book

Index 6

Chapter 2.2

  • Author : Lucifer
  • Genres : Mystery, Science
  • Original Author : Paul Leonard

တဝီဝီမြည်သံတွေကတဖြည်းဖြည်းနီးကပ်လာသလိုခံစားရသည်။ ထို့ကြောင့် Sam ကသတိကြီးစွာထား၍ ရှေ့သို့ထွက်လိုက်သည်။ သူမနားထဲတွင် ကျူပင်ပေါ်သို့ဖြတ်၍ ပျံသန်းလာသည့်အသံတွေကို ရှင်းလင်းစွာကြားနေရသည်။ ထို့နောက်သူမတို့ရှိရာနေရာနားသို့ ချဉ်းကပ်လာသည့်ပုံရိပ်တွေကို ရှင်းလင်းပြတ်သားစွာမြင်တွေ့လိုက်ရသည်။


ထိုအရာများကအဖြူနှင့်မီးခိုးရောင်ကွက်ကျားများရောနှောထားသည့် မြင်းများပင်ဖြစ်သည်။


သို့သော်သည်တစ်ကြိမ်တွင်လည်းသူမတို့မှန်းဆချက်နှင့်လွဲပြန်ပြီဖြစ်သည်။ ထိုအရာများသည် ဒေါက်တာပြောသလိုမြင်းများမဟုတ်။ မြင်းနှင့်ဆင်တူသောသတ္တဝါများသာဖြစ်သည်။


သတ္တဝါ၏ခေါင်းပိုင်းကမြင်းနှင့်ဆင်တူသည်။ သို့သော်ထူးခြားစွာဖြင့်ထိုသတ္တဝါသည်မျက်လုံးနှစ်စုံပါရှိသည်။ ကြီးမားသည့်မျက်လုံးတစ်စုံသည်ခေါင်း၏ဘေးတစ်ဖက်တစ်ချက်စီတွင်ရှိပြီး သေးငယ်သောမျက်လုံးများက နှာခေါင်းနှင့်လွန်စွာမှ နီးကပ်သောနေရာတွင်ရှိနေသည်။


နားရွက်ရှိသည့်နေရာများတွင်မူ နားရွက်များအစားပြောင်လက်နေသည့်ဦးချိုများကိုတွေ့မြင်ရသည်။ ၎င်းတို့၏ဦးချိုသည်အနည်းငယ်ကောက်နေပြီး အနောက်ဘက်သို့ပြန်၍အဖျားရှူးသွားသည်။


၎င်းတို့၏ခန္ဓာကိုယ်များသည်သာမန်မြင်းများထက်ပို၍အရွယ်အစားကြီးမားကာ အရွယ်ရောက်ပြီးသောနွားထီးများနှင့်ပင် ပို၍တူသည်။ 


ကျောအထက်နှင့်နံဘေးဖက်တွင်မူအဝတ်အစားများကိုဝတ်ဆင်ထားသည်။ ထိုအဝတ်အစားများသည် အစိမ်းရောင် ခရမ်းရောင် အဝါရောင်စသည့်အရောင်များရှိသည့်ချည်ကြိုးများကိုဖောဖောသီသီအသုံးပြုကာရက်လုပ်ထားသည်ကိုတွေ့ရသည်။


လက်မောင်းများကခေါင်းနှင့်နီးကပ်စွာတည်ရှိသော ရင်ဘတ်ပိုင်းမှထိုးထွက်နေသည်။ လက်ချောင်းများနေရာတွင် ရှည်လျားပြီး ထူးဆန်းသောအဆစ်အမြစ်များရှိသော လက်ချောင်းသုံးချောင်းသာရှိသည်ကိုတွေ့ရသည်။


အတိုချုံးရလျှင်တော့ထိုသတ္တဝါများသည်ဂြိုဟ်သားများပင်ဖြစ်သည်။

 

ခုနကဒီအကောင်တွေကိုဒေါက်တာကဘယ်လိုခေါ်လိုက်ပါလိမ့်? Tractites ဆိုလား?

အံ့သြစရာပဲ!


Sam ၏စိတ်ထဲတွင်ထိုဂြိုဟ်သားများသည် အန္တရာယ်ရှိသည့်ဂြိုဟ်သားများဟု အနည်းငယ်မျှပင်မတွေးမိ။ သူတို့ဆီမှအခြားသောလက်နက်ကိုင်၍တိုက်ခိုက်တတ်သည့် ဂြိုဟ်သားများကဲ့သို့ ရန်လိုသည့်ဟန်နှင့်သတိရှိသည့်ဟန်ပန် တို့ကိုမတွေ့ရ။


မည်သည့်နေရာမှလာမှန်းမသိသည့် အပြာရောင်သေတ္တာ (TARDIS) ထဲမှ ဂြိုဟ်သားနှစ်ယောက်က ၎င်းတို့ဂြိုဟ်ပေါ်တွင် ရုတ်တရက်ပေါ်လာပြီး အကူအညီတောင်းနေခြင်းကိုလည်း စိုးရိမ်ပုံမပေါ်။ 


လွန်းပျံယာဉ်သည်ယခုတော့မြေပြင်ပေါ်သို့ဆင်းသက်နေပြီဖြစ်သည်။ ထို့နောက် ကျွန်းနှင့်မီတာအနည်းငယ်သာ ကွာဝေးသောအမြင့် တစ်ခုသို့အရောက်တွင်ရပ်တန့်လိုက်သည်။ 


လွန်းပျံယာဉ်ပေါ်တွင်ယာဉ်မောင်းသူဂြိုဟ်သားတစ်ကောင်ကတက်မကိုကျွမ်းကျင်စွာလမ်းကြောင်းထိန်းနေသည်ကို Sam တွေ့ရသည်။


နောက်ထပ်ဂြိုဟ်သားတစ်ကောင်ကမူမတ်တပ်ရပ်၍ ဒေါက်တာနှင့်သူမကိုစူးစိုက်၍ကြည့်နေသည်။ ၎င်း၏ တီကောင်နှစ်ကောင်ကဲ့သို့ တွန့်လိမ်နေသောလျှာက အနံ့ခံသည့်ဟန်ဖြင့်ပါးစပ်အတွင်းမှပြူထွက်လာသည်။ 


ထို့နောက်ဒေါက်တာသည်ရွှံ့နွံများထဲမှဖြတ်၍ဂြိုဟ်သားများရှိရာနေရာသို့ဒယိမ်းဒယိုင်ဖြင့်လျှောက်သွားသည်။  သူသည်လက်မောင်းတွေကိုလေထဲတွင်ဝှေ့ယမ်းလျက် နှာခေါင်းကမူနှာမှုတ်သံတရှူးရှူးတို့ကိုပြုလုပ်နေသည်။


Sam ကနောက်မှနေ၍သတိကြီးစွာဖြင့်လိုက်လာသည်။ ယခုတော့ သူမထိုရွှံ့နွံများပေါ်တွင် မည်ကဲ့သို့ဖြတ်လျှောက်ရမည်ကိုနားလည်ထားပြီးဖြစ်သည်။ ဆက်ကြောင်းနှစ်ခုကြားတွင်ရှိသောရွှံ့နွံများသည် အနည်းငယ်မာသောကြောင့်လမ်းလျှောက်ရပိုလွယ်သည်။ ထို့ကြောင့်သူမထိုနေရာများကိုရွေးချယ်၍လျှောက်လာလိုက်သည်။


ထို့နောက်ဂြိုဟ်သားများ၏ယာဉ်ရပ်နားထားသောကျွန်းပေါ်သို့ကုတ်ကက်၍တက်လိုက်သည်။ ကျွန်းပေါ်သို့ရောက်သောအခါ ထိုကျွန်းသည်ရေမျက်နှာပြင်အထက် အနည်းငယ်သာမြင့်သည်ကိုသူမသတိထားမိလိုက်သည်။


ဒေါက်တာကမူသူ့လက်ထဲတွင်ရွှံ့ပေနေသောဖိနပ်တစ်ဖက်ကိုကိုင်၍ယာဉ်ရှေ့တွင်ရပ်နေသည်။ ထို့နောက် Tractites များထဲမှတစ်ယောက်ကသူ့ကိုငုံ့ကြည့်လာသည်။


"မင်းရဲ့ယာဉ်ပျံဘယ်လောက်ဆိုးဆိုးရွားရွားထိခိုက်ထားလဲ?" 

ထိုဂြိုဟ်သားကဒေါက်တာ့ကိုမေးသည်။ 

"အဲ့ဒါကိုပြန်ပြင်ဖို့ငါတို့ကူညီရမလား?"


"အိုး…တကယ်တော့အဲ့ဒါကအာကာသကနေပြန်ဝင်လာတဲ့ယာဉ်ပါ" ဒေါက်တာကပြောသည်။


"အဲ့ဒါနဲ့ပတ်သက်ပြီးစိုးရိမ်စရာမလိုပါဘူး…ဒါပေမယ့် ဒီနေရာကဘယ်နေရာလဲ? ကျွန်တော်ဆိုလိုချင်တာက ဒီဂြိုဟ်ကတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်။ ပြီးတော့လှလည်းလှတယ်…ကျွန်တော်စိုးရိမ်တာက ဒီနေရာကကျွန်တော်တို့သွားနေတဲ့နေရာမဟုတ်မှာကိုပဲ"


Sam ကသူမပုခုံးကိုကျော်၍ နောက်ဘက်တွင်ရှိသော TARDIS ကိုလှည့်ကြည့်လိုက်သည်။ 


အာကာသကနေပြန်ဝင်လာတဲ့ယာဉ်?


ထို့နောက်တွင်တော့ဒေါက်တာကဟန်ဆောင်၍ပြောလိုက်ခြင်းဖြစ်သည်ကိုသူမသဘောပေါက်လိုက်သည်။


ဒါမလှိမ့်တပတ်လုပ်တာပဲ…အိုကေ…

ညာနေတယ်လို့ပြောရင်ပိုမှန်မယ်


ဒီလိုအပြုအမူမျိုးကိုပြုလုပ်ခြင်းသည်ဒေါက်တာသည် Tractites များကိုမယုံ၍ပြုလုပ်ခြင်းဖြစ်သည်ကိုသူမသိသည်။

ထို့ကြောင့်သူမယခင်ကတွက်ချက်ခဲ့သောစိုးရိမ်ဖွယ်ရာအမှတ်အခြေအနေကို သုံးဒသမငါး ဟုပြောင်းလဲ၍ အနည်းငယ်ထပ်တိုးလိုက်သည်။


"Paratractis ဂြိုဟ်"  မြင်းနှင့်တူသောဂြိုဟ်သားကဒေါက်တာ့၏အမေးကိုပြန်ဖြေသည်။ ထို့နောက် ကြယ်အစုအဝေး၏ ကိုသြဒနိတ်နံပါတ်စဉ်များကိုတန်းစီ၍ရွတ်ပြတော့သည်။


ထိုအချိန်တွင်ဒေါက်တာကရုတ်တရက် မြေကြီးပေါ်သို့ ထိုင်ချလိုက်သည်။ သူ၏ဆန်းပြားသောဝတ်စုံဘောင်းဘီမှ တစွပ်စွပ်မြည်သံများထွက်ပေါ်လာသည်။ 


Sam က Tractites များကိုကြည့်နေသည်။ ထိုဂြိုဟ်သားများကလည်းသူမကိုပြန်၍ကြည့်သည်။


Tractites များ၏ကြီးမားသောမျက်လုံးတစ်စုံသည် ထူးဆန်းသည်ဟုဆိုနိုင်သည်။ မျက်လုံးအရောင်သည် အပြာနှင့်အနီရောင်ရောစပ်လျက်ရှိပြီး မျက်ဆံအတွင်း၌ ဖြေးညင်းစွာရွေ့လျားနေသောအစင်းကျားများကိုလည်းတွေ့ရသည်။


ထိုကြီးမားသောမျက်လုံးများကို Sam  စိုက်ကြည့်နေသည့်အခိုက်အတန့် ထိုမျက်လုံးများကပိတ်သွားပြီး သေးငယ်သောမျက်လုံးများကပွင့်လာသည်။ ထိုဖြစ်စဉ်တစ်လျှောက် ငှက်ကလေးများ၏တောင်ပံခတ်သံကဲ့သို့သောတဖျတ်ဖျတ်မြည်သံများကိုကြားလိုက်ရသည်။


မှန်ပြောင်းကဲ့သို့အမြင်အာရုံကိုပေးစွမ်းနိုင်ရန်အတွက် သေးငယ်သောမျက်လုံးများသည် အရှေ့ဘက်တွင်တည်ရှိနေသည်။

သို့ပေမယ့် သူတို့သည် လူသားများအတွက်မူနေရခက်စေသည့် မျက်လုံးများဖြစ်သည်။


"ဒါက ကမ္ဘာမြေ…ဟုတ်တယ်မဟုတ်လား?" Sam က ဂြိုဟ်သား၏မျက်လုံးကိုတည့်တည့်ကြည့်၍မေးလိုက်သည်။


"ကမ္ဘာမြေ? ဒီလိုနာမည်ရှိတဲ့ဂြိုဟ်မျိုးတစ်ခါမှမကြားဖူးဘူး" ဟု ထိုဂြိုဟ်သားကပြောသည်။ "မင်းတို့ဂြိုဟ်မှားဆင်းလာကျတာဖြစ်မယ်?"


ထို့နောက်အခြားသော Tractites တစ်ယောက်က သူတို့ဘက်လှည့်၍ပြောလိုက်သည်။


"ဒီနေရာမှာကအရမ်းအေးတယ်။ ငါတို့နဲ့အတူ Afarnis  ကိုလိုက်ခဲ့မလား။ အဲ့ဒီမှာကခြောက်သွေ့ပြီးတော့နွေးထွေးတယ်။ ငါတို့မင်းကိုစားစရာနဲ့သောက်စရာတစ်ခုခုတော့ပေးနိုင်ပါတယ်။ မင်းတို့ယာဉ်ကိုဒီမှာထားခဲ့လည်းဘာမှမဖြစ်ဘူး။ ဒီနေရာကလုံခြုံတယ်။ ဒါမှမဟုတ် နောက်မှငါတို့ထဲကတစ်ယောက်ယောက်ကို လာယူခိုင်းလိုက်မယ်။ မင်းဘယ်လိုသဘောရလဲ?"


ခြောက်သွေ့ပြီးနွေးထွေးတယ်…

ပြီးတော့ ကောက်ရိုးခြောက်နံ့တွေရတယ်…

ဒါကတယ်ကို ဖြားယောင်းနေတာပဲ…ဟု Sam ကတွေးလိုက်သည်။ ဒါပေမယ့် ဒေါက်တာကလည်းသူတို့ဒုက္ခရောက်နေသည်ဟု ပြောလိုက်သည်ကိုး။ 


"အမ်…- ဒေါက်တာ…ကျွန်မတို့ ဟို- ဟိုအာကာသကနေပြန်ဝင်လာတဲ့ ယာဉ်ဆီပဲပြန်သွားကျမလား" Sam က ထိုကဲ့သို့အကြံပြုသည်။ ဒေါက်တာကပြန်မဖြေပဲ သူ၏ရွံ့ပေနေသောဖိနပ်ရှေ့မှမြေကြီးကိုစိုက်ကြည့်နေသည်။


ထိုအချိန်တွင်ဂြိုဟ်သားများ၏ယာဉ်ကိုမောင်းနှင်သူက ယာဉ်ပေါ်မှဆင်းလာသည်။ ထို့နောက်သူသည် ကျူပင်များဖြင့်ပြည့်နှက်နေသောနေရာပေါ်သို့ခြေချလိုက်သည်။ သူ၏ခန္ဓာကိုယ်အလေးချိန်နှင့်ရွှံ့များပေါ်တွင်လမ်းလျှောက်နေမှုတို့ကြောင့် တစ်လက်မခန့်နက်သောခြေရာများကျန်ရစ်နေခဲ့သည်။


ထိုအခြင်းအရာကိုကြည့်၍ Sam ကိုယ်တိုင်ပင်မသိလိုက်ပဲ တံတွေးမျိုးချလိုက်မိသည်။ ထိုယာဉ်ပျံ၏မောင်းနှင်သူဂြိုဟ်သားသည် ကြီးမားကြံ့ခိုင်သောခန္ဓာကိုယ်ကိုပိုင်ဆိုင်ပြီး ကြီးမားလွန်း၍ ဝန်စည်များဆွဲသည့်မြင်းများထက်ပင် နှစ်ဆပို၍ကြီးမားသည်ဟုထင်ရသည်။


သူ၏ခန္ဓာကိုယ်အောက်ပိုင်းနှင့်ခြေထောက်များတွင်အမွေးအမျှင်များဖြင့်ဖုံးအုပ်နေသည်။ ထိုအမွေးအမျှင်များသည် တို၍ ငွေရောင်နှင့်အဖြူရောင် ရောင်စုံကွက်များအဖြစ်တွေ့ရသည်။ ခွာများကမူအဖျားနှစ်ခုအဖြစ်ကွဲထွက်သွားပြီး အနက်ရောင်သားရေဖြင့်ပြုလုပ်ထားသောဖိနပ်ကိုစီးထားသည်။


ထို့နောက်သူကသူမ၏ရှေ့တွင်မုဆိုးဒူးထောက်ထိုင်ချလိုက်သည်။ ထိုအချိန်မှသာသူတို့၏အရပ်များသည် ရွယ်တူဖြစ်သွားသည့်ပုံပေါ်သည်။ 


"ကျွန်တော့်နာမည်က Kitig ပါ" သူကပြောသည်။


ထိုအချိန်တွင် "Sam Jones" ဟု Sam ၏နှုတ်မှအလိုအလျောက်ပြောထွက်သွားသည်။ 


ဂြိုဟ်သားကသူ၏လက်သုံးချောင်းသာရှိသောလက်ချောင်းများမကိုသူမရှေ့ဆန့်ထုတ်လာသည်။ လက်မောင်းများက ကြွက်သားများဖြင့်ပြည့်နှက်နေပြီး အဖြူရောင်အမွှေးတိုများဖြင့် ဖုံးအုပ်နေသည်။


Sam က မရဲတရဲဖြင့်သူမ၏လက်များကိုဆန့်ထုတ်လိုက်သည်။ 

ယခုအချိန်တွင်သူမအမှားတစ်ခုခုမလုပ်မိစေရန်ကြီးစွာသတိထားနေမိသည်။ အကယ်၍တစ်စုံတစ်ရာအမှားလုပ်မိ၍ နှစ်ယောက်နှင့်အများယှဉ်ပြိုင်ရပါက သူမတို့တွင်အနိုင်ရနိုင်ချေလုံးဝမရှိ။  ပျားအုံကိုတုတ်နှင့်ထိုးသလိုသာဖြစ်ပေလိမ့်မည်။ ထို့ကြောင့်သတိထားခြင်းသည်သာပို၍ကောင်းမွန်သည့် ဆုံးဖြတ်ချက်ဟု သူမလက်ခံထားသည်။


သို့သော် ထိုဂြိုဟ်သား၏လက်များကသူမ၏လက်ကိုရိုးရှင်းစွာဆုတ်ကိုင်လာသည်။ သူ၏လက်များက ဆင်နှာမောင်းများကဲ့သို့ အမွေးအမျှင်များကင်းစင်ကာခြောက်သွေ့ပြီးကြမ်းတမ်းသည်။


ဒေါက်တာကထိုင်နေရာမှရုတ်တရက်မတ်တပ်ထရပ်လိုက်ပြီး  Kitig ၏အခြားလက်တစ်ဖက်ကို လာရောက်ဆုတ်ကိုင်လိုက်သည်။ သူ့မျက်နှာပေါ်တွင်မူ သာမန်ထက်ပို၍ထူးခြားသောအပြုံးကိုပန်ဆင်ထားသည်။


“Tractites တွေက တော်တော်ပျူငှာတတ်တာပဲ။  ဒီကြယ်အစုအဝေးထဲမှာနေထိုင်တဲ့အကောင်းဆုံးဂြိုဟ်သားတွေလို့ပြောရမယ်…သူတို့နဲ့တွေ့တာတောင်ကံကောင်းတယ်”


ထို့နောက်ဒေါက်တာသည် Sam ဘက်သို့လှည့်ကြည့်လိုက်ပြီး သူ၏မျက်လုံးများကအနည်းငယ်တောက်ပသွားသည်ကိုတွေ့လိုက်ရသည်။ သူမချက်ချင်းပင် ထိုအကြည့်၏အဓိပ္ပာယ်ကိုနားလည်လိုက်သည်။


'ငါပြောသလိုလုပ်…

ဘာတွေဖြစ်နေလည်းဆိုတာငါသိအောင်လုပ်မယ်…

မင်းကငါပြန်ရှင်းပြတာကိုစောင့်ရုံပဲ…' ဟူ၍ဖြစ်သည်။


ကောင်းပြီလေ…စောင့်ကြည့်ကျတာပေါ့…ရှင်တစ်ယောက်တည်းအမှားကင်းတာမှမဟုတ်တာ ဟု Sam ကတွေးလိုက်ပြီးနောက်ဒေါက်တာ့ကိုကြည့်လိုက်သည်။


ထိုအချိန်တွင်ဒေါက်တာက Tractites မှယာဉ်ပျံမောင်းနှင်သူနှင့်စကားပြောနေပြီဖြစ်သည်။


"အခုလိုကူညီဖို့ကမ်းလှမ်းတဲ့အတွက်ကျေးဇူးတင်ပါတယ်…ဒါဆိုကျွန်တော်တို့ဘက်ကလည်းအားနာမနေတော့ပါဘူး…ခင်ဗျားတို့နဲ့လိုက်ခဲ့မယ်လေ…ဟုတ်တဟ်မဟုတ်လား Sam"


"အမ်…-ကောင်းပြီလေ"


Sam လည်းတာဝန်သိတတ်စွာနှင့်ပင်လက်ခံလိုက်ရသည်။ သူမလက်မခံ၍လည်းမဖြစ် ဘာလို့ဆိုဒေါက်တာက ဂြိုဟ်သားများ၏ယာဉ်ပျံပေါ်သို့ ရောက်နှင့်နေပြီးသောကြောင့်ဖြစ်သည်။ ထို့ကြောင့် သူမ ဒေါက်တာ့နောက်မှလိုက်လာလိုက်သည်။


ယာဉ်ပျံထဲသို့ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် ခြောက်သွေ့၍နွေးထွေးသောလေထုကသူမကိုကြိုဆိုသည်ကို ခံစားလိုက်ရသည်။ ကြမ်းပြင်ကကော်ဇော်ခင်းထားပြီး ထိုကော်ဇော်ကို အဝါရောင်နှင့်အညိုရောင် ဂဲသြမေထြီဒီဇိုင်းများဖြင့်ပုံဖော်ထားသည်ကိုတွေ့ရသည်။ 


ထိုဒီဇိုင်းသည် ရောမ၏အငွေ့အသက် အနည်းငယ်ပါနေသည်ဟုပင် သူမခံစားမိလိုက်ရသည်။ ၅၅ဘီစီခန့်ကကမ္ဘာကြီး၏ပုံစံနှင့်တူပြီး Tractites တွေက ထိုအချိန်တည်းကပင် ဓလေ့ထုံးစံတွေကိုစတင်လေ့လာနေပြီဟု သူမခေတ္တမျှတွေးထင်လိုက်မိသည်။


တကယ်လို့ အဲ့လိုသာဆိုရင်ဒေသခံတွေကဘယ်မှာလဲ?


သူမယာဉ်ပျံပေါ်မှအောက်သို့ငုံ့ကြည့်လိုက်သည်။

ယခုတော့ထိုယာဉ်ပျံသည် ရွှံ့ညွန်တောပေါ်မှ တဖြည်းဖြည်းနှင့်မြင့် တက်လာပြီဖြစ်သည်။ သို့သော်သူမ၏မြင်ကွင်းတစ်လျှောက်လုံးကျူပင်များနှင့် သာပြည့်နှက်နေသည်။ ထို့နောက်တွင်တော့ ထိုကျူပင်များသည် မီုးခိုးရောင်မြူခိုးများကြားတဖြည်းဖြည်းနှင့်ပျောက်ကွယ်သွား ကျသည်။


"ငါသာမင်းဆိုရင်ထိုင်နေမိမှာပဲ" 

"ဒီယာဉ်မှာအရှိန်မြှင့်တဲ့ကိရိယာပါမယ်လို့ ငါတော့မထင်ဘူး။" ဟုဒေါက်တာကသူမကိုကြည့်၍ပြောသည်။


သို့သော်သူမဆက်လက်၍ပင်မတ်တတ်ရပ်နေသည်။ ထို့သို့ရပ်နေခြင်းက လူကျပ်သည့်အချိန်များတွင် မတ်တတ်ရပ်၍ ဘတ်စ်ကားတိုးစီးရခြင်းလောက်မဆိုးသော်လည်း ညောင်းတော့ညောင်းသည်။ ဒါပေမယ့် သူမတို့ဘယ်ကိုရောက်နေပြီဆိုတာတော့သူမသိချင်သေးသည်။


ဒေါက်တာကမူ တိုင်တစ်ခုကိုမှီ၍ ခြေထောက်ချိတ်ထိုင်နေသည်။

ထို့နောက်သူမသည် ဒေါက်တာမှီထားသည့်တိုင်သို့ ကြည့်လိုက်မိသည်။ ထိုအရာကသစ်ပင်တစ်ပင်ဖြစ်ပြီး ပင်စည်ကအနက်ရောင်ဖြစ်သည်။ ပင်စည်၏ထိပ်ဖျားတွင် ဖန်းပင်၏အရွက်များကဲ့သို့သော အရွက်များကထောင်ထွက်နေသည်။


အရွက်များကဖန်းပင်နှင့်တူသော်လည်း အရောင်ကမူ လိမ္မော်ရောင်ဖြစ်နေသည်။ သူမထိုသစ်ပင်ဆီသို့လျှောက်သွားလိုက်ပြီး ပင်စည်ကိုဆုတ်ကိုင်ပြီးလှုပ်ရမ်းကြည့်မိသည်။ သို့သော်ပင်စည်ကတုတ်တုတ်မျှမလှုပ်။ 


ယခုအချိန်တွင် Kitig က ယာဉ်ကိုကောင်းမွန်စွာထိန်းချုပ်နေပြီဖြစ်သောကြောင့်လွန်းပျံယာဉ်သည်စတင်၍မြင့်တက်လာသည်။

TARDIS ၏အရိပ်အယောင်ကို ယာဉ်ပျံပေါ်မှနေ၍ တစ်စွန်းတစ်စမြင်နေရသည်။


အပြာရောင်သေတ္တာလေးက ကျူပင်များဖြင့် ပြည့်နှက်နေသောကျွန်း၏အစွန်းဘက်ရှိ ရွှံ့များကြားထဲတွင် ထိုးထွက်နေသည်။ ထို့နောက် ထိုအရာသည် သူမ၏မြင်ကွင်းထဲမှပျောက်ကွယ်သွားပြီး စိမ့်မြေနှင့် မှုန်မိုင်းနေသောကောင်းကင်တို့ကိုသာတွေ့ရတော့သည်။ 


လွန်းပျံယာဉ်၏ဘေးပတ်လည်တွင်အားတစ်ခုလည်ပတ်နေသည်ကို သူမခံစားမိသည်။ သူမဆီသို့ပြင်ပမှလေများတိုးဝင်လာခြင်းမရှိသော်လည်း လေထုကနွေးထွေးပြီး တစ်ခါတစ်ရံ ကောက်ရိုးခြောက်များ၏အနံ့များပါလာတတ်သည်။


ထိုအချိန်တွင် Tractites တစ်ယောက်ကသူမ၏နံဘေးတွင်ဒူးထောက်၍ထိုင်ချလိုက်သည်။ ထို Tractites သည် Kitig ထက်ပင်ပို၍ကြီးမားပြီး ပို၍ထင်ပေါ်သည်။ ဒါပေမယ့် Sam ကဘာကြောင့်မှန်းမသိ ထို Tractites ကို ဂြိုဟ်သားအမဟုသတ်မှတ်လိုက်သည်။


ထိုဂြိုဟ်သားသည် သူမနှင့်လက်ဆွဲနှုတ်ဆက်လိုက်ပြီး သူမကိုယ်သူမ Narunil ဟုမိတ်ဆက်သည်။


"မင်းတို့ကခရီးသွားတွေဆိုတာငါသိတယ်" ဟုသူမကပြောသည်။

"ငါတို့မျိုးစိတ်က စည်းကမ်းအရဂြိုဟ်ရဲ့အပြင်ဘက်ကို သိပ်ပြီးခရီးထွက်ခွင့်မရှိဘူးလေ။ ဒါပေမယ့် ငါ့မိဘတွေနဲ့တော့ Tractis ကိုသွားဖူးတယ်။ မင်းတို့အဲ့ဒီကိုရောက်ဖူးကျလား?"


"အိုး…ဒါပေါ့…ရောက်ဖူးတာပေါ့…မရေမတွက်နိုင်အောင်ကိုသွားဖူးတယ်" ဟုဒေါက်တာကပြောသည်။


"အဲ့ဒီနေရာကအရမ်းကိုအံ့သြဖို့ကောင်းတဲ့နေရာတစ်ခုပဲ…ပြီးတော့ ဂြိုဟ်တွေအားလုံးထဲမှာ အဲ့ဒီနေရာက ကောက်ရိုးတွေနဲ့ပတ်သက်ပြီး အထင်ကရရှိတဲ့နေရာပဲ။ ပြီးတော့ Bror ကမ်းခြေနားမှာစားသောက်ဆိုင်ရှိတယ်လေ။ Deeg ပိုင်တဲ့ဆိုင်လား မသိဘူး။ ဒါမှမဟုတ် Keeg ရဲ့ဆိုင်လား? မင်းမှတ်မိသေးလား Sam?"


"သိပ်တော့မမှတ်မိတော့ဘူး။ Teeg ရဲ့ဆိုင်မဟုတ်ဘူးလာ? ဒါမှမဟုတ် Creeg…?Weeg…?Bleeg? သူတို့ထဲကတစ်ယောက်ယောက်နေမှာပေါ့။" ဟု Sam ကပြောသည်။


တကယ်တမ်းပြောရလျှင် Tractis သို့သူမတစ်ခါမျှမရောက်ဖူး။ ပြီးတော့ ဒေါက်တာတစ်ရောက်တည်းသာ အဲ့ဒီနေရာအကြောင်းကို ကောင်းကောင်းသိသည်။ 


သို့ပေမယ့် ဒေါက်တာကသူမကို အတွေ့အကြုံရှိပြီး ဝါရင့်နေပြီဖြစ်သော ခရီးသွားပုံစံအဖြစ်ဟန်ဆောင်ခိုင်းခြင်းတွင် အကြောင်းပြချက်ရှိနိုင်သည်။


 အင်း…သူ့ဇာတ်သူနိုင်အောင်ကပြီး ငါ့ကိုဆွဲမထည့်ရင် ဒါကလည်းငါ့အတွက်အဆင်ပြေပါတယ်လေ။ 


"Bror ကမ်းခြေ? ကျွန်မအဲ့ဒါကို Tractis မှာမကြားခဲ့ဖူးသလိုပဲ။ အဲ့ဒါကမြောက်ပိုင်းတစ်နေရာရာမှာများရှိတာလား?"

Narunil ကမေးသည်။


ဒေါက်တာကမျက်မှောင်ကျုတ်လိုက်သည်။


"စိတ်မှာရှိပါနဲ့ဗျာ…နာမည်တစ်ခုပဲဟာကို ပြီးတော့ဒါကလည်းဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းကလေ။ ကျွန်တော်နေရာတော်တော်များများကိုရောက်ခဲ့ဖူးတယ်။ Ah!… ဟိုမှာကြည့်စမ်း!"


ဒေါက်တာကသူ၏ဘောင်းဘီမှရွှံ့ခြောက်များကိုခါ၍ထခုန်လိုက်သည်။ ထို့နောက်အပြင်ဘက်မှ စိမ့်မြေသို့ညွှန်ပြ၍ "အဲ့ဒီနေရာက Afarnis လား?" ဟုမေးလိုက်သည်။


Sam ကဒေါက်တာကြည့်နေသည့်ဘက်သို့လိုက်၍ကြည့်သည်။ 

ထို့နောက်အလင်းရောင်များကတောင်ကုန်း၏ဘေးဘက်တွင်ဖျာ၍ကျနေသည်ကိုတွေ့လိုက်ရသည်။ ထိုအလင်းရောင်များသည် နေ့အလင်းရောင်ကိုဖုံးအုပ်ထားသည့်တိမ်များကိုပင် ဖောက်ထွက်သွားဟန်ရှိသည်။


မြူများထဲမှတဖြည်းဖြည်းထွက်လာပြီးသည့်နောက်တွင် လွန်းပျံယာဉ်သည်မြစ်တစ်စင်းကိုဖြတ်သန်း၍မောင်းနှင်သွားသည်ကိုတွေ့လိုက်ရသည်။ ထို့နောက်စက်လုံးပုံသဏ္ဌာန် ဖောက်ထွင်း၍မြင်နိုင်သော အဆောက်အအုံများကိုတွေ့ရသည်။


ထိုအဆောက်အအုံများသည် ရေထဲရှိဆပ်ပြာပူဖောင်းလေးများကဲ့သို့ တစ်ခုနှင့်တစ်ခုဝိုင်းရံထားကျသည်။


ထိုအဆောက်အအုံများကြားတွင် Tractites များက အဖြူရောင်ကျောက်တုံးများခင်းထားသည့်လမ်းထက်တွင် ရွေ့လျားနေကျသည်။ တစ်ချို့ကသူတို့၏ကျောပေါ်တွင် ကြိမ်ပြင့်ပြုလုပ်ထားသောထိုးစိုက်စရာထည့်သည့် အရာများကိုလွယ်ထားပြီး မီးအိမ်များကိုသယ်ဆောင်ထားကျသည်။


"ဒါကမြို့သေးသေးလေးတစ်ခုပါပဲ…အဲ့လောက်ထိလေ့လာစရာအများကြီးမရှိပါဘူး။ အရင်တုန်းက ဒီမြို့က သေးငယ်ပြီးစိုထိုင်းတဲ့မြေတစ်ခုအဖြစ်ပဲရှိခဲ့တာ။" ဟု Narunil ကပြောသည်။


သူမသည်ထိုနောက်ဆုံးစကားကို ညင်သာသောအသံတစ်ရှိုက် ဖြင့်ပြောလိုက်ခြင်းဖြစ်သော်လည်း Sam ကမူ သူမ၏ခန္ဓာကိုယ်တစ်လျှောက်ကြက်သီးများ ဖျန်းကနဲထသွားသည်ကိုတော့ခံစားမိလိုက်သည်။


လွန်းပျံယာဉ်၏အပြင်ဘက်မှအားကြောင့် ယာဉ်အတွင်းရှိလေထုသည် နွေးထွေးသော်လည်းရုတ်တရက် အေးစိမ့်လာသည်ဟုပင်သူမထင်မိသည်။


သေးငယ်ပြီးစိုထိုင်းတဲ့မြေ…။


ဒါက အင်္ဂလန်နဲ့ဆင်သလိုပဲ။ လန်ဒန်ကလည်း အရင်တုန်းကနစ်မြုပ်သွားပြီးရွှံ့မြေကြီးဖြစ်လာခဲ့ဖူးတယ်မလား?


သူမသမင်လည်ပြန်လှည့်၍ နောက်ဘက်တွင်မှေးမှိန်၍ကျန်ခဲ့သော မြစ်ကိုကြည့်လိုက်မိသည်။ ကျယ်ပြန့်ပြီးတော့ အေးချမ်းတယ်။ ထို့နောက်ထိုမြစ်သည် Thames မြစ်၏အရွယ်ပမာဏ နှင့်ကွက်တိပင်ဖြစ်သည်ကိုသူမရိပ်မိလိုက်သည်။


ထို့နောက်သူမတွေးဆခဲ့သော John Richter Scales သည် ထပ်ညွှန်းကိန်းဂဏန်းများအထိ ပို၍မြင့်တက်လာခဲ့သည်။


‘ငါတို့ကမ္ဘာမြေပေါ်ရောက်နေကျတာ’ ဟုသူမတွေးလိုက်မိသည်။


‘ဒါပေမယ့်ငါတို့ကျူးကျော်ဝင်ရောက်ခြင်းကိုအချိန်မှီ မတားဆီးနိုင်ခဲ့ဘူး။ ကျူးကျော်သူတွေက ကမ္ဘာမြေထဲမှာတောင် ဝင်ရောက်နေထိုင်နေကျပြီ။’


‘လူသားမျိုးနွယ်တွေမျိုးတုံးသွားပြီ။’


rate now:

4 Reviews
  • reader Thoon Su Aung 17.10.2019, 14:13 5

    ♥️

    reply

  • reader Hein Nay Zaw 16.10.2019, 15:57 5

    👌👌👌

    reply

  • reader Hein Nay Zaw 16.10.2019, 15:57 5

    🙄🙄

    reply

  • reader Rosella 16.10.2019, 15:53 5

    nice!

    author Lucifer 16.10.2019, 17:07

    Thank you!🙆