book

Index 7

Chapter 3.1

  • Author : Lucifer
  • Genres : Mystery, Science
  • Original Author : Paul Leonard

Kilgai Gorge နှင့်အနည်းငယ်ကွာဝေးသောနေရာတွင် တဲငယ်နှစ်လုံးကိုတွေ့ရသည်။


ရံဖန်ရံခါထိုတဲငယ်အတွင်းမှစကားပြောသံများထွက်ပေါ်လာသည်ကိုအတိုင်းသားကြားနေရသည်။


"အဲ့ဒီအချိန်တုန်းကဘာနဲ့တူလဲရှင်သိလား…ရှင်ကိုယ်တိုင်ရောဘယ်လိုခံစားရလဲ" ဟုမေးမြန်းနေသည့်မိန်းကလေးတစ်ဦး၏ အသံကိုကြားရသည်။ 


သူမ၏နာမည်က Rowenna ဖြစ်ပြီး ယခု Kilgai Gorge သို့ ကျောက်ဖြစ်ရုပ်ကြွင်းသုတေသနနှင့်ရှာဖွေထောက်လှမ်းရေး အတွက်ရောက်ရှိနေခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် သူမစကားပြောနေသူက သက်ရှိလူသားတစ်ဦးမဟုတ်။ လွန်ခဲ့သောနှစ်သန်းပေါင်းများစွာထဲကသေဆုံးခဲ့သည့် လူသားတစ်ဦး၏ကျောက်ဖြစ်ရုပ်ကြွင်းကိုပြောနေခြင်းသာဖြစ်သည်။


ဦးခေါင်းခွံ၏ဗလာကျင်းနေသောမျက်ကွင်းများက သူမကိုစိုက်ကြည့်နေသည်ဟု ခံစားနေရသည်။ မဖြစ်နိုင်မှန်းသိသော်လည်း သူမထိုမျက်တွင်းများမှမျက်တောင်ခတ်လာမည်ကို စောင့်ကြည့်နေမိသည်။ သို့သော်လှုပ်ရှားမှုတစ်စုံတစ်ရာမျှမတွေ့ရသလို သူမ၏အမေးအားပြန်လည်ဖြေကြားခြင်းလည်းမရှိပေ။


'ဒီလိုရုပ်ကြွင်းဆီကဘယ်လိုအဖြေမျိုးကိုမျှော်လင့်နေတာလဲ… ဒါကရုပ်ကြွင်းသက်သက်ပဲလေ' ဟုသူမတွေးလိုက်သည်။


ထိုဦးခေါင်းခွံ၏သက်တမ်းသည် အာဖရိကရှိ Delphi နတ်ကွန်းများထက်ပင် ပို၍သက်တမ်းရင့်သည်။ ဟောင်းနွမ်းနေပြီဖြစ်သောဦးခေါင်းခွံ၏ မျက်နှာပြင်တစ်ဝိုက်တွင် အဖြူနှင့်အဝါရောင်အကွက်များကိုမြင်တွေ့နေရသည်။


ထို့နောက် Rowenna သူမ၏လက်ဖြင့်ထိုဦးခေါင်းခွံကို ထိတွေ့လိုက်သည်။ ပြီးနောက် သူမကိုယ်သူမ လွန်ခဲ့သောနှစ်ပေါင်းများစွာကိုပြန်ရောက်သွားသကဲ့သို့ စိတ်ကူးယဉ်လိုက်မိသည်။ 


ထိုဦးခေါင်းခွံဖြတ်သန်းလာခဲ့ရသော ဆင့်ကဲပြောင်းလဲခြင်းများကို သူမကိုယ်တိုင်ကြုံတွေ့နေရသည်ဟုထင်မြင်မိသည်။

သို့သော် ထိုအရာအားလုံးကစိတ်ကူးမျှသာဖြစ်သည်။ 


'ဟမ်…ဒါကဗလာကျင်းနေတဲ့ အရိုးခွံကြီးတစ်ခုပါပဲ' ဟု သူမကိုယ်သူမတိုးတိတ်စွာပြောလိုက်သည်။


"မနက်စာဘာစားထားလဲလို့မေးလိုက်ပါလား…ပြောလို့မရဘူးလေ နင်မေးတာကိုပြန်ဖြေချင်ဖြေနေမှာပေါ့"


သူမအတွေးရေယာဉ်ကြောတွင်နစ်မြုပ်နေခိုက် နောက်ဘက်နားမှအသံတစ်သံထွက်ပေါ်လာသောကြောင့် ဘီးတပ်ကုလားထိုင်ကိုရုပ်ကြွင်းရှိရာဘက်မှ ပြန်လှိမ့်လာခဲ့သည်။


ထို့နောက် ဓာတ်ခွဲခန်းအဖြစ်အသုံးပြုလျက်ရှိသော တဲ၏ဝင်ပေါက်တွင် သူငယ်ချင်းဖြစ်သူ Julie Sands ကိုတွေ့လိုက်ရသည်။ သူမ၏လက်တွေက Kilgai Gorge ၏မြေဝါရောင်ဖုန်မှုန့်များဖြင့်ညစ်ပေနေသည်။


သူမ၏သားရေဂျာကင်အိတ်ကပ်ထဲတွင်မူ တစ်စွန်းတစ်စထွက်နေသော Hershey မုန့်ချောင်းကိုတွေ့နေရသည်။ ထိုမုန့်ချောင်းသည် သူမစားထားသောကြောင့်တစ်ဝက်သာကျန်ရှိတော့သည်။


"နင်အစားအသောက်တွေကို ဘယ်သွားသွားယူသွားဖို့လိုလို့လား… ငါပြောချင်တာက နင် diet လုပ်ဖို့မစဉ်းစားတော့ဘူးလား"


Julie ကသူမကိုစိုက်ကြည့်လာသည်။ သူမ၏အကြည့်တွင် ဒေါသထွက်ခြင်းနှင့်လှောင်ပြောင်ခြင်းအရိပ်အယောင်ကိုတွေ့မြင်နိုင်သည်။


"'Diet' က အလယ်ခေတ်(အေဒီ၁၁၀၀ မှ ၁၃၀၀ခန့်) တုန်းက ဘာသာရေးဆိုင်ရာညီလာခံတွေနဲ့ဘာသာရေးဟောပြောပွဲတွေမှာ သုံးတဲ့စကားလုံးမဟုတ်ဘူးလား။ အိုး…ပြီးတော့ အခုခေတ်ညီလာခံတွေမှာလည်းသုံးသေးတယ်လေ။"


ထို့နောက် Julie ကသူမ၏ပုံမကျပန်းမကျလေးထောင့်သဏ္ဌာန် ခန္ဓာကိုယ်ကိုဖုတ်ဖတ်ခါ၍ စကားဆက်ပြောသည်။


"အဲ့ဒါကလွဲရင်တခြားဟာတွေ ငါမသိဘူး"


Rowenna ကနှာမှုတ်လိုက်သည်။

'ကောင်းလိုက်တဲ့ဆင်ခြေ'


ထို့နောက် အခန်းတွင်းမှရှုပ်ပွနေသောစက္ကူအပိုင်းအစများ ကျောက်ဖြစ်ရုပ်ကြွင်းအပိုင်းအစများ ကြေးနန်းကြိုးများ ကွန်ပျူတာအပိုင်းအစများ ဓာတ်ခွဲခန်းသုံးကိရိယာများကိုညွှန်ပြလိုက်သည်။ 

ထိုပစ္စည်းများက Julie ၏အလုပ်စားပွဲနှင့် ကြမ်းပြင်တစ်ဝိုက်တွင်ပြန့်ကြဲနေကြသည်။


"သန့်ရှင်းသပ်ရပ်သောဆိုတဲ့စကားလုံးရဲ့ အလယ်ခေတ်ကအဓိပ္ပာယ်ကိုရောမသိဘူးလား"


Julie ကသူမအနားရှိ ပြန့်ကြဲနေသော ပစ္စည်းများကိုဝေ့ဝိုက်ကြည့်လိုက်ပြီးနောက် သူမအမှန်အတိုင်းပင်ဝန်ခံသည်။


"အမ်…မသိဘူး"


ထို့နောက် Rowenna ၏အလုပ်စားပွဲရှိရာဘက်မှ ရုပ်ကြွင်းကိုမေးငေါ့ပြလိုက်သည်။


"အဲ့ဒါရော ဘယ်လိုအခြေအနေရှိလဲ? တိုးတက်မှုရှိလား?"


"ဘာမှမရှိဘူး" ဟုပြောပြီးနောက်တွင် Homo habilis ၏ဦးနှောက်ဖွဲ့စည်းပုံများကို မှတ်စုရေးမှတ်ထားသော သူမ၏ကွန်ပျူတာဘက်သို့ညွှန်ပြလိုက်သည်။


ထိုဦးခေါင်းခွံသည် လူသားမျိုးနွယ်စု၏ဘိုးဘေးများဖြစ်သော ယခုအခါမျိုးသုဉ်းပျောက်ကွယ်သွားပြီးဖြစ်သည့် မျိုးနွယ်စုထဲတွင်ပါဝင်သည်။


"သူကငါ့ကိုဘာအကြံဉာဏ်မှမပေးနိုင်ဘူး…ငါကစကားပြောတတ်တဲ့ဟာပဲလိုချင်တာ"


သူမ၏စကားကိုကြား၍ Julie ကရယ်သည်။ လွန်ခဲ့သောနှစ်သန်းပေါင်းများစွာထဲကတည်ရှိခဲ့သော ကျောက်ဖြစ်ရုပ်ကြွင်းကိုစကားပြောစေချင်သည်တဲ့…။ 


အပြင်လူတစ်ယောက်အနေဖြင့် Rowenna ကိုအရူးတစ်ယောက်ဟုပင်ထင်မြင်ကြလိမ့်မည်။ သို့သော် သူမကသူမ၏စိတ်ပျက်မှုကို ဟာသအဖြစ်ပြောင်းလိုက်ခြင်းကိုမူ Julie သိသည်။


"…စကားပြောလာအောင်တော့ငါလည်းမလုပ်ပေးနိုင်ဘူး။ ဒါပေမယ့် ငါဒီမနက်က တစ်ခုခုရှာတွေ့ထားတယ်။ ဒီမှာကြည့်ကြည့်"


Julie က ကြမ်းပြင်ပေါ်တွင်ပြန့်ကြဲနေသော ဗြုတ်စဗြင်းတောင်းပစ္စည်းများကိုသတိထား၍ခွကျော်လိုက်သည်။ ထို့နောက် ကျောက်ဖြစ်ရုပ်ကြွင်းအပိုင်းအစတစ်ခုကိုကောက်ယူလိုက်ပြီး Rowenna ကိုလှမ်းပေးလိုက်သည်။ 


Rowenna ကထိုအပိုင်းအစကိုလက်ညိုးနှင့်လက်မကြား အသေအချာညှပ်၍ယူလိုက်သည်။ ထိုအရာ၏အရောင်သည် သူမခုံပေါ်ရှိကျောက်ဖြစ်ရုပ်ကြွင်းထက်ပင်ပို၍ အရောင်နွမ်းသေးသည်။


'အင်း…အရောင်နွမ်းနေတာလောက်ကတော့အသေးအဖွဲလေးပါပဲ'

ဟု သူမကိုယ်သူမပြောလိုက်သည်။


ထိုရုပ်ကြွင်း၏အထူကတစ်ဒသမငါးစင်တီမီတာခန့်သာရှိပြီး အနည်းငယ်ခုံးနေသည်။ အစွန်းများကစောင်းနေပြီး ဘေးတစ်ဖက်တွင်မူလှိုင်းတွန့်များထနေသည်။


Rowenna ကထိုအပိုင်းအစကိုဖင်လှည့်ခေါင်းလှည့်ဖြင့် ထပ်ခါထပ်ခါကြည့်နေသည်။ သူမ၏ပုံစံက အကြံအိုက်နေသောအဖွားအိုတစ်ဦး၏ပုံစံနှင့်ပင်ပိုတူသည်။


ထိုရုပ်ကြွင်းသည်အလွန်ပင်ပါးလွှာပြီး ပုံစံကအသေးစိတ်သည်။ ကြည့်ရသည်မှာ Homo sapiens ၏ဦးခေါင်းခွံနှင့်ပိုတူသည်။


မည်ကဲ့သို့ပင်ကြည့်ကြည့် ထိုအရာက ကျောက်ဖြစ်ရုပ်ကြွင်းတစ်ခုဖြစ်မှန်းသူမသိသည်။ Homo sap ၏ဦးခေါင်းခွံများသည် လွန်ခဲ့သော နှစ်ပေါင်းငါးသိန်းခန့်ကကျန်ရှိခဲ့သောအရာများဖြစ်သည်။


သို့သော် Julie ရှာနေသောအရာများသည်မူ ထိုထက်ပင်ပို၍သက်တမ်းရင့်ကာရှေးကျသောအရာများဖြစ်သည်။ ထို့ကြောင့်သူမ၏သိချင်စိတ်ကို ချုပ်တည်းမနေတော့ပဲမေးမြန်းလိုက်သည်။


"နင်ဒါကိုဘယ်ကတွေ့လာတာလဲ"


"ဘယ်ကလို့နင်ထင်လဲ"

Julie ကသူမဘက်သို့မျက်စပစ်၍လှမ်းပြောသည်။


"လျှိုထဲကလို့တော့မပြောနဲ့နော်"


"အေး…လျှိုထဲကပဲရှာတွေ့တာ"  Julie ကတည်ငြိမ်စွာပြောလာသည်။


"ဒီကနေကိုက်နှစ်ဆယ်လောက်ဝေးတဲ့နေရာမှာတွေ့ခဲ့တာ…မနှစ်ကနင့်ရဲ့ ဟိုသူငယ်ချင်းကြီးကိုတွေခဲ့တဲ့နေရာနားမှာပဲ"

ဟုပြောကာ Rowenna ၏အလုပ်စားပွဲပေါ်ရှိ ဦးခေါင်းခွံဘက်သို့ လက်ညိုးထိုးပြလိုက်သည်။


Rowenna ကမူထိုရုပ်ကြွင်းအပိုင်းအစကိုသာ ထပ်ခါထပ်ခါကြည့်နေသည်။ အညိုရောင်ဖုန်မှုန့်များက ရုပ်ကြွင်း၏မျက်နှာပြင်ပေါ်တွင်ကပ်ညိနေကျသည်။


'Homo habilis တစ်ယောက်က ပါးလွှာတဲ့ဦးခေါင်းခွံနဲ့မွေးဖွားလာတယ်…ဒါကတကယ်ကို ထူးခြားဖြစ်စဉ်တစ်ခုပဲ' ဟု Rowenna တွေးနေမိသည်။


Julie ကမူထိုအပိုင်းအစကိုကြည့်၍ "ဒါက Homo sap တွေရဲ့ ဦးခေါင်းခွံနဲ့ပိုတူတယ်" ဟုမှတ်ချက်ချသည်။


ထို့နောက်သူမဘေစင်ဘက်သို့လျှောက်သွားလိုက်ပြီး သူမ၏လက်များကိုဆေးကြောလိုက်သည်။ 


"ငါတို့စိတ်ဝင်စားစရာတစ်ခုခုရှာတွေ့ခဲ့ပြီထင်တယ်" ဟုပြောပြီးသည့်နောက်တွင် Rowenna နှလုံးခုန်သံများမြန်လာခဲ့သည်။


သူမအမှန်တကယ်ပင်စိတ်လှုပ်ရှားနေသည်။ နောက်ဆုံးတော့သူမတို့ Hominid မျိုးစိတ်အသစ်တစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပြီ။ ထိုအရာကဖြစ်နိုင်သည်ဆိုတာထက်ပင်ပိုသည်။ အဘယ်ကြောင့်ဆိုသော် သူမတို့ဓာတ်ခွဲခန်းရှိ ဒါဇင်အနည်းငယ်မျှရှိသော မပျက်မဆီးသေးသည့်အရိုးများနှင့် မပြည့်စုံတော့သောအရိုးများ ယခုသူမလက်ထဲတွင်ကိုင်ထားသည့် သွားနှင့်အရိုးတို့ကဲ့သို့သောရုပ်ကြွင်းအပိုင်းအစများ စသည့်ကျောက်ဖြစ်ရုပ်ကြွင်းများက အစောပိုင်း Hominid မျိုးစိတ်၏အကြောင်းများကိုသိရန်အဓိကသော့ချက်ဖြစ်သည်။


သုတေသီများ၏စာရင်းထဲမှပင်ပျောက်ကွယ်သွားခဲ့ပြီဖြစ်သော လွန်ခဲ့သောနှစ်ပေါင်းနှစ်သန်းခန့်က တည်ရှိခဲ့သောမျိုးစိတ်တစ်ခုလုံးကို ယခုကဲ့သို့ပြန်လည်ရှာဖွေတွေ့ရှိခြင်းသည် အလွန်ရှားပါးသည့် ကြုံတောင့်ကြုံခဲကိစ္စတစ်ရပ်ပင်ဖြစ်သည်။ သို့သော်ထိုအရာသည် သူမရှေ့မှောက်တွင်မျက်ဝါးထင်ထင်ဖြစ်လာခဲ့ပြီဖြစ်သည်။


Donald Johanson နှင့် Lucy တို့၏ရှာဖွေတွေ့ရှိမှုနောက်ပိုင်း သုတေသနများအနက် ယခုသူမတို့ရှာဖွေတွေ့ရှိခဲ့သောအရာသည် အလွန်ကြီးမားသည်ကိစ္စတစ်ရပ်ပင်ဖြစ်လာလိမ့်မည်။ ပြီးတော့ထိုအရာကို သူမနှင့် Julie ကရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။


ထောက်လှမ်းရေးအဖွဲ့ဝင်နှစ်ယောက်သာပါရှိပြီး ဓာတ်ခွဲခန်းတစ်ခုသာရှိသော သာမညအဖွဲ့လေးတစ်ခုမှ ရှာဖွေတွေ့ရှိခဲ့ခြင်းသည် အခြားသောအဖွဲ့အစည်းများအတွက်မူ မျက်လုံးကျစရာကိစ္စတစ်ခုဖြစ်လာပေလိမ့်မည်။ ပြီးတော့ အဖွဲ့ဝင်နှစ်ဦးအနက်မှ တစ်ယောက်ဖြစ်သည့်သူမသည် မသန်စွမ်းအမျိုးသမီးတစ်ဦးဖြစ်သည်။


ထို့ကြောင့် သူမပို၍ပင်စိတ်လှုပ်ရှားလာမိသည်။


ရုတ်တရက်…သူမ၏နောက်ကျောဘက်မှနာကျင်မှုကိုခံစားလာရသည်။ သို့သော် သူမ၏အမြင်အာရုံတွင် 'သေနတ်ကိုလှည့်နေသောကောင်လေးတစ်ယောက်…ထိုကောင်လေးကသေနတ်ကိုအဆက်မပြတ်လှည့်နေသည်။ သူဆက်၍လှည့်သည်…လှည့်နေ-' စသည့်ပုံရိပ်တွေက ပြန်ပေါ်လာသည်။ 


လွန်ခဲ့သည့်နှစ်နှစ်ခန့်က ကျူးကျော်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ကျူးကျော်သူများအနက်မှတစ်ယောက်သည် သူမ၏ကျောရိုးသို့ကျည်ဆံဖြင့်ပစ်ခတ်ခဲ့ရာ ဒဏ်ရာပြင်းထန်စွာရှိခဲ့သည်။ …ယခုအချိန်တွင် ထိုဒဏ်ရာမှတဆစ်ဆစ်နာကျင်လာခြင်းဖြစ်သည်။


ထို့နောက်သူမ၏လက်များသည် ဘီးတပ်ကုလားထိုင်၏လက်ရမ်းကို တင်းကျပ်စွာဆုတ်ကိုင်ထားမိကြောင်းကို သတိထားလိုက်မိသည်။ 


'လခွမ်းထဲမှပဲ…ဘာလို့အဲ့လောက်တောင် တင်းနေအောင်ဆုတ်ကိုင်ထားမိတာလဲ'


သူမအသက်ကိုတစ်ကြိမ်ပြီးတစ်ကြိမ် ခပ်ပြင်းပြင်းရှူသွင်း ရှူထုတ်လုပ်နေမိသည်။


'အရမ်းစိတ်လှုပ်ရှားလွန်းတာလည်းမကောင်းဘူး Rowenna… နင်ဒီမှာလုပ်စရာအလုပ်ရှိနေပြီပဲ…အလုပ်တွေပြီးသွားတဲ့အချိန်မှာ bonus ရမှာမရမှာထက် အလုပ်အပေါ်ပဲအာရုံစိုက်ထားစမ်း'  ဟုသူမကိုယ်သူမသတိပေးလိုက်သည်။


"နင် အဆင်ပြေလား" Julie ကမေးသည်။


Rowenna သူမကိုမော့ကြည့်လိုက်သည်။ Julie ကသူမကိုစိုးရိမ်ပူပန်စွာဖြင့်ကြည့်နေသည်ကိုသူမတွေ့လိုက်ရသည်။


"အဆင်ပြေပါတယ်…ကျောနည်းနည်းနာလာလို့"

ဟုပြော၍ ဘီးတပ်ကုလားထိုင်ကိုသူမ၏အလုပ်စားပွဲဆီသို့ လှိမ့်သွားလိုက်သည်။ ထို့နောက်ဝက်မှင်ဘီးတစ်ချောင်းကိုယူ၍ ရုပ်ကြွင်းအပိုင်းအစမှဖုန်များကိုပြောင်အောင်တိုက်နေသည်။


နှစ်မိနစ်လောက်တိုက်ချွတ်ပြီးသည့်နောက်တွင်တော့ ရုပ်ကြွင်းအပိုင်းအစနှင့် ကျောက်များသာကျန်ရှိတော့သည်။

ထို့နောက်သူမကျောက်တုံးအပိုင်းအစအနည်းငယ်ကိုဆွဲခွာလိုက်သည့်အခါ ဦးခေါင်းခွံတွင်ချိုင့်ခွက်တစ်ခုရှိနေသည်ကိုသတိထားမိသည်။ 


ဦးခေါင်းခွံပေါ်ရှိအမှတ်အသားများနှင့် ချိုင့်ခွက်များသည် အရေးကြီးသော အရာများဖြစ်ကျသည်။ ထိုအရာများက hominid တို့၏ဘဝလူနေမှုပုံစံနှင့် ၎င်းတို့သေဆုံးခဲ့ရပုံများကိုသိရှိနိုင်ရန်အတွက် အထောက်အကူပြုသည်။


တစ်ခါတစ်ရံတွင်မူသားရဲတိရစ္ဆာန်တို့၏သွားရာများ မတော်တဆမှုကြောင့်ထိခိုက်ထားသောကွဲအက်ဒဏ်ရာများကိုတွေ့ရတတ်သည်။ 

ကျောက်လက်နက်များဖြင့်ပစ်ခတ်ထားသော ဒဏ်ရာများကိုမူရှားပါးစွာတွေ့ရတတ်သည်။ ထိုဒဏ်ရာများကိုကြည့်၍ လွန်ခဲ့သည့်နှစ်တစ်သန်းခန့်ကပင် လူသားအချင်းချင်း သတ်ဖြတ်မှုများကိုပြုလုပ်နေကျပြီဖြစ်သည့်အကြောင်းကို ခန့်မှန်းသိရှိနိုင်သည်။


သူမလက်ထဲရှိဦးခွံ၏ရုပ်ကြွင်းတွင်မူ သွားရာရှိနေသည်။ ထိုသွားရာ၏ အရွယ်အစားနှင့်ပုံသဏ္ဌာန်တို့ကိုကြည့်ခြင်းအားဖြင့် ခွေးသို့မဟုတ် ဟိုင်အီးနားအကောင်၏သွားရာဟုခန့်မှန်းရသည်။


ထို့နောက် Julie ကပါးစပ်ထဲတွင် Hershey မုန့်ချောင်းကိုစားနေလျက် အသံဗလုံးဗထွေးဖြင့်သူမကိုစကားပြောလာသည်။ 


"နင်ဘာတွေစဉ်းစားနေတာလဲ"


Rowenna က Julie ကိုတလှည့် သူမလက်ထဲရှိဦးခေါင်းခွံကိုတစ်လှည့်ကြည့်လိုက်သည်။

"ငါတို့ဒီဦးခေါင်းခွံရဲ့တခြားအစိတ်အပိုင်းနည်းနည်းလောက်ကိုရှာဖို့လိုတယ်။ ပြီးတော့…ငါ…"


A/N: ကျေးဇူးပြုပြီး subscribe လုပ်ပေးကျပါနော်။ စာလည်းဖတ်ရင်း 5starလေးလည်း vote ရင်း review ကောင်းကောင်းလေးတွေလည်းရေးပေးလို့ရသေးတယ်တော်။ ပြီးရင် စာရေးသူတွေကို donation လုပ်ချင်တယ်ဆိုလည်းရသေးတယ်နော်။ donate လုပ်ချင်တယ်ဆိုရင်တော့ buy a cup of coffee ဆိုတဲ့ button လေးကို click တစ်ချက်လုပ်လိုက်ရုံနဲ့ donate လုပ်လို့ရပါပြီ။😚


rate now:

3 Reviews
  • reader Rosella 19.10.2019, 10:26 4.9

    good

    reply

  • reader Thoon Su Aung 17.10.2019, 14:14 5

    Latt ma again 👍🙄

    reply

  • reader Hein Nay Zaw 17.10.2019, 11:00 5

    🙄👌👌👌

    reply