်သန်းရသည်။ ထောက်တိုင်များ၏ဘေးပတ်လည်တွင်သေးငယ်သောပန်းခင်းများရှိနေသည်ကို Sam သတိထားမိလိုက်သည်။ 


ထိုပန်းများကအဝေးမှကြည့်လျှင်မှုန်ဝါးဝါးမီးရောင်အောက်တွင် ဖယောင်းဖြင့်ပုံသွင်းထားသည့်ဟန်ရှိသည်။ ထို့ကြောင့် သူမဒူးထောက်၍ထိုပန်းများကိုထိတွေ့မိလိုက်သည်။ ထူးဆန်းစွာဖြင့် ပန်းများ၏ပွင့်ဖတ်များကနူးညံ့ပျော့ပျောင်းကာ အမှန်တကယ်ပန်းအစစ်များဖြစ်နေသည်။ 


ဒက်ဖိုဒေလ်းပန်းများ နှင်းပွင့်ကဲ့သို့ဖြူစွတ်နေသောစံပယ်ပန်းများ ကုံကုမံပန်းများကလှပစွာပေါက်ရောက်နေကျသည်။ အရောင်အသွေးများကတမူထူးခြားလှသောကြောင့် အလွယ်တကူပင်ဝေခွဲနိုင်သည်။ 


ကုံကုမံ့ပန်းများကရှားပါးသည့်အနီရင့်ရောင်များအပြင် ပုံမှန်တွေ့ရလေ့ရှိသည့်ခရမ်းရောင်နှင့်အဝါရောင်များပေါက်ရောက်နေသည်။ ဒက်ဖိုဒေလ်းပန်းများကမူ အားလုံးနီးပါးအဖြူစွတ်စွတ်ဖြစ်နေသည်။


ထို့နောက် Sam ရပ်တန့်လိုက်ပြီး ထိုပန်းများကိုအနီးကပ်လေ့လာမိသည်။


"ဒါကဒက်ဖိုဒေလ်းပန်းဆိုတာသေချာပါတယ်"


ပန်း၏ပုံသဏ္ဌာန် အရွယ်အစား အရှည်နှင့်ရိုးတံ၏အရောင် အားလုံးတို့ကဒက်ဖိုဒေလ်းအတိုင်းပင်ပုံစံတကျရှိနေသည်။


"မင်းလည်းသတိထားမိတယ်ပေါ့"


သူမတွေဝေနေခိုက်နံဘေးဘက်မှအသံထွက်ပေါ်လာသောကြောင့် ထခုန်မိလိုက်သည်။ ဒေါက်တာကသူမဘေးတွင်ကုန်း၍ ပွင့်ဖတ်တို့ကိုကိုင်ကြည့်နေသည်။


ရုတ်တရက်လန့်သွားသောကြောင့် 'ဘာကိုသတိထားမိရမှာလဲ' ဟုပြောထွက်မိတော့်လိုပင်ဖြစ်သွားသည်။ သို့သော် သူမပြောမထွက်ခင် အချိန်မှီပါးစပ်ပိတ်နိုင်လိုက်သောကြောင့်ပင်တော်တော့သည်။ 

"အားလုံးနီးပါးတူညီနေကျပေမယ့် အားလုံးကလည်းကွဲပြားနေပြန်တယ်။ မတည်ငြိမ်မှုတစ်ခုခုကသက်ရောက်နေသလိုမျိုးပဲ-"


ထို့နောက်ဒေါက်တာကခန္ဓာကိုယ်ကိုပြန်မတ်လိုက်ပြီး မျက်လုံးများကတနေရာရာသို့ငေးမောကာကြည့်နေသည်။


"…ရိုးစင်းတယ်လို့ထင်ရတဲ့အရာတွေကတောင် ဘယ်တော့မှမင်းထင်သလိုမရိုးရှင်းတတ်ဘူး" 


Narunil နှင့် Kitig ကမူတံတားအောက်သို့သွားသောလမ်းချိုးတစ်ခုပေါ်သို့ရောက်ရှိနေကျပြီဖြစ်သည်။ ထိုလမ်းမသည် မီးရောင်စုံများဖြင့်တောက်ပနေပြီး ဘေးတစ်ဖက်စီတွင် အဖြူရောင်ဒက်ဖိုဒေလ်းပန်းခင်းများကိုတန်းစီကာစိုက်ပျိုးထားသည်။


ထို့နောက် Sam ကဒေါက်တာ့နောက်မှနေ၍လိုက်သွားလိုက်သည်။ ကြီးမားသော Tractite နှစ်ကောင်ကသူမဘေးမှနေ၍ မြင်းကိုအသားတကျစီးကာ တံတားပေါ်သို့တက်သွားကျသည်။ 

သူတို့၏မျက်လုံးများကမူ သူမကိုစိုက်ကြည့်နေသည်ဟုခံစားနေရသော်လည်း ထိုခံစားချက်ကိုလျစ်လျှူရှုလိုက်မိသည်။ 


'သူတို့ဆီကအာရုံမစိုက်ခံရဖို့မျှော်လင့်တာကအရမ်းမများလွန်းဘူးလား… ဒီနေရာမှာတခြားဂြိုဟ်သားတွေသိပ်အများကြီးမရှိသလိုပဲ'

ဟုတွေးလိုက်ပြီးနောက်တွင်သူမရုတ်တရက်ရပ်တန့်မိလိုက်သည်။


'ဂြိုဟ်သားတွေ'


'ဒါကကမ္ဘာမြေ။ ဒက်ဖိုဒေလ်းပန်းတွေလည်းရှိတယ်။ ပြီးတော့ငါကဂြိုဟ်သားဖြစ်နေတယ်။'


Sam မျက်မှောင်ကျုတ်လိုက်မိသည်။ ထို့နောက်ယာဉ်ပျံပေါ်တွင် Narunil ကိုပြောခဲ့သောဒေါက်တာ၏စကားကို ပြန်လည်ကြားယောင်မိသည်။


ယာဉ်ပျံပေါ်တွင် ဒေါက်တာက Narunil ကို Bror ကမ်းခြေအကြောင်းပြောခဲ့သည်မလား။ ထိုအချိန်တုန်းက ဒေါက်တာသည်မရှင်းလင်းဟန်နှင့်အမှတ်တမဲ့ဖြစ်ဟန်တို့ကိုဟန်ဆောင်ခဲ့သော်လည်း ဒေါက်တာက အမှန်တကယ်ဟန်ဆောင်နေခြင်းကိုမူ Sam အသေအချာသိသည်။ 


သို့သော်အကယ်၍များ… Bror ကမ်းခြေသည်အမှန်တကယ်ပင်ကမ်းခြေအစစ်ဖြစ်ခဲ့ပါမူ ဟူသည့်အတွေးကသူမစိတ်တွင်းသို့ဝင်ရောက်လာသည်။ ဒါဆိုလျှင် Narunil ကသူမအတွက်အကျိုးမရှိသည့် Tractis ကိုသွားရောက်လည်ပတ်ဖူးသည့်အကြောင်းကိုညာရပါသနည်း။ 


ဒါမှမဟုတ် သူမသိသည့် Tractis သည် ဒေါက်တာသိသည့် Tractis နှင့်မတူညီခြင်းလည်းဖြစ်နိုင်သည်။ ယခုသူမရောက်ရှိနေသည့်ကမ္ဘာသည် သူမတို့လာခဲ့သည့်ကမ္ဘာနှင့်မတူညီသကဲ့သို့ပင် Narunil နှင့် ဒေါက်တာတို့သိကျသည့် Tractis သည်လည်းကွဲပြားသောနေရာနှစ်ခုဖြစ်နိုင်သည်။


"ကွဲပြားတဲ့ပန်းတွေနဲ့ ကွဲပြားတဲ့အသိဉာဏ်ရှိတဲ့မျိုးစိတ်တွေ"


ထို့နောက်ဒေါက်တာကသူမအားရှင်းပြခဲ့သည့္အချိန်၏သဘောတရားအကြောင်းကိုပြန်စဉ်းစားမိသည်။ အကုန်နီးပါးမမှတ်မိသော်လည်း သူမအနည်းအကျဉ်းတော့မှတ်မိသေးသည်။


သို့သော်သူမ၏ထင်မြင်ချက်ကမူ အချိန်ဆိုသည်ကား အတောမသတ်နိုင်သောအရာတစ်ခု။ ပြီးတော့ သူမတို့အသုံးပြုနေသည့် TARDIS သည် ရာစုနှစ်တစ်ခုမှတစ်ခုသို့ ဒါမှမဟုတ် ဂြိုဟ်တစ်ခုမှအခြားဂြိုဟ်တစ်ခုဆီသို့ ကူးပြောင်းပေးသည်။ အကူးအပြောင်းများအတွက် တူညီသောစက်ယန္တရားကိုပင်ထပ်ခါတလဲလဲအသုံးပြုထားခြင်းဖြစ်သည်။ 


သူမတို့ကလေးငယ်တစ်ယောက်၏အသက်ကို ကယ်တင်သကဲ့သို့သေးငယ်သည့်အပြောင်းအလဲများကိုပြုလုပ်နိုင်သည်။ သို့ဆိုလျှင် ဥပမာအားဖြင့်စစ်ပွဲ၏ရလဒ်များကိုပြောင်းလဲခြင်း ဆိုသော ကြီးမားသည့်အပြောင်းအလဲကိုလည်း ပြုလုပ်နိုင်မည်ဆိုလျှင်…


"ဟုတ်တယ်…အဲ့ဒါပဲ"


'ကမ္ဘာမြေကကျူးကျော်ဝင်ရောက်ခြင်းခံခဲ့ရတာမဟုတ်ဘူး'


ရုတ်တရက်သူမ၏ပုခုံးပေါ်မှဝန်ထုတ်ဝန်ပိုးတစ်ခုလျော့ကျသွားသလိုခံစားလိုက်ရသည်။ 


ထို့နောက် "ဒေါက်တာ…ကျွန်မသိပြီ!" ဟုအော်လိုက်ပြီး ဒေါက်တာ့နောက်သို့ပြေးလိုက်သွားလိုက်သည်။


ဒေါက်တာကမူမြင်းစီးနေသော Tractites နှစ်ယောက်ကြားမှသူမကိုပြန်၍လှည့်ကြည့်လာသည်။


"ကျွန်မတို့ သမာရိုးကျမဟုတ်တဲ့ စကြာဝဠာတစ်ခုကိုရောက်နေတာ!"


A/N: ကျေးဇူးပြုပြီး subscribe လုပ်ပေးကျပါနော်။ စာလည်းဖတ်ရင်း 5starလေးလည်းvoteရင်း reviewလေးတွေလည်းရေးလို့ရပါတယ်။ စာရေးသူတွေကို donate လုပ်ချင်ရင်လည်း buy a cup of coffee ဆိုတဲ့ button ကို click လာပ်ပြီး donate လုပ်လို့ရပါတယ်။🙆


rate now:

3 Reviews
  • reader Thoon Su Aung 24.10.2019, 02:53 5

    Good

    reply

  • reader Rosella 19.10.2019, 10:27 5

    m soe pr buu🙄

    reply

  • reader Hein Nay Zaw 18.10.2019, 07:24 5

    👌🙄🙄👌👌

    reply