"ကျွန်တော် ခင်ဗျားတို့ကိုမပြောပြနိုင်ဘူး"
"ဒါကဘယ်နေရာမှာမဆိုအလွယ်တကူပြောလို့ရတဲ့ အစီအစဉ်မျိုးမဟုတ်ဘူး"
သူ၏စကားအဆုံးတွင်လူအားလုံး၏အကြည့်သည်သူ့ဆီသို့ဆိုက်ရောက်လာသည်။ သစ်ပင်ကိုမှီကာအိပ်နေသည့်ကောင်လေးပင် နိုးထလာဟန်ရှိသည်။
"ရှင့်မှာအစီအစဉ်ရှိတယ်ပေါ့"
Arc ကမေးပေမယ့် သူမ၏အသံကတော့သိပ်ယုံကြည်ဟန်မပေါ်။
"မင်းဘယ်လိုထင်လဲ"
Jacob ကပြန်ပြောလိုက်သည်။ "ဒီမှာစကားတစ်ခုရှိတယ်မလား မင်းသာအချိန်ခရီးသွားလို့ရခဲ့မယ်ဆိုရင်ဆိုတဲ့စကားလေ"
"ကျွန်မတို့ဒီနေရာမှာရှင့်ရဲ့စိတ်ကူးယဉ်အကြောင်းတွေနားထောင်ဖို့ရောက်နေတာမဟုတ်ဘူးနော်" Arc ကပြောသည်။
ဒါပေမယ့် Mike ကလက်မြောက်၍ သူမကိုဆက်မပြောရန်တားလိုက်သည်။ ထို့နောက် "ငါတို့အချိန်ခရီးသွားနိုင်မယ်ဆိုရင် ဟုတ်ပြီ" ဟုပြော၍ Jacob ကိုဆက်ပြောရန်အချက်ပြသည်။
Arc ကသူ့ကိုတစ်ချက်ကြည့်လိုက်သည်။ သူမမျက်လုံးထဲတွင်တော့မကျေနပ်သည့်အရိပ်အယောင်တစ်စွန်းတစ်စကိုမြင်တွေ့ရသည်။ သို့သော် သူမဘာမှဆက်မပြောနိုင်သေးခင်မှာပဲ Jacob ကပြောလက်စ စကားကိုဆက်ပြောလာသည်။
"တကယ်လို့ ကျွန်တော်တို့လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်သန်း မဟုတ်ဘူး သုံးသန်းကိုပြန်သွားခဲ့မယ်ဆိုရင် အဲ့ဒီအချိန်ကလူသားတွေက ဒီနေ့ခေတ်လူသားတွေလိုအသိဉာဏ်မျိုးရှိကျမှာမဟုတ်သေးဘူး။ အဲ့တော့ ကျွန်တော်ပြောချင်တာကကျွန်တော်တို့ အဲ့ဒါကိုအခွင့်ကောင်းယူပြီး…အဲ့ဒီအချိန်ကိုပြန်သွားမယ်…ပြီးရင်သူတို့အားလုံးကိုဗိုင်းရပ်စ် ဒါမှမဟုတ် တခုခုကြောင့်အကြောင်းပြပြီး လူသားတွေအားလုံးကို အကုန်အမြစ်ဖြတ်သုတ်သင်လိုက်မယ်"
ပတ်ဝန်းကျင်တစ်ခုလုံးမယုံကြည်နိုင်လောက်အောင်ပင်တိတ်ဆိတ်သွားသည်။ သူ၏စကားကိုအဟုတ်မှတ်၍နားထောင်နေသူများပင် မျက်လုံးပြူးသွားရသည်။
လူသားတွေကိုအမြစ်ဖြတ်သုတ်သင်မယ်…အကြောင်းရင်းကကမ္ဘာလောကကြီးကိုကယ်တင်ဖို့အတွက်…
Arc ကသူမမျက်လုံးတွေကိုပိတ်လိုက်ပြီး ခေါင်းကိုဖြေးညင်းစွာခါရမ်းလိုက်သည်။ ဘေစ့်ဘောဦးထုပ်ဆောင်းထားသည့်ကောင်လေးများပင် အချင်းချင်းကြည့်လိုက်ကျပြီးနောက် Mike ဘက်သို့ လှည့်ကြည့်ကျသည်။ Elouise ကသူ့ကိုမျက်မှောင် ကျုတ်၍ကြည့်နေသည်။ သူမကြည့်ရတာ တစ်စုံတစ်ခုကိုပြောချင်သည့်ဟန်ရှိသည်။
"ဒါကနည်းနည်းအစွန်းရောက်သွားသလိုပဲ, ကျွန်မဆိုလိုချင်တာက…" သူမတုန့်ဆိုင်းနေသည်။ ကြည့်ရတာသူမပြောချင်သည့်စကားကိုပြောသင့်မပြောသင့်စဉ်းစားနေပုံရသည်။
"ကျွန်မတို့သာပြန်သွားလို့ရခဲ့ရင်ပြန်သွားမယ်…ဒါပေမယ့်ရှင့်လိုတော့သတ်ဖြတ်မှာမဟုတ်ဘူး… ကျောက်ခေတ်လူသားတွေက သဘာဝလောကကြီးရဲ့ တစ်စိတ်တစ်ပိုင်းလို့ပြောလို့ရတယ်။ ဆိုတော့ကျွန်မတို့နည်းလမ်းတစ်ခုခုရှာပြီး လူသားတွေကို ကျောက်ခေတ်မှာပဲတည်ရှိနေအောင်ထိန်းထားမယ်။ ဒါဆိုရင်တော့ဖြစ်ကောင်းဖြစ်နိုင်--"
"ကျောက်ခေတ်လူသားတွေကအမွေးရှည်ဆင်တွေကိုမျိုးတုံးအောင်လုပ်ခဲ့ကြတာ…ပြီးတော့ သမင်ကြီးတွေ ဘာဘွန်းမျောက်ကြီးတွေ ဆလော့တွေ ဂူအောင်းဝက်ဝံတွေ အစွယ်ကွေးကျားတွေ…အများကြီးပဲ… မျိုးစိတ်တစ်ရာနီးပါးလောက်ကိုမျိုးတုန်းအောင်လုပ်ခဲ့ကျတာ။ အဲ့ဒီအချိန်တည်းကလူသားတွေကမျိုးဖြတ်သတ်ဖြတ်မှုတွေ လုပ်ပြီးကမ္ဘာလောကကြီးကိုထိခိုက်အောင်လုပ်ခဲ့ကျတာ…ဘာကြောင့်ကျွန်တော်တို့ကသူတို့ကိုပြန်ပြီးမျိုးဖြုတ်မသတ်ဖြတ်ပစ်နိုင်ရမှာလဲ…"
Jacob သူ၏ခန္ဓာကိုယ်တွင်းမှ သွေးတွေပွက်ပွက်ဆူလာသည်ကိုခံစားလိုက်ရသည်။ ဒီအရာတွေကို အစတည်းကပြောခဲ့သင့်မှန်းသူ အခုမှသဘောပေါက်သည်။
"ကမ္ဘာမြေကင်ဆာလို့ခေါ်တဲ့ရောဂါပိုးတစ်မျိုးအာဖရိက ကနေစတင်ပြီးပျံ့နှံ့လာခဲ့တယ်…အဲ့ဒီရောဂါပိုးက ဘာလဲခင်ဗျားတို့သိလား…ဟုတ်တယ် အဲ့ဒါကျွန်တော်တို့ လူသားတွေပဲ။ လူသားတွေ စတင်ပေါ်ပေါက်လာကတည်းက ဆိုးရွားတဲ့အကြံဉာဏ်တွေနဲ့ဖြစ်တည်လာခဲ့တာ။ သူတို့ကကမ္ဘာမြေရဲ့အရင်းမြစ်တွေကို စားသုံးကျတယ် ပြီးရင်အထိန်းအကွပ်မဲ့စွာနဲ့မျိုးပွားကျတယ်…စားပြီးနားမလည်တဲ့လူတွေလို ဂေဟစနစ်ကိုဖျက်ဆီးတယ်။ တဖြည်းဖြည်းဖျက်ဆီးရင်းနဲ့အဆုံးသတ်မှာကမ္ဘာကြီးတစ်ခုတည်းကပဲဒဏ်ရာဒဏ်ချက်တွေနဲ့ကျန်ခဲ့ရမှာ…ဒီလိုဖျက်ဆီးသူတွေက အစတည်းက ဒီကမ္ဘာပေါ်မှာရှိမနေသင့်ဘူး…လူသားဆိုတဲ့ဖြစ်တည်မှု ဟာလုံးဝရှိမနေသင့်ဘူး…လူသားတွေကသေကိုသေသင့်တယ်"
"ဘယ်လိုမှမဖြစ်နိုင်ဘူး! လူသားတွေကကမ္ဘာမြေကြီးကိုထိခိုက်အောင်လုပ်ခဲ့တာငါဝန်ခံတယ်။ ဒါပေမယ့် အချိန်ကိုနောက်ပြန်သွားပြီး အသိဉာဏ်နည်းပါးသေးတဲ့ လူသားတွေကိုမျိုးဖြုတ်သတ်ဖြတ်တာမျိုးက မင်းလုံးဝလုပ်သင့်တဲ့အရာမဟုတ်ဘူး"
Mike ကထိန်လန့်တုန်လှုပ်စွာပြောလာသည်။ လူသားတွေကသေကိုသေသင့်တယ်ဆိုသောစကားသည်သူ့အတွက်အကြီးအကျယ်ရှောခ့်ရစေသောစကားဖြစ်သည်။ သူခေတ္တမျှရပ်တန့်ပြီးသည့် နောက်ထပ်မံ၍ပြောလာပြန်သည်။
"ဘာပဲဖြစ်ဖြစ် ဒါကလုံးဝမဖြစ်သင့်ဘူး။"
"ဒါပေမယ့် မင်းလုပ်နိုင်တယ်ဆိုရင်ရော?"
Jocob က Mike ရဲ့မျက်လုံးတွေကိုစိုက်ကြည့်၍ပြောလာသည်။ သူ့မျက်လုံးတွေထဲမှာထိတ်လန့်တုန်လှုပ်ခြင်း စနောက်ခြင်းစသည့်အရိပ်အယောင်တစ်စက်မျှမပါ။
"ငါလုပ်နိုင်မှာမဟုတ်ဘူး။ မင်းလည်းလုပ်နိုင်မှာမဟုတ်သလို ဒီကမ္ဘာပေါ်မှာရှိတဲ့တခြားဘယ်သူကမှ ဒီလိုရက်စက်တဲ့အကြံမျိုးကိုလုပ်နိုင်မှာမဟုတ်ဘူး။ တကယ်လို့ဒါကဖြစ်နိုင်မယ်လို့မင်းတွေးတယ်ဆိုရင်တောင် မင်းအတွေးထဲမှာပဲဖြစ်လာလိမ့်မယ်…လက်တွေ့မှာဘယ်တော့မှဖြစ်လာမယ့်အရာမဟုတ်ဘူး။"
"သူရုပ်ရှင်ကြည့်တာအရမ်းများသွားတယ်ထင်တယ်"
Arc ကဝင်ပြောသည်။ သို့ပေမယ့် သူမ၏အသံက ငြီးငွေ့ကာပျင်းရိနေဟန်ပေါ်သည်။
Jacob လက်သီးကိုဆုတ်၍တံတွေးတစ်ချက်မျိုချလိုက်မိသည်။ ထို့နောက် Elouise ကိုငုံ့ကြည့်လိုက်သည်။ သူဒီလူပိန်းတွေထဲကတစ်ယောက်ကိုတော့လက်ခံယုံကြည်လာအောင်သိမ်းသွင်းရမည်။ ဒါကသူဒီမှာဆက်လက်ရှိနေခြင်း၏ အကြောင်းပြချက်ပင်။
မင်းသာဆိုရင်ရောဘယ်လိုလဲ မင်းအဲ့ဒါကိုလုပ်နိုင်မှာလား ဟူသည့်အဓိပ္ပာယ်ဆောင်သည့်မျက်ဝန်းတွေကသူမကိုစိုက်ကြည့်နေမှန်း Elouise ခံစားမိလိုက်သည်။
"ကျွန်မ-"
သူမနှုတ်ခမ်းကိုခပ်တင်းတင်းဖိကိုက်၍ဆံပင်ကိုပို၍တင်းတင်းကျပ်ကျပ်ဆွဲနေမိသည်။
"ကျွန်မအဲ့လောက်ကြီးတော့လုပ်နိုင်မယ်မထင်ဘူး။ အဲ့ဒါကိုလုပ်လို့ကမ္ဘာလောကကြီးကိုထိန်းသိမ်းနိုင်မယ်ဆိုရင်တောင် ကျွန်မလုပ်နိုင်မယ်မထင်__"
"ကျွန်တော်ခင်ဗျားကိုပြောခဲ့ဖူးပါတယ်…ခင်ဗျားတို့ဒီလိုလုပ်နေလို့ဘာကောင်းကျိုးမှရှိလာမှာမဟုတ်ဘူး!" Jacob ၏အသံက ထင်ထားသည်ထက်ပင်ပို၍ ဟိန်းထွက်လာသည်။
Elouise ကြောက်လန့်၍ သူမ၏ဆံပင်တွေကိုမျက်လုံးရှေ့သို့ဆွဲလိုက်သည်။ Arc ကထိုင်ချလိုက်ပြီးနှစ်သိမ့်သည့်သဘောဖြင့် သူမ၏ပုခုံးတွေကိုဆုတ်ကိုင်ပေးထားသည်။
"သူ့ကိုကြောက်အောင်မလုပ်နဲ့" သူမ၏အသံမှာစိတ်ကုန်ခြင်း ဒေါသထွက်ခြင်းအရိပ်အယောင်တွေကိုတွေ့နိုင်သည်။
"ဘာပဲပြောပြောဒါရှင့်ရဲကိုယ်ပိုင်ယူဆချက်လေ…ကျောက်ခေတ်မှာလူတွေကသဘာဝတရားနဲ့ကိုက်ညီအောင်နေခဲ့ကျသလို အခုခေတ်မှာလည်း New Guinea လိုနေရာမျိုးမှာ တစ်ချို့လူတွေကသဘာဝတရားနဲ့ညီမျှအောင်နေဖို့ကြိုးစားနေကျတာပဲ။ ပြီးတော့…အဲ့ဒီမျိုးစိတ်တွေအားလုံးကိုလူသားတွေ ကိုယ်တိုင်သတ်ဖြတ်ပစ်ခဲ့တယ်ဆိုတာ ရှင်မြင်ခဲ့ကြားခဲ့ရလို့လား။ ရှင့်ထင်မြင်ချက်တစ်ခုတည်းနဲ့လူသားတွေကမျိုးဖြုတ်သတ်ဖြတ်တယ်လို့မစွပ်စွဲနိုင်ဘူး…မျိုးစိတ်တစ်ခုနဲ့တစ်ခုတိုက်ခိုက်ရင်း သေသွားတာလည်းဖြစ်နိုင်သလိုတခြားအကြောင်းပြချက်တွေကြောင့် သေကျေကျတာလည်းဖြစ်နိုင်တာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် လူသားတွေကမသတ်ခဲ့ရင်တောင်တချို့ကတစ်နည်းနည်းနဲ့သေကိုသေရမှာပဲ။"
ရုတ်တရက် Jacob ရဲ့ဒေါသတွေ မီးတောင်တလုံးလိုပေါက်ကွဲလာသည်ဟုခံစားလိုက်ရသည်။ အစကမျိုသိပ်ကာ ထိန်းထားခဲ့သည်းစိတ်လည်း ယခုတော့ ကြက်ပျောက်ငှက်ပျောက်ဖြစ်ကုန်သည်။
"လူသားတွေမသတ်ခဲ့ရင်တောင်တချို့ကတနည်းနည်းနဲ့သေကိုသေရမှာပဲ?…ဟား…သိပ်ကောင်းတဲ့စကားပဲ…ခင်ဗျားလိုဘာမဟုတ်တဲ့ယုန်လေးအနည်းငယ်ကိုပဲ ကယ်တင်နိုင်ခဲ့တဲ့လူဆီကဒီလိုစကားမျိုးကြားရတာမဆန်းပါဘူး…သူတို့ကတနည်းနည်းနဲ့သေကိုသေရမှာ…ဟုတ်တယ်…သူတို့သေကုန်တယ်…ဒါပေမယ့် လူသားတွေသတ်လို့သေကုန်တာပဲ။ ခင်ဗျားသိရဲ့လား စက္ကန့်တိုင်းစက္ကန့်တိုင်းမှာ ဟောဒီကြီးမြတ်လှပါတယ်ဆိုတဲ့လူသားတွေစားသုံးဖို့ သန်းပေါင်းများစွာသောသက်ရှိတွေသေကြေနေကျရတယ်။ ကျွန်တော်ဘာလုပ်မလဲလို့ ခင်ဗျားမေးဖူးတယ်မလား…ဟုတ်ပြီ…ခင်ဗျားသိပ်သိချင်နေတဲ့အဖြေကို ကျွန်တော်ပြောပြမယ်"
Jacob ပြုံးလိုက်ပြီးသည့်နောက်တွင် သူ့အသံသည် ရက်စက်ကြမ်းကြုတ်သည့်အသံအဖြစ်သို့ပြောင်းလဲသွားသည်။ သူ၏မျက်လုံးများကနီရဲလာပြီး ရင်ဘတ်ကနိမ့်ချည်မြင့်ချည်ဖြင့် သာမန်လူ၏အသက်ရှူနှုန်းထက်ပင် ပို၍မြန်လာသည်ကို အတိုင်းသားတွေ့နေရသည်။
"ဒီကမ္ဘာပေါ်မှာရှိတဲ့သက်ရှိလူသားအားလုံးကိုတစ်ယောက်မှမချန်သတ်ပစ်မယ်။ ကျွန်တော့်ကို ဘယ်သူမှမရပ်တန့်နိုင်စေရဘူး။ ခင်ဗျားတို့အပါအဝင် ဘယ်သူကမှကျွန်တော့်ကို မတားဆီးနိုင်ဘူး"
ထို့နောက်တွင်တော့ပတ်ဝန်းကျင်တစ်ခုလုံးအပ်ကျသံပင်မကြားရတော့လောက်အောင်တိတ်ဆိတ်သွားပြန်သည်။ ဒီတစ်ကြိမ်တွင်တော့ Arc ကခပ်ထေ့ထေ့ရယ်သံနှင့်အတူ Jacob ကိုလှောင်လိုက်သည်။
"ဒီလူရဲ့စိတ်ကူးယဉ်ပုံပြင်တွေကိုနားထောင်နေမယ့်အစား ကျွန်မတို့အကျိုးရှိတာတစ်ခုခုသွားလုပ်ကျရင်မကောင်းဘူးလား။"
ဘေစ့်ဘောဦးထုပ်ဆောင်းထားသည့်ကောင်လေးနှစ်ယောက်လည်းမတ်တတ်ရပ်၍ Mike နှင့်အကြည့်ချင်းဖလှယ်လိုက်သည်။
သူတို့ရှေ့တွင်တော့ Jacob ကသူ၏မျက်နှာထက် ကြောက်မက်ဖွယ်အပြုံးကိုပန်ဆင်ထားသည်။
"ခင်ဗျားတို့အားလုံးကကျွန်တော့ကိုရူးနေတယ်လို့ထင်နေကျတာမလား?" Elouise ကိုကြည့်၍ Jacob မေးခွန်းထုတ်မိသည်။
"ရူးတယ်လို့ထင်တာတော့မဟုတ်ဘူး…ဒီတိုင်းပဲ…ရှင်ကိုကထူးဆန်းနေတာ"ဟု Elouise ကပြောလိုက်သည်။ ထို့နောက်ရှက်ကြောက်သည့်ဟန်ဖြင့်မျက်နှာလွှဲသွားသည်။
"ကောင်းပြီလေ" Jacob ဒီလူပိန်းတစ်စုကိုကြည့်၍ အဓိပ္ပာယ်ပါသည့်အပြုံးမျိုးပြုံးပြလိုက်သည်။
သေချာသည်ကထိုအပြုံးသည် ကောင်းသောအခြင်းအရာများကို ခေါ်ဆောင်ပေးလိမ့်မည်မဟုတ်ကိုတော့ အားလုံးသဘောပေါက်လိုက်ကျသည်။
"ခင်ဗျားတို့ကဘယ်လိုမျိုးစိတ်တွေ ဘယ်လိုတွေဖြစ်ပါတယ်ဆိုပြီးဖျော်ဖြေသွားတာ…ကျွန်တော်လည်းခင်ဗျားတို့ကိုထူးထူးခြားခြားလေးပြန်ဖျော်ဖြေပြမယ်လေ…ဘယ်လိုသဘောရလဲ"
Elouise ကသူမ၏ဆံပင်ကိုမျက်စိရှေ့ဆွဲလျက် သူမထိုင်နေသည့်နေရာတွင်ထိုင်မြဲအတိုင်းထိုင်နေသည်။
Jacob သူမနားသို့တိုးကပ်သွားပြီး
"ငါကအစွယ်ကွေးကျားပဲ။"
ဟုပြောကာ မာန်ဖီဟန်ပြုသည်။
"လူတွေရဲ့ဦးခေါင်းကိုသွားတွေနဲ့ဖောက်ထုတ်ပစ်မယ်"
Eloiuse လန့်ဖျန့်၍ထခုန်လိုက်မိသည်။ သူမနောက်ဘက်သို့ခြေလှမ်းဆုတ်ရန်ကြံရွယ်စဉ်ခလုတ်တိုက်၍မြေပြင်ပေါ်သို့ပြန်ကျသည်။ သူမဆီမှနာကျင်သောကြောင့် ပင့်သက်ရှိုက်သည့်အသံကိုပင်ကြားနိုင်သည်။
Arc ကမူထိုင်နေရာမှမတ်တတ်ထရပ်လိုက်မိသည်။ Elouise လောက်မလန့်ဖျန့်သော်လည်း သူမအနည်းငယ် လန့်သွားခဲ့သည်ဟုဆိုလျှင်ပို၍မှန်ပေမည်။
"ငါကဂူအောင်းဝက်ဝံပဲ ဟောဒီချွန်ထက်တဲ့လက်သည်းတွေနဲ့ လူသားတွေရဲ့ဗိုက်ကိုဖောက်ထုတ်ပြီး အူကလီစာတွေကိုတစ်စစီဆုတ်ဖြဲပစ်မယ်" ဟုပြောကာဓားကိုဆွဲထုတ်၍မိန်းကလေးတစ်ဦး၏ဝမ်းဗိုက်နားကပ်လျက် ဓားကိုတရွှစ်ရွှစ်မြည်အောင်ဝှေ့ယမ်းပြနေသည်။ အမှန်တကယ် ဂူအောင်းဝက်ဝံ၏အူကလီစာများကို ဆွဲစုတ်ပစ်ပုံကိုတုပနေခြင်းဖြစ်သည်။
ထို့နောက်နောက်ကျောဘက်မှ Mike ၏လှုပ်ရှားသံကို ကြားလိုက်ရသောကြောင့် Jacob သူ့ဆီသို့ခုန်၍ လှည့်လိုက်သည်။
ထို့နောက်ခန္ဓာကိုယ်ကိုအနည်းငယ်ကုန်း၍ Mike ဆီသို့ဓားဖြင့်အားစိုက်ကာထိုးချလိုက်သည်။
အမှန်တကယ်ပင်အထိုးခံလိုက်သည်အထင်နှင့် လေထုသည်ရုတ်ချည်းငြိမ်ကျသွားသည်။ Mike ကိုယ်တိုင်လည်းခန္ဓာကိုယ်ကကြောက်လန့်၍ အနည်းငယ်မျှပင်ရွေ့လျား၍မရ။ မိမိတော့ပွဲသိမ်းပြီဟူသည့်အတွေးဖြင့် နေရာမှာပင်တောင့်တင်း၍ရပ်နေမိသည်။
Jacob ၏အသံထပ်မံထွက်ပေါ်လာသောအခါမှ အားလုံးအသိစိတ်ပြန်ကပ်လာကျသည်။
"ငါကအမွေးထူကြံ့ လူသားတွေကိုဦးချိုနဲ့ထိုးကော်ပစ်မယ်"
Jacob ယခုတော့ထိုသို့လုပ်ရသည်ကို စတင်သဘောကျလာပြီဖြစ်သည်။
ထို့နောက်ကောင်လေးတစ်ယောက်ဘက်လှည့်၍ ဓားကိုရက်စက်စွာလွှဲယမ်းပြနေသည်။ ဓားသွားဖြင့် အနည်းငယ်သာထပ်မံ၍ထိမည်ဆိုပါက အသက်ပင်ပျောက်သွားနိုင်သည်။ ထို့ကြောင့်သူသည် ထိုနေရာမှကြောက်လန့်တကြားတင်ပါးနှင့်ဖနောင့်တစ်သားတည်းဖြစ်အောင် ပြေးလေတော့သည်။
“ငါကကျားသစ် လူသားတွေကိုလည်ပင်းကနေကိုက်ဆွဲပစ်မယ်”
ဟုပြောပြီးနောက်အော်ဟစ်နေသည်။
Mike ကအော်၍ကျန်လူများကိုသတိပေးလိုက်သည်။
“သွားရအောင် ဒီအရူးကောင်ငါတို့ကိုဘာမှမလုပ်ခင် ဒီနေရာကမြန်မြန်ထွက်သွားရအောင်”
ပြီးတော့သူတို့ငါးယောက်စလုံးချင်ပန်ဇီမျောက်ဝံများခုန်ပေါက်၍ပြေးသလိုထွက်ပြေးသွားကျသည်။
“ငါကဝံပုလွေ…” ဟုပြော၍ Jacob ကထိုလူများပြေးသွားသည့်ဘက်သို့လှည့်၍အူနေသည်။
“ငါကခြင်္သေ့…ငါက…ဟားဟားဟား…” သူစတင်၍ရယ်မောသည်။
“အန်နာကွန်ဒါမြွေ…ငါကဂရဇ်ဇလီဝက်ဝံ…ငါက…ဟားဟားဟား…”
ထို့နာက်တစ်ကိုယ်တည်း သစ်ရွက်ခြောက်များပေါ်တွင်လှိမ့်၍ အရူးတစ်ယောက်လိုရယ်မောနေသည်။ ခဏအကြာတွင်တော့ ရယ်သံတွေတစ်စတစ်စလျော့ကျသွားပြီး တိတ်ဆိတ်မှုတို့ကပြန်လည်မင်းမူလာသည်။
အရာအားလုံးတိတ်ဆိတ်သွားပြီ…
သူတို့ဒီနားကနေထွက်သွားကျပြီ…
သူတို့ဒီကိုပြန်လာရဲမှာမဟုတ်တော့ဘူး…
ကောင်းတယ်…ဟားဟား
“မင်းတို့ရဲ့အိပ်မက်ဆိုးတွေကငါပဲဖြစ်ကိုဖြစ်လာမှာ” ဟုသူရေရွတ်လိုက်သည်။
“ငါက Alpha Omega ပြီးတော့ကမ္ဘာကြီးကိုဖျက်ဆီးမယ့်သူ… ဟားဟား”
(A/N: ဒီနေရာမှာသုံးထားတဲ့ Alpha နဲ့ Omega ဆိုတာက အစနဲ့အဆုံးလို့အဓိပ္ပာယ်ရပါတယ်။ Jacobဆိုလိုချင်တာက လူသားတွေရဲ့ဖြစ်တည်မှုအစကို သူတစ်ယောက်တည်းသာ ထိန်းချုပ်နိုင်ပြီး အဆုံးသတ်ကလည်း သူ့အပေါ်မှာပဲ မူတည်နေတယ်ဆိုတဲ့သဘောမျိုးနဲ့ပြောထားတာဖြစ်ပါလိမ့်မယ်)
ခဏအကြာတွင်အရိပ်တစ်ခုက သူ့ခန္ဓာကိုယ်ပေါ်ဖုံးအုပ်လာသည်။
“ဘာဖြစ်ခဲ့တာလဲ။”
ဟုကွန်ပျူတာအလိုအလျောက်စနစ်မှ ထွက်ပေါ်လာသည့်အသံကဲ့သို့သောအသံရှိသူက အေးဆေးတည်ငြိမ်စွာမေးလိုက်သည်။
Jacob ဦးခေါင်းကိုမော့၍ ထိုအရိပ်ကိုဖြစ်စေသည့် အရင်းအမြစ်ကိုကြည့်လိုက်သည်။
ထိုအရာ၏ပုံသဏ္ဌာန်က မြင်းတစ်ပိုင်း နွားတစ်ပိုင်းဖြစ်ပြီး လက်မောင်းတွေကလူသားလက်တွေမဟုတ်သည့်တိုင် ဘေးတစ်ဖက်တွင်နှစ်ချောင်းဆီချိတ်ဆက်နေကျသည်။ ကြီးမားပြီး ရင်းနှီးကျွမ်းဝင်သောထိုပုံရိပ်က ဂြိုဟ်သားသဏ္ဌာန်ရှိသော်ငြား သူ့အတွက်ပို၍ စိတ်သက်တောင့်သက်သာဖြစ်စေသည်။
“မင်းပြောတာမှန်တယ် သူတို့မှာဘာအင်အားမှမရှိဘူး။ ပိုဆိုးတာကသူတို့မှာဦးနှောက်တောင်ပါမလာကျဘူး”
ဂြိုဟ်သား၏လက်ချောင်းသုံးချောင်းမျှသာရှိသောလက်ချောင်းတွေက သူ၏လည်ပင်းပေါ်တွင်ဆွဲထားသော လက်နှိပ်စက်ပေါ်တွင်တချောက်ချောက်နှိပ်နေသည်။ ခဏအကြာတွင်သူ့ဆီမှစကားသံကိုကြားရသည်။
“ငါတို့အင်အားကြီးပြီး လုပ်နိုင်စွမ်းမြင့်တဲ့လူတွေကို ဆက်သွယ်ဖိုလိုတယ် ပြီးတော့မင်းရဲ့တပ်ဖွဲ့တွေကိုဆက်သွယ်ဖို့ ငါတို့စွန့်စားရမယ်”
ထို့နောက်ပို၍မြန်ဆန်သောလက်နှိပ်သံများကိုကြားနေရသည်။
Jacob ကထိုအရာကိုဂရုမစိုက်။ နေရောင်အောက်တွင် ယိမ်းနွဲ့နေကျသော သစ်ခက်များကိုမော့ကြည့်နေသည်။ သစ်ကိုင်းများကြားမှဖြာကျလာသောနေခြည်နွေးနွေးကသူ့မျက်နှာပေါ်သို့သက်ဆင်း၍နွေးထွေးမှုကိုပေးအပ်သည်။
ထို့နောက်တိတ်ဆိတ်နေသောပတ်ဝန်းကျင်တွင် ဂြိုဟ်သား၏စကားပြောစက်မှအသံထွက်ပေါ်လာသည်။
“ငါ့အတွက် United Nation Intelligent Taskforce(UNIT) ရဲ့ အနီးဆုံးဌာနလိပ်စာကိုရအောင်ယူခဲ့”