book

Index 1

Prologue

  • Author : Lucifer
  • Genres : Mystery, Science
  • Original Author : Paul Leonard


လေထု၏အနံ့အသက်တွေကပြောင်းလဲလာသည်။


ထိုကဲ့သို့ပြောင်းလဲလာသည့်လေထု၏ရနံ့ကို Walking Man မနိုးထခင်အချိန်ထဲကပင်ခံစားမိနေသည်။ ထိတ်လန့်ချောက်ချားဖွယ်ရာကောင်းသည့်အိပ်မက်များက ခြောက်လှန့်နေသည်မှာကြာညောင်းလှပြီဖြစ်သည်။


သူတတ်နိုင်သမျှအသံမထွက်အောင်ကြိုးစား၍ မတ်တတ်ရပ်လိုက်သည်။ အချိန်က ကြယ်အလင်းရောင်ပျိုးပျိုးပျပျနှင့် မှောင်မိုက်နေသည့် ညအချိန်ပင်ဖြစ်သည်။ အရှေ့ဘက်ကထွက်ပေါ်လာမည့် သူရိန်နေမင်းကြီးပင် အိပ်စက်နေတုန်းဖြစ်သည်။


သို့သော်တစ်စုံတစ်ခုကသူ့ကိုအနှောင့်အယှက်ပေးနေသည်။ ထို့ကြောင့်ညအမှောင်ထဲမှာပင် တောင်ကုန်းပေါ်မှဖြတ်သန်း၍ တိုက်ခတ်လာသော လေအေးတို့ကိုရှူရှိုက်နေလိုက်သည်။


တိရစ္ဆာန်တစ်ကောင်၏အနံ့ နှင့်တူသောအနံ့အသက်မျိုးကို သူခံစားနေရသည်။ မဟုတ်ဘူး…ဒီအနံ့အသက်က မိုးသက်မုန်တိုင်းမကျရောက်ခင်အနံ့အသက်မျိုးနဲ့ပိုတူတယ်။


သို့သော် တည်ငြိမ်စွာတိုက်ခတ်နေသောလေအေးနှင့် ကောင်းကင်ပေါ်မှမှိတ်တုတ်မှိတ်တုတ်ကြယ်လေးတွေက မိုးသက်မုန်တိုင်းမရှိဆိုတာ သက်သေပြနေသယောင်ရှိသည်။


အမှောင်ထုထဲမှတရှပ်ရှပ်အသံတို့ထွက်ပေါ်လာသည်။ တိုးညှင်းပြီးဘဝင်မကျစရာကောင်းတဲ့သိုးအော်သံတွေကိုကြားနေရသည်။ သိုးအော်သံတွေကတမျိုးပြောင်းလဲနေသည်။ အန္တရာယ်၏အငွေ့အသက်ကိုရနေသောကြောင့် ဂနာမငြိမ်ဖြစ်နေသည့်အသံမျိုးပင်ဖြစ်သည်။


ထို့ကြောင့် Walking Man သည် မြက်ပင်များပေါ်သို့သတိထား၍ ခြေလှမ်းလှမ်းလိုက်သည်။ ထိုအရာသည်ဘယ်လိုပင်ဖြစ်ဖြစ် ကြီးမားသောအရာတစ်ခုဖြစ်ရမည်။ ကြီးမားလွန်း၍ လေထုတစ်ခုလုံးကို သူ၏အနံ့အသက်များဖြင့် ဖုံးလွှမ်းစေနိုင်သည်အထိပင်။ ထို့ပြင်အကွာအဝေးသည်လည်း ဝေးကွာလွန်းသောကြောင့် တိတ်ဆိတ်မှုကိုသာလျှင်ခံစားရသည်။ ထိုအရာသည် ချဲ့ကား၍ပြောရလျှင် ကောင်းကင်ပေါ်ရှိ တိမ်တိုက်များနီးပါးလောက်ပင်ကြီးမားနိုင်သည်။


တွေးရင်းနှင့်ပင် လည်ချောင်းတွင်းမှ လှိုက်တက်လာသောကြောက်ရွံ့မှုကို အတိုင်းသားခံစားလာရသည်။ ခန္ဓာကိုယ်ရှိအမွေးအမျှင်များက သံလိုက်နှင့်ဆွဲထားသလိုထောင်မတ်လာပြီး တိုက်ခတ်နေသောလေအေးကပို၍ချမ်းအေးလာသည်။ အမှောင်ထုကြောင့်ဘေးပတ်ဝန်းကျင်သည် အနက်ရောင်ကန့်လန့်ကာချထားသကဲ့သို့ ပိန်းပိတ်နေသည်။


သူစမ်းတဝါးဝါးဖြင့်ဟိုဟိုသည်သည်လျှောက်သွားကြည့်လိုက်သည်။ အကယ်၍တစ်စုံတစ်ရာ အန္တရာယ်ကြုံတွေ့လာပါက အချိန်မှီတုန့်ပြန်နိုင်ရန်အတွက် ခန္ဓာကိုယ်ကိုလည်းသတိကပ်ထားမိသည်။ သို့သော်ပတ်ဝန်းကျင်သည်တိတ်ဆိတ်မြဲတိတ်ဆိတ်နေသည်။


ဘာမှမရှိဘူး…

ဒါဆိုဒီအနံ့ကဘယ်ကလာတာလဲ…

တစ်ခုခုတော့မကောင်းတာဖြစ်နေပြီ…

ဒါပေမယ့် ဘယ်နားမှာလဲ…


နောက်ဆုံးတော့ သူစတင်၍ရိပ်မိလာသည်။ ထိုအခြင်းအရာသည် ယခုအချိန်တွင် သူ့အနေဖြင့်ဘာမျှမလုပ်နိုင်။ နေထွက်လာသည်ကိုသာ ထိုင်စောင့်ရန်ရှိသည်။ အဘယ်ကြောင့်ဆိုသော် သူ့ပတ်ဝန်းကျင်တွင် ပြန်လည်ခုခံတိုက်ခိုက်ရမည့်အရာမရှိသလို အသက်ဘေးမှလွတ်အောင်ပြေးရမည့်အန္တရာယ်မျိုးလည်းမရှိ။ အမှောင်ထုများကြားထဲတွင် စောင့်ဆိုင်းခြင်း အလုပ်တစ်ခုတည်းကိုသာ သူလုပ်ဆောင်နိုင်သည်။


ထို့ကြာင့်သိုးသားရည်ဖြင့်ပြုလုပ်ထားသောခြုံထည်ကို ခန္ဓာကိုယ်တွင်တင်းကျပ်စွာပတ်လိုက်ပြီး စောင့်ဆိုင်းနေမိသည်။


အချိန်မည်မျှကြာသည်အထိစောင့်ဆိုင်းပြီးသည့်နောက်တွင်တော့ အရုဏ်ဦး၏ရောင်နီနွေးနွေးက ကမ္ဘာလောကကိုအနွးဓာတ်တို့ဖြင့်စတင်လွှမ်းခြုံလာပြီဖြစ်သည်။ ထိုအလင်းရောင်ကသူ့ပတ်ဝန်းကျင်တွင်ဘာမျှမရှိကြောင်း မီးမောင်းထိုးပေးသည်။ 


ဘော်ငွေရောင်နှင်းစက်တို့ဖြင့်ဖုံးလွှမ်းနေသော စားကျက်မြေတို့ရှိရာ တောင်စောင်းကိုမူ မှုန်ဝါးဝါးမျှသာမြင်တွေ့နိုင်သေးသည်။ သိုးများက စားကျက်မြေတွင် မြက်စားရင်းဇိမ်ခံနေကျသည်။ တောင်များက မိုးကုတ်စက်ဝိုင်းကိုကျောပေး၍တစ်ကိုယ်တည်း ရပ်တည်နေကျသည်။


အရာအားလုံးက နဂိုအတိုင်းပင်တည်ရှိမြဲတည်ရှိနေသည်။

သို့သော်လေထုထဲမှ ထိုအနံ့အသက်သည် ဆက်လက်၍တည်ရှိနေသေးသည်။


ထို့ကြောင့် သူသတိထား၍ တောင်ကြားထဲသို့အားစိုက်ကာငုံ့ကြည့်လိုက်သည်။ လေကတသုန်သုန်တိုက်ခတ်နေပြီး မြူခိုးများကတောင်ကြားတစ်လျှောက်ကိုရစ်သိုင်းနေကျသည်။ 


တောင်ပေါ်မှနေ၍ရွာငယ်တစ်ခုကိုမြင်ရသည်။ သို့သော် ထိုရွာမှမီးအလင်းရောင်က မြူခိုးများကို ဖောက်ထွက်၍ပင်မြင်နေရသည်။ သူချက်ချင်း မကောင်းတာတစ်ခုတစ်ခုဖြစ်နေပြီဖြစ်မှန်းရိပ်မိလိုက်သည်။


မကောင်းတော့ဘူး…မီးလောင်နေပြီ!


တုန်လှုပ်ချောက်ခြားမှုကြောင့် သူ့ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်လာသည်။ ဘယ်ဘက်ရင်အုံမှ သူ၏နှလုံးသည်လည်း ပေါက်ထွက်မတတ်ခုန်နေသည်။


သူ ဘာမျှမစဉ်းစားနိုင်ခင်မှာပင် ထိုရွာဘက်သို့ဦးတည်၍ တက်သုတ်ရိုက်ပြေးနေပြီဖြစ်သည်။ သူ၏ခြေလှမ်းများက နှင်းစက်များကြောင့် စိုစွတ်နေသောမြက်ခင်းပြင်ပေါ်ဖြတ်သန်း၍ အလောတကြီးပြေးသွားသည်။


ယခုအချိန်တွင်မူ သူသည် သိုးများကိုလည်းဂရုမစိုက်အားတော့…စားကျက်တွင်သိုးအုပ်များကိုထိန်းကျောင်းနေရင်း သူပြင်ဆင်ထားခဲ့သည့် ယုန်သားမွှေးတို့ကိုလည်းဂရုမစိုက်နိုင်…

အထုတ်အပိုးမှစ၍ သူ၏ကိုယ်စားပြုကိုးကွယ်ရာ တမန်တော်အရုပ်နှင့်ပုဆိန်အထိ… ထိုအရာများအားလုံးကို ထိုနေရာတွင်ပင် ချန်ရစ်ခဲ့သည်။


ရွာသို့ရောက်ရန်မှလွဲ၍ ထိုအရာများသည် သူ့အတွက်အရေးမပါတော့။ 


ရွာတွင်သူ့အတွက်အရေးကြီးသောမိသားစုဝင်များဖြစ်သည့် သူ့မိန်းမ အစ်မနှင့်ယောက်ဖ… ပြီးတော့သူတို့ကလေးတွေရှိနေသည်။


မဖြစ်ဘူး…

ငါ…အဲဒီကိုရောက်ကိုရောက်မှဖြစ်မယ်။

သူတို့သာတစ်ခုခုဖြစ်ခဲ့ရင် ငါ့ကိုယ်ငါခွင့်လွှတ်နိုင်မှာမဟုတ်ဘူး။


ထို့နောက်တွင်တော့ သူသည် ရင်းနှီးကျွမ်းဝင်လျက်ရှိသည့် ကျောက်တုံးခင်းလမ်းပေါ်သို့ ခြေချနေပြီဖြစ်သည်။ 


သိုးထိန်းသွားသူများနှင့်ဖြတ်သန်းသွားလာသူများက ထိုလမ်းမှသာအသွားအပြန်ပြုလုပ်ကျသောကြောင့် ကျောက်တုံးများမှာဖုထစ်မနေတော့ပဲ တဖြည်းဖြည်းနှင့်ချောမွတ်လာသည့်အတွက် လမ်းလျှောက်ရပိုလွယ်ကူလာသည်။


ဘေးပတ်ဝန်းကျင်တွင်တောင်များကပတ်ပတ်လည်ဝန်းရံနေပြီး ရွာကိုဖုံးအုပ်ထားသည်။ Fern River Gorge သို့အရောက်တွင်တော့ ရွာသို့ရောက်ရန် လမ်းတဝက်ကျိုးနေပြီဖြစ်သည်။ ထိုနေရာတွင်မြေနိမ့်လွင်ပြင် စားကျက်မြေများရှိသောကြောင့် သူခေတ္တရပ်နားလိုက်သည်။


နေရောင်ခြည်ကတောင်စောင်းများပေါ်မှဖြာကျနေပြီး လျှိုစောက်၏အဆုံးတစ်ဖက်ကိုပင်မြင်တွေ့နိုင်သည်။ လေထုသည်အခိုးအငွေ့ကင်းစင်နေပြီးမီးခိုးငွေ့များကိုမတွေ့ရ။ ဆိုလိုသည်မှာ ရွာသည်မီးလောင်နေခြင်းမဟုတ်ပေ။ သို့သော် ထိုအနံ့ကမူလေထုထဲတွင်ဆက်လက်တည်ရှိနေသေးသည်။


မိုးသက်မုန်တိုင်းမကျခင်နာရီအပိုင်းအခြားအလိုတွင်ရတတ်သည့်အနံ့မျိုး။ ထိုအနံ့က ယခုတော့မယုံကြည်နိုင်အောင် ပို၍စူးရှလာပြီဖြစ်သည်။


သူခြေလှမ်းများကိုနှေးလိုက်ပြီး အသက်ကိုဖြေးညှင်းစွာရှူနေမိသည်။ ထို့နောက်သူစဉ်းစားမိသည်။ 

ယခုလိုအချိန်မျိုးတွင် ရွာမှကောင်လေးများသည် မြစ်ကမ်းနံဘေးတွင်ရှိနေတတ်သည်။ 


ရေကြွက်များကိုဖမ်းရန်ထောင်ခြောက်များဆင်ခြင်း ငါးဖမ်းရန်ပိုက်ကွန်များကိုအသင့်ပြင်ခြင်းတို့ပြုလုပ်နေတတ်ကျကာ ပတ်ဝန်းကျင်သည်ဆူညံနေတတ်သည်။ သို့သော် ယနေ့တွင်မူတစ်ယောက်မျှမတွေ့ရ။ နေရောင်အောက်တွင် မြစ်တစ်စင်းသာ တစ်ကိုယ်တည်းတည်ရှိနေသည်။


ထူးထူးဆန်းဆန်းတိတ်ဆိတ်နေသောပတ်ဝန်းကျင်ကိုကြည့်ကာ စိတ်ထဲတွင်မသိုးမသန့်ခံစားလာရသည်။ ထို့ကြောင့် ကောင်လေးများကိုအော်ခေါ်ရန်စဉ်းစားမိသည်။ သို့သော် မအော်ခင်မှာပင် သူစိတ်ပြောင်းလိုက်သည်။ ပြီးနောက် လျှိုစောက်နားသို့တဖြည်းဖြည်းချဉ်းကပ်သွားလိုက်သည်။ 


ယခုတော့သူ့ပုံစံက သိုးအုပ်ထဲမှသင်းကွဲနေသည့် သိုးတစ်ကောင်ကို လိုက်ဖမ်းနေသည့်ပုံနှင့်တူသည်။


အကွေ့အကောက်များနှင့် ထင်ရှူးပင်များစိုက်ပျိုးထားသည့် လမ်းသည် ဘေးတစ်ဖက်တစ်ချက်စီတွင် မတ်စောက်နေသော ကျောက်တုံးနံရံများရှိနေသည်။ ထိုလမ်းသည် ထင်းရှူးနံ့နှင့် အသားစားတိရစ္ဆာန်တို့၏ မစင်အနံ့များဖြင့်ပြည့်နှက်နေသည်။


လမ်း၏အဆုံးတစ်ဖက်တွင်မူညီညာပြန့်ပြူးသောမြေပြင်ရှိသည်။ ဆိတ်ကျောင်းသည့်မြက်ခင်းပြင်နှင့် မိုးရာသီတွင်ကလေးများက မှိုများကိုလာရောက်ဆွတ်ယူတတ်သည့်စိုထိုင်းသည့်မြေလွှာလည်းရှိသည်။ လူကြီးများက၎င်းတို့၏ကောက်ပဲသီးနှံများနှင့် မုန်လာဥနီများကိုစိုက်ပျိုးသည့် ကွင်းပြင်များလည်းရှိသည်။


နောက်ဆုံးတော့ နှင်းစက်များဖြင့်စိုစွတ်နေသည့်တောင်ကုန်းပေါ်မှ အမည်းရောင်အိမ်ခေါင်မိုးသေးသေးလေးများကိုမြင်တွေ့နေရပြီဖြစ်သည်။


ထိုမှနေ၍အလင်းရောင်၏အရင်းအမြစ်ကိုသူတွေ့မြင်နေရသည်။


ထိုအရာသည်မီးဖြစ်သည်။…သို့သော် မီးဖြစ်သည်ဟုလည်း တပ်အပ်မဆိုနိုင်။


လောင်ကျွမ်းနေသည့်အရာသည် သစ်ပင်တစ်ပင်မီးလောင်နေသည်နှင့်တူသည်။ သို့သော်မီးခိုးမထွက်ပေ။ မှိန်ပျပျမီးတောက်မီးလျှံတို့က သစ်ကိုင်းသစ်ခက်များကိုပတ်လည်ဝိုင်း၍တောက်လောင်နေကျသည်။ 


ဒါက…သစ်ပင်တစ်ပင်?

ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…


လွန်ခဲသည့်ရက်တွေတုန်းက သိုးများကိုကုန်းမြင့်ပိုင်းရှိစားကျက်မြေများသို့ ကျောင်းရန်ဖြတ်သွားတုန်းကထိုနေရာတွင်သစ်ပင်မရှိ။ အကယ်၍တစ်စုံတစ်ယောက်ကလာရောက်စိုက်ပျိုးထားပါကလည်း ဘယ်သစ်ပင်မှ ရက်ပိုင်းအနည်းငယ်အတွင်း အလျင်အမြန်မကြီးထွားနိုင်။ ပြီးတော့ ယခုသူမြင်နေရသည့်သစ်ပင်နှင့်ဆင်တူသော သစ်ပင်မျိုးကိုလည်း အခြားဘယ်နေရာတွင်မှမတွေ့ဖူး။


ထို့ကြောင့် Walking Man ခေတ္တမျှကြောင်၍ငေးနေမိသည်။ သူ့ကိုယ်သူအိပ်ပျော်နေတုန်း ဝိညာဉ်လောကသို့ ရောက်ရှိသွားသည်ဟုပင်ထင်မြင်နေမိသည်။


ထို့ကြောင့် ကောင်းကင်ကိုမော့ကြည့်၍ သူ၏ကိုယ်စားပြုတိရစ္ဆာန်ဖြစ်သော လင်းယုန်ငှက်ကိုလိုက်လံ၍ရှာဖွေမိသည်။ သို့သော်ကောင်းကင်သည် နဂိုအတိုင်းမပြောင်းလဲပင်တည်ရှိနေသည်။


မဖြစ်နိုင်…အကယ်၍လင်းယုန်ငှက်သာ သူ့ကိုလမ်းညွှန်ပြသနေခြင်းဆိုလျှင် အဝေးမှနေ၍သာပြသနိုင်လိမ့်မည်။ ယခုရောက်ရှိနေသောနေရာသည် လူသားတို့နေထိုင်ရာလူ့လောကစင်စစ်ပင်ဖြစ်သည်။


သူကလေးဘဝတုန်းကပြေးလွှားဆော့ကစားခဲ့သည့် မြက်ခင်းပြင်များကို မုဆိုးတစ်ယောက်ကဲ့သို့ခြေသံလုံလုံဖြင့် ဖြတ်လျှောက်လာလိုက်သည်။ မျက်လုံးများကမူ ထိုထူးဆန်းသော သစ်ပင်ကိုကြည့်နေသည်။


ကုန်းမြင့်တစ်ခုကိုကျော်ဖြတ်ပြီးသည့်နောက်တွင်တော့ ရွာကိုအတိုင်းသားမြင်နေရပြီဖြစ်သည်။ ယိုယွင်းနေသောအိမ်ခြံဝင်းများကိုသူမြင်နေရသည်။ လူတွေကမူမြေကွက်လပ်လွတ်တွင် ဒူးထောက်နေကျသည်။


ထို့နောက် သူထပ်မံ၍ မတူညီကွဲပြားသော အနံ့အသက်တစ်ခုကိုရှူရှိုက်မိပြန်သည်။ ဆောင်းရာသီတွင်သိုးများကိုကျွေးရန် သိမ်းဆည်းထားသော ကောက်ရိုးများ၏အနံ့မျိုးဖြစ်သည်။


 ထို့နောက်ထူးဆန်းသောသစ်ပင်၏အောက်ခြေနားတွင် အမည်းရောင်သဏ္ဌာန်တစ်ခုကိုတွေ့မြင်လိုက်ရသည်။


ထိုအရာကသက်ရှိတစ်ယောက်ဖြစ်သည်။


Walking Man မြေပေါ်သို့ဝတ်တုပ်၍ထိုင်ချလိုက်ပြီး ဆန့်၍မြက်ခင်းပေါ်တွင်ပြားပြားဝပ်မှောက်ချလိုက်သည်။ သူ၏မျက်လုံးများကမူထိုသက်ရှိကိုမလွတ်တမ်းစိုက်ကြည့်နေသည်။


ထိုမည်းမည်းသဏ္ဌာန်၏ခန္ဓာကိုယ်ကနွားထီးတစ်ကောင်နှင့်တူသည်။ အရွယ်အစားကတောလိုက်မုဆိုးများ အလွယ်တကူတောထဲတွင်ရှာဖွေတွေ့ရှိနိုင်သော သာမန်နွားထီးအရွယ်အစားလောက်ပင်ရှိမည်။ 


သို့သော် အရောင်ကမည်းနက်နေပြီး သတ္တဝါ၏ခေါင်းများကပုံစံမှားယွင်းစွာ ရှိနေကျသည်။ ခေါင်းမော့လိုက်သည်နှင့် ဝံပုလွေ၏နှာခေါင်းကဲ့သို့သောပုံစံက ချွန်ထွက်လာသည်။ နွားထီးတစ်ကောင်နှင့်လားလားမျှမတူ။

ပြီးတော့ ထိုသတ္တဝါတွင်လက်မောင်းများပါရှိသေးသည်။ 


သူ့ဇနီး၏ကိုယ်စားပြုအရုပ်သည် နွားထီးဖြစ်၍ ယခုထိုနွားထီးကိုမြင်ရသည့်အခါ သူမသေဆုံးသွားပြီလားဟူ၍ပင် တွေးထင်မိသည်။ 


သို့သော် သူမကိုအခြားသောရွာသားများနှင့်ရောနှော၍ ဒူးထောက်နေသည်ကို သူမြင်တွေ့နေရသည်။ ဝတ်ရုံအနားစများကို အနက်ရောင်အမွေးများဖြင့် ဆင်ယင်ထားပြီး သူမသည် Walking Man ၏ဇနီးဖြစ်သည်ကိုပြသနေသည်။


ထို့နောက် နွားထီးနှင့်တူသည့်ထိုသတ္တဝါက စကားပြောနေသည်ကိုတွေ့ရသည်။

လေသံအတက်အကျနှင့်ပြောနေသည်က အရပ်တစ်ပါးမှလူ၏ စကားပြောသံကိုနားထောင်နေရသကဲ့သို့ပင်။


ရွာသို့ကြေးနီများလဲလှယ်ရန်လာကြသော လူစိမ်းများသည် ဘာသာစကားအခက်အခဲကြောင့် လက်ဟန်ခြေဟန်ဖြင့်သာပြသပြီး ဆက်ဆံကျသည်။ ထို့ကြောင့်ယခုပြောနေသောစကားများကို Walking Man တစ်ခွန်းတစ်လေမျှပင်နားမလည်။


သူသိသည်က စကားပြောသံများကပို၍အလောတကြီးဖြစ်လာပြီး သားရဲတိရစ္ဆာန်တစ်ကောင်၏ ဒေါသထွက်သံကဲ့သို့ အသံတို့ပါလာခြင်းကိုပင်ဖြစ်သည်။ ထို့နောက် ထိုနွားထီး၏လက်ထဲရှိသတ္တုချောင်းမှအရောင်တလက်လက်ထလာသည်ကို မြင်တွေ့လိုက်ရသည်။ ချက်ချင်းပင်အန္တရာယ်ရှိသည်ဟု ခံစားမိလိုက်သော်လည်း တားဆီးရန်အတွက်မူ အရာအားလုံးနောက်ကျသွားပြီဖြစ်သည်။


နွားထီးကသတ္တုချောင်းထိပ်မှမီးတောက်ကိုပစ်လွှတ်လိုက်ပြီဖြစ်သည်။ မီးတောက်များကလေထုထဲသို့လွင့်စင်လာပြီး သူ့ဇနီး၏ဦးခေါင်းနားတွင် ပေါက်ကွဲသွားကျသည်။ ထို့နောက်သူမတစ်ချက်မျှသာအော်နိုင်ပြီး မြေပြင်ပေါ်သို့လဲကျသွားသည်။ သူမ၏ခန္ဓာကိုယ်က အနည်းငယ်မျှယက်ကန်ယက်ကန်ဖြစ်နေသည်။


သူမ၏ဦးခေါင်းကမူမီးကျွမ်းသွားသောအသားတုံးကဲ့သို့ မည်းနက်နေပြီဖြစ်သည်။ စုစည်း၍ချည်နှောင်ထားသော ဆံပင်တွေကမူ ပြာတွေဖြစ်ကုန်သည်။


 သူမ၏အသားများလောင်ကျွမ်းနေသည့် အနံ့ကိုသူ၏အနံ့ခံအာရုံမှတစ်ဆင့်ခံစားနေရသည်။ 


သူတစ်စက္ကန့်မျှနေရာမှာပင်တောင့်၍ရပ်နေမိသည်။ ထို့နောက် ဒေါသနှင့်နာကျည်းမှုတို့က ကြောက်ရွံ့မှုကို ဝါးမျိုသွားကျဟန်တူသည်။ သူကုန်း၍ထလိုက်ပြီး မြက်ခင်းပြင်ကိုကျော်ဖြတ်၍ ခြံဝင်းတံခါးအနီးဆီသို့ အမြန်ဆုံးရောက်အောင် တဟုန်ထိုးပြေးလာမိသည်။


သို့သော်သစ်သားခြံဝင်းနားသို့ရောက်ရန်ခြေလှမ်းတစ်ဒါဇင်မျှအလိုတွင်တော့ နွားထီးကသူ့ကိုမြင်တွေ့သွားသည်။


ဘေးတစ်ဖက်ဆီမှကြီးမားသောမျက်လုံးများကပွင့်ဟလာသည်။ မျက်လုံးများကသွေးနီရောင်လွှမ်းနေကျပြီး ထိုမှတဆင့် မုန်းတီးခြင်းကို သူခံစားသိရှိနိုင်သည်။


‘ရွာကလူတွေ သူ့ကိုဘယ်တုန်းကများရန်သွားစလိုက်မိတာလဲ။ တောလိုက်မုဆိုးတွေက နွားထီးတွေကိုအသိအမှတ်ပြုတဲ့အနေနဲ့ ဘေးမဲ့လွှတ်ထားပေးတာပဲမလား။ ထောင်ခြောက်တွေကို မှားဆင်မိတာလား။’


ထိုနွားထီးရုတ်တရက်ဒေါသူပုန်ထလာခြင်း၏အကြောင်းအရင်းများကိုသူစဉ်းစားမိသည်။ တစ်ဖက်မှလည်း ထိုနွားထီးထပ်မံ၍တိုက်ခိုက်လာမည်ကိုအာရုံစိုက်နေရသည်။


သူ၏ဇနီးအားသေစေခဲ့သည့် အရောင်တလက်လက်နှင့်သတ္တုချောင်းက ဝိညာဉ်သတ္တဝါ၏လက်ထဲတွင်ရှိနေသေးတုန်းဖြစ်သည်။ 


ထိုအရာ၏ထိပ်တွင်မီးတောက်တို့ကစုဝေးနေပြီး သူ့ဇနီးအားသတ်ခဲ့သည့်အတိုင်းပင် သူ့အားသတ်ရန်အသင့်ပြင်နေသည်ကိုလည်းခံစားမိနေသည်။

သို့သော်တစ်စက္ကန့်မျှပင်မစောင့်လိုက်ရပဲ မီးတောက်တစ်ခုကသူ့ဆီသို့ဝင်ရောက်လာသည်။


ထိုမီးတောက်အားမလွန်ဆန်နိုင်မှန်းကိုသူသိသော်လည်း ဘေးဘက်သို့ရှောင်တိမ်းလိုက်သည်။ ထို့ကြောင့် သူ့ဆီသို့ပစ်လွှတ်လိုက်သောမီးတောက်က လွဲချော်သွားပြီး သူ၏နောက်ကျောဘက်တွင်ပေါက်ကွဲသွားသည်။


သို့သော်သူ၏စိတ်ထဲတွင်မူဘာကိုဆက်၍လုပ်ကိုင်ရမှန်းမသိအောင်ပင် ဗလာနတ္ထိဖြစ်နေသည်။ ပစ်မှတ်နှင့်လွဲချော်သွားသောကြောင့် သတ္တဝါ၏နှုတ်မှဆဲရေးသံတို့ထွက်ပေါ်လာသည်။ ထို့နောက်ထပ်မံ၍မီးလုံးများဖြင့်အဆက်မပြတ်ပစ်ခတ်သည်။


သူပြေးနေရင်းနှင့် ခတ္တမျှလူသေတစ်ယောက်ကဲ့သို့ ကြောင်၍ရပ်တန့်သွားမိသည်။ အကြောင်းမှာ အကယ်၍သူသာဆက်လက်၍ပြေးနေမည်ဆိုလျှင် ယခုသူရောက်ရှိတော့မည့်နေရာသို့တိုးဝင်လာသည့် မီးလုံး၏ပေါက်ကွဲမှုဒဏ်ကိုခံစားရမည်ကိုသိလိုက်ရ၍ဖြစ်သည်။ 


ထို့နောက်သူဆက်၍ပြေးသည်။ သူ့ဘဝတွင်တခါမျှမပြေးခဲ့ဖူးသည့်အတိုင်း အဆက်မပြတ်ပြေးနေသည်။ နောက်ဆုံးတွင်တော့ သစ်သားများနှင့် ခြံဝင်းတံခါးနောက်မှအကာအကွယ်ယူလိုက်ပြီး စိုထိုင်း၍သစ်ရွက်ကြွေများဖြင့်ပြည့်နေသော မြေပြင်ပေါ်တွင်ဝမ်းလျားမှောက်လိုက်သည်။ 


ဒေါသ ကြောက်ရွံ့မှုတို့နှင့်အတူ ပင်ပန်းမှုတို့ပါပေါင်းစပ်၍ အသက်ကိုပင်အလုအယက်ရှူနေရသည်။


ထို့နောက် မီးတောက်တစ်ခု၏အရိပ်အယောင်ကို ထပ်မံတွေ့မြင်လိုက်ရပြီး အော်ဟစ်သံတစ်ခု ထပ်မံထွက်ပေါ်လာသည်။ ထိုအော်သံတွင် သေခြင်းတရား၏အရိပ်အယောင်များပေါင်းစပ်ပါဝင်နေသည်ကိုကြားရုံမျှဖြင့်သိရှိနိုင်သည်။


'ဒါတွေကိုတားဆီးဖို့ ငါတစ်ခုခုလုပ်မှဖြစ်မယ်' 


ယောက်ျားတစ်ယောက်အနေဖြင့် သူရဲဘော်ကြောင်ခြင်းကမသင့်လျော်မှန်းသူသိသည်။ မိမိရွာမှရွာသားများအသတ်ခံနေရသည်ကို ထိုင်၍ကြည့်မနေနိုင်။ ပြီးတော့သူ့ဇနီးသည် သူ၏မျက်စိရှေ့တွင်ပင် ထိုသတ္တဝါလက်ချက်ဖြင့် ကွယ်လွန်ခဲ့ရသည်မဟုတ်ပါလော။ ထို့ကြောင့် သူလက်စားချေရမည်။ 


နွားထီးနှင့်ရင်ဆိုင်တိုက်ခိုက်ခြင်းသည် ရူးသွပ်မှုတစ်ရပ်ဖြစ်သည်ကို သူသိသည်။ သို့သော်တွန့်ဆုတ်၍ ချီတုံချတုံဖြစ်နေခြင်းက မည်သည့်ကောင်းကျိုးမျှမရရှိနိုင်။ ထို့ကြောင့်တိုက်ခိုက်ခြင်းမှလွဲ၍ သူဘာများတတ်နိုင်ပါသေးသနည်း။ 


သူမျက်လုံးမှိတ်၍  လင်းယုန်ငှက်၏ဝိညာဉ်တမန်တော်ကို ဆင့်ခေါ်နေမိသည်။ ခဏအကြာတွင် သူ၏စိတ်တွင်း၌ လင်းယုန်တမန်တော်၏အတောင်ပံတို့ဖြန့်ကျက်လာသည်။ တမန်တော်သည် သူ၏အကူအညီတောင်းဆိုမှုကို သနားကရုဏာထား၍ ပြန်လည်တုန့်ပြန်ခြင်းဖြစ်ဟန်တူသည်။ တစ်စုံတစ်ရာက သူ၏စိတ်တွင်းမှနေ၍ ခွန်အားတွေကိုပေးကမ်းနေသည်ကို ခံစားနေရသည်။


ဟုတ်သည်။ သူဒါကိုရင်ဆိုင်နိုင်သည်။ 


ထို့နောက်မြေကြီးပေါ်တွင်လက်ထောက်၍အားပြုကာ သစ်တောဘက်သို့မျက်နှာမူ၍ဆောက်ထားသော တောလိုက်မုဆိုးတစ်ဦး၏အိမ်ဘက်သို့ တဖြည်းဖြည်းချင်းရွေ့လျားလိုက်သည်။ 


ထို့နောက် တံခါးဆီသို့ချဉ်းကပ်လိုက်ပြီး တံခါးတွင်ကွယ်ထားသော သားရေပြားချပ်ကို အသာလှပ်၍ ပတ်ဝန်းကျင်အခြေအနေကို အကဲခတ်မိသည်။ 


နီစွေးစွေးအရောင်တို့က အမှောင်ထဲတွင်တောက်ပနေကျပြီး

ထိုသတ္တဝါဆီမှရသောကောက်ရိုးနံ့က လူနံ့ ချွေးနံ့ သားရေနံ့တို့ကို ဖုံးလွှမ်းသွားသည်အထိပို၍စူးရှလာသည်။


စူးစမ်းပြီးသည့်နောက်တွင်တော့ Walking Man တိတ်ဆိတ်စွာဖြင့်ပင်ပြန်လည် ဆုတ်ခွာသွားသည်။ 


အပြင်ဘက်တွင်နွားထီးကသူ့ကိုစောင့်ဆိုင်းနေသည်။ လက်ထဲရှိသတ္တုချောင်းထိပ်တွင်မူ သေမင်းတမန်မီးတောက်တို့က စုဝေးနေကျသည်။ 


Walking Man ထိုဂြိုဟ်သား၏ လက်ချောင်းသုံးချောင်းသာရှိသော လက်ကိုကြည့်၍ ခေါင်းကိုခါရမ်းလိုက်ပြီးနောက်ခေါင်မိုးပေါ် တက်ရန်ခုန်ထလိုက်သည်။ 


သူ၏လက်များကခေါင်မိုး၏အစွန်ဖျားပေါ်တွင်ခိုနေပြီး ကြိုးစား၍ တွဲလောင်းဖြစ်နေသောခန္ဓာကိုယ်ကိုအပေါ်သို့ရောက်ရန် ရုန်းကန်လိုက်သည်။ 


အပေါ်သို့ရောက်သည်နှင့်ခေါင်မိုးပေါ်တွင်ရှိသောမြက်ခြောက်များက သူ၏ခြေထောက်ကို အောက်သို့ကျွံမကျသွားစေရန် ကာကွယ်ပေးထားသည်။


ထို့နောက်နွားထီး၏သေမင်းတမန်မီးတောက်မှကာကွယ်ရန်အလို့ငှာ ခန္ဓာကိုယ်ကိုကုန်း၍ မီးခိုးခေါင်းတိုင်ဆီသို့တဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။ ထိုမှတစ်ဆင့် လတ်လတ်ဆတ်ဆတ်မီးကင်ထားသော အသားနံ့ကိုရသည်။ ထို့နောက်အထဲသို့ခုန်ချ၍ အခန်းတွင်းသို့ဝင်လိုက်သည်။


အခန်းထဲသို့ရောက်သည်နှင့်တစ်ပြိုင်နက် တံခါးဝတွင်လှုပ်ရှားမှုတစ်ခုကိုရိပ်ခနဲမြင်တွေ့လိုက်ရသည်။

 Ox Hunter ၏လှံကကြမ်းပြင်ကိုထိုးဝင်၍ စိုက်သွားခြင်းဖြစ်သည်။ နွားထီးဝင်လာစဉ်က Ox Hunter ကလှံကိုယူ၍ ပစ်လိုက်ခြင်းဖြစ်လိမ့်မည်။


လတ်လတ်ဆတ်ဆတ်အသားကင်နံ့ဟုထင်ခဲ့သည့်အရာကလည်း မီးလောင်ကျွမ်းကာ မည်းတူးနေသည့်လူသားကင်ဖြစ်နေသည်။


ထိုလူသားကင်ကိုမြင်ပြီးသည့်နောက်တွင်တော့ သူ့ဘဝတွင်တခါမျှမခံစားဖူးသော ဒေါသမျိုးကိုခံစားလိုက်ရသည်။ ထို့နောက်ကြမ်းပြင်ပေါ်တွင်စိုက်နေသော လှံကိုကောက်ယူကာအခန်းတွင်းမှတစ်ရှိန်ထိုးပြေးထွက်လာလိုက်သည်။


အပြင်သို့ရောက်သောအခါ မည်းနက်သောခွာကွဲသဏ္ဌာန်တွေက ရွှံ့ပေါ်တွင်ရပ်နေကျသည်ကိုတွေ့လိုက်ရသည်။ ထို့ကြောင့် သူ Ox Hunter ၏အိမ်နှင့်သူ၏အိမ်နီးချင်းဖြစ်သော နတ်ဆရာမ Deer Dance Woman တို့၏အိမ်နောက်ဘက်မှတစ်ဆင့် ရွာကိုပတ်၍သွားလိုက်သည်။ 


တဲများကြားမှနေ၍ နောက်ထပ်အနက်ရောင်နွားထီနှစ်ကောင်ကို တွေ့လိုက်ရပြန်သည်။ သူတို့ကရွာသားများ၏ ဘေးတစ်ဖက်တစ်ချက်စီတွင်အစောင့်များကဲ့သို့ရပ်နေကျသည်။ 


သူဆက်လက်၍လျှောက်သွားပြီးသည့်နောက် Deer Dance Woman ၏အိမ်နောက်တွင်ရပ်တန့်လိုက်သည်။ ရိတ်သိမ်းထားသော မြက်တွေက အိမ်ဘေးတစ်ဖက်တွင်စုပုံထားပြီး အကာအကွယ်အဖြစ်ထောက်ပံ့ပေးနေသည်။


ထိုအရာတွေနောက်မှပုန်းကွယ်၍သစ်တောထဲသို့ပြေးသွားရမည်။ ပြီးလျှင် Marsh မြက်ခင်းပြင်မှလူမျိုးစုကို အကူအညီသွားတောင်းရမည်။ သူတို့ဆီတွင်ခိုလှုံခွင့်ရရန်အတွက် သိုးတစ်ကောင်လောက်တော့ပေးရမည်ထင်သည်။ ဘာပဲဖြစ်ဖြစ်သူ၏သိုးအုပ်များသည် ကုန်းမြင့်ပိုင်းရှိစားကျက်တွင်ကျန်ရစ်နေခဲ့သည်မဟုတ်ပါလော။


ထိုသို့တွေးနေခိုက်တွင်မီးတောက်တစ်ခုပစ်လွှတ်လိုက်သည်ကိုတွေ့ရပြန်သည်။ ထို့နောက်တဲ၏နောက်ဖက်မှအော်ဟစ်သံများကို ကြားလိုက်ရသည်။ ထိုအသံများကကျယ်လောင်၍ထူးဆန်းသည်။ Walking Man တခါမျှမကြားခဲ့ဖူးသော တိရစ္ဆာန်တစ်ကောင်၏အသံမျိုးပင်ဖြစ်သည်။


ဘာတွေဖြစ်ပျက်နေသည်ဆိုတာကိုမြင်တွေ့နိုင်ရန် Deer Dance Woman ၏အိမ်ကိုတွားသွား၍တပတ်ပတ်လိုက်သည်။ 


မီးခိုးငွေ့တွေကပတ်ဝန်းကျင်ကိုဖုံးလွမ်းနေပြီး သစ်ပင်များကိုပင်တစ်ဝက်မျှသာမြင်နိုင်သည်အထိထူထပ်နေသည်။ 


အနက်ရောင်နွားထီးများထဲမှတစ်ကောင်က သူ့ကိုကျောပေး၍ ကျန်ဂြိုဟ်သားတစ်ကောင်ဘက်သို့လှည့်၍မျက်နှာမူထားသည်။


မီးကနေရာတိုင်းတွင်လောင်ကျွမ်းနေပြီး ရွာသားတွေတစ်ယောက်ပြီးတစ်ယောက်အသတ်ခံနေရသည်။


"သူတို့ကိုဒီအတိုင်းမထားခဲ့နိုင်ဘူး…ငါတိုက်ခိုက်ရမယ်…ရွာသားတွေအသတ်ခံနေရတာကိုဒီအတိုင်းရပ်မကြည့်နိုင်ဘူး… လင်းယုန်တမန်တော်ကငါ့ကိုကူညီမှာပါ"


Walking Man ကသူ၏လက်တစ်ဖက်တွင်လှံကို ကျစ်ကျစ်ပါအောင်ဆုတ်ကိုင်လိုက်ပြီး နွားထီးဆီသို့တိတ်ဆိတ်စွာချဉ်းကပ်သွားပြီးနောက် ရုတ်တရက်ဆိုသလိုပင်တဟုန်ထိုးတိုးဝင်၍တိုက်ခိုက်လိုက်သည်။ 


သို့သော်လှံကသတ္တဝါ၏ခန္ဓာကိုယ်နံဘေးဘက်ကိုပင်မထိုးဖောက်နိုင်။


ထို့နောက်သတ္တဝါကသူ၏ခြေထောက်ကိုသုံး၍ပြန်ကန်ထုတ်သော်လည်း လင်းယုန်တမန်တော်၏ကာကွယ်စောင့်ရှောက်မှုကြောင့် ဘေးဘက်သို့လှိမ့်၍အချိန်မှီရှောင်တိမ်းနိုင်လိုက်သည်။


သူမြေကြီးပေါ်တွင်လှိမ့်နေခိုက်ထူးဆန်းသောအရာတစ်ခုကိုဝင်တိုက်မိသည်။ ထိုအရာကမြွေတစ်ကောင်ကဲ့သို့ တွားသွားနေဟန်ရှိသည့်တောက်ပသည့်အလင်းတန်းတစ်ခုဖြစ်သည်။


အသေအချာကြည့်လျှင် ထိုအရာသည်သစ်ပင်တစ်ပင်ဖြစ်သည်…။


"လင်းယုန်တမန်တော်ကညွှန်ပြနေတာလား…နွားထီးတွေနဲ့သစ်ပင်ကတစ်နည်းနည်းနဲ့တော့ဆက်စပ်နေကျမယ်ထင်တယ်။ စဉ်းစားကြည့်မယ်ဆိုရင်ယုတ္တိတော့ရှိပါတယ်။ လက်နက်ဆိုလို့လှံတစ်ချောင်းပဲရှိတဲ့လူက ဘယ်လိုလုပ်ဒီသားရဲတွေအများကြီးကိုတိုက်ခိုက်နိုင်မှာလဲ။ ဒါပေမယ့် သစ်ပင်ကိုဦးတည်ပြီးတိုက်ခိုက်မယ်ဆိုရင်ရော…။ ဘာပဲဖြစ်ဖြစ်စမ်းကြည့်လည်းအကျိုးမယုတ်ပါဘူး။"


သူလင်းလက်နေသောအကိုင်းများအောက်သို့ငုပ်လျှိုး၍တဖြည်းဖြည်းတိုးဝင်လိုက်သည်။ ထို့နောက်ရင်းနှီးနေသောအနံ့တစ်ခု… ကုန်းမြင့်စားကျက်မြေတွင်ရှိနေစဉ်ကရခဲ့သည့်အနံ့ကိုရှူရှိုက်မိသည်။ ထိုအနံ့၏မူလအစသည် ယခုသစ်ပင်မှလာခြင်းဖြစ်ကြောင်းကို တဖြည်းဖြည်းသတိထားမိလာသည်။


ပတ်ဝန်းကျင်တစ်ခုလုံးထိုအနံ့အသက်များဖြင့်ဖုံးလွှမ်းနေပြီး တမျိုးတစ်မည်သောခံစားချက်ကိုဖြစ်ပေါ်စေသည်။ ထိုခံစားချက်က မမြင်နိုင်သောဝိညာဉ်တစ်ကောင်၏ လက်ချောင်းများက မိမိခန္ဓာကိုယ်နှင့်ရှပ်ထိသွားသကဲ့သို့ပင် ကြက်သီးမွေးညှင်းများထစေသည်။


ထို့ကြောင့် သူ "လင်းယုန်တမန်တော်…" ဟုကျယ်လောင်စွာရေရွတ်မိသည်။ တမန်တော်များသည် လူသားများ၏ အမိန့်ပေးခိုင်းစေခြင်းကိုမနှစ်မြို့ကျ။ သို့သော် သူ့တွင်လည်းရွေးချယ်စရာမရှိတော့ချေ။ လုပ်ရဲလျှင်ခံရဲရမည်ဟူသော စိတ်ကိုမွေးကာအော်ဟစ်လိုက်ခြင်းဖြစ်သည်။ အကယ်၍သေသွားခဲ့မည်ဆိုလျှင်တောင် ထိုသို့အမိန့်ပေးခြင်းအတွက် ပြစ်ဒဏ်ခတ်ခံရပေဦးမည်။


(A/N: ဆိုလိုချင်တာကသူတို့အယူအဆတွေမှာတမန်တော်တွေရဲ့နာမည်ကိုအကျယ်ကြီးအော်ခေါ်ခွင့်မရှိဘူး…တစ်ခုခုကိုအကူအညီတောင်းချင်တယ်ဆိုရင် စိတ်ထဲကနေတရိုတသေနဲ့ပင့်ဖိတ်ရတဲ့သဘောပေါ့…အဲ့လိုမျိုးအော်ခေါ်မိရင် တမန်တော်ကသူ့ကိုအမိန့်ပေးပြီးခေါ်တယ်လို့မှတ်ယူတဲ့အတွက် ပြစ်ဒဏ်ခတ်ခံရတာမျိုးပါ။ ကိုယ်နားလည်သလိုလေးရှင်းပြတာ…သူတို့ရဲ့ဘာသာရေးအယူအဆတွေကိုသိပ်မသိဘူးရယ်:/)


တဖန်အရဲစွန့်၍သစ်ပင်ဆီသို့လက်လှမ်းလိုက်သည့်အခါ မျိုးစေ့ကဲ့သို့သောအခိုင်များကိုစမ်းမိသွားသည်။ ထို့နောက်သူသိချင်ဇောဖြင့် ထိုအရာများကိုဆွဲချလိုက်သည့်အခိုက်အတန့် ကမ္ဘာကြီးတစ်ခုလုံးပြောင်းလဲသွားသည်…


စူးရှတောက်ပသောနေရောင်ကသူ၏အမြင်အာရုံတွင်းသို့ထိုးဖောက်ဝင်ရောက်လာသည်။ အပူလှိုင်းတို့ကပြင်းထန်လွန်း၍ အရေပြားပေါ်တွင် နေလောင်ကွက်များထလာသည်အထိပင်။


ထို့နောက်နွားထီးများဆီမှတပ်လှန့်သံများကိုကြားရသည်။ ရွာသားများ၏ကြောက်လန့်တကြားအော်ဟစ်သံများကလည်း ပွက်ပွက်ညံနေသည်။ ပေါက်ကွဲနေသည့်မီးလုံးများကြားတွင် လူသားများကကူကယ်ရာမဲ့စွာပြေးလွှားနေကျသည်ကို အရောင်မှိန်သွားပြီဖြစ်သောသစ်ကိုင်းများထဲမှတစ်ဆင့်မြင်တွေ့နေရသည်။


တစ်ဖက်ခြမ်းတွင်မူ အဖြူရောင်ဟင်းလင်ပြင်ကိုသာတွေ့မြင်နေရသည်။

တောင်ကုန်းတောင်တန်း သစ်တော စားကျက်မြေများကိုတစ်ခုမျှမတွေ့ရချေ။


ထို့ကြောင့် ပတ်ဝန်းကျင်တွင် ဖြစ်ပျက်နေသည်များကိုရှင်းရှင်းလင်းလင်းမြင်တွေ့နိုင်ရန် သစ်ကိုင်းများကိုတစ်ခုပြီးတစ်ခုထပ်မံတွယ်တက်လိုက်သည်။ သို့သော်အရာအားလုံးသည် အဖြူရောင်ဟင်းလင်းပြင် အတိုင်းသာရှိနေသည်။ လူ့လောကနှင့်သက်ဆိုင်သော အရာများကို တစ်စွန်းတစ်စပင်မတွေ့ရ။


"တမန်တော်ကိုအမိန့်ပေးမိလို့ပြစ်ဒဏ်ခတ်ခံရတာလား။ ဒါတွေအားလုံးကဘာတွေလဲ။ ဝိညာဉ်ချုပ်နှောင်အပြစ်ပေးခြင်းလား။ ဒီလိုပြစ်ဒဏ်မျိုးခံရလောက်တဲ့အထိ ငါဘာအမှားလုပ်မိလို့လဲ။"


သူအသည်းအသန်ပင်စဉ်းစား၍ ထူးဆန်းသောသစ်ကိုင်းများပေါ်သို့ မျောက်တစ်ကောင်ကဲ့သို့ ကုတ်တွယ်တက်သွားသည်။ 


ထို့နောက်သူ၏လက်များက မျိုးစေ့နှင့်တူသောအခိုင်တစ်ခိုင်ကို ထပ်မံ၍ဆွဲမိပြန်သည်။ သို့သော်သူမရည်ရွယ်ပါပဲနှင့်ထိုအခိုင်သည် သစ်ပင်မှပြုတ်ထွက်သွားသည်။


သူ၏ပတ်ဝန်းကျင်သည်လည်း နေ့မှညသို့ချက်ချင်းပြောင်းလဲသွားသည်။ အမှောင်ထုကကြီးစိုးလာပြီးကောင်းကင်တွင်ကြယ်လတို့ကအစုံအလင်ရှိနေသည်။ လေအဝှေ့တွင်အေးစက်မှုကိုခံစားရသည်။ ပတ်ဝန်းကျင်ကတိတ်ဆိတ်နေပြီး သစ်ပင်များကြားမှ ငှက်တို့၏တောင်ပံခတ်သံတဖျတ်ဖျတ်ကို အတိုင်းသားကြားနေရသည်။


ထို့နောက်ကျောက်တုံးပြိုကျသံများနှင့် သစ်သားကျိုးကျသံများကိုတစ်ပြိုင်တည်းကြားလိုက်ရပြန်သည်။


'မကောင်းတော့ဘူး…ကျောက်တုံးတွေကရွာပေါ်ကိုပြိုကျနေပြီ'


ရွာသားများကနေရာအနှံ့ပြေးလွှားကာခိုလှုံရာနေရာရှာနေကျသည်။ ထိုအချိန်တွင်ကျောက်တုံးကြီးတစ်တုံးကနွားထီးများအနက်မှတစ်ကောင်ပေါ်သို့ထိမှန်သွားသည်။


 ထိုသတ္တဝါဆီမှညည်းညူသံထွက်ပေါ်လာပြီး မျက်လုံးတွင်မူ နာကျင်မှုကြောင့်ဒေါသထွက်သည့် အရိပ်အယောင်ကိုတွေ့နေရသည်။


သူသစ်ပင်ပေါ်မှနေ၍ ထိုနွားထီး၏အမူအရာကိုကြည့်နေခိုက်တွင် ၎င်းကသူ့ကိုတွေ့မြင်သွားပြီဖြစ်သည်။


၎င်းလက်ထဲရှိသတ္တုချောင်းကမူ တိုက်ခိုက်ရန်အသင့်အနေအထားဖြင့် အရောင်တလက်လက်ထလာပြီး မီးလုံးများကသူ့ဆီဦးတည်လာကျသည်။


သည်တစ်ကြိမ်တွင်တော့လင်းယုန်တမန်တော်လည်းသူ့ကိုမကယ်တင်နိုင်တော့ပေ။ ဘေးဘက်သို့ရှောင်တိမ်းလိုက်သော်ငြား မီးလုံးများကနေရာတိုင်းတွင်ပေါက်ကွဲကုန်သောကြောင့် ထိခိုက်ဒဏ်ရာများကိုခံစားလိုက်ရသည်။


 ထို့ကြောင့် မီးစွဲနေသောသစ်ကိုင်းများပေါ်တွင် ခေတ္တမျှတွယ်၍နေလိုက်ပြီး ထိုသစ်ပင်မှသွေးများကဲ့သို့သော ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာသည်ကိုစိုက်ကြည့်နေမိသည်။


ခဏအကြာတွင်တော့ မခံမရပ်နိုင်အောင် နာကျင်မှုကိုခံစားလာရပြီး သစ်ကိုင်းများပေါ်မှမြေပြင်သို့ပြုတ်ကျလာသည်။ ထိုသို့ပြုတ်ကျမှုဒဏ်ကြောင့်ခန္ဓာကိုယ်တွင်းမှအရိုးကျိုးသံများကိုပင်အတိုင်းသား ကြားနေရသည်။ 


အရိုးကျိုးသည့်ဒဏ်ကြောင့် အတိုင်းအဆမဲ့သောနာကျင်မှုကိုခံစားနေရသော်လည်း သူအားယူ၍ထကာပြေးသည်။ နာကျင်မှု ကြောက်လန့်မှုတို့ကိုမျိုသိပ်လိုက်ပြီး လောင်ကျွမ်းနေသောမီးတောက်များကိုဖြတ်သန်း၍ သူ့ဇနီး၏အလောင်းရှိရာနေရာသို့မှန်းဆ၍ပြေးသွားနေသည်။


သို့သော် သူဇနီး၏အလောင်းဆီသို့မရောက်သေးခင်မှာပင် မီးတောက်တစ်ခုကသူ၏ခန္ဓာကိုယ်ကိုလွှမ်းခြုံလိုက်ပြီး အရာအားလုံးအမှောင်ကျသွားသည်ကိုသူခံစားလိုက်ရသည်။


အချိန်မည်မျှကြာသွားသည်တော့မသိ…သူနိုးထလာသောအခါ ခန္ဓာကိုယ်အနှံ့မှနာကျင်မှုဝေဒနာကိုခံစားနေရသည်။ မျက်လုံးများကနာကျင်မှုကြောင့်ဝေဝါးနေသည်။


ဘေးပတ်ဝန်းကျင်တွင် ရှည်လျားသောရွှေဝါရောင်မြက်ပင်များက ထူးဆန်းသောတောင်တစ်ခုပေါ်တွင် ပေါက်ရောက်နေကျသည်။

တောင်၏ပုံသဏ္ဌာန်သည် တင်းကုပ်ပုံစံရှိပြီး အမိုးတွင်ဆီးနှင်းများဖြင့်ဖုံးလွှမ်းနေကာ သူ့ဘဝတွင်တစ်ခါမျှမမြင်ခဲ့ဖူးသောပုံစံပင်ဖြစ်သည်။


ထို့နောက်မြက်ပင်များကြားမှတရှပ်ရှပ်မြည်သံနှင့် တောင်ပံခတ်သံတို့ကိုကြားရသည်။ သူအသံလာရာသို့ကြည့်ရန်အတွက် ခေါင်းကိုအားစိုက်၍ရွှေ့လိုက်သည်။


ထို့နောက်တွင်မူ လင်းယုန်ငှက်တစ်ကောင်ကိုတွေ့လိုက်ရသည်။


မည်းနက်နေသောအမွေးအတောင် ချိတ်ကောက်ကဲ့သို့ချွန်ထက်နေသောနှုတ်သီးနှင့် မဟူရာရောင်တောက်နေသောမျက်လုံးတို့ကသူ့ကိုစိုက်ကြည့်နေသည်။


လင်းယုန်ငှက်ဟုဆိုသော်လည်း သက်ရှိလင်းယုန်ငှက်များနှင့်ကွဲပြားကာ သေမင်း၏အရိပ်အယောင်ကိုတွေ့နေရသည်။ သို့သော် ထိုအရာကသက်ရှိလင်းယုန်ငှက်ဖြစ်သည်ဆိုတာကိုတော့ သူသိသည်။


မဟူရာရောင်မျက်လုံးတို့က သူ့ကိုအဆုံးမသတ်နိုင်သောတွင်းနက်ထဲသို့ ဆွဲခေါ်သွားနေသည်။


ထိုမျက်လုံးတို့ကိုစိုက်ကြည့်၍စကားပြောရန်ကြိုးပမ်းမိသည်။ သို့သော်ပါးစပ်သာပွင့်လာပြီး စကားသံတစ်ခွန်းမျှထွက်မလာပေ။


ထို့ကြောင့် သူ၏နောက်ဆုံးလက်ကျန်ခွန်အားတို့ကိုအသုံးပြုကာ လင်းယုန်ငှက်ဆီသို့ လက်လှမ်းလိုက်သည်။


"ငါ့ကိုခေါ်သွားပေးပါ တမန်တော်"


"မင်းရဲ့တောင်ပံတွေပေါ် ငါ့ဝိညာဉ်ကိုတင်ဆောင်သွားပေးပါ။ ငါတို့အတူတူ ဝိညာဉ်ကမ္ဘာမှာပျံသန်းကျတာပေါ့။"


ကြီးမားကျယ်ပြန့်သောအနက်ရောင်တောင်ပံများက ဖြန့်ကျက်လာပြီးသည့်နောက်တွင် သူ၏အမြင်အာရုံတို့စတင်၍ဝေဝါးလာသည်။ ထို့နောက်တွင်မူ သူ၏ဝိညာဉ်ကို ထာဝရကောင်းကင်နိုင်ငံတော်သို့ သယ်ဆောင်သွားခြင်းကိုခံလိုက်ရသည်။



rate now:

8 Reviews
  • reader Thomas 01.11.2019, 18:12 5

    Good

    reply

  • reader Rosella 16.10.2019, 15:55 5

    good

    author Lucifer 16.10.2019, 17:08

    Thank you!🙆

  • reader Hein Nay Zaw 13.10.2019, 04:34 5

    Aynn kaunggg

    author Lucifer 13.10.2019, 09:39

    🙄Thank you

  • reader yook-jj 13.10.2019, 03:38 2.7

    Good

    author Lucifer 13.10.2019, 09:39

    Thank you🙆

  • reader Thoon Su Aung 13.10.2019, 03:24 5

    👍

    author Lucifer 13.10.2019, 09:38

    🙄😗

  • reader iPhyu 12.10.2019, 18:46 4.5

    I like your A/N.. :)

    author Lucifer 13.10.2019, 09:38

    😁😁

  • reader Htin Aung Lwin 12.10.2019, 18:35 5

    Carry on. I'm waiting for next episode.

    author Lucifer 13.10.2019, 09:41

    Ok! 🙆

  • reader Tun Zarni Kyaw 12.10.2019, 16:47 4.5

    good!

    author Lucifer 13.10.2019, 09:37

    Thank you 🙆