book

Index 2

အခန်း ၂။ ငါကမင်းရဲ့ကိုယ်လုပ်တော်မဟုတ်ဘူး

  • Author : Caramel Popcorn
  • Genres : Romance
  • Original Author : Shui Qian Cheng

နိုးလာသည့်အခါ အချိန် သုံးရက်ပင် ကုန်ဆုံးသွားလေပြီ။

ဟယ်ကု မျက်လုံးများကိုဖွင့်လိုက်သည်။ နေက မျက်နှာပေါ်ကို ထိုးနေပြီး ခါးပေါ်တွင်လည်း လေးလံသော လက်တစ်ဖက်ကရှိနေသည်။ သူ လက်ကို ဆွဲယူပြီး ရင်ခွင်ထဲ တိတ်တဆိတ် ထည့်ဖက်ထားလိုက်သည်။ ထို့နောက် ခေါင်းအုံးပေါ်ရှိ ယောက်ျားသားကို ကြည့်နေမိပြန်သည်။


စုန့်ကျွီးဟန်သည် နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်လျက်ရှိသည်။ ရှုပ်ပွနေသောဆံပင်များက မျက်နှာပေါ်သို့ဖြာကျ နေသည်။ ရှည်လျားသော မျက်တောင်များက မျက်နှာပေါ်တွင် ယပ်တောင်သဖွယ်အရိပ်ငယ်လေးဖြစ်နေစေသည်။ နှာသီးဖျားက လေကို ညင်ညင်သာသာမှုတ်ထုတ်လျက်ရှိသည်။ Aryan သွေး လေးပုံတစ်ပုံကြောင့် စုန့်ကျွီးဟန်၏ မျက်နှာချောချောလေးတွင် ဥရောပသားတို့၏ ထီမထင်ဟန်သာမက အာရှသားတို့၏ လျှို့ဝှက်နက်နဲဟန်တို့ပါ ပေါင်းစပ်နေလေသည်။ လူတွေကို ရူးသွပ်သွားအောင် အလွယ်လေး စွမ်းဆောင်နိုင်သည့် မျက်နှာမျိုးဆိုသည်မှာ သူယခုမြင်နေရသည့် မျက်နှာပင်ဖြစ်မည်။


ဟယ်ကု စုန့်ကျွီးဟန်ကို ချစ်ရခြင်းအကြောင်းများကို အချိန်အတော်ကြာစဥ်းစားနေခဲ့သည်။ ဒီမျက်နှာလေးကြောင့် ဖြစ်မည်လားဟု တွေးမိသည်။ ဟယ်ကုသည် အင်ဂျင်နီယာတစ်ဦးဖြစ်သည့်အလျောက် အတွေးအခေါ်ကောင်းပြီး အရာရာကိုစနစ်တကျဖြေရှင်းတတ်သည်။ သို့သော် ဥပမာ ဥပမေးယျများဖြင့် နှိုင်းဆ၍လည်း သုံးသပ်တတ်သေး သည်။ နောက်ဆုံးတွင်တော့ စုန့်ကျွီးဟန်ထံတွင် မျက်နှာချောချော၊ မျိုးရိုးအဆင့်အတန်းကောင်းကောင်း၊ ငွေကြေးကြွယ်ဝမှုနှင့် ရင့်ကျက်မှုတွေ မရှိခဲ့လျှင်တောင် ဟယ်ကုကိုတော့ ကြွေအောင်လုပ်နိုင်ဆဲ ဖြစ်မည်ဆိုသည့် အဖြေဖြင့်သာ နိဂုံးချုပ်လိုက်ရသည်။


အသိုင်းအဝိုင်းကြီးပြီး အဆင့်အတန်းမြင့်သောမိဘများမှပေါက်ဖွားသော ခပ်ချေချေသားတစ်ယောက်ဖြစ်ပြီး ဖူးဖူးမှုတ် ကိုးကွယ်ချင်စရာ ဆွဲဆောင်မှုရှိလှသော အထက်တန်းကျောင်းသားလေး စုန့်ကျွီးဟန်ကို ယခုလက်ရှိအချိန်သို့ ပို့လိုက်မည်ဆိုလျှင် သူ့အပြော၊ သူ့အပြုံးများကို ဟယ်ကုအနေဖြင့် ငြင်းဆန်နိုင်စွမ်း ရှိကောင်းရှိမည် ဖြစ်သော် လည်း ထိုစဥ်က ငယ်ရွယ်သေးသော ဟယ်ကုလေးခမျာတော့ မငြင်းဆန် နိုင်ခဲ့ပါချေ။


စုန့်ကျွီးဟန်ကို သူအမှန်တကယ်နားလည်ခဲ့ချိန်တွင် စုန့်ကျွီးဟန်ဆိုသည်မှာ ထက်မြက်ပြီး ကိုယ့်အတွက် ကိုယ်သာ သိသော သူတစ်ဦးဖြစ်ကြောင်း သိလိုက်ရသည်။ ဟယ်ကု၏ စုန့်ကျွီးဟန်အပေါ်နားလည်မှုသည် သူ့မိဘများနှင့် ယှဥ်လျှင်သာ ဒုတိယဖြစ်ကောင်းဖြစ်မည်။ အကြောင်းမှာ စုန့်ကျွီးဟန်သည် သူ့ရှေ့တွင် လူကြီးလူကောင်းတစ်ဦးလို မည်သည့်အခါမှ ပြုမူလေ့မရှိဘဲ အလုပ်ရှုပ်ခံပြီး ဟန်ဆောင်မနေသောကြောင့် ဖြစ်သည်။ 


ဟယ်ကု အိပ်ပျော်နေသူကို အချိန်အတော်ကြာ ကြည့်နေခဲ့သည်။ ထို့နောက်တွင် ပင်ပန်းပြီး တောင့်တင်းနေသော ကိုယ်ခနာကို သက်သာစေရန် လှုပ်ရှားလိုက်မိသည်။


ယခုတစ်ကြိမ်တွင်တော့ စုန့်ကျွီးဟန် နိုးလာရာ သမ်းဝေရင်းဖြင့် “ဘယ်အချိန်ရှိပြီလဲ?” ဟုမေးသည်။


 "ဆယ်နာရီခွဲ"


စုန့်ကျွီးဟန် မျက်ဝန်းများကို ခပ်မြန်မြန်ဖွင့်လိုက်မိသည်။ “သေစမ်း။ ‌ရှောင်စုန့်က ဘာလို့ ဖုန်းမဆက်တာလဲ?”


ရှောင်စုန့်က စုန့်ကျွီးဟန်၏ လက်ထောက်ဖြစ်သည်။


စုန့်ကျွီးဟန် ဘေးဘီကို ကြည့်ရင်း သုန်သုန်မှုန်မှုန်မျက်နှာဖြင့် “ငါ့ရဲ့ဖုန်းဘယ်မှာလဲ?” ဟုမေးလေသည်။


ဟယ်ကု အိပ်ရာမှ ထ၍ ဧည့်ခန်းထဲသို့ထွက်သွားသည်။ ခဏအကြာတွင် စုန့်ကျွီးဟန်၏ ဖုန်းကိုကိုင်၍ ပြန်ရောက်လာတော့သည်။


စုန့်ကျွီးဟန် ဖုန်းကိုယူလိုက်သောအခါ စက်ပိတ်နေကြောင်းတွေ့လိုက်ရသည်။ ထိုအခါ ဖုန်းကို စောင်ပေါ်သို့ ပစ်ချ၍ ဟယ်ကုဘက်လှည့်ကာ “မင်းရဲ့ဖုန်းပေး” ဟု တောင်းတော့သည်။

ဟယ်ကု သူ့လက်ထဲဖုန်းထည့်ပေးသောအခါ စုန့်ကျွီးဟန်တစ်ယောက် ရှောင်စုန့်ထံဖုန်းခေါ်တော့သည်။


“ဟေ့..ဟုတ်တယ်။ ငါကဘာလို့ဒီရောက်နေတာလဲ? ဘယ်လို? ကောင်းပြီလေ။ လွတ်သွားပြီးမှတော့ ပြန်ပြောင်းရုံ ပဲပေါ့။ မင်းပဲသူတို့ကို ရှင်းပြလိုက်တော့။”


ဖုန်းချပြီးသောအခါ စုန့်ကျွီးဟန် အိပ်ရာပေါ်တွင် နေရာပြန်ယူပြန်သည်။


ဟယ်ကုက မေးလိုက်သည်။ “ဘာကိစလဲ? တစ်ခုခုမှားသွားလို့လား?”


“ဟုတ်တယ်။” စုန့်ကျွီးဟန် မသက်မသာဖြင့်ပင် ပြန်ဖြေသည်။ “ငါစားဖို့ တစ်ခုခုသွားယူပေးစမ်းပါ။”


ဟယ်ကု အဝတ်ပြန်ဝတ်ပြီး အရင်ဆုံး စုန့်ကျွီးဟန်၏ ဖုန်းကို အားသွင်းပေးလိုက်သည်။ ပြီးမှ မီးဖိုထဲဝင်၍ မနက်စာ ပြင်ဆင်လေသည်။


စုန့်ကျွီးဟန်မျက်နှာသစ်ပြီးသောအခါ စားပွဲပေါ်တွင် မနက်စာက အသင့်ရောက်နေပြီဖြစ်သည်။ စုန့်ကျွီးဟန် ဝင်ထိုင်ပြီး စကားတစ်ခွန်းမဆိုဘဲ စားနေလိုက်သည်။ ဟယ်ကုမှာတော့ မီးဖိုထဲတွင် အလုပ်ရှုပ်နေဆဲဖြစ်၍ သူမမြင်လိုက်ပေ။


ဟယ်ကု စားပွဲပေါ်သို့ ကြက်ဥကြော်လာချပေးသောအခါ စုန့်ကျွီးဟန်က စားပွဲတွင်ရှိသမျှ အကုန်နီးပါး စားပစ်ထားပြီ ဖြစ်သည်။ ထို့နောက် လက်လှမ်း၍ “ငါ့ဖုန်းပေးဦး။” ဟုတောင်းလာခဲ့သည်။


ဟယ်ကု ဖုန်းကို သွားယူ၍ ဖွင့်ကာ လှမ်းပေးလိုက်သည်။


စုန့်ကျွီးဟန် ဖုန်းခလုတ်နှိပ်လိုက်ရာ WeChat ဖုန်းတစ်ခု ဝင်လာလေသည်။ အလွန်ချိုသော်လည်း ဆိုးနွဲ့ဟန် အမျိုးသမီးအသံတစ်ခုက “ရှင်ကျွန်မဆီဘာလို့ ပြန်မလာတာလဲ? ကျွန်မအရမ်းဝမ်းနည်းတာပဲ။” ဟူ၍ ထွက်ပေါ် လာသည်။ 


စုန့်ကျွီးဟန်က အစားစားနေရင်း အနည်းငယ်အားနာသံဖြင့် “ကိုယ် အခုတလောအလုပ်များနေတယ်” ဟု ပြန်ဖြေလိုက်သည်။


ဟယ်ကု လက်ထဲက တူကို သူကိုယ်တိုင်မသိလိုက်ဘဲ တင်းကြပ်စွာ ဆုပ်ထားမိတော့သည်။ လည်စေ့မှာလည်း အထက်အောက် လှုပ်ခတ်နေပြီး ခေါင်းကိုငုံ့ကာသာ ဆန်ပြုတ်ကို တိတ်တိတ်လေး သောက်နေရသည်။


နှစ်ဦးသား စကားပြောကြရာတွင် အမျိုးသမီးအသံကလည်း အလွန်ချိုကြည်နေသလို၊ စုန့်ကျွီးဟန်ကလည်း မျက်နှာတည်တည်ဖြင့် ပြန်လှန်ပြောဆိုနေသဖြင့် ဟယ်ကုမှာသာ ခိုးနားထောင်မိသူ နှာဘူးတစ်ယောက်လို ခံစားလိုက်ရတော့သည်။


စုန့်ကျွီးဟန်က ဆန်ပြုတ်ကို သောက်လိုက်ရင်း အမှတ်တမဲ့ မေးလာခဲ့သည်။ “မင်းသူ့အသံကိုမှတ်မိလား?”


ဟယ်ကုခေါင်းသာ ယမ်းပြလိုက်သည်။


“သြော်.. မင်းက အခုခေတ်စားတဲ့သီချင်းတွေ သိပ်နားမထောင်တာ ငါမေ့သွားတယ်။ ဒါ အနုပညာလောကမှာ အခုတလောခေတ်စားလာတဲ့တစ်ယောက်လေ။ သူက ငါ့ကိုလာနွယ်နေတာ။ သူ့အတွက် သီချင်းရေးပေးခိုင်းနေ တာပေါ့။”


“မင်း သူနဲ့အိပ်နေတာလား?” ဟယ်ကုလည်း အမှတ်တမဲ့ဟန်ဖြင့်သာ ပြန်မေးလိုက်သည်။


အမှန်တကယ်တော့ သူက သီချင်းနားထောင်ရတာကို ကြိုက်သည်မဟုတ်။ စုန့်ကျွီးဟန်၏ သီချင်းတွေကိုသာ ကြိုက်ခြင်းဖြစ်သည်။ နေရာပေါင်းစုံတွင် သူ့သီချင်းများကို မရေမတွက်နိုင်အောင် နားထောင်ဖူးသည်။ အခြားသူများ၏ သီချင်းတွေကိုတော့ နားထောင်ရတာ မကြိုက်ပေ။


သူက ခေါင်းကို ယမ်း၍ ပေါ့ပေါ့တန်တန်သာ ပြန်ဖြေသည်။ “မသိပါဘူး။ အဲ့ဒါက နည်းနည်းတော့ ရှုပ်တယ်။”


“မင်းက သူ့ကို ဂရုစိုက်နေသားပဲ။”



“ငါ့အဖေက သူ့ကို ဆွဲထားစေချင်တာလေ။ သူ့ပုံစံမျိုးက အရမ်းထူးခြားတယ်။ ဒါပေမဲ့ ငါက သူ့ကို ဘာလို့ သီချင်းရေးပေးချင်ရမှာလဲ?” စုန့်ကျွီးဟန်က အပြုံးဖြင့်ဆက်ပြောသည်။ “သီချင်းရေးပေးလို့ ပိုက်ဆံဘယ်လောက် ရမှာမို့လို့လဲ?”


ဟယ်ကု စကားမဆိုခဲ့ပါ။


စုန့်ကျွီးဟန်က ဟယ်ကုကိုကြည့်၍ ပြောင်‌လှောင်စွာဆိုသည်။ “ဟေ့.. ငါ့ကို ချဥ်းကပ်လာတဲ့သူတွေက တစ်ခုခုတော့ ရချင်လို့ချည်းပဲလေ။ မဟုတ်ဘူးလား?”


“ငါ သိပါတယ်။” ဟယ်ကု ပါးစပ်သုတ်လိုက်ရင်း သူ့ကို ခပ်ဖျော့ဖျော့လေးပြန်ကြည့်လိုက်သည်။ “မင်းမျက်နှာကိုမြင်တာနဲ့ ငါသိပါတယ်။”


စုန့်ကျွီးဟန် အားပါးတရ ရယ်တော့သည်။


ဟယ်ကုလည်း အရယ်များကို ပြုံးပြုံးလေးသာ အဆုံးသတ်လိုက်သည်။ စုန့်ကျွီးဟန်က သူလည်း ဒီလိုလူတွေနှင့် သိပ်မကွာဟု ထင်မြင်နေပုံရသည်။ ဟယ်ကုက သူ့မျက်နှာ၊ သူ့အမည်နှင့် သူ့ပိုက်ဆံများကိုသာ ကြည့်သူဖြစ်သောကြောင့် ဟယ်ကုကို ဘာအကြောင်းမှရှင်းပြရန်မလို ဟူသော အတွေးမျိုးရှိဟန်ပင်။ သူတို့နှစ်ဦး ကြားတွင် အပြန်အလှန်အကျိုးရှိစေသည့် ဆက်ဆံရေးမျိုးရှိရန်သာ စုန့်ကျွီးဟန်က လိုလားသူ ဖြစ်သည်။


ပိုဆိုးသည်ကတော့ ဟယ်ကု၏ ခံစားချက်များသည် စုန့်ကျွီးဟန်အတွက် မရယ်ရသော ပြက်လုံးတစ်ခုမျှသာ ဖြစ်နေခြင်းပင်။ ဟယ်ကု သူ့အရှက်သူ ပြန်မခွဲလိုတော့ပါ။

ဟယ်ကုတွင် ပြောစရာမရှိပါချေ။ သူသည် စုန့်ကျွီးဟန် စိတ်ပျက်အောင် အနှောင်အဖွဲ့မလုပ်၊ ပြဿနာလည်းမရှာ၊ ကလန်ကဆန်မပြုတတ်သူ ဖြစ်သောကြောင့် စုန့်ကျွီးဟန်က သူ့ကို ရိုးအီလာသည့် တစ်နေ့မရောက်မချင်း သူတို့နှစ်ဦး ဆက်ဆံရေးကို ထိန်းထားနိုင်ပါလိမ့်မည်။ လိုသုံးဟု ခေါင်းစဥ်တပ်လည်း ခံနိုင်သည်ပင်။ သူတို့နှစ်ဦးသည် သူငယ်ချင်းလည်း မဟုတ်သောကြောင့် လိုသုံးအဖြစ်ပင် နေခွင့်မရတော့ပါက ဟယ်ကုဘဝတွင် ဒီလူကို နောက်ထပ် ထိတွေ့ခွင့် မရနိုင်တော့မည်ကိုသာ စိုးရွံ့နေမိသည်။ 

 

ညစာစားပြီးသော အခါ စုန့်ကျွီးဟန်က တစ်စုံတစ်ယောက်ကို ဖုန်းခေါ်ပြန်လေသည်။ ကြည့်ရသည်မှာ ကားဆရာကို ခေါ်နေခြင်းဖြစ်ပုံရသည်။


မီးဖိုခန်းကို ရှင်းလင်းပြီးသောအခါ ဟယ်ကုက အရင်ဦးဆုံး tablet ကိုဖွင့်လိုက်ပြီး နောက်ဆုံးပေါ် ဂိမ်းများကို ဝယ်ပစ်လိုက်သည်။ ယွမ်ထောင်ကျော်သုံးပြီးမှသာ စျေးဝယ်ခြင်းရပ်ပြီး TV စကြည့်တော့သည်။


သူ၏ ၄၈ လက်မ TV ကြီးသည် လွန်ခဲ့သော နှစ်နှစ်ကမှ ဝယ်ထားခြင်းဖြစ်သည်။ စုန့်ကျွီးဟန် အိမ်တွင်ရှိသော TV နှင့်လည်း အရွယ်အစားတူပင်ဖြစ်သည်။ ဟယ်ကုသည် အလုပ်များသူဖြစ်၍ ပုံမှန်အားဖြင့် TV လည်း ကြည့်လေ့ မရှိပါပေ။ စုန့်ကျွီးဟန်သာ ဂိမ်းများလာဆော့လေ့ရှိသည်။ ယခု TV သည်လည်း စုန့်ကျွီးဟန်အတွက် ဝယ်ထားပေးခြင်းသာ ဖြစ်သည်။ အမှန်စင်စစ် TV တစ်ခုတည်းသာ မကပေ။ ဟယ်ကုက မိသားစုသေးသေးလေးမှ လာသူဖြစ်ပြီး မိဘများမှာလည်း ချမ်းသာသူများမဟုတ်ကြ။ သို့သော် ဟယ်ကုက သူ့ထံ မကြာခဏလာလည်တတ်သော စုန့်ကျွီးဟန်အတွက်တော့ အရာရာပြင်ဆင်ထားပေးလိုသည်။ ယခုလည်း စျေးကွက်ထဲတွင် ၆၅ လက်မ TV ကြီး ပေါ်ကာစ ဖြစ်နေသည်။ ကြည့်ရသည်မှာ အတော်ကို စတိုင်ကျပြီး စျေးလည်းကြီးလှသည်။ တစ်လုံးကို ယွမ် ၄ သောင်းကျော်ပင် ကျသင့်သည်။ ဟယ်ကု ကွန်ပျူတာဖွင့်၍ ခေတစဥ်းစားအပြီးတွင် အော်ဒါတင်လိုက်တော့သည်။


လက်ချောင်းလေးဖြင့် ခလုတ်တစ်ချက်အနှိပ်တွင် သူ့ နှစ်လစာ ပြောင်သွားလေပြီ။


ဟယ်ကု အနည်းငယ် ရင်နာသလိုရှိသော်လည်း တွေးကြည့်လျှင် ဘာမှမဟုတ်သည့်ကိစပင်ဖြစ်သည်။ ပိုက်ဆံဆိုသည်မှာ သုံးပစ်ရန် ရှာကြရသည်ပင်။ ဒါကလည်း အခြားကြောင့်မဟုတ် သူ့စိတ်ပျော်ရွှင်မှုအတွက် သုံးလိုက်ခြင်းသာ။ စုန့်ကျွီးဟန်ကို မြင်ခွင့်ရလျှင် သူပျော်ရွှင်မည်လေ။ ဒီ့အပြင် သူက တစ်ကိုယ်တည်းသမား ဖြစ်တာကြောင့် ပုံမှန် ငွေအသုံး သိပ်မရှိလှ။ အနာဂတ်တွင်လည်း လက်ထပ်ဖို့ရာ မရှိ။ ဇနီးမရှိလျှင် သားသမီးများ ရှိလာစရာလည်းအကြောင်းမရှိ။ ထိုသို့ဆိုလျှင် ငွေများ ဘာကြောင့် စုဆောင်းနေတော့မည်နည်း? 

 

စုန့်ကျွီးဟန်က ဖုန်းပြောအပြီး ပြန်ဝင်လာခဲ့သည်။ ခါးကို ဆန့်ထုတ်၍ ဆိုဖာခုံပေါ်တွင် ပျင်းရိစွာလဲလျောင်းရင်း ဆိုလာသည်မှာ_ “ဟယ်ကု ငါ့ကို လာနှိပ်ပေးပါဦး။”


ဟယ်ကု လက်ထဲမှ tablet ကိုချ၍ သူ့ဘေးသို့ ပြောင်းထိုင်လိုက်သည်။ ကျွီးဟန်ကို သူ့ပေါင်ပေါ် ခေါင်းအုံးစေလိုက်ပြီး ခေါင်းကို အနည်းငယ် ဖိကာ ဖိကာဖြင့် နှိပ်ပေးနေမိသည်။


စုန့်ကျွီးဟန်က မျက်လုံးများမှိတ်၍ ခပ်ဖြည်းဖြည်း သက်ပြင်းချသည်။ သူ့ကိုကြည့်ရသည်မှာ အလွန် သက်သောင့်သက်သာရှိနေပုံပင်။


ဟယ်ကုခမျာ စုန့်ကျွီးဟန်နှုတ်မှ ထွက်လာသည့် သက်ပြင်းချသံများကို ခံနိုင်ရည်မရှိပါချေ။ ခေါင်းကို ငုံ့၍ နဖူးပြင်ဖွေးဖွေးလေးကို အနမ်းပေးလိုက်ချင်စိတ်သာ ဖြစ်ပေါ်နေတော့သည်။ “မင်း ဖျော်ဖြေပွဲအတွက် ပြင်နေတာလား?” ဟု ညင်ညင်သာသာမေးလိုက်သည်။


“နောက်ဆိုရင်တော့ ငါ ပွဲတွေ နည်းနိုင်သမျှနည်းနည်းပဲ လုပ်ဖို့ကြိုးစားတော့မယ်။ ပိုက်ဆံကပိုက်ဆံဆိုပေမဲ့ အဲ့ဒီမှာ ခွန်အားတွေ သုံးလိုက်ပြီးရင် ငါ အမြဲ ပင်ပန်းရတယ်။”


စုန့်ကျွီးဟန်သည် ပါရမီပါသော အဆိုတော်တစ်ယောက်ဖြစ်သလို တီထွင်ဆန်းသစ်တတ်သည့် ပါရမီရှင် ဖျော်ဖြေသူ တစ်ယောက်လည်းဖြစ်သည်။ အဆိုရော အကပါ ထူးချွန်လှပြီး သီချင်းလည်း ကောင်းကောင်းရေးနိုင်ပြန်သည်။ ဂီတရပ်ဝန်းတွင် တရုတ်သီချင်းရေးသူက အနည်းငယ်သာရှိသည်။ သူ့ထံသို့ သီချင်းလာရေးခိုင်းသူ မည်မျှရှိမည်ကို မည်သူမျှမသိနိုင်ပါချေ။ စုန့်ကျွီးဟန်ရေးသော သီချင်းကို သီဆိုခွင့်ရသူသည် သူ့နယ်ပယ်တွင် နေရာတစ်နေရာ ခိုင်ပြီ ဆိုသည့် အဓိပာယ်ပင်ဖြစ်သောကြောင့် သူ့သီချင်းများကို ရွှေပေးဝယ်ချင်ကြသူချည်း ဖြစ်သည်။

ဟယ်ကုက လက်ချောင်းများဖြင့် သူ့ဆံပင်များကို ဖြီးသင်ပေးနေလိုက်သည်။ “မင်း သီချင်းတွေရေးရတာ ပိုကြိုက်မှန်း ငါသိပါတယ်။”


စုန့်ကျွီးဟန်က နှာတစ်ချက်ရှုံ့ပြီးမှ သမ်းဝေလိုက်သည်။ ရုတ်တရက် သူတစ်စုံတစ်ခုကို အမှတ်ရသွားလေသည်။ “ဟေ့ ငါဒီနေ့ ဘယ်သူ့ကို တွေ့ခဲ့လဲ မှန်းကြည့်။”


“ဘယ်သူလဲ?”


“ကောလိပ်တုန်းက မင်းရဲ့ ရည်းစားလေ။ သူအိမ်ပြန်လာပြီ။”


ခဏကြာအပြီးမှ ဟယ်ကု၏ လက်များ ရပ်တန့်သွားတော့သည်။ သူ့ခံစားချက်များကို ဖုံးကွယ်၍ “ဖုန်းကျုန်း? သူက ငါ့ရည်းစားမဟုတ်ဘူးဆိုတာ မင်းသိပါတယ်။”


“သြော်.. ဒါဆိုဘာလဲ? အိပ်ရာပေါ်ကသူငယ်ချင်းလား?” စုန့်ကျွီးဟန်က ပြုံးလိုက်သည်။ “မရဘူး။ မင်းက ငါ့အနားမှာပဲနေရမှာ။”


ဟယ်ကု လေသံက ခပ်မှန်မှန်သာ။ “ငါတို့က သူငယ်ချင်းတွေပါလို့ ပြောတယ်လေ။”


စုန့်ကျွီးဟန်က ဆိုဖာခုံတွင် ထထိုင်လိုက်ရင်း သူ့ကို မျက်လုံးမှေးစင်း၍ ကြည့်လာခဲ့သည်။ “သူကအခုဆို အတော်စုံနေပြီ။ တရုတ်ပြည်ပြန်လာပြီး သူ့ကုမဏီလည်း သူပြန်မသွားဘူး။ ရင်းနှီးမြှုပ်နှံတဲ့ ကုမဏီတစ်ခုပဲ ထောင်လိုက်တယ်။ သူ့ကုမဏီက ရုပ်ရှင်ကားသစ်တွေထုတ်တော့မှာမို့လို့ ငါ့ဆီ လာရှာတာ။ သူပြောတာ‌တော့ သူက တည်ငြိမ်နေပြီ၊ အရင်လို မရမ်းကားတော့ဘူးဆိုပဲ။ အင်း.. သူက မင်းအကြောင်းလည်းမေးနေသေးတယ်။”


“သြော်”


“သူ ဘာမေးလဲ မင်းမသိချင်ဘူးလား?”


ဟယ်ကု ခေါင်းခါပြလိုက်သည်။ သူစိတ်မကောင်းတော့ဖြစ်သွားရသည်။ ခံ့ညားပြီး အမျိုးကောင်းသားပီသသော မျက်နှာလေးက သူ့ခေါင်းထဲပေါ်လာသည်။ စုန့်ကျွီးဟန်ကြောင့်သာ မဟုတ်လျှင် ဖုန်းကျုန်းနှင့်သူ ....


“သူက ငါတို့တွဲနေတုန်းလားလို့မေးတယ်။” စုန့်ကျွီးဟန်က ဟယ်ကု၏ မေးစေ့လေးကို ပင့်၍ မျက်လုံးချင်း ဆုံစေလိုက်ပြီးမှ  စိတ်ပေါ့ပါးသွားဟန် သက်မ ချသည်။ သူ့မျက်ဝန်းထဲတွင် နူးညံ့သော အရိပ်အယောင်လေးတစ်ခု ရှိနေခဲ့သည်။ “ငါသူ့ကိုဘယ်လိုပြန်ဖြေလိုက်လဲ ခန့်မှန်းကြည့်။”


ဟယ်ကုက လေသံ ခပ်တန်းတန်းဖြင့်သာဆိုသည်။ “..စိတ်မဝင်စားဘူး။”


စုန့်ကျွီးဟန်ပြုံးလိုက်သည်။ “အခုထိ မင်းက ငါ့ရဲ့ ကိုယ်လုပ်တော်တွေထဲကတစ်ယောက်ဖြစ်နေတုန်းပဲလို့ ပြောခဲ့လိုက်တယ်။ အဲ့ဒီအချိန်မှာလေ သူ့မျက်နှာကြီးက တကယ်အားရစရာ မှုန်ကုပ်သွားတော့တာပဲ။”


ဟယ်ကု မျက်မှောင်ကြုတ်ပြီး ထကာ စာကြည့်ခန်းထဲသို့ဝင်ရန်ပြင်သည်။


စုန့်ကျွီးဟန်က သူ၏လက်ကောက်ဝတ်ကို အားဖြင့် လှမ်းဆွဲလိုက်သည်မှာ အညိုအမည်းစွဲမတတ်ပင်။ မျက်နှာပေးကလည်း အလွန်မထီမဲ့မြင်နိုင်လှသည်။ “ဘာဖြစ်သွားတာလဲ? မင်းက ဝမ်းမသာဘူးလား?”


“မဟုတ်ပါဘူး။ ဒီအတိုင်း စိတ်မဝင်စားတာပါ။”


စုန့်ကျွီးဟန် မတ်တပ်ထရပ်ပြီး သူ့မေးစေ့လေးကို ဆွဲညှစ်ကာ ရယ်လိုက်သည်။ “ဟန်ဆောင်မနေပါနဲ့။ သူ့နာမည်ကိုကြားတော့ မင်းမျက်လုံးတွေက အရောင်ပြောင်းထွက်သွားတာပဲ။ အဲ့ဒီကောင်လေးက ငါတို့ တွဲနေလို့သာ နောက်ဆုတ်သွားတာလေ။”

 

“ငါတို့ တွဲမနေပါဘူး။” ဟယ်ကု စုန့်ကျွီးဟန်ကို မော့ကြည့်လိုက်သည်။


စုန့်ကျွီးဟန် ကြောင်အ သွားရသည်။


ဟယ်ကုက ပြုံးကာ လက်ညှိုးဖြင့် သူ့ကိုယ်သူနှင့် စုန့်ကျွီးဟန်ကို ထိုးပြလိုက်ရင်း “ဒီဥစာကို အဲ့လိုကြီးမခေါ်စမ်း ပါနဲ့။ ငါတို့နှစ်ယောက် တွဲနေပါတယ်ဆိုတာကြီး။ ငါက မင်းရဲ့ ကိုယ်လုပ်တော်လည်း မဟုတ်ဘူး။ မင်းက ငါတို့ကြားမှာ ဘယ်လို ဆက်ဆံရေးမျိုးရှိလဲဆိုတာ တကယ်ဆွေးနွေးချင်လို့လား? မင်းနဲ့ငါ ဒီအကြောင်းကို စကားပြောကြည့်ဖို့ တကယ်ရောလိုလို့လား?"


စုန့်ကျွီးဟန်က သူ့လက်ကို လွှတ်ပေးလိုက်သည်။ သူ့လေသံကတော့ အေးစက်သွားပြီဖြစ်သည်။ “မလိုပါဘူး။”


ဟယ်ကုခေါင်းညိတ်လိုက်သည်။ “ငါ အလုပ်လုပ်စရာလေးတွေရှိသေးတယ်။ မင်း ဂိမ်းသွားဆော့တော့လေ။ တစ်ခုခုလိုရင် ငါ့ကိုခေါ်လိုက်။”


ဟယ်ကု စာကြည့်ခန်းသို့ ပြန်မသွားဖြစ်ခဲ့ပါ။ နေရာတွင်သာ ထိုင်ချ၍ အသက်ကို ပြင်းပြင်းရှုသွင်းလိုက်ရသည်။ တံခါးဆောင့်ပိတ်သံကြားရပြီးနောက် အရာရာတိတ်ဆိတ်သွားကြပြန်သည်။ သူ သက်ပြင်းကို လေးပင်စွာချ၍ စိတ်ညစ်ညူးစွာ ဆံပင်များကို ဆောင့်ဆွဲနေမိသည်။


ဘာလို့များ စိတ်ရှုပ်ခံနေရမည်နည်း? အကြာကြီးနေမှ တစ်ခါပေါ်လာတတ်သူမျိုးနှင့် အပြန်အလှန် အကျိုးရှိ/မရှိ ငြင်းခုန်နေရမှာလည်း အဓိပာယ်မရှိလှချေ။ နှစ်များစွာ ကြာပြီးသည့် တိုင်အောင် စုန့်ကျွီးဟန် ဘယ်လိုလူ ဖြစ်ကြောင်း သူမသိသေးပါပေ။


စိတ်ရှုပ်စွာဖြင့် အံဆွဲအောက်ခြေတွင် မှတ်စုစာအုပ်ဖြင့် ဖုံးထားသော ဆေးလိပ်ကို ထုတ်ယူလိုက်မိသည်။ စုန့်ကျွီးဟန်မှာ အသားအရေထိန်းသိမ်းလိုသောကြောင့် ဘယ်တော့မှ ဆေးလိပ်သောက်လေ့မရှိပေ။ ဆေးလိပ်အနံ့ကိုလည်းမကြိုက်။ ဟယ်ကု Project များကြောင့် ညည့်နက်အထိ အလုပ်လုပ်ရသည့်အခါ တစ်ခါတစ်လေ မသောက်ဖြစ်၊ တစ်ခါတစ်လေလည်း ထိန်းမရအောင် သောက်ချင်လာလျှင် သောက်လိုက်မိပြန်သည်။ သို့သော် လျှော့သောက်နိုင်ရန် သူကြိုးစားသည်။ စုန့်ကျွီးဟန်အိမ်တွင် ဆိုလျှင် ဆေးလိပ်မသောက်ရသည်သာ များသည်။ အရေးအကြီးဆုံးအချက်မှာ သူ၏ဆေးလိပ်သောက်တတ်သည့် အကျင့်ကို စုန့်ကျွီးဟန် မသိစေရန် ထိန်းရခြင်းဖြစ်သည်။  


တစ်ဖွာရှိုက်လိုက်သောအခါ ဆေးရွက်ကြီး အရသာက သူ့နှာခေါင်းကိုဖြတ်၍ အဆုတ်ထဲ ဝင်ရောက်လာသည်။ အမှန်တော့ သူကဆေးလိပ်အရသာကို ကြိုက်လှသည်မဟုတ်ပေ။ ဆေးလိပ်သောက်ရသည့် ကြမ်းရှရှ ခံစားချက်ကသာ သူ့ကို လန်းသွားစေခြင်းဖြစ်သည်။  


သူ ပြတင်းပေါက်နားသွားရပ်သည့်အခါ ကားထဲတွင်ထိုင်နေသော စုန့်ကျွီးဟန်ကို မြင်ရသည်။ ကားဆရာက တံခါးလာပိတ်ပေးသည်ကိုပင် မစောင့်ချေ။ ကိုယ်တိုင်တံခါးဖွင့်ဝင်ပြီး ကားဆရာကို အနောက်သို့တွန်းလွှတ်လိုက်သည်။


ယနေ့ စုန့်ကျွီးဟန်ကိုကြည့်ရသည်မှာ အလွန်‌ဒေါသထွက်နေပုံပေါ်သည်။ ဟယ်ကုကတော့ ရယ်စရာကောင်းသည် ဟုသာ ခံစားရသည်။ အတိတ်တုန်းက ဖုန်းကျုန်းကို အရှက်တကွဲဖြစ်စေပြီး စုန့်ကျွီးဟန်ကို စနောက်သည့် ကစားပွဲတွင်အနိုင်ရလိုက်သူမှာ ဟယ်ကုဖြစ်သည်။ မဟုတ်သေးပေ။ အမြဲတမ်းအနိုင်ရနေသူမှာ စုန့်ကျွီးဟန်သာ ဖြစ်သည်။ သူက မွေးကတည်းက အောင်နိုင်သူတစ်ဦးဖြစ်ရန် ကံကြမာပါလာသည့် သူမျိုး။

 

မိုးများက ရွာလျက်ရှိဆဲပင်။


ဟယ်ကုအခြေအနေက အမြင့်သို့ရောက်နေပြီဟုပြော၍ရသည်။ သာမန်လူများ တစ်သက်လုံးကြိုးစားမှ ရနိုင်မည့်၊ သို့မဟုတ် တစ်သက်လုံး ကြိုးစားလျှင်တောင် နည်းနည်းမျှ မရနိုင်လောက်သည့် ပျော်ရွှင်မှုမျိုးကို ခံစားနိုင်နေသူ ဖြစ်သည်။


သို့ဖြင့်လျှင် ဘာကြောင့်များ စုန့်ကျွီးဟန် စိတ်အနှောင့်အယှက်ဖြစ်စေမည့် အတိတ်က အကြောင်းများကို ပြန်ဖော်မိပါသနည်း?


ဖြစ်နိုင်သည်ကတော့ သူ၏စရိုက်ကြောင့်ဖြစ်ပါလိမ့်မည်။ သူသည် စုန့်ကျွီးဟန်အတွက်တော့  ရှုထုတ်လိုက်သည့် ထွက်လေလေး တစ်ချက်စာသာဖြစ်သည်။ စုန့်ကျွီးဟန်၏ သိစိတ်ထဲတွင် အားနည်းသောပုံစံကသာ ဟယ်ကုနှင့်လိုက်သည်ဟု မှတ်ထင်ထားခဲ့သည်။ ဟယ်ကုသည် အမြဲတမ်း သေဝပ်နာခံလေ့ရှိသော်လည်း သူ့ကိုယ်သူ မထိန်းလိုက်နိုင်ဘဲ စုန့်ကျွီးဟန်ကို ရန်သွားစမိလေပြီ။


သူ တကယ်ကို မလုပ်ခဲ့သင့်ပေ။


ဆေးလိပ်သောက်ပြီးသောအခါ သူ့စားပွဲသို့ပြန်၍ အလုပ်လုပ်ရန် ကွန်ပျူတာကိုဖွင့်လိုက်သည်။ ဆောက်လုပ်ရေး အင်ဂျင်နီယာတစ်ဦးအတွက် အလုပ်က ရှုပ်လှပြီး Project အတွက် သူယူထားရသော တာဝန်များမှာလည်း မနည်းချေ။ လူကိုးဦးပါသော အဖွဲ့ကို ဦးစီးရပြီး အစိုးရပိုင်လုပ်ငန်းတွင် ခြောက်နှစ်၊ ခုနစ်နှစ်ခန့်လုပ်သက်ရှိနေ လေပြီ။ လစာအပြင် Project ဆုကြေးငွေနှင့် နှစ်ကုန်ဆုများကို ထည့်တွက်လိုက်ပါက တစ်နှစ်ကို ယွမ် ငါးသိန်း၊ ခြောက်သိန်းခန့်ရှာနိုင်နေပြီဖြစ်သည်။ ဒါဟာ အောင်မြင်မှုသေးသေးတစ်ခုပင်။ သို့သော်လည်း ညမအိပ်ရသော ရက်များရှည်ကြာလာသည့်အခါ အသက် သုံးဆယ်နားနီးနေသည့် သူ့အတွက် ခြေကုန်လက်ပမ်းကျစရာ ကောင်းလှသည်။ 


ရှုပ်ထွေးသော အဆောက်အအုံမြေပုံကို ကြည့်နေရင်း ပင်ပန်းလာသည့်အခါ စုန့်ကျွီးဟန်၏ စကားများကို သတိရလာတော့သည်။ အသေးစားစီးပွားရေးတစ်ခုခု လုပ်သင့်သည် ဆိုသည့်စကား။

ဟယ်ကုက အေးအေးငြိမ်ငြိမ်သမားဖြစ်ပြီး စကားပြောဆိုဆက်ဆံရတာမျိုးကို မနှစ်ခြိုက်တတ်ပေ။ ထို့ကြောင့်လည်း အလုပ်အကိုင်ပြောင်းရန် ယခင်က တွေးမကြည့်ခဲ့ဖူးခြင်းဖြစ်သည်။


အလယ်တန်းကျောင်းအတွက် အဆောက်အအုံတစ်ခု ဆောက်ရန်ရှိသည်ဆိုပါစို့၊ ထိုအခါ အသေးစိတ်ကျသော data များဖြင့် သေချာတိကျစွာ တွက်ချက်မှုများလုပ်ရန် လိုပေလိမ့်မည်။ ဤသည်မှာ လူသားတို့၏ နှစ်ပေါင်းထောင်ချီသော သင်ယူမှု အတွေ့အကြုံများမှ ဖြစ်ပေါ်လာသော ခိုင်မာသည့် သိပံပညာတစ်ရပ်ပင်။ အလုပ်လုပ်ရာတွင် သတိကပ်၍ professional ပီသစွာ လုပ်ကိုင်လျှင် သူ့ကိုယ်ပိုင်ဘဝတွင်လည်း ချွတ်ချော်တိမ်းစောင်းစရာ ရှိလာမည်မဟုတ်ပေ။ သူသိသည်မှာ ထိုကဲ့သို့သော ပျင်းရိငြီးငွေ့ဖွယ်၊ စည်းကမ်း အတိအကျနှင့် လုပ်ရသော အလုပ်မျိုးကသာ သူ့အတွက် သင့်လျော်ပြီး ဆန်းသစ်တီထွင်ကြံဆရသော အလုပ်မျိုးကို သူမလုပ်နိုင် ဆိုသည့် အချက်ပင်။ သူ့ဘဝပုံစံတွင် အပြောင်းအလဲ နည်းလေ သူ့စိတ်ထဲ လုံခြုံမှုရှိလေဟု ခံစားရသောကြောင့် ဖြစ်သည်။  


သို့သော်လည်း လူဆိုသည်မှာ ပြောင်းလဲတတ်သည်ချည်းသာပင်။ တက်တက်ကြွကြွပြောင်းလဲတတ်သူနှင့် အပြောင်းလဲခံလိုက်ရသူဟူ၍သာကွာပေလိမ့်မည်။ အမှန်တကယ်လည်း လွန်ခဲ့သော နှစ်နှစ်အတွင်း သူအလုပ်ပြောင်းလုပ်ရန် စ စဥ်းစားမိခဲ့သည်။ အဓိကအားဖြင့်တော့ အလွန်ပင်ပန်းလာ၍ဖြစ်သည်။ သူအပင်ပန်းမခံလိုတော့ပေ။ လူအများက အသက်ကြီးလာလျှင် ပင်ပန်းရမည်ကို ကြောက်တတ်ကြသော်လည်း ဟယ်ကုကတော့ အသက်ကြီးရမည်ကို ကြောက်ခြင်းမဟုတ်၊ စုန့်ကျွီးဟန်က သူ့ကို အလိုမရှိတော့မည်ကို ကြောက်မိခြင်းဖြစ်သည်။ အလုပ်ကြိုးစားလုပ်ရင်း ခနာကိုယ်ကြံ့ခိုင်စေရန်လည်း အားထုတ်ရသေးသည်။ အချိန်ပိုအလုပ်လုပ်ရ၍ မူးနောက်နေလျှင်တောင် ညနက်နေပါက အစာမစားရဲပြန်ပါ။


ဆောင်းရာသီတွင် အရေပြားခြောက်ပြီး အသားညိုခြင်းသည် အခြားအင်ဂျင်နီယာအမျိုးသားများအတွက်တော့ တန်ဖိုးတစ်ခုပင်ဖြစ်သည်။ အပြင်ထွက်အလုပ်လုပ်ရသည့် သူတို့လိုလူများအတွက် အသားအရေထိန်းသိမ်းသည့် အလှကုန်များအကြောင်း နားလည်ရန် မဆိုထားဘိ အဆိုပါပစည်းများ၏ အမည်ကို မှန်အောင် ခေါ်တတ်ရန်မှာပင် အတော်ကို မလွယ်ကူသည့် ကိစပေ။ သို့သော်လည်း စုန့်ကျွီးဟန်ကြောင့် သူတတ်ခဲ့ရပြန်သည်။ ခုနစ်နှစ်ခန့် အလုပ်လုပ်ခဲ့ပြီးချိန်တွင် သူ့တွင် ငွေများများစားစားမကျန်ရခြင်းမှာလည်း ထို့ကြောင့်ပင်ဖြစ်မည်။ သူကိုယ်တိုင် မသိလိုက်ပါဘဲ အခြားလူတစ်ဦးအတွက် အသက်ရှင်နေခဲ့မိပုံရပါသည်။


သူအလုပ်ပြောင်းချင်သည်ဆိုပါက စုန့်ကျွီးဟန်က သေချာပေါက် အကူအညီပေးမည်သာြဖစ်သည်။ စုန့်ကျွီးဟန်သည် ပိုက်ဆံနှင့်ပတ်သက်လျှင် အပေးအကမ်းရက်ရောလှသည်။ ဟယ်ကု မောင်းနေသော Land Rover ကား၊ တတိယမြို့ပတ်လမ်းပေါ်မှအိမ်၊ အားလုံး စုန့်ကျွီးဟန်ပေးထားသည်များသာ။ သူကလည်း မငြင်းဆိုဘဲ လက်ခံခဲ့မိသည်လေ။ စုန့်ကျွီးဟန်ကလည်း သံသယမရှိ ပေးအပ်ခဲ့သည်။ စုန့်ကျွီးဟန်တစ်ယောက် သူ့နှလုံးသားကို အခြားတစ်ယောက်ယောက်ကို ပေးခဲ့လျှင်တောင် သူ့အတွက် အရှုံးမရှိဟု ဟယ်ကု သူ့ကိုယ်သူ တစ်ခါတစ်ရံ ပြန်နှစ်သိမ့်မိသည်။ သူ စုန့်ကျွီးဟန်ကို ဆယ်နှစ်တိုင်တိုင် ချစ်လာခဲ့သည်။ လူတစ်ယောက်သည် အခြားတစ်ယောက်နှင့်ခြောက်နှစ်ကြာအတူနေပြီး ဇိမ်ခံကားစီးနိုင်ခဲ့သည်။ ဤအဖြစ်တွင် မည်သူ့ကို အပြစ်တင်ပြီး၊ မည်သူ့ကို ကယ်တင်ရမည်နည်း။ ဘယ်သူမပြုမိမိမှုသာပင်ဖြစ်သည်။ သူကတော့ ထိုအဖြစ်ကို အိပ်မက် မက်ရင်းသာ ပြုံးနေမိတော့သည်။



rate now: