Mauvril တစ်ယောက် မှောင်မိုက်နေသောအခန်းငယ်လေးအတွင်းသို့ ပြန်လည်ဝင်ရောက်လာခဲ့သည်။ အခန်းတွင်းရှိမီးရောင်ကမှိန်လွန်းသောကြောင့် အမှောင်ထုကသာအခန်းငယ်အတွင်းကြီးစိုးနေသည်။ သို့သော်အခန်းငယ်အတွင်းရှိဂြိုဟ်သားကမူ ညအမှောင်မျက်လုံးများပင်မလိုအပ်ပဲ သူမကိုမြင်နိုင်သည်ဆိုသည့်အကြောင်းကို သူမသိသည်။ ထို့ကြောင့် သူမ၏ကိုယ်ပိုင်အမှောင်မျက်လုံးများကိုဖွင့်လိုက်ပြီး ထိုလူအသက်ရှူနေသည်ကိုကြည့်နေလိုက်သည်။
"ကျွန်မပြောတာကြားရတယ်မလား ဒေါက်တာ" ဟုသူမမေးလိုက်သည်။ သို့သော် သူမ၏အမေးအားခွန်းတုံ့ပြန်ခြင်းတစ်စုံတစ်ရာမျှမရှိ။ အကယ်၍ဒေါက်တာသာပြန်လည်ဖြေကြားလိုက်ပါက Mauvril ကိုယ်တိုင်ပင်သူမပြောမည့်အကြောင်းအရာများကို မပြောနိုင်ဖြစ်လိမ့်မည်ဆိုတာကိုသိနေသောကြောင့် ဆိတ်ဆိတ်နေခြင်းသာဖြစ်ပေလိမ့်မည်။ ဘယ်လိုပင်ဖြစ်ဖြစ် သူမစတင်၍စီကာပတ်ကုံးပြောတော့သည်။ သူမပြောသည်ကပုံပြင်တစ်ပုဒ်လည်းဖြစ်ကောင်းဖြစ်နိုင်သည်။ သူမကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့်အကြောင်းအရာများလည်းဖြစ်နိုင်သည်။
"ကျူးကျော်ဝင်ရောက်ခြင်းမလုပ်ခင်က ကျွန်မတို့ရဲ့ကမ္ဘာကစိတ်ကူးယဉ်ကမ္ဘာသက်သက်ဖြစ်ခဲ့တာတောင် အရာအားလုံးကပြီးပြည့်စုံနေခဲ့တယ်။ ဒါတွေကိုကျွန်မလိမ်ညာပြီးပြောနေတာမဟုတ်ဘူးဒေါက်တာ။ ရှင်သိလား ကျွန်မနေရတဲ့နေရာတွေမှာတစ်ခုမဟုတ်တစ်ခုတော့ အမြဲတမ်းတမူထူးနေတာပဲ။ ဥပမာ ကျွန်မနေခဲ့တဲ့နေရာလိုမျိုးပေါ့။ အဲ့ဒီနေရာကကလေးတွေအတွက်တော့ ဆိုးရွားတဲ့နေရာတစ်ခုပဲ။ မွေးဖွားလာတဲ့အချိန်ကစလို့ ကလေးတွေက မိဘတွေရဲ့ပိုင်ဆိုင်ခြင်းဥစ္စာပစ္စည်းတစ်ခုအဖြစ် သတ်မှတ်ခံရတယ်။ ဒါပေမယ့် အရွယ်မရောက်သေးခင် မိဘတွေသေဆုံးသွားတဲ့အခါကျရင်တော့ လေဟာပြင်ဈေးမှာကလေးတွေကိုပစ္စည်းဥစ္စာတစ်ခုလိုပဲ ရောင်းဖို့အတွက်အလှပြထားကျတယ်။ သူတို့ရောင်းနေကျအဝတ်အစားတွေ မြေတွေအိမ်တွေလို့ပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် ဒါကကောင်းမွန်တဲ့ဓလေ့မဟုတ်ဘူး။"
"ကျွန်မမိဘတွေဆုံးသွားတော့ ကျွန်မအစ်ကို Pakip ကသူ့လယ်တွေမှာအလုပ်လုပ်ဖို့ကျွန်မကိုခေါ်သွားခဲ့တယ်။ ဒီလိုလုပ်ခဲ့လို့သူဒေဝါလီခံလိုက်ရခါနီးတောင်ဖြစ်သွားသေးတယ်။ ဘာပဲဖြစ်ဖြစ်သူကဒါကိုမိသားစုတာဝန်လို့ခံယူတတ်တဲ့လူစားမျိုးပဲ။ တစ်မျိုးတော့ကောင်းတာပေါ့။ သူကကျွန်မအပေါ် ဆိုးဆိုးရွားရွားတော့မဆက်ဆံပါဘူး။ ဒါပေမယ့် သူ့ရဲ့ရင်းနှီးမြှုပ်နှံမှုအတွက်တန်အောင် အလုပ်လုပ်ပေးရတယ်။ ကျွန်မဒါကိုအရမ်းမုန်းတာပဲ။ ရှင်သိလား အဲ့ဒီအချိန်တုန်းကကျွန်မက နူးနူးညံ့ညံ့ကလေးတစ်ယောက်အရွယ်ပဲရှိသေးတယ်။ ကျွန်မရဲ့ခွာတွေတောင်အပြည့်အစုံမပေါက်သေးဘူး။ ပြီးတော့ကျွန်မမှာကလေးဘဝအတွက်မျှော်လင့်ထားတဲ့ ဟာသဆန်ဆန် ရိုမန့်တစ်ဆန်ဆန် အိပ်မက်လေးတွေအများကြီးလည်းရှိသေးတယ်။ ကျွန်မ Tafalis မြို့မှာသွားနေချင်တယ် ဒါမှမဟုတ် အဲ့ဒီထက်ပိုဝေးတဲ့နေရာမှာရှိတဲ့မြို့တော် Noctutis ကိုသွားချင်တယ်။ ကျွန်မတစ်ခါတစ်လေတွေးမိတယ်။ အကယ်၍ကျွန်မကိုသာအစ်ကို Pakip ကမဝယ်ခဲ့ပဲနဲ့ အခြား offworlder တစ်ယောက်ကသာဝယ်သွားခဲ့ရင် ကျွန်မအခုချိန်လောက်ဆိုကောင်းကောင်းမွန်မွန်နေနေရလောက်ပြီ။ ကျွန်မအာကာသထဲသွားလည်နိုင်ဖို့စိတ်ကူးခဲ့တယ်။ ကြယ်တွေကြားထဲမှာပျော်ရွှင်ဖွယ်ခရီးလေးတစ်ခုဖန်တီးရင်းပေါ့။ ဘယ်လောက်တောင်ကောင်းလိုက်လဲ။"
"ဒါပေမယ့် ကျွန်မနားလည်ပါတယ်။ အစ်ကို Pakip ကကျွန်မအတွက်အကောင်းဆုံးကိုရွေးချယ်ပေးခဲ့တာပဲ။ offworlder တွေကျွန်မကိုလာမဝယ်ခင် သူကအရင်ဦးအောင်ဝယ်ခဲ့တယ်လေ။ ဒါပေမယ့် ကျွန်မအိပ်မက်တွေသာအမှန်တကယ်ဖြစ်လာမယ်ဆိုရင် ပုန်းကွယ်နေတဲ့အိပ်မက်ဆိုးတွေအဖြစ်ပြောင်းလဲသွားမှာကိုကျွန်မမသိခဲ့ဘူး။ ပြန်လမ်းမရှိတဲ့အခိုက်အတန့်မျိုးပေါ့။"
"အိပ်မက်ဆိုးတွေရောက်လာတော့မယ်ဆိုတာလည်း ကျွန်မမသိခဲ့ဘူး။"
"ဒါပေမယ့်ကျွန်မအဲ့ဒီလယ်ကွင်းတွေကိုသဘောမကျဘူး။ ဘဟ်နေရာကြည့်ကြည့်မြက်တွေ…အဲ့ဒီရှည်လျားကောက်ကွေးနေတဲ့အစိမ်းရောင်တွေကြီးပဲ…ကျွန်မအစ်ကိုကအဲ့ဒီမြက်တွေကို Tafalis ကစားသောက်ဆိုင်တွေမှာရောင်းဖို့ကွင်းပြင်တွေအများကြီးနဲ့ စိုက်ထားတာ။ နေမထွက်ခင် ကျွန်မအိပ်ရာထရတယ်။ ပြီးရင် ဆင်စွယ်ကောက်ရိတ်ဓားနဲ့မြက်တွေကိုလိုက်ရိတ်ရတယ်။ အစ်ကိုကပြောတယ် ကျွန်မတို့သာကြိုးစားပြီးလုပ်ရင် မြက်တွေကကောင်းကောင်းမွန်မွန်ပြန်ပေါက်လာမှာတဲ့။ ဘာပဲဖြစ်ဖြစ်ပထမဆုံးနေရောင်ခြည်စထွက်လာတာနဲ့ကျွန်မမြက်တွေကိုစည်းရတယ်…စည်းပြီးသွားတာနဲ့ ပတ္တူစနဲ့လိပ်ပြီးမပျက်စီးအောင်အေးတဲ့နေရာမှာထားရတယ်။ ပြီးရင်အစ်ကိုကလှည်းထမ်းပိုးပေါ်တင်ပြီး ဈေးရောင်းဖို့ Tafalis မြို့ရဲ့ဈေးကိုခြေလှမ်းခပ်သွက်သွက်နဲ့ထွက်သွားတယ်။ အဲ့ဒီအချိန်မှာ ကျွန်မကလယ်ကွင်းတွေကိုစောင့်ကြည့်ပေးရတယ်။ အင်းဆက်တွေ ပိုးတွေလာရင်မောင်းထုတ်ပေးရတယ်။ ဂိတ်တံခါးတွေကိုပြန်ပြင်တယ်။ ပြီးရင်အရင်ရက်တွေတုန်းက Pakip ရိတ်သွားတဲ့နေရာတွေမှာပြန်စိုက်ပေးရတယ်။ တခါတလေမိုးရွာတဲ့အချိန်တွေ ညနေပိုင်းဆီးနှင်းကျတဲ့အချိန်တွေဆို နေဝင်တာနဲ့ဒုတိယအကြိမ်ရိတ်သိမ်းခြင်းကိုစလုပ်ရပြီ။ ရိတ်သိမ်းပြီး အားလုံးပြင်ဆင်ပြီးတာနဲ့ Pakip နဲ့အတူတူညဘက်ဈေးမှာသွားရောင်းရင် ဈေးကောင်းကောင်းနဲ့ရတယ်။"
"အဲ့ဒီမှာကျွန်မ offworlder တွေအများကြီးကိုတွေ့ခဲ့ရတယ်။ သူတို့အားလုံးကအရောင်အသွေးစုံစုံလင်လင်တောက်တောက်ပြောင်ပြောင်တွေနဲ့အရမ်းထူးခြားတာပဲ။ ရှင်ကတော့နားလည်မှာမဟုတ်ဘူး။ မြက်ခင်းတွေချည်းပဲပြည့်နှက်နေတဲ့နေရာမှာနေလာခဲ့ခြေလေးချောင်းသတ္တဝါလေးကမြို့ထဲဝင်လိုက်တဲ့အချိန်ဘယ်လိုခံစားရမလဲ။ ခြေထောက်နှစ်ချောင်းနဲ့ရပ်နေကျတဲ့လူတွေ ဒါမှမဟုတ်ခြောက်ချောင်း ပြီးတော့ပြင်ပအရိုးတွေနဲ့သွားလာနေကျတဲ့ အရာတွေကိုမြင်ရင်ဘယ်လိုခံစားရမလဲ။ သေချာပေါက်ကိုစိတ်လှုပ်ရှားမိမှာပဲ။ ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာက offworlder တွေရဲ့စကားပြောသံတွေ…တဖျတ်ဖျတ်လှုပ်နေတဲ့အလင်းရောင်တွေ…ထူးခြားလွန်းတဲ့နည်းပညာတွေ…ဒါတွေကိုကြည့်နေရတာ ကျွန်မမျက်စိတွေကန်းပြီလို့တောင်ထင်နေရတယ်။"
"အဲ့ဒီမှာ Morkal လို့ခေါ်တဲ့ Earth Reptile တစ်ကောင်ရှိတယ်။ Mernac လို့လည်းခေါ်သေးတယ်ထင်တယ်။ ကျွန်မသူ့ကိုအရမ်းသဘောကျခဲ့တာ။ သူ့ဟန်ပန်အမူအရာကတည်ကြည်လေးနက်တယ်။ ပြီးတော့သူ့မှာကင်းလိပ်ချောလိုအခွံတွေလည်းရှိသေးတယ်။ ကျွန်မသဘောအကျဆုံးက သူ့နဖူးအလည်တည့်တည့်က တောက်ပနေတဲ့သုံးခုမြောက်မျက်လုံးပဲ။ ကျွန်မအစ်ကိုနဲ့သူနဲ့က ဈေးဘေးကအမိုးဖွင့်စာသောက်ဆိုင်လေးရဲ့ အနီရောင်ပလက်စတစ်ခုံပေါ်မှာထိုင်ပြီးစကားပြောလေ့ရှိတယ်။ သူတို့ဘာတွေပြောနေလည်းဆိုတာကိုတော့ကျွန်မလည်းသိပ်နားမလည်ခဲ့ဘူး။ Morkal ရဲ့ပုံစံက ပညာတတ်အသိုင်းအဝိုင်းကလာတာလို့ထင်ရတယ်။ ဒါပေမယ့်သူက တခါတလေကျရင်စကားပြောတာကိုစိတ်မဝင်စားသလို…တခါတလေတိုတိုနဲ့လိုရင်းကိုချုံးပြီးပြောတတ်တယ်…တခါတလေဆိုသူ့ရဲ့ဝေ့လည်ကြောင်ပတ်ပုံစံတွေကိုလည်းမြင်နေရတယ်။"
"ကျွန်မတို့သူ့ကိုနောက်ဆုံးတွေ့ခဲ့တဲ့အချိန်ကိုတောင်မှတ်မိပါသေးတယ်။ အဲ့ဒီအချိန်တုန်းက သူ့ရှေ့မှာအမည်းရောင်အမြုပ်တစီစီထနေတဲ့အရည်တွေ အပြည့်ထည့်ထားတဲ့ခွက်တစ်ခွက်ရှိနေတယ်။ ကမ္ဘာမြေလူသားတွေကအဲ့ဒါကို ကိုလာလို့ခေါ်ကျတယ်။ ဒါပေမယ့်သူကအဲ့ဒီအရည်တွေကိုသောက်မနေဘူး။ ဟုတ်တယ်… သူဘာလုပ်နေလည်းလို့မေးရင်အဲ့ဒီအရည်တွေကိုထိုင်ပြီးငုံ့ကြည့်နေတာ။ သူ့ပုံစံကရှက်နေတဲ့ပုံပဲ။ နောက်တော့သူက "သူတို့ဒါကိုအတည်လုပ်နေကျတာ" လို့ ကျွန်မအစ်ကို Pakip ကိုပြောနေတယ်။ "တကယ်ကိုလုပ်ကျတော့မှာ။ မင်းတို့ထွက်သွားလို့ရတုန်းထွက်သွားသင့်တယ်" တဲ့။ သူပြောတဲ့စကားရဲ့အဓိပ္ပာယ်ကိုကျွန်မနားမလည်ပါဘူး။ ဒါပေမယ့် ကျွန်မစိတ်ကကြောက်လာတာတော့ကျွန်မသိတယ်။"
"ပြီးတော့ Pakip… သူထွက်မသွားနိုင်ဘူးဆိုတာကျွန်မသိတယ်။ သူ့မှာသူချစ်ရတဲ့ဇနီး Larnaj လည်းရှိသေးတယ်။ ပြီးတော့သူတို့ရဲ့မွေးဖွားလာတော့မယ့်ကလေးလေးကသူ့ဇနီးရဲ့ဗိုက်ထဲမှာ…ပြီးတော့သူ့လယ်တွေ ဒါတွေအားလုံးကိုစွန့်ပစ်ပြီးထွက်သွားရမယ်။ ဒါကသူလုံးဝလုပ်နိုင်မယ့်အရာမဟုတ်ဘူးဆိုတာကျွန်မသေချာပေါက်ကိုသိတာပေါ့။ Earth Reptile ပြောတဲ့ဇာတ်လမ်းဆန်ဆန်သတိပေးတဲ့စကားကိုမယုံကြည်တာဖြစ်ချင်ဖြစ်မယ်။ ကျွန်မမသိဘူး။ သူဘာတွေတွေးနေလဲဆိုတာကို ကျွန်မမသိတော့ဘူး။"
"ကျွန်မသိတာတစ်ခုက အလင်းရောင်တွေမြင်ရင်သူအော်တယ်ဆိုတာပဲ။"
"ညနေခင်းတစ်ခုမှာ ကျွန်မ Pakip နဲ့အတူတူရိတ်သိမ်းထားတာတွေကိုရောင်းဖို့ Tafalis ဘက်ကိုထွက်လာကျတယ်။ အဲ့ဒီအချိန်မှာပဲ မြို့ပေါ်မှာဘာပေါ်လာလဲ ဒေါက်တာသိလား။ တလက်လက်နဲ့စူးရှတောက်ပနေတဲ့အလင်းရောင်တွေ…ဒီအလင်းရောင်ကတစ်မြို့လုံးကိုဖုံးအုပ်သွားတဲ့အထိပဲ။ အဲ့ဒီအလင်းရောင်ကနေတစ်ဆင့် မြို့ထဲကချောင်ကြိုချောင်ကြားနေရာတစ်ခုမကျန်အကုန်မြင်နေရတယ်။ ပြီးတော့သေးငယ်တဲ့အရာလေးတွေက အပေါ်ကိုမော့ကြည့်နေတာမြင်လိုက်ရတယ်။ အဲ့ဒီထူးဆန်းတဲ့အလင်းရောင်ထဲမှာ Tractite တွေနဲ့ အေးခဲနေတာနဲ့တူတဲ့ဂြိုဟ်သားတွေကိုတွေ့နေရတယ်။ အဲဒီလိုအချိန်မျိုးမှာတောင် ကျွန်မရဲ့ကလေးဆန်ဆန်အတွေးတွေက ပျောက်ကွယ်မသွားသေးဘူး။"
"လက်တွေ့ဆန်ပါတယ်ဆိုတဲ့ Pakip တောင် Tafalis ကိုသွားတဲ့လမ်းတစ်လျှောက်မြက်နံ့တွေကိုရှူရှိုက်ရင်း သူ့ရဲ့ကမ္ဘာကြီးဟာအဆုံးသတ်တော့မယ်ဆိုတာကို အဲ့ဒီခဏလေးအတွင်းမှာရိပ်မိလိုက်တယ်။ ဒါကိုသိရက်နဲ့တောင် သူ့ရဲ့ကမ္ဘာငယ်လေးကတော့ရှင်သန်မှာပါဆိုပြီး သူ့ကိုယ်သူလှည့်စားနေသေးတယ်။"
"အင်း…ဒါကလူတွေအားလုံးနီးပါးလုပ်နေကျပါပဲ။ ဟုတ်တယ်မလား…လက်တွေ့ဆန်ပါတယ်ဆိုတဲ့လူတွေတောင် ဒီလိုအတွေးမျိုးကိုတွေးဖြစ်ကျသေးတာပဲ။"
"ကျွန်မဘာမှမသိဘူးလို့ပြောခဲ့ရင်တော့မှားတာပေါ့။ အဲ့ဒီအချိန်မှာ Earth Reptile ပြောခဲ့တဲ့သတိပေးစကားတွေကို ကျွန်မမတွေးခဲ့မိဘူး။ ကျွန်မထင်ခဲ့တာက- 'ဒါကဘယ်လောက်တောင်ရယ်စရာကောင်းလိုက်လဲ။ အကို Pakip ကကော ကြီးမားတဲ့ဂြိုဟ်သားတွေရဲ့ယာဉ်ပျံကအလင်းရောင်ကို ဘာကြောင့်ရှောင်ပြေးချင်ရတာလဲ။ အရူးကျနေတာပဲ။' အဲ့ဒီနောက်တော့ကျွန်မမြို့တစ်မြို့စာလောက်ကြီးမားပြီး လတစ်စင်းလိုအလင်းရောင်မျိုးပေးနိုင်တဲ့ စတုရန်းသဏ္ဌာန်အဲ့ဒီယာဉ်ကိုမော့ကြည့်နေခဲ့တယ်။ ပြီးတော့ကျွန်မစိတ်ကူးယဉ်မိလိုက်သေးတယ်။ ယာဉ်ပျံပေါ်ကဂြိုဟ်သားတွေကကျွန်မတိုံရဲ့မြက်တွေကိုအလုအယက်ဝယ်ကျမယ်…ဈေးတွေတဖြည်းဖြည်းနဲ့ထိုးတက်လာမယ်။ ကျိန်းသေပေါက် Pakip ကတော့ပျော်လွန်းလို့ထကမိမှာပဲလို့တောင်တွေးနေမိတာ။"
"အဲ့ဒီအစား Pakip ကမြေပြင်ပေါ်မှာသူ့ရဲ့ရှေ့ခြေထောက်ကိုအားပြုပြီးဒူးထောက်ချလိုက်တယ်။ ပြီးတော့လှည်းထမ်းပိုးကို သူ့ခန္ဓာကိုယ်ပေါ်ကနေဖြုတ်ချလိုက်တယ်။ ကျွန်မလေ အဲ့ဒီအချိန်တုန်းကသူဘာတွေလုပ်နေလဲဆိုတာကို ကြောင်ပြီးရပ်ကြည့်နေခဲ့တာ။ သူကတော့ကျွန်မတို့နဲ့လှည်းနဲ့ချိတ်ဆက်ထားတဲ့သားရေကြိုးကိုဒီတိုင်းစောင့်ပြီးဆွဲဖြုတ်ပစ်လိုက်တယ်။ ပြီးတော့လှည်းထမ်းပိုးပြုတ်ကျသွားူအောင် ကျွန်မကိုအတင်းဒူးထောက်ခိုင်းတယ်။ ခဏကြာတော့လှည်းကဘေးဘက်ကိုယိုင်ပြီး အကုန်မှောက်ကျကုန်တယ်။ လှည်းပေါ်ကမြက်စည်းတွေကလည်းမြေကြီးပေါ်ကျလို့ ကျောက်တုံးတွေနဲ့တိုက်မိပြီးလိမ့်ကျကုန်တယ်။"
"Pakip ဘာကြောင့်ဒီလိုလုပ်တယ်ဆိုတာမသိပေမယ့် ကျွန်မချက်ချင်းလှည့်ကောက်ဖို့ပြင်လိုက်တယ်။ ဒါပေမယ့်ကျွန်မမကောက်ရသေးခင်မှာ အစ်ကိုကကျွန်မနံဘေးကိုသူ့ရှေ့ခြေထောက်တွေနဲ့ကန်ချလိုက်တယ်။ ပြီးတော့ကျွန်မကို "Mauvril! ပြေးတော့" ဆိုပြီးအော်ပြောတယ်။ ဘာတွေဖြစ်နေလည်းဆိုတာကျွန်မမသိတော့ဘူး။ အစ်ကိုကကျွန်မခန္ဓာကိုယ်ကိုအတင်းလှည့်ပြီးခြေလှမ်းစိပ်စိပ်ပြေးခိုင်းတယ်။ သူကိုယ်တိုင်လည်းပြေးနေရင်းပေါ့။ ကျွန်မတို့ရဲ့ခွာသံတွေကလမ်းပေါ်မှာဂလောက်ဂလောက်မြည်နေတယ်။ ကျွန်မတို့ရဲ့နောက်မှာတော့ အလင်းရောင်တွေကပိုပိုပြီးတောက်ပလာတယ်။ ပြီးတော့လေထုက မုန်တိုင်းမကျရောင်ခင်အခြေအနေလိုမျိုးခံစားနေရတယ်။ ခဏကြာတော့ကျွန်မတို့နဲ့ အနည်းငယ်လောက်ပဲလှမ်းတဲ့နေရာမှာ ပေါက်ကွဲသံတွေကိုကြားလိုက်ရတယ်။"
"အဲ့ဒီယာဉ်ပျံကြီးကလေထုရဲ့အပေါ်ယံလွှာမှာပေါ်လာတာ။ Earth Reptile ကလည်းဒီလိုအရာမျိုးကိုပြောခဲ့ဖူးတယ်မလား။ 'ငါတို့နောက်ကိုအလင်းရောင်ကလိုက်နေတယ်။' ဆိုပြီးတော့သူပြောခဲ့ဖူးတယ်။ Pakip ကအသားတကျပြေးနေရင်းကနေကို ရုတ်တရက်ကြီးဒုန်းစိုင်းထပြေးတယ်။ ကျွန်မသူ့ကိုကြောင်အစွာပဲထပ်ငေးကြည့်နေမိတယ်။"
"သူကတော့ကျွန်မကို'ပြေးလေ!'လို့အော်ပြီးဆက်ပြေးဖို့ပြောတယ်။ Pakip ကအခုတော့ကျွန်မရှေ့ကနေဒုန်းစိုင်းပြီးကွင်းပြင်တွေကိုဖြတ်ပြေးနေတယ်။ သူ့ခေါင်းကတော့အောက်ကိုစိုက်ပြီးငုံ့ထားတုန်းပဲ။ သူဘာလို့ဒီလိုပြေးနေလဲဆိုတာကျွန်မနားမလည်ပေမယ့် သူ့ဆီကကြောက်ရွံ့မှုတွေ စိုးရိမ်ပူပန်မှုတွေကျွန်မဆီကူးစက်ကုန်တယ်ထင်ပါရဲ့…ကျွန်မလည်းသူ့လိုလိုက်လုပ်ပြီးတရှိန်ထိုးပြေးနေမိတယ်။ နှင်းစက်လေးတွေကကျွန်မခြေထောက်တွေနဲ့နံဘေးတွေကိုစဉ်ပြီးစိုရွှဲနေစေတယ်။ ခဏကြာတော့ကျွန်မရဲ့ဘယ်ဘက်ခြမ်းမှာသစ်တောတစ်ခုကိုတွေ့လိုက်ရတယ်။ အဲ့ဒီသစ်တောကြောင့် ကျွန်မယာဉ်ပျံကိုကြည့်လို့မရတော့ဘူး။ လယ်ကွင်းအိမ်လေးထဲကနေပြီး Larnaj အော်နေတာကို ကျွန်မကြားနေရတယ်။ ထူးဆန်းတဲ့အလင်းရောင်အောက်မှာ ကြောက်ရွံ့နေတဲ့သူမရဲ့ပုံစံကို ကျွန်မတွေးကြည့်မိလိုက်တယ်။ အဖြူဝတ်ရုံကတဖျတ်ဖျတ်လွင့်နေပြီး သူမရဲ့ကုတ်အကျီၤပေါ်က ကြေးနီရောင်ကြိုးတန်းလေးကတော့ အလင်းရောင်အောက်မှာတလက်လက်တောက်ပနေတယ်။ သူမရဲ့ဗိုက်ထဲက ကလေးလေးကတော့ မိခင်ရဲ့ကြောက်ရွံ့မှုကိုခံစားနေရတယ်တူပါရဲ့ ဗိုက်ထဲမှာရုန်းကန်နေတယ်။"
"မြေအောက်ခန်း! မြေအောက်ခန်းကိုသွား! အခုချက်ချင်း!" လို့အော်ပြောလိုက်တဲ့သူ့ရဲ့အသံကသြဇာအပြည့်နဲ့။
"သူခြံဝင်းကိုဒုန်းစိုင်းဖြတ်ပြေးသွားပြီးလယ်ကွင်းအိမ်ထဲပြေးဝင်သွားတာကိုကျွန်မတွေ့နေရတယ်။ သူ့အရေပြားတွေကချွေးတွေနဲ့တလက်လက်တောက်ပြောင်နေတယ်။ အလင်းရောင်ကတော့တောက်ပမြဲတောက်ပနေတုန်းပဲ။ နေ့တစ်နေ့ရဲ့အလင်းရောင်လိုမျိုး တောက်ပနေတယ်။ ကျွန်မရဲ့အမှောင်မျက်လုံးတွေနဲ့ ကြည့်နေရပေမယ့် အလင်းရောင်ကအပြာရောင်အဖြစ်ကိုပြောင်းလဲလာသလိုပဲ။ ကောင်းကင်ကနေထွက်လာတဲ့အချိန်လိုတောက်ပနေတယ်။ ခြံဝင်းထဲကကျောက်တုံးတွေကလည်းလောင်ကျွမ်းနေသလိုတလက်လက်တောက်ပနေတယ်။ ကျွန်မပိုပြီးရှင်းရှင်းလင်းလင်းမြင်ရဖို့အတွက် အမှောင်မျက်လုံးတွေကိုပိတ်လိုက်ပြီး အရောင်မျက်လုံးတွေနဲ့ပတ်ဝန်းကျင်ကိုကြည့်လိုက်မိတယ်။"
"ကျွန်မဘာမြင်ရလဲ ဒေါက်တာသိလား။ အလင်းရောင်တွေကအပြာရောင်တွေဖြစ်နေတာပဲ။ တုန်လှုပ်ချောက်ချားစရာကောင်းတဲ့ မူမမှန်တဲ့အပြာရောင်တွေ။"
"Pakip ကတံခါးဝမှာရပ်နေရင်းကနေ ကျွန်မဘက်လှည့်ကြည့်ပြီးအော်တယ်။ "မင်းဘာလုပ်နေတာလဲ!! မြန်မြန်အမိုးအောက်လာလေ!" သူ့ပုံစံကအရမ်းဒေါသထွက်နေသလိုပဲ။ ဒေါသထွက်လွန်းလို့သူ့နှာခေါင်းထဲကနေတောင် လေတွေမှုတ်ထုတ်နေတာမြင်နေရတယ်။"
"ကျွန်မတုန့်ဆိုင်းနေမိသည်။ ဘာအကြောင်းကြောင့်မှန်းတော့မသိ ကျွန်မသစ်တောရဲ့အလင်းရောင်အနည်းငယ်သာရတဲ့အစွန်းလေးမှာ မလှုပ်မရှားရပ်နေမိတယ်။ ဘာလုပ်ရမလဲကျွန်မမသိတော့ဘူး။ Pakip ဆီကိုပဲပြေးသွားရမလား အဲ့ဒီနေရာမှာပဲဆက်ရပ်နေရမလား ကျွန်မမသိတော့ဘူး။ ကံကောင်းစွာနဲ့ ကျွန်မရဲ့ဆုံးဖြတ်ချက်မပြတ်သားမှုက ကျွန်မကိုကယ်တင်သွားခဲ့တယ်။ ရုတ်တရက်လယ်ကွင်းအိမ်လေးကိုအဖြူရောင်စူးရှတဲ့အလင်းတွေကဝါးမျိုသွားခဲ့တယ်။ အပူချိန်ကနေရဲ့အပူချိန်ထက်တောင်ပြင်းလွန်းတယ်။ ခဏကြာတော့ကျွန်မရဲ့အလိုအလျောက်တုန့်ပြန်မှုကြောင့်ပဲလားမသိဘူး…ကျွန်မသစ်ပင်တွေနောက်ပုန်းပြီးအကာအကွယ်ယူလိုက်မိတယ်။"
"လယ်ကွင်းအိမ်လေးထဲကနေ Pakip ရဲ့အော်သံတွေကိုကျွန်မအတိုင်းသားကြားနေရတယ်။ ဒါပေမယ့် ကျွန်မဘာမှလုပ်ပေးလို့မရဘူးဆိုတာ ကျွန်မသိတယ်။"
Mauvril ကတုန့်ဆိုင်းနေသည်။ ထို့နောက် ဒေါက်တာ၏မျက်လုံးများပိတ်ထားသည်ကိုသူမတွေ့လိုက်ရသည်။
"သူတို့သေတာကိုကျွန်မဒီတိုင်းထိုင်ကြည့်နေခဲ့ရတယ်။ အော်ဟစ်သံတွေကိုကြားနေရတာတောင် ကျွန်မအဲ့ဒါကိုရပ်တန့်အောင်လုပ်ဖို့ဘာမှမတတ်နိုင်ခဲ့ဘူး။ အဲ့ဒါကဘာနဲ့တူလဲ ဒေါက်တာသိလား။ ကျွန်မအရမ်းနာကျင်ရတယ်။ ကိုယ့်ရှေ့မှာကူကယ်ရာမဲ့နေတဲ့လူတွေ…သေကျေနေကျတဲ့လူတွေကို ဘာအင်အားမှမရှိပဲဒီတိုင်းထိုင်ကြည့်နေရတယ်။ တကယ်ကိုဆိုးရွားတာပဲ။"
သူမပြောပြီးအတော်ကြာသည်အထိ ဒေါက်တာကဘာမှပြန်မပြော။ ထို့နောက်သူ၏ပါးစပ်ကပွင့်ဟလာပြီး တိုးညှင်းသောအသက်ရှူသံကိုကြားလိုက်ရသည်။
"ငါသိပါတယ်။" ဟုဒေါက်တာက Mauvril ကိုပြောလိုက်သည်။
ထို့နောက်ပွင့်ဟလာသည့်သူ၏မျက်လုံးအိမ်တွင်းမှ မျက်ရည်တစ်စက်ကမူ ခြောက်သွေ့နေသောပါးပြင်ပေါ်သို့ ဖြေးညှင်းစွာစီးဆင်းသွားခဲ့သည်။
A/N: ကျေးဇူးပြုပြီး subscribe လုပ်ပေးကျပါနော်။ စာလည်းဖတ်ရင်း 5starလေးလည်းvoteရင်း reviewလေးတွေလည်းရေးလို့ရပါတယ်။ စာရေးသူတွေကို donate လုပ်ချင်ရင်လည်း buy a cup of coffee ဆိုတဲ့ button ကို click လာပ်ပြီး donate လုပ်လို့ရပါတယ်။🙆