Jo Grant တစ်ယောက်သူမ၏စိတ်ထဲတွင် တစ်စုံတစ်ခုမှားယွင်းနေသည်ကိုခံစားရဟန်ဖြင့်နိုးထလာခဲ့သည်။ အမှောင်ထုထဲတွင်တိတ်ဆိတ်စွာလဲလျောင်းနေပြီး ပတ်ဝန်းကျင်ကိုအာရုံစိုက်ကာနားထောင်မိသည်။ သို့သော် သူမ၏အသက်ရှူသံနှင့်နှလုံးခုန်သံတို့မှလွဲ၍ ဘာမှမကြားရချေ။
"မင်းငါ့ကိုကူညီရမယ် Jo" ဟုဒေါက်တာကသူမ၏အိပ်မက်တွင်း၌ စကားလာပြောသည်။ သည်တစ်ကြိမ်လည်း ဒေါက်တာသူမကိုစကားပြောနေသည့်အိပ်မက်ကို ထပ်မံ၍မြင်မက်ပြန်ပြီ။ အိပ်မက်ထဲရှိ ဖခင်ကဲ့သို့နွေးထွေးသောအသံနှင့် တောင်းဆိုချက်များကဒေါက်တာနှင့်တစ်ထပ်တည်းပင်တူညီနေသည်။
"မင်းငါ့ကိုကူညီရမယ်။" ဟုပြောနေသောဒေါက်တာ့၏နောက်တွင် TARDIS ကိုတွေ့မြင်နေရပြီး မြူခိုးများကိုလည်းမြင်တွေ့နေရသည်။
"တီ…"
ရုတ်တရက် Jo အိပ်ရာထဲမှထခုန်လိုက်မိသည်။ ခဏအကြာတွင်တော့ထိုအသံကတိတ်ဆိတ်သွားပြီး တိုးညှင်းသော တတီတီအသံတွေက ထပ်မံ၍ပေါ်ထွက်လာပြန်သည်။ ကြည့်ရသည်မှာ Matthew တစ်ယောက်မအိပ်သေးပဲ အခန်းတွင်း၌ကွန်ပျူတာဂိမ်းဆော့နေခြင်းဖြစ်လိမ့်မည်။ သူမမျက်လုံးများကိုဖွင့်၍အိပ်ရာဘေးရှိ မီးအိမ်တင်ခုံပေါ်မှကြေးဝါရောင်နာရီကိုကြည့်လိုက်သည်။ အချိန်ကတစ်နာရီထိုးပြီးဆယ်မိနစ်။
'ဒီအချိန်ထိတော့ သူဆက်မဆော့နေသင့်တော့ဘူး' ဟု Jo တွေးမိလိုက်သည်။ 'တကယ်ကိုမဆော့သင့်တော့တာ။ မနက်ဖြန်ကျောင်းသွားရဦးမယ်လေ။'
သူမအိပ်ရာဘေးမှ မီးအိမ်ကိုစမ်းတဝါးဝါးဖြင့်လိုက်ရှာမိသည်။ သူမနံဘေးရှိ Cliff ၏နေရာဟုသတ်မှတ်ထားခဲ့သော အေးစက်နေသည့် ခြုံစောင်ပေါ်ဖြတ်သန်း၍ မီးခလုတ်ကိုရှာနေမိသည်။ ထိုခလုတ်ကိုထားထားသည့်နေရာက ကိုးရိုးကားယားနိုင်လွန်းလှသောကြောင့် သူမအတော်ပင်စမ်းယူလိုက်ရသည်။ ထို့နောက်ခလုတ်ပွင့်သွားပြီး အနွေးထွေးသောအလင်းရောင်ကအခန်းတွင်းသို့လွှမ်းခြုံသွားသည်။
သူမအခန်းတွင်းရှိ ဝက်သစ်ချသားဖြင့်ဘောင်ခတ်ထားသော အဝတ်အစားဗီရို လျှော်ရမည့်အဝတ်အစားများကိုထည့်ထားသည့် အဖြူရောင်ကြိမ်ခြင်းတောင်းနှင့် ကြေးဝါသော့ခလောက်အတုနှင့်ရတနာအဝတ်အစားသေတ္တာတို့ကိုမြင်တွေ့နေရသည်။
'အမေ့အခန်းက တော်တော်လေးခေတ်နောက်ပြန်ဆွဲနေတာပဲ။' ဟု Matthew ကသူမကိုအရင်အပတ်တွေကပြောခဲ့ဖူးသည်။ ကျောင်းအသစ်ကအမြင်အသစ်တွေရလာတာထင်တယ်ဟုသူမတွေးမိသည်။ ဘာပဲဖြစ်ဖြစ် Matthew ပြောတာလည်းမှန်သည်။ ခရမ်းရောင်ကော်ဇောခင်းနဲ့ ပင်လယ်ပြာရောင်နံရံတွေ…ပြီးတော့အဝါရောင်မျက်နှာကျက်။ ကြည့်ရသည်မှာသူမ၏အခန်းကို သေချာပေါက်ပြန်လည်ပြင်ဆင်ရတော့မည်။
Cliff ထွက်သွားပြီးတည်းကအိမ်၏အခန်းတော်တော်များများကို သူမပြင်ဆင်ပြီးသားဖြစ်သည်။ ဒါပေမယ့် ဒီအခန်းကိုတော့ပြန်ပြင်ဖို့ သူမယခုအချိန်ထိဆုံးဖြတ်ချက်မချနိုင်သေး။ ဖုန်တက်နေသော အဖြူရောင် moon ဘွတ်ဖိနပ်တစ်ရန်ကဗီရိုနဲ့နံရံကြား အဟလေးတွင်အထီးကျန်စွာတည်ရှိနေသည်။ 'သူမအဲ့ဒီဖိနပ်ကိုမစီးတာဘယ်လောက်ကြာပြီလဲ။ နှစ်နှစ်ဆယ်လောက်လား?'
ထို့နောက်သူမ၏ခန္ဓာကိုယ်ကိုအုံးတားပေါ်သို့မှီ၍ပြန်လှဲချလိုက်သည်။ ခဏအကြာတွင်သူမ၏မျက်လုံးများကပြန်လည်မှေးစင်းလာပြီး အိပ်စက်ခြင်းဆီသို့ပြန်လည်ရောက်ရှိသွားသည်။
"မင်းငါ့ကိုကူညီရမယ်-"
တီ…တီ-တီ-တီ…တီ…
Jo သူမ၏မျက်လုံးများကိုမဖွင့်ချင်ဖွင့်ချင်ဖြင့်ပြန်ဖွင့်လိုက်ပြီး အိပ်ရာပေါ်မှအင်တင်တင်ဖြင့်ထလာလိုက်သည်။ ထို့နောက်သူမ၏အခန်းကိုခပ်ဖွဖွဖြတ်လျှောက်လာပြီး ချိတ်ပေါ်တွင်ချိတ်ထားသောအပန်းရောင်ညဝတ်ဂါဝန်ကိုဆွဲယူလိုက်သည်။ ဖိနပ်အပါးတစ်ရံကိုကောက်စွပ်လိုက်ပြီးနောက် ကော်ရစ်ဒါဘက်သို့ထွက်လာလိုက်သည်။ ကော်ရစ်ဒါတွင် Matthew ၏အခန်းတံခါးအောက်မှ အရောင်ပြောင်းလဲနေသောအလင်းရောင်များကိုသူမမြင်တွေ့နေရသည်။ ထို့နောက် တီးတိုးပြောသံတွေကိုသူမကြားနေရသည်။ ထို့ကြောင့်တံခါးကိုဖြေးညှင်းစွာခေါက်လိုက်သည်။ သို့သော်တစ်ဖက်မှပြန်လည်ဖြေကြားခြင်းမရှိ။
"Matthew! မင်းအဲ့ဒီစက်နဲ့ဆော့နေပြန်ပြီဆိုတာငါသိတယ်နော်။ အိပ်သင့်နေပြီ။ အခုသွားအိပ်တော့။"
"ခဏလေးပါအမေရ" ထို့နောက်တွင်တော့ Jo ကမီးရောင်ကိုဆက်လက်မြင်တွေ့နေရသောကြောင့် အခန်းတံခါးကိုဖွင့်လိုက်သည်။
သူမ၏သားကညအိပ်ဝတ်စုံဖြင့်ကွန်ပျူတာရှေ့တွင်တင်ပလ္လင်ခွေကာထိုင်နေသည်။ ကွန်ပျူတာဖန်သားပြင်ပေါ်တွင်မူ ကြီးမားသောမီးခိုးရောင် ပန်းကန်ပြားပျံကဲ့သို့သောယာဉ်ပျံက လောင်ကျွမ်းနေသောမြို့ပေါ်တွင် နေရာယူထားသည်။ ထို့နောက် "ဂိမ်းကိုခေတ္တရပ်တန့်ထားပါသည်။" ဟူသောအနီရောင်စာတန်းက ဖန်သားပြင်အလယ်တွင်ပေါ်လာသည်။
"ပိတ်တော့! အခုချက်ချင်း!" ဟု သူမကပြောလိုက်သည်။
"ဒါပေမယ့်ကျွန်တော်အမြင့်ဆုံးသတ်နှုန်းကိုရတော့မှာ" ဟုပြောပြီး Matthew ကတောက်ပနေသောမျက်လုံးများဖြင့် သူမကိုမော့ကြည့်လာသည်။ သူမသား၏ဆံပင်တွေက သူမငယ်ရွယ်စဉ်အချိန်ကလိုရွှေအိုရောင်ဆံပင်များကိုပိုင်ဆိုင်ထားသည်။
"လုပ်ပါ ငါးမိနစ်ပဲလေ"
Jo ကကွန်ပျူတာဖန်သားပြင်သို့ကြည့်လိုက်သည်။ သူမကိုယ်တိုင်တောင်ကွန်ပျူတာကိုပိတ်ဖို့တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေသည်။ ဆယ့်တစ်နှစ်သားအရွယ်သူမသားတွင်လည်း ရသင့်ရထိုက်သောကိုယ်ပိုင်အခွင့်အရေးဆိုတာရှိသေးသည်။ ကွန်ပျူတာဂိမ်းတွေကလူကိုဘယ်လောက်စွဲလန်းစေကြောင်းလည်းသူမသိသည်။
အကယ်၍သူမသာကွန်ပျူတာကိုပိတ်လိုက်မည်ဆိုပါက Matthew ကိုယ်တိုင်လည်း အမြင့်ဆုံးသတ်နှုန်းကိုရရှိတော့မည့် အခွင့်အရေးကိုလက်လွှတ်ဆုံးရှုံးရပေလိမ့်မည်။ သူမအခန်းတွင်းမှထွက်လာသည်နှင့်တစ်ပြိုင်နက် ပြန်ဆော့ပေလိမ့်မည်။
"တစ်နာရီဆယ်မိနစ်ရှိနေပြီ။ မနက်ကျရင်မင်းအရမ်းပင်ပန်းနေလိမ့်မယ်။ ဂိမ်းရဲ့ဒေတာတွေကိုသိမ်းထားပြီး နောက်နေ့မှဆက်ဆော့တော့။"
Matthew ကတွန့်ဆုတ်နေသည်။ ထို့နောက် mouse ကိုဟိုရွေ့ဒီရွေ့လုပ်လိုက်ပြီး ဂိမ်းကို save လုပ်လိုက်သည်။ ထို့နောက်အင်တင်တင်ဖြင့်စက်ကိုပိတ်လိုက်သည်။ Jo ကသူမသား၏ဆံပင်ကိုခပ်ဖွဖွလေးပွတ်သပ်ပေးလိုက်သည်။
"မင်းသာတကယ်တမ်း ကျူးကျော်သူတွေနဲ့တွေ့ခဲ့ရရင် မင်းရဲ့သတ်နှုန်းထက်တခြားအရာတွေကိုလည်းစိုးရိမ်ဖို့လိုတယ်"
Matthew ကသူမကိုရယ်ကျဲကျဲဖြင့်မော့ကြည့်လာသည်။
"အမေကသာသားကိုဒါတွေပဲထပ်ခါထပ်ခါပြောနေတာ။ တကယ်ရော ကျူးကျော်သူတွေဘယ်လောက်ကိုအမေရပ်တန့်ခဲ့လို့လဲ?"
Jo ကပြုံးလိုက်သည်။ "ကောင်စုတ်လေး အဲ့ဒီအကြောင်းစပြန်ပြီလား။ သူတို့ထဲကတဝက်ကအတန်းအစားခွဲခြားထားပြီး-"
"-တခြားတဝက်ကိုတော့ကျွန်တော်မယုံကြည်ဘူး။ ကျွန်တေယ်သိတယ်။ ကျွန်တော်သိတယ်။" ဟုပြောပြီးနောက် Matthew ကမတ်တပ်ထရပ်လိုက်သည်။
"အမေသိလား။ တခါတလေကျရင်ကျွန်တော်ဆုတောင်းတယ် ကျွန်တော့်မှာ သာမန်အမေတစ်ယောက်သာရှိရင်သိပ်ကောင်းမှာပဲ"
ဒီစကားကိုပြောတဲ့အချိန်တစ်လျှောက်လုံး Matthew ပြုံးနေခဲ့သည်။ သို့သော် သူ၏အသံတွင်တော့အမှန်တကယ်ကိုအတည်ပေါက်ပြောနေခြင်းဖြစ်ကြောင်းသူမသိသည်။
သာမန်မိခင်တစ်ယောက်က ဘယ်လိုနည်းနှင့်မှညသန်းခေါင်အချိန်တွင်း သူမ၏အကူအညီကိုလိုအပ်နေသော အချိန်ခရီးသွားဂြိုဟ်သားတစ်ယောက်ကိုအိပ်မက်မက်ပြီး သာမန်နှလုံးခုန်နှုန်းထက်နှစ်ဆမြန်သောနှလုံးခုန်နှုန်းဖြင့် မနိုးထလာနိုင်… သာမန်မိခင်တစ်ယောက်ဆိုလျှင် မည်သူကမျှသူမဘဝ၏အရေးပါဆုံးသော အကောင်းဆုံးသောအစိတ်အပိုင်းတွေကလွန်ခဲ့သောနှစ်နှစ်ဆယ်တည်းကပင်ပြီးဆုံးသွားပြီဟုယုံကြည်နေမည်မဟုတ်…ထိုအချိန်နောက်ပိုင်း ပြုလုပ်နေခဲ့သောအရာတွေကို နောက်မှရရှိသောအကြံဉာဏ်တွေဟုမည်သူမှတွေးမည်မဟုတ်…။
ပထမတော့ ဒေါက်တာနှင့်အတူစကြာဝဠာတစ်ခုလုံးကိုကယ်တင်ခဲ့သည်။ နောက်တော့ Cliff နှင့်အတူကမ္ဘာကြီးကိုကယ်တင်ခဲ့သည်။ ယခုတော့ Hackney ရဲ့အိပ်ခန်းနှစ်ခန်းပါရှိတဲ့အိမ်မှာ ကလေးတစ်ယောက်ကိုပြုစုပျိုးထောင်ပေးနေရတယ်။ အလုပ်နှစ်ခုနဲ့ပြန်လည်ပြင်ဆင်ဖို့လိုနေတဲ့အိပ်ခန်းတစ်ခန်းရယ်…ပြုပြင်ဖို့လိုနေတဲ့အိမ်ခေါင်မိုးတွေရယ်…သူမရဲ့ဘဝကဒီထက်ပိုကောင်းမွန်ခဲ့သင့်သည်မဟုတ်ပါလော။
ထို့နောက် Matthew ကသူမကိုကြည့်နေသေးသည်ဆိုတာကို သတိထားမိလိုက်သည်။ သေးငယ်ဝိုင်းစက်သောမျက်နှာထက် အရွယ်နှင့်မလိုက်အောင်တည်ငြိမ်မှုကိုတွေ့နေရသည်။
"တခါတလေအမေလည်းမင်းမှာ သာမန်မိခင်တစ်ယောက်ရှိပါစေလို့ဆုတောင်းတယ်" ဟုပြောလိုက်ပြီးနောက်ကောင်လေး၏နဖူးကိုငုံ့နမ်းလိုက်သည်။ "မနက်ဖြန်အချိန်မှီထရမယ်နော်။ ဟုတ်ပြီလား"
Matthew ကခေါင်းညိတ်ပြလိုက်သည်။ Matthew မီးပိတ်၍အိပ်ရာဝင်သွားပြီဆိုတာကိုသေချာသည့်အချိန်မှ သူမအခန်းရှေ့တွင်ရပ်နေရာမှလှည့်ထွက်လာခဲ့သည်။ ထို့နောက်ပြန်အိပ်ရန်သူမတွေးလိုက်မိသော်လည်း ယခုတော့သူမကလုံးဝကိုနိုးကြားနေပြီဖြစ်သည်။ ပြီးတော့လက်ဖက်ရည်တစ်ခွက်လောက်သောက်ချင်လာသောကြောင့် အောက်ထပ်သို့ခြေသံတရှပ်ရှပ်ဖြင့်ဆင်းသွားလိုက်သည်။
မီးဖိုချောင်တွင်းရှိနီယွန်မီးချောင်း၏အရောင်ကသူမ၏မျက်လုံးများကိုကျိန်းစပ်သွားစေသည်။ အလင်းရောင်နှင့်အသားကျသွားသည့်အခါတွင်တော့ ခန်းဆီးလိုက်ကာများသည်ပြတင်းနှစ်ချပ်ဘောင်ပေါ်တွင် တင်လျက်သားရှိနေသေးသည်ကိုတွေ့လိုက်ရသည်။ ပြတင်းပေါက်ဘောင်ကိုကျော်၍မှောင်မိုက်နေသောညကိုမြင်တွေ့နေရသည်။
ထို့နောက်သူမစိတ်ရှုပ်စွာဖြင့်ခန်းဆီးများကိုဆွဲချလိုက်သည်။ Matthew ကိုလိုက်ကာများကိုချထားခဲ့ဖို့ပြောခဲ့သည် မပြောခဲ့သည်ကိုသူမမမှတ်မိတော့။ ဒါမှမဟုတ် သူမကကိုယ်တိုင်လုပ်ဖို့မေ့ခဲ့သည်လား ဟူသည့်အကြောင်းကိုဝေခွဲမရဖြစ်နေသည်။
ရေနွေးကြိုရန်အတွက်အိုးကိုရေထည့်၍အပူပေးလိုက်သည်။ အညိုရောင်လက်ဖက်ရည်ထုတ်ကကြောင်အိမ်ပေါ်တွင်နေရာယူထားသည်။ ထိုအရာကိုကြည့်၍သူမပြုံးလိုက်မိသည်။ ထို့နောက် ဒေါက်တာ၏ Assam နှင့် Darjeeling အကြောင်းကိုသတိရမိသည်။ ပြီးတော့ Cliff ၏ နှင်းဆီရိုင်းအသီး cammomile ပင် ဖက်ယားပင် နှင့် maté အကြောင်းကို သတိရမိသည်။ ယခုသူမကိုယ်တိုင်အတွက်တော့ အခြားသူများအသုံးပြုလေ့ရှိသည့် Sainsbury ၏ကိုယ်ပိုင်လက်ဖက်ရည်ထုတ်ကိုသာသောက်ဖြစ်သည်။ အကြောင်းအမျိုးမျိုးကြောင့် ယခုနောက်ဆုံးထွက်ရှိခဲ့သည့် လက်ဖက်ရည်အိတ်သည် တြိဂံပုံသဏ္ဌာန်ဖြစ်နေသည်။ ထို့နောက်အနည်းငယ်ညစ်ပတ်ကာမသပ်မရပ်ဖြစ်နေသောမတ်ခွက်ထဲသို့ထည့်လိုက်သည်။ ထို့မတ်ခွက်ပေါ်တွင် "SAVE THE WHALE" ဟုရေးသားထားပြီး သူမဘဝဇာတ်ကြောင်းတစ်ခုလုံးကို ပြန်မြင်ယောင်နေရသကဲ့သို့ခံစားရစေသည်။
A/N: ကျေးဇူးပြုပြီး subscribe လုပ်ပေးကျပါနော်။ စာလည်းဖတ်ရင်း 5starလေးလည်းvoteရင်း reviewလေးတွေလည်းရေးလို့ရပါတယ်။ စာရေးသူတွေကို donate လုပ်ချင်ရင်လည်း buy a cup of coffee ဆိုတဲ့ button ကို click လာပ်ပြီး donate လုပ်လို့ရပါတယ်။🙆