book

Index 3

Chapter 1.1

  • Author : Lucifer
  • Genres : Mystery, Science
  • Original Author : Paul Leonard

ဦးခေါင်းထက်တွင်အညိုရောင်စက္ကူအိတ်ကိုစွပ်ထားသောကောင်လေးတစ်ယောက်က သူ့ကိုယ်သူသစ်ပင်တစ်ပင်ပါဟုပြောနေသည်။


"ကျွန်တော်ကဝက်သစ်ချပင်တစ်ပင်ပါ။ ကျွန်တော်မြစ်ကမ်းဘေးမှာနေတယ်။ မြက်ပင်တွေကကျွန်တော့ခြေရင်းမှာခစားပြီး ဖန်းပင်တွေကကျွန်တော့်ကိုအဖော်ပြုပေးတယ်။ မြစ်ကမ်းဘေးမှာကျွန်တော်နေခွင့်ရှိတယ်။ လူသားတွေရဲ့အသုံးချခြင်းကို ငြင်းဆန်ဖို့ကျွန်တော့်မှာအခွင့်အရေးရှိတယ်။ ကျွန်တော့်မှာ ဝက်သစ်ချပင်တစ်ပင်ရဲ့ အခွင့်အရေးဆိုတာရှိတယ်။"


'အေးကွာ…သေချာတာပေါ့ ခင်ဗျားမှာအခွင့်အရေးရှိတာပေါ့ အဲ့ဒီသံကြိုးလွှနဲ့ငနဲကောင်တွေသာ ခင်ဗျားကိုဖြတ်ဖို့ရောက်လာမယ်ဆိုရင် ခင်ဗျားရဲ့ပင်စည်လက်တွေနဲ့ ဘယ်လိုရိုက်လွှတ်လိုက်မလဲဆိုတာ ကြည့်ချင်သေးတယ်' ဟု Jacob Hynes တွေးလိုက်မိသည်။


ထို့နောက်တောအုပ်ထဲတွင်ထိုင်နေကြသော Planet First အဖွဲ့ဝင်တွေဆီသို့အကြည့်ရောက်သွားသည်။ စုစုပေါင်းလေးယောက်ရှိပြီး မိန်းကလေးနှစ်ယောက် ယောက်ျားလေးနှစ်ယောက်ရှိသည်။ သူတို့အားလုံး ဝါဖန့်ဖန့်သစ်ရွက်တွေပေါ်မှာထိုင်နေကျသည်။ 


မိန်းကလေးနှစ်ယောက်အနက် တစ်ယောက်က အသက်သုံးဆယ်ခန့်ရှိသည်ဟုထင်ရသည်။ သူမ၏ဆံပင်တွေမှာ တိုကပ်ကာပွယောင်းနေပြီးအင်္ကျီမှာလည်းခပ်ပွပွဝတ်ဆင်ထားသည်။ 


ကျန်တစ်ယောက်ကမူရှည်လျားသောရွှေအိုရောင်ဆံနွယ်တို့ကို ပိုင်ဆိုင်ထားသည့်မိန်းကလေးပင်ဖြစ်သည်။ ထိုရွှေအိုရောင်ဆံပင်တို့နှင့်လိုက်ဖက်စွာ ပြစ်မျိုးမှဲ့မထင် သည့်မျက်နှာကိုလည်းပိုင်ဆိုင်ထားသေးသည်။ 


ကျန်ယောက်ျားလေးနှစ်ယောက်ကမူအပြာရောင်ဘေစ့်ဘောဦးထုပ်ကိုဆောင်းထားပြီး မေးစေ့နှင့်နှုတ်ခမ်းတဝိုက်တွင် ထူထဲသောမုတ်ဆိတ်မွှေးငုတ်တိုများရှိနေသည်။ သူတို့ထဲမှတစ်ယောက်သည်သစ်ပင်တစ်ပင်၏ပင်စည်ကိုမှီလျက်ထိုင်နေသည်။ သို့သော်ထိုလူငယ်၏မျက်လုံးများကမူ မှေးစင်းနေသည်။ ထိုလူငယ်သည်မိမိကိုယ်မိမိ တရားထိုင်နေပါသည်ဟု ပြောကောင်းပြောနိုင်သော်လည်း အမှန်တကယ်တော့ အိပ်ငိုက်နေခြင်းသာဖြစ်သည်ကို Jacob အသေအချာသိသည်။


"ကျွန်မက Douglas Fir ပါ"

မိန်းကလေးနှစ်ယောက်အနက်ပိုငယ်သည်ဟုထင်ရသောမိန်းကလေးကစတင်၍စကားပြောလာသည်။ သူမ၏အသံက တိတ်ဆိတ်နေသည့်လေထုကိုဖြိုခွင်းလိုက်ဟန်ရှိသည်။


Jacob ထိုနာမည်ကို ကြားပြီးသည့်နောက်တွင်တော့ Wary Park ဆိုသည်က သက်တမ်းငါးဆယ်ပင်မပြည့်သေးသော လူလုပ်စိုက်ပျိုးထားသည့်ထင်းရှူးခြံတစ်ခြံသာဖြစ်ပြီး ထိုခြံသည် လော့စ်အိန်ဂျလစ်မြို့နှင့် နီးကပ်စွာတည်ရှိနေသည်။


ပတ်ဝန်းကျင်ရှိမီးခိုးမြူများအရ တွက်ဆကြည့်လျှင် ယခုသူတို့ရောက်ရှိနေသည့်နေရာသည် ထို Douglas ထင်းရှူးခြံသို့ရောက်ရန် အနည်းဆုံးမိုင်တစ်ရာမျှဝေးသည် ဟူသည့်အကြောင်းအရာများကို ပြောထွက်မိတော့မလိုဖြစ်သွားသည်။


သို့သော်သူပါးစပ်မဖွင့်ရသေးခင်မှာပင် Douglas Fir ဟုခေါ်သောမိန်းကလေးထံမှ ငြီးတွားသံ လည်ပင်းအစ်သံတို့ ထွက်ပေါ်လာသည်။ သူမအမှန်တကယ်ပင် လည်ပင်းညစ်ခံနေရသည့်ပုံစံကဲ့သို့ပင်။


"အား…ကျွန်မကိုခုတ်နေကျပြီ"

သူမ၏ငြီးတွားသံအော်ဟစ်သံတို့က တဖြည်းဖြည်းကျယ်လောင်လာသည်။ 


"နာတယ်…အရမ်းနာတာပဲ အား…မခံမရပ်နိုင်လောက်အောင်နာတယ်" ထို့နောက်တွင်တော့ပို၍ကြာရှည်သောအော်သံတစ်ခုက ကပ်ပါလာပြန်သည်။


"သေတော့မယ်…ကျွန်မသေတော့မယ်…ကျွန်မသေတော့မယ်…အား!!…"

သူမ၏ငယ်သံပါအောင်အော်ဟစ်သံနှင့်အတူ Jacob နားများပင်ကွဲထွက်မတတ်ခံစားလိုက်ရသည်။ ထို့နောက်သူမသည် အမှန်တယ်သေဆုံးသွားဟန်ဖြင့် မူလကသူမထိုင်နေသည့်နေရာမှ ဘေးဘက်သို့လဲကျသွားသည်။


Jacob သူမ၏အပြုအမူကိုကြည့်ရင်း ပါးစပ်အဟောင်းသားဖြစ်နေရသည်။


ဘာလဲဟ…

နောက်ထပ်အရူးတစ်ယောက်လား…

ဒါပေမယ့်…သူ့အသံကအရမ်းနားဝင်ဆိုးတာပဲ

ငါ့နားတွေတောင်ကွဲထွက်တော့မယ့်အတိုင်းပဲ…

ဘုရားမလို့ပါးစပ်ပိတ်သွားတာကံကောင်းတယ်…


ထိုမိန်းကလေး မြေပြင်ထက်တွင်လဲလျောင်းနေသည့် အခိုက်အတန့် သူမထက်အသက်ပိုကြီးသည်ထင်ရသော မိန်းကလေးကမတ်တတ်ရပ်၍ ကဗျာတစ်ပုဒ်ကိုစတင်ရွတ်ဆိုသည်။


"ဖျက်ဆီးခံခဲ့ရသောသစ်ပင်များအတွက်လွမ်းဆွေးတမ်းတခြင်း။

ကျွနု်ပ်ဟာ အလင်းရောင်အောက်မှာရှင်သန်ခဲ့ပေမယ့်

အမှောင်ရိပ်တွေကြားထဲမှာသေဆုံးခြင်းကိုထွေးပွေ့ခဲ့ရတယ်။

ကျွနု်ပ်ကြီးထွားဖို့ရာစုနှစ်များစွာကြာအောင်စောင့်ဆိုင်း ရပေမယ့်

သေဆုံးတော့မိနစ်ပိုင်းမျှသာကြာမြင့်ခဲ့တယ်။

ကျွနု်ပ်ရဲ့ခန္ဓာကိုယ်ကသစ်တောရဲ့အစိတ်အပိုင်းဖြစ်ခဲ့ပေမယ့်

ကျွနု်ပ်ရဲ့ရုပ်အလောင်းကတော့ လူသားတို့အသုံးချရာပစ္စည်း တစ်ခုဖြစ်လာလေရဲ့။"


သူမ၏ရွတ်ဆိုမှုပြီးဆုံသည့်နောက်တွင်တော့ အရာအားလုံးအတန်ကြာအောင်တိတ်ဆိတ်သွားသည်။ ဖြစ်နိုင်သည်ကဖျက်ဆီးခံခဲ့ရသောသစ်ပင်တွေကိုရည်စူး၍ဝမ်းနည်းမှုကိုပြသခြင်းဖြစ်ကောင်းဖြစ်နိုင်သည်။


ထိုအခြင်းအရာများကိုမြင်ရကြားရပြီးနောက် Jacob သူ၏ခေါင်းဘယ်ဘက်ခြမ်းမှသွေးဆောင့်တက်လာသည်ကိုပင်ခံစားမိလိုက်ရသည်။ 


'အဓိပ္ပာယ်မဲ့လိုက်တာ

အရူးလိုဟာတွေ…

အလကားအချိန်ကုန်တာပဲအဖတ်တင်တယ်…'

သူဒီနေရာမှာသူတို့နဲ့အတူထိုင်နေခဲ့သည်မှာဆယ့်ငါးမိနစ်ပင်ကျော်နေပြီဖြစ်သည်။


ဒါပေမယ့်သူတို့အားလုံးလုပ်နေသည့်လုပ်ရပ်တွေကရူးကြောင်ကြောင်နိုင်လွန်းလှသည်။ အော်ဟစ်ခြင်း ကြိမ်းမောင်းခြင်း နားဝင်ဆိုးလွန်းသည့်ကဗျာများကိုဖတ်ခြင်း ပြီးနောက်သေဆုံးသွားသည့်သစ်ပင်များအတွက်ဆုတောင်းစာရွတ်ဆိုခြင်းစသည့် အဓိပ္ပာယ်မဲ့သောလုပ်ရပ်များပင်ဖြစ်သည်။


ဒါတွေကိုအမှန်တကယ်ရည်ရွယ်ချက်ရှိရှိလုပ်နေတာမဟုတ်ဟုပင်သံသယဝင်မိသည်။


သူမျက်လုံးတွေကိုခေတ္တမျှပိတ်၍ အပြင်လောကသို့ အာရုံစွင့်မိသည်။ ဖြေးညင်းစွာတိုက်ခတ်နေသောလေကြောင့် သစ်ပင်ထိပ်ဖျားပေါ်မှ တရှူးရှူးအသံတွေကိုကြားနေရသည်။ ထို့နောက်ငှက်ကလေးများ၏အော်သံ အကောင်ငယ်လေးတွေ၏တွတ်ထိုးသံ သစ်ကိုင်းခြောက်တို့ကျိုးကျသံများကို ငြိမ်သက်စွာနားဆင်မိသည်။ 


ဤသည်ကသဘာဝလောကကြီးပင်ဖြစ်သည်။ မိမိကိုယ်မိမိဘယ်လိုသစ်ပင်အမျိုးအစားပါဟုဆိုခဲ့ကြသည့်တစ်စုကတော့ လူတွေပင်ဖြစ်သည်။ ပြီးတော့ထိုလူတွေကမှ တကယ့်ပြဿနာကောင်တွေဖြစ်သည်။


"ခင်ဗျားတို့ကပြဿနာကောင်တွေပဲ"

ဟု Jacob ကျယ်လောင်စွာပြောလိုက်သည်။ 

Planet First အဖွဲ့ဝင်အားလုံး သူ့ကိုလှည့်ကြည့်ကြသည်။ 


ခေါင်းတွင်စက္ကူအိတ်စွပ်ထားသောလူပင်သူ့ကိုလှည့်ကြည့်သည်။ ထိုအိတ်ကိုရောင်စုံခဲတံများဖြင့်ခြယ်သထားသည်ကို Jacob သတိထားမိသည်။ 


မျက်လုံးအတွက်ချန်ထားသောအပေါက်ဘေးပတ်ပတ်လည်တွင် တွန့်ကွေးနေသော အစိမ်းရောင်လိုင်းများကိုရေးဆွဲထားသည်။ ဖြစ်နိုင်သည်ကရေးဆွဲသူသည် ထိုမျဉ်းများကို သစ်ရွက်အားကိုယ်စားပြု၍ ဆွဲထားဟန်တူသည်။ 


နှာခေါင်းနှင့်ပါးစပ်ပေါက်နားတွင်တော့ အညိုရောင်ကိုခြယ်သထားပြီး သစ်သားသို့မဟုတ်မြေဆီလွှာကို ရည်ညွှန်းထားခြင်းဖြစ်နိုင်သည်။


သေချာတာတော့ ခင်ဗျားသာငါးနှစ်သားကလေးဆိုရင် ဒီလိုစက္ကူအိတ်ပေါ်မှာဆွဲထားတဲ့အရာကို အနုပညာဆန်တဲ့ဖန်တီးမှုတစ်ရပ်လို့မြင်မိမလားမသိ…ဟု Jacob တွေးလိုက်မိသည်။


"ရှင်ကကျွန်မတို့ကိုဘာလို့ပြဿနာကောင်တွေလို့ထင်ရတာလဲ Jacob" Douglas Fir ရဲ့သူငယ်ချင်းဖြစ်သူ ကဗျာဆရာမကမေးသည်။ သူမ၏စကားသံတွင် Jacob ကိုမနှစ်မြို့သောအသံကိန်းအောင်းနေပြီး ရန်မူသည့်အသံတစ်စွန်းတစ်စကိုပင်ကြားနိုင်သည်။ 


ထို့နောက်တွင်မူ သူသည် သူမကိုယ်သူမ Arc ဟုမိတ်ဆက်ခဲ့သောမိန်းကလေးဖြစ်မှန်းသတိရလိုက်သည်။


ဒီတစ်ယောက်ကရောဘာလဲ…

အရူးလိုကဗျာတွေရွတ်ရတာအားမရလို့ ငါ့ဘက်လှည့်လာတာလား…

လခွမ်း…ဒီနေ့တနေကုန်ဘယ်လိုလူတွေနဲ့တွေ့နေရတာလဲ…

Jacob တစ်ကိုယ်တည်းရေရွတ်မိပြန်သည်။


သူဒီနေရာမှချက်ချင်းထွက်သွားသင့်သည်ကိုသူရိပ်မိသည်။

သို့သော် သူမသွား။ ဒီလူတွေဟာဘယ်လိုတောင်အသုံးမကျတဲ့ လူတွေဖြစ်တယ်ဆိုတာကိုပြချင်သေးသည်။ 


"ခင်ဗျားရဲ့ Web page မှာပြောထားတာ ခင်ဗျားကိုယ်ခင်ဗျား 'dynamic' တဲ့ ပြီးတော့ 'ကမ္ဘာမြေကြီးအတွက်အရာအားလုံးကို နှစ်မြှုပ်ထားသူ' လို့ခင်ဗျားရေးထားတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်ဒီစုဝေးပွဲကိုလာခဲ့တာ ဒါပေမယ့်ဘယ်သူသိမလဲ ခင်ဗျားတို့လောက်ပိန်းလွန်းတဲ့ငပိန်းတွေကို ကျွန်တော့်တသက်မှာဒီတခါပဲမြင်ဘူးတယ်…


ဒီမှာခင်ဗျား 'dynamic' လို့ရေးထားပြီး 'dynamic' ဆိုတာဘာလဲသိလား dynamic ဆိုတာ ပြောင်းလဲဖို့အတွက် အင်တိုက်အားတိုက် တက်တက်ကြွကြွရှိတာကိုခေါ်တာ…ဒါပေမယ့် ကျွန်တော်အခုမြင်နေရတာတွေက ခင်ဗျားတို့ရဲ သောက်သုံးမကျတဲ့လုပ်ရပ်တွေကို ဇာတ်ပွဲကြည့်သလိုထိုင်ကြည့်နေရတယ်။"


Douglas Fir ကထိုင်နေရာမှထရပ်လိုက်ပြီး သူမခေါင်းပေါ်တွင်ကပ်ငြိနေသောသစ်ရွက်ခြောက်တွေကို လက်ချောင်းဖြင့်ဖယ်ရှားလိုက်သည်။ ထို့နောက်သူမ၏တောက်ပနေသောမျက်လုံးတစ်စုံက သူ့ကိုကြည့်လာသည်။


"ကျွန်မတို့ကဒီတိုင်း ခံစားချက်တွေကိုဖွင့်ဟနေကြတာပါ ကမ္ဘာမြေကြီးထိခိုက်ပျက်စီးလာတာကိုကြည့်ပြီးဝမ်းနည်းလို့ ကျွန်မတို့စိတ်ခံစားမှုတွေကိုဖြေဖျောက်နေကျတာပါ…ရှင်တစ်မျိုးမထင်ပါနဲ့"


"စိတ်ခံစားချက်တွေကိုဖြေဖျောက်တယ်?"

Jacob ၏အသံကတင်းမာလာသည်။ 


အထူးအဆန်းတွေ…

အရူးကွက်နင်းပြီးတစ်ပတ်ရိုက်နေတာလား…

ဒီလိုနည်းလမ်းတွေနဲ့စိတ်ဖြေဖျောက်လို့ရတယ်ပေါ့… အဆန်းကြီးတွေပဲ…ဟုသူ့ကိုယ်သူတိုးညင်းစွာပြောလိုက်သည်။

ထို့နောက်သူပြောလက်စစကားကိုဆက်ပြောသည်။


"ခင်ဗျားတို့ကဒါကိုအရေးပါတယ်လို့ထင်တယ်ပေါ့…ခင်ဗျားတို့စိတ်ခံစားချက်တွေကိုဖြေဖျောက်ဖို့ဒီလိုတွေလုပ်ကျတယ်ပေါ့…သိပ်ဟုတ်တာပဲ…သိပ်ကိုဟုတ်လွန်းလို့ကမ္ဘာကြီးက ခင်ဗျားတိုကိုနှစ်ခါတောင်ရယ်ပြနိုင်မှာမဟုတ်ဘူး…


ကျွန်တော်ဆိုလိုချင်တာက အခုဆို အင်္ဂလန်မှာ တစ်ချို့လူတွေသစ်တောတွေထဲမှာသွားပြီး အိပ်ကျတယ်။ အမြန်လမ်းမတွေထပ်မဆောက်တော့ဖို့တားဆီးကျတယ်။ 


အကုန်လုံးကတစ်ခုခုလုပ်နေကျတဲ့အချိန်မှာ ခင်ဗျားတို့ကရော…ခင်ဗျားတို့ဘာလုပ်နေကျလဲ…ပျော်ပွဲစားထွက်တဲ့ နေရာနဲ့မိုင်ဝက်တောင်မဝေးတဲ့သစ်တောထဲလာပြီး သေဆုံးသွားတဲ့ သစ်ပင်တွေအတွက် အလွမ်းဇာတ်လာတိုက်နေကျတယ်…ခင်ဗျားတို့အဲ့လိုလုပ်လို့သစ်ပင်တွေကပြန်ရှင်လာမှာလား။"


ထိုအချိန်တွင်စက္ကူအိတ်ခေါင်းစွပ်ထားတဲ့လူကစကားဝင်ပြောလာသည်။ Jacob ၏စကားတွေလွန်လာပြီဟုထင်၍ ဝင်ပြောခြင်းဖြစ်မည်။


"Jacob မင်းရဲ့ကိုယ်ရေးကိုယ်တာခံစားချက်တွေမပါလာရင် ပိုကောင်းမယ်"


Jacob ကိုပြောပြီးနောက် သူသည်ခေါင်းတွင်စွပ်ထားသော စက္ကူအိတ်ကိုစတင်၍ဆွဲချွတ်နေပြီဖြစ်သည်။ ထိုစက္ကူအိတ်အောက်မှ ရှည်လျားပြီးသေးသွယ်သော မျက်နှာကထွက်ပေါ်လာသည်။ သူ၏အညိုရောင်မျက်လုံးတွေ ကတော့ Jacob ကိုစူးစိုက်ကြည့်နေသည်။


"ငါတို့အဖွဲ့ကမင်းအတွက်မသင့်တော်ဘူးထင်ရင် မင်းထွက်သွားလိုက်…ဒီကိုလာပြီးပြဿနာရှာမနေနဲ့ Jacob…အစတည်းကဒီကိုလာဖို့ဆုံးဖြတ်ချက်ချခဲ့တာမင်းဆန္ဒပဲ…ဘယ်သူ့ကိုမှသောက်ပြစ်လာတင်လို့မရဘူး…မင်းမကြိုက်ရင်ထွက်သွား"


Jacob မတ်တပ်ရပ်ပြီးလှည့်ထွက်ရန်ပြင်လိုက်သည်။ သူ့ဒေါသတွေမပေါက်ကွဲသေးခင်ထွက်သွားခြင်းကပို၍သင့်တော်မည်။ သို့သော် Douglas Fir မှသူတို့နှစ်ယောက်ကို လျင်မြန်စွာဝင်တားလိုက်သည်။


"စိတ်လျော့ Mike သူ့အမြင်ကနေကြည့်ရင်တော့ သူမှန်တာပေါ့"


သူမ Jacob ဘက်သို့လှည့်၍မျက်နှာမူလိုက်သည်။ ထို့နောက်ရှက်သည့်ဟန်ဖြင့်သူမ၏ဆံပင်ရှည်တွေကိုလက်ချောင်းတွေဖြင့်ထပ်ခါထပ်ခါ လိမ်နေမိသည်။


(A/N: ဂျပန် anime တွေထဲကလိုလေ… ကောင်မလေးတစ်ယောက်က ကိုယ်သဘောကျနေတဲ့ကောင်လေးနဲ့ထိပ်တိုက်တွေ့ရရင် နှုတ်ခမ်းကြီးစူပြီးလက်ညိုးနှစ်ချောင်းထိပ်ကိုထိရင်ထိမထိရင် ဆံပင်တွေကိုဆွဲတဲ့ပုံလေ🤣အဲ့လိုပုံစံမျိုးကိုပြောတာပါ… Jacob ကိုကြိုက်နေတယ်လို့ပြောတာမဟုတ်ဘူးနော်😬)


"ကျွန်မတို့ကကမ္ဘာလောကကြီးကိုအရမ်းဂရုစိုက်ပါတယ်… ဂရုစိုက်လွန်းလို့ကမ္ဘာကြီးအခုလိုထိခိုက်လာတာတွေမြင်ရတော့နာကျင်လွန်းလို့ အော်ဟစ်ပစ်ချင်တဲ့အထိပဲ"


"ဒီကမ္ဘာမြေကိုထိန်းသိမ်းတယ်ဆိုတာလူသားတစ်ဦးချင်းဆီနဲ့သက်ဆိုင်တဲ့အရာပဲ" ယောက်ျားလေးနှစ်ယောက်အနက် တစ်ယောက်ကစကားဖြတ်၍ပြောသည်။


"ငါတို့ဒီလိုလုပ်ရင် လူတွေရဲ့သဘောထားကိုပြောင်းလဲနိုင်မယ်ထင်လို့ လုပ်ကြည့်နေကျတာ"


"ဟုတ်တယ် အဲ့ဒါကြောင့်ကျွန်မတို့ဒီလိုလုပ်နေကျတာ။ ဒီလိုလုပ်တာကအရေးပါတဲ့အရာတခုလို့ရှင်မထင်ဘူးလား?"


"မဟုတ်ဘူး!" 

"တကယ်အရေးပါတာကခင်ဗျားတို့ဘာတွေလုပ်နေတယ်ဆိုတာပဲ… ဘာမဟုတ်တဲ့ခင်ဗျားတို့ရဲ့ ကမ္ဘာကြီးအတွက်ဝမ်းနည်းပူဆွေးနေတဲ့ ခံစားချက်တွေမဟုတ်ဘူး…ခင်ဗျားတို့လည်ချောင်းကွဲမတတ် အော်နေတာလည်းဘာမှအရေးပါတဲ့အရာမဟုတ်ဘူး.…"


"ဟုတ်ပါပြီ ကိုလူတတ်ရယ်"

 Arc ကမတ်တပ်ရပ်၍ Jacob နှင့်မျက်နှာချင်းဆိုင်လိုက်သည်။ သူမလက်တွေကတင်ပါးပေါ်တွင်တင်လျက် ရန်တွေ့မည့်ဟန်ပေါ်နေသည်။


"ကျွန်မတို့ကဘာမှအသုံးမကျတဲ့လူတွေလို့ရှင်ထင်တယ်ပေါ့။ ဒီမှာ ကျွန်မ ရှင့်ကိုပြောမယ်။ ကျွန်မ Elouise နဲ့ ဒီမှာရှိနေတဲ့အဖွဲ့ဝင်တွေအားလုံး လတိုင်းလတိုင်း Green Peace ကိုပိုက်ဆံလှူတယ်။ သတ္တုပြန်လည်အသုံးချစု ဆောင်းရေးမှာ ကျွန်မတို့အားလုံးအလှည့်ကျပါဝင်ပြီး လုပ်အားပေးလုပ်တယ်တယ်။ 


ပြီးတော့ ရှင်ဒီထက်ပိုပြီးသိချင်သေးရင် ရှစ်ဆယ်ခုနှစ်တွေတုန်းက ကျွန်မလုပ်ခဲ့တဲ့တိရစ္ဆာန်များ လွတ်မြောက်ရေးစီးနင်းတိုက်ခိုက်မှုအကြောင်းပြောပြရဦးမလား။ အဲ့ဒီတုန်းက တစ်ညတည်းနဲ့ကျွန်မတို့ ယုန်အကောင်တစ်ထောင်ကို ကယ်တင်နိုင်ခဲ့တယ်။ ကျွန်မတို့ကြောင့်ပျက်ဆီးပြီးပိတ်သိမ်းခံလိုက်ရတဲ့ အဲ့ဒီနေရာနဲ့တောင် ဓာတ်ပုံရိုက်လိုက်သေးတယ်။ အမှတ်တရဆိုပြီးတော့လေ။ 


အဲ့ဒီစီးနင်းမှုကြောင့် ကျွန်မခြေထောက်ကျိုးတယ်။ ဆေးရုံမှာတစ်ရက်နေပြီး နောက်နှစ်ရက်လောက်ကို ထောင်ထဲမှာ အချိန်ဖြုန်းလိုက်ရသေးတယ်။ ရှင့်ဘဝမှာရော တိရစ္ဆာန်ဘယ်နှကောင်ကိုများကယ်တင်ခဲ့ဖူးလဲ?"


"ကျွန်တော်ပြောနေတာ ခင်ဗျားတို့ရဲ့ဘာမဟုတ်တဲ့ယုန်လေး အနည်းငယ်ကိုကယ်တင်တဲ့အကြောင်းမဟုတ်ဘူး"


Jacob ယခုထိတိုင်အောင်ဒေါသထွက်နေသေးပေမယ့် အသံကိုတော့တတ်နိုင်သမျှသာမန်ဖြစ်အောင် ပြောသည်။ သူဒီရှင်းပြရခက်သောလူပိန်းများနှင့်ရန်ဖက်ဖြစ်နေ၍မဖြစ်။


"ကျွန်တော်ပြောနေတာက ကမ္ဘာကြီးတစ်ခုလုံးကိုကယ်တင်ဖို့။ ကျွန်တော်ကခင်ဗျားတို့နဲ့ရည်ရွယ်ချက်ခြင်းတူမယ် ခင်ဗျားတို့လည်းဒါကိုလုပ်နေလိမ့်မယ်လို့ထင်ခဲ့တာ…ဒါပေမယ့် ဘယ်သူသိမလဲ ကျွန်တော်ထင်တာမှားသွားတယ်"


"ကမ္ဘာကြီးတစ်ခုလုံးကိုကယ်တင်နိုင်လိမ့်မယ်လို့ မင်းဘာကြောင့် အသေအချာကိုတွေးနေရတာလဲ" ဟု Mike ကမေးလာသည်။


Jacob မြေပြင်ပေါ်ရှိသစ်ရွက်များ အမှိုက်ခြောက်များကြား၌ ထိုးထိုးထောင်ထောင်နှင့်ပေါက်ရောက်နေသောမြက်ပင်စိမ်းစိမ်းလေးများကိုငုံ့ကြည့်လိုက်သည်။


ထို့နောက်အသက်ကိုခပ်ပြင်းပြင်းနှစ်ခါခန့် ရှူ၍အတတ်နိုင်ဆုံးစိတ်လျော့ရန်ကြိုးစားမိသည်။ သူ့ဒေါသကိုထိန်းချုပ်မှဖြစ်မည်။ ဒီလူပိန်းတွေနှင့်ဆက်ဆံရာမှာ ဒေါသသည်ဘာအထောက်အကူမှမဖြစ်ဆိုတာသူနားလည်သည်။ 


"ကျွန်တော် ခင်ဗျားတို့ကိုမပြောပြနိုင်ဘူး"

"ဒါက ဘယ်နေရာမှာမဆိုအလွယ်တကူပြောလို့ရတဲ့ အစီအစဉ်မျိုးမဟုတ်ဘူး"


rate now:

4 Reviews
  • reader Rosella 16.10.2019, 15:54 5

    m soe pr buu

    author Lucifer 16.10.2019, 17:10

    hoke kk🙆

  • reader Hein Nay Zaw 14.10.2019, 15:44 5

    🙄

    author Lucifer 16.10.2019, 17:09

    🙄

  • reader Hein Nay Zaw 14.10.2019, 15:41 4.9

    Arr py ny br dl

    author Lucifer 16.10.2019, 01:00

    Thank you🙆

  • reader Thoon Su Aung 14.10.2019, 14:15 5

    Lat ma 🙄🙄

    author Lucifer 16.10.2019, 01:00

    hoke kk😂