Kitig ကတော့သူမပြောသည့်အိမ်ကို အခြားဂြိုဟ်တစ်ခုဟုထင်မြင်နေပုံရသည်။ ထိုကဲ့သို့ထင်မြင်အောင် ဒေါက်တာကလည်းလိမ်ညာခဲ့သည်ကိုး။
အလိမ်အညာတွေ…ပြီးတော့သူမကဆိတ်ဆိတ်နေခြင်းဖြင့် ဒေါက်တာ့ကိုကူညီပေးနေသည်။ Kitig ကသူမ၏လက်မောင်းကို လက်ချောင်းသုံးချောင်းသာရှိသောလက်တွေဖြင့်ဆုတ်ကိုင်လာသည်။
ထို့နောက်သူမကစားပွဲခုံပေါ်ရှိစာအုပ်ပုံမှထိပ်ဆုံးတွင်ဒေါက်တာဖတ်ပြီးပစ်ထားခဲ့သည့်စာအုပ်ကိုကြည့်လိုက်သည်။ ထိုစာအုပ်ထဲတွင်မည်သို့သောအရေးကြီးသည့်အကြောင်းအရာများပါဝင်သနည်းဟူသည့်အကြောင်းကိုသူမသိချင်မိသည်။
"ဒီဂြိုဟ်ပေါ်မှာငါတို့နဲ့တူတဲ့မျိုးစိတ်တွေမရှိခဲ့ဘူးဆိုတာသေချာရဲ့လား" ဟု ဒေါက်တာကမေးသည်။
"အီကွေတာရပ်ဝန်းအပိုင်းမှာတော့ခြေနှစ်ချောင်းသတ္တဝါတွေရှိခဲ့တယ်လို့ကြားဖူးတယ်။ သူတို့ကမင်းတို့အရွယ်အစားလောက်ပဲရှိတယ်။ ဒါပေမယ့် ငါသိရသလောက်ဆိုရင်သူတို့မျိုးသုဉ်းသွားပြီ…ပြီးတော့သူတို့ကတော်တော်တုံးအတယ်လို့ကြားဖူးတယ်။" ဟု Kitig ကပြောသည်။
"ငါမှားတာဖြစ်နေပြန်ပြီထင်တယ်" ဟုဒေါက်တာကပြောသည်။
"ရပါတယ်…ကျောက်ဖြစ်ရုပ်ကြွင်းမှတ်တမ်းတွေကလည်း အကုန်ပြည့်စုံနေတာမဟုတ်ဘူးလေ။ ဒီနေရာမှာသေးငယ်တဲ့ဂြိုဟ်သားတွေနေတဲ့နေရာတစ်နေရာလောက်တော့ရှိကောင်းရှိနိုင်ဦးမှာပါ။"
"မင်းဒီကိုဘယ်တုန်းကရောက်တာလဲ။ ကြည့်ရတာမင်းကဒီကဒေသခံမဟုတ်သလိုပဲ။"
ဒေါက်တာ့၏ထိုမေးခွန်းကပြတ်သားပြီးလိုရင်းရောက်လွန်းလှသည်။ ထို့ကြောင့် Sam ကဝင်နှောင့်ရန်ကြံစည်လိုက်သော်လည်း သူမစိတ်ပြောင်းသွားပြီး ရေတစက်စက်ကျနေသော သစ်ရွက်များကိုသာကြည့်နေလိုက်သည်။
"ဒါကတကယ်ကိုရှုပ်ထွေးတယ်လို့ပြောရမယ်။ ငါတို့ဆီမှာဟိုးလွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာထဲကမှတ်တမ်းတွေရှိတယ်။ Paratractis ဂြိုဟ်ပေါ်မှာတောင် Tractites တွေရဲ့ရုပ်ကြွင်းတွေရှိတယ်။ ထူးဆန်းတာတစ်ခုက Tractites တွေက Tractis မှာဆင့်ကဲပြောင်းလဲခဲ့ကျတာ။ ဒီနေရာမှာမဟုတ်ဘူး။ အခြား Praatractis ဂြိုဟ်ကမျိုးစိတ်တွေနဲ့ ငါတို့ကြားမှာ ရှင်းပြလို့မရနိုင်တဲ့ မျိုးရိုးဗီဇကွဲပြားမှုတွေအများကြီးရှိတယ်။ အဲ့ဒါနဲ့ပတ်သက်ပြီးသီအိုရီတွေအများကြီးရှိတယ်။ အချိန်ခရီးသွားခြင်းဆိုတဲ့သီအိုရီတောင်ပါလာသေးတယ်…ဒါပေမယ့်ဒါတွေကငါ့အတွက်တော့ဝိရောဓိသဘောဆောင်တာတွေပါပဲ"
ဒေါက်တာက Kitig ၏စကားကိုနားထောင်ပြီး တစ်စုံတစ်ခုကိုစဉ်းစားနေဟန်ရှိသည်။ ထို့နောက်ဆုံးဖြတ်ချက်ချလိုက်ဟန်ဖြင့် လူသွားလမ်းတစ်လျှောက် စတင်၍ထွက်ခွာလိုက်သည်။ သူ့စိတ်ထင် Sam နှင့် Kitig တို့ကနောက်မှလိုက်လာမည်ဟုထင်နေပုံရသည်။ သို့သော် Kitig တစ်ယောက်တည်းသာလိုက်လာပြီး Sam ကတမင်နောက်တွင်ချန်၍နေခဲ့သည်။ ဒေါက်တာသူမမြင်ကွင်းမှပျောက်ကွယ်သွားသောအချိန်မှသာ စာအုပ်ပုံပေါ်မှဒေါက်တာဖတ်ခဲ့သည့်စာအုပ်ကိုလှမ်းယူလိုက်သည်။
ထို့နောက်စာအုပ်အဖုံးကိုဖွင့်လိုက်ပြီး အဓိပ္ပာယ်မရှိသောပုံဖော်ကွက်များကိုကြည့်နေမိသည်။ ထို့နောက်စူးစမ်းချင်စိတ်ဖြင့်စာရွက်ကိုလျှာဖြင့်လျက်လိုက်မိသည်။ သို့သော်စာရွက်ကဲ့သို့သောအရာကိုထိတွေ့မိခြင်းမျိုးမဟုတ်ပဲ ရေမြုပ်နှင့်တူသောအရာကိုထိတွေ့မိသည်။ တစ်ပြိုင်နက်တည်းမှာပင် သတ္တုအရသာအနည်းငယ်ကိုခံစားမိလိုက်သည်။
မဟုတ်ဘူး…ဒါသတ္တုမဟုတ်ဘူး
အသားလား? ချက်ထားတဲ့အသား? မဟုတ်ဘူး…အသွေးအသားတွေ ပုတ်ဟောင်နေတဲ့အလောင်းတွေ လိမ္မော်ရောင်ပိုးကောင်တွေကခန္ဓာကိုယ်ထဲကနေထိုးထွက်လာနေကျတယ်…ပြီးတော့နံရံနဲ့ဆန့်ကျင်ဘက်မှာစုပုံထားတဲ့အလောင်းတွေ-
သူမတကယ်ကိုပင်ထိတ်လန့်သွားမိသည်။ အဘယ်ကြောင့်ဒေါက်တာကသူမအားမဖတ်စေချင်ခဲ့သနည်းဟူသည့် အကြောင်းကိုအခုမှပင်နားလည်သဘောပေါက်တော့သည်။ မနှစ်မြို့ဖွယ်ကောင်းသောအရာများဖြစ်နေသောကြောင့်ပင်။
သို့သော်သူမထပ်မံ၍သိချင်သေးသည်။ ထို့ကြောင့်ရှိသမျှသတ္တိတို့ကိုစုကာနောက်ထပ်လျက်လိုက်မိသည်။
-စူးရှသောအပြာရောင်နှင့်အဖြူရောင်အလင်းတန်းများကြား နစ်မြုပ်နေသောမြို့တစ်မြို့…အလင်းရောင်ကစူးရှလွန်း၍ အိမ်ခေါင်မိုးများနှင့်လမ်းကြိုလမ်းကြားမကျန်အကုန်မြင်တွေ့နေရသည်။ သေးငယ်သောအရာများကအပေါ်ကိုမော့ကြည့်နေပြီး Tractites များကပယင်းထဲမှအင်းဆက်တစ်ကောင်ကဲ့သို့ ထိုရိပ်မဲ့သောအလင်းရောင်အတွင်းပိတ်မိနေကျသည်။
ထို့နောက်တွင်တော့ အလင်းရောင်ကသူမတို့၏အသွေးအသားနှင့် အရိုးများကိုတဖြေးဖြေးလောင်မြိုက်လာသည်ကိုခံစားလိုက်ရသည်။
Sam နောက်တစ်မျက်နှာသို့ထပ်မံလှန်လှောလိုက်သည်။ ယခုအချိန်တွင်သူမမူးနောက်နောက်ခံစားနေရပြီး လည်ချောင်းများကနာနေသည်။ သို့သော်သူမဒီ့ထက်ပို၍ထိုအကြောင်းအရာများကိုသိချင်သေးသည်။
-အနက်ရောင်လိပ်ကျောခွံနှင့်လူကသူမဆီသို့ဦးတည်၍လာနေသည်။ မျက်လုံးထက်တွင်ရှိသောပလက်စတစ်ကြိုးကဲ့သို့သောအရစ်က မူမမှန်သောအနီရောင်ဘက်သို့ပြောင်းလဲနေသည်။ ထို့နောက်မီးလုံးများကသူမဆီသို့ခုန်ပေါက်၍လာနေပြီး သူမ၏အသွေးအသားများလောင်မြိုက်လာသည်ကိုခံစားရသည်။
'လူသားတွေလာနေပြီ။ လူသားတွေ! သူတို့ငါတို့ကိုသတ်တော့မယ်!'
"Sam!!"
Sam သူမ၏မျက်နှာထက်လေတစ်ချက်မှုတ်ထုတ်လိုက်သည်ကို ခံစားလိုက်ရသောကြောင့် မရှိသောရှေ့ခြေထောက်များဖြင့်ပင် ကန်လိုက်မိတော့မလိုဖြစ်သွားသည်။ ထို့နောက်သူမ၏ပတ်ဝန်းကျင်ကစာကြည့်တိုက်အဖြစ်သာရှိနေသေးကြောင်း သတိထားမိလိုက်သည်။ ဒေါက်တာကမူသူမကိုစိုးရိမ်ပူပန်စွာဖြင့်စိုက်ကြည့်နေပြီး Kitig ကလည်းသူမကိုကြည့်နေသည်။
"ကျွန်မ ကျွန်မက Tractites…Tractites တွေအများကြီး" ဒေါက်တာကခေါင်းကိုခါရမ်းလိုက်ပြီး နှုတ်ခမ်းပေါ်သို့လက်ညိုးတင်၍ဆက်မပြောရန်တားဆီးသည်။
'မဟုတ်ဘူး…ရှင်ဒါတွေသိမှရမယ်'
ထို့နောက်တွင်တော့ဒေါက်တာကသူမပြောမည့်အကြောင်းအရာတွေကို သူမထက်အစောတလျင်သိပြီးဖြစ်ကြောင်းကို သိလိုက်သည်။ သူမကြုံတွေ့ခဲ့ရသည့်အရာများသည် Tractite တစ်ယောက်၏လျို့ဝှက်ချက်များဖြစ်နိုင်သည်။
"ကျွန်မရုတ်တရက်ကြီးဘာဖြစ်သွားမှန်းမသိဘူး…အရမ်းနာကျင်လာသလိုခံစားရတယ်"
ဒေါက်တာကသူမကိုနှစ်သိမ့်သည့်ဟန်ဖြင့်ခေါင်းညိတ်ပြပြီး "အားလုံးအဆင်ပြေသွားမှာပါ" ဟုပြောသည်။
"မင်းစိုးရိမ်စရာမလိုတော့ပါဘူး။ သူအဆင်ပြေသွားမှာပါ" ဟု Kitig ဘက်လှည့်၍ပြောလိုက်သည်။
"ဒါပေမယ့်ဝတ္ထုတွေကအရမ်းကြောက်ဖို့ကောင်းတယ်လို့မထင်ဘူးလား" ဟုဒေါက်တာကပြောပြီးသည့်နောက် လူသွားလမ်းဘက်သို့ပြန်လှည့်၍ ခြေလှမ်းစိပ်စိပ်ဖြင့်လျှောက်နေသည်။
Sam ကခေတ္တမျှတုန့်ဆိုင်းနေပြီးနောက်မှသာ ဒေါက်တာ့နောက်သို့အပြေးလိုက်သွားလိုက်သည်။ ခဏအကြာတွင်တော့သစ်ပင်အုပ်များဖြင့်ဖုံးနေသောမြင့်မားသောစားပွဲနားမှဖြတ်လျှောက်ပြီးနောက် ပုံနှိပ်စက်ရှိရာသို့ရောက်လာသည်။
ပုံနှိပ်စက်သည် သစ်သားဖြင့်ပြုလုပ်ထားသောကြီးမားသည့်ဘောင်တစ်ခုဖြစ်ပြီး သတ္တုဖြင့်ပြုလုပ်ထားသောစပရိန်များ ကွိုင်များ ခွေးသွားစိပ်များနှင့် လီဗာတို့ပါရှိသည်။ ဘောင်ပေါ်မှနေ၍ ဖန်များကချိတ်ဆွဲထားသယောင်ရှိနေပြီး အရောင်အမျိုးမျိုးတို့ဖြင့်စွန်းပေနေကျသည်။ ထိုအရောင်များကစာရွက်ပေါ်တွင်အနံ့တင်နိုင်ရန်အတွက်ဖြစ်လောက်သည်။ ထို့နောက်သေးငယ်သောစက်တစ်ခုက နံရံ၏ကလိုင်ပေါက်တွင် တပ်ဆင်ထားသည်။ ထိုအရာကကြီးမားသောပြုတ်တူနှင့်တူညီပြီး စာအုပ်များကိုချုပ်ရာတွင်အသုံးပြုဟန်တူသည်။ ဒေါက်တာကထိုအရာကိုရပ်တန့်၍ကြညိ့နေပြီး Kitig ကမူရှေ့သို့ဆက်လျှောက်သွားသည်။
Sam ကအချိန်ကောင်းကိုယူ၍ ဒေါက်တာ့၏လက်မောင်းကိုဆုတ်ကိုင်လိုက်ပြီး "အဲ့ဒါကဝတ္ထုတစ်ပုဒ်လား" ဟုမေးလိုက်သည်။
ဒေါက်တာကသူမကိုမှိုင်တွေလျက်လှည့်ကြည့်လာပြီး "မဟုတ်ဘူး…အဲ့ဒါကပြသာနာပဲ" ဟုပြောလာသည်။ ထို့နောက် Kitig နောက်သို့ လိုက်သွားလိုက်သည်။
Sam ကထွက်ခွာသွားသည့်ဒေါက်တာ၏ နောက်ကျောပြင်ကိုကြည့်ရင်း ငေးငိုင်မိသည်။
အကယ်၍ထိုအရာသည်ပြသာနာဟုဆိုခဲ့လျှင် ယခုစကြာဝဠာပေါ်၌နေထိုင်ခဲ့သောလူသားမျိုးနွယ်စုများရှိရမည်။ သို့မဟုတ် ထိုမှတ်တမ်းသည် သူမတို့စကြာဝဠာမှဖြစ်ကောင်းဖြစ်နိုင်သည်။
ဘယ်လိုပင်ဖြစ်ဖြစ်သူမဖြစ်ပျက်နေသောအကြောင်းအရာများကို တစ်ခုမှနားမလည်နိုင်တော့။ တစ်ခါစဉ်းစားမိတိုင်း သူမ၏ခေါင်းကျွမ်းတစ်ပတ်ပြန်သွားသည်ဟုထင်ရလောက်အောင်ပင် ချာချာလည်လာသည်။
စားပွဲခုံအမြင့်၏နောက်ဘက်တွက်ထွက်ပေါက်တစ်ခုရှိနေပြီး…စာကြည့်တိုက်မှူးကစာအုပ်တစ်အုပ်ကိုထိုင်၍ကော်ပီကူးနေသည်ကိုတွေ့ရသည်။ ထို Tractite ၏အမွှေးများကလမ်းမပေါ်ရှိ ကြောင်အိုခွေးအိုကြီးများကဲ့သို့ ရှုပ်ပွကာဟိုတစ်ကွက်သည်တစ်ကွက်ဖြစ်နေသည်။ သူမ၏ပုံသဏ္ဌာန်ကအတော်ပင်အိုနေပြီဟုထင်ရပြီး အရိုးများကလည်းအရေပြားနှင့်ကပ်ကာ အဖြူရောင်ဝတ်ရုံအောက်မှငေါထွက်နေသည်။
သူမကရုတ်တရက်မော့ပြီး Sam ကိုကြည့်လိုက်သည်။
"အနံ့တွေပြောင်းလဲသွားပြီ။ အဲ့ဒါအားလုံးမင်းရဲ့အမှားပဲ" ဟုသူမကပြောသည်။
Kitig ၏ရယ်သံကမိုးခြိမ်းသံတစ်ခုကဲ့သို့အခန်းငယ်လေးအတွင်း ပျံ့နှံ့သွားသည်။ "Partil…အနံ့တွေကခင်ဗျားအတွက္တော့အမြဲပြောင်းလဲနေတာပါဗျာ" ဟုပြောသည်။
စာကြည့်တိုက်မှူးကသူမ၏အကြည့်တွေကို Kitig ဆီသို့ပို့လွှတ်လိုက်သည်။ "အဲ့ဒါကပြသာနာပဲ။ သူတို့ကအမြဲတမ်းပြောင်းလဲမနေပါဘူး" ဟုသူမကပြောသည်။
"သူမစကားတွေကိုစိတ်ထဲမထားပါနဲ့။" ဟု Kitig ကသူမတို့အပြင်သို့ရောက်ချိန်တွင်ပြောလာသည်။
"သူ့အနံ့ခံအာရုံတွေကိုဆုံးရှုံးထားရတာတော်တော်ကြာနေပြီလေ။ သူမကိုဒီမှာခန့်ထားတယ်ဆိုတာက သူ့သမီးကစာကြည့်တိုက်ကောင်စီကအသင်းဝင်လေ" ဟုသူမတို့ကိုရှင်းပြသည်။
Sam ကထိုစကားကိုကြားလိုက်ပြီးနောက် သူမ၏နှုတ်ခမ်းကိုခပ်တင်းတင်းဖိကိုက်မိလိုက်ပြန်သည်။ 'အားနည်းချက်တွေရှိနေတာတောင်…ဒီလူတွေကပိုပြီးလူသားဆန်တယ်' ဟုသူမတွေးမိသည်။
ထို့နောက်သူမထိုစာအုပ်အကြောင်းကိုပြန်စဉ်းစားနေသည်။ အကယ်၍ ထိုစာအုပ်သာ အမှန်တကယ်ဝတ္ထုတစ်ပုဒ်မဟုတ်ခဲ့ဘူးဆိုလျှင် လူသားတွေက Tractites တွေကိုတစ်ကြိမ်ဖျက်ဆီးပစ်ခဲ့ဖူးသည်မဟုတ်ပါလော။ ဒါမှမဟုတ်ဖျက်ဆီးရန်ကြိုးစားခဲ့သည်ဟုပြောနိုင်သည်။
သို့သော်ယခုအချိန်သည် 2108 ခုနှစ်ဖြစ်ခဲ့ပါက ထိုအခြင်းအရာများဖြစ်ပျက်ခဲ့သောအချိန်သည် နှစ်ဆယ်ရာစုအတွင်းဖြစ်နိုင်သည်။ ထိုအချိန်ကား အခြားသောဂြိုဟ်သားများ၏ဂြိုဟ်ကိုသိမ်းပိုက်ဖို့အသာထားဦး… ကြယ်စုများကြားခရီးသွားခြင်းအတွက်ပင်အလွန်စောလွန်းသေးသည်မဟုတ်ပါလော။
လူသားများကအခြားတစ်နေရာမှလာခဲ့ခြင်းဖြစ်ပါမှ…Tractites များကအခြားတစ်နေရာမှရောက်လာခဲ့ခြင်းဖြစ်ပါမှ…စကြာဝဠာနှစ်ခုဟုယူဆနိုင်သည်။
Sam သူမ၏ခေါင်းကိုခါယမ်းလိုက်သည်။ ဘယ်လိုပင်စဉ်းစားစဉ်းစားသူမပုံပြဇယားကွက်မဆွဲပဲနှင့်တော့ နားလည်နိုင်မည်မဟုတ်တော့။ ဇယားကွက်ဆွဲလျှင်တောင်သူမနားလည်ချင်မှနားလည်နိုင်ပေလိမ့်မည်။
ထို့နောက်အခြားသူများနောက်မှလိုက်၍အပြင်ထွက်လိုက်ပြီး စိမ့်မြေ၏ရနံ့တို့ကိုရှူရှိုက်မိသည်။ မြေေတော၏အလယ်တွင် Tractites တို့တည်ဆောက်ထားသောလှပသည့်မြို့တော်ကိုသူမ ငေးမောနေမိသည်။
'Tractites တွေကလူကောင်းတွေပါ…လူသားတွေထက်တောင်ပိုကောင်းနိုင်တယ်'
သူတို့ဒီကိုရောက်ရှိလာကတည်းက ၎င်းတို့သည်ကောင်းမွန်သော အရည်အချင်းပြည့်ဝသောကမ္ဘာမြေစီမံခန့်ခွဲသူများဖြစ်သည်ကို ပြသသွားခဲ့သည်။ ဒေါက်တာနှင့်သူမတွင်၎င်းတို့အားဖျက်ဆီးပစ်ရန် အဘယ်မှာအခွင့်အရေးရှိပါသနည်း။ သူတို့အသစ်ပြန်လည်တည်ဆောက်ခဲ့သည့်သမိုင်းကြောင်းအပေါ် ချုပ်ရိုးစဖြေကာပြန်လည်ဖော်ထုတ်ရန် သူမတို့တွင်မည်သူကအခွင့်အရေးပေးထားသနည်း။
သူမဒေါက်တာ့ကိုကြည့်လိုက်သည်။ ဒေါက်တာကဂြိုဟ်သားများနှင့်စကားပြောနေပြီး အသေအချာစိုက်ကြည့်လျှင် သူ၏မျက်နှာပေါ်တွင်ပန်ဆင်ထားသော နှစ်လိုဖွယ်အပြုံးအောက်တွင်ပါးနပ်မှုတို့ကကိန်းအောင်းနေသည်ကိုတွေ့ရသည်။ ထိုအရာများကိုယခုတော့သူမမြင်တွေ့နိုင်ပြီဖြစ်သည်။
'သူဒါကိုတကယ်လုပ်တော့မယ်။ သူသာလုပ်နိုင်မယ်ဆိုရင် သမိုင်းကြောင်းတွေကိုတကယ်ပြောင်းလဲပစ်တော့မှာ။ ဒါပေါ့ သူအသေအချာကိုလုပ်မှာ…ပြီးတော့ငါကလည်းသူ့ကိုကူညီမှာပဲ။'
သူမထိုအရာကိုလုပ်ရမည်…သူမတွင်ရွေးချယ်စရာမရှိတော့။
ဒေါက်တာ့၏ပြောစကားအရဆိုလျှင်…သူမထိုအရာတွေကိုစိတ်ထဲမထားပဲနေကောင်းနေလို့ရနိုင်သည်။ ဒေါက်တာကသူမကိုဘာမှမလုပ်ရန်နှင့် သူအားလုံးအဆင်ပြေသွားအောင်လုပ်ရန်ပြောထားပြီးဖြစ်သည်။
သို့သော်အခွင့်အရေးသိပ်မရှိဆိုတာကိုတော့သူမသိသည်။
A/N: ကျေးဇူးပြုပြီး subscribe လုပ်ပေးကျပါနော်။ စာလည်းဖတ်ရင်း 5starလေးလည်းvoteရင်း reviewလေးတွေလည်းရေးလို့ရပါတယ်။ စာရေးသူတွေကို donate လုပ်ချင်ရင်လည်း buy a cup of coffee ဆိုတဲ့ button ကို click လာပ်ပြီး donate လုပ်လို့ရပါတယ်။🙆