Julie ၏ကွန်ပျူတာမှထွက်ပေါ်လာသော တိုးညှင်းသည့်တဂျိဂျိအသံတွေက Rowenna ကိုမော့ကြည့်လာစေသည်။ ထို့နောက် သူမဘီးတပ်ကုလားထိုင်ကို ပြတင်းပေါက်မှနေ၍စားပွဲခုံရှိရာနေရာအထိ လှိမ့်လာလိုက်သည်။
ကွန်ပျူတာမျက်နှာပြင်ပေါ်တွင်ထိတ်လန့်ဖွယ် ဦးခေါင်းခွံ၏ပုံရိပ်များနှင့်ပြည့်နှက်နေသည်။ သူမ၏ဦးခေါင်းပေါ်တွင်ထွန်းထားသောမီးကြောင့် ထိုပုံရိပ်များနှင့် သူမ၏မျက်နှာကတစ်ထပ်တည်းကျနေသည်။
ဗလာကျင်းနေသောမျက်တွင်းများကသူမကိုစိုက်ကြည့်နေကျပြီး တိုကပ်၍သပ်ရပ်သောသူမ၏ရွှေရောင်ဆံပင်တွေကမူ ဦးခေါင်းခွံ၏အပေါ်တွင်ဖုံးအုပ်နေကျသည်။ ပို၍မယုံကြည်ဖွယ်နိုင်ရာကိစ္စတစ်ခုက သူမ၏အနီရောင်တောက်တောက် ချွေးထိန်းအကျီၤလက်ရှည်က မေးရိုးတစ်ဝိုက်တွင်ပေါ်နေသည်။
ထို့နောက်တိုင်းတာမှုနှင့်စာတိုတစ်ခုက ဖန်သားပြင်ပေါ်တွင် ပေါ်လာသည်ကိုတွေ့ရသည်။
'ANIMATRIX: Kilgai ရုပ်ကြွင်းအပိုင်းအစ 1c/45, 6.5.97.' 'ပုံဖော်ခြင်းပြီးဆုံးပါပြီ။' ဟုရေးသားထားသည်ကို တွေ့ရသည်။
ထို့နောက် toolbar ပေါ်တွင် ဆက်လက်၍လုပ်ငန်းလုပ်ဆောင်နိုင်ရန်အတွက် ရွေးချယ်မှုအမျိုးမျိုးကိုဖော်ပြထားသည်။
Rowenna ကမူဖန်သားပြင်ပေါ်တွင်ပေါ်နေသော ဦးခေါင်းခွံကိုဆန်းစစ်နေသည်။ သူမအသုံးပြုနေသောပရိုဂရမ်တစ်ခုက ရုပ်ကြွင်း၏အတိုင်းအတာများကိုရယူ၍ ဖြစ်နိုင်ချေရှိသည့်ပြီးပြည့်စုံသည့်ဦးခေါင်းခွံပုံရိပ်ကိုဖော်ထုတ်ပေးသည်။
ပင်ကိုအားဖြင့် ကွန်ပျူတာ၏မှန်းဆချက်များက ယခုအချိန်တွင်သူမနှင့် Julie တို့၏မှန်းဆချက်များလောက် ယုံကြည်ဖွယ်ရာမရှိ။ သို့သော် ရလဒ်များကတော့ကြည့်ရန်လွယ်ကူသည်။
ထိုဦးခေါင်းခွံသည်လူသားတစ်ယောက်၏ဦးခေါင်းခွံဖြစ်သည်မှာ လွဲမှားဖွယ်ရာမရှိ။ သို့သော် eyebrow ridge နှင့် occipital crest များလည်းမရှိချေ။ မေးရိုးကမူ ငေါထွက်မနေပဲယနေ့ခေတ်လူသားများ၏ မေးရိုးပုံသဏ္ဌာန်နှင့်ဆင်တူသည်။
အခြားတစ်ဖက်တွင်တော့ထိုရုပ်ပုံများသည် စက်ယန္တရားတစ်ခု၏မှန်းဆချက်များသာဖြစ်သည်။ သို့သော် ထိုရုပ်ကြွင်းသည်ပါးလွှာ၍ထူးဆန်းသောဦးခေါင်းခွံရှိသည့် Homo habilis အမျိုးအစားဖြစ်နိုင်ခြေကိုမူထည့်တွက်စဉ်းစားရန်မလိုပေ။
ထို့နောက် Rowenna ကကွန်ပျူတာ၏ကြွက်သား အရိုးနှင့်အရေပြားများအပေါ် မှန်းဆချက်များကို ဆက်လက်လုပ်ဆောင်၍ ဦးခေါင်းခွံတွင်ပေါင်းထည့်ရန် အမိန့်ပေးလိုက်သည်။
ထိုလုပ်ငန်းစဉ်ကဦးခေါင်းခွံကိုပုံဖော်ရခြင်းထက်ပို၍မြန်ဆန်သည်။ အချိန်တစ်မိနစ်အတွင်းမှာပင် လူသားတစ်ဦး၏ရုပ်ပုံက သူမကိုစိုက်ကြည့်နေပြီဖြစ်သည်။ ထိုပုံရိပ်က…ပြီးပြည့်စုံသောယနေ့ခေတ်လူသားတစ်ဦး၏ပုံရိပ်ဖြစ်သည်။
သူမတုန်လှုပ်မိသည်။ ထိုရုပ်ကြွင်းသည်ထူးဆန်းသောအကွေးအခုံးများရှိသည်သာမက ရုပ်ကြွင်းနှင့်ပတ်သက်၍ တစ်ခုခုလွဲမှားနေသည်ကိုလည်း သူမရိပ်မိသည်။ သို့သော် ဘယ်အရာကလွဲမှားနေမှန်းကိုမူ သူမစဉ်းစား၍မရ။
ထို့ကြောင့်စားပွဲပေါ်မှဝိုင်ခွက်ကိုလှမ်းယူလိုက်ပြီးနောက် ကျန်ရှိနေသောဝိုင်များကို အကုန်မော့ချလိုက်သည်။
'အိပ်ချိန်ရောက်ပြီ။ ဘာပဲဖြစ်ဖြစ်မနက်ကျရင်တော့အဖြေတစ်ခုခုကိုဖော်ထုတ်နိုင်မှာပါ။'
ထို့နောက်သူမ၏ဘီးတပ်ကုလားထိုင်ကို သေးငယ်သောရေချိုးခန်းရှိရာဘက်သို့ဦးတည်၍လှိမ့်လာလိုက်သည်။ အခန်းတွင်းရှိပစ္စည်းပစ္စယများကရှုပ်ပွနေပြီး သူမတို့လိုဘီးတပ်ကုလားထိုင်အသုံးပြုသူများအတွက် သွားလာရန်အဆင်ပြေကောင်းမွန်သည့်နေရာမဟုတ်ချေ။ Julie ကသူမအတွက်ကြိုးလက်ကိုင်တန်းကိုပြင်ဆင်ပေးထား၍သာအဆင်ပြေတော့သည်။ သူမမျက်နှာသစ်လိုက်ပြီး ဘီးတပ်ကုလားထိုင်ပေါ်သို့ ခန္ဓာကိုယ်ကိုတရွတ်တိုက်ဆွဲကာ ပြန်တက်လိုက်သည်။
ရေချိုးခြင်းနှင့်အဝတ်လဲခြင်းကိုမူမပြုလုပ်တော့။ ထိုအရာများကမနက်မှပြုလုပ်လျှင်လည်းရသည်ကိုး။
ဘီးတပ်ကုလားထိုင်ကိုလှိမ့်နေရင်းမှပင် တံခါးနားအရောက်တွင်တိုးညှင်းသောအသံတစ်ခုကို သူမကြားလိုက်မိသောကြောင့် ရပ်တန့်၍နားထောင်နေမိသည်။ ထိုအရာကအလွန်ပင်တိုးညှင်းသောခြေသံတစ်ခုဖြစ်သည်။ ထို့နောက် ‘click’ ဟူသောအသံတစ်ခုကိုထပ်မံကြားလိုက်ရပြန်သည်။
'တံခါးဖွင့်လိုက်တာလား။ ဘယ်ဘက်ကိုလှည့်ပြီးပိတ်လိုက်တာလား။'
ထို့နောက်အရာအားလုံးတိတ်ဆိတ်သွားပြန်သည်။ ဘာသံမျှမကြားရတော့။ 'သွားပြီထင်တယ်။'
တစ်စုံတစ်ယောက်တံခါးနားသို့ချဉ်းကပ်လာသည့်အသံကိုလည်း သူမမကြားမိ။ ထို့ကြောင့် ယောကျ်ားသို့မဟုတ်မိန်းမလည်းဖြစ်နိုင်သော ထိုလူသည်တံခါးဝတွင်မတ်တပ်ရပ်နေခြင်း သို့မဟုတ် အခန်းတွင်းမှသူမ၏လှုပ်ရှားသံများကိုကြားလိုက်ရ၍ သူမမကြားအောင်တိုးတိတ်စွာထွက်ပြေးသွားခြင်း ဖြစ်နိုင်သည်ဟုသူမယူဆလိုက်သည်။
သို့သော်သူမစိတ်ထဲမှကြောက်ရွံ့မှုတို့ကိုခံစားလာရပြန်သည်။ ကြောက်လန့်မှုကြောင့် လက်ဖျားခြေဖျားများက ရေခဲတမျှအထိအေးစက်လာသည်။ အဘယ်ကြောင့်ဆိုသော် ယခုဖြစ်ပျက်နေသောအရာများက ယခင်ကဖြစ်ပျက်ခဲ့ဖူးသည့် အဖြစ်အပျက်ဟောင်းတစ်ခုနှင့်တူညီနေသည်။
အိပ်ခန်းတံခါးကအနည်းငယ်ပွင့်ဟနေသည်။ ထို့ကြောင့်သူမအိပ်ဝတက်နိုးတဝက်ဖြင့် ထလာလိုက်သည်။ အစကသူမအိမ်နီးနားချင်းတစ်ယောက်ယောက်၏ကြောင်ကအိမ်တွင်းသို့ဝင်လာသည်ဟုထင်ခဲ့မိသည်။ ရုတ်တရက် သူမ၏အမြင်အာရုံတွင် ကျူးကျော်ဝင်ရောက်သူတစ်ယောက်…ယောက်ျားတစ်ယောက်…ထိုယောက်ျားကသူ၏လက်တွင်းရှိသေနတ်ကိုလှည့်နေသည်…ထပ်ခါထပ်ခါလှည့်နေသည်-
Rowenna လက်သီးကိုကျစ်ကျစ်ပါအောင်ဆုတ်လိုက်မိသည်။ လက်သည်းများပင်အသားထဲနစ်ဝင်၍သွေးခြေဥသည်အထိ တင်းကျပ်နေအောင်ဆုတ်ထားမိသည်။ ထို့နောက်သူမတိုးညှင်းစွာဖြင့်အသံပေးလိုက်သည်။
"Julie?"
သို့သော်မည်သူမျှပြန်လည်ဖြေကြားခြင်းမရှိ။
'ညသူခိုးတွေဖြစ်မယ်…ဒီမှာတစ်ခုခုတန်ဖိုးရှိတာရှိမယ်ထင်နေကျတာနေမှာပေါ့' ဟုပင်သူမလွယ်လွယ်တွေးမိလိုက်သည်။
ထို့နောက်သူမ၏ကြောက်ရွံ့မှုကိုကွယ်ဝှက်၍ပုံမှန်အသံဖြင့်ကြိုးစား၍စကားပြောလိုက်သည်။
"မင်းဘယ်သူဖြစ်ဖြစ်ဒီနေရာကနေထွက်သွားလိုက်ပါ။ ဒီမှာမင်းအတွက်ခိုးဖို့တန်ဖိုးရှိတာဘာမှမရှိဘူး။"
တစ်ဆက်တည်းမှာပင်ကုတ်ခြစ်သံနှင့်တစ်စုံတစ်ခုကြမ်းပြင်ပေါ်သို့ပြုတ်ကျသံတို့ကိုသူမကြားလိုက်ရသည်။
'ကွန်ပျူတာ! သေလိုက်ပါတော့။ ကွန်ပျူတာတွေကတန်ဖိုးရှိတာပဲလေ။'
"ဒီမှာ…ကျွန်မရှင့်ကိုနာကျင်အောင်မလုပ်ပါဘူး။ ဒါပေမယ့် ကျွန်မအဲ့ဒီကွန်ပျူတာတော့လိုအပ်တယ်။ ရှင်အဲ့ဒါကိုသာဒီမှာချန်ခဲ့မယ်ဆိုရင်- ကျွန်မ…ကျွန်မတို့ ပိုက်ဆံယူလာပြီးပေးပါ့မယ်။ ကျေးဇူးပြုပြီး ရှင်မယူသွားပါနဲ့နော်။"
ပတ်ဝန်းကျင်ကထပ်မံ၍တိတ်ဆိတ်သွားပြန်သည်။ ထို့နောက်ကုတ်ခြစ်သံများကတရစပ်ထွက်ပေါ်လာသည်။
'ဒုက္ခပဲ…ဒီလူကဘာတွေခိုးရမလဲလိုက်ပတ်ပြီးမွှေနေတာလား။ ငါလမ်းမလျှောက်နိုင်မှန်းသိလို့ လျစ်လျူရှူပြီး ဒီလိုဆက်လုပ်နေတာလား။'
တိုးညှင်းသောဆဲရေးသံတစ်ခုကအခန်းတစ်ဖက်မှထွက်ပေါ်လာသည်ကိုကြားလိုက်ရသည်။ ထို့နောက်ပစ္စည်းများ ကြမ်းပြင်ပေါ်သို့ပြုတ်ကျသံတွေကိုကြားရပြန်သည်။
'အိုး…ဟိုဦးခေါင်းခွံအပိုင်းအစသာပြုတ်ကျပြီးကွဲသွားရင်…မဖြစ်ဘူး ဒါတော့အဆုံးရှုံးမခံနိုင်ဘူး'
ထို့နောက်သူမအားတင်း၍အခန်းပြင်ဘက်သို့ထွက်လာလိုက်သည်။ သူမ၏စိတ်တွင်း၌မူအော်ဟစ်သံပေါင်းစုံနှင့် ပလုံစီနေပြီဖြစ်သည်။
'ဒါကရူးမိုက်တာပဲ Rowenna… အရင်တစ်ခါတုန်းကလည်း နင်ဒီလိုလုပ်ခဲ့ပြီး ကိုယ့်ကိုကိုယ်ဘီးတပ်ကုလားထိုင်ပေါ်အရောက်ပို့ခဲ့တာလေ။ နင်ရူးနေလား။ ဘာလို့ထွက်သွားရမှာလဲ။'
ဘီးတပ်ကုလားထိုင်ကိုအခန်းတွင်းသို့ရောက်အောင်တဖြည်းဖြည်းချင်းလှိမ့်လာလိုက်သည်။ ထို့နောက်တွင်တော့မီးထိန်ထိန်လင်းနေသောအခန်းတွင်း၌ ယောက်ျားတစ်ယောက်ကိုတွေ့လိုက်ရသည်။ ထိုလူကပစ္စည်းများကြားတွင်တစ်ကိုယ်တည်းထိုင်ကာမွှေနှောက်နေသည်။
'ဒီနယ်မြေကမဟုတ်ဘူး။ ပြီးတော့ယူနီဖောင်းဝတ်ထားတယ်။'
'Jacob Hynes'
"ဘယ်လိုလုပ်-" ထို့နောက်သူမပြောလက်စ စကားရပ်တန့်သွားပြီး ပြတင်းပေါက်၏အပြင်ဘက်သို့လှည့်ကြည့်လိုက်မိသည်။
လက်မောင်းမျာနှင့်မြင်းတစ်ကောင်…ပြီးတော့ကြီးမားသောမျက်လုံးများကိုတွေ့မြင်လိုက်ရသည်။
ထိုမြင်းသတ္တဝါ၏မျက်လုံးများကသူမကိုစိုက်ကြည့်နေပြီး လက်များကမူလည်ပင်းတွင်ဆွဲထားသောစက်ခလုတ်ကိုတချောက်ချောက်နှိပ်နေသည်။ ထို့နောက်အသံတစ်သံထွက်ပေါ်လာသည်။
"မင်းငါတို့နဲ့လိုက်ခဲ့ရမယ်။ မင်းကငါတို့အတွက်နမူနာပဲ။"
သူမ၏မျက်လုံးထောင့်မှနေ၍ Hynes ကသူမကိုသေနတ်ဖြင့်ချိန်ထားသည်ကိုတွေ့နေရသည်။ ထို့နောက်သူမ၏အမြင်အာရုံတွင် -ထိုလူ၏လက်တွင်းရှိလည်နေသောသေနတ်တစ်လက်…- တို့ကိုမြင်တွေ့လိုက်ရပြန်သည်။
ထို့နောက်သူမအတွက်နောက်ဆုံးသောအားကိုးဖွယ်ရာတစ်ခုဖြစ်သည့်အော်ဟစ်ခြင်းအမှုကိုအားကုန်သုံး၍ အော်ဟစ်လိုက်မိသည်။
သူမ၏အသံကတိတ်ဆိတ်နေသောညအတွင်းပဲ့တင်သံရိုက်ခတ်သည်အထိကျယ်လောင်လွန်းလှသည်။
A/N: ကျေးဇူးပြုပြီး subscribe လုပ်ပေးကျပါနော်။ စာလည်းဖတ်ရင်း 5starလေးလည်းvoteရင်း reviewလေးတွေလည်းရေးလို့ရပါတယ်။ စာရေးသူတွေကို donate လုပ်ချင်ရင်လည်း buy a cup of coffee ဆိုတဲ့ button ကို click လာပ်ပြီး donate လုပ်လို့ရပါတယ်။🙆