book

Index 5

အခန်း ၅။ ဒီပုတ်ထဲက ဒီပဲ နှစ်ယောက်

  • Author : Caramel Popcorn
  • Genres : Romance
  • Original Author : Shui Qian Cheng

ဝန်ဆောင်နံရံ၏ တည်ဆောက်ပုံမှာ ပြဿနာရှိနေသည့်အတွက် ဟယ်ကု ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲ ရက်တော်တော်ကြာ ပြေးလွှားကာ ဖြေရှင်းလိုက်ရသည်။ ဒီအတောအတွင်း အဆောက်အအုံ ဒီဇိုင်းဆရာနှင့် ကန်ထရိုက်တို့ကလည်း ထသတ်မတတ် စကားများကြသေးသည်။ နေ့တိုင်း အိမ်ပြန်လာချိန်တွင် သူ့တစ်ကိုယ်လုံး အရေခွံဆုတ်ခံထားရသလိုကို ပင်ပန်းလှသည်။ လတ်တလောတွင်တော့ အတွင်းကပြဿနာကို ယာယီဖြေရှင်းထားနိုင်ပြီဖြစ်၍ ရက်နည်းနည်းတော့ သူ အနားရနိုင်ပေလိမ့်မည်။


အိမ်ပြန်ရောက်သည့်အခါ ထုံးစံအတိုင်း ကွန်ပျူတာကိုဖွင့်၍ စုန့်ကျွီးဟန်အကြောင်း နောက်ဆုံးရသတင်းများကို ရှာဖွေရသည်။ စုန့်ကျွီးဟန်၏ Weibo နှင့်‌ forum များသို့လည်း ဝင်ကြည့်လိုက်သည်။ သူ့တွင် ပုံမှန် လုပ်နေကျအလုပ်၊ ဝါသနာ ဟူ၍လည်းမရှိ။ အလွန်ဆုံး စာအုပ်ဖတ်ခြင်းနှင့် ကိုယ်ခနာကြံ့ခိုင်ရန် လေ့ကျင့်ခြင်းလောက်သာ လုပ်ဖြစ်ရာ ပျင်းရိငြီးငွေ့စရာ လူတစ်ယောက် ဖြစ်မှန်းမသိ ဖြစ်လာတော့သည်။ စွဲစွဲမြဲမြဲလုပ်ဖြစ်သည့်အရာဟူ၍ နာမည်ကျော်ကြယ်ပွင့်တွေနောက် လိုက်ခြင်းသာရှိသည်။ သေချာသည်မှာ သူနှင့် စုန့်ကျွီးဟန်တို့၏ ကုတင်ပေါ်က ပတ်သက်မှုသည် နှစ်များစွာကြာခဲ့ပြီဖြစ်၍ ကြယ်ပွင့်နောက်ကိုလိုက်သည်ဟု သုံးနှုန်းရန်မှာ သိပ်တော့မသင့်တော်။ သို့သော် ဟယ်ကုအမြင်တွင်တော့ သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ ထို အဓိပာယ်နှင့် သိပ်ကွာလှသည်တော့မဟုတ်ပေ။ သူသည်လည်း စုန့်ကျွီးဟန်လုပ်သမျှကို တိတ်တိတ်လေး စောင့်ကြည့်ပြီး နည်းမျိုးစုံနှင့် နောက်ယောင်ခံ စုံစမ်းနေမိဆဲဖြစ်သောကြောင့်ပင်။  သို့ရာတွင် စုန့်ကျွီးဟန်ကဖြင့် သိလည်းမသိသလို ဂရုလည်းမစိုက်ပါပေ။ သာမန်လူက နာမည်ကြီးများကို လိုက်ခြင်းနှင့် ဟယ်ကုက စုန့်ကျွီးဟန်ကို လိုက်ခြင်း အကြားရှိ အကြီးဆုံးကွာခြားချက်သည် ဟယ်ကုက သူလိုက်နေသောသူနှင့် အတူအိပ်ခဲ့ဖူးသည် ဆိုသော အချက်တစ်ခုတည်းသာ။


အင်တာနက်ထဲတွင် ဟယ်ကု ကြည့်ရှုစရာ အကြောင်းအရာများစွာရှိသည်။ သို့သော် သူက တစ်ခုခု ရေးတင်ခြင်း၊ like နှိပ်ခြင်းတော့ လုပ်ခဲပါသည်။ သူ့ပတ်ဝန်းကျင်ရှိ အဖြစ်အပျက်များအကြောင်းကို ဒီအတိုင်း ကြည့်နေရသည်ကိုသာ နှစ်ခြိုက်တတ်၍ဖြစ်သည်။ ပရိသတ်များ စုစည်းပေးထားသော စုန့်ကျွီးဟန် သီချင်းများ နှင့် ဓာတ်ပုံများကြည့်ရသည်ကိုတော့ သူသဘောကျသည်။ စုန့်ကျွီးဟန်ကို အမြဲတွေ့ခွင့်မရှိသောကြောင့် တစ်ခါတစ်ရံတွင် အင်တာဗျူးများနှင့် အပျော်တမ်းလုပ်ထားသော ဗီဒီယို၊ ကာတွန်းများ၊ ဟာသများကို သူကြည့်ရသည်။ ပရိသတ်များ ဖန်တီးထားသည့် စုန့်ကျွီးဟန်က အလွန်ကို ပြည့်စုံလှပသူဖြစ်သည်။ ဟယ်ကုသိထားသော စုန့်ကျွီးဟန်နှင့် တခြားစီဖြစ်သော်လည်း ထိုပုံရိပ်လေးကို သူ မဖျက်ဆီးပစ်လို။ စုန့်ကျွီးဟန်၏ ပြီးပြည့်စုံသောပုံရိပ်လေးက တကယ်ဆွဲဆောင်မှုရှိပြီး အလွန်ကောင်းမွန်လှပါသည်။ အကောင်းအတိုင်းရှိနေသည့်အရာများကို ဘာကြောင့်များ သူဖျက်ဆီးရမည်နည်း။


သူ့ကွန်ပျူတာထဲတွင် စုန့်ကျွီးဟန်အကြောင်း သတင်းအချက်အလက်ပေါင်းရာချီရှိသည်။ ဓာတ်ပုံများ၊ ရုပ်ရှင်များ၊ သီချင်းဗီဒီယိုများ၊ ကြော်ငြာများနှင့် အင်တာဗျူးများ စသဖြင့် စုံလင်သည်။ အင်တာနက်ပေါ်တွင် စုန့်ကျွီးဟန်နှင့် သက်ဆိုင်သည့်အရာတစ်ခုခု တွေ့တိုင်းလည်း သိမ်းသိမ်းထားမိသည်။ သူက ဒီလိုနည်းဖြင့် အမှတ်တရများကို သိမ်းဆည်းထားချင်သူဖြစ်သည်။ သူ မရည်ရွယ်ဘဲ လုပ်မိသည့် အလုပ်တစ်ခုတော့ရှိသည်။ သူ့ဘေးတွင်အိပ်ပျော် နေသော စုန့်ကျွီးဟန်ကို တိတ်တဆိတ်မှတ်တမ်းတင်မိခြင်းဖြစ်သည်။ ဒီအကြောင်း မည်သူ့ကိုမှပြောပြဖြစ်မည် တော့ မဟုတ်ပေ။


စုန့်ကျွီးဟန်၏ မကြာသေးမီက အင်တာဗျူးတစ်ခုကို ကြည့်နေရာမှ ရုတ်တရက်ဖုန်းမြည်လာခြင်းကြောင့် ယူကြည့်လိုက်သည့်အခါ နံပါတ်စိမ်းတစ်ခုဖြစ်နေလေသည်။


“ဟယ်လို”


“ဟယ်ကု?” ဖုန်း၏တစ်ဖက်မှ အသံရှင်သည် တုံ့ဆိုင်းဆိုင်းဖြစ်နေပုံရသည်။ တည်ငြိမ်ပြီး အသံကောင်းသော ခပ်ငယ်ငယ်ယောက်ျားတစ်ယောက်ပင်။


ဟယ်ကု နှလုံးသားထဲ တင်းကြပ်သွားရသည်။ ဒီအသံ.. မကြားရသည်မှာ နှစ်များကြာခဲ့သော်လည်း ဖုန်းလိုင်းတစ်ဖက်မှ လူကို သူသိနေပါသေးသည်။ တတ်နိုင်သမျှ အသံမထွက်အောင် ထိန်းရင်း စိတ်တည်ငြိမ်သွားစေရန် အသက်ပြင်းပြင်းရှူသွင်းကာ ခုံကိုကျောမှီချလိုက်ရသည်။


ဟယ်ကုက “ကျွန်တော်ပါပဲ” ဟုပြန်ဖြေလိုက်သည်။


“ငါ ဖုန်းကျုန်းပါ။”


“အင်း ငါကြားတယ်လေ။”


“မင်းက ငါ့အသံကိုမှတ်မိနေသေးတယ်။ အာ..”


“ငါ့မှတ်ဉာဏ်က ကောင်းတာကိုး။”


ဖုန်းကျုန်းက ပြုံးလျက်ဆိုသည်။ “ဒီမှာလည်း အတူတူပဲလေ။”


ဟယ်ကု ရှိုးတိုးရှန့်တန့်ခံစားနေရသည်။ စုန့်ကျွီးဟန်၏ နှုတ်မှ ဖုန်းကျုန်း တရုတ်ပြည်သို့ ပြန်ရောက်လာကြောင်း ကြားထားပြီသားဖြစ်သော်လည်း ဖုန်းကျုန်းက သူ့ကို ပြန်လည်ဆက်သွယ်လာမည်ဟု သူမမျှော်လင့်ခဲ့။ ပြောရလျှင် သူထွက်သွားစဥ်က သူတို့နှစ်ဦးသား၏ ဆက်ဆံရေးမှာ အခြေအနေကောင်းခဲ့သည်မဟုတ်။ သို့သော် တွေးကြည့်မည်ဆိုလျှင် နှစ်ပေါင်းကလည်း ကြာခဲ့ပြီဖြစ်ရာ လူတိုင်းက ယခင်လို ကျောင်းသားလေးများ မဟုတ်တော့ချေ။ ထိုစဥ်က ဖြစ်ခဲ့သော အဖြစ်အပျက်သည်လည်း လေနှင့်အတူ လွင့်ပျောက်သွားသင့်ပြီဖြစ်သည်။

သူက အသံကို လျှော့လိုက်ပြီး “မင်းအိမ်ပြန်လာပြီပေါ့။ ရင်းနှီးမြှုပ်နှံတာတွေ လုပ်နေတယ်လို့ ငါကြားပါတယ်။”

 

“မင်းကြားတယ်? စုန့်ကျွီးဟန်ဆီက ကြားတာလား?”


“ဟုတ်တယ်။” ဖုန်းကျုန်း၏လေသံက တစ်ခုခုမှားနေမှန်း ဟယ်ကု သတိပြုမိလိုက်သည်။


ဖုန်းကျုန်းက ရယ်၍ ဆက်ပြောသည်။ “ငါက မင်းတို့နှစ်ယောက် ဒီလောက်ကြာတဲ့အထိ အတူရှိနိုင်မယ် မထင်ခဲ့ဘူး။ ငါ မင်းတို့ကို လျှော့တွက်မိတာပဲ။


ဟယ်ကုက ဖုန်းကျုန်းနှင့် ဤအကြောင်းကို ဆက်မပြောလိုတော့ပေ။ “ဂုဏ်ယူပါတယ်နော်။ ငါက မင်း U.S မှာပဲ နေမယ်ထင်တာ။”


“တရုတ်ပြည်က ငါ့အိမ်လေ။ တစ်ချိန်မဟုတ်တစ်ချိန်တော့ ပြန်လာရမှာပဲပေါ့။” ဖုန်းကျုန်းက အသာအယာ သက်ပြင်းချလိုက်ရင်း ဆိုသည်။ “ငါအခုပြန်လာပြီလေ။ မင်းရော ဘယ်လိုလဲ? အခုဘာတွေလုပ်နေလဲ?”


“ငါကတော့ ဘွဲ့ရပြီးကတည်းက နမ်ချွမ်းမှာပဲ အလုပ်ဝင်နေတာ၊ ငါ့ရဲ့အသက်မွေးဝမ်းကြောင်းပဲပေါ့။”


“မင်းပုံစံနဲ့ တကယ်ကိုက်ပါတယ်။” ဖုန်းကဆိုသည်။ “ငါတော့ မင်းအခု ဘယ်လိုဖြစ်နေပြီလဲ အရမ်းသိချင်တာပဲ။ ငါလည်း.. ငါ မင်းကိုမတွေ့ရတာ ‌ခြောက်နှစ်၊ ခုနစ်နှစ်လောက်တောင် ရှိနေမလား။”


“အဲ့ဒီလောက်ရှိရောပေါ့။” ဟယ်ကုက ဖုန်းကျုန်းပြောလာသည်အထိ မစောင့်တော့ဘဲ ဦးအောင်ပြောလိုက်လေ သည်။ “ငါတို့ မနက်ဖြန် ထမင်းအတူစားကြရအောင်။”


ဟယ်ကုက ဖော်ရွေတတ်သူမျိုးတော့မဟုတ်။ သို့သော်လည်း တွန့်ဆုတ်ဆုတ်လုပ်နေခဲ့လျှင် သူက စိတ်ဝင်စားပါသည် ဆိုသည့် ပုံစံ ပေါက်သွားနိုင်သည်လေ


“ကောင်းသားပဲ။ ငါလည်းမင်းနဲ့ဆုံဖို့ကြိုးစားနေတာ။ ဒီစနေညဆိုရင်ဘယ်လိုလဲ? ငါက အခုမှ အိမ်ပြန်ရောက်တာ ဆိုတော့ အစားအသောက်ကောင်းကောင်းတွေ ဘယ်မှာရနိုင်လဲ မသိတော့ဘူး။”


“မင်းဘာစားချင်လဲဆိုတာ နည်းနည်းလောက်စဥ်းစားလိုက်ပါဦး။ ငါအားတဲ့အချိန်ခေါ်သွားပေးမှာပေါ့။” 


“ကောင်းပြီလေ။”


ဖုန်းချလိုက်သည်နှင့် လေးပင်နေသည့် ခံစားချက်များပါ ပြုတ်ကျသွားသည်။ ဖုန်းကို စားပွဲပေါ်သို့ ပစ်တင်လိုက်ပြီး ပင်ပန်းသွားသလို ခံစားလိုက်ရသည်။ အမှန်တော့ သူ ဖုန်းကျုန်းနှင့် လုံးဝမတွေ့လိုပါ‌ပေ။ အကုန် ပြဿနာရှုပ်သွား နိုင်သည်။ ဟယ်ကုသည် ကလေးဘဝကတည်းက လူကြောက်တတ်သူဖြစ်သည်။ အလုပ်ရပြီးနောက် အကြောက်တရား အနည်းငယ်လျော့သွားသော်လည်း လူအများနှင့် ဆက်ဆံရမည်ကို ရှောင်လေ့ရှိပြီး မည်သူနှင့်မှ မပတ်သက်မိစေရန် ကြိုးစားလေ့ရှိသည်။ စားပွဲသောက်ပွဲများ သွားရမည်ထက် အိမ်တွင် တစ်ယောက်တည်း ခေါက်ဆွဲ‌‌ခြောက်ထုတ်သာ စားနေချင်သူမျိုးဖြစ်သည်။


သို့သော်လည်း ဖုန်းကျုန်းကိုတော့ သူ ဒီလို မလုပ်နိုင်ပေ။


အမှန်တကယ်တော့ စုန့်ကျွီးဟန်နှင့် ဖုန်းကျုန်းသည် အချို့နေရာများတွင် ဆင်တူလှသည်။ မာန်မာနက မိုးထိုးနေ သည်။ အနိုင်ရလိုဇောလည်းများသေးသည်။ သူတို့နှစ်ဦးကြားတွင် ယမ်းငွေ့တလူလူနှင့်စစ်တလင်းကဲ့သို့ ပြိုင်ဆိုင် တိုက်ခိုက်လိုစိတ်သာမရှိခဲ့လျှင် ဟယ်ကုကလည်း စုန့်ကျွီးဟန်၏ စိတ်ဝင်စားမှုကို ရအောင် ဆွနိုင်ခဲ့လိမ့်မည် မဟုတ်ပေ။  


ဖုန်းကျုန်းနှင့်သူ မတွေ့ဖြစ်သည်မှာ နှစ်မည်မျှကြာခဲ့ပြီနည်း? သူအတိတ်ကို ပြန်တွေးလိုက်မိသည်။


သူကောလိပ်စတက်သည်အထိ သူနှင့် ယခင်အထက်တန်းကျောင်းမှ ကျောင်းနေဖက်များမှာ ကျောင်းပရဝုဏ် တူနေကြဆဲဖြစ်သည်။ အထက်တန်းကျောင်းနှင့်မနီးလှသော်လည်း ဝင်းထဲတွင် ကျောင်းစားသောက်ဆိုင်က သုံးခုသာ ရှိသောကြောင့် သူနှင့် စုန့်ကျွီးဟန်မှာ တစ်လလျှင် တစ်ကြိမ်၊ နှစ်ကြိမ်တော့ ဆုံရတတ်သည်။ ကျောင်းရှိ Fangirl လေးများလိုပင် သူသည်လည်း စုန့်ကျွီးဟန်ကို တွေ့နိုင်ရန် ဒုတိယမြောက် စားသောက်ခန်းမတွင်သာ တမင်တကာကို ထမင်းသွားစားလေ့ရှိသောကြောင့်ဖြစ်သည်။ 


သူ ပထမနှစ်တက်စဥ်က သူနှင့် စုန့်ကျွီးဟန် အကြိမ်နည်းနည်း ဆုံခဲ့သော်လည်း စုန့်ကျွီးဟန်က သူ့ကို လုံးဝကို မမှတ်မိပါပေ။


ထို့နောက်တွင်?


နောက်ပိုင်းတွင်တော့ စုန့်ကျွီးဟန်က အထက်တန်း တတိယနှစ်ကို ပြီးဆုံးအောင် မတက်ခဲ့ချေ။ ဂီတပညာသင်ရန် နိုင်ငံခြားထွက်သွားခဲ့သည်။ သူ အလုပ်သင်ဆင်းသည့်နှစ်အထိ စုန့်ကျွီးဟန်ကို မတွေ့ရတော့ပေ။ ဖျော်ဖြေရေး သတင်းများမှတစ်ဆင့်သာ စုန့်ကျွီးဟန်၏သတင်းပေါင်းစုံကို ကြားသိခဲ့ရသည်။ ဥပမာ_ ပွဲဆူစေသည့်သတင်းများ ထဲတွင် သူ့အကြောင်းက အမြဲပါလေသည်။

မည်သည့် ပုဂိလ်ကြီး၏ မွေးစားသမီးလေးက သူနှင့်တွဲနေသည်။

သူက အဆိုတော်အချို့၏ ကမာလှည့်ဖျော်ဖြေပွဲတွင် ဧည့်သည်အနေဖြင့် ပါဝင်ခဲ့သည်။

သူက ဆုရရုပ်ရှင်ကား၏ သီချင်းကို ရေးဖွဲ့ပေးခဲ့သည်။

တရုတ်ပြည်မကြီးရှိ ဖက်ရှင်အမှတ်တံဆိပ်တစ်ခုအတွက် ပြောရေးဆိုခွင့်ရှိသူအဖြစ် ခန့်အပ်ခံရသည်။

ခေတ်ဟောင်းစတိုင် ဖက်ရှင်ရှိုးပွဲတွင် စူပါမော်ဒယ်ဖြစ်သူ ကပြား မိခင်နှင့် အတူပါဝင်ခဲ့သည်...


ဟယ်ကုမှတ်မိနေသည်မှာ “ကမာနှစ်ခုမှ လူများ” ဆိုသည့် အဓိပာယ်ကို ထိုသတင်းများကို ဖတ်ရင်းနှင့် သူသဘောပေါက်လာရခြင်းကိုပင်။ သူက အလုပ်သင်လစာ ယွမ် ၈၀၀ သာရချိန်တွင် စုန့်ကျွီးဟန်ကိုတော့ သူ့ဖခင်က ကျွန်းတစ်ကျွန်းလုံးကို ဂုဏ်ပြုလက်ဆောင်အနေဖြင့် ပေးပစ်လိုက်သည်ဆိုခြင်းမျိုးဖြစ်သည်။


ထိုစဥ်က သူ စုန့်ကျွီးဟန်အပေါ် အထင်တကြီးရှိခဲ့သည်။ သို့သော်လည်း စုန့်ကျွီးဟန်အပေါ် နက်ရှိုင်းစွာ ချစ်မိသွားခြင်းမှာ နှစ်ဦးသား အတူရှိခွင့်ရခဲ့သော နေ့လည်ခင်းလေးတစ်ခုကြောင့်သာ ဖြစ်သည်။ ခြားနားမှုက ဖန်သားပြင်တစ်ဖက်ခြမ်း ဒါမှမဟုတ် စာမျက်နှာတစ်ခုစာသာ ဖြစ်သော်လည်း စုန့်ကျွီးဟန်က သူနှင့် အလွန် အလှမ်းဝေးလှပါသည်။ ထိုနေ့လည်ခင်းလေးသည် သူ့စိတ်ကူးထဲတွင် လုပ်ကြံဖန်တီးထားသည့် အရာတစ်ခု လေလားဟု ဟယ်ကု တွေးမိသည်အထိပင်။


နောက်ပိုင်းတွင် ဟယ်ကုက အကြီးတန်း အလုပ်သင်ဖြစ်လာခဲ့ပြီး စုန့်ကျွီးဟန်ကလည်း တရုတ်ပြည်သို့ ပြန်လာ ခဲ့သည်။ ဖုန်းကျုန်းဟုခေါ်သော ကျောင်းနေဖက်တစ်ယောက်နှင့်လည်း အသိအကျွမ်းဖြစ်သွားကြသည်။ ထို့နောက် ဘွဲ့ရပြီး လေးလအကြာမှစ၍ ဟယ်ကု ဖုန်းကျုန်းနှင့် မတွေ့တော့သည်မှာ ခြောက်နှစ်ခွဲခန့်ပင်ရှိလေပြီ။


ထိုအကြောင်းကို ပြန်စဥ်းစားနေသည်မှာ အကျိုးတော့မရှိလှ။ ရယ်စရာကောင်းသည်ဟုပင် ဟယ်ကုတွေးမိသည်။ ဖုန်းကျုန်းကို ကောင်းကောင်းမှတ်မိနေသေးကြောင်း သူ့ကိုယ်သူ သေချာချင်သောကြောင့် စဥ်းစားမိသွားခြင်း ဖြစ်မည်ထင်သည်။


မှတ်ဉာဏ်ဆိုသည်မှာ ရှုပ်ထွေးသည့် မေးခွန်းတစ်ခုပင်ဖြစ်သည်။ လူတို့သည် အသုံးဝင်သည့် အရာများကို ရွေးချယ်မှတ်ထားပြီး ဝမ်းနည်းစရာများ၊ အသုံးမဝင်သည်များကို မေ့ပစ်တတ်ကြသည်ပင်။ စုန့်ကျွီးဟန် သူ့ကို ပေးခဲ့သော အမှတ်တရများတွင် ပျော်စရာရော ဝမ်းနည်းစရာပါ ရောယှက်လျက်ရှိသည်။ မှတ်ဉာဏ်များကိုသာ စိတ်ကြိုက် စိစစ်ခွင့်ရှိလျှင် သူကတော့ စုန့်ကျွီးဟန်၏ ကောင်းကြောင်းများကိုသာ ရွေးသိမ်းထားမည်ဖြစ်သည်။

 

များမကြာမီပင် စနေနေ့ရောက်လာတော့သည်။ ဟယ်ကုက ဖွင့်သည်မှာ နှစ်သိပ်မကြာသေးသော ဘဲကင်ဆိုင်ကို ကြိုချိတ်ထားလိုက်သည်။ ဖုန်းကျုန်းက ဘဲကင်အရသာစစ်စစ်ကို စားချင်သည်ဟု ဆိုသောကြောင့်ဖြစ်သည်။


ဆိုင်တည်နေရာက ဝေးလံပြီး ရှာရခက်သောကြောင့် ဤဘဲကင်ဆိုင်ကို သိသူမများလှပေ။ ဆိုင်ရှင်များမှာ သားထောက်သမီးခံမရှိသော သက်ကြီးပိုင်းစုံတွဲတစ်တွဲဖြစ်ပြီး တစ်နေ့ကို ဘဲကင် ပွဲနည်းနည်းသာထွက်လေသည်။ အရသာအလွန်ကောင်းပြီး တစ်ဆင့်စကားဖြင့် ညွှန်းပေးသူများကြောင့်သာ ရပ်တည်နိုင်ခြင်းဖြစ်သည်။ စားပွဲကလည်း အနည်းငယ်သာရှိသဖြင့် နေရာဦးရန် ဟယ်ကုက ဖုန်း စောစောကြိုဆက်ထားရသည်။


ကားရပ်ပြီးနောက် ထီးဖွင့်၍ ကားထဲမှထွက်လိုက်သည်။ ထို့နောက် ကားနောက်ဖုံးထဲမှ ဝိုင်ပုလင်းကိုထုတ်၍ လမ်းဆုံသို့လျှောက်လာခဲ့တော့သည်။


လက်ရှိ ဘေဂျင်း၏ ရာသီဥတုမှာ စိတ်ညစ်စရာကောင်းလှသည်။ မိုးကလည်း ရွာပြီးရင်း ရွာဖြစ်နေကာ အပြာရောင်ကောင်းကင်ကြီးကို နောက်ဆုံးမြင်ခဲ့ရသည့် ရက်ကိုပင် ဟယ်ကု မမှတ်မိတော့ပေ။


သူ လမ်းဆုံတွင် ရပ်ကာ ဖုန်းကျုန်းထံ စာတိုပေးပို့လိုက်သည်။ ဆိုင်နေရာရှာရခက်သောကြောင့် လမ်းဆုံတွင် စောင့်နေပေးမည်ဟု အသိပေးခြင်းဖြစ်သည်။

အတော်လေးကြာမှ ဖုန်းကျုန်းက “ကောင်းပြီ” ဟု အကြောင်းပြန်သည်။

မိနစ်နှစ်ဆယ်စောင့်ပြီးသောအခါ ခဲရောင် ဇိမ်ခံကားကြီးတစ်စင်းက ဟယ်ကု အ‌ရှေ့သို့ ရုတ်တရက် ထိုးရပ်လာခဲ့ သည်။

ကားရပ်ပြီး စကန့်ပိုင်းမှာပင် ကားတံခါးပွင့်သွားပြီး အရပ်ရှည်ရှည်နှင့် အမျိုးသားတစ်‌ယောက်က ထီးမပါဘဲ ဆင်းလာတော့သည်။

 

ဟယ်ကု ရပ်နေရာသို့ ဖုန်းကျုန်းက မိုးရေထဲဖြတ်၍ ပြေးလာခဲ့သည်။


ခြောက်နှစ်ဆိုသော အချိန်က အကုန်မြန်လွန်းသည်။ ခပ်ငယ်ငယ်ကောင်လေးတစ်ယောက်မှသည် အပေါင်းအသင်း ဝင်ဆံ့ပြီး ဝတ်စုံပြည့်ဝတ်တတ်သော အမျိုးသားတစ်ယောက်အဖြစ် ပြောင်းခဲ့လေပြီ။ သူတို့နှစ်ဦးကြားရှိ တချို့အကြောင်းအရာများမှာ တည်ရှိမှုကို လက်ဆုပ်လက်ကိုင်ပြ၍ မရသော မြူမှုန်များနှင့် တူလှသည်။ ဟယ်ကု စိတ်ထဲ လေးလံနေမိတော့သည်။

ဖုန်းကျုန်း၏ မျက်နှာ အစိတ်အပိုင်းများမှာ သိပ်မပြောင်းလဲသွားဘဲ ချောမောနေဆဲပင်။ စိတ်နေစိတ်ထားကတော့ ပိုပြီး တည်တည်ငြိမ်ငြိမ်ရှိလာခဲ့သည်။ စိတ်ကြီးဝင်ခြင်းကို သုံးမှတ်၊ ကလေးဆန်သည့် သွင်ပြင်ကို လေးမှတ်နှင့် လက်ဖွာတတ်ခြင်းအတွက် ကျန်သုံးမှတ်ပေးသင့်သည်။ ကျော့မော့နေသော ဝတ်စုံနှင့် ကုတ်အက်ျီရှည်ကို တွဲဖက်ဝတ်ထားရာ အလွန်ကျစ်လျစ်ပြီး တောင့်ဖြောင့်သည့်ဟန်ပေါ်နေလေသည်။

  

ရှေ့ခန်းတံခါးပွင့်ကာ ယာဥ်‌မောင်းက ဖုန်းကျုန်းကို ထီးတစ်လက် ပြေးလာပေးရှာသည်။

ဖုန်းကျုန်းက ထီးကိုယူကာ ယာဥ်မောင်းကို “ငါတို့ သွားစားရမဲ့နေရာ လိုက်ရှာလိုက်ဦးမယ်။” ဟုပြောလိုက်သည်။ မျက်ဝန်းများကတော့ ဟယ်ကုကိုသာ ငေးစိုက်လျက်ရှိသည်။


ဟယ်ကုက ချောင်းဟန့်ကာ မော့ကြည့် ပြုံးပြလိုက်ပြီး လက်တစ်ဖက်ကမ်းပေးလိုက်သည်။


“ဖုန်းကျုန်း ငါမင်းနဲ့ မတွေ့ရတာ ကြာလှပြီ။” 


ဖုန်းကျုန်းကလည်း ပြုံးလျက် ပြန်ကြည့်လာသည်။ “ဟယ်ကု”


လက်ကို ဆုပ်ကိုင်လိုက်စဥ်တွင် ဖုန်းကျုန်းက လက်ကို ပြန်တွန်းကာ ဟယ်ကုကို လက်မောင်းများအတွင်း ဆွဲသွင်းလိုက်လေသည်။ ထို့နောက် ညင်သာစွာ ဖက်ထားတော့သည်။


ဟယ်ကု အံ့သြသွားရသော်လည်း ယဥ်ကျေးစွာဖြင့် ကျောကို အသာပုတ်ပေးလိုက်မိသည်။


ထို့နောက် ဖုန်းကျုန်းကသူ့ကိုလွှတ်ပေးလိုက်သည်။ “ဘာလို့လမ်းဆုံမှာစောင့်နေတာလဲ? မိုးရွာနေတယ်လေ။”


“စားသောက်ဆိုင်က ရှာရတာ မလွယ်ဘူးလေ။ ကားနဲ့လည်း မောင်းဝင်လို့မရဘူး။ သွားကြစို့။” ဟယ်ကု က လောဆော်လိုက်သည်။


ဖုန်းကျုန်းက ပြုံးပြလိုက်ပြီး နှစ်ဦးသား ဘေးချင်းယှဥ်လျက် လျှောက်လာခဲ့ကြသည်။


“ဟယ်ကု မင်းကိုကြည့်ရတာ ပင်ပန်းနေသလိုပဲ။ မလန်းဆန်းဘူး။ အခုတလော အလုပ်တွေ တအားကြိုးစား နေတာလား?”


“အင်ဂျင်နီယာ အလုပ်ဆိုတော့လည်းကွာ တစ်ခါတစ်လေ အချိန်ပိုလုပ်ရတာမျိုးရှိတာပေါ့။ ငါကျင့်သားရနေပါပြီ။”


“ခနာကိုယ်က မခံနိုင်တော့ရင် ပုန်ကန်လာလိမ့်မယ်နော်။ တအားပင်ပင်ပန်းပန်းမလုပ်ပါနဲ့လား။ မင်းကိုယ်တိုင်ပဲ ပြောခဲ့တာလေ။ မိသားစုမရှိတော့ မင်းရှာတဲ့ပိုက်ဆံ မင်းသုံးပြီး နားနားနေနေ နေနိုင်တယ်ဆို။”


ဟယ်ကု ရယ်လိုက်မိသည်။ “ငါ့မှာ လောက်ငှအောင်တော့ ပိုက်ဆံ ရှိပါတယ်ကွာ။ ဒါပေမဲ့ တစ်ခါတစ်လေ အလုပ်ကိုက များလွန်းတာ။ လူဆိုတာ အလုပ်လုပ်ရမှာပဲလေ။ ဒီလိုပဲပေါ့။”

နှစ်ဦးသား လျှောက်ရင်းဖြင့် ဘဲကင်ဆိုင်သို့ ရောက်လာတော့သည်။ ဟယ်ကုက ခပ်ရိုးရိုးတံခါးချပ်ကို ကြည့်၍ စကားနည်းနည်းပြောလိုက်သည်။ “နာမည်ကြီး ဆိုင်တွေက အစားအသောက်တွေအရသာမရှိဘူးလို့ မင်း ပြောခဲ့တယ်လေ။ ဒီတော့ မင်းကို အမှန်အကန်အရသာတွေပေးမဲ့ဆိုင်ကို ခေါ်လာပေးပါရစေ။ မင်းရဲ့ အစ်ကိုကြီးက အာမခံတယ်ကွာ။ မင်း ဒီဆိုင်ကို မကြိုက်ဘူးရယ်လို့ မရှိစေရဘူး။”


ဖုန်းကျုန်းက ပြုံးသည်။ “ငါတို့တွေ ကောလိပ်မှာတုန်းက လမ်းဘေးက တုတ်ထိုးအကင်တွေ ခဏ ခဏ စားနေကျပဲ မဟုတ်ဘူးလား? ဆိုင်က စုတ်လို့ မကြိုက်ဘူးဆိုတာမျိုး မင်းရှေ့မှာ မပြောရဲပါဘူးကွာ။”


ဟယ်ကု ပြုံးလိုက်ပြီး “ဝင်စို့။ ဒီဆိုင်က အစားအသောက်တွေက တကယ်အရသာရှိတာ။” ဟုဆိုသည်။


နှစ်ဦးသား ဆိုင်ခန်းလေးထဲ ဝင်ပြီး ထိုင်လိုက်ကြသည်။ ဆိုင်တွင် Menu ဟူ၍လည်း မရှိပေ။ ဘဲကင်အပြင် ဆိုင်ရှင်ချက်ချင်သော ဟင်းသည်သာ ရနိုင်သောဟင်းဖြစ်သည်။ ဘာစားရမည်ဆိုသည်မှာ သူ့ဆုံးဖြတ်ချက်ပေါ်သာ မူတည်လေသည်။


ဟယ်ကုက ၁၉၉၉ ခုနှစ်ထုတ် VOSNE ROMANEE ဝိုင်တစ်ပုလင်းယူလာခဲ့သည်။ ဟယ်ကုက ဝိုင်အကြောင်း သိပ်နားမလည်ပါ။ သို့သော် စုန့်ကျွီးဟန်၏ လက်ထောက်ပို့ပေးထားသော ဝိုင်များက အိမ်တွင် အတော်များသည်။ တစ်ပုလင်းကောက်ယူလာရုံသာဖြစ်သည်။ ဖုန်းကျုန်း ကြိုက်ကောင်းကြိုက်မည်ဟု သူထင်သည်။


ဖုန်းကျုန်းက ဝိုင်ပုလင်းကို မြင်သောအခါ နှုတ်ခမ်း မဲ့လိုက်လေသည်။ “ဒါ စုန့်ကျွီးဟန်ဆီကလား?” လေသံက သိပ်တော့ မကောင်းလှ။


ဟယ်ကု အနည်းငယ် ရှက်သွားမိသည်။ “ဒါက စျေးကြီးလို့လား?”


“အဆင်ပြေပါတယ်။ ဒါပေမဲ့ မင်းက ဒါမျိုး သောက်နေကျ မဟုတ်ဘူးလေ။”


ဟယ်ကုက ဖုန်း၏ လေသံက အနည်းငယ်ရိုင်းပျသည်ကို ဂရုထားမနေတော့ချေ။ သူနှင့်စုန့်ကျွီးဟန်တို့ နှစ်ဦးကြားတွင် ဆက်ဆံရေး မပြေလည်သည်ကို ဟယ်ကုသိထားပြီးသားဖြစ်သည်။ သူတို့၏ ကလေးဆန်သော အငြင်းအခုန်များကို သူ စိတ်မဝင်စားပါပေ။ “မင်းမကြိုက်ဘူးဆိုရင်...”


“ဘာမှ မဟုတ်တော့ဘူး။ ဖွင့်လိုက်ပါ။” ဖုန်းကျုန်းက ပေါ့ပါးစွာပင်ဆိုသည်။


ဟယ်ကုက ဝိုင် ပုလင်းကိုဖွင့်၍ နှစ်ခွက် ငှဲ့ထည့်လိုက်သည်။


နှစ်ဦးသား ခွက်မြှောက်ဆုတောင်းလိုက်ကြပြီး ဖုန်းကျုန်းက သူ့ကို ကြည့်လာခဲ့သည်။ “အကြာကြီးနေမှ ပြန်ဆုံရတာကို ဂုဏ်ပြုပါတယ်။”


“အကြာကြီးနေမှ ပြန်ဆုံရတာကို ဂုဏ်ပြုပါတယ်။”


အစားအသောက်များ တစ်ပွဲပြီး တစ်ပွဲရောက်လာသည့်အတွက် စားရင်း စကားစမြည်ပြောနေလိုက်ကြသည်။


“ဒီဘဲကင်က တကယ်အရသာရှိတာပဲ။ ငါက အဆီများတဲ့ ဘဲတွေဆို မကြိုက်ဘူး။ ဘဲတွေကို ဟော်မုန်းပါတဲ့ အစာတွေ ဘယ်လောက်ကျွေးထားလဲမသိနိုင်ဘူးလေ။ နောက်ဆုံး ဘဲငန်းကြီးတွေကိုယ်ထဲရောက်ကုန်ကြမှာ။” ဖုန်းကျုန်းက ချီးကျူးစကားဆိုသည်။


“ဒီဆိုင်က ဘဲတွေကတော့ ပိုင်ရှင်ကိုယ်တိုင် သူ့အိမ်မှာမွေးထားတာ။ နယ်ဘက်ကဘဲတွေမို့လို့ မြို့ဘဲတွေထက် ပိုစျေးကြီးတယ်လေ။ ငါလည်း ဘဲကင်မှာ အဆီတွေ တအားများရင် မကြိုက်ဘူး။”


“ငါတို့ ကျောင်းအ‌ရှေ့ပေါက်က အကင်ဆိုင်ကို မှတ်မိသေးလား?” ဖုန်းကျုန်းက လက်သုတ်လိုက်ရင်း ပြုံးကာ စကားဆက်သည်။ “အဲ့ဒီဆိုင် အဲ့မှာရှိသေးလား မသိဘူးနော်။”


“ဆိုင်ဖြိုလိုက်တာမျိုးတော့မရှိဘူး။ ပိုင်ရှင် ပြောင်းသွားပေမဲ့ ဆိုင်တန်းကတော့ ရှိနေသေးတယ်။ တွန်းလှည်း ဆိုင်လေးတွေလည်းရှိတယ်။ ငါ နောက်ဆုံးတစ်ခေါက် အဲ့ဒီဘက်က ဖြတ်ပြီး ကားမောင်းလာရင်း တွေ့ခဲ့တယ်။”


“တစ်ခါတစ်လေကျရင် ငါအဲ့ဒီကို ပြန်သွားပြီး စားကြည့်ချင်တယ်။ ဒါပေမဲ့ အခုတော့..” ဖုန်းကျုန်းက သူ့အဝတ်အစားသူ ပြန်ငုံ့ကြည့်ရင်း ပြုံးသည်။


စကားသံထဲတွင် ခံစားချက်အချို့ပါဝင်နေသည်။ “ငါလည်း အထက်တန်းကျောင်းသားတစ်အုပ်နဲ့အတူတူ တန်းစီရမှာတော့ ရှက်သား။”


ဖုန်းကျုန်းက သူ့ကို ကြည့်လိုက်သည်။ “အဲ့ဒီကတည်းကနေ အခုထိဆို အချိန်တွေကုန်သွားတာ သိပ်မြန်တာပဲ။ ဟုတ်သားပဲ။ စုန့်ကျွီးဟန်က ငါနဲ့သူ တွေ့တာ မင်းကို ပြောပြတယ်?”

ဟယ်ကုက စားသောက်နေတာကို ရပ်လိုက်ပြီး အရေးမထားဟန်ဖမ်းကာဆိုသည်။ “အင်း..သူငါ့ကိုပြောတယ်။”


ဖုန်းကျုန်းက မျက်ဝန်းများကို မှေးကျဥ်းလိုက်သည်။ “ကြည့်ရတာ မင်းတို့နှစ်ယောက်က အခုထိ အဆင်ပြေ နေတုန်းပဲပေါ့။”


“ဒီလိုပါပဲ။” ဟယ်ကုက ဖုန်းကျုန်း၏ စကားနှိုက်မှုကြောင့် စိတ်အနှောင့်အယှက်ဖြစ်သွားရသည်။ သူက သူနှင့် စုန့်ကျွီးဟန်၏ ဆက်ဆံရေးကို မည်သူ့ကိုမျှ ပြောပြလိုစိတ်မရှိပေ။ အထူးသဖြင့် ဖုန်းကျုန်းကိုဖြစ်သည်။


“ဒါပေမဲ့ သူကအမြဲ ဟိုသတင်းတွေ ထွက်နေတာလေ။ မင်းတို့နှစ်ယောက် ခဏ ခဏ ရန်မဖြစ်ရဘူးလား?”


ဟယ်ကုက တူကို ချလိုက်ပြီး ရှင်းရှင်းပဲပြောလိုက်သည်။ “သတင်းတွေက အတုပါ။”


သူ စုန့်ကျွီးဟန်ဘက်မှ ဆင်ခြေပေးနေခြင်းမဟုတ်ပါ။ အမှန်တကယ်ကို သတင်းအတုဖြစ်သောကြောင့် ဖြစ်သည်။ စုန့်ကျွီးဟန်နှင့် အတူအိပ်ခဲ့သော ကောင်မလေးတစ်ယောက်ရှိပြီး ထိုကောင်မလေးက လူသိရှင်ကြား တွဲချင်သည်။ စုန့်ကျွီးဟန်ကတော့ သိုသိုသိပ်သိပ်သာ နေလိုသည်။ ထိုအဖြစ်မှတစ်ဆင့် လုပ်ကြံဇာတ်လမ်းပေါင်း များစွာ ထွက်လာခဲ့တော့သည်။ ဒီအကြောင်းအရာများကို ဟယ်ကုသိနေရခြင်းသည် စုန့်ကျွီးဟန်က သူ့ကို ခေါင်းရှုပ်ခံပြီး လိမ်ပြောမထားသောကြောင့်ဖြစ်သည်။  


ဖုန်းကျုန်းက ရယ်လိုက်သည်။ ပြီးမှ သူ မရယ်သင့်ဘူးဟု တွေးမိသွားပုံပင်။ လူကတိတ်ကျသွားသော်လည်း စနောက်ချင်ဟန် မျက်လုံးများဖြင့် ဟယ်ကုကို ကြည့်နေဆဲဖြစ်သည်။ သူ့စကားများကို မယုံသည်မှာ သိသာလှသည်။


ဟယ်ကုက သောက်စရာရှိတာ သောက်လိုက်ပြီး စဥ်းစားကြည့်သည်။ ပြောသူက သူဖြစ်နေသည့် အတွက် တကယ်ကို ယုံချင်စရာမကောင်းခြင်းဖြစ်သည်။ ဖုန်းကျုန်းဘက်က သူတို့နှစ်ယောက်၏ အခြေအနေကို သေချာ နားလည်အောင် မရှင်းပြခိုင်းခြင်းသည် စုန့်ကျွီးဟန် ပြောလိုက်သည့်အကြောင်းများကို သူ မေးခွန်းမထုတ်လို ဟူသော အဓိပာယ်ပင်။


သူသိသည်မှာ ဖုန်းကျုန်းနှင့် စုန့်ကျွီးဟန်သည် ဒီပုတ်ထဲက ဒီပဲများသာဖြစ်သည်။ သူတို့၏ ခံ့ညားမှု၊ လုပ်ယူထားရသော ဂုဏ်သိကာများ၊ အငြိုးအာဃာဂကြီးပြီး နိုင်လိုမင်းထက်ဆန်သော အတွင်းစိတ်များကို ဝတ်ကောင်းစားလှများဖြင့် သိမ်းထုတ်ဖုံးကွယ်ထားခြင်းသာဖြစ်သည်။ သို့သော် ဖုန်းကျုန်း၏ ရောဂါအခြေအနေမှာ စုန့်ကျွီးဟန်နှင့် ယှဥ်လျှင် သိပ်မပြင်းထန်လှပေ။ အနည်းဆုံးတော့ သူ၏ စိတ်နေသဘောထားလေးမှာ စုန့်ကျွီးဟန်ထက် သာသေးသည်။


ဖုန်းကျုန်းက မေးကို လက်ဖြင့်ထောက်ကာ သူ့ကို အပြုံးလေးဖြင့် ကြည့်လျက်ရှိသည်။ သူ့အကြည့်က စူးရှသည်။


“ဟယ်ကု..ဟယ်ကု မင်း စုန့်ကျွီးဟန်နဲ့ တွဲနေတုန်းပဲလား?”



rate now: