book

Index 8

အခန်း ၈။ အကြောင်းရင်းက ငါခွင့်မပြုလို့

  • Author : Caramel Popcorn
  • Genres : Romance
  • Original Author : Shui Qian Cheng

ဟယ်ကု စုန့်ကျွီးဟန်၏အိမ်မှ ပြေးထွက်ခဲ့သည်။ ကိုယ့်ကိုယ်ကိုယ် တင်းမထားနိုင်ဘဲ ပြိုလဲကျလုမတတ်ပင်။


ကံကောင်းထောက်မစွာဖြင့် ဓာတ်လှေကားထဲတွင် မည်သူမျှရှိမနေ။ မဟုတ်ပါက ဘောင်းဘီအစုတ်အပြဲနှင့် သူ့ပုံစံက အမြင်မတော်စရာဖြစ်နေလိမ့်မည်။


သူ ကားထဲ ပြေးဝင်လိုက်ပြီး ကားစက်နိုးသည်အထိ မစောင့်နိုင်လောက်အောင် အိမ်သာပြန်မောင်းချင်တော့သည်။


လမ်းတစ်ဝက်အရောက်တွင် ရုတ်တရက်သတိရမိပြန်သည်။ ဒီကားက သူ့ကို စုန့်ကျွီးဟန်ပေးထားခြင်းဖြစ်သည်။ ရုတ်ချည်းပင် အစာအိမ်ထဲမှ ပျို့အန်ချင်လာတော့သည်။ သူ ကား စတီယာတိုင်ကို ထုရိုက်ပစ်ကာ ကားကို လမ်းဘေးတွင် ထိုးရပ်လိုက်သည်။


ပင်လည်း ပင်ပန်းနေပြီဖြစ်ရာ ထိုင်ခုံကိုမှီ၍ မျက်လုံးများကို ဖြည်းဖြည်းချင်း မှိတ်ထားမိတော့သည်။


လွန်ခဲ့သော ခြောက်နှစ်အတွင်း စုန့်ကျွီးဟန်က သူ့အပေါ် အငြိုးအတေး ထားခဲ့တာမျိုးမရှိဖူးပေ။ အိမ်၊ ကား၊ တစ်ခုနှင့် တစ်ခု မထပ်သော တန်ဖိုးကြီး လက်ဆောင်များ၊ အခါကြီးရက်ကြီးများအတွက် စာအိတ်နီလေးများ စသဖြင့် အမြဲ အချိန်ကိုက်ဖြည့်ဆည်းပေးခဲ့သည်ချည်းသာ။ ကျွီးဟန် စိတ်ကောင်းဝင်နေချိန်ဆိုလျှင် သူ့ကို ညင်သာစွာဖက်ပွေ့ပြီး ကြင်ကြင်နာနာလည်း ဆက်ဆံသည်။ သူ့ ဒေါသကို သည်းခံပေးနေသမျှ နှစ်ဦးသား သဟဇာတဖြစ်နေကြသည်သာပင်။ စုန့်ကျွီးဟန်က သူ့အပေါ် ဆိုးဆိုးရွားရွား မဆက်ဆံဖူးပါပေ။


စုန့်ကျွီးဟန်က အခြား ယောက်ျားသားများနှင့် အိပ်ပြီးပါက ထိုဇာတ်လမ်းများအကြောင်း သူ့ကို ပြန်ပြောပြတတ်သည်။ ဒါကို ဟယ်ကု သွားထိန်းချုပ်၍ မရနိုင်။ သူ ဖုန်းကျုန်းကိုပြောခဲ့သလိုပင် စုန့်ကျွီးဟန်က သူ့ကို မချစ်ပါပေ။ ဒါလည်း စုန့်ကျွီးဟန်၏ အပြစ်ဟု မဆိုသာ။ နှစ်ဦးသားကြားမှာ ကတိကဝတ်၊ သဘောတူညီချက်ရယ်လို့ ထားထားသည်လည်းမဟုတ်။ စုန့်ကျွီးဟန်ကြောင့်ခံစားခဲ့ရသော စိတ်အနာတရများကို ကြည့်ရုံဖြင့် သူ့ရဲ့ မည်ကာမတအဆင့်လေးကို သူ သေချာသိနှင့်ပြီး ဖြစ်သည်။ ဆက်ပြီး သည်းညည်းခံသွားရန်လည်း ဆနရှိသည်။


ကျွီးဟန်နှင့် အတူ နှစ်များစွာ လျှောက်လှမ်းခဲ့ပြီးဖြစ်၍ စုန့်ကျွီးဟန်၏ နှိပ်စက်မှုအတော်များများကို ခံနိုင်ရည်ရှိနေပြီဟု သူတွေးခဲ့ဖူးသည်။ သို့သော်လည်း စုန့်ကျွီးဟန် ယနေ့ အပြုအမူမျိုးအထိ လုပ်ရက်လိမ့်မည်မထင်၍ လျှော့တွက်ခဲ့မိခြင်း ဖြစ်သည်။


အံဆွဲထဲမှ တစ်ဝက်ကျန်သေးသော ဆေးလိပ်ဘူးကိုယူကာ မီးခြစ်ရှာမတွေ့မချင်း အကြာကြီး ကိုင်ထားမိသည်။


ဆေးလိပ်သောက်ခြင်းသည် စုန့်ကျွီးဟန် မကြိုက်သောအရာဖြစ်၍ ဟယ်ကု ပိုလို့ လုပ်ချင်သည်။


သူ ပြတင်းပေါက်ဖွင့်ပြီး လေအေးများဝင်အောင်လုပ်လိုက်သည်။ မီးခိုးငွေ့များ လွင့်ပျံလာသည့်အခါ သူ့အမြင်အာရုံကို ဝေဝါးသွားစေသည်။ အဆုတ်ထဲသို့ နီကိုတင်းဓာတ်များ တိုးဝင်လာသည့်နှင့်အမျှ ဆေးရွက်ကြီး၏ လှုံ့ဆော်မှုကြောင့် ရှုပ်ထွေးနေသောသူ့ဦးနှောက်လည်း နိုးကြားလာတော့သည်။


ရယ်စရာကောင်းလှသည်။ စုန့်ကျွီးဟန်အပေါ်ထားမိသော သူ့ခံစားချက်များက ဟာသတစ်ခုလို ပြက်ရယ်ပြု ခံလိုက်ရသည်လေ။ ဒီဟာသက သူ့အတွက်တော့ ခေါင်းပေါ်မိုးထားသည့် တံစဥ်တစ်လက်လိုပင်ဖြစ်သည်။ ခေါင်းပေါ်ပြုတ်ကျလာမည့်အချိန်ကို နှစ်များစွာ တထင့်ထင့်စောင့်စားနေရသလိုမျိုး စုန့်ကျွီးဟန် သူ့ကို အလေးထားလာမည့် အချိန်ကို စောင့်စားခဲ့သည်။ ထိုနေ့အတွက်လည်း ပြင်ဆင်ထားခဲ့သည်။ ယခုတော့ ထိုနေ့မျိုးရောက်လာဖို့ အလှမ်းဝေးသေးမှန်း သူခံစားလိုက်ရသည်။


ဖုန်းက ရုတ်တရက် မြည်လာခဲ့သည်။ ဟယ်ကု တုန်ယင်စွာဖြင့် အမြန်ယူလိုက်သည်။ တစ်ချက်လှမ်းကြည့်သောအခါ နံပါတ်စိမ်းတစ်ခုဖြစ်နေ၍ ဖုန်းပြန်ဖြေလိုက်သည်။


“ဟယ်လို”


“ဟယ်ကု ငါပါ” ဖုန်းကျုန်း၏အသံက ဖုန်းထဲမှ ထွက်ပေါ်လာသည်။


“အင်း..ပြောပါ” ဟယ်ကု၏ အသံက အလွန်အေးစက်နေသည်။ သူက ပုံမှန်တော့ ဒီလို အေးစက်တတ်သူမဟုတ်။ သို့သော်လည်း ထိုနေ့ကစကားများကြပြီးနောက်ပိုင်း ဖုန်းကျုန်းကို အရေးတယူလုပ်ရန် စိတ်ပျက်လာသောကြောင့်ဖြစ်သည်။


“ငါ အဲ့ဒီနေ့က ပြောခဲ့တာတွေအတွက် မင်းကို တောင်းပန်ချင်လို့ပါ”


“ဘာမှမဟုတ်တာဘဲ။”


“မင်းထီးလည်း ငါ့ဆီကျန်ခဲ့တယ်။ ငါ အဲ့ဒါ ပြန်ပေးချင်လို့။”


“ထီးလေးတစ်ချောင်းပဲကို။ ပြန်ပေးစရာမလိုပါဘူး။”


ဖုန်းကျုန်းက ပြုံးပြီး ဆိုသည်။ “မင်းနဲ့ ပြန်ဆုံချင်လို့ အကြောင်းရှာတာပါ။ နည်းနည်းတော့ အခွင့်အရေးလေးပေးပါဦးကွာ။”


ဟယ်ကု သက်ပြင်းချမိသည်။ “ဖုန်းကျုန်း မင်းက အခုဘာလိုချင်နေတာလဲ?”


ဖုန်းကျုန်း၏ ခေါင်းမာမှုက တော်ရုံမဟုတ်ပေ။ ပြီးခဲ့သော ခြောက်နှစ်လုံး ဖုန်းကျုန်းကို သူဖော်ရွေပျူငှာနေရန် မလိုခဲ့။ သို့သော် ဖုန်းကျုန်းက သူ့ကို မရင်းနှီးစိမ်းသက်စွာ ဆက်ဆံလိမ့်မည်ဟုလည်း သူမထင်ပေ။


ဖုန်းဆက်သွယ်မှုက ခေတတိတ်ဆိတ်သွားခဲ့သည်။ “မင်းအကြောင်းစဥ်းစားလိုက်တာနဲ့ ငါတို့ အတိတ်က ပျော်စရာအချိန်တွေအကြောင်း ပြန်တွေးမိသွားတယ်။”


ဟယ်ကု စိတ်ထဲ အချဥ်ပေါက်သွားသည်။ သို့သော်လည်း သူနှင့်ဖုန်းကျုန်းတို့ ကောလိပ်အတူတက်စဥ်က အကြောင်းများကို ပြန်အမှတ်ရလာသည်။ သူတို့ တကယ်ကို ပျော်စရာအချိန်တွေရှိခဲ့ဖူးသည်ပင်။ အချိန်အများစုကို နှစ်ဦးသား အထာပေးရင်း ကုန်ဆုံးခဲ့သော်လည်း နောက်ဆုံးတော့ ချစ်မိသွားခဲ့ကြသည်။ အလွန်လည်း ခက်ခဲခဲ့သော အချိန်ပင်။ သူ့ဘဝတွင် နှလုံးသားထဲထည့်ခဲ့ဖူးသော အခြားတစ်ယောက်သည် ဖုန်းကျုန်းဖြစ်သည်။ ဟယ်ကုက အချိန်အကြာကြီး ချစ်သွားချင်သူမျိုးဖြစ်သည်။ ရေရှည်အထိမရည်ရွယ်ဘဲ လူတစ်ယောက်ကို မကြိုက်တတ်ပေ။ ဖုန်းကျုန်းက သူ့ရင်ထဲ အမြဲရှိနေသူဖြစ်ပြီး သူ့နှလုံးသား၏ နွေးထွေးသော တစ်ထောင့်တစ်နေရာလေးတွင် နေရာယူထားနိုင်သူပင်။ သူတို့ ဘယ်တော့မှ ပြန်မရနိုင်တော့သော သာယာသည့် ထိုနှစ်ကာလများကြောင့်လည်း ဟယ်ကုက ဒီလူ့အပေါ် စိမ်းစိမ်းကားကား မလုပ်နိုင်ခြင်းဖြစ်သည်။  


ဖုန်းကျုန်းက ထပ်မံဆိုသည်။ “ငါ မင်းနဲ့စုန့်ကျွီးဟန်အကြောင်းကို ထပ်မပြောတော့ဘူးလို့ ကတိပေးပါတယ်။ ငါတို့ သူငယ်ချင်းဖြစ်နိုင်ဦးမလား?”


“မင်း..” ဟယ်ကု မတတ်သာဘဲ ပြန်ဖြေလိုက်ရတော့သည်။ “မင်းထပ်ပြောရင်တောင် ငါတို့က သူငယ်ချင်းဖြစ်နေဦးမှာပါကွာ။”


ဖုန်းကျုန်း ပြုံးလိုက်မိသည်။ “ပြောလက်စနဲ့လေ မင်းအားတဲ့အချိန် ငါမင်းကို ထမင်းလိုက်ကျွေးချင်တယ်။”


“ငါကိုင်ရတဲ့ Project ကြောင့် နည်းနည်းတော့အလုပ်ရှုပ်နေတယ်။ အခုတလော ကိစတွေအများကြီးဖြစ်သွားလို့ ကွာ။”


“မင်းအခုဘာလုပ်နေတာလဲ? အသံနားထောင်ရတာ အိမ်မှာမဟုတ်သလိုပဲ။”


ဟယ်ကု ထစ်ငေါ့စွာဖြင့်ဖြေသည်။ “ဟုတ်တယ်။ အခုပဲ အလုပ်ပြီးလို့ အိမ်ပြန်နေတာ။”


“ငါက သူငယ်ချင်းတစ်ယောက်ရဲ့ ဘားမှာ။ မင်းတို့ ကုမဏီနဲ့လည်း သိပ်မဝေးဘူး။ တစ်ခွက်လောက် လာမသောက်ချင်ဘူးလား?”


“ဟင့်အင်း.. ဒီနေ့တော့ အရမ်းပင်ပန်းနေပြီကွာ။ ဟိုဟို ဒီဒီလျှောက်မသွားချင်တော့ဘူး။”


“မင်း သူစိမ်းတွေနဲ့တွေ့ရမှာ ကြောက်နေတုန်းလား?” ဖုန်းကျုန်းက အပြုံးဖြင့်ဆိုသည်။ “ငါ့ကိုရော ကြောက်လား?”


သူ့အသံထဲတွင် နားလည်ရခက်သော ချော့မြှူသံလေးစွက်နေလေသည်။


“ငါက ဘာမှမကြောက်ပါဘူး။ တကယ်ပင်ပန်းနေလို့ပါ။”


“ကောင်းပါပြီ။ ဒါဆိုလည်း ပြန်ပြီး နားလိုက်ပါ။ နောက်မှ ထပ်တွေ့ကြမယ်နော်။”


ဖုန်းချပြီးသည်နှင့် ဟယ်ကု စိတ်ငြိမ်သွားခဲ့သည်။ ဆေးလိပ်ကို အပြီးသတ်လိုက်ပြီး ကားကို အိမ်ပြန်မောင်းလာခဲ့တော့သည်။  


အိမ်က ဟာလာဟင်းလင်းဖြစ်လို့နေသည်။ သက်ရှိတစ်စုံတစ်ဦးပင်မရှိ။ သူက အိမ်တွင် ထမင်းစားလေ့သိပ်မရှိသူ ဖြစ်သည်။ အလုပ်များလာသည်နှင့်အမျှ အိမ်ကို ပြန်ပြီး ရေချိုးတာ၊ အိပ်တာလောက်ပဲ လုပ်ဖြစ်တော့သည်။ အခြားတစ်ခုခုလုပ်ရန်လည်း အချိန်မပေးနိုင်ပေ။ တစ်ခါတစ်ရံ အိမ်က သူ့အတွက် ဟိုတယ်နှင့်ပင် ပိုတူသေးသည်။


ဒီတိုက်ခန်းက သူ့ကို စုန့်ကျွီးဟန်ပေးထားခြင်းဖြစ်သည်။ စုန့်ကျွီးဟန်က သူ့ကို ငွေကြေးပံ့ပိုးထားသည့် သဘောဖြစ်နေသည်။ သူက မည်သူ့အထောက်အပံ့မှ မလိုသူဖြစ်သော်လည်း တတိယမြို့ပတ်လမ်းတွင် အိမ်ဝယ်မည်ဆိုလျှင်တော့ ဆယ်နှစ်၊ အနှစ်နှစ်ဆယ်ခန့် အကြွေးဆပ်နေရလိမ့်မည်။ 


စုန့်ကျွီးဟန် သူ့ကို ကားတစ်စီးပေးခြင်းနှင့်ပတ်သက်ပြီး သူ့စိတ်ထဲ အစော်ကားခံရသည်ဟုမထင်သလို ကျေးဇူးလည်း မတင်မိ။ ဒီအရာတွေက သူ့အတွက် ဘာမှ အဓိပာယ်မရှိပေ။ သူက ရုပ်ဝတလိုအင်နည်းသူဖြစ်သည်။ အိမ်ငှားနေရပြီး မြေအောက်ရထားတိုးစီးရလျှင်လည်း ဘဝကို အေးချမ်းစွာဖြတ်သန်းနိုင်မည့် ပင်ကိုစရိုက်ရှိသည်။ ဟယ်ကုက သူ့ကို ပြန်မချစ်နိုင်မည့်သူကို သူ့သဘောသူဆောင်ပြီး ချစ်မိနေသလိုမျိုး၊ စုန့်ကျွီးဟန်ကလည်း ပေးချင်စိတ်ရှိ၍ သူ့သဘောသူဆောင်ပြီး ပေးသည်။ ဒီသဘောပင်ဖြစ်သည်။ ထူးထူးခြားခြားမဟုတ်ပါပေ။


သို့သော်လည်း သူနှင့်စုန့်ကျွီးဟန် မပြေလည်ကြသည့်အခေါက်တိုင်း ဟယ်ကုက ဒီကား၊ အိမ်တို့နှင့်ပတ်သက်ပြီး တွေးမိသည်။ ဒွိဟလည်း ဖြစ်ရသည်။ အထူးသဖြင့်တော့ ယခုလို အမြဲသက်မဲ့‌ခြောက်ကပ်နေသည့် အိမ်ကြီးက သူ ဘယ်လောက်အထီးကျန်သည်ကို သတိပေးနေသကဲ့သို့ရှိလှသည်။ တစ်နေ့နေ့ စုန့်ကျွီးဟန် သူ့အပေါ် သွေးအေးစိတ်ကုန်သွားခဲ့လျှင် ဟယ်ကုက ဘဝကို တစ်သက်လုံး အထီးကျန်စွာ ဖြတ်သန်းရတော့မည်ဖြစ်သည်။ 


ထိုနေ့နောက်ပိုင်းမှစ၍ သူတို့နှစ်ဦး အဆက်အသွယ်မလုပ်ဖြစ်သည်မှာ လဝက်ခန့်ရှိသွားပြီဖြစ်သည်။


လဝက်ဆိုသည်မှာ သိပ်ကြာလှသည်တော့မဟုတ်။ စုန့်ကျွီးဟန် သီချင်းသွင်းသည့်ကိစများနှင့် အလုပ်ရှုပ်သည့်အခါ တစ်လ၊ နှစ်လခန့် မတွေ့ဖြစ်သည်မှာ ပုံမှန်သာဖြစ်သည်။ သို့သော်လည်း ယခုတစ်ခေါက်နောက်ဆုံးတွေ့ခဲ့စဥ်က အပျော်များဖြင့် နှုတ်ဆက်ခဲ့ခြင်းမျိုးမဟုတ်။ သူတို့နှစ်ဦးကြားတွင် ခြောက်နှစ်တာအတွင်း အပြင်းထန်ဆုံးဟုဆိုရမည့် ပဋိပက ဖြစ်ခဲ့ရခြင်းဖြစ်၍ နေ့ရက်တိုင်းက စိတ်ဆင်းရဲစရာကောင်းနေတော့သည်။


ဒေါသများပြယ်သွားပြီးနောက် ဟယ်ကု စုန့်ကျွီးဟန်ကို အကြိမ်ကြိမ်ဖုန်းခေါ်ချင်ခဲ့သည်။ သို့သော် သတိမမွေးနိုင်ခဲ့။ ရှက်နေသောကြောင့်တော့မဟုတ်၊ သူတို့နှစ်ယောက်ရဲ့ခရီး တကယ်အဆုံးသတ်သွားပြီဟု သိရလိုက်မှာကို ကြောက်နေမိ၍သာဖြစ်သည်။ သူက စုန့်ကျွီးဟန်၏ သူ့အပေါ်သည်းခံနိုင်စွမ်းကို အထပ်ထပ်ဆန်းစစ်ပြီး တစ်ကြိမ်ပြီး တစ်ကြိမ်သွေးတိုးစမ်းကြည့်ခဲ့သည်။ သူ့နှလုံးသားတွင် ဒဏ်ရာတစ်ခုရလာတိုင်း သူလွတ်မြောက်ခါနီးပြီဟု ကိုယ့်ကိုယ်ကိုယ် အတွေးဖြင့် နှိပ်စက်သည်။ စုန့်ကျွီးဟန်က သူ့အပေါ် စိတ်ပျက်သွားပြီဖြစ်ရာ ဟယ်ကုက လမ်းခွဲရမည့်နေ့ကို စောင့်နေရုံသာရှိတော့သည်။ စောင့်ဆိုင်းရတာ ပိုအသားကျလာလေ တကယ်တမ်းလမ်းခွဲရမည့်နေ့တွင် ပိုကောင်းကောင်းမွန်မွန် လမ်းခွဲနိုင်လေပင်။  ထိုနေ့ရောက်လာလျှင်တော့ စုန့်ကျွီးဟန်အပေါ်ထားသည့် သူ့ခံစားချက်များကို ဘာမှမဟုတ်သလို နင်းချေကာ ထွက်သွားနိုင်ပါလိမ့်မည်။


သို့သော်လည်း အခုထိတော့ ထိုနည်းက အလုပ်မဖြစ်သေးပါပေ။ အနောက်က ဗုံးတွေလိုက်နေသလို ထွက်ပြေးမိဆဲပင်။ ပေါက်ကွဲသည်ဖြစ်စေ၊ မ‌ပေါက်ကွဲသည်ဖြစ်စေ ရပ်တန့်နားနေရန် အချိန်မရှိပါ။ သူဘယ်မှာပဲ ရပ်ရပ် ဒီဗုံးက သူ့ကို အထိနာစေမည်မှာ အမှန်ပင်ဖြစ်သည်။ သူ စောစောစီးစီးရပ်လိုက်နိုင်လျှင် အထိအခိုက်နည်းမည်ဖြစ်သော်လည်း သူ့ခြေထောက်များကို သူရပ်နိုင်ပုံမရပေ။


တစ်နေ့တွင်တော့ သူ့ကိုယ်သူ မထိန်းနိုင်ဘဲ ရှောင်စုန့်ထံ တိတ်တဆိတ်ဖုန်းခေါ်လိုက်မိသည်။ တမင်တကာကို ည ၁၁ နာရီတွင် ဆက်လိုက်ခြင်းဖြစ်သည်။ ရှောင်စုန့်အိမ်ပြန်ရောက်လောက်ပြီဟု တွေးမိလိုက်၍ပင်။ ဖုန်းဝင်သွားမည်ဟုတော့ ထင်မထားမိ။ ကာရာအိုကေ အသံများကြားနေရပြီး ရှောင်စုန့်ကအသံက တိုးတိတ်မနေ။ ကာရာအိုကေဆိုင်တွင်ရောက်နေရာ အသံ မြှင့်ပြီး ဖုန်းကို အော်ဟစ်ဖြေသည်။  “ဟယ်လို.. ဟယ်ကုလား?”


ဟယ်ကု မျက်စိမှိတ်ထားလိုက်သည်။ “ငါပါ။”


“အစ်ကိုစောင့်ဦး။ ကျွန်တော် တစ်ခုပြောစရာရှိလို့ အပြင်ဘက်ထွက်လိုက်မယ်။” ရှောင်စုန့်က သိသိသာသာကို မူးနေပြီဖြစ်သည်။ သူက မူးလျှင်အာချောင်တတ်သည်။


ခဏအကြာ ဖုန်းထဲမှ အသံများ တိတ်သွားပြီးနောက် ဟယ်ကုက စကားစလိုက်သည်။ “ရှောင်စုန့် မင်း အိမ်ပြန်မရောက်သေးဘူးလား?”


“အစ်ကိုဟန်ကိုရှာနေတာလား?”


ဟယ်ကု ဖုန်းဆက်လိုက်မိသည်ကို နောင်တရသွားသည်။ စုန့်ကျွီးဟန် သူ့ဖုန်းသံကို ကြားသွားလောက်ပြီ။ သူနှင့် ရှောင်စုန့်က အလွန်ရင်းနှီးကြသည်။ ဟယ်ကုနှင့် စုန့်ကျွီးဟန် ရန်ဖြစ်ကြလျှင် ရှောင်စုန့်က အကြောင်းရင်း ခန့်မှန်းစရာပင်မလို။


“အစ်ကိုဟယ်ကု?”


“သြော်.. သွားပျော်လိုက်ပါဦး။ ဖုန်းချလိုက်တော့မယ်။”


“ဘာဖြစ်လို့လဲ? တစ်ခုခုပြောစရာရှိလို့မဟုတ်ဘူးလား?” ရှောင်စုန့်က လေချဥ်တက်လိုက်ပြီး ဆက်ပြောသည်။ “ဒီလောက်က ဘာမှမဟုတ်ပါဘူး။ ကျွန်တော်မမူးသေးဘူး။ အစ်ကိုပြောလို့ရတယ်။”


ဟယ်ကုအသံက မကြားရလောက်အောင်တိုးသွားသည်။ “ကျွီးဟန်အခုတလောဘယ်လိုနေလဲ?”


ရှောင်စုန့်က ခဏရပ်သွားပြီး တုံ့ဆိုင်းဆိုင်းပြန်ဖြေသည်။ “သူက ကောင်းပါတယ်။ အလုပ်ရှုပ်တာလေးပဲ။ အစ်ကိုနဲ့ အခုတလောမတွေ့ဖြစ်ကြဘူးလား?”


“ဟင့်အင်း” ဟယ်ကုက ဘယ်စကားကြားချင်လို့ ဖုန်းဆက်လိုက်မိမှန်းပင် မသိတော့။ သူ့ခေါင်းသူသာ ထုပစ်လိုက်ချင်မိသည်။ “ဒီနှစ်ရက်အတွင်း သူ့စိတ်အခြေအနေ ဘယ်လိုလဲ?”


“ဒီနှစ်ရက်အတွင်းတော့ သိပ်မဆိုးပါဘူး။ ဒီလရဲ့ ပထမလဝက်တုန်းကတော့လေ.. ဘုရားရေ.. ဆိုးလိုက်တာမှ။ ကျွန်တော်ထွက်စာရေးမိတော့မလိုဘဲ။ ဒါပေမဲ့နောက်တော့ ငြိမ်သွားပါတယ်။”

“သြော်” ဟယ်ကု ဘာပြောရမည်မသိပေ။


ရှောင်စုန့်လည်း အနည်းငယ်ရှက်သွားသည်။ “အစ်ကိုဟယ်ကု.. အစ်ကိုတို့နှစ်ယောက်ရန်ဖြစ်ထားတာလား?”


“အဲ့ဒီလိုမဟုတ်ပါဘူး။”


“သူစိတ်အခြေအနေကောင်းနေရင် ကျွန်တော် အစ်ကို့အကြောင်းသူ့ကို ပြောပြပေးမယ်နော်။”


ဟယ်ကုမျက်နှာတွင် မချိပြုံးတစ်ခုဖြစ်သွားရသည်။ “ကျေးဇူးပါပဲ။”


ဧကရာဇ်မင်းကြီး၏ မျက်နှာသာပေးခံရဖို့ အလှည့်စောင့်နေသည့် ကိုယ်လုပ်တော်တစ်ယောက်လိုမျိုး ဟယ်ကု ခံစားလိုက်ရသည်။ ရှောင်စုန့်ကတော့ ဧကရာဇ်မင်းကို သူ့ကောင်းကြောင်းများ နားတော်သွင်းပေးမည့် မိန်းမစိုးငယ်လေးနှင့်တူသည်။ ထိုသို့မှမလုပ်လျှင် ဧကရာဇ်မင်းက သူ့ကို မေ့သွားတော့မည်ဖြစ်သည်။


သူ စုန့်ကျွီးဟန်ကို တကယ်တွေ့ချင်မိသည်။ ဓာတ်ပုံနှင့် ဗီဒီယိုများကြည့်ရုံဖြင့် မတင်းတိမ်နိုင်တော့ပါပေ။


စုန့်ကျွီးဟန်က သူ့ကို ခြောက်နှစ်လုံး မျှော်လင့်ချက်သေးသေးလေးတောင် မပေးခဲ့ခြင်းကို တစ်ခါတစ်လေတော့ သူဝမ်းသာမိသည်။ သို့မဟုတ်ပါက ပိုင်ဆိုင်လိုစိတ်၊ ထင်ယောင်မှားစိတ်များက ဟယ်ကုကို နှိပ်စက်ကြလိမ့်မည်။


ဖုန်းချအပြီး ဟယ်ကု အမှောင်ထဲတွင် ခေတထိုင်နေမိသည်။ ထို့နောက် စုန့်ကျွီးဟန်၏ မနှစ်ကထွက်ထားသော သီချင်းခွေသစ်ကို ဖွင့်လိုက်သည်။ သူဝယ်ထားသော ၆၅ လက်မ TV ကြီးလည်း ရောက်နေပြီဖြစ်ပြီး ဒီလို အရွယ်ကြီးက သူ့ရဲ့သာမန်ဆန်သောဘဝနှင့် မလိုက်ဖက်ပေ။


ဟယ်ကုက ပျော့ပျောင်းသော ဆိုဖာခုံပေါ်မှီထိုင်ကာ TV ထဲမှ ချောမောလှသော ယောက်ျားပျိုကို ကြည့်နေမိသည်။ ညအမှောင်ထဲတွင် တိုးသဲ့သော အသံများက သူ့နားထဲသို့ ညှို့ငင်နေသော မှော်မနန်များသဖွယ် ဝင်ရောက်လာသည်။ သူ့နှလုံးသားထဲက လှိုက်တက်လာသော ခံစားမှုများကိုလည်း ချိုးနှိမ်မထားနိုင်တော့ပါပေ။ 


ကမာပေါ်တွင် စုန့်ကျွီးဟန်ကို ကြိုက်သူ အများကြီးရှိသည့်အနက် သူက စုန့်ကျွီးဟန်အနားနေခွင့်ရခဲ့သည်ဖြစ်ရာ ထိုမျှဖြင့် တင်းတိမ်ရောင့်ရဲလိုက်သင့်သည်။

သူ့ကိုယ်သူလည်း ရောင့်ရဲတတ်စေရန် ကြိမ်ဖန်တလဲလဲ သတိပေးခဲ့ရသည်။

 

ဖုန်းမြည်သံတစ်ခုက သူ့ကိုနှိုးလိုက်သည်။ မျက်လုံးများကို အမြန်ဖွင့်လိုက်ရာ ဘယ်အချိန်ကတည်းကမှန်းမသိဘဲ ဆိုဖာခုံတွင် အိပ်ပျော်သွားမိကြောင်းတွေ့လိုက်ရသည်။ TV ထဲက စုန့်ကျွီးဟန် သီချင်းခွေပင် ပြီးနေလေပြီ။


ဟယ်ကု ဖုန်းကိုယူလိုက်သည်။ ညလယ်ကောင် နှစ်နာရီပင်ကျော်နေလေပြီ။ ရှောင်စုန့်ကဆက်လာခြင်းဖြစ်သည်။ သူ့စိတ်ထဲ ထိတ်လန့်သွားမိသည်။ ကျွီးဟန် မတော်တဆတစ်ခုခုဖြစ်ခြင်း မဟုတ်ပါစေနှင့်ဟု တွေးမိသည်။


သူ ဖုန်းကိုမြန်ဆန်စွာပဲ ဖြေလိုက်သည်။ “ဟယ်လို.. ရှောင်..”


“အစ်ကိုဟယ်ကု.. အစ်ကိုဟန် ပြဿနာတက်နေလို့ လာခဲ့ပေးလို့ရလား?”


ဟယ်ကု ငလျင်လှုပ်သလို ခံစားလိုက်ရပြီး ဆိုဖာခုံပေါ်မှ ခုန်ထလိုက်မိသည်။ “ဘာဖြစ်တာလဲ?”


“သူရောက်နေတယ်လို့ တစ်ယောက်ယောက်က ပရိသတ်တွေကို သတင်းလွှင့်လိုက်တာလား မသိဘူး။ အခု ပရိသတ်တွေက ကာရာအို‌ကေဆိုင် အရှေ့ပေါက်ရော၊ အနောက်ပေါက်မှာရော ပိတ်ထားကြပြီ။ အစ်ကိုဟန်က ဝိုင်တွေသောက်ထား‌တော့ ဒေါသပိုကြီးနေတယ်။”


ဟယ်ကု စိတ်သက်သာသွားတော့သည်။ စုန့်ကျွီးဟန် အနရာယ်တစ်ခုခုဖြစ်နေသည်ဟု တွေးခဲ့မိခြင်းဖြစ်သည်။ သူပြန်ဖြေလိုက်သည်။ “ငါကအခုအိမ်မှာ။ ဟေ့.. မင်းတို့ကုမဏီက ဒီလိုကိစတွေအတွက် ကြိုပြင်ထားသင့်တာ မဟုတ်ဘူးလား?” သူ အရောက်သွားခဲ့လျှင်တောင် ဘာမှ မလုပ်ပေးနိုင်မည်ကို ဟယ်ကု စိုးရိမ်မိသည်။


ရှောင်စုန့်က ဆိုသည်။ “ဒါကို သူဌေးသိသွားရင် အစ်ကိုဟန်ရဲ့ သတင်းကို မထိန်းသိမ်းနိုင်ရကောင်းလားဆိုပြီး အပြစ်တင်မှာမို့လို့ပါ။”


ဟယ်ကု သဘောပေါက်သွားသည်။ “ငါ့ကို လိပ်စာပေးပါ။ ခဏနေရင်ရောက်မယ်။” ဟယ်ကု အဝတ်အစားအမြန်ဝတ်၍ သော့ယူကာ အိမ်မှထွက်ခဲ့တော့သည်။


ညဘက်ဖြစ်၍ ကားအနည်းငယ်သာရှိသည်။ ဟယ်ကု မီးနီနှစ်ခုကိုဖြတ်၍ ကာရာအိုကေဆိုင်သို့ အမြန်ဆုံးမောင်းလာခဲ့ လိုက်သည်။


အသေအချာပင်။ ကာရာအိုကေဆိုင်ရှေ့တွင် ပရိသတ်များသာမက ဖြတ်သွားဖြတ်လာများဖြင့် ပြည့်နှက်နေတော့ သည်။


ဟယ်ကု လူအုပ်ကြီးကို ဖြတ်၍ အပေါက်ဝသို့ တိုးဝှေ့သွားရသည်။ ကောင်မလေးတွေကြားထဲတွင် ထိုးထိုးထောင်ထောင်ဖြင့် ကို့ရိုးကားယားဖြစ်နေရတော့သည်။


ကာရာအိုကေဆိုင် အစောင့်က အပေါက်ဝတွင် သူ့ကို တားလိုက်ပြီး တစ်ချက်ကြည့်သည်။ “မင်းကဟယ်ကုလား?”


“ဟုတ်တယ်။ ငါပါပဲ။”


အစောင့်က သူ့ကို ဝင်ခွင့်ပြုလိုက်လေသည်။


ဟယ်ကု အထဲရောက်သောအခါ အခန်းထဲမဝင်ရ‌သေးခင်မှာပင် စုန့်ကျွီးဟန်၏ မိုးခြိမ်းသံလို အသံကြီးကို ကြားလိုက်ရတော့သည်။


“ဖယ်စမ်း။ ငါအိမ်ပြန်ချင်တယ်။ ဘယ်မအေပေးက ငါ့ကိုတားရဲတာလဲ?”


“အစ်ကိုဟန် ပရိသတ်တွေ အပြင်မှာရှိတယ်လေ။ ဒီလိုမလုပ်ပါနဲ့။ အစ်ကို့ပုံရိပ်..”


“ပရိသတ်ဆိုတာ အလကားဟာတွေ။ ငါ့အတွက် ပရိသတ်ဆိုတာ ဘာအဓိပာယ်ရှိလို့လဲ? ငတုံးတစ်သိုက်ပဲ။ ငါ့ကိုသိရောသိလို့လား? ငါကရော သူတို့ကိုသိလား? သွားစမ်းပါ။”


အထဲတွင် တစ်စုံတစ်ခု ကျိုးပဲ့သွားသံ ကြားလိုက်ရသည်။


ဟယ်ကု တံခါးကို တွန်းဖွင့်ဝင်လိုက်သောအခါ ချွေးများရွှဲနေသော ရှောင်စုန့်က စုန့်ကျွီးဟန်ကို ပိတ်ဆို့ထားသည်ကိုမြင်လိုက်ရသည်။ ဘေးတွင် စားပွဲထိုးနှစ်ယောက်လည်းရှိပြီး သူ့မျက်နှာက ပြူးပြာနေသည်။


စုန့်ကျွီးဟန်က ဟယ်ကုကိုမြင်သောအခါ ငြိမ်သွားပြီး မျက်မှောင်ကြုတ်လိုက်သည်။ “မင်းက ဒီကို ဘယ်လိုလုပ်ရောက်လာတာလဲ?”


ထို့နောက် ရှောင်စုန့်ကို ကြည့်လိုက်ပြန်သည်။ “မင်းသူ့ကိုလာခိုင်းတာလား? အတင့်ရဲနေတယ်ပေါ့။ မင်းကို ဘယ်သူက ဒီလိုဆုံးဖြတ်ခွင့်ပေးထားလို့လဲ?”


“အစ်ကိုဟန်၊ အစ်ကိုဟန်၊ ကျွန်တော်ပြောတာနားထောင်ပါဦး။ မနက်ဖြန် အစ်ကိုနိုးလာလို့ရှိရင် ကျွန်တော့်ကို ဆူဆဲလို့ရတယ်။ အခုတော့မလုပ်ပါနဲ့ဦး။ ကျွန်တော့်စကားကိုနား‌ထောင်ပါ။ အစ်ကို ဒီအတိုင်းသာ ဓာတ်ပုံထဲပါသွားရင် စုန့်ဟယ်က ကျွန်တော့်ကို သတ်လိမ့်မယ်။ရှောင်စုန့်က အမြန်ငိုပြပြီး အကူအညီတောင်းတော့သည်။


ဟယ်ကု ဒါတော့ သဘောပေါက်သည်။ ရှောင်စုန့်က စုန့်ကျွီးဟန်ကို ချော့မော့ဖျောင်းဖျပေးရန် သူ့ကိုရှာနေခြင်းဖြစ်သည်။ အစောင့်များနှင့် စားပွဲထိုးများ အတွင်းရော အပြင်တွင်ပါ အများကြီးရှိနေပြီး စုန့်ကျွီးဟန်ကို လွယ်ကူစွာခေါ်ထုတ်သွားနိုင်ရာ သူ့ကိုရှာနေရန်မလို။ သို့သော်လည်း လက်ရှိတွင် စုန့်ကျွီးဟန်က အလွန်မူးရူးနေပြီး ဒေါသလည်းထွက်နေရာ ပရိသတ်များရှေ့တွင် အော်ဟစ်ဆဲဆိုပြီး တစ်ခုခုအမှားလုပ်မိပါက ပြဿနာတက်သွားနိုင်သည်။ 


ဟယ်ကုက အနားသို့သွား၍ ပြောလိုက်သည်။ “ကျွီးဟန်ရယ် စိတ်လျှော့ပါ။ အပြင်မှာ ပရိသတ်တွေ တကယ်အများကြီးပဲ။ အခုလောက်ဆို သတင်းထောက်တွေလည်းရောက်ရင်ရောက်နေမှာ။”


စုန့်ကျွီးဟန်က သူ့ကော်လံကို ဆောင့်ဆွဲလိုက်သည်။ “မင်း ဒီကိုလာလို့ရတယ်လို့ ဘယ်ကောင်ကပြောတာလဲ? သွားစမ်းပါ။”


ဟယ်ကုက သူ့သောင်းကျန်းမှုကို ဂရုမစိုက်ဘဲ လက်ကို ညင်သာစွာ လှမ်းကိုင်လိုက်သည်။ “ကျွီးဟန် မင်းပုံမှန်ဆို အရက်မသောက်ပါဘူး။ အရက်က မင်းကို ပြန်ခိုင်းသွားတာမျိုးမဖြစ်စေနဲ့လေ။”


ဟယ်ကု ရောက်လာခြင်းက အလွန်အကျိုးသက်ရောက်မှုရှိသည်။ သူ့တွင် စိတ်ကိုငြိမ်းအေးစေသော ရင့်ကျက်သူတစ်ဦး၏ အသွင်မျိုးရှိသည်။ မျက်နှာပေါက်ကလည်း အနေတော်ပင်။ အလွန်ကြည့်ကောင်းသူမျိုး မဟုတ်သော်လည်း အပြစ်ဆိုဖွယ်ရာမရှိသော ရုပ်ရည်မျိုး။ ရုပ်ချောရုံသာမကဘဲ သူ့ကိုကြည့်လိုက်လျှင် အားကိုးယုံကြည်ချင်စရာခံစားချက်ကို ပေးစွမ်းသည်။ ဟယ်ကုက တည်ကြည်သောမျက်ဝန်းများဖြင့် ညင်သာစွာစကားဆိုပြီး ချော့မော့ပြောလိုက်လျှင် လူတွေ၏စိတ်တွင် လုံခြုံအေးချမ်းသွားကြသည်သာဖြစ်သည်။


ရှောင်စုန့်က အားလုံးကို တစ်ချက်ဝေ့ကြည့်ပြီး အပြင်ထွက်သွားခိုင်းလိုက်သည်။ သီးသန့်ခန်းထဲတွင် လူနှစ်ယောက်သာကျန်ခဲ့တော့သည်။


စုန့်ကျွီးဟန်က လက်များကို ဝှေ့ယမ်း၍ အော်ဟစ်ပြန်သည်။ “ငါအိမ်ပြန်ချင်တယ်။ ဒီမှာနေရတာ မွန်းကြပ်တယ်။ အပြင်ကအရူးတွေကို ထွက်သွားအောင်လုပ်ပေး။”


ဟယ်ကုက သူ့ကို လက်တစ်ဖက်ဖြင့် လည်ကုပ်မှထိန်းကိုင်ထားပြီး ပခုံးများကို ဖိချကာ ဆိုဖာခုံပေါ်တွင် ထိုင်ခိုင်းလိုက်သည်။ “ငါ ခဏနေရင် မင်းကို အိမ်လိုက်ပို့မှာပါ။ ဒါပေမဲ့ အခုတော့ စိတ်ကိုလျှော့ပါဦး။ ဟုတ်ပြီလား?”


စုန့်ကျွီးဟန်က မျက်လုံးများကိုမှိတ်လိုက်သည်။ သူ့မျက်တောင်ရှည်များက အနည်းငယ်တုန်ရီနေပြီး အသံရှူသံက ပိုငြိမ်လာသည်။


ဟယ်ကု ကျွီးဟန်၏ တရွရွလှုပ်နေသော မျက်တောင်လေးများကို ကြည့်နေလိုက်သည်။ သူ၏ တဇွတ်ထိုးနိုင်သည့် စရိုက်အကြောင်းတွေးမိသည့်အခါ နှုတ်ခမ်းများက အလိုလို ခါးသီးစွာပြုံးလိုက်မိတော့သည်။ စုန့်ကျွီးဟန်က အနှိပ်ခံရတာကို ကြိုက်သည်။ စုန့်ကျွီးဟန် သူ့အနားတွင် နေစေရန် အကြောင်းပြချက်ဖြင့် သူ အနှိပ်ပညာကို တကူးတကသင်ခဲ့သည်။ အမှန်တော့ စုန့်ကျွီးဟန်နှင့် နီးစပ်ခွင့်ရရန် သူကိစအတော်များများ အားထုတ်လုပ်ဆောင်ခဲ့ရသည်သာ။ သို့သော်လည်း စုန့်ကျွီးဟန်ကတော့ဖြင့် တစ်သက်လုံး သိလိမ့်မည်မထင်ပါ။


ခဏကြာအပြီးတွင် စုန့်ကျွီးဟန် တကယ် စိတ်တည်ငြိမ်သွားခဲ့သည်။ ဟယ်ကု ရေတစ်ခွက်အမြန်ငှဲ့ပေးလိုက်သည်။


စုန့်ကျွီးဟန်က ပါးစပ်နှင့်အပြည့်သောက်ချလိုက်ပြီး မျက်လုံးဖွင့်၍ သူ့ကို ကြည့်လာခဲ့သည်။ “မင်းနဲ့ရှောင်စုန့်က ဘယ်တုန်းကတည်းက ဆက်ဆံရေး ဒီလောက်ကောင်းသွားတာလဲ?”

“ငါတို့က ပေါင်းရအဆင်ပြေတဲ့သူငယ်ချင်းတွေပါပဲ။”


စုန့်ကျွီးဟန် ခပ်ရွဲ့ရွဲ့ပြုံးလိုက်သည်။ “ဒီနေ့ ရှောင်စုန့် မင်းကိုခေါ်အောင် မင်းခိုင်းထားတာလား? ငါထင်တော့ မင်းသူ့ကို ညဦးပိုင်းက ဖုန်းဆက်ထားသလိုပဲ။ မင်းက ငါမသိဘူးထင်လို့လား? ငါက သူ့ဘေးမှာထိုင်နေတာ။”


ဟယ်ကု ဘယ်လိုရှင်းပြရမည်မသိပေ။ ပြုံးပြရုံသာတတ်နိုင်တော့သည်။


စုန့်ကျွီးဟန်လည်း အနည်းငယ်ပြုံးသွားသည်။ “အခုမှ လဝက်ပဲရှိသေးတာ။ ငါက မင်း အဲ့အကြောင်းကို အကြာကြီး တေးထားဦးမယ်ထင်တာ။”


ဟယ်ကုစိတ်ထဲ ရှုပ်ယှက်ခတ်သွားရပြီး ရှက်လွန်းသဖြင့် ခေါင်းပင်မဖော်နိုင်တော့ပေ။  


စုန့်ကျွီးဟန်က ရေတစ်ငုံထပ်သောက်ပြီး ခွက်ကို စားပွဲပေါ် ရုတ်တရက်ချလိုက်သည်။ သူ့လက်များက ဟယ်ကုဆံပင်ကို ကြမ်းတမ်းစွာဆွဲလိုက်ရာ အတင်းခေါင်းမော့ခိုင်းသလိုဖြစ်သွားသည်။ ထို့နောက်တွင် ပူနွေးသော နှုတ်ခမ်းအစုံက သူ့အပေါ် ကျရောက်လာတော့သည်။


ဟယ်ကုမျက်ဝန်းထဲတွင် အံ့သြရိပ်များစွန်းထင်းသွားရသည်။


စုန့်ကျွီးဟန်က သူ့ခံတွင်းထဲ လျှာဖြင့်မွှေလိုက်ပြီးမှ လက်လွှတ်ပေးတော့သည်။


ဟယ်ကုက နှုတ်ခမ်းများကိုလျက်ပြလိုက်ပြီး မိန်းမောညှို့ငင်နေသောမျက်ဝန်းနက်များဖြင့် စုန့်ကျွီးဟန်ကို ရဲရဲတင်းတင်းကြည့်လိုက်သည်။


ဟယ်ကု နှုတ်ခမ်း သပ်လိုက်ချိန်တွင် သူ့ပုံစံက အနည်းငယ် ဇ‌ဝေဇဝါဖြစ်နေခဲ့သည်။ ထိုအချိန်တွင် စုန့်ကျွီးဟန် ပြောလိုက်သောစကားက သူ့နှလုံးသားကို ဆွဲကိုင်လှုပ်ခါသွားတော့သည်။ “မင်းငါ့ကိုလွမ်းလား?”


ဟယ်ကု စုန့်ကျွီးဟန်၏ မေးဖျားကို ကိုင်လိုက်သည်။ သူ့မျက်လုံးများက အဖိုးတန်ပိုင်ဆိုင်မှုလေးကို ကြည့်နေသကဲ့သို့ ရှိလှသည်။


ဟယ်ကု ခေါင်းညိတ်ပြလိုက်သည်။


“ငါ့ကိုဘယ်လောက်လွမ်းလဲ?”


“မင်းအကြောင်းနေ့တိုင်းတွေးမိတဲ့အထိပဲ။”


စုန့်ကျွီးဟန်က လက်ချောင်းလေးကို ဆန့်ထုတ်လိုက်ပြီး သူ့နှလုံးသားနေရာကို ပုတ်ပြသည်။ “ဒီနေရာကလား?”


ထို့နောက် အခြားလက်တစ်ဖက်က အောက်သို့ရွှေ့လာပြီး ခွနေရာသို့ ထိလိုက်ပြန်သည်။ “ဒါမှမဟုတ် ဒီနေရာကလား?”


ဟယ်ကု သူ့မျက်နှာကို ကိုင်၍ နူးညံ့စွာ နမ်းရှုံ့လိုက်သည်။ “ငါအိမ်ပြန်ချင်တယ်။”


စုန့်ကျွီးဟန် ပြုံးလိုက်သည်။ သူ့စိတ်အခြေအနေက အတော်လေးကောင်းသွားပြီဖြစ်သည်။ ဟယ်ကုက သူမရှိလျှင် မဖြစ်သည်ကို သူ သိပြီးသားပင်။


ဟယ်ကု သူ့ကို ပြုံးပြလိုက်သည်။ “အိမ်ပြန်ကြရအောင်။”


စုန့်ကျွီးဟန်က မလှုပ်ပေ။ သူ့မျက်နှာကိုသာ လက်ချောင်းသွယ်များဖြင့် ညင်သာစွာ ထိတွေ့လာသည်။ သူ့အကြည့်များက လေးနက်လျက်ရှိသည်။ “ကျွမ်းကျဲယွီက ငါ တခြားသူတွေနဲ့အိပ်တယ်လို့မင်းကိုပြောတယ်ဆို?”


ဟယ်ကု မျက်နှာပေါ်မှ အပြုံးက အေးခဲသွားရသည်။


စုန့်ကျွီးဟန်က ပြုံးကာဆိုသည်။ “အဲ့ဒါအမှန်ပဲ။ တစ်ခါတစ်လေ ငါလိုချင်လာတဲ့အချိန် မင်းပင်ပန်းနေတာမျိုးရှိနိုင်တယ်လေ။ အဲ့လိုဆိုရင် စိတ်ပျက်စရာကောင်းတော့ ငါ နောက်တစ်ယောက်ထပ်ထားလိုက်တာ။”


ကျွီးဟန်က ပန်းသွေးရောင်နှုတ်ခမ်းလေးများကို ပွတ်ဆွဲလိုက်ပြီး ဆက်ပြောသည်။ “ဒါပေမဲ့ ငါ မင်းကို သူတို့နဲ့အတူအိပ်ဖို့တော့ ဘယ်တော့မှ ခေါ်သွားမှာမဟုတ်ဘူး။ ဘာကြောင့်လဲသိလား?”

မျက်နှာတွင် ဘာအမူအရာမှ မ‌ပေါ်စေရန် ဟယ်ကုထိန်းထားသော်လည်း နှုတ်ကပြောမိသွားသည်။ “ငါလျှောက်အရူးမထဘူး။”


“မင်းအရူးမထလို့မဟုတ်ဘူး။ အကြောင်းရင်းက ငါ ခွင့်မပြုလို့။” စုန့်ကျွီးဟန်က သူ့မျက်နှာကို ဖွဖွညှစ်လိုက်သည်။ “မင်းက အရမ်းသန့်ရှင်းတယ်။ ငါ ကောလိပ်က ဘွဲ့ရကတည်းက မင်းက ငါနဲ့ပဲ အတူရှိလာတာ။ မင်းရဲ့ ဘဝပုံစံကလည်း အရမ်းရိုးရှင်းတယ်။ ငါက အချစ်အကြောင်းအဖွဲ့အနွဲ့တွေကို မကြိုက်ဘူး။ အဲ့ဒါကြောင့်လည်း ငါမင်းကိုကြိုက်တာ။ မင်းက သန့်စင်တယ်။ သဘောပေါက်လား? မင်းကို ဘယ်သူမှ မထိစေနဲ့။ ဘာလို့လဲဆိုတော့ အဲ့ဒါက မင်းရဲ့တစ်ခုတည်းသော အားသာချက်မို့ပဲ။”


ဟယ်ကု သူ့အကြိုက်ဆုံးမျက်နှာလေးကို ကြည့်နေရာမှ တွေဝေသွားမိတော့သည်။ မျက်လုံးများက ဝေဝါးလာသဖြင့် သဲသဲကွဲကွဲပင်မမြင်ရတော့ပေ။ သူ့နှလုံးသားက မွန်းကြပ်ကာ တစ်ခုခုပြောဖို့ စကားလုံးစီရန်ပင် ခက်ခဲနေသည်။  နောက်ဆုံးတွင်တော့ တည်ငြိမ်စွာဖြင့် ခေါင်းညိတ်ပြလိုက်တော့သည်။ သူ့မျက်နှာက ပြင်ပမှ ဓားသွားများတိုးမပေါက်ရန် တားဆီးနိုင်သည့် ကြေးနီမျက်နှာဖုံးတစ်ချပ်ပမာ၊ ခံစားချက်များ တိုးထွက်မလာစေရန် တားမြစ်လျက်ရှိသည်။


စုန့်ကျွီးဟန်က ငေးငိုင်နေသော ဟယ်ကုကိုကြည့်ကာ အနည်းငယ်မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် သူ့ကို အနမ်းပေးကာ စိတ်ပေါ့ပါးသွားဟန်ဖြင့် သက်ပြင်းချသည်။ “လာ.. အိမ်ပြန်ရအောင်။”


ဟယ်ကု မတ်တပ်ထရပ်လိုက်ပြီး စုန့်ကျွီးဟန်၏ ကျောပြင်ကို ကြည့်၍ အနောက်မှ လိုက်လျှောက်လာခဲ့သည်။ နောက်ကျောတစ်ခုသာဖြစ်သော်လည်း အရှိန်အဝါတစ်ခု ဖြာထွက်နေသလိုထင်ရသည်။


ထိုကျောပြင်အနောက်သို့ သူ ဆယ်နှစ်လိုက်ခဲ့သည်။ နီးစပ်မှုရရန်လည်း အတတ်နိုင်ဆုံးပြန်ကြိုးစားခဲ့သည်။ သို့သော်လည်း စုန့်ကျွီးဟန်၏ အကြင်နာတစ်စွန်းတစ်စကို သူဖမ်းဆုပ်နိုင်လျှင်တောင် သူတို့နှစ်ဦးကြားက အကွာအဝေးက ဘယ်သောအခါမှ ပျောက်ကွယ်သွားမည်မဟုတ်ပေ။ ဘာများ ပြောင်းလဲနိုင်မှာလဲ?


ဟယ်ကု အသက်ဝဝရှူလိုက်ပြီး ပြုံးရုံသာ ပြုံးနိုင်တော့သည်။


အမှန်တကယ်တော့ စုန့်ကျွီးဟန် သူ့ကို နှစ်အကြာကြီးအထိ လမ်းမခွဲရခြင်း အကြောင်းရင်းကို သူခန့်မှန်းပြီးသားဖြစ်သည်။ ဟယ်ကုထံမှရသည့် စိတ်သက်သောင့်သက်သာဖြစ်ပြီး လုံခြုံသည့်ခံစားချက်ကို ကြိုက်သောကြောင့်သာဖြစ်သည်။ ဟယ်ကုက ဘက်ပေါင်းစုံမှ စိတ်ချရသူဖြစ်သည်။ သူက ဖရိုဖရဲပရမ်းပတာမနိုင်၊ ဥပဒေလည်း မချိုးဖောက်၊ စုန့်ကျွီးဟန်ကိုလည်း ပြဿနာမရှာတတ်သူဖြစ်သည်။ ယနေ့ စုန့်ကျွီးဟန်ပေးလိုက်သော မှတ်ချက်ကြောင့် သူ့မှန်းဆချက်က သေချာသွားတော့ သည်။


ဒီထက်ဘာမှမပိုပေ။


အမှန်တော့ သူနှင့်စုန့်ကျွီးဟန်က တူညီစွာအတုံ့အလှယ်လုပ်နေကြခြင်းဖြစ်သည်ဟု သူခံစားရသည်။ စုန့်ကျွီးဟန်က သူ့ထံမှ စိတ်လုံခြုံမှုကိုရသည်။ ဟယ်ကုက စုန့်ကျွီးဟန်ထံမှ အဖော်သဟဲပြုမှုကိုရသည်။ နောက်ဆုံးတွင်တော့ နှစ်ဦးစလုံး ကိုယ်လိုချင်သည်ကို ရယူပြီး ကိုယ့်ဆနကိုယ်ဖြည့်ဆည်းနေကြခြင်းသာဖြစ်သည်။


သူခံစားခဲ့ရသည့် နာကျင်မှုနှင့် သိမ်ငယ်မှုများကတော့ တစ်ဖက်သားနှင့် မသက်ဆိုင်ပါ။ သူ စုန့်ကျွီးဟန်ကို ကြိုက်မိခြင်းသည် သူ့အပိုင်းသာဖြစ်ပြီး သူနာကျင်ခံစားရခြင်းသည်လည်း အခြားမည်သူ့ကိစမှ မဟုတ်ပါပေ။


rate now: