book

Index 8

Chapter 3.2

  • Author : Lucifer
  • Genres : Mystery, Science
  • Original Author : Paul Leonard

"ငါတို့ဒီဦးခေါင်းခွံရဲ့တခြားအစိတ်အပိုင်းနည်းနည်းလောက်ကိုရှာဖို့လိုတယ်။ ပြီးတော့…ငါ…"


ထိုဦးခွံ၏ကျန်အပိုင်းအစများရှာဖွေရန် သူမကိုယ်တိုင်သွားချင်သည်ဟုပြောချင်သော်လည်း သူမတုန့်ဆိုင်းနေမိသည်။ လက်ရှိအချိန်တွင်သူမကဒုက္ခိတတစ်ယောက်ဖြစ်နေသည်။ သူမအနေဖြင့်အပြင်ထွက်ဖို့ဆိုလျှင် တစ်ခြားလူ၏အကူအညီကိုယူရမည့်အပြင် ထိုလူကလည်းသူမ၏ဝေယျာဝိစ္စအားလုံးကို ဒိုင်ခံလုပ်ပေးရမည်ကိုသိ၍ဖြစ်သည်။ 


စိတ်ထဲတွင်ဒွိဟပွားပြီးသည့်နောက်တွင်တော့သူမဆုံးဖြတ်ချက်ချလိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ထိုအရာကိုဖြစ်အောင်လုပ်ရမည်။


"အင်း…ဆက်ပြောလေ" ဟု Julie ကပြောလာသည်။


"ငါနင်နဲ့တူတူသွားချင်တယ်"


သူမ၏စကားအဆုံးတွင်တော့ Julie ကသွားများပေါ်အောင်ပင်ပြုံးလိုက်သည်။ 


"ဒါဆိုဘာစောင့်နေသေးတာလဲ…အထုတ်အပိုးသွားပြင်ကျမယ်"


ခဏအကြာတွင်တော့ land rover ကားတစ်စီးသည်မြစ်ကမ်းနံဘေးတွင်တရှိန်ထိုးခုတ်မောင်းနေသည်ကိုတွေ့ရသည်။ ကျောက်တုံးများကြောင့်မြေပြင်ကမညီမညာဖြစ်နေပြီး ကားကယိမ်းထိုးကာခုန်နေသည်။


တစ်ခါယိမ်းထိုးလိုက်တိုင်း သူမ၏ကျောရိုးတစ်လျှောက်နာကျင်မှုကို ခံစားနေရသည်။ သူမလက်များကမူ ကား၏အမိုးကိုင်းကို တင်းကျပ်စွာဆုတ်ကိုင်ထားသည်။


ယခုအချိန်တွင်အတိတ်တစ်ချိန်ကသူမကိုသူမပြန်၍ ဒေါသထွက်နေမိသည်။သူမသေနတ်ဖြင့်အပစ်မခံရသေးခင်အချိန်က ဤနေရာကိုလာခဲ့မိသင့်သည်။ ထိုအချိန်တည်းကသာလာခဲ့ပါက ယခုကဲ့သို့ဒုက္ခခံနေရမည်မဟုတ်။ 


Julie ကသူမကိုကြည့်၍စိုးရိမ်ပူပန်စွာဖြင့်မေးလာသည်။


"နင်အဆင်ပြေရဲ့လား။ ကားရပ်လိုက်ရမလား။"


ထို့နောက် Rowenna ကသူမ၏ဖြစ်အင်ကိုသတိထားမိလိုက်သည်။ သူမမျက်လုံးများကတင်းကျပ်စွာပိတ်ထားပြီး မျက်နှာကမူနာကျင်မှုကြောင့်ရှုံ့တွနေသည်။


"ငါအဆင်ပြေပါတယ်…ကျောကနည်းနည်းနာလာလို့"


"ငါတို့အဲ့ဒီနေရာနဲ့တော်တော်နီးနေပြီ။ ခဏလောက်ရပ်ကျ-"


"အဲ့ဒီကိုတခါတည်းမောင်းစမ်းပါ"

Rowenna က Julie ၏စကားကိုကြားဖြတ်၍ပြောလိုက်သည်။


ကားလှုပ်ယိမ်းမှုကြောင့်နာကျင်နေသော်လည်း ထိုဦးခေါင်းခွံကိုတွေ့ရှိခဲ့သည့်နေရာနှင့်နီးစပ်လာပြီဖြစ်သောကြောင့် သူမစိတ်လှုပ်ရှားနေမိသည်။ 


ထို့ကြောင့် Julie ကသူမကိုသတိပေးလိုက်သည်။ 

"ဟေး…စိတ်လျော့"


သူမအသက်ပြင်းပြင်းရှူလိုက်ပြီး စိတ်တည်ငြိမ်အောင်ကြိုးစားလိုက်သည်။ သူမအနေဖြင့်ယခုကဲ့သို့အသက်ရှင်နေခြင်းကိုပင်ကံကောင်းသည်ဟုပြောနိုင်သည်။ နောက်ကျောရိုးမဘက်သို့ကျည်ဆန်ထိမှန်ပြီးသည့်နောက် သူမအသက်ဆက်ရှင်နိုင်ခဲ့သည်။  သူမမသန်စွမ်းဖြစ်နေသည့်တိုင်အောင် ကူညီစောင့်ရှောက်ပေးသည့် Julie ကဲ့သို့သောသူငယ်ချင်းမျိုးကိုလည်း သူမပိုင်ဆိုင်ထားသေးသည်။ 


ပြီးတော့ သူမဒီနေရာကိုလာရောက်ပြီးသုံးရက်အကြာတွင် အံ့သြဖွယ်ထူးဆန်းမှုကို ရှာဖွေတွေ့ရှိခဲ့သည်။ ထိုထူးဆန်းမှုသည် ဆယ်စုနှစ်တစ်စုအတွင်း သူမ၏ရှာဖွေတွေ့ရှိမှုများအနက် အထူးဆန်းဆုံးဟုဆိုရပေမည်။


ထို့နောက်သူမ Julie ၏လက်မောင်းကိုကိုင်လိုက်ပြီး မကြာသေးမီကပြောခဲ့သည့်သူမ၏အမိန့်ဆန်သောစကားအတွက်တောင်းပန်မိသည်။


"တောင်းပန်ပါတယ်…"


Julie ကခေါင်းသာညိတ်ပြလိုက်ပြီး ကားကိုအာရုံစိုက်ကာမောင်းနေသည်။ သို့သော်သူမစိတ်ထဲတွင် ခုနကဖြစ်ပျက်ခဲ့သည်များကိုမေ့သွားပြီဖြစ်သည်။ ထို့နောက်ကားမှန်ပြတင်းမှခေါင်းပြူ၍ လျှိုစောက်၏ဘေးတစ်ဖက်တစ်ချက်စီမှ စိုစွတ်နေသောနံရံများကိုကြည့်လိုက်သည်။


"ဒီနေရာလောက်ထင်တာပဲ။ ဒီအလွှာတွေကနှစ်ပေါင်းနှစ်သန်းခွဲလောက်တော့ရှိနေပြီ။ ပြီးတော့…အိုး!"


ရုတ်တရက်ကားကတစ်ချက်မျှပြင်းပြင်းထန်ထန်လှုပ်ရမ်းသွားပြီးသည့်နောက်တွင်တော့ ရပ်တန့်သွားသည်။ ကားဘေးပတ်လည်တွင် ဖုန်များကတထောင်းထောင်ထနေပြီး ခဏအကြာတွင်မှသာပျောက်ကွယ်သွားသည်။ 


ပက်ကြားအက်နေသောရွှံ့မြေများနှင့် ကျောက်တုံးအပိုင်းအစများက သဘာဝအလျှောက်ဖြစ်တည်နေသောမြစ်ကမ်းပါးတစ်ခုဖြစ်မှန်းသိသာစေသည်။


ကားကအရှိန်ပြင်းစွာလှုပ်ရမ်းလိုက်သောကြောင့် သူမ၏ကျောဘက်မှအတိုင်းအဆမသိသောနာကျင်မှုကိုခံစားလိုက်ရသည်။ သို့သော်သူမ၏မျက်လုံးများက ဘေးပတ်ဝန်းကျင်ကို အသေအချာကြည့်နေသည်။


ယခုအချိန်တွင်သူမ နာကျင်မှုတွေကိုလည်း မေ့ပျောက်သွားပြီးဖြစ်သည်။ ပြီးတော့ သူမနံဘေးရှိ Julie… အရာအားလုံးကိုမေ့ပျောက်သွားပြီး သူမတစ်ဦးတည်း၏သီးသန့်ကိုယ်ပိုင်ကမ္ဘာကဲ့သို့ သီးခြားရပ်တည်နေမိသည်။


ထို့နောက် Julie ဘာကြောင့်ကားကိုရပ်လိုက်သည်ဆိုတာကို သူမသတိထားမိလိုက်သည်။


သူမတို့ကားရပ်ထားသည့်နေရာနှင့် ပေနှစ်ဆယ်ခန့်အကွာတွင် ကျောက်တုံးတစ်တုံးကိုတွေ့ရသည်။ ထိုကျောက်တုံးသည်မျက်စိနှင့်တစ်တန်းတည်းဖြစ်နေသော မြစ်ကမ်းဘေးတွင်နစ်မြုပ်လျက်ရှိသည်။ 


သို့သော်အသေအချာကြည့်လျှင် ထိုအရာသည် ကျောက်တုံးမဟုတ်။ ဦးခေါင်းခွံတစ်ခုသာဖြစ်ကြောင်း ဗလာကျင်းနေသောမျက်တွင်းများကသက်သေပြနေသည်။ 


ထိုဦးခေါင်းခွံသည်တစ်ဝက်မျှသာမြေမျက်နှာပြင်ပေါ်တွင်ပေါ်လျက်ရှိပြီးကျန်အစိတ်အပိုင်းများက အနည်အနှစ်များအောက်တွင် နစ်မြုပ်နေဟန်တူသည်။ ဒါမှမဟုတ် တိုက်စားခြင်းခံလိုက်ရသောကြောင့် မြေပေါ်ရှိအစိတ်အပိုင်းသာကျန်ရှိနေခြင်းလည်းဖြစ်နိုင်သည်။


သို့သော်ထိုအရာကသူမအတွက်လုံလောက်သည်။ ပေနှစ်ဆယ်ခန့်ကွာဝေးသောအကွာအဝေးမှပင် ကား၏ရှေ့မှန်ကိုဖြတ်၍ မြင်တွေ့နေရသောဦးခေါင်းခွံသည် အခြားသော hominid မျိုးစိတ်နှင့်မတူညီပဲကွဲပြားလိမ့်မည်ဆိုတာသူမသိနေသည်။ 


အဲ့ဒါကဘာနဲ့တူလဲဆိုတော့…


"ဝိုး…ဒီဟာကြီးကဒီမနက်တုန်းကမတွေ့မိပါဘူး"

Julie ကအံ့အားသင့်စွာပြောလာသည်။


Rowenna ကသူမကိုမျက်မှောင်ကြုတ်၍ကြည့်လိုက်သည်။ သူမ၏တွေးလက်စအတွေးကိုနှောင့်ယှက်သောကြောင့်မကျေမချမ်းဖြစ်နေသည့်ပုံပင်။


"နင်မျက်စိမှောက်ပြီးရှာမတွေ့တာနေမှာပေါ့"


"ငါမနက်ကဒီတစ်လျှောက်လုံးလမ်းလျှောက်ပြီးစစ်ခဲ့တာပါ။ သေချာတယ်…ငါလာတုန်းကအဲ့ဒီဟာကဒီမှာမရှိဘူး။ 

ရှိနေရင်သေချာပေါက်ရှာတွေ့မှာပေါ့။ လာဟာ…ငါသွားကြည့်လိုက်ဦးမယ်…နင့်ကိုဘီးတပ်ကုလားထိုင်ပေါ်တင်ပေးရမလား"


"နင်တင်ပေးတာကကိစ္စမရှိဘူး…ထိုင်ခုံကမခံနိုင်မှာပဲစိုးရိမ်တာ" ထို့နောက်သူမကားနှင့် ရုပ်ကြွင်းအကွာအဝေးကြားရှိ ကျောက်တုံးများဖြင့်ဖုထစ်နေသောမြေပြင်ကိုစိုက်ကြည့်လိုက်သည်။


"ငါတွန်းပေးမှာပေါ့…စားထားသမျှအစားအသောက်တွေကတစ်နေရာရာမှတော့အသုံးဝင်ရမယ်လေ" ဟု Julie ကပြောသည်။ ထို့နောက်ကားပေါ်မှခုန်ဆင်း၍ ကားနောက်ခန်းတံခါးကိုဖွင့်လိုက်သည်။


ထိုအချိန်တွင် ရုပ်ကြွင်းဦးခေါင်းခွံရှိသောနေရာ၏ ကျောက်တုံးပေါ်မှလှုပ်ရှားမှုတစ်ခုကို Rowenna သတိထားမိလိုက်သည်။ 


ထိုသူသည်ယောက်ျားတစ်ယောက်ဖြစ်ပြီးကျောက်တုံးပေါ်မှဆင်းလာနေသည်ကိုသူမတွေ့ရသည်။ အပြာရောင်ယူနီဖောင်းကိုဝတ်ဆင်ထားပြီး ပုခုံးပေါ်တွင် စကားပြောစက် ကိုတပ်ဆင်ထားသည်။


ထို့နောက် Julie ၏ခြေသံပြင်းပြင်းကကားနောက်ဖက်မှထွက်ပေါ်လာပြီး အသက်ရှူသံပြင်းပြင်းကိုကြားရသည်။ သူမတို့လာသည့်နေရာသို့ မထင်မှတ်ထားသောသူစိမ်းတစ်ယောက်ရောက်လာသောကြောင့် ဒေါသထွက်သည့်ပုံဖြစ်သည်။


"ဟေး…မင်းဘယ်သူလဲ? အဲ့ဒီဦးခေါင်းခွံနဲ့ဝေးဝေးလျှောက်စမ်း"


Julie ၏အသံကိုကြားပြီးနောက်တွင် Rowenna ပြုံးလိုက်မိသည်။ 


တော်လိုက်တဲ့ Julie…အရင်လို့ပဲကပ်ကပ်လန်အောင်ရန်တွေ့တတ်တုန်း…။


ထို့နောက် ထိုယောက်ျားကသူမတို့၏ကားဘက်သို့ လျှောက်လာသောကြောင့် ကားမှန်ပြတင်းပေါက်ကိုလျောချလိုက်သည်။ 


ထိုအချိန်မှသာထိုလူ၏ပုံပန်းသဏ္ဌာန်ကိုအသေအချာမြင်တွေ့ရသည်။ ရွှေဝါရောင်ဆံပင်တို့ကနဖူးထက်မှဝဲကျနေပြီး အသားဖြူဖြူ အရပ်မြင့်မြင့်နှင့်ဖြစ်သည်။ ကြည့်လိုက်သည်နှင့် သူမတို့၏နယ်မြေမှမဟုတ်မှန်းသိသာသည်။


"ဒီလူကသေချာပေါက် ဒီကမဖြစ်နိုင်ဘူး…ဒါပေမယ့် သူဝတ်ထားတဲ့ယူနီဖောင်းက United Nations ကယူနီဖောင်းကြီးမလား" ဟုသူမကိုယ်သူမတီးတိုးစွာပြောမိသည်။


"ကျွန်မသူငယ်ချင်းကိုစိတ်ထဲမထားပါနဲ့ …ဒါနဲ့…ရှင်အကူအညီလိုလို့လား?"


"အားတော့နာပါတယ်ဗျာ…ဒါပေမယ့် ခင်ဗျားတို့ကိုဒီနေရာကနေထွက်သွားပေးဖို့ကျွန်တော်တောင်းဆိုချင်တယ်" ဟုစစ်သားကပြောသည်။


Rowenna ကမျက်မှောင်ကြုတ်လိုက်သည်။ သို့သော် သူမဘာမှပြန်မပြောရသေးခင်မှာပင် Julie ကကားနောက်ဘက်မှ ထွက်လာပြီးစစ်သားနှင့်မျက်နှာချင်းဆိုင်လိုက်သည်။ 


"မင်းမှာတရားဝင်ခွင့်ပြုစာပါလား? ငါတို့ကဒီမှာတရားဝင်လာ-"


"ခင်ဗျားတို့အခုချက်ချင်းထွက်သွားပေးပါ"


"ငါမင်းရဲ့တရားဝင်ခွင့်ပြုစာကိုမြင်ချင်တယ်လို့ပြောနေတယ်လေ"


Rowenna ကသူမ၏လက်ကိုအပြင်ဘက်သို့ထုတ်၍ Julie ၏လက်မောင်းကိုလှမ်းဆွဲထားလိုက်သည်။ 


"ခဏလေး"


သို့သော် ထိုလူကသူ၏အိုင်ဒီကဒ်ကိုထုတ်လိုက်ပြီဖြစ်သည်။ Julie ကမူထိုကဒ်ကိုအသေအချာကြည့်နေသည်။


"Intelligence Taskforce?"


ထိုယောက်ျားကခေါင်းညိတ်ပြလိုက်သည်။


"ဒီနေရာကအခုစစ်တပ်ကနေ တားမြစ်နယ်မြေအဖြစ်သတ်မှတ်လိုက်ပြီ" 


"ဘာကြောင့်လဲ" 


"…ဘာကြောင့်လည်းဆိုတာတော့ကျွန်တော်လည်းမပြောနိုင်ဘူး…အကြောင်းတစ်ခုခုကြောင့်တားမြစ်နယ်မြေဖြစ်သွားတာနေမှာပေါ့… ဒါဆိုအခု ခင်ဗျားတို့ထွက်သွားလို့ရပြီလား"


Rowenna ကထပ်မံ၍ထိုလူကိုသိမ်းသွင်းရန်ကြိုးစားသည်။ ကျောက်ဖြစ်ရုပ်ကြွင်းများသည် ရှာဖွေတွေ့ရှိရန်အလွန်တရာမှခဲယဉ်းပြီး ပျက်စီးရန်လည်းလွယ်ကူသည်။ 


ထို့ကြောင့်စစ်တပ်ကဤနယ်မြေကိုတားမြစ်နယ်မြေအဖြစ်သတ်မှတ်လိုက်ခြင်းကိုလည်း သူမအမှုမထား။ မျက်စိရှေ့တွင်ရှိနေသောကျောက်ဖြစ်ရုပ်ကြွင်းကိုသာ လက်မလွှတ်ရရေးအတွက်ကြိုးပမ်းမိသည်။ ထိုအရာသည် သူမအတွက်အလွန်အရေးကြီးသည်။


"ကျွန်မတို့ကကျောက်ဖြစ်ရုပ်ကြွင်းသုတေသနပညာရှင်တွေပါ…ကျွန်မတို့စစ်တပ်နဲ့ဆိုင်တဲ့ကိစ္စတွေကိုလည်းစိတ်မဝင်စားပါဘူး… ဟိုနားကကျောက်ဖြစ်ရုပ်ကြွင်းကိုလေ့လာချင်ရုံပါပဲ… ရှင်မယုံဘူးဆိုလည်းကျွန်မတို့ကိုစောင့်ကြည့်နေလို့ရပါတယ်…တကယ်ပါ…"


"စိတ်မရှိပါနဲ့မိန်းကလေး…ဒါအမိန့်အရလုပ်နေတာပါ။ မင်းတို့အခုချက်ချင်းထွက်သွားရမယ်"


"မင်းရဲ့အထက်အရာရှိနဲ့စကားပြောလို့ရမလား?"

Julie ကမေးသည်။


"ကျွန်တော်ကဒီနေရာကတာဝန်ခံပါ" 


"မင်းရဲ့အထက်အရာရှိနာမည်ကဘယ်သူလဲ…ငါမေးနေတယ်လေ"


"ကျွန်တော့်မှာပြောခွင့်ရှိတယ်လို့ခင်ဗျားထင်နေလား။”


Rowenna က Julie ၏လက်မောင်းကိုထပ်မံဆုတ်ကိုင်လိုက်သည်။ ထိုလူ၏မျက်လုံးထဲကအကြည့်တွေကိုသူမမနှစ်သက်…အေးစက်စက်နိုင်သောအဓိပ္ပာယ်တွေကိုသူမတွေ့နေရသည်။


"သွားကျစို့"


"နင်ရူးနေလား? အဲ့ဒီဦးခေါင်းခွံက-" Julie ကသူမကိုလှည့်ကြည့်ပြီးပြောသည်။


"လုပ်ပါ Julie"


Rowenna သူမ၏ရင်ဘတ်တွင်းမှနေ၍ ကြောက်စိတ်များလှိုက်တက်လာသည်ကိုအတိုင်းသားခံစားနေရသည်။


Julie ကထိုလူကိုစိမ်းစိမ်းဝါးဝါးစိုက်ကြည့်လိုက်ပြီးနောက် ယာဉ်မောင်းသူနေရာသို့ပြန်လာခဲ့သည်။ "မင်းရဲ့စစ်တပ်ကိစ္စပြီးတာနဲ့ငါတို့ပြန်လာခဲ့မယ်" ဟုကြိမ်းဝါးပြီးသည့်နောက်တွင်ကားကိုလာလမ်းအတိုင်းပြန်လှည့်လိုက်သည်။


"ငါအဲ့ဒီလူကိုသဘောမကျဘူး" Rowennaကပြောသည်။


"ငါလဲကြည့်မရပါဘူး…အထက်ကိုတိုင်စာတင်ဦးမယ်"

ဟု Julie ကပြောသည်။


"ငါသူ့ကိုကြောက်တယ်လို့ခံစားနေရတယ်"


Julie ကသူမကိုလှည့်ကြည့်လာသည်။


"အင်း…ငါသိပါတယ်။ စိတ်မပူပါနဲ့ ငါသူ့နာမည်မှတ်လာခဲ့တယ်။ Captain Jacob Hynes တဲ့။"


ထိုအချိန်တွင် Jacob ကမူ သူတို့နှစ်ယောက်ထွက်ခွာသွားသည်ကို ကြည့်နေလိုက်သည်။


"သေစမ်းကွာ…ငါတို့ကကျောက်ဖြစ်ရုပ်ကြွင်းရှာဖွေတဲ့လူတွေလိုချင်တာမဟုတ်ဘူး…ငါသိနေတယ်…ဒီမနက်တည်းကဒီလျှိုစောက်ကိုပိတ်ထားခဲ့ရမှာ…" ဟု တွေးနေသည်။


ထို့နောက်ဆက်သွယ်ရေးကိရိယာကိုသူ၏ပါးစပ်နားသို့မြှောက်လိုက်ပြီး ပြည်တွင်းဂြိုဟ်တုနှင့်ဆက်သွယ်ပေးသည့်အသံအိုင်ဒီတစ်ခုကို တိုးညှင်းစွာရေရွတ်လိုက်သည်။ 


ခဏအကြာတွင် UNIT ၏အမှတ်တံဆိပ်နှင့် လုံခြုံရေးကုဒ်များပေါ်လာပြီးသည့်နောက် "လိုင်းမအားသေးပါ…စာချန်ခဲ့ပါ" ဟူသည့်စာတန်းကိုတွေ့လိုက်ရသည်။


ထို့နောက် “ဗိုလ်ချုပ် Brigadier? Kilgai က Hynesပါ။ ကျွန်တော်ကင်းလှည့်ဖို့တပ်စုတွေလိုတယ်။ ဒီနေရာမှာမူမမှန်တာတွေ အများကြီးတွေ့နေရတယ်။ ပြီးတော့ကျောက်ဖြစ်ရုပ်ကြွင်းသုတေသနပညာရှင်နှစ်ယောက်ကိုလည်းတွေ့လိုက်ရတယ်။ သူတို့တွေလျှောက်ပြောမှာကိုကျွန်တော်စိုးရိမ်မိတယ်။ ကျွန်တော် ETA လိုအပ်တယ်ဆရာ။ ပြီးတော့လူအင်အားရောပဲဆရာ။" ဟုဇာတ်လမ်းဆင်၍လုပ်ကြံပြောလိုက်သည်ကိုအတိုင်းသားကြားနေရသည်။


ထို့နောက် သူဆက်သွယ်မှုကိုဖြတ်တောက်လိုက်ပြီး ကိရိယာကိုအိတ်ကပ်ထဲသို့ပြန်ထည့်လိုက်ပြီးနောက်ကျောက်တုံးပြတ်နားရှိကျောက်ဖြစ်ရုပ်ကြွင်းကိုစိုက်ကြည့်နေသည်မှာ Land Rover ကားအသေအချာထွက်သွားသည်အထိပင်။ ထိုကဲ့သို့စောင့်ကြည့်နေရခြင်း၏အကြောင်းကထိုကျောက်ဖြစ်ရုပ်ကြွင်းရှာဖွေသူများ ခိုးကြောင်ခိုးဝှက်မလာနိုင်တော့သည်အထိသေချာအောင်ကြည့်နေခြင်းသာဖြစ်သည်။


နောက်မှစိုစွတ်နေသောကျောက်နံရံပေါ်သို့တွယ်တက်ကာ ချောက်ကမ်းပါအောက်မှသေးငယ်သောလှိုဏ်ဂူအတွင်းသို့ဝင်ရောက်လိုက်သည်။


ထိုလှိုဏ်ဂူထဲတွင် ခေါက်ထားသောမိုးကာများ လိပ်သိမ်းထားသောအိပ်ရာများကအတည်တကျရှိနေပြီး အချိန်သစ်ပင်ကလည်းတလက်လက်တောက်ပနေသည်။ အကိုင်းအခက်များကအလင်းရောင်တောက်နေပြီး မျိုးစေ့အခိုင်များကမှည့်နေကျပြီဖြစ်သည်။


"တစ်ခိုင်ကိုခူးရင် နှစ်တရာဒါမှမဟုတ်နှစ်တသောင်းကို ပြန်သွားနိုင်မယ်။ တစ်ရာလောက်ခူးဆွတ်လိုက်မယ်ဆိုရင်-"

ဟုပြောပြီးနောက် Jacob ပြုံးလိုက်မိသည်။


ထို့နောင်အိပ်ရာလိပ်အောက်မှရေဒီယိုတစ်ခုကိုဆွဲထုတ်လိုက်သည်။ ထိုအရာက သဘာဝသလင်းကျောက်ရိုင်းများကဲ့သို့တောက်ပနေသော မျက်နှာပြင်ရှိသည့်စက်ပစ္စည်းတစ်ခုဖြစ်သည်။ သို့သော်ထိုအရာတွင်နှိပ်စရာခလုတ်များမပါရှိသလို ထိန်းချုပ်ရေးခလုတ်လည်းမပါရှိပေ။ 


ထိုစက်ပစ္စည်းကိုထိတွေ့လိုက်သည်နှင့်တစ်ပြိုင်နက် စကားပြောရန်သာလိုအပ်သည်။


"Gavril?"


အခြားတစ်ဖက်မှရင်းနှီးကျွမ်းဝင်နေသောအသံကချက်ချင်းပင်ပြန်လည်ဖြေကြားလာသည်။


"ငါရှိတယ်"


"ငါသွားဖို့အဆင်သင့်ဖြစ်နေပြီလို့ငါထင်တယ်…လျှိုစောက်ကိုပိတ်ဖို့လည်း UNIT ကလူတွေကိုလွှတ်ထားတယ်"


"သစ်ပင်ရော?"


"ရှိတယ်…သွားဖို့အဆင်သင့်ဖြစ်နေပြီ"


"ကောင်းတယ်…မင်းကမှန်ကန်တဲ့လမ်းစဉ်ကိုရွေးချယ်ခဲ့တာပဲ။ ငါ့လူတွေကမင်းအတွက်အမြဲတမ်းဂုဏ်ယူနေမှာပါ။"


Jacob ခေါင်းညိတ်လိုက်သည်။ သို့သော် သူ့အနေဖြင့် Gavril လူများ၏ဂုဏ်ပြုခံရခြင်းကိုမူစိတ်မဝင်စားချေ။


“Alpha နဲ့ Omega…နောက်ဆုံးတော့အိပ်မက်တွေတကယ်ဖြစ်လာခဲ့ပြီ။”


A/N: ကျေးဇူးပြုပြီး subscribe လုပ်ပေးကျပါနော်။ စာလည်းဖတ်ရင်း 5starလေးလည်းvoteရင်း reviewလေးတွေလည်းရေးလို့ရပါတယ်။ စာရေးသူတွေကို donate လုပ်ချင်ရင်လည်း buy a cup of coffee ဆိုတဲ့ button ကို click လာပ်ပြီး donate လုပ်လို့ရပါတယ်။🙆


rate now:

3 Reviews
  • reader Rosella 19.10.2019, 10:27 5

    🤓

    reply

  • reader Hein Nay Zaw 17.10.2019, 14:19 5

    🙄🥇

    reply

  • reader Thoon Su Aung 17.10.2019, 14:15 5

    👀

    reply