"ဝိုင်ကနင့်ကျန်းမာရေးအတွက်မကောင်းဘူးနော်…"
Rowenna နှင့်မျက်နှာချင်းဆိုင်ဖက်တွင်ထိုင်နေသော Julie ကပြောလာသည်။
"အချိုတွေကရောကောင်းလို့လား" Rowenna ကပြုံး၍သူမ၏ စကားကိုပြန်ပက်လိုက်သည်။
"ငါပီဇာတစ်ချက်ပဲစားရသေးတာပါဟ"
သူမတို့နှစ်ယောက်စလုံးအခန်းငယ်တစ်ခန်းအတွင်းရှိကြမ်းပြင်ပေါ်တွင်ထိုင်နေကျသည်။ အခန်းတွင်း၌အိုဟောင်းနေသောခုတင်များ ကုလားထိုင်များကဖရိုဖရဲဖြစ်နေပြီး မျက်နှာကျက်နှင့်ချောင်ကြိုချောင်ကြားနေရာများတွင်မူ ပင့်ကူအိမ်များဖြင့်ပြည့်နှက်နေသည်။ အင်းဆက်ပိုးကောင်ငယ်များကမူ သူမတို့၏လက်မောင်းနှင့်မျက်နှာတစ်ဝိုက်တွင် ဝဲအုံကာပျံသန်းနေကျသည်။
Rowenna သည်သူမထိုင်နေကျဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်နေခြင်းမဟုတ်ပဲ ခရီးဆောင်လက်ဆွဲသေတ္တာကိုအမှီပြု၍ ထိုင်နေသည်။
လွန်ခဲ့သည့်လအနည်းငယ်တုန်းကလည်း သူမ၏ဒေါသနှင့်ခါးသီးမှုတို့ကြောင့် ထိုကဲ့သို့ထိုင်ကာမူးသည်အထိသောက်ခဲ့သည်။ ထို့နောက်သူမပြန်ပေးဆပ်ရသည်က တစ်ညလုံးမခံမရပ်နိုင်အောင်နာကျင်ကိုက်ခဲခြင်းနှင့် အိပ်ရာထဲမှသုံးရက်ကြာမထနိုင်အောင်ဖြစ်ခြင်းတို့ဖြစ်သည်။
ယခုတစ်ကြိမ်တွင်မူ ဒေါသနှင့်ခါးသီးမှုတို့ကြောင့်ထိုင်နေခြင်းမဟုတ်… သို့သော်မူးအောင်သောက်ရန်တော့သူမစီစဉ်ထားသည်။
"အဲ့ဒီဦးခေါင်းခွံ" ရုတ်တရက် Julie ကစကားစပြောလာသည်။
"အဲ့ဒါက Homo sap ဆိုတာသေချာရဲ့လား။ ငါဆိုလိုချင်တာက အဲ့ဒါက occipital ridge လည်းမရှိဘူး။ ဒါကအဓိပ္ပာယ်ရှိလို့လား။"
(A/N: occipital ridge ဆိုတာကဦးခေါင်းခွံနဲ့ကျောရိုးမကိုဆက်သွယ်ပေးထားတဲ့နေရာပါ။ မြန်မာလိုအခေါ်အဝေါ်ကိုမေ့သွားလို့ အင်္ဂလိပ်လိုပဲထည့်ပေးထားတာပါ။)
Rowenna သူမ၏ဝိုင်ခွက်ထဲမှပန်းရောင်ဝိုင်တို့ကိုမော့သောက်လိုက်ပြီး Julie ပြောသည့်အချက်နှင့်ပတ်သက်၍စဉ်းစားမိသည်။ လက်ရှိတည်ရှိနေသော Homo sapiens သီအိုရီအရဆိုလျှင်လူသားများသည် လွန်ခဲ့သောနှစ်ပေါင်းသန်းဝက်ခန့်က ဆင့်ကဲပြောင်းလဲခြင်းကိုမကြုံတွေ့ရသေးဟူ၍ဖြစ်သည်။
'Julie ပြောတာမှန်တယ်။…ဒါကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ'
"stratigraphy တွေကရောသေချာရဲ့လား။
ဒီမှာရှိတဲ့နုန်းတင်ကျောက်အလွှာတွေကနှစ်ပေါင်းနှစ်သန်းရှိတယ် ဟုတ်တယ်မလား။ ဒီမှာလည်း ဘယ်သူမှလည်းဒီလိုအမှားမျိုးမလုပ်နိုင်ဘူးမလား။" ဟု သူမပြောလိုက်သည်။
"ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒါကယုံရခက်တယ်။"
ဟု Julie ကပြောသည်။
ထို့နောက်ပါးစပ်ထဲသို့မုန့်အနည်းငယ်ကိုထိုးသွပ်လိုက်ပြီးအသံဗလုံးဗထွေးဖြင့်စကားဆက်ပြောသည်။
"လူတွေက Kilgai မှာတူးဖော်လာကျတာနှစ်သုံးဆယ်ကျော်နေပြီ။ ထူးဆန်းတဲ့အလွှာတွေကအခုမှပေါ်လာတာ။"
"တိုက်စားခံရပြီးပေါ်လာတာနေမှာပေါ့။ ဒါမှမဟုတ်လည်းအမြင့်တနေရာရာကနေပြုတ်ကျလာတာ…အင်း ပြီးတော့ မြစ်ရေစီးကနေမျောပါလာပြီး သောင်တင်နေတာနေမှာပေါ့။"
Rowenna ထိုသို့ပြောလိုက်သော်လည်းသူမစိတ်ထဲတွင် မဖြစ်နိုင်ဘူးဆိုတာအသိဆုံးပင်ဖြစ်သည်။ ကျောက်ဖြစ်ရုပ်ကြွင်းများသည် အင်မတန်နုနယ်လှသောကြောင့် ထိုကဲ့သို့သောဖြစ်စဉ်များကိုကျော်ဖြတ်နိုင်ရန်ခဲယဉ်းလွန်းလှသည်။
Julie ရှာတွေ့ခဲ့သည့်အပိုင်းအစလေးပင် ထိုဖြစ်စဉ်များနှင့်ကြုံတွေ့ခဲ့ရပါက အစိတ်စိတ်အမွှာမွှာကွဲကြေနေလောက်ပြီဖြစ်သည်။
Julie ကဝိုင်ပုလင်းထဲမှဝိုင်ကို ပါးစပ်အပြည့်ဖြင့်တစ်ကျိုက်မော့ချလိုက်ပြီးနောက် အားမလိုအားမရဖြင့်ကြိမ်းဝါးလာသည်။
"အဲဒီစစ်သားကောင်လာဝင်မရှုပ်ခဲ့ရင်…အခုချိန်ဆိုငါတို့ အဲ့ဒီဦးခေါင်းခွံကိုလေ့လာနေလို့ရလောက်ပြီ။
"ငါသိပါတယ်။" ဟု Rowenna မှပြောလာသည်။
"ငါသာလမ်းလျှောက်နိုင်ခဲ့မယ်ဆိုရင်လေ…စစ်တပ်ရဲ့တားမြစ်ချက်တွေဘာတွေအသာထားလိုက် မနက်ခင်းနိုးလာတာနဲ့ ပထမဦးဆုံးလုပ်မယ့်အရာက အဲ့ဒီနေရာကိုလမ်းလျှောက်ထွက်ဖြစ်မှာပဲ။ တစ်ခုရှိတာက Captain Jacob Hynes နဲ့သူ့လူတွေမမြင်ဖို့တော့ ဆုတောင်းရမှာပေါ့။"
"ငါတိုင်စာတင်ဖို့ပြင်ထားလိုက်မယ်။ နည်းနည်းလောက်သူ့ဖင်ကိုမီးနဲ့မြိုက်ပေးရမယ်… ပြောလို့မရဘူးလေ သူငါတို့ကိုပေးဝင်ချင်ပေးဝင်နေမှာ။" ဟုပြောပြီးနောက်တွင် Julie ကမတ်တပ်ထရပ်လိုက်သည်။
သူမ၏ခန္ဓာကိုယ်ကဝိုင်၏အရှိန်ကြောင့်ယိမ်းထိုးနေပြီး ရှုပ်ပွနေသောစားပွဲဘက်သို့ဦးတည်ကာလျှောက်လှမ်းနေသော သူမခြေလှမ်းတွေကမူ တောင်ရောက်မြောက်ရောက်ဖြစ်နေသည်။
ထို့နောက် လက်ဖဝါးသာသာလောက်သာရှိသော ကွန်ပျူတာ၏ခလုတ်ခုံများကို တချောက်ချောက်နှိပ်နေသည်။ ခဏအကြာတွင် modem ဟုခေါ်သောကိရိယာတစ်ခုမှ မီးတဖျတ်ဖျတ်ပွင့်လာပြီးသည့်နောက် တယ်လီဖုန်းနှင့်ချိတ်ဆက်ပေးလိုက်သည်။
(A/N: modem ဆိုတာက ကွန်ပျူတာတစ်ခုနဲ့တစ်ခု သတင်းအချက်အလက်တွေကို လျင်လျင်မြန်မြန်ပေးပို့နိုင်ဖို့အတွက် ကွန်ပျူတာနဲ့တယ်လီဖုန်းလိုင်းနဲ့ကို ဆက်သွယ်ပေးတဲ့ကိရိယာပါ။)
"UNIT (United Nation Intelligence Taskforce) ရဲ့ e-mail လိပ်စာကဘာလဲ။ ရှာလို့မရဘူးဖြစ်နေတယ်။" ဟု Julie ကပြောသည်။
"ငါလည်းဘယ်လိုလုပ်သိမလဲ။"
"နင်အင်္ဂလန်ကတစ်ယောက်ကိုသိတယ်မဟုတ်ဘူးလား။ UN Intelligence အတွက်အလုပ်လုပ်ပေးနေတဲ့လူလေ။"
ထိုစကားကြားပြီးသည့်နောက်တွင် Rowenna အသည်းအသန်စဉ်းစားမိသည်။ သို့သော် သောက်ထားသည့်အရှိန်ကြောင့် မူးဝေနေသည့်သူမ၏ဦးခေါင်းကို ပြန်မှတ်မိစေရန်အတော်ကြာအောင်အချိန်ယူလိုက်ရသည်။
ခဏအကြာတွင်တော့ ဝေလပြည်နယ်တွင်းရှိ စိမ်းလန်းနေသောတောင်စောင်းပေါ်မှ တစ်ထပ်တိုက်ငယ်လေးတစ်ခုက သူမ၏မှတ်ဉာဏ်ထဲတွင်ပြန်ပေါ်လာသည်။ သပိတ်မှောက်ခြင်းကို စတင်ခဲ့သည့် Cliff နှင့် Jo တို့နှစ်ဦး။ ထို့နောက် နေရောင်အောက်တွင် လွင့်နေသော နီကျင့်ကျင့်ဆံပင်အရောင်ရှိသည့် မိန်းမကြီးတစ်ဦး… စသည့်အရာများကိုတရိပ်ရိပ်မြင်နေရသည်။
ထိုအချိန်က ကမ္ဘာကြီးပြောင်းလဲနိုင်လိမ့်မည်ဟု တွေးထင်ခဲ့သည့် သူမ၏မနူးမနပ်အတွေးတွေက အံ့သြဖွယ်ကောင်းလှသည်။ ငယ်ရွယ်သူတစ်ယောက်၏စိတ်ကူးယဉ်ခြင်းတမျိုးဟုပင် ကောက်ချက်ချနိုင်သည်အထိ။
သို့သော် အမှန်တကယ်ပင် ကမ္ဘာကြီးပြောင်းလဲခဲ့သည်။ တစ်ခုရှိသည်က ထိုပြောင်းလဲမှုသည် သူမ၏မျှော်လင့်ချက်များနှင့် တက်တက်စင်အောင်လွဲ၍ ပြောင်းလဲသွားခြင်းဖြစ်သည်။
ထိုအချိန်တုန်းကသူမအရမ်းငယ်သေးသည်ကိုး…ပြီးတော့အရမ်းလည်းတုံးအလွန်းသည်။
"အချိန်ခရီးသွားလို့ရတယ်လို့ပြောတဲ့တစ်ယောက်ကို နင်သိတယ်မလား။" ဟု Julie ကပြောသည်။ သူမ၏အသံက ဇာတ်လမ်းအတွင်းရှိမကောင်းဆိုးရွားဗီလိန်တစ်ယောက်၏အသံကဲ့သို့ ကျောချမ်းဖွယ်ကောင်းလှသည်။
ထိုအသံကိုကြားပြီးသည့်နောက် Rowenna စိတ်လွင့်နေရာမှပြန်လည်၍ အသိဝင်လာခဲ့သည်။ ယခင်ကအကြောင်းအရာများကို သူမပြန်လည်အမှတ်ရနေခြင်းပင်ဖြစ်သည်။
"အဲ့ဒီလိုအရာတွေ(အချိန်ခရီးသွားခြင်း)ကို ငါဘယ်တော့မှယုံမှာမဟုတ်ဘူး။"
"ဘာပဲဖြစ်ဖြစ် ဒါကသဲလွန်စတစ်ခုပဲ။ ငါတို့စမ်းကြည့်လည်းအဆိုးမရှိပါဘူး။"
"ငါ့အိတ်ထဲက organiser ကိုထုတ်လိုက်။ သူ့ဖုန်းနံပါတ်ကိုရှာကြည့်ပေးမယ်။"
ထို့နောက် Rowenna ကညစ်ပေနေသော ပြတင်းပေါက်မှန်ကိုကျော်၍ မီးထွန်းထားသော အဆောက်အဦးတစ်ခု၏မျက်နှာစာကိုငေးကြည့်နေသည်။ ပိုးဖလံကောင်လေးများနှင့် ပိုးတောင်မာများက မီးအိမ်ဘေးတွင်ဝေ့ဝိုက်ကာပျံသန်းနေကျသည်။
Julie ကအိပ်မပျော်၍ အပြင်ဘက်သို့လမ်းလျှောက်ထွက်သွားသည်။ သူမနှင့်အတူလက်ကိုင်ဖုန်းကိုလည်းယူဆောင်သွားသေးသည်။ Jo ကိုအချိန်မှီဆက်သွယ်၍ မိုးမသောက်ခင် တရားဝင်ခွင့်ပြုစာကိုရရှိရန် စမ်းကြည့်မည်ဟုသူမပြောသွားသေးသည်။
Rowenna သည်သူမရှာဖွေတွေ့ရှိခဲ့သည့် ရုပ်ကြွင်းအပိုင်းအစအကြောင်းကိုတရစပ်စဉ်းစားနေမိသည်။ သူမ၏စိတ်တွင်း၌ဘယ်လိုခံစားနေရသည်ကိုသူမသိသည်။
မဖြစ်နိုင်သောဦးခေါင်းခွံရုပ်ကြွင်းအပိုင်းအစ…ပြီးတော့ လုံးဝကိုမဖြစ်နိုင်သော ရှေးခေတ်မှအနာဂတ်လူသားအကြောင်း။ စသည့်အကြောင်းအရာများက သူမဦးနှောက်အတွင်း၌ ဓာတ်ပြားဟောင်းတစ်ခုကိုထပ်ခါထပ်ခါဖွင့်နေရသကဲ့သို့လည်နေသည်။
A/N: ကျေးဇူးပြုပြီး subscribe လုပ်ပေးကျပါနော်။ စာလည်းဖတ်ရင်း 5starလေးလည်းvoteရင်း reviewလေးတွေလည်းရေးလို့ရပါတယ်။ စာရေးသူတွေကို donate လုပ်ချင်ရင်လည်း buy a cup of coffee ဆိုတဲ့ button ကို click လာပ်ပြီး donate လုပ်လို့ရပါတယ်။🙆