ဟယ်ကု နည်းနည်းဒေါကန်နေသည်။ ခဏလောက်ဒေါသထွက်အပြီးတွင်တော့ မေ့မေ့ပျောက်ပျောက် ဖြစ်သွားပြီး စုန့်ကျွီးဟန် ပြန်သွားသည့်အကြောင်းကိုသာ တွေးနေမိပြန်သည်။ စုန့်ကျွီးဟန် သူ့ကို အကြာကြီး ပစ်ထားဦးမည် လား ဟု ကြောက်နေမိသည်။ ဟယ်ကုဆိုသည်မှာ ပြဿနာတစ်ခုဖြစ်လာလျှင် ပြေလည်အောင် မဖြေရှင်းဘဲ ကျော်သွားတတ်သူမျိုးတော့မဟုတ်။ အမှန်တကယ်ကို ဘာလုပ်ရမှန်းမသိ၍ ဘာမှမလုပ်ခြင်းသာဖြစ်သည်။ တစ်ခါက စုန့်ကျွီးဟန် ဒေါကန်ပေါက်ကွဲခဲ့စဥ် ပြန်ပြေလည်စေရန် သူကြိုးစားဖူးသည်။ သို့သော်လည်း စုန့်ကျွီးဟန် ဒေါသက ပိုအခြေအနေဆိုးလာခြင်းဖြင့်သာ အဆုံးသတ်သွားရသည်။
ထိုအကြောင်းတွေးမိသောအခါ သူ ကုမဏီပြန်သွားရန်သာ ဆုံးဖြတ်လိုက်သည်။ မနေ့က ပင်ပန်းလွန်းသဖြင့် နားရက်တစ်ရက်ယူရန် တွေးထားခဲ့သော်လည်း ယခုတော့ သူ့ကိုယ်သူအာရုံပြောင်းရန် အလုပ်လုပ်မှဖြစ်တော့မည်။
အပြင်မထွက်မီ ဆိုဖာခုံပေါ်တွင် ဖုန်းတစ်လုံးကို ရုတ်တရက် တွေ့လိုက်မိသည်။ အနားကိုသွား၍ ဖုန်းကို လှန်ကြည့်သောအခါ စုန့်ကျွီးဟန်၏ ဖုန်းဖြစ်နေလေသည်။ စုန့်ကျွီးဟန်ဆိုသည့် လူသည် ကိစအတော်များများကို အပူအပင်မထားတတ်သူမျိုးဖြစ်ရာ၊ ဖုန်း သုံး၊လေးလုံးကတော့ ပုံမှန်ပျောက်နေကျပင်။
သူ ရှောင်စုန့်ထံ စာတိုပို့လိုက်သည်။ (ရှောင်စုန့်ရေ ကျွီးဟန်ရဲ့ဖုန်းက ဒီမှာနော်_ ဟယ်ကု)
ထို့နောက် သူဖုန်းပိတ်လိုက်တော့သည်။
ကုမဏီရောက်သည့်အခါ သူ့ကိုမြင်ပြီး လက်ထောက် ချန်ရှန်းခမျာ အံ့သြသွားရသည်။ “ဟယ်ကု_ ရုံးတက်နိုင်လောက်အောင် နေကောင်းသွားပြီလား?”
“နည်းနည်းပဲ ပင်ပန်းနေတာပါ။ စိတ်မပူနဲ့။”
“ဟယ်ကု ဒီနေ့ဝတ်စားထားတာ အရမ်းမိုက်နေတယ်နော်။” ချန်ရှန်းက သူ့ကို အပေါ်အောက် အစုန်အဆန် ကြည့်၍ချီးကျူးလိုက်သည်။ “ကျွန်မအထင် အဝတ်အစားတွေပိုပြီး ဝတ်တတ်လာသလိုပဲ။”
ဟယ်ကု သူ့အက်ျီများကို သူပြန်ကြည့်မိသည်။ ဒါတွေက စုန့်ကျွီးဟန်နောက်ဆုံးအကြိမ်လာစဥ်က သူ Sponsor ရထားသော အဝတ်များကို ယူလာပေးထားခြင်းဖြစ်သည်။ ဘောင်းဘီများက အလွန်ရှည်နေသော်လည်း ရှပ်အက်ျီများကတော့ အနေတော်ပင်။ ငွေပေါပေါသုံးနိုင်သော လူတွေ၏ အကြိုက်က ဒါမျိုးဖြစ်မည်။
“ဟယ်ကုတို့ကတော့ အမြဲ ကြည့်ကောင်းနေတာပဲ။ ချောလည်းချော၊ ချစ်ဖို့လည်းကောင်းနဲ့။ ဘာဝတ်ဝတ် ကြည့်မကောင်းဘူးဆိုတာရော ရှိသေးရဲ့လား? တကယ်ကို အကြိုက်ကတော့ မြင့်လွန်းပါတယ်။ ကျွန်မတူမလေးလည်း အောက်စ်ဖို့တကသိုလ်ကကျောင်းပြီးလာပေမဲ့ ရှင့်လိုတော့မသားနားပေါင်။” သက်လတ်ပိုင်းအရွယ် အတွင်းရေးမှူးချုပ် အစ်မကြီးက အမြဲတဲ့တိုးပြောတတ်သူပင်။ ကုမဏီတွင် သူ့ကိုစနောက်ရဲသူ လူနည်းစုသာရှိသော်လည်း၊ ထိုအမျိုးသမီးက လူနည်းစုထဲအပါအဝင်ဟုပြောရမည်။
ဟယ်ကုက မကြားဟန်ပြုနေလိုက်သည်။ “အလုပ်ပဲဆက်လုပ်ပါဗျာ။”
ထို့နောက် တခြားလုပ်ဖော်ကိုင်များနှင့် Project အခြေအနေ ဆွေးနွေးရန်ထွက်လာလိုက်တော့သည်။
ဟယ်ကုက ဘွဲ့ရပြီးပြီးချင်း အစိုးရအလုပ်ဝင်ပြီး
ခြောက်နှစ်ကြိုးကြိုးစားစားအလုပ်လုပ်ခဲ့သည်။ အလယ်အလတ်တန်း
ခေါင်းဆောင်ပိုင်းများနှင့်လည်း ဆက်ဆံခဲ့ဖူးပြီ။ ပေါင်းသင်းဆက်ဆံရေးကလည်းမကောင်း၊
အထက်လူကြီးများ အရည်ပျော်လောက်အောင် စကားလုံးလှလှများလည်းပြောမထွက်သည့် သူ့အတွက်
အလုပ်ကို ဒီမျှနှင့်သာ အဆုံးသတ်ရတော့မည်ဟုပင် ထင်ခဲ့ဖူးသည်။ အသက်မွေးဝမ်းကျောင်း
တစ်ခုအတွက်ဘာတွေများလုပ် ရပါမည်နည်း? သူ့လက်ရှိရာထူးနှင့် ဝင်ငွေကို
စိတ်တိုင်းကျပါသော်လည်း အလုပ်တာဝန်က များလွန်းလှသည်။
သူ့လက်အောက်ဝန်ထမ်းများမှ တင်ပြလာသော Project အစီရင်ခံစာများကို စစ်ဆေးရာတွင် ပြဿနာတစ်ပုံကြီး ရှာတွေ့လိုက်သည့်အတွက် ဒေါပွသွားပြီး၊ ယနေ့ အထူးတလည်ကို ပွဲကြမ်းချင်နေမိသည်။
ထိုအချိန်တွင်မှ ချန်ရှန်းက ဝင်လာခဲ့ခြင်းဖြစ်သည်။ “ဟယ်ကု.. Mr.ကူ က ရှာနေပါတယ်။”
“အထွေထွေမန်နေဂျာ ကူကလား?”
“ဟုတ်ကဲ့။ သူက အချိန်ရရင် ရုံးခန်းထဲမှာတွေ့ချင်တယ်ပြောပါတယ်။”
လက်အောက်ငယ်သားများမှာ ယခုမှ စိတ်သက်သာရာရတော့သည်။
“သိပြီ။” ဟယ်ကု စကားအနည်းငယ်ပြောပြီးသည်နှင့် ရုံးခန်းသို့ထွက်လာခဲ့သည်။
ချန်ရှန်းပြောသော “အထွေထွေမန်နေဂျာ ကူ” သည် ကူချင့်ဖေဟုခေါ်သူဖြစ်သည်။ သူတို့ ကုမဏီတွင် ထိပ်ပိုင်းရောက်သော မန်နေဂျာတစ်ဦးဖြစ်သည်။ ကုမဏီ၏ ထုတ်လုပ်မှုပိုင်းတွင် အလုပ်စခဲ့ပြီး နောက်ပိုင်းတွင် ဝန်ထမ်းရေးရာပိုင်းကိုလည်း ကိုင်တွယ်ခဲ့သည်။ သူ့ထက် သုံး၊လေးနှစ်သာ ကြီးသော်လည်း လက်ရှိတွင် ကုမဏီ၏လေလံပိုင်းနှင့် ဝယ်ယူရေးတာဝန်ခံပင်ဖြစ်နေလေပြီ။ ဒီလူက လုပ်ရည်ကိုင်ရည်ရှိပြီး တိုးတက်မှုလည်း မြန်လှသည်။ အလဲထိုးရ ခက်ခဲသည့်သူမျိုးပင်။ ကူချင့်ဖေသည် ကုမဏီတွင် နံပါတ်တစ်ပုဂိလ်ဖြစ်သည်။ လုပ်ရည်ကိုင်ရည်၊ ဗဟုသုတနှင့် အပြောအဆိုညက်ညောမှုကြောင့်လည်း တစ်ကဖြစ်နိုင်သော်လည်း အဓိက အကြောင်းကတော့ ရုပ်ရည်ချောမောလွန်း၍ဖြစ်သည်။
ဟယ်ကုနှင့် ကူချင့်ဖေသည် ပုံမှန်အားဖြင့် အလုပ်နှင့်ပတ်သက်၍သာ အဆက်အဆံ ပိုလုပ်ဖြစ်သော်လည်း ကူက သူ့ကို အမြဲစောင်မ ကြည့်ရှူတတ်သဖြင့် နှစ်ဦးသား၏ ဆက်ဆံရေးမှာ မဆိုးဟုပင်ဆိုနိုင်သည်။
ဟယ်ကု အပေါ်ထပ်သို့ ဓာတ်လှေကားဖြင့် တက်ကာ
လျှောက်လမ်းရှည်ကြီးအတိုင်းလျှောက်ခဲ့ပြီးနောက် အရှေ့တွင်ရှိသော
သစ်သားတံခါးအဟောင်းကြီးကို ခေါက်လိုက်တော့သည်။
ကိုးလွှာမှစ၍ အပေါ်ထပ်များမှာ အကြီးတန်းအလုပ်အမှုဆောင်အဖွဲ့ဝင်များ၏ ရုံးခန်းများတည်ရှိရာပင်။ လွန်ခဲ့သောနှစ်များက ပြန်လည်မွမ်းမံထားခြင်းဖြစ်သည်။ ပြန်လည်ပြင်ဆင်ရန် ကုမဏီက ပိုက်ဆံနှစ်သန်းကျော် သုံးခဲ့ရသည်။ အတော် မနာလိုချင်စရာကောင်းပြီး ပကာသနလည်းဆန်လှသည်။ သို့သော်လည်း ဟယ်ကုအနေဖြင့် ထိုသို့သော ရုံးခန်းမျိုးကို မည်သည့်အခါမျှ ပြောင်းခွင့်မရမှာလည်း သိသာနေပြီးသားပင်။
“ဝင်ခဲ့ပါ။” သံလိုက်ဓာတ်ပါသော တည်တည်ငြိမ်ငြိမ်လေသံတစ်ခုက ရုံးခန်းအတွင်းမှ ထွက်ပေါ်လာလေသည်။
ဟယ်ကု တံခါးကို တွန်းဖွင့်၍ ဝင်သွားလိုက်သည်။
ကျယ်ဝန်းပြီး ဇိမ်ခံပစည်းများ ပြည့်နေသော ဒါရိုက်တာရုံးခန်းထဲရှိ စားပွဲအနားတွင် ရှပ်အက်ျီအဖြူရောင် ဝတ်ထားသော အရပ်ရှည်ရှည်အမျိုးသားတစ်ဦးက မတ်တပ်ရပ်လျက်ရှိသည်။ ညာလက်ကိုနောက်ပစ်ထားတာ စုတ်တံတစ်ချောင်းကိုင်ထားပြီး စားပွဲပေါ်တွင်တော့ အဖြူရောင်ဆန်စကတစ်ရွက်ရှိနေသည်။
“အထွေထွေမန်နေဂျာ ကူ”
“ဟယ်ကု မင်းရောက်ပြီပဲ။” ကူချင့်ဖေက မော့ကြည့်၍ ပြုံးပြလာသည်။ အသက် သုံးဆယ်စွန်းစွန်းသာရှိသေးသော ဤအမျိုးသားတွင် အပြစ်ဆိုစရာမရှိချောမောလှသော မျက်နှာကျသွယ်သွယ်နှင့် မေးချွန်ချွန်လေးလည်းရှိသည်။ မျက်ခုံးထူထူနှစ်ဖက်မှာ အပေါ်ဘက်သို့မြင့်တက်နေပြီး မျက်နှာ၏အဆုံးသတ်နားတွင် ကော့ညွတ်သွားသည်။ မျက်ဝန်းကျဥ်းကျဥ်းများက နက်နက်နဲနဲရှိလှသည်။ ဖနွမ်းပင်စတိုင်မျက်မှန်တစ်စုံတပ်ထားပြီး ဆံပင်များကို သေသပ်စွာ ခေါင်းအနောက်သို့သပ်တင်ထားသည်။ ရှပ်အက်ျီဖြူ၏ ကော်လံများမှာ ဓါးသွားကဲ့သို့ချွန်မြလျက် ရှိသည်။ အချိုးအဆစ်ကျနလှသော ဂုဏ်သရေရှိအမျိုးသားတစ်ဦးပါပေ။ သူက မေးကိုဆတ်၍ “ထိုင်ပါ။” ဟုဆိုသည်။
ဟယ်ကု ဆိုဖာခုံတွင် ဝင်ထိုင်လိုက်သည်။
ကူချင့်ဖေက မင်ကိုတို့၍ ဆန်စကချပ်ပေါ်တွင် စာဆက်ရေးနေသည်။
သူကဆိုသည် “ငါက လက်ရေးလှစာလုံးနဲ့ စာရေးကျင့်နေတာလေ။ ရေးပြီးရင် စိတ်ကတည်ငြိမ်သွားတာမို့ တွေးလို့ခေါ်လို့ကောင်းပြီး စိတ်လည်း ပေါ့ပါးသွားတယ်။ မင်းလည်း အချိန်ရှိရင် စမ်းကြည့်သင့်တယ်။”
“ဟုတ်ကဲ့ပါ။”
ကူချင့်ဖေက စုတ်တံကိုသုံး၍ စာရေးလိုက်ပြီး စာရွက်ကို သစ်မွှေးသားဘူးရှည်ထဲမှ ထုတ်လိုက်သည်။ စာရွက်ကို မြှောက်၍ ဟယ်ကုဘက်သို့လှည့်ပြကာ အပြုံးလေးဖြင့် “ဘယ်လိုနေလဲ?” ဟုမေးလေသည်။
စာရွက်ပေါ်တွင် စာနှစ်ကြောင်းရေးထားသည်။
သမိုင်းစာအုပ်လာ ဝတရားများက အရှိန်အဟုန်ပြင်းလှိုင်းလုံးများ သဖွယ် ကြည်လင်သောကောင်းကင်ကို ထွင်းဖောက်၍ နဝမဘုံထက်သို့ ပျံတက်သည်။
စာလုံးများက လှိုင်းလုံးများနှင့်ရေပြင်ကဲ့သို့ မာန်ပါ၍ လွတ်လပ်သည်။
ဟယ်ကုစိတ်ထဲတွင် ရှင်းလင်းသွားပြီဖြစ်သည်။ ကူချင့်ဖေအလုပ်ပြောင်းမည်ဆိုသော အတင်းအဖျင်းစကားများက မှန်နေပုံရသည်။ ကူချင့်ဖေ သူ့ကို ခေါ်တွေ့ရသည့် ရည်ရွယ်ချက်ကိုပင် သူခန့်မှန်းနိုင်ပြီထင်သည်။ သူ ခေါင်းညိတ်လိုက်သည်။ “ကူ မင်းရဲ့စာလုံးတွေက တကယ်သေချာရေးထားတာပဲ။”
ကူချင့်ဖေက ပြုံးလိုက်သည်။ “တစ်ယောက်ယောက်က ငါ့ကို အရမ်းချီးကျူးပြီဆိုရင် ကြားလိုက်တာနဲ့ မြှောက်နေတယ်လို့ပဲ ထင်တာ။ ဒါပေမဲ့ မင်းပါးစပ်က ပြောလာတာကျတော့ တကယ့်ရင်ထဲကလာတဲ့ စကားလို့ ငါခံစားမိတယ်။”
ဟယ်ကုက အမှန်ကိုပြောခဲ့ခြင်းပင်။ “တကယ်လှတာပါ။”
ကူချင့်ဖေက စာရွက်ကို အဆောက်အအုံပုံစံစာရွက်များထည့်သည့် ဘူးလုံးရှည်တစ်ခုထဲ လိပ်ထည့်လိုက်ပြီး အနားသို့လျှောက်လာခဲ့သည်။ ကိုယ်တိုင်းနှင့်ချုပ်ထားသော ဝတ်စုံက သူ၏ ရှည်သွယ်ပြီး တောင့်ဖြောင့်သော ခနာကိုယ်တွင် ချပ်ရပ်ပုံကျနေသည်။
ဟယ်ကု မတ်တပ်ထရပ်လိုက်သည်။
ကူချင့်ဖေက “ထိုင်ပါ၊ ထိုင်ပါ။” ဟုဆိုကာ သူ့ဘေးတွင်ဝင်ထိုင်လိုက်ပြီး စာလိပ်ကိုလှမ်းပေးလာသည်။ “ဒါမင်းကိုငါပေးတာပါ။”
“ကျေးဇူးပါပဲ Mr. ကူ။” ဟယ်ကု ယဥ်ကျေးစွာ လက်ခံယူလိုက်သည်။
ကူချင့်ဖေက ဟယ်ကုကိုကြည့်၍ “နောက်ကျတဲ့အထိ အလုပ်လုပ်လာပြန်တာလား? မင်းမပင်ပန်းဘူးလား?”
“တွန်းလုပ်ရမဲ့ Project တွေရှိနေလို့ပါ။”
“ပိုက်ဆံက ကုမဏီကပဲရမှာလေ။ ခနာကိုယ်ကလည်း သူ့လိုအပ်ချက်တွေရှိသေးတာပဲ။ မင်းဒီနှစ်ခုကို မျှမျှတတလုပ်မှပေါ့။ လူတွေမှာ လုပ်နိုင်စွမ်းက အကန့်အသတ်ရှိတယ်။ သိပ်ခေါင်းမမာစမ်းပါနဲ့ကွာ။”
“ကျွန်တော် အဆင်ပြေနေတုန်းပါပဲ။”
ကူချင့်ဖေက ခရမ်းရောင် ရေနွေးအိုးကို ယူကာ သူ့ကို ရေနွေးထည့်ပေးလာသည်။
ဟယ်ကုက “ကူ ကျွန်တော့်ဘာသာထည့်ပါမယ်။” ဟုပြောရသည်။
ကူချင့်ဖေက ပြုံး၍ဆိုသည်။ “အားနာမနေပါနဲ့။” သူက ရေနွေးနှစ်ခွက်ထည့်လိုက်သည်။ “သောက်ကြည့်ဦး။
ဟယ်ကုက တစ်ငုံသောက်လိုက်သည်။ အရသာကို မည်ကဲ့သို့ဖော်ပြရမည်မသိသည့်အတွက် “လက်ဖက်ရည်က ကောင်းသားပဲ” ဟုသာဆိုနိုင်လေသည်။
ကူချင့်ဖေက ပြုံးလိုက်သည်။ “ဟယ်ကု မင်းက တကယ်စိတ်ဝင်စားဖို့ကောင်းတာပဲ။”
ဟယ်ကုက ကူချင့်ဖေ ဘာကိုဆိုလိုသည်ကို မသိချေ။ သူသိသည်မှာ အထက်အရာရှိက လက်အောက်ငယ်သားကို ရေနွေးထည့်ပေးရခြင်းမျိုးမှာမဖြစ်သင့်ဟူ၍သာဖြစ်သည်။ နှစ်အတော်ကြာအပြီးတွင် အသေးစိတ်ကိစလေးများ တွင် သူလူမှုရေးချို့တဲ့တတ်ကြောင်း သူကိုယ်တိုင်လည်းသိလာပြီဖြစ်သည်။
“စိတ်လှုပ်ရှားမနေပါနဲ့။ ပေါ့ပေါ့ပါးပါးပဲ စကားပြောကြရအောင်။”
“ကောင်းပါပြီ။”
“ဟယ်ကု မင်းဒီ ကုမဏီမှာ လုပ်လာတာ နှစ်တွေကြာပြီမဟုတ်လား?”
“ခြောက်နှစ်ပါ။”
“မင်းက ဝန်ထမ်းဟောင်းဖြစ်နေပြီပဲ။ ငါ ဝန်ထမ်းရေးရာမှာ လွန်ခဲ့တဲ့နှစ်နှစ်တာဝန်ယူရတုန်းက မင်းကို နှစ်တိုင်း အကဲဖြတ်ပေးရတာကို မှတ်မိသေးတယ်။ ငါ့ရဲ့ ဒီနေ့ အကဲဖြတ်မှုက ဘယ်လိုလဲ မင်းသိလား? မင်းရဲ့ အမြင်ကို ပြောကြည့်ကြရအောင်။ လက်ရှိအခြေအနေ၊ ရာထူး၊ အလုပ်တွေ၊ လခ၊ ပတ်ဝန်းကျင် ဘာအကြောင်းမဆိုပေါ့။"
ဟယ်ကု တွန့်ဆုတ်နေမိသည်။
ကူချင့်ဖေက သူလတ်တလောလုပ်နေရသော Project အကြောင်းကိုမေးလာခဲ့သည်။ သူ့လက်ရှိရာထူးနှင့် လုပ်ရသောအလုပ်များ၊ လခတို့အပေါ် စိတ်ကျေနပ်မှုရှိမရှိလည်းမေးခံရသည်။ ဟယ်ကုက လူမှုရေးညံ့သူသာ ဖြစ်ပြီး တုံးအသူတော့မဟုတ်ချေ။ အပေါ်ယံအဖြေများသာပေး၍ ရှောင်ထွက်လိုက်သည်။
နှစ်ဦးသား စကားမဆိုဘဲ ဆယ်မိနစ်ခန့် ငြိမ်သွားကြပြီးမှ ကူချင့်ဖေက ထိုအကြောင်းကို ပြောလာခဲ့သည်။ “မင်းလည်း ကြားပြီးသားဖြစ်ရင်ဖြစ်မှာပါ။ ငါအခု တာဝန်တွေလွှဲပေးဖို့လုပ်နေတာ နောက်လကျ အလုပ်ထွက်တော့မှာ မို့လို့လေ။”
ဟယ်ကု ခေါင်းညိတ်လိုက်သည်။ “ကူ သွားတော့မယ်ဆိုတာပဲ ကြားထားတာပါ။ ဘယ်ကိုသွားမှာလဲ?”
“သူငယ်ချင်းရဲ့ ကုမဏီပါ။ သူတို့က အိမ်ခြံမြေပိုင်း အဓိကလုပ်တာ။” ကူချင့်ဖေက ဆိုဖာခုံတွင်မှီ၍ ဘေးဘီကိုဝေ့ကြည့်သည်။ “ငါဒီရုံးခန်းအသစ်ကို နှစ်ဝက်ပဲသုံးရသေးတာ။ ဒါပေမဲ့ ထားသွားရမှာ တကယ် တွေဝေနေမိတယ်။”
“ဒီမှာအလုပ်လုပ်လာတာ ဆယ်နှစ်တောင်ရှိပြီ။ ဒီလို အပြောင်းအလဲကြီးလုပ်ဖို့ စိတ်ကို အတော်ပိုင်းဖြတ်ခဲ့ရမှာပဲ။”
“ဟုတ်တယ်။ ငါ့သူငယ်ချင်းက လွန်ခဲ့တဲ့နှစ်နှစ်တည်းက ခေါ်နေတာလေ။ သူ့ ကုမဏီကို ငါ နှစ်နှစ်ကျော် အကဲဖြတ်ကြည့်ပြီးပြီပေါ့။ အမှန်တော့ ငါတို့ရဲ့ ဒီဌာနကို မကျေလည်တာရှိလို့မဟုတ်ပါဘူး။ ခေါင်းဆောင်ပိုင်း ကလည်း အဆင်ပြေတယ်၊ အောက်ကလူတွေကလည်း တာဝန်သိစိတ်ရှိကြတယ်။ ငါ့ရာထူးမှာက အလုပ်က တကယ်ကို ပေါ့ပေါ့ပါးပါးပဲ။ အချိန်အများစုက ကြွားလိုက် သောက်လိုက်နေရုံပဲ.. ဒါပေမဲ့..”
ကူချင့်ဖေက ပြုံးသည်။ “အကြောင်းကတော့ကွာ အဲ့ဒါကြောင့်ပဲ ငါအလုပ်လုပ်ရတဲ့နေ့တွေမှာ စိတ်အားထက်သန်မှု မရှိတော့သလိုခံစားရတယ်။ ငါလည်းငယ်သေးတာပဲလေ။ စိန်ခေါ်မှုတွေရှိတဲ့ ဘဝမျိုးကို ကြိုက်တာပေါ့။ ငါဒီမှာပဲနေမယ်ဆိုရင် အဆုံးသတ်မှာ အမှုဆောင်ဘုတ်အဖွဲ့ထဲ ဝင်တာနဲ့တင်ပြီးသွားတော့မှာ။ ငါဒီထက် အသုံးကျတဲ့ အလုပ်တွေအများကြီးလုပ်နိုင်သေးတယ်လို့တော့ ငါထင်တာပဲ။”
ဟယ်ကုက ကူချင့်ဖေကို အမြဲရိုသေလေးစားခဲ့သူဖြစ်သည်။ ကူချင့်ဖေသည် လူချောတစ်ယောက်ဖြစ်ရုံသာမက အဝတ်အစားလည်းကောင်းကောင်းဝတ်တတ်သည်။ စိတ်ထားခိုင်ကြည်ပြီး ရှင်းလင်းတိကျသော ခေါင်းဆောင်မှုပုံစံလည်းရှိသည်။ ထို့အပြင် ဂုဏ်သိကာရှိပြီး စိတ်နေစိတ်ထားက လူကြီးလူကောင်းပီသသည်။ အလုပ်လုပ်ရာတွင်လည်း အားမာန်အပြည့်နှင့်လုပ်ဆောင်တတ်သည်။ ဟယ်ကုသည် လက်ပေါက်ကပ်တတ်သော စာအုပ်ကြီးသမားမဟုတ်။ ကူချင့်ဖေသည်လည်း သူ့လိုပင် အင်ဂျင်နီယာချင်းအတူတူပင်ဖြစ်သော်လည်း သူတို့နှစ်ဦးကြားရှိ တိုးတက်မှုနှုန်းမှာ ကွာြခားလှသည်။
ဟယ်ကု နည်းနည်းငယ်စဥ်တုန်းကတော့
အပေါင်းအသင်းအဆက်အသွယ်များအားကိုးဖြင့် အမြင့်သို့တက်မည် ဟူသည့်
အတွေးရှိခဲ့ဖူးသည်။ ကျောင်းဝင်းကိုစွန့်ခွာ၍ လူ့အသိုင်းအဝိုင်းထဲ
စတင်ခြေချချိန်တွင် သူနှင့် စုန့်ကျွီးဟန်ကြားက ကွာခြားမှုသည် အလွန်ကြီးသည်ကို
သဘောပေါက်ခဲ့ရသည်။ သူကြိုးစားအလုပ်လုပ်လျှင် ထိုကွာြခားမှုကို လျှော့ချနိုင်မည်ဟု
ထင်ဖူးသော်လည်း ထိုအတွေးကို သေချာပြန်သုံးသပ်မိချိန်တိုင်း သူ့တွင် လိုအပ်ချက်များ
များလွန်းကြောင်း သိခဲ့ရသည်ချည်းပင်။ ကူချင့်ဖေသည် မှန်တစ်ချပ်လိုလူဖြစ်သည်။ ဓာတ်ပုံတစ်ပုံရိုက်သကဲ့သို့ပင်။
ပုံရိပ်များအနက် သူ့ကို ပင်ပန်းစေသည့်အကြောင်းအရာများကို ဖျောက်ပစ်ကာ
လုပ်စရာရှိသည်ကိုသာ စိတ်တည်ငြိမ်စွာဖြင့် လုပ်တတ်သူဖြစ်သည်။ အသက်ကြီးလာသည်နှင့်အမျှ သူဘာလုပ်နိုင်သည်၊
ဘာမလုပ်နိုင် ဆိုသည်ကို ပိုမို ရှင်းလင်းတိကျစွာသိရှိလာသူမျိုးဖြစ်သည်။
အစ်ကိုကူတွင် ဟာကွက်မရှိသော၊ ရပ်တန့်မနေတတ်သော ဘဝကိုပိုင်ဆိုင်လေသည်။
ဟယ်ကု အတွေးများဖြင့် ငေးငိုင်နေမိကြောင်း ရုတ်တရက် သဘောပေါက်မိသဖြင့် လက်တွေ့ကိုပြန် အာရုံစိုက် လိုက်ရသည်။ ညီငယ်တစ်ယောက်၏ မျက်ဝန်းများဖြင့် ပြုံးရွှင်ရယ်မောကာ ခေါင်းညိတ်ပြလိုက်သည်။ “ကူ့အရည်အချင်းတွေကို ထုတ်ပြနိုင်ဖို့ လုပ်ပိုင်ခွင့်တွေပိုရသင့်ပါတယ်။”
ကူချင့်ဖေက ရယ်၍ စကားဆိုသည်။ “ဟယ်ကု ငါ ဒီ ကုမဏီမှာ ဘယ်သူနဲ့မှ ဘာမှမပြောရသေးဘူး။ ငါထင်တော့ လူတွေက တကယ်တိကျတာပဲ။ ငါတို့နှစ်ယောက်က အတွေ့အကြုံချင်းလည်းနီးစပ်တယ်။ ငါမင်းကိုမြင်တိုင်း အတိတ်က ငါ့ကိုယ်ငါ ပြန်မြင်ရသလိုပဲ။ တစ်ခုပဲ။ ငါတို့က စရိုက်ချင်းတော့ မတူကြဘူး။ မင်းက တည်ငြိမ်တဲ့ ဘဝမျိုးကို လိုလားပြီး ငါကတော့ စိန်ခေါ်မှုတွေကို ကြိုက်တယ်။”
“ကျေးဇူးပါ Mr. ကူ” သူ့တွင် တိုးတက်စရာလမ်းမမြင်သည့်အတွက် “တည်ငြိမ်”ဟုသာ စကားသုံးလိုက်ခြင်း ဖြစ်မည်လားဟု ဟယ်ကုတွေးမိလိုက်သည်။ ကူချင့်ဖေနှင့် စကားပြောဖြစ်သည့် အကြိမ်တိုင်း သင်ယူစရာ တစ်ခု၊ နှစ်ခုကတော့ ရသည်ချည်းသာပင်။
ကူချင့်ဖေက ပြုံး၍ စကားဆက်သည်။ “သြော် မင်းအလုပ်များတာ ငါသိပါတယ်။ ထပ်ဆွဲမထားတော့ပါဘူး။ မင်းက အမြဲ ထက်ထက်မြက်မြက်ရှိတဲ့သူပါ။ ငါဘာပြောချင်လဲဆိုတာ မင်းလည်း ခန့်မှန်းမိမှာပေါ့။ ဟယ်ကု မင်းငါနဲ့ ကုမဏီအသစ်ကို မပြောင်းချင်ဘူးလား?”
ကုမဏီအသစ်တစ်ခုသို့ ပြောင်းရန် ဟယ်ကု အတော်ကြာကြာစဥ်းစားခဲ့ဖူးပါသည်။ မူလက ချက်ချင်းငြင်းဆန်လို သော်လည်း အခုရက်ပိုင်း ကြာမြင့်စွာအချိန်ပိုဆင်းရသောကြောင့် အလွန်ပင်ပန်းနေသည်ကို တွေးမိပြီး ရုတ်တရက် စိတ်ကူးပြောင်းသွားမိသည်။ ကူချင့်ဖေ၏ စကားကိုနားထောင်ကာ သူ့ကိုယ်သူ အခွင့်အရေး တစ်ခါထပ်ပေးလျှင် ပိုကောင်းမည်ဟူ၍ဖြစ်သည်။ ထို့ကြောင့် အခြေအနေကို သေချာစွာ မေးမြန်းလိုက်တော့ သည်။
ကူချင့်ဖေက သူသွားလုပ်မည့် ကုမဏီ၏ အခြေအနေနှင့် အလားအလာကောင်းများအကြောင်းကို အကျဥ်းချုပ်၍ ရှင်းပြသည်။ သို့သော်လည်း နားထောင်ပြီးချိန်တွင် ဟယ်ကု မျှော်မှန်းထားသည်နှင့် မကိုက်ညီကြောင်း သိလိုက်ရလေသည်။ နှစ်စဥ်ဝင်ငွေက များစွာပိုမြင့်သော်လည်း သီးခြား Project များလုပ်ရခြင်းက ယခုအလုပ်ထက် ပိုပင်ပန်းရပြီး စိတ်ဖိစီးမှုများမည်ဖြစ်သည်။ ပုဂလိကပိုင်ကုမဏီဖြစ်၍ အစိုးရပိုင်ထက် ပိုသာမည်တော့မဟုတ်။ သေချာသည်ကတော့ ကူချင့်ဖေကို သူတိုက်ရိုက်ငြင်းပစ်ရန် မတတ်သာပါပေ။ စဥ်းစားရန် အချိန်ပေးပါဟူ၍သာ ပြန်ဖြေနိုင်ခဲ့သည်။
ကူချင့်ဖေက သူစိုးရိမ်နေသည်များကို အလိုလိုနားလည်ပေးနိုင်သူဖြစ်သည်။ သူက အခြားအကြောင်းများသာ ဆက်ပြောနေခဲ့ပြီး ညစာကျွေးပါမည်ဟု ဖိတ်ခေါ်ခဲ့သည်။
ကူချင့်ဖေ၏ ရုံးခန်းမှထွက်၍ အောက်သို့ ဓာတ်လှေကားဖြင့်ဆင်းလာချိန်တွင် ဖုန်းက ရုတ်တရက်ထမြည်လေ သည်။ ဓာတ်လှေကားထဲတွင် သူတစ်ယောက်တည်းရှိသော်လည်း ဖုန်းမြည်သံက အနည်းငယ်ထူးဆန်းနေသော ကြောင့် သူ ဘာမှ မတုံ့ပြန်မိ။ သို့သော်ချက်ချင်း သဘောပေါက်လိုက်သည်မှာ ထိုဖုန်းသည် စုန့်ကျွီးဟန်ထံမှ ဖြစ်မည်ကိုပင်။
သူ လျင်မြန်စွာ ဖုန်းကိုင်လိုက်သည်။ “ဟေ့ ရှောင်စုန့်လား?”
“ဟယ်ကု မင်းငါ့ဖုန်းကို လာပို့ပေးမှာလား?” စုန့်ကျွီးဟန်၏ လေးတွဲ့တွဲ့လေသံက ဖုန်းထဲမှ ထွက်ပေါ်လာသည်။
“ကောင်းပြီလေ။ လိပ်စာ..”
စုန့်ကျွီးဟန်က စကားမဆိုချေ။ ဟယ်ကုက နှစ်ကြိမ်ခန့် အသံပြုသော်လည်း ပြန်ဖြေသံမကြားသော အခါမှ ဓာတ်လှေကားထဲတွင် လိုင်းမမိသောကြောင့်ဖြစ်ကြောင်းသိလိုက်ရသည်။ ဖုန်းလိုင်းပြတ်သွားပြီး ဓာတ်လှေကား အပြင်သို့ရောက်မှ သူပြန်ခေါ်လိုက်သည်။
ဖုန်းဝင်ဝင်ချင်းပင် စုန့်ကျွီးဟန်က အော်ဟစ်တော့သည်။ “မင်း ငါ့ဖုန်းကို ချပစ်ရဲတယ်။”
ဟယ်ကုကတော့ တည်ငြိမ်လျက်သာ။ “ငါ ဓာတ်လှေကားထဲရောက်နေလို့။ လိုင်းက သိပ်မကောင်းဘူး။”
စုန့်ကျွီးဟန်က စိတ်အေးသွားဟန် သက်ပြင်းချလိုက်သည်။ ခပ်တိုးတိုးတစ်ခု ပြောအပြီးတွင် ရှောင်စုန့်အသံသို့ ပြောင်းသွားခဲ့သည်။ “ဟယ်ကု.. အစ်ကို ကျွန်တော်တို့ တရှန်စတူဒီယိုမှာပါ။ အရမ်းအလုပ်များနေလို့ ဒီနေ့ တကယ် ထွက်လာလို့မရလို့ပါ။ ဘယ်တော့ လာပို့လို့ရမလဲဟင်?”
“ကိစမရှိဘူး။ လက်ထောက်ကို အခုပို့ခိုင်းလိုက်မယ်။”
“ကောင်းပါပြီ။ အစ်ကို့လက်ထောက်မရောက်ခင် ကျွန်တော့်ကို ဖုန်းခေါ်လိုက်နော်။ ကျွန်တော်သူ့ကို အလုပ်ကဒ်ပြားပို့ပေး...”
“သူကိုယ်တိုင်လာပို့လို့ပြောလိုက်။ ငါ့ဖုန်းကို သူစိမ်းလက်ထောက်တစ်ယောက်နဲ့ ပို့ခိုင်းဖို့စဥ်းစားနေတယ်ပေါ့။ လာနောက်နေတာလား။” ဖုန်းထဲမှ ကြားရသလောက် စုန့်ကျွီးဟန်၏ စိတ်အခြေအနေကောင်းပုံမရပေ။
ရှောင်စုန့်က အားတောင့်အားနာပြုံး၍ “အစ်ကိုဟယ်ကုရေ...”
“ရပါတယ်။ ငါရိုးနေပါပြီ။” ဖုန်းကိုချလိုက်ပြီး ဟယ်ကု ကူကယ်ရာမဲ့စွာ ခေါင်းကိုယမ်းလိုက်မိတော့သည်။ တရှန် စတူဒီယိုသည် မြောက်ဘက် ဆဌမမြို့ပတ်လမ်းပေါ်တွင်ရှိပြီး တစ်မြို့လုံးကို ဖြတ်၍ အမြန်မောင်းသွားရမည် ဖြစ်သည်။ ကားမပိတ်စေရန်သာ မျှော်လင့်ရတော့မည်ပင်။
ဟယ်ကုတစ်ယောက် လက်အောက်ငယ်သားများကို စကားအနည်းငယ်မှာ၍ ဖုန်းကိုယူကာ ထွက်လာခဲ့သည်။ စုန့်ကျွီးဟန်၏ ဇွတ်တရွတ်နိုင်မှုများကို မြင်ယောင်ကာ ရယ်ချလိုက်မိတော့သည်။ စုန့်ကျွီးဟန်သည် မီဒီယာများ ရှေ့တွင် ဣနြေတစ်ခွဲသားနှင့်နေတတ်သော်လည်း နောက်ကွယ်တွင် အာခေါင်ခြစ် အော်ဟစ်နေတတ် သူမျိုးပင်။ သူနှင့် စုန့်ကျွီးဟန်တို့ သိကျွမ်းလာသည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်သည်။ စုန့်ကျွီးဟန်လည်း လက်ထောက် ပေါင်း လေးယောက်တိတိပြောင်းခဲ့ပြီးဖြစ်သည်။ ဉာဏ်ကောင်းပြီး သည်းခံတတ်သူ ရှောင်စုန့်ကတော့ ရာထူး အမြဲဆုံးသူ ဖြစ်နေတော့သည်။
သေချာသည်ကတော့ မည်သူမျှ သူ့ကို ရေရှည်သည်းမခံနိုင်ကြပါပေ။
သူက စုန့်ကျွီးဟန်အပေါ်တွင် သူ့မိဘများ ထက်ပင် နေရာအတော်များများတွင်
စိတ်ရှည်သည်းခံနိုင်သူဖြစ်သည်။
အမှန်စင်စစ်တွင် စုန့်ကျွီးဟန်နှင့် သင့်မြတ်ရန်မှာ ခက်ခဲလှသည်တော့မဟုတ်။ စုန့်ကျွီးဟန်က လူတွေကို ကိုက်တော့မစားတတ်ပါချေ။ သူက သူ့စိတ်ထဲရှိသည့်အတိုင်း လျှောက်လုပ်နေတတ်သူသာဖြစ်သည်။
အခြားသူများက သူ့ကို
သည်းမခံကြသလို သူ့အနားလည်း မကပ်ကြ။ ထိုသူတို့သည် စုန့်ကျွီးဟန်ကို လက်လွတ်
ဆုံးရှုံးရမှာကို ဟယ်ကု ကြောက်နေသလို မကြောက်တတ်သောကြောင့်ဖြစ်ပေလိမ့်မည်။